← Chapters

ဒုတိယမြောက်နတ်ဘုရားကပ်ဘေး

Vol. 180 Ch. 2578

ဒုတိယမြောက်နတ်ဘုရားကပ်ဘေး

Vol. 180 Ch. 2578

ရီဖူရှင်းက တစ်ဖက်လူများကို ကြည့်လိုက်သည်။ သူတို့သည် သူ့မျက်လုံးများထဲမှ ကြယ်များကဲ့သို့ တောက်ပနေသည့် အပြုံးကိုပင် မြင်တွေ့နိုင်သည်။

လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်ခန့်က ကောင်းကင်ဒေသ မဟာမိတ်များက ထျန်းယန်မြို့တွင် စုဝေးခဲ့ကြသည်။ သူတို့က နတ်ရတနာကို ယူဆောင်လာခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာအား ကြီးမားသည့် ကပ်ဘေး ကြုံတွေ့စေကာ ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။

ယခုတွင် နှစ်ဆယ့်ရှစ်နှစ် ကုန်လွန်သွားခဲ့ပြီ ဖြစ်ကာ သူတို့က ဤကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးယနေ့တွင် သူတို့က ဤစစ်ပွဲ၌ အနိုင်ရခဲ့ပြီဟု ဆုံးဖြတ်နိုင်သည်။

ယနေ့မှစတင်၍ စိုးရွံ့နေရမည့်သူများမှာ စီဝေ့ကြယ်ကမ္ဘာမှမဟုတ်တော့ဘဲ ကောင်းကင်ဒေသမှ အင်အားစုများသာ ဖြစ်တော့မည် ဖြစ်သည်။

“ပြန်လာတာ ကြိုဆိုပါတယ် နန်းတော်သခင်။” သခင်ချန်က အရိုအသေပြုကာ ရီဖူရှင်းကို နှုတ်ဆက်လိုက်သည်။

“ပြန်လာတာကို ကြိုဆိုပါတယ် နန်းတော်သခင်။”

“…”

ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ ယခင်က စီဝေ့ကြယ်ကမ္ဘာ၏ အစွမ်းထက်ကျင့်ကြံသူများသည်ပင် ယခုတွင် ရီဖူရှင်းအား တလေးတစားနှင့် လက်အောက်ခံနေခဲ့ကြသည်။ မကြာသေးခင်က သူတို့သည် စီဝေ့မဟာအင်ပါယာ ဖြစ်တည် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ စစ်မှန်သော ဆက်ခံသူတစ်ယောက် ဖြစ်သည်။ သူက တစ်ယောက်တည်းနှင့် စွမ်းအားအကုန်သုံးကာ ကောင်းကင်ဒေသမှ လူများကို တိုက်ခိုက်ခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာအား ကယ်တင်ခဲ့သည်။   သူက မဟာအင်ပါယာ၏ စွမ်းအားကို နိုးထစေပြီး နတ်ရတနာကို ဖျက်ဆီးပစ်နိုင်ခဲ့၏။

ထိုအခိုက်အတန့်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းရှိ မရေတွက်နိုင်သော ကျင့်ကြံသူများက ပျော်ရွှင်ဝမ်းမြောက်နေခဲ့ကြသည်။ သူတို့က ကြယ်ကောင်းကင်သို့ အရိုအသေပြုကာ ဆုတောင်းလိုက်သည်။ စီဝေ့မဟာအင်ပါယာက အခက်အခဲများကို ဖြေရှင်းရန် ဤလောကသို့ ကိုယ်တိုင်ဆင်းသက်လာခဲ့၏။ သူက သူတို့၏ ခေါင်းထက်တွင် ရစ်ဝဲကာ ခြိမ်းခြောက်နေသည့် အန္တရာယ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအန္တရာယ်က နှစ်ဆယ့်ရှစ်နှစ်လုံး တည်ရှိလာခဲ့သည့် ခြိမ်းခြောက်မှု ဖြစ်သည်။

ယခုတွင် ၎င်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒီနှစ်တွေအတွင်း ကြိုးစားပေးခဲ့ကြလို့ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ နှစ်ဆယ့်ရှစ်နှစ်တိုင် သူ၏ အသိစိတ်က ကြယ်ကောင်းကင်နှင့် ပေါင်းစပ်နေခဲ့ပြီး သူ၏ စိတ်ဝိညာဥ်ကလည်း အထက်မှ ကြယ်များနှင့် ရောယှက်နေခဲ့သည်။ သူ့အသက်က သူနှင့်မသက်ဆိုင်တော့သလိုပင် ဖြစ်သည်။

သူသည် အမှန်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းမှ အရာအားလုံးကို မြင်တွေ့နိုင်သည်။ ဤနေရာသို့ ရောက်ရှိလာသည့် လူတိုင်း၊ သူတို့ပြောသမျှ စကားလုံးတိုင်းကို သူ ကြားနိုင်စွမ်းရှိပြီး သူတို့ကို မတုန့်ပြန်နိုင်ရုံသာ ဖြစ်သည်။

သို့သော် သူက အရာအားလုံးကို သူ့ကိုယ်ပိုင် မျက်လုံးများနှင့် မြင်တွေ့နိုင်သည်။

“အဲဒီအကြောင်း စိတ်မပူပါနဲ့ နန်းတော်သခင်။ စီဝေ့ကြယ်ကမ္ဘာကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး နတ်ဘုရားလက်နက်ကို ရပ်တန့်ခဲ့တာပဲလေ။ အလုပ်ကြိုးစားတဲ့ သူတွေက ကျုပ်တို့ပဲလို့ ဘယ်လို သတ်မှတ်နိုင်မှာလဲ။” သခင်ချန်က ပြောလိုက်သည်။

“နှစ်ဆယ့်ရှစ်နှစ်လုံး ကျုပ်က နတ်ဘုရားလက်နက်ရတနာကို တားဆီးဖို့ မဟာအင်ပါယာရဲ့ စွမ်းအားကို ချေးငှားအသုံးပြုခဲ့ပေမယ့် ခင်ဗျားတို့က အင်ပါယာနန်းတော် တိုးတက်ဖို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြတယ်။ ဒီနှစ်တွေတလျှောက် အင်ပါယာနန်းတော်ကို ပိုပြီး အားကောင်းလာတယ်။ ကျုပ် အားလုံးကို မြင်ပါတယ်။” ရီဖူရှင်းက ရင်းနှီးနေသည့် မျက်နှာများကို ကြည့်ကာ ပြုံးလိုက်သည်။ သူတို့၏ ကျင့်ကြံခြင်းက ပို၍ အားကောင်းလာပြီး ၎င်းမှာ အနည်းငယ်မျှသာ မဟုတ်ပေ။

အခြားလူများကို မကြည့်လျှင်ပင် လေးမျက်နှာကျေးရွာမှ သူ၏ ကျောင်းသားလေးယောက်က ယနေ့တွင် ခြွင်းချက်မရှိ အထွတ်အထိပ်ရန်ဟောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်က အလွန် တည်ငြိမ်ပြီး သူတို့ကို ရန်ဟောင်အထက်အဆင့်သို့ ချိုးဖျက်နိုင်ရန် ခွင့်ပြုပေးသည်။

အခြားလူများကလည်း တူညီစွာပင် လူတိုင်း တိုးတက်လာကြသည်။

လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်ကနှင့် ယှဥ်လျှင် အခြေအနေက အများကြီး ပြောင်းလဲသွားသည်ဟု သတ်မှတ်နိုင်သည်။ စီဝေ့အင်ပါယာနန်းတော်၏ အလုံးစုံစွမ်းအားက ယခင်ကနှင့် တူညီသောအဆင့်တွင် မရှိကြတော့ပေ။ ယခု သူသာလျှင် နောက်ကျကျန်ရစ်နေခဲ့၏။

“နန်းတော်သခင် ကျေးဇူးပြုပြီး စီဝေ့အင်ပါယာနန်းတော်ကို ပြန်လာခဲ့ပါ။” သခင်ချန်က ပြောလိုက်သည်။ သူက ရီဖူရှင်းအား စီဝေ့ဘုံသို့ ပြန်ရန် ဖိတ်ခေါ်ချင်နေသည်။ အင်ပါယာနန်းတော်အတွင်း ရီဖူရှင်းအား စောင့်ဆိုင်းနေသူများစွာ ရှိသည်။

“အလျင်မလိုဘူး။” ရီဖူရှင်း ပြောလိုက်သည့်စကားက သခင်ချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာစေသည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “နန်းတော်သခင် လုပ်ချင်တာ တစ်ခုခုများ ရှိလား။”

“မရှိပါဘူး။” ရီဖူရှင်းက ခေါင်းခါလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကတည်းက ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် တကယ်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အပါအဝင် ကျန်ခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်လုံး ကျင့်ကြံနေတာကို ဘယ်တော့မှ မရပ်တန့်ခဲ့ဖူးဘူး။ ဒီတစ်ကြိမ် မဟာအင်ပါယာရဲ့ စွမ်းအား နိုးထလာတာက ဒီနှစ်တွေမှာ ကျုပ် အားထုတ်ခဲ့တဲ့ ရလဒ်ပဲ။ အခု ကျုပ်ဆီမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ပိုကောင်းအောင် မြင်လာဖို့အတွက် တစ်ယောက်တည်း ကျင့်ကြံဖို့ အချိန်တချို့ လိုအပ်တယ်။”

သခင်ချန်နှင့် အခြားလူများ၏ မျက်လုံးတို့က စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်လာသည်။ ရီဖူရှင်း၏ စကားလုံးများက သူတို့ကို အံ့အားသင့်ကာ ကျေနပ်စေသည်။

သူက အချိန်နှစ်ဆယ့်ရှစ်နှစ်ကို အလဟဿ မဖြုန်းတီးခဲ့ဘဲ သူ့ကိုယ်သူ တိုးတက်လာအောင် ကျင့်ကြံနေခဲ့သည်။ ရီဖူရှင်းက တစ်ယောက်တည်း ကျင့်ကြံရန် ပြောခဲ့သည့်အတွက် သူက ကောင်းချီးအချို့ ရရှိထားခြင်း ဖြစ်ရပေမည်။

ဖြစ်နိုင်သည်မှာ...

ရီဖူရှင်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့လျှင် မည်မျှ အစွမ်းထက်လိမ့်မည်နည်း။

သူတို့အားလုံးက မျှော်လင့်နေကြသည်။

“ခင်ဗျားတို့ အင်ပါယာနန်းတော်ကို အရင်ပြန်နှင့်ပါ။” ရီဖူရှင်းက ပြောလိုက်သည်။

“ကောင်းပါပြီ နန်းတော်သခင်။ ကျုပ်တို့ အင်ပါယာနန်းတော်ကို ပြန်ပြီး နန်းတော်သခင် ပြန်လာတာကို ဂုဏ်ပြုပွဲလုပ်ဖို့ စောင့်နေပါ့မယ်။” သခင်ချန်က ပြုံးလိုက်သည်။ ယခု သူတို့က အကျပ်အတည်းမှ လွတ်မြောက်လာခဲ့သည့်အတွက် အတော်လေး စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်ဝမ်းမြောက်နေကြသည်။

“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သခင်ချန်က ချက်ချင်း သူနှင့်အတူ အခြားလူများကို ခေါ်ဆောင်ကာ နေရာမှ ထွက်ခွာသွား၏။

“ဆရာ ကျွန်မတို့ကို တွေ့ရအောင် စောစော ပြန်လာနော်။” ရှောင်လင်းက သူ့ကို အော်ပြောလိုက်သည်။ သူမသည် သူမ၏ ဆရာနှင့် တွေ့ပြီး စကားပြောလိုသော်လည်း ရီဖူရှင်းက ချက်ချင်း ကျင့်ကြံခြင်းနှင့် အလုပ်များနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့က ရွေးချယ်စရာမရှိဘဲ သခင်ချန်နှင့် အခြားလူများဖြင့်အတူ ထွက်ခွာသွားရသည်။

မ​ကြာခင် လူတိုင်းက နေရာမှ ထွက်ခွာသွားသော်လည်း ဟွာဂျီယူက ရီဖူရှင်းနှင့် အဖော်ပြုနေပေးခဲ့၏။

“သွားကြစို့။” သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ လေထဲသို့ တက်သွားကြသည်။ သူတို့က အမှန်တကယ် စီဝေ့ကြယ်ကမ္ဘာအပြင်ဘက်သို့ သွားခဲ့ကြပြီး အဆုံးမဲ့လေဟာနယ်အတွင်း ဝင်ရောက်သွားသည်။

အဆုံးမဲ့လေဟာနယ်အတွင်း ရီဖူရှင်းက တင်ပျဥ်ခွေကာ ထိုင်နေခဲ့ပြီး သူ၏ အတွင်းပိုင်းကို မြင်အောင် စတင်ကြည့်ရှုလိုက်သည်။ သူ၏ သက်စောင့်ဟော်နန်းအတွင်း ကမ္ဘာ့သစ်ပင်က မားမားမတ်မတ် ရပ်တည်နေခဲ့သည်။ လောကတစ်ခုလုံးတွင် တစ်ပင်တည်းသာ ရှိသော်လည်း ထိုသစ်ပင်အား ပိုင်ဆိုင်ရသည်မှာ အရာအားလုံးကို ပိုင်ဆိုင်ရသလိုပင် ဖြစ်သည်။ ၎င်းက သက်စောင့်ဟော်နန်းအတွင်းမှ အရာအားလုံးကို နေမင်း၊ လမင်း၊ ကြယ်များ၊ လေ၊ ရေနှင့် မိုးကြိုးများအဖြစ် ပြောင်းလဲစေနိုင်သည်။

သူ၏ အတွေးတစ်ချက်နှင့် ရီဖူရှင်း ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဘုရားသစ်ပင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ သူ့ ခန္ဓာကိုယ်က နတ်ဘုရားသစ်ပင်၏ ပင်စည်ကဲ့သို့ ဖြစ်သည်။ ဤအဆုံးမဲ့လေဟာနယ်အတွင်း ကောင်းကင်၌ ကြယ်များ ပေါ်ပေါက်လာသည်။ ထိုကြယ်စင်များက နတ်ဘုရားသစ်ပင်၏ အသီးများကဲ့သို့ပင် ဖြစ်သည်။

နတ်ဘုရားသစ်ပင်က သူ၏ လမ်းစဥ်အဖြစ် ဖွဲ့စည်းလာသည်။ ၎င်းက ကိုယ်ပိုင်လေဟာနယ်ကို ဖြစ်တည်စေနိုင်ပြီး ကိုယ်ပိုင် ပိုင်နက်နယ်မြေကို ဖွဲ့စည်းနိုင်စွမ်းရှိသည်။

ထို့အပြင် ထိုလမ်းစဥ်စွမ်းအားက ယခင်ကထက် ပို၍ အားကောင်းသည်။ ဤနှစ်များတလျှောက် သူသည် ကြယ်စင်စွမ်းအားတို့ကို ဝါးမြိုကာ ကောင်းကင်ပြသာဒ်အတွင်းမှ မဟာလမ်းစဥ်စွမ်းအားတို့ကို ဝါးမြိုခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် အားကောင်းလာအောင် ကျင့်ကြံခြင်းအား မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။

ကြောက်မက်ဖွယ် အရှိန်အဝါတို့က သူ့အနီးရှိ လောကအတွင်း စတင်ပေါ်ပေါက်လာသည်။ အဆုံးမဲ့ ကျယ်ပြောသည့် လေဟာနယ်အတွင်း ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းတို့ ရုတ်တရက် ထွက်ပေါ်လာပုံရသည်။

ရီဖူရှင်း၏ မျက်နှာထက်တွင် ထိတ်လန့်အံ့သြသည့် အမူအရာ ထွက်ပေါ်လာသည်။ သူက ခေါင်းကိုမော့ကာ သူ့အနီးဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကို ကြည့်လိုက်သည်။

နတ်ဘုရားကပ်ဘေး။

သူက ကျင့်ကြံဆင့်ကို မချိုးဖျက်နိုင်သေးသော်လည်း နောက်ထပ် ကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဟွာဂျီယူ၏ လှပသော မျက်လုံးများက ရီဖူရှင်းထံ ကြည့်နေခဲ့သော်လည်း သူမက ဇဝေဇဝါ ဖြစ်မနေခဲ့ပေ။ သူမသည် ယခင်က ရီဖူရှင်း နတ်ဘုရားကပ်ဘေးကို ပထမအကြိမ် ကျော်ဖြတ်စဥ်ကတည်းက သူ၏ လမ်းစဥ်က အခြားလူများနှင့် ခြားနားသည်ကို သိရှိသည်။ သူက အခြားကျင့်ကြံသူများနှင့် ကွာခြားသည်။

သူသည် အမြဲတမ်း ရန်ဟောင်အဆင့်၌သာ ရှိနေပြီး မည်သည့်အခါမှ မချိုးဖျက်နိုင်တော့မလိုပင် ဖြစ်သည်။

သူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ပထမအကြိမ် ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူက ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးနောက်၌ပင် ရန်ဟောင်အထွတ်အထိပ်အဆင့်၌ ရှိနေဆဲ ဖြစ်သည်။

ယခု သူက နတ်ဘုရားကပ်ဘေးကို ဒုတိယအကြိမ်ရင်ဆိုင်ခဲ့ရတော့မည် ဖြစ်သော်လည်း လက်ရှိ ကျင့်ကြံဆင့်မှ အဆင့်တက်မည့် မည်သည့် လက္ခဏာမှ မရှိသေးပေ။ သူက ရန်ဟောင်အဆင့်၌သာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံဆင့်က ပိုမို ပြီးပြည့်စုံကာ အားကောင်းလာသည်မှာ သေချာသည်။

ဘုန်း....

ကြောက်မက်ဖွယ် နတ်ဘုရားကပ်ဘေးအလင်းတို့က စုစည်းရောက်ရှိလာသည်။ ရီဖူရှင်း၏ နတ်ဘုရားအလင်းတို့က ဝန်းရံနေကာ သူက နောက်ထပ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရန် ပြင်ဆင်နေခဲ့သည်။ သူ၏ နတ်ဘုရားကပ်ဘေးက အခြားအစွမ်းထက် ကျင့်ကြံသူများနှင့် ကွာခြားသည်။

သို့သော် ယခုက သူ၏ မဟာလမ်းစဥ် နတ်ခန္ဓာကို နောက်တစ်ကြိမ် အဆင့်မြှင့်ရန် အချိန်ပင် ဖြစ်သည်။

…

ရီဖူရှင်းက နောက်ထပ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို မရင်ဆိုင်သေးခင် အချိန်တွင် သူက စီဝေ့ကြယ်ကမ္ဘာ၏ ချိပ်စည်းကို ချိုးဖျက်ကာ နတ်ရတနာအား ဖျက်ဆီးပစ်ခဲ့သည်။

ကောင်းကင်ဒေသ ထျန်းယန်မြို့သခင် ရုံးတော်အတွင်း အိမ်တော်တစ်ခုတွင် ကျင့်ကြံနေဆဲဖြစ်သည့် ဝမ်ရှောင်က ခပ်သဲ့သဲ့ ညည်းညူလိုက်ကာ သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူက တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရကာ ခေါင်းကို မော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ၏ အကြည့်တို့က ကျယ်ပြောသော လေဟာနယ်ကို ဖြတ်ကာ ကြည့်လိုက်ပြီး နတ်ရတနာက ​ဖျက်ဆီးခံလိုက်ရ၏ကို မြင်တွေ့ခဲ့ရသည်။

သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပြီး သူ့ပုံရိပ်က ထျန်းယန်မြို့သခင် ရုံးတော်ထက် လေထဲတွင် တိုက်ရိုက်ပေါ်ပေါက်လာသည်။ သူ၏ မျက်နှာက စက္ကူဖြူကဲ့သို့ ဖြူဖျော့နေခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။” ဝမ်ရှောင်၏ ပါးစပ်ထောင့်မှ သွေးတို့စီးကျလာပြီး သူ၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုတို့ ရှိနေခဲ့သည်။

***

All Chapters