ဖျက်ဆီး၍မရနိုင်သော
Vol. 180 Ch. 2575
စီဝေ့ကြယ်ကောင်းကင်ထဲရှိ လူအားလုံးသည် ခေါင်းမော့၍ အထက်ကောင်းကင်ကို ကြည့်လိုက်ကြ၏။ သူတို့သည် မည်သည့် ကြယ်တာရာနယ်မြေတွင် ကျင့်ကြံနေသည်ဖြစ်စေ လွန်စွာကြောက်မက်ဖွယ်ကောင်းသော ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
ကောင်းကင်သည် ရွှေရောင်အဖြစ် ပြောင်းလဲနေပြီး ကြောက်မက်ဖွယ်မီးတောက်များလည်း ရှိနေသည်။ ထိုမီးတောက်များသည် တစ်လောကလုံးကို ဝါးမျိုသွားတော့မလိုပင်။
တစ်စုံတစ်ယောက်သည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်လိုနေသည်။
စီဝေ့အင်ပါယာနန်းတော်ထဲတွင် သခင်ချန်နှင့် အခြားသူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ ထိုမီးတောက်များသည် သူတို့နှင့်လွန်စွာဝေးကွာကြောင်း သူတို့သိသော်လည်း ၎င်းတို့သည် လောကတစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ၎င်းတို့ကို လှမ်းမြင်နိုင်နေသည်။ အဖျက်နတ်အလင်းသည်လည်း စီဝေ့ကြယ်ကောင်းကင်ကို လွှမ်းခြုံထားရာ သူတို့သည် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ၎င်းကို မြင်နိုင်သည်။
ထိုတိုက်ပွဲ၏ ရလဒ်သည် အဘယ်သို့နည်း။
တုန်ခါမှုများသည် ရပ်တန့်သွားပုံပေါ်ပြီး စီဝေ့ကြယ်ကောင်းကင်သည် ဆက်၍မတုန်ခါနေတော့ပေ။ ထို့အခြင်းအရာမှနေ၍ အစောပိုင်းမှ တိုက်ပွဲသည် ပြီးဆုံးသွားပြီဟုသာ သိနိုင်သည်။ သို့သော် လက်ရှိ သူတို့အရှေ့ရှိအရာသည် မည်သည်နည်း။
စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံခြင်းနယ်မြေများတွင် သက်ရှိများစွာရှိသည်။ သူတို့အကုန်လုံးသည် စွမ်းအားကြီးကျင့်ကြံသူများမဟုတ်ကြပေ။ သူတို့အများစုသည် သူတို့လောကထဲတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်နေကြသည်။ သို့သော် ယနေ့ပြီးနောက်တွင် သူတို့သည် ထိုလောကသည် အမှန်တွင်မည်သို့ဖြစ်သည်၊ လက်တွေ့လောကသည် မည်မျှတုန်လှုပ်ဖွယ်ကောင်းသည်ကို သူတို့သိရှိသွားမည်ဖြစ်သည်။
သူတို့နေထိုင်၊ ကျင့်ကြံနေသောနေရာသည် လောကကြီး၏တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး သဲကန္တာရအတွင်းရှိ သဲပွင့်များထဲမှ သဲတစ်ပွင့်ကဲ့သို့ သေးငယ်ကြောင်း သိရှိသွားပေလိမ့်မည်။
စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးရှိ မရေမတွက်နိုင်အောင် များပြားသော သက်ရှိများအတွက် ဤနေ့သည် တုန်လှုပ်ခြောက်ခြားဖွယ်နေ့တစ်နေ့ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် တုန်လှုပ်မှုအပြင် စိုးရိမ်မှုကိုလည်း ခံစားနေရသည်။ ကောင်းကင်တွင် ရွှေရောင်နတ်မီးတောက်များ ပြည့်နှက်နေသည်။ ထိုမီးတောက်များသည် လောကတစ်ခွင်လုံးကို လွှမ်းခြုံထားသည်။ ထိုမီးတောက်များသည် လောကကို အဆုံးသတ်သွားစေနိုင်သော မီးတောက်များပေလော။
စီဝေ့ကြယ်ကောင်းကင်သည် ဖျက်ဆီးခံရတော့မည်လော။
သူတို့၏ ကျင့်ကြံခြင်းနယ်မြေသည် ဆက်၍မတည်ရှိနိုင်တော့ပြီလော။
လူများစွာသည် ဟင်းလင်းပြင်ထက်သို့ ဦးညွှတ်၍ စတင်ဆုတောင်းလိုက်ကြ၏။ သူတို့သည် အရှင်စီဝေ့၏ ကာကွယ်မှုကို ရရှိစေရန် ရင်ထဲမှ ဆုတောင်းနေကြသည်။ စီဝေ့ကြယ်ကောင်းကင်တွင် လူအားလုံးသည် အရှင်စီဝေ့ကို ယုံကြည်ကြသည်။ အရှင်စီဝေ့သည် သူတို့၏ တစ်ပါးတည်းသော နတ်ဘုရားဖြစ်သည်။
“ဟိုကိုကြည့်လိုက်...”
တစ်စုံတစ်ယောက်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်မီးတောက်များသည် သူတို့၏လောကကို ပိတ်ဆို့ပြီးသွားသည့်နောက်တွင် ထိုမီးတောက်များသည် လောကတစ်ခုလုံးကို ဝါးမျိုလိုဟန်ရှိနေသည်။ သို့သော် ထိုအခိုက်တွင် ရွှေရောင်နတ်မီးတောက်များ၏အောက်တွင် လွန်စွာတောက်ပသော ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခု လင်းလက်နေသည်။ ထိုကြယ်တာရာအလင်းမျက်နှာပြင်သည်လည်း လောကတစ်ခွင်လုံးကို လွှမ်းခြုံထားပြီး ရွှေရောင်နတ်မီးတောက်များ လောကအတွင်းသို့ မဝင်ရောက်လာစေရန် ကာရံထားသည်။
“တစ်ယောက်ယောက်က ငါတို့ကို ကာကွယ်ပေးနေတယ်”
စီဝေ့ကြယ်ကောင်းကင်မှ လူများသည် ကောင်းကင်ထက်သို့ ဆက်၍ ဦးညွှတ်ဆုတောင်းနေကြသည်။
“အဲဒါ အရှင်စီဝေ့ ကိုယ်ထင်ပြတာလား...”
သူတို့သည် အရှင်စီဝေ့ကို ရင်ထဲအသည်းထဲမှ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြသည်။ စီဝေ့ကြယ်ကောင်းကင်တစ်ခုလုံးသည် အရှင်စီဝေ့ ဖန်ဆင်းထားသည့် လောကတစ်ခုပင် မဟုတ်ပါလား။
“အဲဒါ ဖူရှင်းပဲ...”
စီဝေ့အင်ပါယာနန်းတော်ထဲတွင် အရှင်ထိုက်ရွှမ်သည် ကောင်းကင်ထက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားမသင့်သွားခဲ့ပေ။ အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် သူတို့အထက်ရှိ ကောင်းကင်ကို စိုက်ကြည့်နေကြသည်။ သူတို့သည် အံ့အားသင့်သည်ထက် စိုးရိမ်၍သာနေကြသည်။
“ကျွန်တော် တစ်ချက်သွားကြည့်လိုက်ပါမယ်”
သခင်ချန်သည် လေပေါ်သို့ ပျံတက်လိုက်ကာ မြင့်မားသောကောင်းကင်ထက်သို့ ပျံသွားလိုက်သည်။
ယခုတွင် တိုက်ပွဲသည် ပြီးဆုံးသွားပုံပေါ်သည်။ နောက်တစ်ဆင့်သည် ရွှေရောင်နတ်မီးတောက်များကို ခုခံရန် ဖြစ်နိုင်သည်။ သူသည် ထိုနေရာတွင် မည်သည့်ကိစ္စများဖြစ်နေသည်နှင့် ရီဖူရှင်းတစ်ယောက် မည်သို့အခြေအနေရှိသည်ကို တွေ့လိုနေသည်။
“ကျုပ်တို့လည်း လိုက်ခဲ့မယ်...”
လူများစွာသည် တစ်ပြိုင်တည်း လေပေါ်သို့ ပျံတက်လိုက်ကြပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားကြသည်။
ထိုတိုက်ပွဲသည် ရီဖူရှင်းတစ်ဦးတည်း၏ တိုက်ပွဲဖြစ်သည်။ သူသည် ကောင်းကင်ဒေသမှ စစ်တပ်ကို တစ်ကိုယ်တော်ခုခံခဲ့ပြီး မဟာအင်ပါယာအဆင့်လက်နက်များ၏ တိုက်ခိုက်မှုကို တားဆီးခဲ့သည်။ သူတို့သည် လုံခြုံသည့် စီဝေ့အင်ပါယာနန်းတော်အတွင်းမှနေ၍သာ တိုက်ပွဲကို ကြည့်နေခဲ့ကြရပြီး သူ့ကို ကူညီရန် မည်သို့မှ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် ရင်ထဲတွင် မီးတောက်နေသကဲ့သို့ မသက်မသာခံစားနေခဲ့ရသည်။
ဟွာဂျီယူသည်လည်း လေပေါ်သို့ ပျံတက်သွားသူများထဲတွင် ပါသည်။ ကောင်းကင်ထက်သို့ ငေးကြည့်နေသော ထိုမျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
*****
ကြယ်တာရာကောင်းကင်အထက်တွင် သခင်ချန်နှင့် အခြားသူများသည် ရီဖူရှင်း၏အရိပ်အယောင်ကို တွေ့လိုက်ကြ၏။
ထိုနေရာတွင် သန်းထောင်ချီသော ကြယ်တာရာများသည် ၎င်းတို့၏ကိုယ်ပိုင်စည်းချက်ဖြင့် ကောင်းကင်နှင့် မြေကြီးကို လှည့်ပတ်ကာရံထားသည်။ ရီဖူရှင်းသည် ထိုကြယ်တာရာကောင်းကင်ထဲတွင် မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်နေ၏။ သူသည် ပရမ်းပတာအခြေအနေအတွင်းသို့ ရောက်နေပုံရပြီး သတိရတစ်ချက်၊ မရတစ်ချက်ရှိနေပုံပင်။ ကြယ်တာရာများနှင့် နတ်အလင်းများသည် သူ့ကိုဝန်းရံထားသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ဝေဝါးဝါးဖြစ်နေသည်။
ပို၍အံ့အားသင့်စရာကောင်းသည်မှာ ထိုသန်းချီသော ကြယ်တာရာနတ်အလင်းများသည် ရီဖူရှင်းထံမှ ထွက်လာခြင်းပင်။ ၎င်းတို့သည် ကောင်းကင်ထက်ရှိ ကြယ်တာရာများဆီသို့ သွားရောက်ပေါင်းစည်းနေကာ ကြယ်တာရာခံစစ်တစ်ခုကို ဖန်တီးနေသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ဆက်စပ်နေသော ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခုသည် ရွှေရောင်နတ်မီးတောင်များ အတွင်းသို့ ဝင်မလာနိုင်စေရန် ဧရာမထီးကြီးတစ်ခုကဲ့သို့ လွမ်းခြုံကာရံထားသည်။
သခင်ချန်နှင့် အခြားသူများသည် မဟာလမ်းစဉ်ကို အတင်းဝါးမျိုနေသည့် အရှိန်တညီးညီးထနေသော ထိုအဖျက်ရွှေရောင်မီးတောက်များကို တွေ့လိုက်ရ၏။ ၎င်းမီးတောက်များသည် လောကအတွင်းရှိ အရှိန်အဝါအားလုံးကို လောင်ကျွမ်းသန့်စင်ပစ်၍ မွမ်းမံလိုနေပုံပေါ်၏။ ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်ပြသာဒ်ဖြစ်သည်။
ကြောက်မက်ဖွယ် ရွှေရောင်နတ်မီးတောက်များ ဝင်ရောက်လာပြီး ကြယ်တာရာအလင်းမျက်နှာပြင်နှင့် ရောယှက်နေသည်။ ၎င်းသည် ကြယ်တာရာမဟာလမ်းစဉ်၏ အလင်းကို ဖြည်းဖြည်းချင်း လောင်ကျွမ်းနေပြီး ကြယ်တာရာများ၏ မဟာလမ်းစဉ်ကို ဝါးမျိုသန့်စင်နေပုံပင်။
ကောင်းကင်ကို ဝန်းရံထားသော် ကြယ်တာရာများစွာသည် တဖြည်းဖြည်း ရွှေရောင်နတ်မီးတောက်များ၏ လွှမ်းခြုံမှုကို ခံလာရပြီး အချိန်မရွေး မွမ်းမံသန့်စင်ခံရကာ နတ်မီးတော်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မည်ဟု ထင်ရသည်။
“သူ တော်တော်လေး အားနည်းနေပြီ”
သခင်ချန်သည် ရီဖူရှင်းကိုကြည့်လျှက် ပြောလိုက်သည်။ ဟွာဂျီယူသည် ရှေ့သို့ထွက်လိုနေသော်လည်း သူမကိုယ်သူမ ရပ်တန့်လိုက်သည်။ သူမ မည်မျှ ရီဖူရှင်းထံသို့ သွားလိုနေသော်လည်း သူမကိုယ်သူမ ထိန်းထားရမည်ဖြစ်သည်။ သူမသာ ရီဖူရှင်းကို သွားထိလိုက်လျှင် မတွေးနိုင်သောနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာမည်ကို သူမစိုးရိမ်နေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် အသိစိတ်ကင်းမဲ့နေသည့် အခြေအနေသို့ရောက်နေသည်။ သူ၏အသိစိတ်သည် သူ၏ကိုယ်ထဲတွင်မရှိတော့ဘဲ ဤကြယ်တာရာလောကထဲတွင် ရှိနေသည်။
သို့သော် ထိုအခိုက်၌ သူ့ထံမှနေ၍ လွန်စွာထင်ရှားသော အသက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နတ်အရောင်အဝါတောက်ပလာသောအခါ သူ့ကိုယ်ပေါ်တွင် အသက်သစ်ပင်တစ်ပင်ပေါ်ပေါက်လာပြီး ၎င်းသည် သူ၏အသက်အရှိန်အဝါမပျောက်ကွယ်သွားစေရန် သူနှင့်တစ်သားတည်းပေါင်းစည်းသွား၏။
“သူက ဆက်ပြီး တိုက်ခိုက်နေတုန်းပဲ”
ဟွာဂျီယူ၏ လှပသောမျက်လုံးလေးများသည် အတန်ငယ် နီရဲနေသည်။ ထို့နောက်တွင် သူတို့သည် ရီဖူရှင်းထံမှ အရှိန်အဝါတန်းတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ ပျံနှံ့သွားသည်ကို တွေ့လိုက်ရ၏။ ထိုရှေးဟောင်း အကိုင်းအခက်များနှင့် သစ်ရွက်များသည် ကောင်းကင်ထက်သို့ပျံတက်သွားပြီး ထိုကြယ်တာရာကောင်းကင်ကို အားဖြည့်ပေးလိုက်သည်။
ထိုအရှိန်အဝါ ပျံ့နှံ့သွားသောအခါ ကောင်းကင်ထဲရှိ ကြယ်တာများအားလုံးသည် တစ်ခုတည်းဖြစ်သွားသည်ဟု ထင်လိုက်ရ၏။ ရီဖူရှင်းသည် အလယ်ဗဟိုလ်မှနေ၍ ထိုနတ်သစ်ပင်၏အမြစ်ကဲ့သို့ဖြစ်နေပြီး ကောင်းကင်ထက်ရှိ ကြယ်တာရာအားလုံးသည် မြင့်မြတ်သောသစ်ပင်၏ အကိုင်းအခက်များနှင့် သစ်ရွက်များဖြစ်လာသကဲ့သို့ပင်။ ကြယ်တာရာနတ်သစ်ပင်တစ်ခု အသက်ဝင်ဖြစ်တည်လာသည်။
“ဒါက...”
သခင်ချန်နှင့် အခြားသူများသည် ဤလောကကို ဝန်းရံထားသော အတုမဲ့နတ်အလင်းများကိုကြည့်လျှက် မယုံနိုင်ဖြစ်နေကြသည်။ သူတို့အားလုံးသည် ရီဖူရှင်းကို ကြည့်နေကြပြီး သခင်ချန်ပြောသည်ကို ကြားလိုက်ရ၏။
“ဒီကနေထွက်သွားရအောင်... သူ့ကိုမနှောင့်ယှက်ဘဲနေကြတာပေါ့”
“ကျွန်မ သူနဲ့အတူ ဒီမှာနေခဲ့ပါမယ်”
ဟွာဂျီယူ ပြောလိုက်သည်။
“ကောင်းပါပြီ...”
သခင်ချန်သည် ခေါင်းညိတ်ပြလိုက်ပြီး အခြားသူများကို ပြန်ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ဟွာဂျီယူသာ ကျန်ခဲ့သည်။
ကြယ်တာရာကောင်းကင်ထက်တွင် ဆန်းကြယ်သောကိစ္စများ ဆက်၍ဖြစ်ပွားနေသည်။ လောကတစ်ခုလုံး၏ အပြင်ဘက်အစွန်းတွင် ကြယ်တာရာနတ်အလင်းများက လွှမ်းခြုံထားသည်။ ထို့ကြောင့် အတွင်းရှိ အရာအားလုံးကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ဟွာဂျီယူသည် အတွင်းထဲတွင် ရပ်နေခြင်းဖြစ်သည်။ သူမသည် ထိုအံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော ကြယ်တာရာနတ်သစ်ပင်ကြီး၏ အောက်တွင် ရပ်နေသည်ကို ခပ်ရေးရေးမြင်နိုင်သည်။
ရီဖူရှင်းသည် နတ်သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ ကြယ်တာရာအားလုံးသည် ထိုနတ်ပင်ပေါ်တွင် ကြီးထွားလာကြသည်။
ထိုအခိုက်တွင် လောကအစွန်းရှိ ထိုရွှေရောင်နတ်မီးတောက်များသည် ကာရံတားဆီးခံနေရပြီး အတွင်းသို့ ဖောက်မဝင်နိုင်သဖြင့် မြည်ဟည်းနေကြသည်။ ထိုနေရာတွင် အကာအရံအလွှာနှစ်လွှာရှိသည့်ပုံပင်။ ကောင်းကင်ပြသာဒ်သည် စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ထားပြီး ကြယ်တာရာနတ်သစ်ပင်သည် ကောင်းကင်ပြသာဒ်ကို အတွင်းသို့ မဝင်နိုင်ရန် ပြန်၍ပိတ်ဆို့တားဆီးထားသည်။
ဟွာဂျီယူသည် ရီဖူရှင်းနှင့်မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမသည် သူ့ကိုကြည့်လျှက် သူသည် အံ့ဖွယ်ဖြစ်ရပ်ကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ရီဖူရှင်းအတွက် ထိုကိစ္စသည် နောက်ထပ်ကျင့်ကြံခြင်းနည်းတစ်မျိုးကဲ့သို့သာ ဖြစ်နိုင်သည်။ ရီဖူရှင်းသည် ဤစမ်းသပ်မှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လောက်သည်။
ကောင်းကင်ထက်မှ မြင်ကွင်းသည် စီဝေ့ကြယ်ကောင်းကင်မှ လူများ မမေ့နိုင် သို့မဟုတ် လျစ်လျူမရှုနိုင်သောအရာဖြစ်သည်။ သူတို့အားလုံးသည် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့ကြောင်း သိလိုနေသည်။ ထို့နောက်တွင် စီဝေ့အင်ပါယာနန်းတော်မှလူများသည် ကောင်းကင်ဒေသမှ အင်အားစုများသည် မဟာအင်ပါယာအဆင့်လက်နက်များ၏အကူအညီဖြင့် စီဝေ့ကြယ်ကောင်းကင်ကို လာရောက်တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း လောကကြီးကို ကြေညာလိုက်သည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်မှနေ၍ အရှင်စီဝေ့ချန်ထားခဲ့သည့် နတ်ရတနာများကို လုယက်ကာ စီဝေ့ကြယ်ကောင်းကင်ကို ထိန်းချုပ်လိုနေခြင်းဖြစ်သည်။
ထိုကဲ့သို့ မကြုံဖူးသော ဘေးအန္တရာယ်ကျရောက်နေသည့် အချိန်တွင် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်သော အရှင်စီဝေ့၏ဆက်ခံသူ ရီဖူရှင်းသည် သူ၏စွမ်းအားကိုအသုံးပြု၍ မဟာအင်ပါယာအဆင့်လက်နက်များကို ခုခံခဲ့၍ ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို တစ်ကိုယ်တော် တားဆီးခဲ့၏။ သူသည် သူ၏အသွေးအသားခန္ဓာကိုသုံး၍ အရှင်စီဝေ့၏ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်ရှိ ကောင်းကင်မွမ်းမံနတ်ရတနာကို ခုခံနိုင်ခဲ့ပြီး စီဝေ့ကြယ်ကောင်းကင်ကို ပျက်စီးမည့်အရေးမှ ကာကွယ်နိုင်ခဲ့၏။
စီဝေ့ကြယ်ကောင်းကင်သည် ထိုသတင်းကို စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်အထိ ကြယ်တာရာနယ်မြေအားလုံးနှင့် ထိပ်သီးအဆင့်ရှိသည့် အင်အားစုများသို့ ဖြန့်ခဲ့သည်။ သူတို့သည် အားလုံးကို တုန်လှုပ်ခြောက်ခြားရန်မလိုကြောင်း အားမခံခဲ့သည်။ ရုတ်ခြည်းအတွင်းပင် ရီဖူရှင်း၏အမည်သည် စီဝေ့ကြယ်ကောင်းကင်တွင် သမိုင်းတွင်သွား၏။
အရှင်စီဝေ့၏ဆက်ခံသူဖြစ်သော ရီဖူရှင်းသည် ဤလောကထဲတွင် အရှင်စီဝေ့၏ကိုယ်စားပြုဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်အတွင်းမှ မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများသည် သူ့ကို ဦးညွှတ်၍ ကိုးကွယ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ထိုအဖြစ်အပျက်သည် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ လူအားလုံးကို အလွန်ဒေါသထွက်သွားစေသည်။ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးတွင် ကျင့်ကြံခြင်းရေစီးကြောင်းသည် ရုတ်ခြည်းအတွင်းပင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထူးချွန်သောပါရမီရှင်များစွာသည် စီဝေ့အင်ပါယာနန်းတော်တွင် ကျင့်ကြံနိုင်ရန်အတွက် နန်းတော်သို့ ဝင်ခွင့်တောင်းခံခဲ့ကြကာ တစ်နေ့တွင် ကောင်းကင်ဒေသနှင့်တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေကြသည်။
စီဝေ့အင်ပါယာနန်းတော်သည် ထိုအခွင့်အရေးကိုအသုံးချ၍ ဤတစ်ခေါက် ကျင့်ကြံသူများကို စုဆောင်းလက်ခံမှုသည် သမိုင်းတွင် အကြီးမားဆုံးဖြစ်လိမ့်မည်ဟု စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို ကြေညာခဲ့သည်။ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးရှိ အထူးချွန်ဆုံးလူများသည် အနာဂတ်တွင် ပြန်၍တိုက်ခိုက်မည့် အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် စီဝေ့အင်ပါယာနန်းတော်ထဲတွင် လေ့ကျင့်ပေးခြင်းခံရမည်ဖြစ်သည်။
အချိန်တစ်ခုအထိ ထိုသတင်းသည် စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို လှုပ်ခတ်သွားစေပြီး ယခင်ကတစ်ခါမှ မမြင်ခဲ့ဖူးသည့် ကြီးကျယ်သောဖြစ်ရပ်အတွက် လမ်းခင်းပေးခဲ့သည်။ စီဝေ့ကြယ်ကောင်းကင်သည် သီးခြားလောကတစ်ခုဖြစ်ပြီး အပြင်လောကရှိ ပဋိပက္ခများ၊ ရန်ပွဲများထဲတွင် တစ်ခါမှ ဝင်မပါခဲ့ပေ။ ကောင်းကင်ဒေသ၏ ကျူးကျော်မှုသည် စီဝေ့ကြယ်ကောင်းကင်အတွင်းမှ ကျင့်ကြံသူများအတွက် လက်စားချေလိုသောဆန္ဒတစ်ခုကို ထွန်းညှိပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ ရီဖူရှင်း၏ ရဲဘော်ရဲဘက်ဟောင်းများသည် အလွန်စိတ်အားထက်သန်စွာ စတင်ကျင့်ကြံခဲ့ကြသည်။
ရီဖူရှင်းသည် ဤဘေးဒုက္ခကို ကျော်ဖြတ်နိုင်ကာ ဘေးကင်းကင်းပြန်လာနိုင်လိမ့်မည်ဟု မည်သူမှ အတပ်မပြောနိုင်ကြပေ။ သူတို့သည် ထိုကိစ္စ မည်သို့အဆုံးသတ်သွားမည်ကို မသိကြပေ။ သို့သော် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ရန် ဆက်၍ကြိုးစားလုပ်ဆောင်ရမည်ကိုမူ သိကြသည်။
ကောင်းကင်ဒေသ၏ ထိုကျူးကျော်တိုက်ပွဲအတွင်း၌ ရီဖူရှင်းသည် သူ၏ကတိကို တည်ခဲ့၏။ ကောင်းကင်ဒေသမှ လူများအနေဖြင့် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်နိုင်မည့်တစ်ခုတည်းသောနည်းမှာ သူ့အလောင်းကို နင်းကျော်သွားရန်သာဖြစ်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ အပြင်ပ အန္တရာယ်များကို တားဆီးခဲ့ပြီး စီဝေ့ကြယ်ကောင်းကင်ကို လုံခြုံစေခဲ့သည်။
စီဝေ့ကြယ်ကောင်းကင်၏ အစည်းအဝေးပွဲကြီးစတင်တော့မည်ဖြစ်သဖြင့် မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် စုဝေးနေကြသည်။ သခင်ချန်သည် အစည်းအဝေးပွဲကြီး၏ ဦးဆောင်ကျင်းပသူအနေဖြင့် အမြင့်နေရာရှိ အဓိကခုံတွင် ထိုင်နေသည်။ သို့သော် သူ့ဘေးရှိ အလယ်တည့်တည့်မှခုံသည် လွတ်နေသည်။ သူသည် ထိုခုံတွင် ဝင်မထိုင်ခဲ့ပေ။ ပြန်ရောက်မလာသေးသူ တစ်ယောက်ရှိသည်။
သုံးနှစ်ကြာပြီးနောက် ကြယ်တာရာကောင်းကင်အပြင်ဘက်တွင် ဝမ်ရှောင်ရှိနေပေသေးသည်။ သူသည် ထိုနေရာမှ ထွက်မသွားသေးပေ။ သူသည် အရာအားလုံး၏အဆုံးသတ်ကို ကိုယ်တိုင်ကြည့်လျှက် ရလဒ်ကို အတည်ပြုလိုသည်ဟု ပြောခဲ့ပြီး ထိုနေရာတွင် ကျန်နေခဲ့ခြင်းဖြစ်သည်။ သူသည် ကောင်းကင်ပြသာဒ်က စီဝေ့ကြယ်ကောင်းကင်ကို အရည်ဖျော်ပစ်မည့်အခိုက်အတန့်နှင့် ရီဖူရှင်းသေဆုံးသွားမည့်အခိုက်အတန့်ကို ကိုယ်တိုင်မြင်တွေ့လိုသည်။
သို့သော် သုံးနှစ်ကြာပြီးနောက်တွင်လည်း ထိုကိစ္စများသည် တစ်ခုမှ ဖြစ်မလာသေးပေ။ ကောင်းကင်ပြသာဒ်၏ အဖျက်စွမ်းအားများသည် အပြင်၌ပင် တားဆီးခံထားရပြီး စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဖောက်မဝင်နိုင်သေးပေ။
ကောင်းကင်ပြသာဒ်သည် လောကတစ်ခုလုံးကို ကာရံထားသော မဟာအင်ပါယာအဆင့်နတ်လက်နက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည် စီဝေ့ကြယ်ကောင်းကင်ကို မမွမ်းမံနိုင်သေးပေ။ ကောင်းကင်ပြသာဒ်အတွင်းမှ နတ်မီးတောက်များသည် ထိုအဆုံးမဲ့ကြယ်တာရာများနှင့် ဆက်၍ အားပြိုင်နေသေးကြောင်း သူခံစားနိုင်သည်။ ၎င်းတို့နှစ်ခုသည် တစ်ခုနှစ်တစ်ခု ရစ်နွယ်နေသော်လည်း တစ်ခုကတစ်ခုကို ဝါးမျိုဖျက်ဆီးရန် မတတ်နိုင်ကြသေးပေ။
ရီဖူရှင်းသည် သူနှင့် သုံးနှစ်ကြာအောင် တိုက်ခဲ့နေခဲ့ပြီး ယခုအထိ အလျှော့မပေးသေးပေ။ သူသည် မသေဆုံးသွားသေးရုံသာမက ကောင်းကင်မွမ်းမံနတ်ရတနာ၏ တိုက်ခိုက်မှုကိုလည်း ခုခံကာ စီဝေ့ကြယ်ကောင်းကင်ကို ပျက်သုဉ်းသွားမည့်ကံကြမ္မာမှ ကာကွယ်ပေးနေသည်။
ထိုအချိန်တွင် ဝမ်ရှောင်က သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး အောက်ဘက်ရှိအာကာပြင်ကို ကြည့်လိုက်သည်။ ရီဖူရှင်းသည် ကောင်းကင်ပြသာဒ်၏ တိုက်ခိုက်မှုကို အမှန်ပင် ထာဝရခုခံတားဆီးနိုင်မည်လော။
,***