← Chapters

ကောင်းကင်ပြသာဒ်

Vol. 180 Ch. 2574

ကောင်းကင်ပြသာဒ်

Vol. 180 Ch. 2574

ဝမ်ရှောင်၏မျက်လုံးများသည် အောက်ရှိ စီဝေ့ကြယ်ကောင်းကင်ကို အာရုံစိုက်နေသည်။ ထိုမျက်ဝန်းများထဲတွင် နတ်မီးတောက်များ တောက်လောင်နေသကဲ့သို့ပင်။ သူသည် သူ၏လက်ကို အတန်ငယ်‌ မြှောက်လိုက်၏။ သူသည် ဆက်၍တိုက်ခိုက်လိုသည့်စိတ်ကို မထိန်းနိုင်တော့သည့်ပုံပင်။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ရှိ ကြယ်တာရာများသည် တောက်ပစွာလင်းလက်လာပြီး တောက်ပသော ဓားအလင်းများ ကောင်းကင်ထဲတွင် ဖြာကျသွားသည်။

ထိုတိုက်ပွဲသည် နှစ်ဦးစလုံး မနိုင်,နိုင်သည့် တိုက်ပွဲတစ်ပွဲဖြစ်ပေလိမ့်မည်။ ဝမ်ရှောင်က စီဝေ့ကြယ်ကောင်းအတွင်းသို့ ဝင်လိုနေသော်လည်း ဝင်နိုင်ရန်ကြိုးစားရင်း ရီဖူရှင်း သတ်သည်ကို ခံရနိုင်သည်။

ဝမ်ရှောင်သည် သူတို့၏ခံစစ်ကို ဖျက်ဆီး၍ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်ရောက်သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်သော်လည်း တန်ကြေးမည်မျှ ပြန်ပေးရမည်နည်း။ မည်သူမှ မဖြေနိုင်ပေ။

“ဝမ်ရှောင်...”

ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ဝမ်ရှောင်ကို ဆက်တိုက်ခိုက်ရန် ဖျောင်းဖျနေစဉ်တွင် ထျန်းယန်မြို့သခင်သည် သူ့ကို လှမ်းခေါ်လိုက်သည်။ ရုတ်ခြည်းပင် ဝမ်ရှောင်၏လက်များ လေထဲတွင် ရပ်တန့်သွားသည်။ ထို့နောက် သူသည် ထျန်းယန်မြို့သခင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထျန်းယန်မြို့သခင်က ကျယ်လောင်၊ ပြတ်သားစွာ ပြောလိုက်၏။

“မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားနဲ့ဆို စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံပိတ်ဆို့ထားလို့ရတယ်။ တကယ်လို့ ရီဖူရှင်းက ခေါင်းမာပြီး အညံ့မခံဘူးဆိုရင် စီဝေ့ကြယ်ကောင်းကင်ကို ရှင်မလား၊ သေမလားဆိုတာ ရွေးချယ်ခိုင်းလိုက်”

ဝမ်ရှောင်က ထျန်းယန်မြို့သခင် ဆိုလိုသည်ကို နားလည်သည်။ ထျန်းယန်မြို့၏ ဝမ်မိသားစုသည် အရှင်ထျန်းယန်ထံမှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ ဝမ်ရှေးဟောင်းနတ်ဘုရားကလန်တွင် မဟာအင်ပါယာအဆင့်လက်နက် တစ်ခုမက ရှိသည်။

ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ထျန်းယန်မြို့ကို သူတို့၏အစီအစဉ်အတွင်းဝင်ပါ၍ မဟာအင်ပါယာအဆင့်လက်နက်များကို ယူဆောင်လာကာ စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံပိတ်ဆို့ထားစေလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြို့သခင်ရုံးတော်သည် အရာအားလုံးကို ပိတ်ဆို့ဖမ်းဆီးထားနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် မဟာအင်ပါယာအဆင့်လက်နာများကို ပိုင်ဆိုင်ကြောင်း သူတို့သိထားသောကြောင့်ပင်။

သို့သော် အကယ်၍ သူတို့သာ စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံပိတ်ဆို့ထားလိုက်လျှင် သူတို့သည် ရီဖူရှင်းကို သတ်ပစ်နိုင်မည်မဟုတ်ပေ။ ရီဖူရှင်း ပိုင်ဆိုင်ထားသည့် နတ်ရတနာများကိုလည်း ယူနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သာ ပိတ်ဆို့ထားလိုက်လျှင် စီဝေ့ကြယ်ကောင်းကင်သည် အားနည်းလာမည်ဖြစ်ပြီး တဖြည်းဖြည်းဖြင့် ပျက်စီးသွားမည်ဖြစ်သည်။ ထိုသို့လုပ်ခဲ့လျှင် အဘက်ဘက်မှ အပြစ်တင်ရှုတ်ချခြင်းများကို ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မင်းသမီးဒွန်ဟောင်သည် သူတို့ကို ထိုကဲ့သို့ပြင်းထန်သည့် ကိစ္စများကိုမလုပ်ရန် သတိပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

“စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ထားလိုက်”

ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် ထျန်းယန်မြို့သခင်၏ စကားများကို ကြားလိုက်သောအခါ သူသည် ဝမ်ရှောင်ကို မည်သို့ပြုလုပ်လိုနေစေခဲ့သည်ကို သူတို့ ချက်ချင်းသိရှိသွားသည်။ လူများစွာသည် အတန်ငယ် စိတ်ပျက်သွားကြ၏။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို အလုံးအရင်းဝင်တိုက်ရန် မျှော်လင့်နေခဲ့ကြခြင်းပင်။

သူတို့သည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ဝင်၍ ရီဖူရှင်းကိုဖမ်းကာ နတ်ရတနာများကိုယူပြီး စီဝေ့ကြယ်ကောင်းကင်ကိုအုပ်ချုပ်၍ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ကို ထိန်းချုပ်လိုခဲ့ကြခြင်းပင်။

သို့သော် အကယ်၍ စီဝေ့ကြယ်ကောင်းကင်ကိုသာ ဝန်းရံပိတ်ဆို့ထားလိုက်ပါက ထိုအရာအားလုံးကို လုပ်နိုင်တော့မည်မဟုတ်ပေ။ သူတို့အလိုရှိသည့် အရာများ ဖြစ်လာတော့မည်မဟုတ်ပေ။

ထို့အပြင် ထျန်းယန်မြို့သခင်သည် စီဝေ့ကြယ်ကောင်းကင်ကို မည်သို့ ပိတ်ဆို့ထားမည်နည်းဟူသော မေးခွန်းလည်းရှိပေသေးသည်။

စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ထားမည်ဆိုလျှင် သူတို့သည် မဟာအင်ပါယာအဆင့်လက်နက်များကို ဤနေရာတွင်ပင် ထားခဲ့ရမည်ဖြစ်ပြီး ပြန်ယူသွား၍ ရမည်မဟုတ်ပေ။ မဟာအင်ပါယာအဆင့်လက်နက်ကိုသာ မချန်ခဲ့လျှင် စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးကို မည်သို့ပိတ်ဆို့ထားနိုင်မည်နည်း။

ထျန်းယန်မြို့သည် ထိုကိစ္စအတွက်ဖြင့် မဟာအင်ပါယာအဆင့်လက်နက်ကို ချန်ထားခဲ့လိုမည်လော။

သို့သော် ကိစ္စများသည် ဤအခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်ရာ တစ်နည်းနည်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။ သူတို့သည် ရီဖူရှင်းနှင့် စီဝေ့ကြယ်ကောင်းကင်ကို အလွှတ်ပေးကာ ကောင်းကင်ဒေသသို့ အမြီးကုပ်၍ ပြန်ရန်မဖြစ်နိုင်ပေ။ ကောင်းကင်ဒေသမှ မည်သည့်အင်အားစုကမှ ထိုအဆုံးသတ်ကို လက်ခံနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ထျန်းယန်မြို့သည် ထိုအဆုံးသတ်ကို ပို၍လက်မခံနိုင်ပေ။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်၏ ခံစစ်ကို ဖောက်မဝင်နိုင်သဖြင့် အရှုံးဖြင့်ပြန်ခဲ့ရသည်ဟူသော အဆုံးသတ်ကို မည်သို့မှလက်ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် တစ်ခုခုကို လုပ်ရပေတော့မည်။

“ပိတ်ဆို့ထားရမယ်...”

ဝမ်ရှောင်က သူ၏အဘိုးထျန်းယန်မြို့သခင်၏ စကားကိုကြားလိုက်သောအခါ မျက်နှာပျက်သွားသည်။ ပိတ်ဆို့ထားရန် အကြံပေးခြင်းသည် ဤတစ်ခေါက် တိုက်ခိုက်မှုသည် လုံးဝရှုံးနိမ့်သွားပြီး သူသည် ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်၏အကူအညီဖြင့်ပင် စီဝေ့ကြယ်ကောင်းကင်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

သူတို့သည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ပင် ဝင်ချင်မှဝင်နိုင်ပေလိမ့်မည်။ သို့ပေသည့် သူတို့သည် ထိုအတိုင်းလှည့်ပြန်၍ စီဝေ့ကြယ်ကောင်းကင်နှင့် ရီဖူရှင်းတို့ကို အလွှတ်ပေးလိုက်ရန်လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် ပိတ်ဆို့ထားရန်သည်သာ တစ်ခုတည်းသော အခြားရွေးချယ်စရာဖြစ်နေသည်။

သူသည် စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ထားရန် မဟာအင်ပါယာအဆင့်လက်နက်များကို ချန်ထားခဲ့ရန် လိုအပ်သည်။ ထိုရလဒ်သည် ဝမ်ရှောင်မျှော်လင့်ထားသောရလဒ် မဟုတ်ပေ။ သို့သော် လက်ရှိတွင် သူ့၌ ပို၍ကောင်းသော ရွေးချယ်စရာ မရှိသည့်ပုံပင်။

ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ်ရပ်နေကြပြီး မည်သို့မှ ဝင်မပြောကြပေ။ အခြေအနေသည် ထိုသို့ဖြစ်နေရာ သူတို့ဝင်ပြောလျှင်လည်း အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ထျန်းယန်မြို့သည် သူတို့ဘာသာ ဆုံးဖြတ်ပေလိမ့်မည်။ သို့သော် ဤမဟာမိတ်သည် ကျရှုံးသွားခဲ့ပေပြီ။

ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများနှင့် ရှေးဟောင်းနတ်ဘုရားကလန်များသည် အတူတကွပူးပေါင်း၍ သတ်ဖြတ်ရန် လာခဲ့သည်။ သို့သော် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ထဲသို့ ခြေတစ်လှမ်းပင် မဝင်နိုင်ခဲ့ပေ။

“ကောင်းပါပြီ...”

ဝမ်ရှောင်ပြန်ဖြေလိုက်သည်။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲတွင် ဒုတိယ မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ထွက်ပေါ်လာ၏။

ထိုမဟာအင်ပါယာအဆင့်လက်နက်သည် အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လှည့်ပတ်ပျံသန်းနေပြီး လျင်မြန်စွာ ပြန့်ကားလာသည်။ ၎င်းသည် ပန်းချီကားလိပ်တစ်လိပ်ဖြစ်သည်။ ထိုပန်းချီကားလိပ်ကို မဟာလမ်းစဉ်ရွှေရောင်နတ်မီးတောက်များက လွှမ်းခြုံထားသည်။

ဝမ်ရှောင်က ခေါင်းမော့၍ ဟင်းလင်ပြင်ထဲရှိ ပန်းချီကားလိပ်ကို ကြည့်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုအကြားမှ နတ်အလင်းတစ်ခုသည် ပန်းချီကားလိပ်ပေါ်သို့ ကျဆင်းသွားသည်။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒီကောင်းကင်ကို မွှမ်းမံဖို့အတွက် ဘိုးဘေးအနေနဲ့ ဝိညာဉ်ကိုယ်ထင်ပြပေးဖို့ တပည့်ဝမ်ရှောင် တောင်းဆိုပါတယ်...”

နတ်အလင်းသည် သူ့အထက်ရှိ ပန်းချီကားလိပ်ကို ဖောက်ဝင်သွားသည်။ ရုတ်တရက် ကားလိပ်ပေါ်တွင် အလင်းအစက်အပျောက်အသေးလေးများ လင်းလက်လာပြီး ပို၍တောက်ပလာကာ မြင့်မြတ်သောဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်ပုံရိပ်သည် မျက်နှာတစ်ခုအဖြစ်ပြောင်းလဲသွား၏။ ထိုမျက်နှာသည် အရှင်ထျန်းယန်၏မျက်နှာပင်။

အတုမဲ့အရှိန်အဝါတစ်ခုသည် ကောင်းကင်နှင့်မြေကြီးအကြားရှိ အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် လေထဲတွင် ထိုအရှိန်အဝါ ပြည့်နှက်လာ၏။ ထို့နောက် ပန်းချီကားလိပ်သည် ၎င်းဘာသာ ပုံတူပွားလိုက်ပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်ကို ၎င်း၏တစ်စိတ်တစ်ပိုင်းဖြစ်အောင် ပြောင်းလဲလိုက်သည်။

ထိုကြောက်မက်ဖွယ်မြင်ကွင်းသည် ဆက်၍ပျံ့နှံ့နေပြီး စီဝေ့ကြယ်ကောင်းကင်ရှိရာဘက်သို့ ဆက်၍ပြန့်ကားလာသည်။ ရီဖူရှင်းက ထိုအရာကို မြင်လိုက်သောအခါ စိုးရိမ်သွားသည်။ နောက်ထပ် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုသည် လုပ်ဆောင်နေပေပြီ။

“ရီဖူရှင်း... မင်းမှာ အညံ့ခံဖို့ အခွင့်အရေးရှိသေးတယ်။ မဟုတ်ရင် ကောင်းကင်မွှမ်းမံခြင်းနတ်ရတနာကို ထုတ်လိုက်တာနဲ့ စီဝေ့ကြယ်ကောင်းကင်က ဆက်ပြီးတည်ရှိနိုင်မှာမဟုတ်‌တော့ဘူး”

ဝမ်ရှောင်၏အသံသည် ရေခဲတမျှ‌ အေးစက်နေပြီး အာကာပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။

ထိုမဟာအင်ပါယာအဆင့်လက်နက်သည် ကောင်းကင်ပြသာဒ်ဖြစ်ပြီး လောကတစ်ခုကို မွမ်းမံနိုင်သည်။ ထိုရတနာသည် အရှင်ထျန်းယန် ကိုယ်တိုင်ပြုလုပ်ထားသော နတ်လက်နက်ဖြစ်သည်။

ကြယ်အလင်းသည် လှည့်ပတ်နေပြီး ကြယ်တာရာအလင်းမျက်နှာပြင်သည် ဆက်၍ ရွေ့လျားစီးဆင်းနေကာ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို အပြင်ဘက်မှ နတ်မီးတော်များ၏ တိုက်စားမှုကို မခံရစေရန် လွှမ်းခြုံကာရံထားသည်။

ကောင်းကင်ပြသာဒ်သည်လည်း ကြယ်တာရာအလင်းမျက်နှာပြင်ကဲ့သို့ ဆက်၍ပြန့်ကားနေသည်။ ၎င်းသည် တဖြည်းဖြည်းကြီးမားလာပြီး နောက်ဆုံးတွင် စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးကို အုပ်မိသွား၏။ ကြိုတင်ပြင်ဆင်ထားသော ခံစစ်ကြောင့်သာမဟုတ်ရင် ကောင်းကင်ပြသာဒ်သည် စီဝေ့ကြယ်ကောင်းကင်အတွင်း ခြေကုပ်ယူနိုင်ကာ စီဝေ့ကြယ်ကောင်းကင်ကို ပြာချပစ်နိုင်သည်။

ရွှီး...

ကောင်းကင်ပြသာဒ်သည် နေရာတကျဖြစ်သွားသည်နှင့် မဟာအင်ပါယာ၏ ဝိညာဉ်ပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။ သို့သော် စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံလွှမ်းခြုံထားသော ထိုကောင်းကင်ပြသာဒ်သည် ထိုလောကအတွင်းရှိ သန့်စင်ပြီးထားသော မဟာလမ်းစဉ်အပါအဝင် အရာအားလုံးကို စတင်မွမ်းမံနေပြီဖြစ်သည်။

ကောင်းကင်ပြသာဒ်ထံမှ နတ်မီးတောက်များသည် ကြယ်တာရာအလင်းမျက်နှာပြင်ပေါ်သို့ ကျဆင်းနေသည်။ ရွှေရောင်နတ်မီးတောက်များသည် အလင်းမျက်နှာပြင်ကို လွှမ်းခြုံထားပြီး အတွင်းသို့ ဖောက်ဝင်နိုင်ရန်ကြိုးစားနေသည်။ သို့သော် ၎င်းတို့သည် အလင်းမျက်နှာပြင်ကို ချက်ချင်းလောင်ကျွမ်းမပစ်နိုင်ပေ။

“ရီဖူရှင်း... ကောင်းကင်ပြသာဒ်အောက်မှာ စီဝေ့ကြယ်ကောင်းကင်က ဘယ်လောက်တောင့်ခံနိုင်မယ်ထင်လဲ”

ဝမ်ရှောင် ဆက်ပြောလိုက်သည်။

“မင်းသာ အညံ့ခံမယ်ဆိုရင် ငါ စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို အလွှတ်ပေးနိုင်တယ်... မင်းရဲ့မိသားစုကိုလည်း အလွှတ်ပေးမယ်”

သူသည် ရီဖူရှင်းတစ်ယောက် ဦးညွှတ်၍ အညံ့ခံလာစေလိုနေသည်။ သူအလိုရှိသည်မှာ ရီဖူရှင်းတစ်ဦးတည်းသာဖြစ်သည်။ သူသည် အခြားသူများကို အာရုံမစိုက်ပေ။

ကောင်းကင်ပြသာဒ်အောက်တွင် လောကတစ်ခုလုံးသည် ချစ်ချစ်တောက်ပူပြင်းနေသည်။ ကြယ်တာရာအလင်းမျက်နှာပြင်ကြောင့်သာ မဟုတ်လျှင် စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးသည် လောင်ကျွမ်းနေလောက်ပြီဖြစ်သည်။

“ရက်စက်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ...”

ရီဖူရှင်းက အလွန်ဒေါသထွက်နေသည်။ သူပြောလိုက်၏။

“တစ်နေ့ကျရင် မင်း ဒူးထောက်ပြီးတော့ ငါ့ကိုအသနားခံရင်တောင် ငါ ထျန်းယန်မြို့ရဲ့ မြို့သခင်ရုံးတော်က ဝမ်မိသားစုထဲက ကျင့်ကြံသူတစ်ယောက်ကိုမှ လွှတ်ပေးမှာမဟုတ်ဘူး”

အစောကတိုက်ခိုက်မှုဖြင့်ပင် မရေမတွက်နိုင်အောင် များပြားသော လူများ သေဆုံးခဲ့ရပြီးဖြစ်သည်။ လက်ရှိ ကောင်းကင်မွမ်းမံနတ်ရတနာ၏ တိုက်ခိုက်မှုအောက်တွင် နောက်ထပ်မည်မျှ ထပ်မံသေဆုံးမည်ကို မည်သူမှ မပြောနိုင်ပေ။

ယခုတွင် သူ၏ရည်မှန်းချက်များထဲမှ တစ်ခုသည် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန်ဖြစ်လာပေပြီ။ သူအသက်ရှင်နေသ၍ ထိုကိစ္စကို ပြီးမြောက်အောင် သေချာပေါက် လုပ်မည်ဖြစ်သည်။

“မင်းတစ်ယောက်ကြောင့် စီဝေ့ကြယ်ကောင်းကင်က ဒီနေ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ”

ဝမ်ရှောင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ငါ စီဝေ့ကြယ်ကောင်းကင်ကို ကာကွယ်မယ်”

ရီဖူရှင်း ပြန်ပြောလိုက်သည်။ ဝမ်ရှောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ပြသာဒ်သည် ပိတ်သွားပြီး စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်နှင့် စီဝေ့ကြယ်ကောင်းကင်အတွင်းဘက်ဟူ၍ လောကနှစ်ခု ကွဲသွား၏။

ပိတ်ဆို့ခံထားရသော စီဝေ့ကြယ်ကောင်းကင် အပြင်ဘက်ရှိ ဝမ်ရှောင်၏မျက်နှာထားသည် တင်းမာနေသည်။ သူသည် အောက်ဘက်သို့ စိုက်ကြည့်နေပြီး မည်သည့်ဝမ်းသာအားရမှုကိုမှ ခံစားမနေရပေ။ သူသည် ရီဖူရှင်း၏ အရိပ်အယောင်ကို ထပ်၍မမြင်ရတော့ချေ။ သူသည် သူ့ကိုပြောသလို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့သော်လည်း အနိုင်ရသည်ဟု သူမခံစားရပေ။

သူသည် ယခင်ကလည်း ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့သလို ယခုတွင်လည်း အနိုင်မယူနိုင်ခဲ့ပေ။

“ဒါပဲလား... အခု စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ပြီးသွားပြီလား”

ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူအချို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်လျှက် ဆွံ့အနေကြသည်။ သူတို့သည် အတော်လေးမှင်တက်နေသကဲ့သို့ပင်။

ထိုစစ်ပွဲသည် ထိုကဲ့သို့ ပြီးဆုံးသွားပေပြီ။

ကောင်းကင်ပြသာဒ်၏အောက်တွင် ရီဖူရှင်း၏ခံစစ်သည် ကြာရှည်မခံနိုင်ပေ။ အနှေးနှင့်အမြန်ဆိုသလို ထိုခံစစ်သည် လောင်ကျွမ်းပြာကျသွားမည်ဖြစ်သည်။ ထို့နောက်တွင် စီဝေ့ကြယ်ကောင်းကင်လည်း လောင်ကျွမ်းပြာကျသွားမည်ဖြစ်သည်။ မဟာလမ်းစဉ်ကိုသာ သန့်စင်မွမ်းမံပြီးသွားသည်နှင့် အရာအားလုံးသည် ဆက်၍တည်ရှိတော့မည်မဟုတ်ပေ။ ကျယ်ပြောသော ထိုစီဝေ့လောကသည် မီးတောက်လောကတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး အလုံးစုံလောင်ကျွမ်းပြာချခံလိုက်ရမည်ဖြစ်သည်။

“ပြီးသွားပါပြီ...”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။ သူ၏မျက်လုံးများသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်လိုက်သည်။ သူဆက်ပြောလိုက်၏။

“အားလုံးပဲ ဒီကိစ္စမှာ ကြိုးစားလုပ်ခဲ့ကြပါတယ်။ ကောင်းကင်ပြသာဒ်အောက်မှာ စီဝေ့ကြယ်ကောင်းကင်က ငရဲမီးတောက်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားမှာပါ။ မဟာလမ်းစဉ်အားလုံးလည်း ပျောက်ကွယ်သွားမှာပါ... ပြီးတော့ တဖြည်းဖြည်းနဲ့ စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံး ထာဝရပျောက်ကွယ်သွားပါလိမ့်မယ်”

“ဒီလိုဆို ရီဖူရှင်းလည်း အတူ လောင်ကျွမ်းသေဆုံးသွားမယ်ဆိုတဲ့ သဘောလား။ အဲဒါဆိုရင်တော့ နှမြောစရာပဲ”

ကောင်းကင်ဒေသမှ ကျင့်ကြံသူအချို့က ပြောလိုက်သည်။ သူတို့သည် ရီဖူရှင်းနှင့် ရန်သူများဖြစ်သော်လည်း သူတို့ရင်ထဲတွင် ဒွိဟဖြစ်နေသည်။ ရီဖူရှင်းအနေဖြင့် ထိုကဲ့သို့ မီးတောက်နယ်မြေထဲတွင် သေဆုံးသွားမည်ကို သူတို့ နှမြောတသဖြစ်နေကြသည်။

“သူက သူ့အတွက် ဘာကကောင်းတယ်ဆိုမှ မသိတာဘဲ... ဒီတော့ ဒီလမ်းကိုပဲသွားရမှာပေါ့”

ထျန်းယန်မြို့သခင်က ကျယ်လောင်စွာပြောလိုက်သည်။

“ကောင်းကင်ပြသာဒ်အောက်က လောက,က ပြောင်းလဲသွားပြီး ဘယ်တော့မှ အရင်လိုပြန်ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။ စီဝေ့ကြယ်ကောင်းကင်လည်း ဆက်ပြီးတည်ရှိနိုင်မှာမဟုတ်လောက်တော့ပါဘူး”

စီဝေ့ကြယ်ကောင်းကင်သည် အပျက်အစီးနယ်မြေတစ်ခုသာ ဖြစ်သွားတော့မည်လော။

“အားလုံးပဲ ပြန်ကြပါတော့။ ဒီကကိစ္စက ပြီးဆုံးသွားပါပြီ။ အခု စီဝေ့ကြယ်ကောင်းကင်ရဲ့ နောက်ဆုံးကျဆုံးခန်းကို ကြည့်ဖို့ပဲလိုတော့တယ်”

ထျန်းယန်မြို့သခင်က ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးကို ပြောလိုက်သည်။ သို့သော် သူတို့သည် ပြန်ရန် အင်တင်တင်ဖြစ်နေကြသည်။ သူတို့သည် အဆုံးမဲ့ ကြယ်တာရာကောင်းကင်ထဲတွင် ရပ်၍ အရာအားလုံးကို ကြည့်ရှုတွေးတောနေကြသည်။

“သူတို့ ပျက်ဆီးသွားတဲ့အထိ ကျွန်တော် ဒီမှာစောင့်နေပါမယ်”

ဝမ်ရှောင်က ထျန်းယန်မြို့သခင်ကို ပြောလိုက်သည်။ သူသည် ထျန်းယန်မြို့သို့ မပြန်ဘဲ ဤနေရာတွင်သာ စောင့်နေမည်ဖြစ်သည်။

သူသည် ရီဖူရှင်း၏ကျဆုံးခန်းကို မြင်လိုနေပြီး ထိုကိစ္စအားလုံး အဆုံးသတ်သွားသည်ကိုလည်း မြင်လိုနေသည်။ မဟုတ်လျှင် သူ၏ရင်ထဲရှိ ထိုအရိပ်မည်းသည် မည်သည့်အခါမှ ပျောက်ပျယ်သွားမည်မဟုတ်ပေ။

***

All Chapters