← Chapters

ကောင်းကင်ပြက္ခဒိန် ၁၀၀၁၂၈ ခုနှစ်

Vol. 180 Ch. 2577

ကောင်းကင်ပြက္ခဒိန် ၁၀၀၁၂၈ ခုနှစ်

Vol. 180 Ch. 2577

ကောင်းကင်ပြက္ခဒိန် ၁၀၀၁၂၈ ခုနှစ်သို့ ရောက်ရှိလာပြီး စီဝေ့ကြယ်ကမ္ဘာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှ နှစ်ဆယ့်ရှစ်နှစ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

နှစ်ဆယ့်ရှစ်နှစ်ကုန်လွန်သွားပြီးနောက် ကောင်းကင်ဒေသမှ အင်အအားစုများသည် စီဝေ့ကြယ်ကမ္ဘာတွင် ဖြစ်ပွားခဲ့သော စစ်ပွဲအကြောင်း တဖြေးဖြေး မေ့လျော့လာကြပြီ ဖြစ်သည်။ အချိန်က ကိစ္စများစွာကို မှေးမှိန်သွားစေပြီး အထူးသဖြင့် စီဝေ့ကြယ်ကမ္ဘာက ချိပ်ပိတ်ခံလိုက်ရသည့် အခြေအနေအောက်၌ ဖြစ်သည်။ ကောင်းကင်ပြသာဒ်က ထိုနေရာကို ချုပ်ထိန်းသန့်စင်ပစ်လိမ့်မည်ဖြစ်ကာ စီဝေ့ကြယ်ကမ္ဘာက ငရဲမီးလျှံတို့ကြောင့် ဖျက်ဆီးခံရရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဒေသမှ လူများသည် ထိုကိစ္စကို နောက်ထပ် အရေးစိုက်ရန် မထိုက်တန်တော့ဟု ယူဆထားကြသည်။

အခြားတစ်ဖက်တွင် ကောင်းကင်ဒေသမှ အင်အားစုများအားလုံးသည် အရေးကြီးသည့် အဖြစ်အပျက်များကို တစ်ခုပြီးတစ်ခု တွေ့ကြုံခဲ့ကြရလေရာ မည်သူက စီဝေ့ကြယ်ကမ္ဘာအား ထပ်တွေးနိုင်ပါတော့မည်နည်း။

ထျန်းယန်မြို့သည်ပင် ထိုအကြောင်းကို တဖြေးဖြေး မေ့ပျောက်လာခဲ့သည်။ ဝမ်ရှောင်တစ်ယောက်သာ အချိန်တိုင်းလိုလို အမှတ်ရနေခြင်း ဖြစ်သည်။ သူသည် ရီဖူရှင်းက ကောင်းကင်ပြသာဒ်၏ ဖျက်ဆီးခြင်းစွမ်းအားကို ပိတ်ဆို့တားဆီးရန် အသက်နှင့်ပင် ရင်းရလိမ့်မည်ဟု တွေးထားခဲ့၏။ နောက်ထပ် နှစ်အနည်းငယ်အတွင်း အရာအားလုံးသည် မီးလျှံများဖြင့် ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

ထိုအချိန်တွင် သူက ကောင်းကင်ပြသာဒ်ကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာအကြောင်း လူတိုင်းက တဖြေးဖြေး မေ့ပျောက်သွားသော်လည်း စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကြယ်ကောင်းကင်တွင် သိမ်မွေ့သော အပြောင်းအလဲတချို့ ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ကြယ်ကောင်းကင်၏ တားမြစ်နယ်မြေအတွင်း ရှိနေသည့် သခင်ချန်နှင့် အခြားသူများအပါအဝင် ကျင့်ကြံသူများစွာသည် သူတို့ရှေ့၌ ဖြစ်ပျက်နေသော အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။

ယခင်က သခင်ချန်နှင့် အခြားလူများက ဤနေရာသို့ အကြိမ်ကြိမ်လာရောက်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူတို့သည် ဤကြယ်ကောင်းကင်ကမ္ဘာက ယခင်ကနှင့် အနည်းငယ် ကွာခြားနေကြောင်း တွေ့ရှိခဲ့သည်။

သခင်ချန်တို့က ကြယ်ကောင်းကင်အတွင်း ရပ်နေခဲ့ပြီး ကြယ်အပြည့်နှင့်ကောင်းကင်ကို ကြည့်နေခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားကြယ်စင်သစ်ပင်နှင့် ပို၍ဆင်တူလာပြီး ကောင်းကင်အတွင်းရှိ ကြယ်များအားလုံးက သစ်ပင်ထက်မှ ကြယ်များကဲ့သို့ ထင်မှတ်ရသည်။ ထိုအခိုက်အတန့်တွင် ကြယ်အပြည့်နှင့် ကောင်းကင်က ကောင်းကင်ပြသာဒ်မှ ဖျက်ဆီးခြင်းမီးလျှံတို့ကို ဝါးမြိုသွားပြီး ကြယ်များအတွင်း ယူငင်သွားခဲ့၏။

ကောင်းကင်ရှိ ကြယ်များက လောကအတွင်း မဟာလမ်းစဥ်အားလုံး၏ အရှိန်အဝါတို့နှင့် လိုက်ဖက်ညီနေပုံရပြီး ကြယ်များ၏ အလင်းကို ပို၍ပင် တောက်ပအောင် လုပ်ဆောင်ပေးနေသည်။ ကောင်းကင်ပြသာဒ်မှ ထုတ်လွှတ်ထားသော ဖျက်ဆီးခြင်းနတ်ရောင်ဝါတို့က အားနည်းဖျော့တော့လာပုံရသည်။

တစ်ချိန်တည်းတွင် ကောင်းကင်အပြည့် ကြယ်အလင်းရောင်တို့က စတင်၍ နောက်သို့ ပြန်လည်စီးဆင်းသွားပြီး ရီဖူရှင်း၏ နတ်ခန္ဓာကို အားဖြည့်ပေးနေကာ သူ့တစ်ကိုယ်လုံးကို တောက်ပနေစေသည်မှာ စစ်မှန်သည့် ကြယ်စင်နတ်ဘုရားခန္ဓာကဲ့သို့ပင် ​ထင်မှတ်ရသည်။ သူ၏ ဖမ်းဆုပ်ရန်ခက်ခဲသည့် အသွေးအသားခန္ဓာကို ကြယ်ကောင်းကင်လောကအတွင်း ဝိုးတဝါး မြင်နိုင်သည်။

“နန်းတော်သခင် အဲဒီမှာ ရှိတာဖြစ်ရမယ်။ သူ့ရဲ့ ကျင့်ကြံခြင်းက ပိုအားကောင်းလာတယ်။” သခင်ချန်က သူ့ရှေ့ရှိ ကြယ်ကောင်းကင်အတွင်းမှ ရီဖူရှင်း၏ ပုံရိပ်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ကောင်းကင်အတွင်း အဆုံးမဲ့ ရောင်စဥ်တို့ ဖြာလင်းနေခဲ့သည်မှာ နဂါးငွေ့တန်းကဲ့သို့ပင် ဖြစ်သည်။ ထိုနဂါးငွေ့တန်းက ကြယ်စင်နတ်သစ်ပင်၏ လွှမ်းမိုးခြင်းခံထားရသလို သူသည်ပင် ထိုကဲ့သို့ အံသြဖွယ် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“အင်း။” မုရုံယွီက ခေါင်းညိတ်လိုက်သည်။ “ဒီနေရာက ငါတို့ ကျင့်ကြံဖို့အတွက် သင့်တော်တယ်။ နန်းတော်သခင်က တကယ့်ကို ကောင်းကင်ရဲ့ ကောင်းချီးပေးခံထားရတဲ့ ပါရမီရှင်အစစ်အမှန်ပဲ။ ကောင်းကင်​ဒေသထဲက ဘယ်သူ သူ့ကို ယှဥ်နိုင်မှာလဲ။”

“အဲဒီတိုက်ပွဲက နန်းတော်သခင်အတွက် ရုပ်ဖျက်ပြီးလာတဲ့ ကောင်းချီးဖြစ်ရမယ်။”

နှစ်ဆယ့်ရှစ်နှစ်ကြာအောင် စောင့်ဆိုင်းပြီးနောက် လူများစွာက စိတ်ပျက်အားငယ်ခြင်း၊ စိုးရွံခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ပင် ဖြစ်လာခဲ့သည်။ သူတို့က ရီဖူရှင်းကို မကြာခဏလာတွေ့တတ်ကြပြီး ဤသည်က နောက်ဆုံးတစ်ခါဖြစ်ကာ သူတို့ မည်သည့်အခါမှ ထပ်မံမတွေ့ရတော့မည်ကို စိုးရိမ်နေကြသည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ စိုးရိမ်ပူပန်မှုက လွင့်ပျယ်ကာ ယုံကြည်ချက် ပြန်လည်ရရှိလာသည်။

အထူးသဖြင့် လတ်တလောတွင် ထိုအခြေအနေက ပို၍ သိသာထင်ရှားလာသည်။ ရီဖူရှင်းက သူ၏ အသိစိတ်ကို ထိန်းသိမ်းထားနိုင်သည်။ သူက မည်သည့်အခါမှ ပျောက်ကွယ်မသွားခဲ့ဘဲ ထိုနေရာ၌ အမြဲ တည်ရှိနေကာ စီဝေ့ကြယ်ကမ္ဘာကို စောင့်ရှောက်နေသည်။ ပို၍ အရေးကြီးသည်မှာ သူတို့ကို အန္တရာယ်ကင်းအောင် စောင့်ရှောက်နေရင်း ထိုဖြစ်စဥ်ကို အဆုံးသတ်ရန် နည်းလမ်းရှာနေခြင်း ဖြစ်သည်။ ယခု ရီဖူရှင်းက  ကောင်းကင်ပြသာဒ်ကို ချိုးဖျက်ရန် နည်းလမ်းရှာတွေ့သွားပုံရသည်။

ယခု အဆုံးသတ်နိုင်မည့် အခွင့်အရေးတစ်ခု ရှိခဲ့ပုံရသည်။

“ဆရာ ပြန်လာတော့မှာလား။” ရှောင်လင်းက ရေရွတ်လိုက်သည်။ သူတို့၏ နှလုံးသားထဲ၌ အားကောင်းသော မျှော်လင့်ချက်များ ပေါက်ဖွားလာသည်။ သူတို့က ယနေ့အတွက် နှစ်ဆယ့်ရှစ်နှစ်ဟူသည့် ကြာညောင်းလှသော အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။

သူက အနောက်ဘက်ကောင်းကင်ဗုဒ္ဓနယ်မြေသို့ သွားရောက်ကျင့်ကြံသောအခါ၌ပင် ထိုမျှ အချိန် ရှည်ကြာခြင်းမရှိခဲ့ပေ။

“သူ အချိန်မရွေး ပြန်လာနိုင်တယ်။ အခု ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမယ်။” သခင်ချန်က ပြောလိုက်သည်။ “ထူးဆန်းတာတစ်ခုက နန်းတော်သခင်ရဲ့ ဇနီးကလည်း နန်းတော်သခင်လိုပဲ။ သူမရဲ့ စွမ်းအားကလည်း ကောင်းကင်ထဲက ကြယ်တွေနဲ့ ပေါင်းစပ်နေခဲ့တယ်။ သူမက နန်းတော်သခင်နဲ့အတူ ဘာတွေ ကျော်ဖြတ်နေရလဲ ကျုပ်တို့ မသိဘူး။”

“သူတို့အတူတူ ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။” မုရုံယွီက ပြောလိုက်သည်။

ယခုတွင် လူတိုင်းက နန်းတော်သခင်၏ ပြန်လာမှုကို စောင့်ဆိုင်းနေကြသည်။

လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်က နန်းတော်သခင်သည် ဝမ်ရှောင်ကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်စွမ်းရှိခဲ့သည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ပထမအဆင့်တွင် သူနှင့် ထိုက်တန်သော ပြိုင်ဘက်ကို ရှာတွေ့ရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ နန်းတော်သခင်က မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ပြီးလျှင် သူက မည်မျှ အားကောင်းလိမ့်မည်နည်း။

“အခု ပြန်သွားတော့။ ဒီအချိန်မှာ နန်းတော်သခင်ရဲ့ ကျင့်ကြံခြင်းကို မနှောက်ယှက်ဘဲ နေကြရအောင်။” သခင်ချန်က ပြောလိုက်သည်။ ယခု သူတို့သည် ရီဖူရှင်းကို စိတ်ပူရန်မလိုတော့ဘဲ အတော်လေး စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။

“ကောင်းပြီ။” လူတိုင်းက ခေါင်းညိတ်ကာ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြသည်။

ယခု သူတို့က ရီဖူရှင်း ပြန်အလာကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရုံသာ လိုအပ်သည်။

လူအုပ်ကြီး ထွက်ခွာသွားပြီးနောက် ကောင်းကင်အတွင်း ကြယ်များက ပုံမှန်ကဲ့သို့ ကောင်းကင်ပြသာဒ်၏ နတ်မီးလျှံတို့ကို တစ်ရက်ပြီးတစ်ရက် ဝါးမြိုနေခဲ့သည်။ ၎င်းတို့က မည်သည့်အခါမှ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ဆုံးသွားသည်နှင့် ကောင်းကင်အတွင်းရှိ ကြယ်များက နတ်အလင်းတို့ကို ထုတ်လွှတ်လာပြီး မိုးမခပင်၏ အကိုင်းအခက်မှ အရွက်များကဲ့သို့ အဆုံးမဲ့လေဟာနယ်အတွင်း ဖြန့်ကျက်ကာ နေရာတိုင်းကို ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းတို့က ကောင်းကင်ပြသာဒ်အတွင်း စတင်ထိုးဖောက်လာကာ နတ်ဘုရားလက်နက်အား တဖြေးဖြေး တိုက်စားလာသည်။

နတ်ရတနာများတွင် စိတ်ဝိညာဥ်ပါဝင်နေသည့်အတွက် ကောင်းကင်ပြသာဒ်က ပို၍ ပြင်းထန်သော ကောင်းကင်မီးလျှံတို့ဖြင့် လောင်ကျွမ်းလာပြီး ကြယ်စွမ်းအားတို့ကို ဖျက်ဆီးပစ်ချင်နေသည်။ သို့သော် မဟာလမ်းစဥ်၏ ထိုစွမ်းအားက ဖျက်ဆီး၍ မရနိုင်အောင် အားကောင်းသန်မာလှသည်။ ၎င်းက ဆက်လက်၍ ထိုးဖောက်ဝင်ရောက်နေပြီး နတ်မီးလျှံတို့ကို ဆန့်ကျင်တိုက်ခိုက်ကာ ဝါးမြိုနေခဲ့သည်။

ဘုန်း တဖြေးဖြေးနှင့် ကောင်းကင်ပြသာဒ်၏ အထက်မှ တောက်ပသော နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့လေဟာနယ်တွင် မျောလွင့်လာသည်။ ထိုအချိန်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းရှိ ကျင့်ကြံသူအားလုံးက အလွန်ပြင်းထန်သည့် ဖျက်ဆီးခြင်း လမ်းစဥ်စွမ်းအားကို ခံစားမိလိုက်သည့်အတွက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ၎င်းက နတ်ရတနာကို ဒေါသထွက်စေခဲ့သလို ထင်မှတ်ရသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ဒေသအတွင်းမှ ဝမ်ရှောင်သည်လည်း ကောင်းကင်ပြသာဒ်က အလွန် ဒေါသထွက်နေသည်ကို ခံစားမိလိုက်သည်။

ဘုန်း.. ကောင်းကင်ပြသာဒ်အထက်တွင် ဥက္ကာမိုးများက ကောင်းကင်အတွင်းရှိ ကြယ်များကို လောင်ကျွမ်းပစ်ရန် ကြိုးစားနေပြီး မီးပင်လယ်က စီဝေ့ကြယ်ကမ္ဘာတစ်ခွင်ကို လွှမ်းခြုံထားကာ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများ အားလုံးက ကြောက်ရွံ့နေကာ သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်မှုအပြည့်နှင့် ဖြစ်သည်။ လူအများသည် သူတို့၏ စိတ်ဝိညာဥ်များထဲမှ အကြောက်တရားကို ခံစားမိလိုက်ကြသည်။

အတိအကျ မည်သည်တို့ ဖြစ်နေခဲ့သနည်း။

နတ်ရတနာက အလွန် ဒေါသထွက်နေခဲ့ပြီး နတ်ဘုရားစွမ်းအားများ ကျဆင်းလာသည်။

စီဝေ့ကြယ်ကမ္ဘာတစ်ခွင်လုံးက ဖျက်ဆီးသန့်စင်ခံရတော့မလိုပင် ဖြစ်သည်။ ကောင်းကင်ပြသာဒ်အထက်ရှိ ကောင်းကင်ထက်တွင် အံ့သြဖွယ်ကောင်းလှသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အလွန်လွှမ်းမိုးနိုင်စွမ်းရှိသော အရှင်ထျန်းယန် ဖြစ်သည်။ သူ၏ စွမ်းအားက ကောင်းကင်ကိုပင် ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။ ၎င်းက မဟာအင်ပါယာ၏ စွမ်းအား နိုးထလာခြင်း ဖြစ်လာပုံရသည်။ နတ်ရတနာအတွင်းမှ ဝိညာဥ်က ယခုတွင် ရူးသွပ်သွားပုံရသည်။

ထိုစွမ်းအားက နတ်ရတနာကို စားသုံးရန် ကြိုးစားနေသောကြောင့် ၎င်းက သူ့ကို ပြန်ဖျက်ဆီးပစ်ချင်နေပုံရသည်။

“မဟုတ်ဘူး။” စီဝေ့အင်ပါယာနန်းတော်အတွင်းမှ သခင်ချန်နှင့် အခြားလူများက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူတို့၏ မျက်နှာအမူအရာတို့က ပြောင်းလဲသွားခဲ့သည်။ အရှင်ထျန်းယန်၏ စွမ်းအားတို့က မဟာအင်ပါယာ စွမ်းအားများ ဖြစ်သောကြောင့် လောကကို ဖျက်ဆီးရန် နတ်မီးလျှံများ ထုတ်ဖော်နိုင်သည့်အတွက် ကြယ်ကောင်းကင်က ပြောင်းလဲသွားပုံရသည်။

ရီဖူရှင်းက ၎င်းကို တောင့်ခံနိုင်ပါမည်လား။

သူတို့သည် ယခင်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် သူတို့၏ နှလုံးသားတို့က လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလိုပင် ဖြစ်သည်။

တစ်ချိန်တည်းတွင် ကြယ်ကောင်းကင်အတွင်းမှ ကြယ်များအားလုံးက ပို၍ပင် တောက်ပလာသည်။ ရီဖူရှင်းက နတ်ဘုရားကြယ်သစ်ပင်အဖြစ် ပြောင်းလဲသွားကာ နှိုင်းယှဥ်၍မရအောင် တောက်ပသည့် နတ်အလင်းတို့က သူ့ထံမှ ထိုးထွက်လာသည်။ ရုတ်တရက် သူ့မျက်လုံးများက ပွင့်ဟလာပြီး ကောင်းကင်အတွင်းမှ ကြယ်များက ခန္ဓာတစ်ခု ဖြစ်လာကာ သူက ဤကြယ်ကောင်းကင်၏ အုပ်ချုပ်သူအဖြစ် ပြန်ဝင်စားလာပုံရသည်။

ဘုန်း ကျဆင်းလာသည့် ကြယ်အလင်းများနှင့်အတူ ကြယ်နတ်ဘုရားသစ်ပင်မှ ကြီးထွားလာသော ​အဆုံးမဲ့ကြီးမားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ရီဖူရှင်းကို လွှမ်းခြုံလိုက်သည်။ ၎င်းက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ပင် ဖြစ်သည်။

ထိုပုံရိပ်ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းမှ လူတိုင်းက ၎င်းကို မြင်တွေ့လိုက်ရပြီး သူတို့အားလုံးက ထိုမြင်ကွင်းကြောင့် ရှင်းပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့သည်။

“စီဝေ့က လောကထဲ ဆင်းသက်လာတယ်။ မဟာအင်ပါယာ ကိုယ်ထင်ပြလာပြီ။” အချို့က ကောင်းကင်ထက်သို့ အရိုအသေပေးလိုက်သည်။ ထိုအချိန်တွင် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားတို့က နိုးထလာပုံရသည်။

ကောင်းကင်ထက်၌ မဟာအင်ပါယာနှစ်ပါးက မျက်နှာချင်းဆိုင်နေခဲ့သည်။ ကြည့်ရသည်မှာ မဟာအင်ပါယာများကြားမှ တိုက်ပွဲအဖြစ် ပြောင်းလဲသွားပုံရသည်။

စီဝေ့မဟာအင်ပါယာက ကြယ်အလင်းများဖြင့် လွှမ်းခြုံခံထားရပြီး ကောင်းကင်ရှိကြယ်များ၏ ရောင်ဝါတို့က သူ့ထဲ ပေါင်းစပ်လာသည်။ ရုတ်တရက် အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်စွမ်းအားတို့ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တိုးဝင်သွား၏။ ထိုသတ်ဖြတ်လိုစိတ်က အလွန် ပြင်းထန်လှပြီး အရာအားလုံးကို သုတ်သင်နိုင်စွမ်းရှိသည်။ ချက်ချင်းပင် စီဝေ့ကြယ်ကမ္ဘာတစ်ခွင်ရှိ ကျင့်ကြံသူများ​က တုန်ယင်သွားကြသည်။ သူတို့၏ စိတ်ဝိညာဥ်များက မြေပြင်တွင် ပြားပြားဝပ်နေသည့် မရေတွက်နိုင်သော နတ်ဆိုးသားရဲများကဲ့သို့ ဖိနှိပ်ခံထားရကာ ခေါင်းကိုပင် မော့ရဲခြင်း မရှိပေ။

ကောင်းကင်ပြသာဒ်အထက်တွင် နှိုင်းယှဥ်၍မရနိုင်လောက်သည့် ဖျက်ဆီးခြင်းအလင်းတို့က  ပေါ်ပေါက်လာပြီး အရှင်ထျန်းယန်၏ ပုံရိပ်ပေါ်၌ စုစည်းလာသည်။ ၎င်းက မဟာအင်ပါယာနှစ်ပါး၏ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။

ဘုန်း…

ဖျက်ဆီးခြင်းကောင်းကင်၏ ပြင်းထန်သော နတ်အလင်းတို့က အထက်မှ ကျဆင်းလာနေပြီး အလင်းတန်းတို့က ကောင်းကင်တစ်ခွင်ကို ထိုးဖောက်လာသည်။ တစ်ချိန်တည်းတွင် စီဝေ့မဟာအင်ပါယာ၏ ခန္ဓာကိုယ်ပေါ်၌ ပြိုင်ဘက်ကင်းသတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထွက်ပေါ်လာပြီး စီဝေ့နတ်ဓားက ဆန့်ကျင်တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုခရမ်းရောင်နတ်ဓားက ဖျက်ဆီးခြင်းခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်မီးလျှံတို့နှင့် လေဟာနယ်အတွင်း ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ဖျက်ဆီးခြင်းမုန်တိုင်းက ထွက်ပေါ်လာကာ စီဝေ့ကြယ်ကမ္ဘာတစ်ခွင်လုံးကို ဖျက်ဆီးဖြိုခွဲပစ်တော့မလိုပင် ဖြစ်သည်။

ခရမ်းရောင်နတ်အလင်းတို့က ရွှေရောင်မီးလျှံများကို တိုက်ရိုက်ထိုးဖောက်လာခဲ့ပြီးနောက် အရှင်ထျန်းယန်၏ ပုံရိပ်ကို ထိုးဖောက်ဖြတ်သန်းသွားခဲ့သည်။ ၎င်းက အထက်သို့ ဆက်လက်ထိုးဖောက်နေကာ ကောင်းကင်ပြသာဒ်ကို ချိုးဖျက်၍ အပေါက်တစ်ခု ဖြစ်ပေါ်လာစေကာ နတ်ရတနာကို ဖျက်ဆီးပစ်လိုက်သည်။

မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းတို့က စီဝေ့ကြယ်ကမ္ဘာအတွင်းရှိ လူတိုင်းကို မျက်လုံးများမှိတ်ကျသွားစေခဲ့ပြီး သူတို့က ချောင်းကြည့်ရန်ပင် မဝံ့ရဲခဲ့ကြပေ။ အချိန်တချို့ကြာပြီးနောက် သူတို့က နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြ၏။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အလင်းတို့က တဖြေးဖြေး ပျောက်ကွယ်သွားသည်နှင့် အရာအားလုံးက ပုံမှန်အဖြစ် ပြန်လည်ရောက်ရှိသွားသည်။ အဆုံးမဲ့ကောင်းကင်ထက်တွင် သူတို့အား နှစ်ဆယ့်ရှစ်နှစ်ခန့် လွှမ်းမိုးထားခဲ့သည့် ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်း၏ ခေါင်းထက် ကျရောက်လုဆဲဆဲ ဖျက်ဆီးခြင်းအန္တရာယ်တို့က ထိုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။

စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ လူတိုင်းက ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြ၏။ သူတို့က ကောင်းကင်ကြီး ပုံမှန် ပြန်ဖြစ်သွားသည်ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများထဲ၌ အလွန် တောက်ပသည့် အပြုံးတို့ ဖြစ်ပေါ်လာသည်။ လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်လုံး လူတိုင်း၏ နှလုံးသားများကို လေးလံစေသည့် အရိပ်က နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို နိုးထစေရန် လုပ်ဆောင်နိုင်ခဲ့၏။ ထျန်းယန်နှင့် နတ်ရတနာကို ဖျက်ဆီးရန် မဟာအင်ပါယာက ကိုယ်တိုင်ထွက်ပေါ်လာသည်။

သူတို့က အနိုင်ရရှိသွားပြီ ဖြစ်၏။

“သွားကြစို့။” သခင်ချန်နှင့် အခြားလူများက ကောင်းကင်သို့ တက်ကာ မြင့်မားသော နေရာထိ ဦးတည်လိုက်သည်။ အချိန်တချို့ကြာပြီးနောက် သူတို့က ဖျက်ဆီးခြင်းစွမ်းအားတို့ ကြွင်းကျန်ရစ်နေသေးသည့် ကောင်းကင်ထက် ရောက်ရှိလာသည်။

သူတို့၏ မျက်လုံးများက အနီးအနားကို ဝေ့ကြည့်​ကာ တစ်စုံတစ်ခုအား ရှာဖွေနေပုံရသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။ အမျိုးသားက ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်က ငွေဖြူရောင်ဖြစ်ကာ သူ၏ ချောမောမှုက စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ အမျိုးသမီးက ကျိုထျန်းနတ်မိမယ်ကဲ့သို့ သိမ်မွေ့လှပသည့် သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူတို့က လက်ချင်းတွဲကာ ရပ်နေပြီး လူအများ၏ ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။

ထို့အပြင် သူတို့၏ အရှိန်အဝါက ယခင်ကနှင့် တစ်ခုခု ကွာခြားသွားပုံရသည်။

ထိုအချိန်တွင် ရီဖူရှင်း၏ မှိတ်ထားသော မျက်လုံးများက ပွက့်ဟလာခဲ့၏။ တောက်ပလှသည့် ကြယ်စင်နတ်အလင်းတို့က လူတိုင်း၏ မျက်လုံးများကို ကျိန်းသွားစေခဲ့သည်။ သခင်ချန်က ထိုနှစ်ယောက်ပြန်လာသည်ကို စောင့်ကြည့်နေကာ တောက်ပသော အပြုံးတို့ကို ထုတ်ဖော်ပြလာသည်။ သူတို့က ထိုမျှ စိတ်သက်သာရာရစွာ မရပ်မောနိုင်ခဲ့သည်မှာ အချိန်ကြာညောင်းလှပြီ ဖြစ်သည်။

ဂူတုံးလျှို၊ ကျူးကောမင်းယွီ၊ ရှောင်းမုယွီ၊ သောကျောက်၊ ချန်ယိ၊ ဖန်းစွင်၊ မျက်မမြင်ထျယ်နှင့် အခြားလူများကလည်း တောက်ပစွာ ပြုံးလိုက်ကြ၏။

နှစ်ဆယ့်ရှစ်နှစ်ကြာပြီး နောက်ဆုံးတွင် သူတို့က ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

***

All Chapters