အတွင်းပိုင်းပဋိပက္ခ
Vol. 180 Ch. 2573
ကြယ်တာရာတိုက်ပွဲပြင်သည် တိတ်ဆိတ်သွားပြီး ဝမ်ရှောင်သည် တုံ့ဆိုင်းသွားသည်။ သူသည် ကောင်းကင်ရှိ ကြယ်တာရာနတ်အလင်းများကို ကြည့်လိုက်၏။ ထိုကြယ်အလင်းများအားလုံးသည် သူ့ကိုချိန်ရွယ်ထားသည်ကို တွေ့လိုက်ရ၏။ ကြယ်တာရာနတ်အလင်းတစ်ခုစီတိုင်းတွင် ပြိုင်ဘက်ကင်း ဓားဝိညာဉ်စွမ်းအား ပါဝင်၏။ သူတိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ရှိ ထိုဓားများသည် သူ့ထံသို့ တစ်ပြိုင်တည်း ဝင်ရောက်လာမည့်ပုံပင်။
ကောင်းကင်တုန်ဟည်းနတ်တူမှနေ၍ တုန်ခါလှိုင်းများ ထပ်ခါထပ်ခါ ကျဆင်းလာသည်။ သို့သော် ထိုလှိုင်းများသည် ကြယ်တာရာဓားများ၏အရှေ့သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ဓားဝိညာဉ်စွမ်းအား၏ ပျက်ပြယ်အောင်လုပ်ခြင်းကို ခံလိုက်ရ၏။ မဟာအင်ပါယာအဆင့် လက်နက်နှင့်ပင် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် မလွယ်သည့်ပုံပင်။
ဝမ်ရှောင်က ထျန်းယန်မြို့သခင်ပြောခဲ့သော စကားများကို ပြန်တွေးတောလိုက်၏။ သူ၏လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်သာရှိနေလျှင် သူသည် ပြိုင်ဘက်ကင်းဖြစ်သည်။ ထို့ကြောင့် သူသည် ပြန်ဆုတ်ရန် မည်သို့စဉ်းစားနိုင်မည်နည်း။ အကယ်၍ သူသာ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ မဝင်နိုင်ဘဲ ရီဖူရှင်းကို မသတ်နိုင်ခဲ့ပါက မြို့သခင်ရုံးတော်တွင် ရှုံးနိမ့်ခဲ့မှုနှင့် ပေါင်းလိုက်လျှင် သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု ဆက်ခေါ်ဝံ့တော့မည်ဟုတ်ပေ။ သူသည် ရီဖူရှင်း၏အရိပ်အောက်တွင် ထာဝရ အမြီးကုပ်နေရတော့မည်ဖြစ်သည်။
ဝမ်ရှောင်က ထိုသို့တွေးမိလိုက်ပြီးနောက် လက်မြှောက်ကာ မဟာအင်ပါယာအရောင်အဝါကို ခံယူလိုက်သည်။ သူသည် ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားကဲ့သို့ ကောင်းကင်တုန်ဟည်းနတ်တူကို သူ့ခေါင်းအထက်သို့ မြှောက်ကာ အောက်ဘက်ရှိ ကြယ်တာရာများကို ငုံ့ကြည့်လိုက်သည်။ သူ ကျယ်လောင်စွာ ပြောလိုက်၏။
“မဟာအင်ပါယာတွေရဲ့အောက်မှာ ငါက ပြိုင်ဘက်ကင်းပဲ”
သူ၏အသံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်မှနေ၍ နတ်အလင်းတန်းကျဆင်းလာပြီး အဆုံးမဲ့အာကာပြင်ကို ဖောက်ထွင်းသွား၏။ အဖျက်စွမ်းအား အဟုန်လှိုင်းများ ရိုက်ခတ်သွားသည်။ ထိုအဟုန်လှိုင်းများ၏ ပြင်းအားသည် မဟာအင်ပါယာအဆင့်လက်နက်၏အကူအညီကြောင့် အဆပေါင်းများစွာ ပိုအားကောင်းနေသည်။ သန်းထောင်ချီသော အဟုန်လှိုင်းများသည် ပြင်းထန်သောစွမ်းအားဖြင့် တစ်ပြိုင်တည်းကျဆင်းလာသည်။ အလင်းတန်းသည် အောက်ဘက်သို့ တိုက်ရိုက်ဆင်းသက်သွားပြီး စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
ကောင်းကင်ရှိ ကြယ်တာရာများအထက်တွင် ရီဖူရှင်း၏ ဝိညာဉ်ပုံရိပ်သည် တစ်ချိန်းတည်းမှာပင် လင်းလက်လာသည်။ သူသည် အရားအားလုံးပြောင်းလဲသွားသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ကြယ်အလင်းများ တောက်ပလာပြီး ကြယ်တာရာနတ်ဓားများအဖြင် ပြောင်းလဲသွားသည်။ ထို့အပြင် မည်သည့်အကွာအဝေးကိုမဆို တမဟုတ်ချင်း သွားလာနိုင်သော ကြောက်မက်ဖွယ်အာကာသနတ်အလင်းတစ်ခုလည်း ထွက်ပေါ်လာသည်။
ကောင်းကင်ထက်ရှိ ကြယ်တာရာနတ်ဓားများသည် ဝမ်ရှောင်ဆီသို့သာ ချိန်ရွယ်ထားကြသည်။
ထိုအခိုက်တွင် အဆုံးမဲ့ ကြယ်တာရာကောင်းကင်သည် တောက်ပလာပြီး လူအားလုံးကို မျက်စိကျိန်းသွားစေသည်။ တစ်ချိန်တည်းမှာပင် အားကောင်းသည့် အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
အလင်းတန်းသည် စီဝေ့ကြယ်ကောင်းကင်၏ အစွန်းပိုင်းရှိ အလင်းမျက်နှာပြင်ကို တိုက်ရိုက်ထွင်းဖောက်သွားသည်။ ထိုအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်ကာ အာကာပြင်ကို ဆုတ်ဖြဲ၍ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်ရောက်နေသည်။
ထိုအခိုက်တွင် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ အခြားကြယ်တာရာနယ်မြေများပေါ်ရှိ ကျင့်ကြံသူများသည် ယင်းအလင်းတန်းကို မြင်လိုက်ရ၏။ ထိုအဖျက်အလင်းတန်းသည် နတ်ဘုရားများထံမှ အလင်းတန်းတစ်ခုကဲ့သို့ လောကကို လင်းလက်နေစေပြီး လောကအားဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို သယ်ဆောင်လာ၏။ အလင်းတန်းဖြတ်သန်းသွားရာတစ်လျှောက်တွင် အရာအားလုံးသည် မီးခိုးများ၊ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။ ၎င်းကို မည်သူမှ မတားဆီးနိုင်ပေ။
“ဒါက...”
စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ကျင့်ကြံသူများသည် သူတို့ရှေ့ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်းတုန်လှုပ်သွားကြသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျင့်ကြံသူများစွာသည် ရင်တုန်နေကြသည်။ မကြာသေးခင်က သူတို့နေထိုင်ရာ ကြယ်တာရာနယ်မြေတွင် မြေငလျှင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယခုတွင် လောကဖျက်စီး အလင်းတန်းပေါ်ပေါက်လာပြီး ကောင်းကင်ကို ထွင်းဖောက်နေသည်။ ထိုအလင်းတန်းဖြတ်သွားရာ တစ်လျှောက်တွင် သက်ရှိအားလုံးသည် အလုံးစုံဖျက်ဆီးခဲ့လိုက်ရ၏။
“ဒါက အဆုံးသတ်ပဲ...”
လူအချို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ အတန်ငယ် ကူရာကယ်ရာမဲ့သွားသလို ခံစားလိုက်ရပြီး စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော အလင်းတန်းသည် သူတို့ရှိနေသော ကြယ်တာရာနယ်မြေကို ဖြတ်သန်းမသွားပါစေနှင့်ဟု တိတ်တဆိတ်ဆုတောင်းလိုက်ကြ၏။
စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ကြယ်တာရာနယ်မြေတစ်ခုမှ ကျင့်ကြံသူများသည် ထိုအလင်းတန်းအောက်တည့်တည့်တွင် ရှိနေပုံပေါ်၏။ ရုတ်ခြည်းအတွင်းမှာပင် သူတို့သည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ သူတို့အများစုသည် သေခြင်းနှင့် ရင်ဆိုင်ရသောအခါ ငိုပင်ငိုကြွေးခဲ့ကြသည်။
ထိုကဲ့သို့ အလင်းတန်းတစ်တန်းကျဆင်းလာလျှင် သူတို့အတွက် ရှင်သန်နိုင်ရန် အခွင့်အရေးအနည်းငယ်ပင် ရှိမည်မဟုတ်ပေ။
သူတို့ များစွာမတွေးနိုင်သေးခင်မှာပင် အလင်းတန်းသည် သူတို့အပေါ်သို့ ကျဆင်းလာ၏။ သို့သော် သူတို့ မသေဆုံးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အာကာသလမ်းစဉ်သည် ယိမ်းယိုင်နေရာ အလင်းတန်းသည် သူတို့အပေါ်သို့ ကျရောက်လာသည်ဟု ထင်ရသော်လည်း သူတို့အကြားရှိ အကွာအဝေးသည် အတော်အသင့်ကွာခြားသေးသည်။ အလင်းတန်းသည် သူတို့ရှိနေသည့် ကြယ်တာရာနယ်မြေနှင့် အတော်ဝေးဝေးနေရာတွင် ကျဆင်းသွားသည်။ မည်သို့ပင်ဖြစ်စေ အဖျက်စွမ်းအား အဟုန်လှိုင်းများသည် သူတို့ထံသို့ ရိုက်ခတ်လာပြီး ကြယ်တာရာနယ်မြေကို အပြင်းအထန်တုန်ခါသွားစေသည်။ ကြယ်တာရာနယ်မြေအစွန်းအနီးရှိ လူများစွာသည် ထိုအာကာသအက်ကြောင်းများထဲတွင် ပျောက်ကွယ်သွားသည်။
သို့သော် ကံအားလျော်စွာပင် လူများစွာ၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သူသည် မည်သူနည်း။
ကြယ်တာရာနယ်မြေပေါ်ရှိ ကျင့်ကြံသူများသည် အဝေးမှ ဖြတ်သွားသော ထိုအဖျက်အလင်းတန်းကို ကြည့်နေခဲ့ကြသည်။ အာကာပြင်သည် ပြိုလဲသွားပြီး ထိုပြိုင်ဘက်ကင်းအလင်းတန်းကို မတားဆီးနိုင်ခဲ့ပေ။ လူအားလုံးသည် ရင်တုန်၊ ပန်းတုန်ဖြစ်သွားကြသည်။ စွမ်းအားကြီးကျင့်ကြံသူများပင် ဒူးတုန်သွားကြသည်။ ထိုခံစားချက်သည် အကြောက်တရားဆိုသည်ထက် ပိုသည်။
ထိုအလင်းတန်းကြောင့် အပျက်အစီးမည်မျှ ဖြစ်သွားမည်နည်း။
တစ်ချိန်တည်းမှာပင် စီဝေ့ကြယ်ကောင်းကင်အပြင်၌လည်း ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
ထိုအလင်းတန်း စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော နတ်ဓားများ၏ အလင်းသည် ဝမ်ရှောင်ထံသို့ တိုက်ရိုက်ပျံဝင်သွားကြသည်။ ရီဖူရှင်းပစ်လွှတ်လိုက်သော ကြယ်တာရာနတ်ဓားများသည် ကြောက်မက်ဖွယ်အဟုန်လှိုင်းများကို ဖောက်ထွင်းကာ ၎င်းတို့နှင့် ဝမ်ရှောင်အကြားရှိ အကွာအဝေးကို တမဟုတ်ချင်းဖြတ်သန်းသွား၏။ ၎င်းတို့သည် ရုတ်ခြည်းအတွင်း ဝမ်ရှောင်ထံသို့ရောက်ရှိသွားကြပြီး ဝမ်ရှောင်ကို သူ၏ကောင်းကင်တုန်ဟည်းနတ်တူနှင့် တိုက်ခိုက်ရန် အချိန်မပေးခဲ့ပေ။
“ဝမ်ရှောင်...”
ထျန်းယန်မြို့သခင်နှင့် အခြားကျင့်ကြံသူများစွာသည် ဓားအလင်းများကြောင့် လွင့်ထွက်သွားပြီး နောက်တစ်နေရာသို့ ရောက်ရှိသွားသည်။ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ရှိရာဘက်သို့ကြည့်လျှက် အော်လိုက်သည်။ သို့သော် ထိုနေရာတွင် ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းများသည် အဆုံးမဲ့ အဖျက်ဓားဝိညာဉ်စွမ်းအားနှင့်အတူ ပေါ်ပေါက်လာသည်ကိုသာ သူတွေ့လိုက်ရ၏။
ထျန်းယန်မြို့သခင်သည် ထိုနေရာသို့ မျက်တောင်မခတ်တန်းကြည့်နေပြီး စိုးရိမ်ပူပန်မှုကို ခံစားနေရသည်။ ထိုကဲ့သို့ ပြင်းအားကြီးသော တိုက်ခိုက်မှုကိုခုခံရန် မဟာအင်ပါယာအဆင့်လက်နက်၏အကူအညီဖြင့်ဆိုလျှင်ပင် ဝမ်ရှောင်အတွက် လွယ်မည်မဟုတ်ပေ။
ထိုအားကောင်းသော တိုက်ခိုက်မှု လွင့်ပြယ်သွားသောအခါ ဝမ်ရှောင်ကို လှမ်းမြင်လိုက်ရ၏။ သူ့ကိုလွှမ်းခြုံထားသည့် မဟာအင်ပါယာအရှိန်အဝါသည် အတော်လေးမှေးမှိန်နေပြီဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော မဟာအင်ပါယာအဆင့်လက်နက်သည်လည်း အတန်ငယ် မတည်မငြိမ်ဖြစ်ပုံပေါ်သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း သွေးများချင်းချင်းနီနေသည်။ သူသည် အပြင်းအထန်ဒဏ်ရာရထားပုံပင်။ ဖြတ်ခနဲတစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတစ်ကိုယ်လုံးတွင် သွေးများရွှဲနေသည်ကို မြင်နိုင်သည်။
ထို့အပြင် ဝမ်ရှောင်သည် အပြင်းအထန်ဒဏ်ရာရထားသကဲ့သို့ အသက်ညင်းညင်းသာ ရှူနေသည်။ မဟာအင်ပါယာအဆင့်လက်နက်ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုသည် သူ့ကို သေစေသွားမည်ဖြစ်သည်။ သူ့အနေဖြင့် ကာပင်ကာနိုင်လိုက်မည် မဟုတ်ချေ။
ဝမ်ရှောင်က အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းကို မည်သည့်နေရာတွင်မှ မတွေ့ပေ။ ရီဖူရှင်း၏ ခန္ဓာကိုယ်အစစ်သည် ဤနေရာတွင် မရှိသည့်ပုံပင်။ ရီဖူရှင်းသည် အာကာပြင်တစ်ခုလုံးနှင့် ပေါင်းစည်းသွားသလိုဖြစ်နေပြီး ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်များသည်လည်း မရေမတွက်နိုင်အောင် ရှိနေပေရာ ဝမ်ရှောင်သည် မည်သည့်နေရာကို ချိန်ရွယ်တိုက်ခိုက်ရမည်ကို မသိဖြစ်နေသည်။
ရီဖူရှင်းအနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးဖြင့် တိုက်ခိုက်လိုက်ရသဖြင့် စွမ်းအားအတော်လေး ကုန်သွားမည်ဖြစ်ကြောင်း ဝမ်ရှောင် ကောင်းစွာသိသည်။ သို့သော် ဝမ်ရှောင်က ရီဖူရှင်း၏အခြေအနေအမှန်ကို သေချာမပြောနိုင်ပေ။
ထို့အပြင် သူသည် မြင်သာသောသောနေရာတွင်ရှိနေပြီး ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်၏ ဆရာသခင်ဖြစ်သဖြင့် အရိပ်များထဲတွင် ရှိနေသည်။
“မင်း ဆက်ပြီးတိုက်ခိုက်ချင်သေးလား”
ထင်ရှားသော သတ်ဖြတ်လိုသည့်အငွေ့အသက်များပါသော အေးစက်စက်အသံတစ်သံက ပြောလိုက်သည်။ ကြယ်တာရာများစွာသည် ကွဲအက်ပျက်စီးသွားပြီဖြစ်သော်လည်း ကျန်ရှိနေသေးသော ကြယ်တာရာအားလုံး၏အထက်တွင် မရေမတွက်နိုင်အောင် များပြားသော ရီဖူရှင်း၏ဝိညာဉ်ပုံရိပ်များ ရှိနေပေသေးသည်။ သူသည် နေရာအနှံ့တွင် ရှိနေသည်ဟုထင်ရပြီး အစောပိုင်းကကဲ့သို့ ထပ်မံတိုက်ခိုက်နိုင်သေးသည့်ပုံပင်။
ဝမ်ရှောင်သာ စီဝေ့ကြယ်ကောင်းကင်ကို ဆက်လက် တိုက်ခိုက်ဝံ့သေးလျှင် ရီဖူရှင်းသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ထပ်မံထုတ်လွှတ်လိုက်မည်ဖြစ်သည်။
ဝမ်ရှောင်၏ မျက်နှာထားသည် ရှုံ့မဲ့နေသည်။ သူသည် သူ၏ရည်မှန်းချက်ကို မရနိုင်တော့သည်လော။
ထိုသို့တိုက်ခိုက်မှုကိုသာ ထပ်မံခဲရ့လျှင် သူသည် ယင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်မည်၊ မနိုင်မည်ကို မသေချာဖြစ်နေသည်။
ထိုကဲ့သို့သော နောက်ထပ်တိုက်ခိုက်မှုတစ်ခုသည် သူ့ကို ယခုပင် ဤနေရာတွင် သတ်ပစ်နိုင်လောက်သည်။
“မင်းက မဟာအင်ပါယာတွေအောက်က ပြိုင်ဘက်ကင်းဟုတ်လား...”
ရီဖူရှင်း၏အသံသည် အဆုံးမဲ့ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားသည်။ သူပြောလိုက်၏။
“ဒီလိုဆို ပြိုင်ဘက်ကင်းဆိုတာ ဘယ်လိုလဲဆိုတာ ငါ အသေအချာသိရအောင် ဆက်တိုက်ကြတာပေါ့”
သူ၏အသံသည် အားကောင်းသည် သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ဝမ်ရှောင်၏တိုက်ခိုက်မှုသည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုတစ်ခု၏အောက်တွင် ကျင့်ကြံသူများစွာသည် သူတို့၏အသက်များကို ဆုံးရှုံးခဲ့ရသည်။
မင်းသမီးဒွန်ဟောင်သည် မဆင်မခြင် မသတ်ဖြတ်ရန် ဝမ်ရှောင်ကို သေချာမှာခဲ့သည်။ သို့သော် ဝမ်ရှောင်သည် ထိုအမိန့်ကိုနာခံရန် ကျရှုံးခဲ့သည်။ သူသည် စီဝေ့ကြယ်ကောင်းအတွင်းသို့ ဝင်ရောက်နိုင်ရန် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ အပြစ်ကင်းသော ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့သည်။
“မင်းသာ ဒီနေ့ စီဝေ့ကြယ်ကောင်းကင်ကို မဖျက်ဆီးနိုင်ခဲ့ရင် ငါ တစ်နေ့နေ့မှာ ထျန်းယန်မြို့ကို သေချာပေါက် ဖျက်ဆီးပစ်မယ်”
သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နေသော အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားပြီး ဝမ်ရှောင်ကို တိုက်ခိုက်ရန် စွပေးနေသည်။
ကောင်းကင်ဒေသမှ အဓိကတပ်ဖွဲ့အသီးသီးမှ ကျင့်ကြံသူများသည် တစ်နေရာစီတွင် ရပ်ကာ ကောင်းကင်ထက်ရှိ ကြယ်တာရာများကို စိုက်ကြည့်နေကြသည်။ သူတို့သည် အရှက်ရနေကြဟန် ရှိ၏။
အကယ်၍ ယနေ့တွင် စီဝေ့ကြယ်ကောင်းကင်ကို အနိုင်မယူနိုင်ခဲ့ပါက အနာဂတ်တွင် သူတို့သည် သေချာပေါက် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားကလန်မဟုတ်သော အင်အားစုများသည် အန္တရာယ်ကြုံတွေ့နိုင်ချေ ပိုများသည်။ ထိုကဲ့သို့သော အန္တရာယ်သည် သူတို့ထံသို့ အချိန်မရွေးရောက်ရှိလာနိုင်ပြီး သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်များကဲ့သို့ စီဝေ့အင်ပါယာနန်းတော်က အလစ်ဝင်တိုက်သည်ကို ကာကွယ်နိုင်မည်လည်း မဟုတ်ပေ။
ဝမ်ရှောင်သည် ချီတုံချတုံဖြစ်နေပြီး ရင်ထဲတွင် လွန်ဆွဲနေသည်။ ရီဖူရှင်းသည် သူတိုက်ခိုက်လာစေရန် ရန်စနေခြင်းဖြစ်သော်လည်း သူဆက်၍ တိုက်ခိုက်လိုပါသေးသလော။
ရီဖူရှင်းဖြစ်စေ သို့မဟုတ် စီဝေ့ကြယ်ကောင်းကင်ဖြစ်စေ မည်မျှကြာကြာ ထိုကဲ့သို့ အပြန်အလှန်တိုက်ခိုက် နေနိုင်သေးသနည်း။
“ကျုပ်တို့ ဒီနေ့မှာသာ စီဝေ့ကြယ်ကောင်းကင်ကို မဖျက်ဆီးနိုင်ခဲ့ရင် နောက်ကျရင် အခွင့်အရေး ထပ်ရမှာ မဟုတ်တော့ဘူး”
ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
“မြို့သခင်... အခု ဆုံးဖြတ်ချက်ချပါ... ကျုပ်တို့ ဝမ်ရှောင်ရဲ့ လုံခြုံရေးကို အာမခံပါတယ်”
သူတို့သည် ဤတစ်ခေါက်တွင် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ရန် ထျန်းယန်မြို့သခင်နှင့်အတူလာခဲ့ပြီး မဟာအင်ပါယာအဆင့်လက်နက်များကိုလည်း ယူဆောင်လာခဲ့သည်။ အကယ်၍ သူတို့သာ အရှုံးဖြင့်ပြန်သွားရလျှင် သူတို့ခေါင်းထက်တွင် ထက်ရှသောဓားတစ်ချောင်း ထာဝရ တွဲလောင်းကျနေမည်ဖြစ်သည်။
သူတို့သည် ပြန်ဆုတ်ခွာသွားသင့်သည်ဟု သေချာပေါက် မတွေးပေ။
သို့သော် ထျန်းယန်မြို့သခင်သည် သူတို့ကဲ့သို့ မတွေးပေ။ လက်ရှိတွင် ဝမ်ရှောင်အတွက် အသက်အန္တရာယ်ရှိနေသည် မဟုတ်ပါလော။ ဝမ်ရှောင်သည် ထျန်းယန်မြို့မှ ဝမ်မိသားစု၏ စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်ကာ မဟာအင်ပါယာအဆင့် လက်နက်များနှင့် ဆက်သွယ်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ အကယ်၍ ဝမ်ရှောင်သာ တစ်စုံတစ်ခု ဖြစ်သွားပါက သူတို့၏အနာဂတ်သည် မည်သို့ဖြစ်သွားမည်နည်း။
သူသည် ဝမ်ရှောင်အပေါ် များစွာမျှော်လင့်ထားသည်။ ရီဖူရှင်းနှင့် သူ၏ခနဲ့စကားများကြောင့် ဝမ်ရှောင်သည် အားနည်းသည် သို့မဟုတ် စွမ်းဆောင်ရည်မရှိဟု မဆိုနိုင်ပေ။
“မြို့သခင်... ဒီနေ့မှာ သူ့ကိုသာ အသက်ဆက်ရှင်ခွင့်ပေးလိုက်ရင် နောက်ကျရင် သူက ကောင်းကင်ဒေသတစ်ခွင်လုံးကို ခြိမ်းခြောက်လာမှာပဲ”
“မြို့သခင်... ကျုပ်တို့ ဒီကိုလာတိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ခဲ့တာပါ။ ဒီနေ့ ကျွန်တော်တို့ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ရမယ်... မဟုတ်ရင် ဒီကိစ္စတစ်ခုလုံးက အချည်းနှီးဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့လည်း ကောင်းကင်ဒေသတစ်ခွင်လုံးရဲ့ ဟားစရာဖြစ်သွားလိမ့်မယ်”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီး၍ ရီဖူရှင်းကို သတ်ပစ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဝမ်ရှောင်ကို ဆက်တိုက်ခိုက်ခွင့်ပြုရန် ထျန်းယန်မြို့သခင်ကို ဖျောင်းဖျနေကြရာ ထိုကဲ့သို့သောအသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာ၏။
ထျန်းယန်မြို့သခင်သည် ထိုစကားများကြောင့် စိတ်ရှုပ်လာ၏။ ယခုတွင် သူ၏မျက်လုံးများသည် ယခင်ကထက် ပို၍စူးရှလာပြီး တိုက်ပွဲပြင်ကို သေချာကြည့်ရှုသုံးသပ်နေသည်။ သို့သော် အချို့ကျင့်ကြံသူများသည် ဝမ်ရှောင်ကို တိုက်ရိုက် တိုက်တွန်းလိုက်သည်။
“ဝမ်ရှောင်... မင်းက မဟာအင်ပါယာအဆင့်လက်နက်တွေကို အမိန့်ပေးနိုင်တယ်ဆိုတော့ မဟာအင်ပါယာတွေအောက်မှာ ပြိုင်ဘက်ကင်းပဲ။ အခု သူ ပြေးစရာမြေမရှိတော့ပါဘူး... သူ့ရဲ့စကားတွေက သေလူတစ်ယောက်ရဲ့ စကားတွေလိုပါပဲ။ မင်းသာ ဆက်တိုက်မယ်ဆိုရင် သူသေချာပေါက်သေမှာပဲ”
ထိုသို့ပြောလိုက်သူသည် ရှေးဟောင်းနတ်ဘုရားကလန်ထဲတွင် ပါဝင်သော ဟောင်ထျန်းကလန်မှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။
“ပါးစပ်ပိတ်ထား...”
ထျန်းယန်မြို့သခင်သည် ထိုသို့ပြောလိုက်သူကို ကြိမ်းမောင်းလိုက်ပြီး သူ၏စကားကို ဖြတ်လိုက်သည်။ ဟောင်ထျန်းကလန်၏ ကလန်ခေါင်းဆောင်သည် ထျန်းယန်မြို့သခင်ကို သဘောမကျဟန်ဖြင့် ကြည့်လိုက်သည်။
သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်မှပင်ဖြစ်ကြသော်လည်း အမှန်တွင် အာဏာအတွက် လျှို့ဝှက် အားပြိုင်နေကြသည်။ ဟောင်ထျန်းကလန်သည် ဝမ်ရှောင်ကို ဆက်တိုက်ခိုက်ရန် တိုက်တွန်းခြင်းဖြင့် မည်သို့သောရလဒ်ထွက်စေကာမူ အကျိုးရှိမည်ဖြစ်သည်။ အမှန်တွင် နှစ်ဖက်စလုံး ရှုံးသွားလျှင် အကောင်းဆုံးဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်လည်း ပျက်စီးသွားပြီး ဝမ်ရှောင်လည်းသေသွားလျှင် သူတို့အတွက် အကောင်းဆုံးပင်။
ထျန်းယန်မြို့သခင်သည် ဉာဏ်နီဉာဏ်နက်များသော မြေခွေးအိုကြီးဖြစ်ရာ အခြားသူများ၏ တိုက်တွန်းချက်များနောက်တွင် မည်သည့်အကြံများရှိသည်ကို သိသည်။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ခြင်းပင်။
“မြို့သခင်ရဲ့အပြုအမူက ဘာအဓိပ္ပာယ်ပါလဲ”
ဟောင်းထျန်းကလန်၏ ကလန်ခေါင်းဆောင်က အေးစက်စက် မေးလိုက်သည်။
“ကျုပ်တို့ ထွက်မလာခင်ကတည်းက ဒီမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ပြီး ရီဖူရှင်းကို ရှင်းပစ်ဖို့ဆိုပြီး မြို့သခင်ကိုယ်တိုင် ပြောခဲ့တာပဲ။ အဲဒါကြောင့်လည်း မဟာအင်ပါယာတွေအောက်က ပြိုင်ဘက်ကင်း ဝမ်ရှောင်က သူနဲ့အတူ မဟာအင်ပါယာအဆင့်လက်နက်တွေ ယူလာတာမလား... ဒီလို မဟုတ်ဘူးလား”
ထိုစကားသည် ထျန်းယန်မြို့သခင်ကို ဆွံ့အသွားစေသည်။ သူ့တွင် ပြန်ဖြေရန် အဖြေကောင်းမရှိပေ။ အခြားကျင့်ကြံသူများသည်လည်း ထျန်းယန်မြို့သခင်ကို စိုက်ကြည့်လျှက် ဖိအားပေးနေသည်။ သူသည် ထိုမျိုးမစစ်များကို စိတ်ထဲမှ ဆဲဆိုလိုက်၏။ သို့သော် ထိုအခြေအနေကို သူဖြေရှင်းရပေမည်။
“မဟာအင်ပါယာတွေအောက်က ပြိုင်ဘက်ကင်းဟုတ်လား”
ရွဲ့တဲ့တဲ့ လှောင်ရယ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။ သူပြောလိုက်၏။
“မင်းတို့က ကိုယ့်ကိုယ်ကို ညာနေတုန်းပဲလား။ သူ့မှာ မဟာအင်ပါယာအဆင့်လက်နက်သာ မရှိရင် သူ့ကိုသတ်ရတာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလိုပဲ လွယ်လိမ့်မယ်။ ဒီလိုကောင်က မဟာအင်ပါယာတွေအောက်က ပြိုင်ဘက်ကင်းဆိုပြီး ကိုယ့်ကိုယ်ကို ခေါ်ဝံ့သေးတယ်ပေါ့။ ဘယ်လိုတောင် အရှက်မရှိတာလဲ”
ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် တစ်ဦးနှင့်တစ်ဦး ရန်ဆောင်နေကြပြီလော။
သို့ဖြစ်လျှင် ကောင်းပေလိမ့်မည်။ ကောင်းကင်ဒေသမှ ထိုအင်အားစုများသည် အကြံကိုယ်စီနှင့်ဖြစ်ရာ စစ်မှန်သော မဟာမိတ်အဖွဲ့ကို ဖွဲ့ရန် မဖြစ်နိုင်ပေ။ သူတို့ မဟာမိတ်အဖွဲ့အတွင်း၌ အတွင်းပိုင်းပဋိပက္ခအနည်းငယ် ဖြစ်ပေါ်လာသည်နှင့် မဟာမိတ်အဖွဲ့သည် ချက်ချင်းပျက်သွားမည်ဖြစ်ပြီး ရှုံးနိမ့်သွားမည်ဖြစ်သည်။
***