မဟာအင်ပါယာအဆင့်လက်နက်
Vol. 180 Ch. 2571
ကြယ်တာရာကောင်းကင်အောက်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်သည် တင်ပျဉ်ခွေထိုင်နေသည်။ အဆုံးမဲ့စကြဝဠာကြီးထဲတွင် သူသည် အလွန်သေးငယ်ပုံ ပေါ်နေသည်။ သူ၏မျက်လုံးများ တင်းတင်းပိတ်နေပြီး သူ၏စိတ်ဝိညာဉ်သည် ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းအဖြစ် ပေါင်းစည်းနေသည်။ ၎င်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်အစစ်ဖြစ်သည်။ သို့သော် သူ၏အာရုံသည် သူ၏ခန္ဓာကိုယ်အစစ်ထဲတွင် မဟုတ်ပေ။
ကြယ်တာရာကောင်းကင်ထက်တွင် ကြီးမားသောဝိညာဉ်ပုံရိပ်ကြီးသည် ကျယ်ပြောသော ကြယ်တာရာအာကာပြင်ထဲတွင် ထွက်ပေါ်လာ၏။ ၎င်းသည် ရီဖူရှင်း၏ ပုံရိပ်ဖြစ်သည်။ ၎င်းသည် သူ၏အာရုံမှ ဖြစ်ပေါ်လာသောပုံရိပ်ပင်။ ပုံရိပ်၏ မျက်လုံးများသည် တိုက်ခိုက်ရန်ရောက်လာသော ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ကြည့်နေသည်။
သူသည် ကောင်းကင်ဒေသမှ စွမ်းအားကြီးကျင့်ကြံသူများရှေ့တွင် တစ်ကိုယ်တော်ရပ်နေ၏။ သူသည် ထိုသူများကို စီဝေ့ကြယ်ကောင်းကင်အပြင်တွင် တားဆီးလိုက်သည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ချီတက်လာခြင်းကို ရပ်တန့်လိုက်၏။ တပ်ဖွဲ့တစ်ဖွဲ့စီမှ အရှိန်အဝါများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။ သူတို့သည် သူတို့ရှေ့ရှိ ဝိညာဉ်ပုံရိပ်ကြီးကို စိုက်ကြည့်နေကြသည်။ ကောလာဟလများကဲ့သို့ပင် ရီဖူရှင်းသည် အမှန်ပင် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကိုအသုံးပြုနိုင်ပြီး သူ၏စိတ်ဝိညာဉ်ကို ကြယ်တာရာကောင်းကင်နှင့် ပေါင်းစပ်နိုင်ပြီး ကြယ်တာရာသန်းထောင်ပေါင်းများစွာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ထိုနေရာကို ကာကွယ်နေသည်။
ကောင်းကင်ဒေသမှ အင်အားစုများအကြားတွင် ထျန်းယန်မြို့မှ ကျင့်ကြံသူများလည်းရှိ၏။ သို့သော် ထိုကျင့်ကြံသူများကို ဦးဆောင်လာသူမှာ ထျန်းယန်မြို့သခင်မဟုတ်ဘဲ ရီဖူရှင်းကြောင့်ရှုံးနိမ့်ခဲ့သော သူ၏ဆက်ခံသူဝမ်ရှောင်ဖြစ်သည်။
ဤတစ်ခေါက် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် ကောင်းကင်ဒေသမှ အင်အားစုများကိုဦးဆောင်လာသူမှာ ဝမ်ရှောင်ဖြစ်သည်။
ဝမ်ရှောင်ကလည်း သူ့အရှေ့သို့ကြည့်ကာ ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်ကို ကြည့်နေသည်။ သူ၏အကြည့်သည် ရေခဲတမျှအေးစက်နေပြီး သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် တောက်လောင်နေသည်။
“မြို့သခင်လေး... စီဝေ့ကြယ်ကောင်းကင်ရဲ့ အဲဒီခံစစ်ကို ဖျက်ဆီးပစ်လိုက်ပါ။ ကျုပ်တို့သာ အရှင်စီဝေ့ရဲ့ ဝိညာဉ်စွမ်းအားကို ဖျက်ဆီးနိုင်ခဲ့ရင် စီဝေ့ကြယ်ကောင်းကင်ထဲကို တိုက်ရိုက်ဝင်သွားနိုင်ပြီး စီဝေ့အင်ပါယာနန်းတော်ကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်”
အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်၏ ကုန်းမြေသခင်က ပြောလိုက်သည်။ သူသည် ရီဖူရှင်းကို အလွန်ပင်မုန်းတီးနေသူဖြစ်သည်။
ရီဖူရှင်းသည် သူ၏ အနောက်ပင်လယ်ကုန်းမြေအိမ်တော်မှ လူတော်တော်များများကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်ရှိ ကုန်းမြေသခင်အိမ်တော်မှ ကုန်းမြေသခင်ဖြစ်သော်လည်း သူသည် ဤတစ်ခေါက် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မည့် စစ်ပွဲအတွင်း၌ ပါဝင်ခဲ့ခြင်းပင်။
ကျင့်ကြံသူအားလုံးသည် ဝမ်ရှောင်ကို ကြည့်လိုက်ကြ၏။ ဤခံစစ်ကို ဖောက်ဝင်၍ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို ဖျက်ဆီးပစ်နိုင်သည့်တစ်ဦးတည်းသောသူမှာ ဝမ်ရှောင်သာဖြစ်သည်။ ဝမ်ရှောင်သည် မဟာအင်ပါယာများအောက်မှ ကျင့်ကြံသူများအကြားတွင် ပြိုင်ဘက်ကင်းဖြစ်သည်ဟု ထျန်းယန်မြို့သခင်ကပြောခဲ့ခြင်းမှာ စိတ်ကြီးဝင်နေခြင်းဟုဆိုနိုင်သော်လည်း သူ၏စကားသည် မှန်သင့်သလောက်မှန်သည်။ မဟာအင်ပါယာအဆင့်လက်နက်နှင့်ဆိုလျှင် ကောင်းကင်ဒေသထဲမှ လူအနည်းငယ်သာ ဝမ်ရှောင်ကို ယှဉ်နိုင်ပေလိမ့်မည်။
သို့သော် ဝမ်ရှောင်၏ကိုယ်ပိုင်စွမ်းအားမှာမူ သူသည် မကြာသေးခင်ကပင် ရီဖူရှင်း၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် မေးနေရန်ပင်မလိုပေ။
“ကောင်းပါပြီ...”
ဝမ်ရှောင် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့လျှောက်သွားလိုက်သည်။ သူသည် ဟင်းလင်းပြင်ထဲသို့ လျှောက်သွားလိုက်ပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်၏ အလယ်တွင် ရပ်လိုက်၏။ သူ၏အတွေးတစ်ချက်ဖြင့်ပင် သူ့ထက်ရှိ ကျယ်ပြောသောကြယ်တာရာကောင်းကင်ထဲတွင် အလင်းတန်းတစ်တန်းထွက်ပေါ်လာသည်။
အလင်းတန်းကျဆင်းလာသောအခါ ကျယ်ပြောသောအာကာပြင်ကြီး လင်းသွားသည်။ ထိုအလင်းသည် မဟာအင်ပါယာအရောင်အဝါဖြစ်ပြီး လွန်စွာခံ့ညားထည်ဝါနေသည်။ စွမ်းအားကြီးထိပ်သီးများပင် ထိုအလင်းကို တိုက်ရိုက်မကြည့်ဝံ့ကြပေ။
ဝမ်ရှောင်သည် ပို၍မြင့်မြင့် ပျံတက်သွားပြီး ထိုအလင်းဆီသို့ သွားလိုက်သည်။ သူသည် အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲတွင် ရပ်နေသည်။ သူ့ရှေ့တွင် နတ်တူကြီးတစ်ချောင်းရှိသည်။ နတ်တူကြီးကို ကိုင်ထားသူမှာ လွန်စွာထည်ဝါသော ဝိညာဉ်ပုံရိပ်တစ်ခုဖြစ်သည်။ ထိုဝိညာဉ်ပုံရိပ်ထံမှ အားကောင်းသော ဖိအားများထွက်ပေါ်နေပြီး ၎င်း၏ အရှိန်အဝါသည် ပြိုင်ဘက်ကင်းကာ စွမ်းအားကြီးသည်။ ၎င်း၏အရှိန်အဝါသည် အသက်စွမ်းအင်ပါဝင်ပြီး လောကအတွင်းရှိ သက်ရှိအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ပင် ထင်ရသည်။
“အရှင်ထျန်းယန်”
ကျင့်ကြံသူများအားလုံး ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။ ထိုနတ်တူကြီးသည် အရှင်ထျန်းယန်ကိုယ်တိုင်ပြုလုပ်ခဲ့သော မဟာအင်ပါယာအဆင့်လက်နက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် အရှင်ထျန်းယန်၏ တိုက်ခိုက်လက်နက်ဖြစ်ပြီး ကောင်းကင်တုန်ဟည်းဟု အမည်ရသည့် နတ်လက်နက်တစ်ခုဖြစ်သည်။ အရှင်ထျန်းယန်သည် သူတီထွင်ခဲ့သော နတ်ပညာရပ်တစ်ခုဖြစ်သည့် ကောင်းကင်ထုနှက်ခြင်းတူပညာရပ်နှင့် တွဲသုံးနိုင်ရန် ၎င်းနတ်တူကြီးကို အထူးပြုလုပ်ခဲ့ခြင်းပင်။
အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ကောင်းကင်တုန်ဟည်းတူကြီးထံမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများ ဖြတ်သန်းသွားသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံးသည် တင်းကျပ်သောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် ဆက်၍ပြန့်ကားနေပြီး ပိုအားကောင်းလာသည်။ ၎င်းလှိုင်းများသည် အဆုံးမဲ့အာကာပြင်တစ်ခုလုံးနီးပါး လွှမ်းခြုံထားပြီး စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကိုပင် လွှမ်းခြုံထားသည်ဟုထင်ရသည်။
ဝုန်း...
ကောင်းကင်ထက်တွင် ထုနှက်သံခပ်အုပ်အုပ် ကြားလိုက်ရ၏။ တုန်ခါလှိုင်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း လေထဲတွင် ပျံ့နှံ့သွားပြီး စီဝေ့ကြယ်ကောင်းကင်အပြင်ရှိ အလင်းမျက်နှာပြင်အပေါ်သို့ ကျဆင်းသွားကြသည်။ ထိုရိုက်ခတ်မှုကြောင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ထို့အပြင် ယင်းတုန်ခါလှိုင်းများသည် အဆုံးမဲ့သကဲ့သို့ အလင်းမျက်နှာပြင်ကို ထပ်ခါထပ်ခါ ရိုက်ခတ်နေသည်။
“နောက်ဆုတ်ကြ...”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် လေပေါ်သို့ ပျံတက်လိုက်ကြပြီး ထိုတုန်ခါလှိုင်းများမှ လွတ်နိုင်ရန် ပို၍မြင့်သောနေရာအထိ ပျံတက်လိုက်ရ၏။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ငုံ့ကြည့်နေကြ၏။ ကောင်းကင်တုန်ဟည်းနတ်တူကြီး၏ တုန်ခါလှိုင်းများသည် ဒြပ်ထည်ရှိသော တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွား၏။ ၎င်းလှိုင်းများသည် အလင်းမျက်နှာပြင်ပေါ်သို့ တစ်လှိုင်းပြီးတစ်လှိုင်း အဆုံးမဲ့ ရိုက်ခတ်နေသည်။
“ကောင်းကင်တုန်ဟည်းနတ်တူရဲ့ တိုက်ခိုက်မှုတိုင်းမှာ တုန်ခါလှိုင်း သန်းရာချီပါတယ်လို့ ဒဏ္ဍာရီတွေက ပြောကြတယ်... လောကထဲက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် လုံလောက်တဲ့ စွမ်းအားလည်းပါတယ်”
ကောင်းကင်ဒေသမှ စွမ်းအားကြီးကျင့်ကြံသူတစ်ဦးက ဝမ်ရှောင်ရှိနေသောဘက်သို့ကြည့်လျှက် ပြောလိုက်သည်။ ဝမ်ရှောင်၏ခန္ဓာကိုယ်သည် အရှင်ထျန်းယန်၏ဝိညာဉ်ပုံရိပ်နှင့် တစ်သားတည်း ပေါင်းစည်းနေသည်ဟု ထင်ရသည်။ သူလက်ကို ဆန့်ထုတ်လိုက်ရာ ဝိညာဉ်ပုံရိပ်၏လက်သည်လည်း ရှေ့သို့ဆန့်သွားပြီး ကောင်းကင်တုန်ဟည်းနတ်တူကို အတူတကွကိုင်လိုက်ကြ၏။
ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်သည်လည်း ထိုအားကောင်းသောဖိအားကို ခံစားလိုက်ရ၏။ သူသည် အတွေးဖြင့်ထိန်းချုပ်လိုက်ရာ စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်ရှိ ကောင်းကင်မှ ကြယ်တာရာများသည် စတင်လည်ပတ် လှည့်လည်လာကြသည်။ ကောင်းကင်တစ်ခွင်လုံးသည် ကြယ်တာရာသန်းချီစုပေါင်းသွားသော ကြယ်တာရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးခံရမည့် ဘေးမှ ကာကွယ်ပေးနေသည်။
ရွှီး...
အာကာသကောင်းကင်ထက်မှနေ၍ နတ်အလင်းကျဆင်းလာရာ ၎င်းကိုကြည့်မိသူတိုင်းအား မျက်စိကျိန်းသွားစေသည်။ ဝမ်ရှောင် သူ၏လက်ကိုမြှောက်လိုက်သည်။ အရှင်ထျန်းယန်၏ဝိညာဉ်ပုံရိပ်ကြီးသည်လည်း ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်ကာ ထုချလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် သန်းထောင်ချီသော တုန်ခါလှိုင်းများ အောက်သို့ကျဆင်းသွားပြီး ကျယ်ပြောသော အာကာသကောင်းကင်ကို လွှမ်းခြုံသွား၏။ ထိုတုန်ခါလှိုင်းများထဲတွင် မည်သည့်သက်ရှိမှ မရှင်သန်နိုင်ပုံပင်။ ထိုလှိုင်းများအောက်တွင် ရှိသူမှာ မည်သူဖြစ်စေ ယင်းတုန်ခါလှိုင်းများကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်ကာ သေဆုံးသွားမည်ပင်။
ဝုန်း...
လေးလံသောထုနှက်သံတစ်သံ အာကာသကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ အာကာပြင်သည်ပင် ကြွေမွကွဲထွက်သွားသကဲ့သို့ ထင်လိုက်ရပြီး အာကာပြင်ထဲတွင် အနက်ရောင်အက်ကြောင်းတန်းများ အဆုံးမဲ့ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် တုန်ခါလှိုင်းများသည် စီဝေ့ကြယ်ကောင်းကင်အပြင်ရှိ ကြယ်တာရာများကို တိုက်ခိုက်နေသည်။ တုန်ခါလှိုင်းများသည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ သွယ်ဝိုက်၍ ဝင်ရောက်သွားပြီး စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။
ထိုအခိုက်တွင် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ကျင့်ကြံခြင်းကြယ်တာရာများထဲမှ တစ်ခုထဲတွင် ကျင့်ကြံသူအားလုံးသည် အာကာသကောင်းကင်ထက်မှ ရောက်ရှိလာသော ကြောက်မက်ဖွယ်အသံကြီးများကို ရုတ်တရက်ကြားလိုက်ရ၏။ ထိုအသံကြီးများသည် သူတို့၏နားစည်များကို တုန်ခါနေစေပြီး မြေပြင်ကို ငလျှင်လှုပ်သကဲ့သို့ တုန်ခါနေစေသည်။ အဆောက်အဦးများ ပြိုကျသွားပြီး မိစ္ဆာသားရဲများ၏ အော်မြည်သံများကို ကြားနေရသည်။
ထိုအခိုက်တွင် စီဝေ့ကြယ်ကောင်းအတွင်းရှိ လူတိုင်းသည် အပြင်ဘက်မှ တုန်ခါလှိုင်းများ၏ တိုက်ခိုက်မှုကို ခံစားလိုက်ရ၏။ မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိသူဖြစ်စေ အားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ခေါင်းမော့၍ အာကာသကောင်းကင်ဆီသို့ ကြည့်လိုက်သည်။ မြေပြင်မှာမူ တုန်ခါနေဆဲပင်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
မည်သူမှမသိပေ။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ လူများသာ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကိုသိသည်။ ထိုအခိုက်တွင် အင်ပါယာနန်းတော်သည်လည်း တုန်ခါနေသည်။ သူတို့သည်လည်း ခေါင်းမော့၍ အပြင်ဘက်ရှိကောင်းကင်ကို ကြည့်လိုက်ကြ၏။ သူတို့ ရင်တုန်စိတ်လှုပ်ရှားသွားကြသည်။ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကြီးတစ်ခုသည် စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးကို တိုက်ခိုက်နေပုံပင်။ ထိုတိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်စွမ်းအားကြီးသနည်း။
ရီဖူရှင်းသာ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကိုသုံး၍ အာကာသကြယ်တာရာများကို ထိန်းချုပ်ကာ ခုခံမနေလျှင် ထိုတုန်ခါလှိုင်းများသည် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ မရေမတွက်နိုင်သော အသက်များစွာကို နှုတ်ယူသွားမည်ဖြစ်သည်။
“ဒါက မဟာအင်ပါယာအဆင့်လက်တစ်ခုရဲ့ တိုက်ခိုက်စွမ်းအားလား”
ကျင့်ကြံသူများအားလုံး ရင်တုန်သွားကြသည်။ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံနိုင်သည်မှာ လွန်စွာ ကြောက်မက်ဖွယ်စွမ်းအားပင်။
မဟာအင်ပါယာများသည် မည်မျှ ကြောက်မက်ဖွယ်စွမ်းအားကြီးကြသနည်း။
မဟာအင်ပါယာတစ်ပါး၏ မျက်စိထဲတွင် မဟာအင်ပါယာအဆင့်ထက်နိမ့်သည့် ကျင့်ကြံသူအားလုံးသည် ပုရွက်ဆိတ်များနှင့်မခြားနားပေ။ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးသည် မည်မျှပင် စွမ်းအားကြီးစေကာမူ ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသည့် တိုက်ခိုက်မှုကို တွေးပင်တွေးနိုင်မည်မဟုတ်ပေ။
ထို့အပြင် ယခုတွင် ရီဖူရှင်းသည် မည်ကဲ့သို့သော ဖိအားမျိုးကို ခံနေရသနည်း။
ဝုန်း...
နောက်ထပ် ကောင်းကင်တုန်ခါ အသံတစ်သံ လေထဲတွင် ပဲ့တင်ထပ်လာသည်။ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးမှ လူများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော ထိုအသံကို ကြားလိုက်ရ၏။
စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်တွင် ကောင်းကင်တုန်ဟည်းနတ်တူ၏ တိုက်ခိုက်မှုမှ တုန်ခါလှိုင်းများရှိနေဆဲပင်။ ကောင်းကင်တုန်ဟည်းနတ်တူမှနေ၍ နတ်အလင်းတစ်ခု ဖြာကျသွားပြီး ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခံစစ်ကို ဖောက်ဝင်ရန် ကြိုးစားနေသည်။ အလင်းတန်းပတ်ပတ်လည်ရှိ အာကာပြင်တွင် အက်ကွဲကြောင်းများထွက်ပေါ်လာပြီး မူလဘုံနှင့် ကောင်းကင်ဒေသကို ဆက်စပ်ထားသော ဥမင်လှိုင်များကိုပင် ဆွဲဖွင့်လိုက်သည်။ အာကာသအက်ကြောင်းများ၏ အခြားတစ်ဖက်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည်လည်း ထိုအခြေအနေကို ခံစားမိလိုက်ပြီး မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို မသိသဖြင့် တုန်လှုပ်သွားကြသည်။
“သူ ခံစစ်ကို မဖောက်နိုင်သေးဘူး”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် သူတို့အောက်ရှိ စီဝေ့ကြယ်ကောင်းကင်၏ ခံစစ်အလင်းမျက်နှာပြင်သည် မဟာအင်ပါယာအဆင့်လက်နက်၏ တိုက်ခိုက်မှုအောက်မှာပင် မပျက်စီးသွားသေးကြောင်း တွေ့လိုက်ရ၏။ သို့သော် လှည့်ပတ်နေသော ကြယ်တာရာအလင်းမျက်နှာပြင်တွင် အက်ကြောင်းများပေါ်လာပြီး ယင်းအက်ကြောင်းများသည် ပြန့်ကားလသည်။
အမှန်တကယ် ကြောက်စရာကောင်းသောအရာမှာ တုန်ခါလှိုင်းများ မပျောက်ကွယ်သွားသေးခြင်းပင်။ ၎င်းတို့သည် အဆုံးမရှိသကဲ့သို့ပင်။
နောက်ဆုံးတွင် အလင်းမျက်နှာပြင်၌ အက်ကြောင်းများ ပျံ့နှံ့သွားသောအခါ ကြယ်တရာအလင်းမျက်နှာပြင်၏အပြင်လွှာသည် တစ်စစီပျက်စီးသွား၏။ အက်ကြောင်းများ ဆက်လက်ကြီးမားလာရာ ခုခံအလင်းမျက်နှာပြင်၏ အတွင်းလွှာသည်လည်း စတင်အက်ကွဲလာသည်။
ရီဖူရှင်းက ဖြစ်ပျက်နေသော ထိုအခြင်းအရာအားလုံးကို မြင်သည်။ သူသည် အထက်ရှိ ဝမ်ရှောင်နှင့် ကောင်းကင်တုန်ဟည်းနတ်တူကြီးကို ကြည့်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် မဟာအင်ပါယာအဆင့်လက်နက်များ၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ၎င်းစွမ်းအားသည် ပြိုင်ဘက်ကင်းတော့ မဟုတ်ပေ။
ရီဖူရှင်း အတွေးတစ်ချက်တွေးလိုက်ရာ အာကာသကောင်းကင်ရှိ ကြယ်တာရာများမှ နတ်အလင်းများသည် အတူတကွ ပေါင်းစည်းသွား၏။ အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်သည် ရီဖူရှင်း၏ပုံရိပ်နောက်တွင် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ပုံရိပ်နှင့် ပေါင်းစည်းသွား၏။ ရီဖူရှင်းက ခေါင်းမော့၍ မြင့်မားသောကောင်းကင်ထက်ရှိ ဝမ်ရှောင်နှင့် အရှင်ထျန်းယန်တို့၏ ဝိညာဉ်ပုံရိပ်များကိုကြည့်လိုက်သည်။ ဤတိုက်ပွဲသည် ဝမ်ရှောင်နှင့်သူ့အကြားမှ တိုက်ပွဲမဟုတ်တော့ပေ။ ဤတိုက်ပွဲသည် မဟာအင်ပါယာနှစ်ပါး၏ ဝိညာဉ်စွမ်းအားများကြားမှ တိုက်ပွဲတစ်ပွဲဖြစ်လာပေပြီ။
ကောင်းကင်တုန်ဟည်းနတ်တူသည် ထပ်မံမြောက်တက်သွားပြီး ထုချလိုက်သည်။ သန်းထောင်ချီသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းလိုက်သည်။
ရှေးခေတ်တွင် အရှင်စီဝေ့သည် ထိပ်တန်းမဟာအင်ပါယာတစ်ပါးဖြစ်ခဲ့သည်။ သူ၏စွမ်းအားများသည် အရှင်ထျန်းယန်ထက် ပိုမြင့်နိုင်သည်။ သို့သော် အရှင်ထျန်းယန်ချန်ခဲ့သော မဟာအင်ပါယာအဆင့်လက်နက်သည် အရှင်ထျန်းယန်၏ တိုက်ခိုက်ဝိညာဉ်စွမ်းအားပါဝင်သည်။ သို့သော် စီဝေ့ကြယ်ကောင်းကင်တွင် အရှင်စီဝေ့၏ တိုက်ခိုက်ဝိညာဉ်စွမ်းအားမပါဝင်ပေ။ တိုက်ခိုက်နိုင်ရန်အတွက် ရီဖူရှင်း၏ထိန်းချုပ်ပေးမှုကို လိုအပ်သည်။
ရွှီး...
ကြယ်တာရာနတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြယ်တာရာနတ်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တုန်ဟည်းနတ်တူမှ ကျဆင်းလာသော အလင်းတန်းနှင့် တိုက်ရိုက်ထိခတ်သွားသည်။ ကောင်းကင်အထက်တွင် ရွှေရောင်နှင့် ခရမ်းရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ပတ်ပတ်လည်ရှိ အာကာပြင်ကို ဆွဲဖြဲပစ်လိုက်သည်။ လောကတစ်ခွင်လုံး ပြိုလဲပျက်စီးလာသကဲ့သို့ပင် ထင်လိုက်ရ၏။ ၎င်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသည်။
တစ်ချိန်တည်းမှာပင် အာကာသကောင်းကင်၏ ကြယ်တာရာများသည် လည်ပတ်လာပြီး ထိုကြောက်မက်ဖွယ်တုန်ခါလှိုင်းများကို ထပ်မံကာရံလိုက်သည်။ သို့သော် သန်းထောင်ချီသော တုန်ခါလှိုင်းများကျဆင်းလာသောအခါ ကြယ်တာရာများစွာသည် ပေါက်ကွဲပျက်စီးသွားပြီး ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်ရောက်သွား၏။ ရီဖူရှင်းက ထိုအခြင်းအရာကို စီဝေ့ကြယ်ကောင်းကင်အတွင်းမှနေ၍ အာရုံရလိုက်သည်။ ထိုလှိုင်းများသည် မရေမတွက်နိုင်သော သက်ရှိများအပေါ် သက်ရောက်မှုရှိနေပေပြီ။ ထိုကြောက်မက်ဖွယ်တုန်ခါလှိုင်းများကြောင့် လူများစွာ ဒဏ်ရာရရှိသွားကြသည်။
ရှေးဟောင်းမဟာအင်ပါယာများသည် လောကတစ်ခွင်လုံးကို သူတို့ဘာသာ ဖျက်ဆီးပစ်နိုင်သည်။ ထိုအချက်သည် စိတ်ကူးယဉ်၍ ပြောခြင်းမဟုတ်ပေ။
ရီဖူရှင်း ခေါင်းမော့လိုက်ပြီး ဝမ်ရှောင်ကို လှမ်းကြည့်လိုက်သည်။ မဟာအင်ပါယာအဆင့်လက်နက်၏ တိုက်ခိုက်မှုများသည် အလွန်စွမ်းအားကြီးသည်။ သူသည် ဝမ်ရှောင်ကို ထပ်ခါထပ်ခါ တိုက်ခိုက်ခွင့်မပေးနိုင်ပေ။ မဟုတ်လျှင် သူသည် ဝမ်ရှောင်၏တိုက်ခိုက်မှုများကို ခုခံနိုင်သော်လည်း စီဝေ့ကြယ်ကောင်းကင်အတွင်းမှ ကျင့်ကြံသူများသည် ထိုတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
***