← Chapters

ဘယ်တော့ ပြန်မလဲ

Vol. 180 Ch. 2576

ဘယ်တော့ ပြန်မလဲ

Vol. 180 Ch. 2576

ဝမ်ရှောင်က ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ၎င်းတွင် မျက်နှာပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ တစ်ချိန်တည်းတွင် အသံတစ်ခုက သူ့ကို မေးလိုက်၏။

“ဝမ်ရှောင် အဲဒီမှာ ဘာဖြစ်နေတာလဲ။”

ထိုအသံက အံသြစရာမကောင်းလောက်အောင် ထျန်းယန်မြို့သခင်၏ အသံ ဖြစ်သည်။

ထိုတိုက်ပွဲပြီးကတည်းက သုံးနှစ်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာက ထိုနေရာ၌ ဆက်မနေနိုင်တော့ဘဲ ထွက်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ခေါင်းမာလွန်းလှသည့် ဝမ်ရှောင်သာလျှင် ရီဖူရှင်း၏ ပျက်စီးခြင်းကို မျက်မြင်တွေ့ရရန် နောက်ဆုံး အဆုံးသတ်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သုံးနှစ်ကြာပြီးနောက်၌ပင် သူက စောင့်နေဆဲဖြစ်သည်။

“ဘာမှမပြောင်းလဲဘူး။”

ဝမ်ရှောင်က တုန့်ပြန်လိုက်သည်။

“ပြန်လာခဲ့။” ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ “ကောင်းကင်ပြသာဒ်က စီဝေ့ကြယ်ကမ္ဘာကို ပိတ်ချလိုက်ပြီ။ အဲဒီကြယ်ကမ္ဘာက အနှေးနဲ့အမြန် ပျော်ကျသွားတော့မှာ။ သူက အချိန်တစ်ခုထိ ခုခံနိုင်ပေမယ့် ထာဝရတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ အခု ကောင်းကင်ဒေသမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေတယ်။ သုံးနှစ်ကြာပြီးတော့ အခု မင်း လက်လွှတ်ပြီး ပြန်လာသင့်ပြီ။ လွန်ခဲ့တဲ့ သုံးနှစ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းက မဟာအင်ပါယာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းဆိုတာ အမြဲ အမှတ်ရသင့်တယ်။”

“ပြိုင်ဘက်ကင်းတာလား။”

ဝမ်ရှောင်က ရေရွတ်လိုက်သည်။ သို့သော် သူက ရီဖူရှင်း၏ လှောင်ပြောင်ထေ့ငေါ့သံကို ခေါင်းထဲ၌ ကြားနေရဆဲ ဖြစ်သည်။ သူက အမှန်တကယ်ပင် မဟာအင်ပါယာ၏ လက်အောက်၌ ပြိုင်ဘက်ကင်း ဖြစ်နိုင်သလား။

အနည်းဆုံး ဤနေရာရှိ စီဝေ့ကြယ်ကမ္ဘာအတွင်း၌ သူ အနိုင်မယူနိုင်သူ တစ်ယောက် ရှိနေသည်။ သူက ယခုတွင် ကောင်းကင်ပြသာဒ်အတွင်း ပိတ်ခံထားရပြီး ၎င်းကြောင့် သုတ်သင်ခံရတော့မည် ဖြစ်သည်။

တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှောင်က ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ “ကောင်းပြီ။”

သူ့အသံက မှိန်ဖျော့သွားပြီးနောက် သူက ထရပ်လိုက်ပြီး ကျောက်စိမ်းပြားကို အဝေးသို့ ပို့လိုက်သည်။ သူက ကောင်းကင်ပြသာဒ်နှင့် ချိပ်ပိတ်ခံထားရသည့် နေရာကို ကြည့်ကာ ပြောလိုက်သည်။ “ရီဖူရှင်း မင်းက လောကအတွင်း မြင်ရခဲတဲ့ ရှားရှားပါးပါး အရည်အချင်းနဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ငါ မင်းလောက် မတော်ဘူးဆိုတာ ဝန်ခံတယ်။ ဒါပေမယ့် မင်းက အချိန်မှားပြီး မွေးဖွားလာတာကြောင့် မင်းအသက်က ကြေကွဲစရာ အဆုံးသတ်ရတာ။ မင်းက ကောင်းကင်ပြသာဒ်အောက်မှာ တဖြေးဖြေး ဖျက်ဆီးခံရပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။”

“လွန်ခဲ့တဲ့ သုံးနှစ်က မင်း ငါ့ကို အနိုင်ယူခဲ့ပေမယ့် အခု ကောင်းကင်ဒေသရဲ့ နယ်မြေအတွင်းမှာ ငါက ပြိုင်ဘက်ကင်းဖြစ်နေတုန်းပဲ။ ငါက နတ်ရတနာတွေ အသုံးပြုခဲ့တယ်ဆိုပေမယ့် နတ်ရတနာတွေကို ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်ကလည်း ငါ့ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ မဟာအင်ပါယာအဆင့်အောက်မှာ ငါ ဝမ်ရှောင်က ပြိုင်ဘက်ကင်း ဖြစ်နေဆဲပဲ။ ကံမကောင်းစွာနဲ့ မင်းက ငါ မဟာအင်ပါယာ ဖြစ်လာမယ့် အချိန်ကို မြင်တွေ့ခွင့်မရလောက်တော့ဘူး။”

ထို့နောက် သူ့မျက်လုံးများထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တို့ ဖြစ်ပေါ်လာကာ ထိုနေရာအား ချန်ရစ်၍ ထွက်ခွာသွားသည်။

လွန်ခဲ့သည့်သုံးနှစ်က မည်သည့်အရာတို့ဖြစ်ခဲ့ပါစေ ၎င်းက ကျန်ရစ်ခဲ့ပြီဖြစ်သည်။ သူက ရီဖူရှင်း၏ ပါရမီကို အသိအမှတ်ပြုကာ ရီဖူရှင်းလောက်မတော်ဟု ဝန်ခံခဲ့၏။ သို့သော် ဝမ်ရှောင်က သူကိုယ်တိုင်က မဟာအင်ပါယာအဆင့်အောက်၌ ပြိုင်ဘက်ကင်းဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်ထားသည်။ သူ့ကဲ့သို့သော ကျင့်ကြံသူတစ်ယောက်အတွက် ထိုသို့ ယုံကြည်မှုမျိုးက ပုံမှန်သာ ဖြစ်သည်။

သူက ထိုကဲ့သို့သော ယုံကြည်မှုမျိုးကို လက်ကိုင်ထားခြင်းမရှိလျှင် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့်လမ်းကို မည်သို့ လျှောက်လှမ်းနိုင်ပါမည်နည်း။ သူက သေချာပေါက် ထိုရည်မှန်းချက်က အောင်မြင်ပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရှောင်က ထွက်ခွာသွားခဲ့သည်။ အဆုံးမဲ့လေဟာနယ်အတွင်း တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့သည်။ ကောင်းကင်ပြသာဒ်မှ နတ်အလင်းတို့က အဆုံးမဲ့ လေဟာနယ်အတွင်း လင်းလက်နေကာ စီဝေ့ကြယ်ကမ္ဘာကို ချိပ်ပိတ်ထားနေခဲ့သည်။

ထိုအချိန်တွင် စီဝေ့ကြယ်ကမ္ဘာ၏ နယ်နိမိတ်အတွင်း ကောင်းကင်ပြသာဒ်နှင့် သန်းချီသော ကြယ်များကြား တိုက်ခိုက်မှုအရိပ်အယောင်တို့က ရပ်တန့်သွားခြင်းမရှိပေ။ ကောင်းကင်ပြသာဒ်က ကောင်းကင်အတွင်းရှိ ကြယ်များကို အရည်ဖျော်ပစ်ချင်နေသော်လည်း ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ သန်းချီသည့် ကြယ်များ၏ အလယ်၌ တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုရှိနေကာ သူ့အား ကြယ်ရောင်အလင်းများနှင့် လွှမ်းခြုံထားသည်မှာ ကြယ်ကောင်းကင်မှ မွေးဖွားလာသူကဲ့သို့ ထင်မှတ်ရသည်။ သူ၏ ပုံရိပ်က အနည်းငယ် ပုံရိပ်ယောင်ဆန်ပြီး ဖမ်းဆုပ်ရန် ခက်ခဲ၏။ ၎င်းက မတည်ရှိသလိုပင် ထင်မှတ်ရသည်။

ထိုနက်နဲသိမ်မွေ့ပြီး ဖမ်းဆုပ်ရန်ခက်ခဲသည့် ပုံရိပ်ဘေးတွင် လှပထည်ဝါသော အမျိုးသမီးတစ်ဦးက တိတ်ဆိတ်စွာ ထိုင်၍ ကျင့်ကြံနေခဲ့သည်။ သူမက သူနှင့်အတူ အမြဲလိုက်ပါနေပြီး မည်သည့်အခါမှ သူ့ဘေးက ထွက်ခွာမသွားခဲ့သည့် ကျိုထျန်းနတ်မိမယ်ကဲ့သို့ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်မှနေ၍ အစွမ်းထက် ကျင့်ကြံသူအချို့ ရောက်ရှိလာသည်။ ထိုသည်မှာ သခင်ချန်နှင့် အခြားလူများက ဂူတုံးလျှို၊ ကျူးကောမင်းယွီ၊ ရှားရှင်းယွန်တို့နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်းကို တွေ့ရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သူတို့က တံခါးပိတ်ကျင့်ကြံနေခြင်းမှ မဟုတ်လျှင် နှစ်တိုင်း ဤနေရာသို့ လာတတ်ကြသည်။ သို့သော် အရာအားလုံးက မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ လွန်ခဲ့သည့် သုံးနှစ်ကကဲ့သို့ပင် ထင်မှတ်ရသည်။

“အတူတူဖြစ်နေတုန်းပဲ။” အရှင်ထိုက်ရွှမ်က ခပ်တိုးတိုး ပြောလိုက်သည်။ သိသာထင်ရှားသော မည်သည့်အပြောင်းအလဲမှ ရှိပုံမပေါ်ပေ။

“ဒီနေရာက လှတယ်။” သူတို့ဘေးမှ ကျူးကောမင်းယွီက တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း ပြုံးလိုက်သည်။ သူမက ရီဖူရှင်း ရှိနေသည့် နေရာကို ကြည့်ကာ ပြောလိုက်၏။ “ဂျူနီယာမောင်လေး နင် ငါပြောတာကို ကြားနိုင်တာ သိတယ်။ ဒီနေရာမှာ နင့်ရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ရမယ်။ စီဝေ့အင်ပါယာနန်းတော်က လွန်ခဲ့တဲ့ သုံးနှစ်မှာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကောင်းကောင်းလည်ပတ်နေတယ်။ ပိုပြီး အရည်အချင်းရှိတဲ့ လူတွေက စီဝေ့နန်းတော်ရဲ့ တပည့်ဖြစ်ရဖို့ နန်းတော်ကို ဝင်လာကြတယ်။ အကန့်အသတ်မဲ့ အလားအလာရှိတဲ့ ကျင့်ကြံသူတွေ အများကြီးပဲ။ စီဝေ့အင်ပါယာနန်းတော်ရဲ့ စီနီယာကျင့်ကြံသူတွေကလည်း သူတို့ရဲ့ ကျင့်ကြံခြင်းတိုးတက်ဖို့ ကြိုးစားနေကြတယ်။ အရှင်ထိုက်ရွှမ်နဲ့ တခြားလူတွေကလည်း ထိုက်ချူစွမ်းအားကို ကျင့်ကြံနေပြီး တိုးတက်လာတယ်။ ကလေး သုံးယောက်လည်း အထွတ်အထိပ်ရန်ဟောင်အဆင့်ကို ရောက်နေပြီ။ နင့်ရဲ့ တတိယစီနီယာအစ်ကိုကလည်း အဲဒီအဆင့်ကို ရောက်တော့မယ်။ တာအိုရဟန်းမုရဲ့ အာခီမီစွမ်းရည်ကလည်း နေ့စဥ်နဲ့အမျှ တိုးတက်နေတယ်။ အခုဆို သူက နတ်ဘုရားအဆင့် ဆေးလုံး သန့်စင်နိုင်ဖို့ လက်တစ်ကမ်းအလိုပဲ ရှိတော့တယ်။”

“စီဝေ့ကြယ်ကမ္ဘာနဲ့ စီဝေ့အင်ပါယာနန်းတော်က အရင်ကထက် ပိုအားကောင်းလာတယ်။ အခု ငါတို့က နင် ဒီအကျဥ်းချခံထားရတာကနေ ချိုးဖျက်ပြီး ပြန်လာတဲ့အချိန် စီဝေ့ကြယ်ကမ္ဘာကို ဒီထက်ပိုမြင့်မားတဲ့ နေရာဆီ ခေါ်ဆောင်သွားမှာ စောင့်နေကြတာ။”

မည်သူမှ တုန့်ပြန်ခဲ့ခြင်း မရှိပေ။ သို့သော် ကောင်းကင်ထက်မှ ကြယ်ရောင်များက တောက်ပလင်းလက်လာသည်။ ကျူးကောမင်းယွီက သူမ လက်ကို ဆန့်ထုတ်လိုက်သည့်အခါ ထိုကြယ်အလင်းများက သူမလက်ထဲ ကဆြငျးလာသညျကျု မြင်လိုက်ရသည်။ သူမက ထိုလှပသော မြင်ကွင်းကို မြင်သည့်အခါ ကျူးကောမင်းယွီက တောက်ပစွာ ပြုံးလျှက် ပြောလိုက်သည်။ “ဂျူနီယာမောင်လေး အဲဒါက နင့်ရဲ့ တုန့်ပြန်မှုလား။ ဒီကြယ်ကောင်းကင်ကမ္ဘာထဲမှာ ဒါက နင် တည်ရှိနေသေးတယ်လို့ ဆိုလိုတာမလား။”

ကျူးကောမင်းယွီ ဘေးမှ ဂူတုံးလျှိုက အရှေ့မှ ရီဖူရှင်း၏ ဖမ်းဆုပ်ရန် ခက်ခဲသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ သူက စကားမပြောသော်လည်း အံံ့သြစရာကောင်းသည့် ဆန်းကြယ်မှုများကို အကြိမ်ပေါင်းများစွာ ဖန်တီးနိုင်ခဲ့သော သူ၏ ဂျူနီယာညီလေးက သူတို့ထံ ကျိန်းသေ ပြန်လာလိမ့်မည်ဟု ယုံကြည်ထားသည်။ ရီဖူရှင်းက သူတို့၏ ဆရာမှ ရွေးချယ်ထားခဲ့သည့် ကံကြမ္မာသားတော် ဖြစ်သောကြောင့် သံသယမရှိခဲ့ပေ။

သူတို့က သူတို့၏ ဆရာကို ခေါ်ဆောင်ရန် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ သွားရလိမ့်မည် ဖြစ်သည်။

“သွားကြစို့။” သခင်ချန်က ပြောလိုက်သည်။ သူတို့လုပ်ဆောင်ရန် လိုအပ်နေသော ကိစ္စများစွာ ရှိနေဆဲဖြစ်သည်။ သူတို့က ကျင့်ကြံ၍ သူတို့၏ စွမ်းရည်ကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေသည်။

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ကျူးကောမင်းယွီက ထိုနေရာကို ကြည့်၍ ပြောလိုက်၏။ “ဂျူနီယာမောင်လေးကို အဖော်ပြုပေးဖို့ ဂျီယူရှိနေတာမို့ သူ အထီးကျန်မှာ မဟုတ်ပါဘူး။”

သခင်ချန်ကလည်း ထိုနေရာကို ကြည့်၍ ပြောလိုက်သည်။ “နန်းတော်သခင် စီဝေ့အင်ပါယာနန်းတော်နဲ့ စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးက ခင်ဗျား ပြန်လာတာကို စောင့်နေတယ်။ အခုတော့ ခင်ဗျား ကျင့်ကြံနေတာကို မနှောက်ယှက်တော့ပါဘူး။”

ထိုသို့ပြောပြီးသည်နှင့် သူက ထိုနေရာသို့ အရိုအသေပြုလိုက်ကာ ကျင့်ကြံသူများအားလုံးနှင့်အတူ ထွက်ခွာသွားခဲ့၏။

သူတို့က ရီဖူရှင်း ဤနေရာ၌ ကျင့်ကြံနေသည်ဟု လက်ခံခဲ့ကြသည်။

လူတိုင်းထွက်ခွာသွားပြီးနောက် ထိုနေရာက ယခင်ကကဲ့သို့ တစ်ဖန် ငြိမ်သက်အေးချမ်းသွားပြန်သည်။ ရီဖူရှင်းက ရှေးဟောင်းကြယ်သစ်ပင်အဖြစ် သန်းချီသည့် ကြယ်များ၏ အောက်ခြေ၌ မားမားမတ်မတ် ရှိနေခဲ့ပြီး တသားတည်း ရောယှက်နေခဲ့သည်။ ဟွာဂျီယူက ထိုသစ်ပင်အောက်၌ ထိုင်နေပြီး ကြယ်ရောင်များနှင့် လွှမ်းခြုံခံထားရကာ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။

ထိုမြင်ကွင်းက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည်။

အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာအပြင်ဘက် တိုက်ပွဲပြီးဆုံးသွားပြီးနောက် ဆယ်နှစ်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဆယ်နှစ်ဟူသည့်အချိန်မှာ ကျင့်ကြံခြင်းလောက၏ သမိုင်းတလျှောက်တွင် ကြာမြင့်ခြင်းမရှိသည့် အချိန်ကာလဖြစ်ပြီး တခဏသော ကာလမျှသာ ဖြစ်သည်ဟု ပြောနိုင်သည်။ ကျင့်ကြံခြင်းလောကအတွင်း ကျင့်ကြံသူများစွာသည် ဆယ်နှစ်ဟူသော ကာလအတွင်း အဆင့်တစ်ခု ချိုးဖျက်နိုင်သောကြောင့် အလွန်တိုတောင်းသော အချိန်ကာလအဖြစ် သတ်မှတ်နိုင်သည်။

သို့သော် စီဝေ့ကြယ်ကမ္ဘာအတွက်မူ ဆယ်နှစ်ဟူသည့် အချိန်က ရှည်ကြာလှကာ အဆုံးမရှိသည့် ဆယ်နှစ်တာကာလပင် ဖြစ်သည်။ ဆယ်နှစ်တာကာလ ကုန်ဆုံးသွားပြီးနောက် စီဝေ့ကြယ်ကမ္ဘာတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။

စီဝေ့အင်ပါယာနန်းတော်သာ်လည်း အများကြီး ပြောင်းလဲသွားခဲ့၏။ အသိသာဆုံး အပြောင်းအလဲမှာ စီဝေ့အင်ပါယာနန်းတော်အတွင်း ကျင့်ကြံသူများအားလုံးက အဆက်မပြတ် အားကောင်းလာပြီး သူတို့၏ ကျင့်ကြံခြင်းက တိုးတက်လာသည်။

စီဝေ့အင်ပါယာနန်းတော်တစ်ခွင်မှ မြင်ကွင်းက အပြည့်အဝ ပြောင်းလဲသွားသည်။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များမှလွဲ၍ နတ်ဘုရားကပ်ဘေးအဆင့်အောက်ရှိ မည်သူကမှ တစ်ချိန်ကကဲ့သို့ မဟုတ်တော့ပေ။

ထိုခမ်းနားထည်ဝါ၍ တောက်ပသည့် ကြယ်ကောင်းကင်အတွင်း ပိုမို များပြားသည့် ပုံရိပ်များ ရောက်ရှိလာသည်။ ၎င်းက လူငယ်လေးယောက်ဖြစ်ပြီး သူတို့အားလုံးက ထူးခြားပြောင်မြောက်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး တစ်ယောက်ချင်းစီက အလွန် သာမန်မဟုတ်သည့် ခံစားချက်မျိုး ပေးစွမ်းသည်။

“ဆရာ၊ ဆရာကတော်။” သူတို့လေးယောက်က ရီဖူရှင်း၏ အရှေ့ မနီးမဝေးတွင် ရပ်လိုက်ကာ ရီဖူရှင်းနှင့် သူ့ဘေးမှ ဟွာဂျီယူကို အရိုအသေပေးလိုက်သည်။

ရီဖူရှင်းက မတုန့်ပြန်ခဲ့ဘဲ ဟွာဂျီယူသည်လည်း စျာန်ဝင်စားခြင်းအခြေအနေသို့ ဝင်ရောက်နေရာ သူမ၏ ကျင့်ကြံခြင်းလောကအတွင်း နစ်မြုပ်နေသည့်အတွက်ကြောင့် သူတို့က သူတို့လေးယောက်၏ အသံကို မကြားခဲ့ကြပေ။

“ဟင်”

အရှေ့တွင် ရှိနေသည့် ဖန်းစွင်က တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး ခေါင်းကိုယမ်းကာ အခြားလူများအား တိတ်တိတ်နေရန် အမူအရာ လုပ်ပြလိုက်သည်။ သူက တီးတိုးပြောလိုက်၏။

“ဆရာကတော်က ဆရာနဲ့အတူ ဒီမှာရှိနေတာ။ သူမလည်း ထူးခြားတဲ့ကျင့်ကြံခြင်းအခြေအနေကို ဝင်ရောက်သွားပုံရတယ်။”

“ကောင်းပြီ။ ဒါဆို ဆရာကတော်ကို မနှောက်ယှက်ဘဲ နေရအောင်။”

ရှောင်လင်းက ခေါင်းညိတ်လိုက်သည်။ သူတို့လေးယောက်က အရွယ်မငယ်တော့ဘဲ သူတို့၏ ကျင့်ကြံခြင်းသည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အဆုံးမှာတော့ သူတို့က လမ်းစဥ်၏ ကောင်းချီးပေးခံရမှုဖြင့် မွေးဖွားလာသူများဖြစ်ပြီး သဘာဝလမ်းစဥ်ခန္ဓာကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် ဆရာသခင်က သူတို့ကို သင်ကြားပေးခဲ့သည့်အတွက် သူတို့၏ ကျင့်ကြံခြင်းက အမြဲ ချောမွေ့စွာ ရွက်လွှင့်နိုင်ခဲ့၏။

“ဆရာ ကျွန်တော်တို့ သတင်းကောင်းတချို့ ပြောဖို့ ရောက်လာတာပါ။ သိပ်မကြာခင်က ကျွန်တော် ရန်ဟောင်အဆင့်ကိုးကို ရောက်ရှိခဲ့တယ်။ အခု ကျွန်တော်က ထိပ်တန်းရန်ဟောင်တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဒီထက် တိုးတက်လာရင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရတော့မှာ။” ဖန်းစွင်က သူ့ရှေ့မှ လူကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ရှောင်လင်းတို့ သုံးယောက်လည်း အဆင့်ရှစ်ရန်ဟောင် ဖြစ်နေကြပြီ။ သော်ယွီရဲ့ ကျင့်ကြံခြင်းက စတင်တာ နောက်ကျခဲ့ပေမယ့် သူ့အဆင့်က ရှောင်လင်းနဲ့ ထျယ်ထိုထက် မနိမ့်ကျဘူး။ နောက်ထပ်နှစ်အနည်းငယ်ကြာရင် ကျွန်တော့်လိုပဲ ထိပ်သီးအဆင့်ရန်ဟောင် ဖြစ်လာလိမ့်မယ်။”

သိသာစွာပင် သူတို့ ဤနေရာသို့ ရောက်လာခြင်းမှာ ရီဖူရှင်းအား သတင်းကောင်းလာပေးခြင်း ဖြစ်သည်။

သူတို့လေးယောက်က လေးမျက်နှာကျေးရွာတွင် မွေးဖွားခဲ့သည့်အတွက်ကြောင့် အပြင်ဘက်မှ လူများနှင့် ကွာခြားသည်။ လွန်ခဲ့သည့်နှစ်သုံးဆယ်ခန့်က ရီဖူရှင်း အနောက်ဘက်လောကသို့ မသွားခင်ကပင် သူတို့က ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ယခု နှစ်ပေါင်းသုံးဆယ်မက ကုန်လွန်သွားပြီး ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ပင် သူတို့က ဝိညာဥ်တောင်တန်း၌ ဖြစ်စေ စီဝေ့ကြယ်ကမ္ဘာ၌ဖြစ်စေ ကြိုးစားနေသည်ကို မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် သူတို့က ပို၍ လျင်မြန်စွာ တိုးတက်လာခြင်း ဖြစ်သည်။

“နောက်ထပ် သတင်းကောင်းလည်း ရှိသေးတယ်။ အရှင်ထိုက်ရွှမ်နဲ့ တခြားလူတွေကလည်း ထိုက်ချူစွမ်းအားကို ကျင့်ကြံနေပြီး အကျိုးသက်ရောက်မှုကို မြင်တွေ့ရပြီးပြီ။ ထိုက်ချူလမ်းစဥ်က သူတို့ကို တစ်ဖန် ပြောင်းလဲနိုင်မယ့် အခွင့်အရေး ပေးခဲ့တယ်။” ဖန်းစွင်က ဆက်ပြောလိုက်သည်။ “အရင်က ကျွန်တော် အဆင့်တက်ဖို့ ဆေးလုံးတချို့ အကူအညီ ယူမလို့ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် အဲဒီလူအိုကြီး တာအိုဘုန်းကြီးမူက အဲဒီလိုမလုပ်ခဲ့ဘဲ အသုံးမဝင်တဲ့ ဆေးလုံးတချို့ပဲ ပေးခဲ့တယ်။ သူက ကျွန်တော် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်တဲ့အခါ အသုံးပြုရအောင် သိမ်းထားမယ်လို့ ပြောတယ်။ ကံကောင်းစွာနဲ့ ကျွန်တော့်ရဲ့ ပါရမီက ထူးချွန်တော့ ကိုယ့်ဘာသာ အဆင့်တက်နိုင်ခဲ့လို့ ကျွန်တော် ဆရာ့ကို မျက်နှာမပျက်စေခဲ့ဘူး။”

“ဆရာ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ တာအိုဘုန်းကြီးမူ ပေးတဲ့ ဆေးလုံးတွေအားလုံးက ကောင်းတယ်။ သူက ကျွန်မတို့ကို သေချာ စောင့်ရှောက်ပေးနေတာ။ သခင်ချန်လိုမျိုး တခြားအကြီးအကဲတွေက ကျွန်မတို့ကို ဂရုစိုက်ပြီး ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့ လမ်းညွှန်ပေးတာကြောင့် ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ ကျွန်မ အဆင့်ကိုးရန်ဟောင်ကို ရောက်သွားပြီးရင် သတင်းကောင်းပြောပြဖို့ ထပ်လာခဲ့မယ်။”

သူမ ထိုသို့ပြောလိုက်ပြီးနောက် သူမက ဘေးရှိ ထျယ်ထိုကို ကြည့်ကာ ပြောလိုက်သည်။ “အခု နင့်အလှည့်ပဲ။ ဆရာ့ကို ဘာပြောချင်လဲ။”

ထျယ်ထိုက သူ့ခေါင်းကို ကုတ်လိုက်သည်။ သူက ငယ်ရွယ်သည့် ကလေးမဟုတ်တော့သော်လည်း အမြဲလိုလို ရိုးစင်းနေပုံပေါ်သည်။ သူက အရှေ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာ ကျွန်တော်လည်း ကြိုးကြိုးစားစား ကျင့်ကြံမှာ။ ဒါမှ အနာဂတ်မှာ ဆရာနဲ့အတူ ကောင်းကင်ဒေသကို လိုက်ပြီး လက်စားချေပေးနိုင်မယ်။”

စကားပြောပြီးနောက် သူတို့က အနောက်မှာရှိနေသည့် သော်ယွီကို ကြည့်လိုက်ကြ၏။ သူက မည်သည့်စကားမှ မဆိုခဲ့ဘဲ ရီဖူရှင်းနှင့် ဟွာဂျီယူ ရှိရာဘက်သို့ ဒူးထောက်ကာ အရိုအသေပြုသည်။ သူတို့သုံးယောက်က သော်ယွီ၏ တိတ်ဆိတ်သော စရိုက်ကို ကောင်းစွာ နားလည်သည့်အတွက် ထပ်မပြောတော့ပေ။

ရှောင်လင်းက ရှေ့သို့ကြည့်ကာ ဆက်ပြောလိုက်သည်။ “ဆရာ ဘယ်အချိန် ပြန်လာမှာလဲ။ ရှောင်လင်းက ဆရာ့ကို အရမ်း လွမ်းနေတာ။”

သူမက ပြောနေရင်း သူမ မျက်လုံးများထဲ၌ ငွေ့ရည်ဖွဲ့ကာ မျက်ရည်တို့ ရစ်သိုင်းလာသည်။

ဆယ်နှစ်ကြာပြီးနောက်၌ပင် သူတို့၏ ဆရာက ပြန်မလာသေးလေရာ သူတို့က မည်သို့စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

အမှန်တကယ်တွင် သူတို့အားလုံးက ကြောက်ရွံ့နေကြသည်။ သူတို့သည် သူတို့၏ ဆရာက မည်သည့်အခါမှ ပြန်မလာနိုင်တော့မည်ကို ကြောက်ရွံ့နေခဲ့သည်။

“အားမနည်းနဲ့။” ဖန်းစွင်က ပြောလိုက်သည်။ “ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် သူတို့သုံးယောက်ကို စောင့်ရှောက်ထားပါ့မယ်။ ဆရာပြန်လာတာကို စောင့်နေတယ်။”

ထို့နောက် သူက အရိုအသေပေးလိုက်သည်။ ရှောင်လင်းကလည်း သူမ မျက်လုံးများကို ပွတ်သုတ်ရင်း အရိုအသေပြုသည်။ သူမက အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့ပြီး ထွက်သွားရန် တွန့်ဆုတ်နေသည်။

“ဆရာနဲ့ ဆရာကတော်တို့ ကျင့်ကြံနေတာကို မနှောက်ယှက်ရအောင်။” ဖန်းစွင်က ရှောင်လင်းကို ဆွဲကာ ပြောလိုက်ပြီး သူတို့လေးယောက်က အတူတူ ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက် ရီဖူရှင်း၏ ခန္ဓာကိုယ်မှနေ၍ ကောင်းကင်သို့ ထိုးတက်သွားသည့် နတ်အလင်းများက သစ်ကိုင်းသစ်ခက်များကဲ့သို့ လေအသွဲ့တွင် ယိမ်းနွဲ့နေကာ တောက်ပသော ကြယ်အလင်းရောင်များက ဝန်းရံနေခဲ့သည်။ ဖန်းစွင်တို့ ထွက်သွားသည့်အခါ ကြယ်အလင်းရောင်တို့က နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

***

All Chapters