← Chapters

စုံစမ်း ရှာဖွေခြင်း

Vol. 009 Ch. 426

စုံစမ်း ရှာဖွေခြင်း

Vol. 009 Ch. 426

ပတ်ဝန်းကျင် တစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်လို့ သွား၏။

အဘိုးအိုက အော်ပြောလိုက်၏။ “လျိုဖုလင် ဘယ်မှာလဲ ...” အချိန်အတန် ကြာသည့်အထိ မည်သူကမျှ ပြန်တုံ့ပြန်ခြင်း မရှိချေ။ အဘိုးအိုက မျက်မှောင်ကြုတ် သွား၏။ သူက သူ့ဘေးရှိ နှစ်ယောက်ကို ကြည့်လိုက်၏။ သည့်နောက် သူတို့သုံးယောက်က တောင်ပေါ်သို့ ဦးတည်ပျံသန်း သွားကြ၏။

လျိုဖုလင်က လောဘကြီးသော သက်လတ်ပိုင်း လူကြီးပင် ဖြစ်သည်။

သူတို့သုံးယောက်က စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ အတွင်းတပည့်များ ဖြစ်ကြသလို အပြင်ကလန်၏ ထိန်းသိမ်းရေးမှူး များလည်း ဖြစ်ကြ၏။

ဝမ်လင်းမျက်လုံးက အနည်းငယ် လက်ခနဲ ဖြစ်သွား၏။ အဘိုးအိုက စဦးစိတ်ဝိညာဉ် အစောပိုင်းတွင် ရှိနေပြီး ကျန်သည့် နှစ်ယောက်ကတော့ အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်တွင် ရှိနေကြ၏။

သူတို့ သုံးယောက်က တောင်ပေါ်သို့ ပျံသန်း သွားကြသော်လည်း အဘိုးအို တစ်ယောက်တည်း ပြန်ထွက် လာခဲ့၏။ သူ့အသွင်က ရုပ်ဆိုးလို့နေ၏။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် တုန်လှုပ်မှုများ ရောပြွမ်းနေ၏။

အဘိုးအိုက အော်ပြောလိုက်သည်။ “မင်းတို့ အပြင် တပည့်တွေက ဒီမှာပဲ ကျင့်ကြံ နေရမယ်။ ဘယ်သူမှ ထွက်သွားခွင့် မပြုဘူး ...” သည့်နောက်သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ အချက်အလက် အချို့ကို မှတ်တမ်းတင်ပြီး ၎င်းကို လေပေါ်သို့ ပစ်ထည့်လိုက်သည်။ ကျောက်စိမ်းပြားက အလင်းတန်း တစ်ခုအသွင်သို့ ပြောင်း၍ အတွင်းကလန် ထံသို့ ပျံသန်းသွား၏။

အပြင်တပည့် အများစုက တုန်လှုပ် မှင်တက် နေကြသည်။ သို့သော် အချို့ကတော့ ထိုင်၍ ကျင့်ကြံနေလိုက်၏။ ထိုထိုင်၍ ကျင့်ကြံသူများ ထဲ၌ ဝမ်လင်းလည်း အပါအဝင်သာ ဖြစ်သည်။

သူက သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ထိုင်၍ စတင် ကျင့်ကြံနေသည်။

အဘိုးအိုက အပြင်ဘက် ကလန်တပည့် တစ်ယောက်ချင်းစီကို သေချာ ကြည့်ရှုသည်။

သူက တောင်ရှိရာသို့ သူ့ရောင်ရင်းများနှင့် ပျံသန်းသွားကြည့် သည့်အခါ သူတို့က ထိတ်လန့် တုန်လှုပ်မိ သွားကြ၏။ အကြောင်းကတော့ စိတ်ဝိညာဉ်သွေးကြော တစ်ခုလုံးသည် ပျက်စီး သွားခဲ့သောကြောင့် ဖြစ်သည်။ သူတို့က ပို၍နက်သော စိတ်ဝိညာဉ် သွေးကြောထဲသို့ ဆင်းသက်ကြည့်ရာ စိတ်ဝိညာဉ် သွေးကြော မျက်လုံးများသည် သူတို့လက်ဖြင့် ထိလိုက်သည်နှင့် ဖုန်မှုန်အဖြစ်သို့ ပြောင်းလဲ သွားကြ၏။ စိတ်ဝိညာဉ် သွေးကြော မျက်လုံးများ၏ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက စုပ်ယူခြင်း ခံလိုက်ရပေသည်။

သည်ဖြစ်စဉ်က ထူးဆန်းလွန်း လှ၏။ သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် စတည်ထောင် ကတည်းက သည်လို အရာမျိုး ဖြစ်ပျက်ခဲ့ဖူးသည်အား မမြင်ဖူး၊မကြားဖူး ခဲ့ပေ။

သူ့အကြည့်က အပြင်တပည့် တစ်ယောက်ချင်းစီကို ဖြတ်ကျော်၍ သေချာ ကြည့်နေသည်။ သူက ဝမ်လင်းအပေါ်သို့ အကြည့်ရောက် သွားသည့် အခါတွင်လည်း သူ့အကြည့်ကို ရပ်တန့်လိုက်ခြင်း မရှိချေ။ သူ့မျက်လုံးထဲ၌ ဝမ်လင်းက ခုမှ အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်တွင်သာ ရှိသေးသည်မဟုတ်လား။ ထို့ကြောင့် သူက သတိပြုမိရန် ထိုက်တန်ခြင်း မရှိချေ။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က အနည်းငယ် ပြန်ကောင်းလာ သဖြင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူမဆို သူ့ကျင့်ကြံမှု အဆင့်ကို ဖြတ်၍ မြင်နိုင်လိမ့်မည် မဟုတ်ချေ။

သိပ်မကြာခင်တွင် အလင်းတန်း ဆယ်ခုကျော်က အတွင်းကလန် ထဲကနေ ပျံသန်း၍ အဘိုးအိုရှေ့သို့ မျက်စိတစ်မှိတ် အတွင်း ရောက်လာခဲ့၏။ သူတို့က ခြေချ လိုက်သည်နှင့် လူဆယ်ယောက် အဖြစ်သို့ ပြောင်းသွားကြသည်။ သူတို့ထဲရှိ ငါးယောက် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျန်သည့်လူများက အနည်းဆုံး အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်၌ ရှိနေကြ၏။

ပညာရှိပုံစံ သက်လတ်ပိုင်း လူကြီးတစ်ယောက် ကတော့ စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၍ အေးစက်စက် အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။ သူထွက်ပေါ် လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးက အေးစက်သွားသည်။

သူက တောင်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ဂျူနီယာညီလေး ... အတိအကျ ပြောပါ။ ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ ...”

အဘိုးအိုက ချက်ချင်း လေးစားစွာ ပြန်ပြောလိုက်သည်။ “တတိယ စီနီယာအစ်ကို ... တောင်ပေါ်မှာ ရှိတဲ့ စိတ်ဝိညာဉ် သွေးကြောတွေ အကုန်လုံးက စုပ်ယူခြင်း ခံလိုက်ရတယ်။ ငါ့အထင် ဒါက အပြင် တပည့်တွေထဲက တစ်ယောက်ယောက်နဲ့ ပတ်သက် နေလိမ့်မယ် ...”

သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက အော်ပြောလိုက်၏။ “ပတ်ဝန်းကျင်တစ်ခုလုံး ချိပ်ပိတ်ထားလိုက်။ ထွက်သွားရဲတဲ့လူ ရှိတာနဲ့ သတ်ပစ်လိုက် ...။ ဂျူနီယာညီလေး ကလန်ခေါင်းဆောင်နဲ့ တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါ ...”

ထိုသို့ ပြောပြီးသည်နှင့် သူက အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ အတွင်းကလန် ဘက်သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

အဘိုးအိုက လျင်မြန်စွာ သူ့နောက်သို့ လိုက်ပါသွား၏။ သူတို့နှစ်ယောက် အတွင်းကလန် ထဲသို့ မျက်စိတစ်မှိတ် အတွင်း ‌ရောက်ရှိ လာခဲ့ကြ၏။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင် ရှိနေသည်။ သူက စောင့်ကြပ်နေသည့် လူများကို အေးစက်စွာ ကြည့်လို့နေ၏။ သူက ခြင်သားရဲကို ခေါ်ပြီးသွားလျှင် ချက်ချင်း လွတ်မြောက်နိုင်မည် ဖြစ်သည်။ သို့ရာတွင် သားရဲကခုချိန်၌ နောက်ဆုံး အားထားရာ ဖြစ်သည်။ သည့်အပြင် သူက ကျင့်ကြံရန် အတွက် သည်နေရာလို နေရာကောင်း တစ်ခုကို လက်မလျှော့လိုချေ။

သူ့မူလ စိတ်ဝိညာဉ်က အနည်းငယ် ပြန်ကောင်းလာသည် ဆိုသော်လည်း ၎င်းက ခုထိပြည့်ဝစွာ ပြန်မဖြစ် ပေါ်သေးချေ။ သူက ကောင်းကင်ဘုံ ပုတီးစေ့ကို ကြိုးစား၍ ခေါ်ထုတ်ကြည့် သော်လည်း လုပ်၍ မရသေးဘဲ ရှိနေ၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် အဆင်ခြင်မဲ့စွာ မလုပ်ရန် ဆုံးဖြတ်လိုက်၏။

သည်အချိန်၌ မိုးကုပ်စက်ဝိုင်းမှ နေမင်းကြီး ထွက်ပေါ်လာပါပြီး နွေးထွေးသော နေရောင်ခြည်က ကမ္ဘာမြေပေါ်သို့ ပက်ဖျန်းထားသည်။ အလင်းများက အမှောင်ထုကို ဖြိုခွင်း၍ ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း လင်းချင်းလာ၏။ အတွင်းကလန်သို့ ဝင်သွားသော ပညာရှိအသွင် သက်လတ်ပိုင်း လူကြီးကလည်း ပြန်ထွက်လာခဲ့၏။

သူ့နောက်၌ လူကိုးယောက် လိုက်ပါလာသည်။ သူတို့အားလုံးက အနီရောင် ဝတ်စုံများ ဝတ်ဆင် ထားကြသည်။ သူတို့ အသက်အရွယ်များက အမျိုးမျိုး ဖြစ်သော်လည်း တူညီသော အချက် တစ်ခုတော့ ရှိကြသည်။ သူတို့ပတ်လည်၌ မကျေမချမ်း ဖြစ်နေသည့် ဝိညာဉ်ကောင်ကြီးများ ဝန်းရံလို့နေ၏။ အကွာအဝေး တစ်ခုမှ ကြည့်လျှင် နေအလင်းရောင် ရှေ့၌ဆို သူတို့သည် မကောင်းဆိုးဝါး မီးတောက်များ ဝန်းရံထားသည့် အလား ထင်မှတ်ရသည်။

ရှုံ့မဲ့နေသော အသွင်ဖြင့် ပညာရှိပုံစံ သက်လတ်ပိုင်း လူကြီးက အော်ဟောက်လိုက်၏။ “အုပ်စု ဆယ်ခု ခွဲကြ ...”

သူ့နောက်ရှိ အနီရောင် ဝတ်စုံနှင့် လူကိုးယောက်က ချက်ချင်း လှုပ်ရှား၍ နည်းစနစ် တစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်း လိုက်သည်။ သူ့တို့ အင်္ကျီလက်အိုး များထံမှ အနီရောင် အခိုးအငွေ့များသည် ထောင်ချီနေသော တပည့် တစ်ယောက်ချင်းစီကို ဝန်းရံသွား၏။ သည်အခါ အပြင် တပည့်များသည် အုပ်စုဆယ်ခု အဖြစ် ကွဲထွက်သွား၏။

သက်လတ်ပိုင်း လူကြီးအပါအဝင် သူတို့ကိုးယောက်က အုပ်စု တစ်ခုချင်းစီ၏ အပြင်တပည့် တစ်ယောက်ချင်းစီကို စစ်ဆေးရန် အတွက် ခေါ်ယူလေသည်။

သူတို့က မေးခွန်း အများကြီး မေးစရာမလိုချေ။ သူတို့က အပြင်တပည့် တစ်ယောက်၏ မျက်ခုံးနှစ်ခုကြားကို လက်ညွှန် လိုက်ရုံပင်။ အသက်ရှူစာ အနည်းငယ် ကြာပြီးနောက် သူက နောက်တစ်ယောက်သို့ ပြောင်း၍ ထိုနည်းအတိုင်း စစ်ဆေးလို့နေ၏။

ဝမ်လင်းက အုပ်စုသုံးတွင် ရောက်ရှိနေသည်။ သူ့မျက်လုံများက တည်ငြိမ်လို့နေ၏။ သည်ကိုးယောက်က ခုမှ စဦးစိတ်ဝိညာဉ် အလယ်အဆင့်၌သာ ရှိကြသေးသည်။ သည့်အတွက်ကြောင့် ဝမ်လင်းက သူတို့သည် သူ့ကို ခြိမ်းခြောက်နိုင် လိမ့်မည်ဟု မယူဆချေ။

အပြင်တပည့် တစ်ယောက်ချင်းက သူတို့အလှည့် ပြီးသွားသည့်အခါမှ စိတ်သက်သာရာ ရပြီး သက်ပြင်း ချနိုင်ကြသည်။ အချိန်ကုန် လာသည်နှင့်အမျှ ပတ်ဝန်းကျင် လေထုကလည်း ဖိစီးမှုများ ဖြစ်တည်လာ၏။

ထိုအခိုက်တွင် အစိမ်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူ တစ်ယောက်က အုပ်စုရှေ့သို့ လျှပ်စီးတစ်ခု အလား ထွက်ပေါ်လာ၏။ သူ့က ထွက်ပြေးရန် ကြံလိုက်သည်။

အနီးအနား ပတ်ဝန်းကျင်က အတွင်းကလန်၏ တပည့်များ စောင့်ကြပ် နေကြသည်။ ထို့ကြောင့်သူက လှုပ်ရှား လိုက်သည်နှင့် အမြုတေ ဖွဲ့တည်ခြင်း တပည့်တစ်ယောက်က ချက်ချင်း သူ့ကို ရပ်တန့်စေသည်။

အစိမ်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူက မာန်သွင်း၍ သူ့လက်ကို ဝှေ့ယမ်းပြီး ပြင်းထန်သော အားတစ်ခုကို ဖန်တီးသည်။ အမြုတေ ဖွဲ့တည်ခြင်း တပည့်က ညည်းတွား လိုက်ရပြီး သူ့ခန္ဓာကိုယ်ကလည်း ဘေးတစ်ဖက်သို့ ဖယ်ရှားခြင်း ခံလိုက်ရသည်။

သည့်နောက်သူက တစ်ဟုန်ထိုး ထွက်သွားရန် ဟန်ပြင်လိုက်စဉ် အနီရောင် ဝတ်စုံနှင့် ကျင့်ကြံသူ တစ်ယောာက်က ရှေ့သို့တိုး၍ လက်ဆန့်ထုတ် လိုက်ကြသည်။

“ပြန်လာစမ်း ...”

အနက်ရောင် အလင်းတန်း ငါးခုက သူ့လက်ချောင်း များထံကနေ ရုတ်တရက် ထွက်ပေါ်သွား၏။ အလင်းတန်းငါးခု မျက်စိတစ်မှိတ် အတွင်း အစိမ်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူထံသို့ ကျရောက်သွား၏။

အစိမ်းရောင် ဝတ်စုံနှင့်လူက ညည်းတွား လိုက်ရပြီး သူ့ခန္ဓာကိုယ် ကလည်း ပျော့ခွေကြသွား၏။ အနီရောင်ဝတ် လူက သူ့ကို ပြန်၍ ဆွဲခေါ်လာပြီး လူအုပ်ကြီး အလယ်သို့ ပစ်ချလိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် အနီရောင် ဝတ်စုံနှင့် ကျင့်ကြံသူက အစိမ်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူကို ကြည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။ “နောက်တစ်ယောက် ... ထပ်လာ ...”

အပြင်တပည့်များ အားလုံးက ကြောက်ရွံ့ နေကြသည်။ အထူးသဖြင့် မကောင်းသော ရည်ရွယ်ချက် ရှိနေသူများ ဖြစ်၏။ သူတို့မျက်နှာက ရှေ့ကမြင်ကွင်းကို ကြည့်၍ ပိုလို့ပင် ရုပ်ဆိုးလို့ သွားသည်။

ထိုအခိုက်တွင် အုပ်စုရှစ်မှ အနီရောင် ဝတ်စုံနှင့် လူကြီး၏ မျက်လုံးက လက်ခနဲဖြစ်သွားပြီး သူ့ရှေ့ရှိ မျက်နှာဖြူရော် နေသော တပည့်ကို ကြည့်သည်။ ထိုလူက တပည့်ကို ဆွဲခေါ်၍ လူအုပ်ကြီး အလယ်သို့ ပစ်ချပြန်သည်။

အလယ်၌ လူများက တဖြည်းဖြည်း တိုးလာ၏။ အခုဆွဲထိုသို့ ဆွဲခေါ်၍ ပစ်ချခံရသည့် လူများက အယောက် သုံးဆယ်ကျော်ပင် ရှိလာခဲ့ချေပြီ။

တတိယအုပ်စုထဲက အနီ‌‌ရောင် ဝတ်စုံနှင့် ကျင့်ကြံသူကလည်း သက်လတ်ပိုင်း လူကြီးရှေ့သို့ တပည့်တစ်ယောက်ကို ပစ်ချလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ပုံမှန်အားဖြင့် ဒီနေ့လိုမျိုး စစ်ဆေးတာက အတွင်းကလန်ထဲ ဝင်ရောက်မဲ့ တပည့်တွေ အတွက်ပဲ လုပ်ပေးတာ။ ဒါ့ကြောင့် မင်းတို့ အားလုံးက ဂုဏ်ယူသင့်တယ် ...”

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သို့သော် သူ့နှလုံးသားက တုန်လှုပ်နေ၏။ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၌ ရည်ရွယ်ချက်ဆိုး ရှိသည့် အပြင် တပည့်များစွာ ရှိနေပေသည်။ သို့သော် သူတို့အားလုံးက စစ်ဆေးခြင်း၌ မလွတ်မြောက် နိုင်ကြချေ။

လိုဏ်ဂူနံပါတ် (၇၄၃)တွင် နဂိုက နေထိုင်ခဲ့သည့် သားသတ်သမားနှင့် တူသည့် ကျင့်ကြံသူ အတွက်တော့ ဝမ်လင်းက စိုးရိမ်ခြင်း မရှိချေ။ သူက သူ့ကိုယ်ပေါ်၌ အတားအဆီး တစ်ခုကို ချမှတ်ထားပြီး ဖြစ်သည်။ ဝမ်လင်း ကျင့်ကြံမှုအဆင့်က လျော့ကျ နေသော်လည်း သူ့အတားအဆီးများ၏ ရှုပ်ထွေးမှုကြောင့် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများက သူ့အတားအဆီးကို တွေ့မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ဝမ်လင်းအမြင်၌ သည်လူက စိတ်ဝင်စားဖို့ ကောင်းနေ၏။ သည်သားသတ်သမား အသွင်ကျင့်ကြံသူက အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွင် ထင်ရသော်လည်း တကယ်တော့ တစ်ဝက်တစ်ပျက် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်နေသည့်သူ ဖြစ်သည်။ သို့သော် ထိုအခြင်းအရာက အပြင်တပည့်များ အတွက် ထူးဆန်းသည့် အရာတော့ မဟုတ်ချေ။

“မင်း ... ထွက်လာခဲ့ ...” အုပ်စုငါးမှ အနီရောင် ဝတ်စုံနှင့် ကျင့်ကြံသူက သားသတ်သမား ကျင့်ကြံသူကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

သည်သားသတ်သမား ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး သူက အမြန်ရှေ့သို့ လှမ်းလာ၏။

အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူက သူ့မျက်ခုံး နှစ်ခုကြားကို လက်ညွှန်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးသည့် နောက်တော့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သားသတ်သမား အသွင် ကျင့်ကြံသူက ခုမှ စိတ်သက်သာရာ ရသွားပြီး သက်ပြင်း ချနိုင်တော့သည်။ သူက ဝမ်လင်းကို လှည့်၍ပင် မကြည့်ဝံ့ချေ။ ခုလက်ရှိ၌ သူ့စိတ်ထဲတွင် တုန်လှုပ်မှုနှင့် ရှုပ်ထွေးမှုတို့သာ ရှိနေခဲ့၏။ လက်ချောင်းက သူ့မျက်ခုံး နှစ်ခုကြားသို့ ရောက်လာသည့်အခါ အေးစက်မှု တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လာသည်ဟု ခံစားလိုက်ရသည်။ သူ့အပြင် လက်ကြီးတစ်ဖက်က သူ့မှတ်ဉာဏ်များကို ရှာဖွေနေ သလိုလည်း ခံစားမိသည်။

သည်ခံစားချက်က သိပ်မကြာခင်တွင်တော့ ပြန်ပျောက်ကွယ် သွား၏။

သိပ်မကြာခင်တွင် ဝမ်လင်း အလှည့်သို့ ရောက်လာခဲ့သည်။

အုပ်စုသုံးထဲက အနီ‌ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ဝမ်လင်း၏ မျက်ခုံးကြားကို လက်ညွှန်သည်။ ထို့နောက် သိပ်မကြာခင်တွင် သူကပြောလိုက်သည်။ “နောက်တစ်ယောက် ...”

ဝမ်လင်းက တည်ငြိမ်စွာပင် ဘေးသို့ လှမ်းလျှောက်သွားလိုက်၏။

တပည့် တစ်ထောင်ကျော်ကို ထိုသို့စစ်ဆေး နေသည်က နေ့လယ်ခင်းသို့ပင် ရောက်လာခဲ့၏။ အယောက်တစ်ရာ ကျော်တော့ လူအုပ်ကြီးရှေ့ အလယ်သို့ ပစ်ချခြင်း ခံခဲ့ရသည်။

သက်လတ်ပိုင်း လူကြီးက အလယ်သို့နောက်ဆုံး တပည့်တစ်ယောက်ကို ပစ်ချပြီးနောက် မေးလိုက်သည်။ “မင်းတို့ တစ်ခုခု ရှာတွေ့လား ...”

အနီရောင် ဝတ်စုံနှင့် ကျင့်ကြံသူ တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ “ဒီလူတွေမှာ သူတို့ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိပေမဲ့ မနေ့ကညက ဖြစ်တဲ့ကိစ္စနဲ့တော့ ဆက်နွှယ်နေတာ လုံးဝ မရှိဘူး ...”

ကျန်သည့် အနီရောင်ဝတ်စုံနှင့် လူများကလည်း ခေါင်းယမ်း လိုက်ကြ၏။

ပညာရှိအသွင် သက်လတ်ပိုင်း လူကြီးက အနည်းငယ် စဉ်းစားပြီးနောက် အမိန့်ပေးလိုက်၏။ “မင်းတို့အပြင် တပည့်တွေအားလုံး အခြားတောင် တစ်ခုမှာ လေ့ကျင့်ရမယ်။ အဲဒီမှာ မင်းတို့အတွက် လိုဏ်ဂူအခန်းတွေ သတ်မှတ်ပေးမယ့် လူတစ်ယောက် ရှိနေလိမ့်မယ် ...”

စုံစမ်း စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သည့် အပြင်တပည့် အားလုံးက လေးစားစွာ ဦးညွှတ်ကာ မတူညီသော တောင်များဆီသို့ ပျံသန်း သွားကြသည်။

အလယ်၌ ပစ်ချခံ ထားရသည့် ကျင့်ကြံသူ တစ်ရာကျော် အတွက်ကတော့ မည်သူ့မှ လှည့်၍ မကြည့်ကြချေ။ သူတို့တွေ ဘာဆက်ဖြစ်မည်ကိုလည်း ဂရုမစိုက်ကြချေ။

ဝမ်လင်းက အနီးအနား တောင်အသေးတစ်လုံး ရှိလိုဏ်ဂူတွင် နေရာချထားခြင်း ခံရသည်။ သူက လိုဏ်ဂူထဲ၌ ထိုင်ချလိုက်၏။ သူ့မျက်လုံးများ ကတော့ တလက်လက် ဖြစ်လို့နေသည်။

“ငါ့ကျင့်ကြံမှု အဆင့်က အလယ်အလတ် စဦးစိတ်ဝိညာဉ် အဆင့်ထိ ပြန်ကောင်းမွန် လာခဲ့ပြီ။ စိတ်ဝိညာဉ် သွေးကြောတွေကို စုပ်ယူခြင်းရဲ့ အကျိုးသက်ရောက်မှုက ကောင်းမွန်ပေမဲ့ ဒါက အန္တရာယ် များလွန်းတယ်။ ငါက ဒီလိုဆက်လုပ်ရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတွေ ဒါမှမဟုတ် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေကို ဆွဲဆောင်မိသလို ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ငါက ကြီးကြီးမားမား ထပ်မလုပ်တာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ငါက စိတ်ဝိညာဉ် သွေးကြောတွေကို စုပ်ယူနေရင်း အနီးအနားမှာ ပိုမိုကြီးမားတဲ့ အဓိက စိတ်ဝိညာဉ် သွေးကြောတစ်ခုကို ထပ်တွေ့ခဲ့တယ်။ ဒီတော့ ငါစုပ်ယူလိုက်တဲ့ စိတ်ဝိညာဉ် သွေးကြောက အကိုင်းအခက်လောက်ပဲ ဖြစ်လိမ့်မယ် ...”

“ဒီအဓိက စိတ်ဝိညာဉ် သွေးကြောက စိတ်ဝိညာဉ် သန့်စင်ခြင်း အတွင်းကလန်ရဲ့ အောက်မှာ ရှိလောက်တယ်။ ငါက အဲဒီနေရာကို ကျင့်ကြံဖို့ သွားနိုင်ရင်တော့ ငါ့ကျင့်ကြံမှု အဆင့်က တစ်ချီတည်းနဲ့ ပြန်ကောင်း လာနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက် ရောက်မလာရင် ငါက လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း ရှိမှာပဲ။ အဆိုးတကာ အဆိုးဆုံး ဖြစ်လာရင်လည်း ငါက လေဟာနယ် အက်ကြောင်းဖွင့်ပြီး ကြယ်သံလိုက် အိမ်မြှောင်ကို အသုံးပြုနိုင်သေးတယ် ...” ဝမ်လင်းက ထိုသို့စဉ်းစားလို့ နေသည်။ သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်သည် အဆင့်ငါး နိုင်ငံတွင် တည်ရှိကြောင်း သိထား၏။ ဆိုလိုသည်က သည့်အတွက်ကြောင့် ကလန်ထဲ၌ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ ရှိနေနိုင်ပေသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့စိတ်ကိုသူ ပြင်ဆင် လိုက်သည်။

***

All Chapters