← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 180 Ch. 2572

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 180 Ch. 2572

ကောင်းကင်ဒေသမှ စွမ်းအားကြီးထိပ်သီးများသည် ကောင်းကင်ထက်တွင် ရပ်နေကြပြီး တပ်ဖွဲ့များခွဲ၍ တိုက်ကွက်ပုံစံအမျိုးမျိုး ဖော်ထားကြသည်။ ထိုစဉ်တွင် ထျန်းယန်မြို့သခင်သည် သူ့အောက်သို့ ခေါင်းငုံ့ကြည့်လျှက် ပြောလိုက်သည်။

“ခံစစ်ကြယ်တာရာအလင်းမျက်နှာပြင်က ပျက်စီးသွားပြီ... ကျုပ်တို့ စီဝေ့ကြယ်ကောင်းကင်ထဲကိုဝင်ပြီး အထဲက ရန်သူတွေကို ဝင်တိုက်ရမယ်... ထိပ်တိုက် တိုက်ခိုက်ဖို့တော့ ဝမ်ရှောင်ကိုပဲ ဆက်တိုက်ခိုင်းလိုက်မယ်”

သူတို့၏စွမ်းအားသည် မဟာအင်ပါယာအဆင့်လက်နက်ကို အသုံးပြုနေသော ဝမ်ရှောင်နှင့် မယှဉ်နိုင်သော်လည်း သူတို့ထဲမှ တော်တော်များများသည်လည်း မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သော ထပ်သီးကျင့်ကြံသူများဖြစ်သည်။ ကောင်းကင်ဒေသတစ်ခွင်လုံး၌ပင် သူတို့သည် ထိပ်သီးကျင့်ကြံသူများဟု သတ်မှတ်ခြင်းခံရသည်။ သူတို့သည် ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ပွဲအတွင်းသို့ပင် ဝင်ပါနိုင်ရန် အရည်အချင်းပြည့်မီသည်။

“ကောင်းပါပြီ...”

သူတို့ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက်တွင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် အောက်သို့ ပျံဆင်းသွားကြသည်။ သူတို့ကို မဟာလမ်းစဉ်များ၏ နတ်အလင်းများက လှည့်လည်ဝန်းရံထား၏။ သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ အရှိန်အဟုန်ဖြင့် ပျံဆင်းကြသည်။ သူတို့သည် ကွဲအက်နေသော ကြယ်တာရာအလင်းမျက်နှာပြင်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်ကြပြီး စီဝေ့ကြယ်ကောင်းကင်သို့ တိုက်ရိုက်ဝင်ရန် ကြိုးစားလိုက်ကြ၏။

သူတို့သည် အောက်သို့ပျံဆင်း၍ မရေမတွက်နိုင်သော ကြယ်တာရာများအကြားမှနေ၍ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်သွားရန်လုပ်လိုက်စဉ်တွင် စီဝေ့ကြယ်ကောင်းကင်တွင် အာကာသကြယ်တာရာတစ်ခုချင်းစီ၏အပေါ်တွင် မျက်နှာတစ်ခု ပေါ်လာ၏။ ထိုမျက်နှာအားလုံးသည် ရီဖူရှင်၏မျက်နှာဖြစ်သည်။

ထိုအခိုက်တွင် မရေမတွက်နိုင်အောင်များပြားသော မျက်နှာများသည် သူတို့ကို ငေးကြည့်နေသည်။ ထို့ကြောင့် သူတို့သည် စိုးထိတ်သွားကြသည်။

ရွှီး...

ကြယ်အလင်းများ စီးဆင်း၊ လည်ပတ်လာပြီး အာကာသကြယ်တာရာများသည် တိကျသောပတ်လမ်းအတိုင်း လှည့်လည်လာ၏။ ထို့နောက် ယင်းကြယ်တာရာများသည် လည်ပတ်ရင်းဖြင့်ပင် သူတို့ထံသို့ ပျံဝင်လာသည်။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ်အသံများထွက်‌ပေါ်လာပြီး သူတို့အားလုံးသည် ဖိအားကြီးသောနတ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။

“သတိထား...”

ထျန်းယန်မြို့သခင်က အော်ပြောလိုက်သည်။ ကျင့်ကြံသူအားလုံးသည် သူတို့၏မဟာလမ်းစဉ်များ၏ စွမ်းအားအကြီးဆုံးအရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြ၏။ ထို့နောက်တွင် အာကာသကြယ်တာရာများသည် သူတို့နှင့် ရိုက်ခတ်သွားသည်။

ထျန်းယန်မြို့သခင်သည် လှံချက်တစ်ချက် ထုတ်လိုက်ပြီး ဧရာမကြယ်တာရာကြီးတစ်ခုကို ထိုးချလိုက်သည်။ ၎င်းကြယ်တာရာပေါ်တွင် အက်ကြောင်းများပေါ်လာပြီး ကွဲအက်ပျက်စီးသွား၏။ တစ်ချိန်တည်းမှာပင် အခြားကျင့်ကြံသူများသည်လည်း သူတို့၏တိုက်ခိုက်မှုများကိုထုတ်၍ ကြယ်တာရာများကို ခုခံတိုက်ခိုက်လိုက်သည်။ ကြယ်တာရာများသည် တစ်ခုပြီးတစ်ခု ပျက်စီးသွား၏။

သို့သော် သူတို့သည် ကြယ်တာရာစက်ကွင်းအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ လည်ပတ်နေသော အာကာသကြယ်များ၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။ သူတို့အပေါ်သို့ ကြယ်တာရာအမြောက်အမြား အဆုံးမဲ့ ကျဆင်းလာသည်။ ထို့ကြောင့် သူတို့သည် ခုခံ၍သာနေ,နေရသည်။

ထျန်းယန်မြို့သခင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်း၏အာရုံတစ်စိတ်တစ်ပိုင်းသည် သူတို့ကို တားဆီးနေခြင်းပင်။ ရီဖူရှင်း၏အဓိကအာရုံသည် ဝမ်ရှောင်ကို တားဆီးနေသည်။ သို့သော် အာရုံတစ်စိတ်တစ်ပိုင်းသည်ပင် အံ့အားသင့်လောက်အောင် စွမ်းအားကြီးနေပေသေးရာ အာကာကောင်းကင်၏ ကြယ်တာရာများအပေါ် သူ၏ထိန်းချုပ်နိုင်မှုသည် မည်မျှစွမ်းအားကြီးကြောင်း သိနိုင်သည်။

စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်းပင် ဖြစ်သည်။ ကောလာဟလများက ပြောသကဲ့သို့ပင် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်၏ ဘုရင်ဖြစ်သည်။ ဤနေရာတွင် သူသည် နတ်ဘုရားဖြစ်သည်။

ဝမ်ရှောင်သည်လည်း ထိုအခြင်းအရာကို မြင်လိုက်သည်။ သူသည် ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်၍ ထိုနေရာသို့ ထုချလိုက်၏။ တုန်ခါလှိုင်းများ ကျဆင်းလာပြီး အာကာပြင်ထဲတွင် ကျယ်လောင်သောအသံကြီးများ ပဲ့တင်ထပ်သွားသည်။ ကြယ်တာရာများစွာ ကွဲအက်ပျက်စီးသွားသည်။ ထို့ကြောင့် နောက်ဆုံးတွင် ကျင့်ကြံသူများသည် ကြယ်တာရာစက်ကွင်းအတွင်းမှ ထွက်လာနိုင်လေတော့သည်။ သို့သော် သူတို့သည် ရှေ့သို့ ဆက်မတိုးဝံ့ကြတော့ပေ။ သူတို့ အာကာသကောင်းကင်ထက်သို့သာ ပြန်ဆုတ်သွားကြသည်။

ထျန်းယန်မြို့သခင်နှင့် အခြားကျင့်ကြံသူများ၏ အရှိန်အဝါများသည်လှုပ်ခတ်နေပြီး သူတို့၏မဟာလမ်းစဉ်အရှိန်အဝါများသည်လည်း မတည်မငြိမ်ဖြစ်နေသည်။ သူတို့သည် ခေတ္တမျှသာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သော်လည်း လွန်စွာအန္တရာယ်များသည်။ ထို့အပြင် အ‌စောမှ ထိုတုန်ခါလှိုင်းများသည်လည်း သူတို့ကို ရိုက်ခတ်သွားသည်။ အကယ်၍ သူတို့သာ ကပ်ဘေးအဆင့်ကျင့်ကြံသူများမဟုတ်ဘဲ ရန်ဟောင်အဆင့်ကျင့်ကြံသူများသာဖြစ်ပါက ထိုတုန်ခါလှိုင်းများဖြင့်ပင် သူတို့ကို သတ်ပစ်ရန် လုံလောက်သည်။

သို့သော် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်မည့်အတွေးများသည် ပျောက်ကွယ်သွားပေပြီ။ ထိုသို့ဝင်နိုင်ရန် လွန်စွာခက်ခဲပုံပေါ်သည်။ ဝမ်ရှောင်သာ ခံစစ်ကို အလုံးစုံဖျက်ဆီးမပစ်နိုင်လျှင် သူတို့သည် အတွင်းသို့ ဝင်နိုင်မည်မဟုတ်ပေ။

“ဝမ်ရှောင်... မင်းအပေါ်ပဲ မူတည်နေပြီ”

ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ကို အော်ပြောလိုက်သည်။ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်အောက်တွင် ပြိုင်ဘက်ကင်းဖြစ်သည်။ ထိုတိုက်ပွဲသည် သူ၏တိုက်ပွဲပင်။ သူသာ စီဝေ့ကြယ်ကောင်း၏ခံစစ်ကို ဖျက်ဆီးပစ်နိုင်ပြီး ရီဖူရှင်းကို ရှင်းပစ်နိုင်လျှင် ထျန်းယန်မြို့မှ ရှုံးနိမ့်မှုကို အရေးစိုက်ရန်လိုတော့မည်မဟုတ်ပေ။

လုပ်ငန်းစဉ်ကို မည်သူမှ အရေးမစိုက်ကြပေ။ သူတို့သည် ရလဒ်ကိုသာ ကြည့်ကြမည်ဖြစ်သည်။

“ဟုတ်ကဲ့ပါ...”

ဝမ်ရှောင်‌ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင် မဟာအင်ပါယာသည် လောကအတွင်းသို့ ဆင်းသက်လာသည်ဟုပင် ခံစားလိုက်ရ၏။ သူသည် အရှင်ထျန်းယန်အစစ်အမှန်ကဲ့သို့ ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ကာ စီဝေ့ကြယ်ကောင်းကင်ကို ငုံ့ကြည့်နေသည်။

သူ့အတွက် အနိုင်ရရှိခြင်းသည်သာ လက်ခံနိုင်သော တစ်ခုတည်းသောရလဒ်ဖြစ်သည်။ မဟုတ်လျှင် သူသည် ထျန်းယန်မြို့တွင် ရရှိခဲ့သော အရှက်ရမှုကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။

ကောင်းကင်တုန်ဟည်းနတ်တူမှနေ၍ ကြောက်မက်ဖွယ်တုန်ခါလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ လေးလံသော ထုနှက်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ တုန်ခါလှိုင်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း စီဝေ့ကြယ်ကောင်းကင်‌ပေါ်သို့ ကျဆင်းရိုက်ခတ်နေ၏။ ဝမ်ရှောင်က ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်ကို စိုက်ကြည့်လျှက် ပြောလိုက်သည်။

“မင်းရဲ့ငါ့ရဲ့ကြားက ဒီတိုက်ပွဲက ကံကြမ္မာတိုက်ပွဲပဲ။ ငါက အရှင်ထျန်းယန်ရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့ပြီး မဟာအင်ပါယာရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်။ ငါ့ကို မဟာအင်ပါယာအဆင့်လက်နက် ချီးမြှင့်ခဲ့တယ်။ ဒီနေ့ ဒီမှာ ငါ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်မယ်”

သူ၏အသံသည် အဆုံးမဲ့အာကာသကောင်းကင်ထဲတွင် မြည်ဟည်းသွားပြီး ကျယ်ပြောသောလောကတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။

သို့သော် အထင်သေးမှုအနည်းငယ်ပါသည့် အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံကိုလည်း ကြားလိုက်ရ၏။ ထို့နောက် ရီဖူရှင်း ပြောလိုက်၏။

“အဲဒီမဟာအင်ပါယာအဆင့်လက်နက်ရဲ့ စွမ်းအားက မင်းရဲ့စွမ်းအားမို့လို့လား။ မင်းက မဟာအင်ပါယာအဆင့်လက်နက်ရဲ့ အသိအမှတ်ပြုမှုအပေါ် မှီခိုနေတာပဲ။ တိုက်ခိုက်မှုတွေကလည်း မဟာအင်ပါယာအဆင့်လက်နက်ရဲ့ တိုက်ခိုက်မှုတွေပဲ... မင်းရဲ့တိုက်ခိုက်မှုမှ မဟုတ်တာ။ မဟာအင်ပါယာအဆင့်လက်နက်သာမရှိရင် မင်းကဘာကောင်လဲ။ လှံချက်တစ်ချက်နဲ့တင် ရှုံးသွားတဲ့ကောင်က မဟာအင်ပါယာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းဆိုပြီး ဂုဏ်မောက်ချင်နေတယ်ပေါ့... ကံကြမ္မာတိုက်ပွဲလို့ ပြောရအောင် မင်းက ဘာအဆင့်ရှိလို့လဲ”

“မင်းရဲ့ ကြီးကျယ်တဲ့ဂုဏ်ပုဒ်တွေကလည်း ထျန်းယန်မြို့သခင်က မင်းကိုချီးမြှင့်ထားလို့ပဲ... လှံချက်တစ်ချက်ကိုတောင် မခံနိုင်တဲ့သူက ပြိုင်ဘက်ကင်းပါရမီရှင်လို့ မင်းထင်သလား”

ရီဖူရှင်း၏အသံသည် အာကာသကောင်းကင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ ဝမ်ရှောင်တစ်ယောက် မျက်နှာရှုံ့မဲ့လာ၏။ သူသည် ထျန်းယန်မြို့၏ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်မှုကို ခံခဲ့ရသူဖြစ်သည်။ ရီဖူရှင်းပြောသလိုပင် သူ၏ဂုဏ်ပုဒ်များသည် သူ၏အဘိုးဖြစ်သူ ထျန်းယန်မြို့သခင်က ချီးမြှင့်ထားခြင်းသာဖြစ်သည်။

သူသည် ထူးကဲစွာ မွေးဖွားလာသဖြင့် ကြီးကျယ်သောကိစ္စများလုပ်ဆောင်ရန် ကံဇာတာပါသည်။ ထိုကံတရားသည် သူ အရှင်ထျန်းယန်၏အမွေအနှစ်ကို ဆက်ခံပြီးသွားသောအခါ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ထို့သည် သူ၏အဘိုးသာမက အခြားလူအားလုံးလည်း ထိုသို့ထင်သည်။ သူကိုယ်တိုင်ပင် ထိုသို့ထင်သည်။

သူလျှောက်လှမ်းတော့မည့် လမ်းစဉ်သည် မဟာအင်ပါယာလမ်းစဉ်ပင်။

“သူက မင်းရဲ့ စိတ်ကို ပျက်ပြားအောင်လုပ်ချင်နေတာ”

ထျန်းယန်မြို့သခင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဝမ်ရှောင်... လောကကြီးက ရလဒ်ကိုပဲကြည့်တာ... လုပ်ငန်းစဉ်ကို မဟုတ်ဘူး။ မင်းက မဟာအင်ပါယာအဆင့်လက်နက်ကို ဆက်ခံရရှိခဲ့တယ်... အခု မင်းက မဟာအင်ပါယာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းပဲ။ ဒီတိုက်ပွဲမှာ မင်း စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ပြီး ရီဖူရှင်းကို ရှင်းပစ်ရမယ်။ အဲဒီကျရင် မင်းက မဟာအင်ပါယာအဆင့်အောက်မှာ လောကနံပါတ်တစ်ဖြစ်လာမှာပဲ”

ရီဖူရှင်း စိတ်ထဲမှ လှောင်ရယ်ရယ်လိုက်သည်။ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ကို သူ့ကိုယ်သူ မဟာအင်ပါယာအဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟုထင်အောင် အမြဲ အတွေးများရိုက်သွင်းပေးခဲ့ခြင်းပင်။

ဝမ်ရှောင်ကလည်း အမြဲပင် ထိုအတွေးအမြင်အတိုင်း နေထိုင်ခဲ့ပြီး တစ်ခါမှ သံသယစိတ်မဝင်ခဲ့ဖူးပေ။ သို့သော် သူသည် ထျန်းယန်မြို့သခင်ရုံးတော်၌ ရီဖူရှင်း၏လှံချက်တစ်ချက်ကို ခံခဲ့ရပြီးနောက်ပိုင်းတွင် သံသယစိတ်များ ဝင်လာခဲ့သည်။

ထိုလှံချက်သည် သူ့အား ရှုံးနိမ့်မှုကို ခံစားရစေခဲ့သည်။ ထို့ကြောင့် သူသည် သူ့ထက်ပို၍ ထူးချွန်သူ ရှိသေးကြောင်း သိခဲ့ရ၏။ သူသည် အမှန်တရားနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသောအခါ မည်ကဲ့သို့ သံသယမဖြစ်ဘဲ နေမည်နည်း။

သို့သော် ယခုတွင် သူသည် ထိုအကြောင်းအားလုံးကို မေ့ပစ်၍ သူ့ကိုယ်သူ သံသယဝင်နေသည့်စိတ်များကို ဖျောက်ပစ်ရပေမည်။

“မဟာအင်ပါယာလမ်းစဉ်ကို လျှောက်လှမ်းဖို့ဆိုရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရှေ့ကိုဆက်ပြီးလျှောက်လှမ်းချင်စိတ် ရှိရမယ်”

ဝမ်ရှောင်၏အကြည့်များသည် ရုတ်ခြည်း ပြတ်သားခိုင်မာလာသည်။ သူသည် ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်ကို ငုံ့ကြည့်လျှက် ပြောလိုက်သည်။

“ငါ့ လမ်းမှာ ပိတ်နေတဲ့ဘယ်သူမဆို ရှင်းပစ်ခံရမယ်”

သူ၏အသံထွက်ပေါ်လာသည်နှင့် ကောင်းကင်တုန်ဟည်းနတ်တူသည်လည်း ထပ်မံထုနှက်ချလိုက်သည်။ အဖျက်စွမ်းအား တုန်ခါလှိုင်းများသည် အရာအားလုံးကို ရိုက်ခတ်သွားသည်။ အနက်ရောင်လေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး မူလဘုံအတွင်းရှိ အာကာပြင်တစ်ခွင်လုံးသည် ဖျက်ဆီးခံရတော့မလိုပင် ထင်ရသည်။ တစ်ချိန်တည်းမှာပင် အလင်းတန်းတစ်ခုသည် အဆုံးမဲ့ အာကာသကောင်းကင်ကို ဖောက်ထွင်းသွားပြီး ရီဖူရှင်းထံသို့ ပျံဝင်သွား၏။ ၎င်းသည် ရပ်တန့်၍မရပေ။

အာကာသကြယ်တာရာများ၏ နတ်အလင်းများ စီးဆင်း၊ လှည့်ပတ်လာပြီး အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်ထွက်ပေါ်လာ၏။ အဆုံးမဲ့ ကြယ်အလင်းများသည် ဓားတစ်ချောင်းအဖြစ် ပေါင်းစည်းသွားသည်။ ထိုဓားသည် မဟာအင်ပါယာ၏ အရှိန်အဝါပါသော သတ်ဖြတ်ဓားပင်။ ၎င်းသည် အလင်းတန်းနှင့် ထိခတ်သွားပြီး အလင်းတန်းကို နောက်တစ်ကြိမ် တားဆီးလိုက်သည်။ ဝမ်ရှောင်၏တိုက်ခိုက်မှုသည် စီဝေ့ကြယ်ကောင်းကင်ကို အနည်းငယ်မျှပင် မဖောက်ထွင်းနိုင်ပေ။

“ငါ အသက်ရှင်နေသရွေ့ စီဝေ့ကြယ်ကောင်းကင်လည်း တည်ရှိနေမှာပဲ”

ရီဖူရှင်း၏အသံသည် ခိုင်မာပြတ်သားနေသည်။ သို့သော် သူသည်လည်း အတွေးများနေသည်။ သူသည် ဝမ်ရှောင်၏တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော်လည်း ထိုသို့သာ ရည်ရှည်ဆက်၍ကာကွယ်နေရမည်ဆိုလျှင် အဆင်ပြေမည်မဟုတ်ပေ။ သူသည် ဝမ်ရှောင်ကို ရပ်တန့်ရန် ခြိမ်း‌ခြောက်နိုင်မည့် အခြားနည်းလမ်းအချို့ကို ရှာဖွေရပေမည်။

သူသည် စီဝေ့ကြယ်ကောင်းကင်ကို ထိန်းချုပ်ရန် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းလိုက်သည်။ သူသည် ကောင်းကင်ရှိ ကြယ်တာရာများ၏စွမ်းအားကို ယူငင်သုံးစွဲခဲ့သည်။ ထိုအရာသည် အရှင်စီဝေ့၏လမ်းစဉ်ဖြစ်သည်။ သို့သော် ထိုစွမ်းအားသည် သူ၏စွမ်းအားမဟုတ်ပေ။

သူသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက်တွင် အဆုံးမဲ့အာကာသထဲတွင် လည်ပတ်နေသော ကြယ်တာရာများသည် ပို၍ထည်ဝါတောက်ပသော နတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုကြယ်တာရာအားလုံး၏အထက်တွင် ရီဖူရှင်း၏မျက်နှာထွက်ပေါ်လာ၏။ သူ၏အာရုံသည် အာကာသကြယ်တာရာများအတွင်းသို့ အပြည့်အဝပေါင်းစည်းနေသကဲ့သို့ပင်။

ရွှီး...ရွှီး...ရွှီး...

ကြယ်တာရာအလင်းတန်းများ တောက်ပလင်းလက်လာသည်။ အာကာသကြယ်တာရာများအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာဓားဝိညာဉ်စွမ်းအားကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြ၏။ ထိုဓားဝိညာဉ်စွမ်းအားများတွင် မဟာအင်ပါယာ၏ ပြိုင်ဘက်ကင်းအရှိန်အဝါ ပါဝင်၏။ ၎င်းတို့သည် မဟာအင်ပါယာကိုယ်တိုင်၏ ဓားဝိညာဉ်စွမ်းများကဲ့သို့ပင် ထင်ရသည်။

အာကာသကြယ်တာရာများ လည်ပတ်လာသောအခါ အဆုံးမဲ့ နတ်ဓားများသည် နေရာအနှံ့တွင် ထွက်ပေါ်လာသည်။ သို့သော် ၎င်းတို့အားလုံးသည် နေရာတစ်ခုတည်းကိုသာ ချိန်ရွယ်ထားကြသည်။ ထိုနေရာသည် ဝမ်ရှောင်ရှိနေသောနေရာပင်။

“ဟင်...”

ဝမ်ရှောင် မျက်မှောင်ကြုတ်သွားသည်။ ရီဖူရှင်းသည် မည်သည်ကိုလုပ်ရန် ကြိုးစားနေသနည်း။

သူ၏စိတ်ဝိညာဉ်သည် အဆုံးမဲ့အာကာသကောင်းကင်နှင့် ပေါင်းစည်းနေပြီး သူ၏အာရုံသည် နေရာအနှံ့တွင် ဖြန့်ကျက်ထားသည်။ သို့သော် ယခုတွင် သူသည် အာကာသကြယ်တာရာများ၏ လှည့်ပတ်မှုကို အပြည့်အဝထိန်းချုပ်လိုနေသည်။ ထိုသို့လုပ်လျှင် သူ၏စိတ်ဝိညာဉ်အပေါ် များစွာဝန်ပိစေမည်ဖြစ်ပြီး သူ၏စွမ်းအားကိုလည်း ဖြန့်ကျက်ထားရသဖြင့် အစီအစဉ်တကျရှိမည်မဟုတ်ပေ။

ရီဖူရှင်းက အရဲစွန့်၍ သူ့ကို တိုက်ခိုက်ချင်နေပုံပင်။

အာကာသကောင်းကင်အောက်တွင် ငွေဖြူရောင်ဆံပင်နှင့်လူတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏မျက်လုံးများသည် တင်းတင်းပိတ်ထားပြီး သန်းထောင်ချီသော ကြယ်တာရာများ၏ ကြယ်အလင်းများသည် သူ့ခန္ဓာကိုယ်နှင့်ဆက်နွယ်နေသကဲ့သို့ သူ့အပေါ်သို့ ဖြာကျနေသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူကိုယ်သူ မပိုင်တော့သလိုပင် ထင်ရ၏။ သူ့စိတ်ထဲတွင် သူသည် သီးခြားပုဂ္ဂိုလ်တစ်ဦး မဟုတ်တော့ပေ။ သူသည် အာကာသကောင်းကင်၏ ကြယ်တာရာလောကကြီး ဖြစ်နေပေပြီ။

ဝမ်ရှောင်က ကောင်းကင်တုန်ဟည်းနတ်တူကို ထုနှက်၍ ကောင်းကင်တစ်ခွင်လုံးကို တုန်ခါလှိုင်းများဖြင့် ရိုက်ခတ်နေသည်။ သို့‌သော် တုန်ခါလှိုင်းများသည် အာကာသကြယ်တာရာများအ‌ပေါ် ကျရောက်သွားသည်နှင့် လုံးဝပျက်ပြားပျောက်ကွယ်သွားကြသည်။ တုန်ခါလှိုင်းများသည် မရေမတွက်နိုင်သော နတ်ဓားများ၏ထွင်းဖောက်မှုကို ခံလိုက်ရသကဲ့သို့ပင်။ ၎င်းတို့သည် အောက်ရှိ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဆက်၍ ဖောက်မဝင်နိုင်ကြတော့ပေ။

အာကာသကောင်းကင်သည် လွန်စွာတိတ်ဆိတ်သွားသည်။ ဝမ်ရှောင်က ဆက်၍မတိုက်ခိုက်တော့ပေ။ ရီဖူရှင်းကလည်း ဆက်၍ မတိုက်ခိုက်လိုက်ပေ။

“ဒီတူချက်က စီဝေ့ကြယ်ကောင်းကင်ရဲ့ အကာအရံကို ဖောက်ပြီး စီဝေ့ကြယ်ကောင်းကင်ထဲကို ဝင်နိုင်မှာပဲ။ ကောင်းကင်တုန်ဟည်းနတ်တူရဲ့ အလင်းတန်းက စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို ဖောက်ထွင်းသွားလိမ့်မယ်။ အဲဒီကျရင် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သူတို့ရဲ့ အသက်ကိုဆုံးရှုံးရလိမ့်မယ်။ ပြီးတော့ အဲဒါအားလုံးက မင်းရဲ့အပြစ်ဖြစ်မှာပဲ”

ဝမ်ရှောင် ကျယ်လောင်စွာ ခြိမ်းခြောက်လိုက်သည်။

ရီဖူရှင်း၏ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွား၏။ အရှင်စီဝေ့၏ ဝိညာဉ်စွမ်းအားသည် အဆုံးမဲ့ အာကာသကောင်းကင်နှင့် ပေါင်းစည်းသွားပြီး တစ်နေရာတည်းတွင်သာ ဆက်ရှိမ‌နေတော့ပေ။ ထို့ကြောင့် ကောင်းကင်တုန်ဟည်းနတ်တူ၏ အလင်းတန်းကို မည်သည့်စွမ်းအားကမှ မကာနိုင်တော့ဘဲ ၎င်းအလင်းတန်းသည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ရိုက်ဖောက်ထွင်းသွားမည်ဖြစ်သည်။ ၎င်းသည် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ကျင့်ကြံသူများနေထိုင်သော ကြယ်တာရာနယ်မြေများကိုပင် ဖောက်ထွင်းသွားနိုင်သည်။

“အဲဒီတူချက်ကို သုံးလိုက်ပြီးရင် မင်းလည်း သူတို့နဲ့အတူ သေရင်သေသွားမှာပါ”

ရီဖူရှင်း ပြန်ပြောလိုက်သည်။ သူ၏အသံသည် ရေခဲတမျှအေးစက်နေသည်။ သူသည် မရေမတွက်နိုင်သော အသက်များကို ဆုံးရှုံးလိုက်ရလျှင်ပင် ဝမ်ရှောင်ကို ရအောင်သတ်မည့်ပုံပင်။

ထိုအခြေအနေတွင် သူ့အတွက် ရွေးချယ်စရာမရှိပေ။ သူသည် စွန့်လွှတ်အနစ်နာခံရန် လိုသည်။ သူသာ ပြန်မတိုက်ခိုက်ဘဲ ခုခံရုံသာခုခံလိုက်လျှင်လည်း သူ၏ခံစစ်သည် ပျက်စီးသွားနိုင်ပေသေးသည်။ ထိုသို့ဖြစ်လာလျှင် အခြေအနေများအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေ‌တော့မည်မဟုတ်ပေ။

***

All Chapters