ကောင်းကင်ဒေသနှင့် စီဝေ့ကြယ်ကမ္ဘာ
Vol. 180 Ch. 2579
“ဝမ်ရှောင်”
ထျန်းယန်မြို့သခင်၏ ရုံးတော်အထက် လေထဲတွင် ထျန်းယန်မြို့သခင်နှင့် အခြားကျင့်ကြံသူများ ပေါ်ပေါက်လာသည်။ သူတို့အားလုံးက အလွန် လေးနက်တည်ငြိမ်နေခဲ့ပြီး ဝမ်ရှောင်ထံ၌ ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသော အဖြစ်အပျက်ကြောင့် စိတ်မကောင်းဖြစ်နေကြပုံရသည်။
ဤနှစ်များတလျှောက် ဝမ်ရှောင်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူက အဆက်မပြတ် အားကောင်းလာနေပြီး သူက ထျန်းယန်မြို့ကို စိတ်မပျက်စေခဲ့ပေ။ အနာဂတ်တွင် သူက ထျန်းယန်မြို့၏ အစွမ်းထက်ဆုံး ကျင့်ကြံသူဖြစ်လာပေလိမ့်မည်။ သူ့လက်ထဲရှိ နတ်ရတနာနှင့် သူက ဤလောကအတွင်း ပြိုင်ဘက်ကင်းပေလိမ့်မည်။ မဟာအင်ပါယာအဆင့်အောက်ရှိ မည်သူမှ သူ့ရှေ့တွင် ရပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့အားလုံးက ဝမ်ရှောင်၏ အခြေအနေကို အထူးအာရုံစိုက်နေကြသည်။
ထျန်းယန်မြို့သခင်က ရောက်ရောက်ချင်း ဝမ်ရှောင်ကို မေးလိုက်သည်။
သူတို့က ဝမ်ရှောင်၏ ပါးစပ်ထောင့်မှ သွေးများစီးကျနေပြီး ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ အလွန် စိုးရိမ်ပူပန်သွားကြသည်။ သူက ပုံမှန်အတိုင်း ကျင့်ကြံနေသည်မဟုတ်ပါလား။ ယခုကဲ့သို့ အခြေအနေ မည်သို့ဖြစ်လာရသနည်း။ ဝမ်ရှောင်က တချို့သော အလှည့်အပြောင်းတချို့ကို တွေ့ကြုံခဲ့ရပုံရသည်။ သူ့ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် ပြဿနာပေလား။ မဟုတ်လျှင် သူ၏ စိတ်အခြေအနေနှင့် တစ်ခုခု ပတ်သတ်နေသည်လား။
သူတို့က မသိခဲ့ပေ။
သူတို့၏ အကြည့်များအားလုံးက ဝမ်ရှောင်ထံ ကျရောက်နေကြသည်။ ဝမ်ရှောင်က ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် သူက တဖြေးဖြေး လှည့်ကာ ထျန်းယန်မြို့မှ ကျင့်ကြံသူများကို ကြည့်၍ ပြောလိုက်သည်။ “နတ်ရတနာက ဖျက်ဆီးခံလိုက်ရပြီ။ စီဝေ့ကြယ်ကမ္ဘာရဲ့ ချိပ်စည်းကလည်း ပေါက်သွားပြီ။”
ထျန်းယန်မြို့သခင်နှင့် ကျင့်ကြံသူများ၏ နှလုံးသားတို့က တုန်ယင်သွားခဲ့သည်။ နတ်ရတနာက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
၎င်းက ထျန်းယန်မဟာအင်ပါယာကိုယ်တိုင် ဖန်တီးထားသည့် နတ်ဘုရားလက်နက်ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းတွင် မဟာအင်ပါယာ၏ စိတ်ဝိညာဥ်လည်း ပါဝင်နေသေးသည်။ မည်သို့ဖြစ်၍ ဖျက်ဆီးခံလိုက်ရပါသနည်း။
မည်သူက ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိပါသနည်း။
“သူက စီဝေ့မဟာအင်ပါယာရဲ့ စိတ်ဝိညာဥ်ကို နိုးထစေခဲ့တယ်။” ဝမ်ရှောင်က ဆက်ပြောလိုက်သည်။ သူ့မျက်နှာက ယခင်ကထက်ပို၍ ဖြူဖျော့ကာ အသက်မဲ့သလို ဖြစ်လာသည်။ သူက ကြယ်ကောင်းကင်သို့ ကြည့်လိုက်၏။ မူလဘုံအတွင်း၌ သူက အနိုင်ယူရန်မဖြစ်နိုင်သည့် တည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်သည်။
ဝမ်ရှောင်က ထူးချွန်ထက်မြက်လှသည့် ဖြစ်တည်မှုတစ်ခုအဖြစ် မွေးဖွားလာခဲ့သည်။ သူက ကောင်းကင်ဒေသ၏ အဓိကလူဖြစ်ရန် ကံကြမ္မာရှိထားပြီး ဖြစ်၏။ သူ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည့်အချိန်မှစကာ သူ့အမည်ကို တစ်လောကလုံးက သိရှိအောင် ပြုလုပ်နိုင်ခဲ့၏။
သူက တစ်ရက်အတွင်း တစ်လောကလုံးသိအောင် ကျော်ကြားလာခဲ့၏။
သူက ထျန်းယန်မဟာအင်ပါယာ၏ ဆက်ခံသူဖြစ်ပြီး နတ်ရတနာနှင့် ဆက်သွယ်နိုင်သည့် တစ်ယောက်တည်းသော အတော်ဆုံး လက်နက်ပြုလုပ်သူ ဖြစ်သည်။ ထိုဂုဏ်ပုဒ်များနှင့်ပင် သူက ကြီးကျယ်ခမ်းနားသော ဂုဏ်သရေကို ရနိုင်ပြီး ဖြစ်သည်။ အနာဂတ် ထျန်းယန်မြို့သခင်တစ်ယောက် အနေဖြင့် ထိုမျှ ပြိုင်ဘက်ကင်းသော ပါရမီမျိုးနှင့် သူက ကောင်းကင်ဒေသတွင် လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ်မျိုး ဖြစ်သင့်သည်။
သို့သော် ရီဖူရှင်းက ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်ခန့်က ရီဖူရှင်းပေါ်ပေါက်လာချိန်မှစကာ သူ့အရိပ်က ဝမ်ရှောင်၏ ကြီးမြတ်မှုတို့ကို အပြည့်အဝလွှမ်းမိုးထားခဲ့သည်။
နတ်ရတနာသည်ပင် သူ့ကို ချိပ်ပိတ်ထိန်းသိမ်းမထားနိုင်ပေ။ ယခု ချိပ်စည်းက ကျိုးပျက်သွားပြီး သူက လှောင်အိမ်ထဲမှ ထွက်လာခဲ့ပြီ ဖြစ်သည်။ သူတို့ တိုက်ပွဲမြေပြင်၌ တစ်ကြိမ်ထပ်မံတွေ့ဆုံသည့်အခါ သူက မည်သို့လုပ်နိုင်ပါမည်နည်း။
အချိန်မှားပြီး မွေးဖွားလာသူက မည်သူဖြစ်သနည်း။
ထျန်းယန်မြို့သခင်၏ မျက်နှာသည်လည်း အရုပ်ဆိုးသွားခဲ့သည်။ ထိုနတ်ရတနာသည်ပင် ရီဖူရှင်းအား မသတ်နိုင်သလို စီဝေ့ကြယ်ကမ္ဘာကို မဖျက်ဆီးနိုင်ခဲ့သည်လား။
ယခု သားရဲက လှောင်အိမ်ကို ချိုးဖျက်ကာ ထွက်လာပြီ ဖြစ်သည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ အမူအရာတို့က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ အကြောင်းပြချက်တချို့ကြောင့် ကောင်းကင်ဒေသ၏ အကြီးမြတ်ဆုံး လက်နက်သန့်စင်ရေးနယ်မြေရှိ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများသည် ရန်ဟောင်အထွတ်အထိပ် အဆင့်သာ ရှိသေးသည့် လူငယ်ကျင့်ကြံသူလေးတစ်ယောက်ကြောင့် စိုးရိမ်ထိတ်လန့်ခြင်းကို ခံစားခဲ့ရသည်။
သူက သူတို့ကို အလွန် ထိတ်လန့်အံ့သြစေလောက်အောင် ထူးချွန်သောကြောင့် ဖြစ်သည်။ ဝမ်ရှောင်သည်ပင် သူ့ကို မဖိနှိပ်နိုင်ခဲ့ပေ။ အနာဂတ်တွင် သူက သူတို့၏ အကြီးမားဆုံး ရန်သူဖြစ်လာမည်မှာ သေချာသည်။
“ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုမှတော့ အများကြီး တွေးနေဖို့ မလိုတော့ဘူး။ အဲဒါက မင်း ကျင့်ကြံခြင်းအပေါ် ဆက်ပြီးအာရုံစိုက်ဖို့ အကူအညီပေးလိမ့်မယ်။ မင်းက နတ်ရတနာကို ထိန်းချုပ်နိုင်သေးတယ်။ အနာဂတ်မှာ မင်း သူ့ကို အပြင်မှာတွေ့တဲ့အခါ သူက စီဝေ့ကြယ်ကမ္ဘာရဲ့ စွမ်းအားကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ မင်း သူ့ကို အေးအေးဆေးဆေး ရင်ဆိုင်လို့ရတယ်။” ထျန်းယန်မြို့သခင်က ကောင်းကင်ဒေသ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူက လျင်မြန်စွာ သတိဝင်လာခဲ့သည်။
မည်သည့်အရာပင်ဖြစ်စေ သူတို့ကို ထိတ်လန့်စေရန် မလုပ်ဆောင်နိုင်ပေ။
“ဟုတ်တယ်။ ထျန်းယန်မြို့က ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ သူက ထျန်းယန်မြို့ကို ထပ်လာရဲရင် ကျုပ်တို့ သူ့ကို ချက်ချင်းသတ်ပစ်မယ်။” ဘေးတွင်ရပ်နေသည့် စီနီယာမျိုးဆက် ကျင့်ကြံသူတစ်ယောက်ကလည်း ပြောလိုက်သည်။ သူတို့က ဝမ်ရှောင်၏ စိတ်အခြေအနေကို တည်ငြိမ်လာစေရန် မျှော်လင့်နေသည်။ ဝမ်ရှောင်က ထျန်းယန်မြို့၏ အရေးပါသူဖြစ်သည်။
အထူးသဖြင့် လောကအတွင်း ဆူပူလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနေသည့် အခြေအနေမျိုးတွင် ပဋိပက္ခများနှင့် တိုက်ပွဲများက ပိုမို များပြားလာသည်။ စစ်ပွဲက အချိန်မရွေး စတင်လာနိုင်သည်။
ထိုသို့ မသေချာမရေရာသည့် အချိန်မျိုးတွင် ဝမ်ရှောင်၏ ကြီးထွားဖွံ့ဖြိုးမှုက အခရာကျသည်။ ထျန်းယန်မြို့၏ အနာဂတ်က သူ့ပခုံးပေါ်တွင်ရှိနေခဲ့သည်။
ထျန်းယန်မြို့သခင်က မြို့သခင်ရုံးတော်ဘက်သို့ လှည့်ကာ ကြေညာလိုက်သည်။ “ကလန်ထဲက အဓိကအဖွဲ့သားတွေကို ချက်ချင်း ပြန်လာဖို့ ဆင့်ခေါ်လိုက်။ ကလန်ကို ပြန်လာပြီး ထျန်းယန်မြို့ကနေ ဘယ်သူမှ ထွက်မသွားစေနဲ့။”
“ကောင်းပါပြီ မြို့အရှင်။” ကျင့်ကြံသူများက သူ့အမိန့်ကို လက်ခံလိုက်ကြ၏။ ယခင်က ရီဖူရှင်းသည် အနောက်ဘက်ပင်လယ်နယ်မြေအတွင်း လူသတ်စက်ကဲ့သို့ ရမ်းကားကဲ့ပြီး အနောက်ဘက်ပင်လယ်နယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူပေါင်းများစွာ အသတ်ခံခဲ့ရသည်။ သူတို့က ထိုအကြောင်းကို သိရှိထားကြသည်။ ထျန်းယန်မြို့က ရီဖူရှင်းကို မကြောက်ရွံ့သော်လည်း သတိထားမှုကို မလျှော့ချရဲကြပေ။ သူတို့က ထျန်းယန်မြို့၏ ကျင့်ကြံသူများကို ရီဖူရှင်း အမဲလိုက်၍ရမည့် အခွင့်အရေးအား မပေးလိုကြချေ။
ရီဖူရှင်းက ထျန်းယန်မြို့ကို လာရဲလျှင် သူတို့က သူ့ကို ဤနေရာ၌ သတ်ဖြတ်လိမ့်မည် ဖြစ်သည်။
“ပြီးတော့ ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို အကြောင်းကြားလိုက်။” ထျန်းယန်မြို့သခင်က ဆက်ပြောလိုက်သည်။ ထိုစဥ်က ရီဖူရှင်းအား သုတ်သင်ပစ်ချင်ခဲ့သည်မှာ ထျန်းယန်မြို့တစ်ခုတည်းသာ မဟုတ်ခဲ့ပေ။ ယနေ့ စီဝေ့ကြယ်ကမ္ဘာ၏ ချိပ်စည်းပြေလျော့သွားပြီဖြစ်ရာ ကောင်းကင်ဒေသမှ အင်အားစုများစွာက စီဝေ့ကြယ်ကမ္ဘာကို ထပ်မံချေမှုန်းရန် နည်းလမ်းရှာဖွေရမည် ဖြစ်သည်။
ထိုအချိန်က ရှေးဟောင်းနတ်ဘုရားကလန်များစွာ ပါဝင်ခဲ့သည်။
ရီဖူရှင်း၏ ကောင်းချီးနှင့် ပါရမီက လောကအကန့်အသတ်ကို ကျော်လွန်နေလျှင်ပင် သူက ရှေးဟောင်းကလန်များစွာကို မည်သို့ ဆန့်ကျင်တိုက်ခိုက်နိုင်ပါမည်နည်း။
ထျန်းယန်မြို့သခင်က ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူက တည်ငြိမ်လာသည်။ သူ ယခင်က ထိတ်လန့်သွားရသည့်အကြောင်းရင်းမှာ ရုတ်တရက် ဖြစ်ပျက်သွားသောကြောင့် ဖြစ်သည်။ သူသည် နတ်ရတနာဖျက်ဆီးခံလိုက်ရမည်ဟု တွေးထားခဲ့ခြင်း မရှိပေ။ သို့သော် ယခုတွင် သူ၏ အတွေးများကို စုစည်းလိုက်သည့်အခါ နတ်ရတနာဖျက်ဆီးခံလိုက်ရခြင်းက ခေါင်းကိုက်စရာဖြစ်သော်လည်း သူတို့က ရှေ့ဆက်လှုပ်ရှားသင့်နေဆဲဖြစ်သည်။
ရီဖူရှင်း တစ်ယောက်တည်းနှင့် ထိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ထျန်းယိမြို့၏ ကျင့်ကြံသူများ အားလုံးက ထိတ်လန့်ခြင်းမှ ပြန်လည်သတိဝင်လာကာ ကိုယ့်တာဝန်ကိုယ် လုပ်ဆောင်ရန် အလုပ်များသွားတော့သည်။ တစ်ချိန်တည်းတွင် သူတို့က ကောင်းကင်ဒေသ၏ အင်အားစုများအား သတင်းပို့ခဲ့ကြသည်။
ထိုစဥ်က အဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် အင်အားစုများက သတင်းကို လက်ခံရရှိသည့်အခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးက စိုးရိမ်ထိတ်လန့်မှုကို ခံစားနေခဲ့ရသည်။ အထူးသဖြင့် တုန်းဟွာနယ်မြေသခင်အိမ်တော်နှင့် အနောက်ဘက်ပင်လယ်နယ်မြေကဲ့သို့ ရှေးဟောင်းနတ်ဘုရားကလန် မဟုတ်သည့် အင်အားစုများက အထိတ်လန့်ဆုံး ဖြစ်သည်။ သူတို့က ယနေ့ စီဝေ့ကြယ်ကမ္ဘာ၏ စွမ်းအားရှေ့တွင် အကာအကွယ်မဲ့နေသလိုပင် ဖြစ်သည်။
သို့သော် စီဝေ့ကြယ်ကမ္ဘာက နှစ်ဆယ့်ရှစ်နှစ်ခန့် ချိပ်ပိတ်ခံထားရသည့်အတွက် အများကြီးတိုးတက်လာခြင်း မဖြစ်နိုင်သည် မဟုတ်ပါလား။
…
ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာ အပြင်ဘက် အဆုံးမဲ့လေဟာနယ်အတွင်း နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရန် ရောက်လာခဲ့သည်။ နတ်ဘုရားကပ်ဘေးကို တစ်လကြာအောင် ရင်ဆိုင်ခဲ့ရပြီးနောက်မှသာ စီဝေ့ကြယ်ကမ္ဘာအတွင်း အင်ပါယာနန်းတော်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ ပြန်ရောက်လာပြီးနောက် စီဝေ့အင်ပါယာနန်းတော်က ရီဖူရှင်း၏ ပြန်လာမှုကို ကြိုဆိုရန်အတွက် အရေးကြီးသည့်သူများနှင့် စားသောက်ပွဲကျင်းပခဲ့သည်။
ချိပ်စည်းချိုးဖျက်ကာ နတ်ရတနာကို ဖျက်ဆီးပြီးနောက် ရီဖူရှင်း ပြန်လည်ရောက်ရှိလာခြင်းက အောင်ပွဲခံသင့်သော ကိစ္စပင်ဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်၏ စားသောက်ပွဲတွင် ရီဖူရှင်းက အဓိကခုံ၌ ထိုင်နေခဲ့ပြီး ကောင်းကင်အာဏာစက်နန်းတော်သခင်နှင့် အင်ပါယာနန်းတော်သခင်၏ ဇနီးဟွာဂျီယူက သူ့ဘေးတွင် ထိုင်နေခဲ့သည်။ သူ့ဘယ်ဘက်မှ ပထမခုံတွင် သခင်ချန်ထိုင်နေပြီး ညာဘက်၌ အခြားနန်းတော်သခင်သုံးယောက်ဖြစ်သည့် အင်ပါယာရှီ၊ မုရုံယွီ၊ တာအိုဘုန်းကြီးမူတို့ ထိုင်ကြသည်။ ထို့နောက် လက်ထောက်နန်းတော်သခင်များ ထိုင်ကြသည်။ ဤနေရာ၌ ရှိနေသည့်လူတိုင်းက အောင်ပွဲခံရန် ရောက်နေကြခြင်းဖြစ်သည်။
ရီဖူရှင်း၏ နောက်တွင် ငယ်ရွယ်သည့် ကျင့်ကြံသူလေးယောက် ထိုင်နေခဲ့သည်။ ဖန်းစွင်နှင့် အခြားလူများက ထိုနေရာတွင် ရှိနေခဲ့ပြီး သူတို့၏ ဆရာကို အလုပ်အကျွေးပြုနေခဲ့သည်။ သူတို့၏ ကျင့်ကြံဆင့်များက အလွန် မြင့်မားနေခဲ့ပြီဖြစ်သော်လည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ထိုနေရာ၌ ထိုင်နေခဲ့ရာ သူတို့က တပည့်အနေနှင့် အလုပ်အကျွေးပြုရန် လိုသည်။
“လာကြ။ နန်းတော်သခင်နဲ့ ဇနီးကို အရင်ဂုဏ်ပြုလိုက်ရအောင်။ ဒီတစ်ကြိမ် နန်းတော်သခင်ပြန်လာတာ စီဝေ့ကြယ်ကမ္ဘာအတွက် အကြီးမားဆုံး အံ့အားသင့်စရာပဲ။” သခင်ချန်က ခွက်ကို မြှောက်ရင်း ပြောလိုက်သည်။ ချက်ချင်းပင် ကျင့်ကြံသူအားလုံးကလည်း သူတို့၏ ခွက်များကိုမြှောက်ကာ ရီဖူရှင်းကို ဂုဏ်ပြုလိုက်ကြ၏။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့လည်း သူတို့၏ ခွက်များကို မြှောက်လိုက်ကြ၏။ သူက စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံးကို တွေ့ပြီးနောက်မှာ ဒီနှစ်ဆယ့်ရှစ်နှစ်အတွင်း ဘယ်သူမှ အလုပ်ကြိုးစားဖို့ မရပ်တန့်ခဲ့ဘူးဆိုတာ ကျုပ် ပြောနိုင်တယ်။ လူတိုင်းကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် သူက ခွက်ထဲမှ အရက်များအားလုံးကို သောက်လိုက်သည်။ လူတိုင်းကလည်း လိုက်သောက်ကြပြီးနောက် သူတို့၏ ခွက်များကို ပြန်ချထားလိုက်ကြသည်။
မုရုံယွီက ရယ်စရာပြောလိုက်၏။ “နန်းတော်သခင် ခင်ဗျား မသိသေးတာ တစ်ခုရှိသေးတယ်။ ပုံမှန်ဆို တာအိုဘုန်းကြီးမူကို ဖိတ်ခေါ်ဖို့က တော်တော်မဖြစ်နိုင်တာ။ သူ့မှာ ဘယ်အရာအတွက်မှ အချိန်ပိုမရှိနေဘူးလေ။ ဒါပေမယ့် ဒီတစ်ခေါက် နန်းတော်သခင် ပြန်လာတာကို ကြားလိုက်တာနဲ့ အရင်ဆုံးပြေးလာတာ သူဖြစ်နေတယ်။”
သူက စီဝေ့နန်းတော်သခင်ဖြစ်နေစဥ် တာအိုဘုန်းကြီးမူက အာခီမီနန်းတော်သခင် ဖြစ်သည်။
လူတိုင်းက စတင်ရယ်မောလိုက်ကြ၏။ တာအိုဘုန်းကြီးမူက စီဝေ့အင်ပါယာနန်းတော်၏ ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်၏။ လူတိုင်းက သူ့ကို လေးစားကြပြီး ဘိုးဘေးကဲ့သို့ ဆက်ဆံကြသည်။ ထိုသည်မှာ သူတို့က သူ့ကို တစ်ခုခု စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိပါက သူတို့အတွက် ဖော်စပ်ပေးသည့် ဆေးလုံးဆေးဝါးများ၏ အရည်အသွေးနှင့် အရေအတွက် လျော့ကျသွားမည်စိုးသောကြောင့် ဖြစ်သည်။
“မင်းတို့ ပုံမှန်ဆို ငါ့ကို ဘာကြောင့်ရှာလဲဆိုတာ ငါ မသိတာမို့လို့လား။” တာအိုဘုန်းကြီးမူက သရော်လိုက်သည်။ သူသည် မုရုံယွီကို လေးစားမှုလေးပင် ထားမနေချေ။
“သေစမ်း။ နန်းတော်သခင်က ဒီမှာ ရှိနေတာကို မင်းက အဲဒီအပြုအမူမျိုးလုပ်နေတုန်းလား။” မုရုံယွီက သူ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အရင်တုန်းက ငါ နန်းတော်သခင်ရဲ့ ကျေးဇူးတရားကို အကြွေးတင်မိနေတာကြောင့် စီဝေ့အင်ပါယာနန်းတော်ကို လာပြီး အာခီမီနန်းတော်ကို ဦးဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ငါက နန်းတော်သခင်အတွက် ငါ့ရဲ့ တာဝန်ကို ကျေပွန်အောင်ဖြည့်ဆည်းပေးပြီး ငါ့ရဲ့ အလုပ်ထဲမှာ မြှုပ်နှံထားမှာပဲ။” တာအိုဘုန်းကြီးမူက ပြောလိုက်သည်။ သူက ရီဖူရှင်းအပေါ် အလွန် ကျေးဇူးတင်နေဆဲ ဖြစ်သည်။
“ဟုတ်ပါပြီ။ မင်း သစ္စာရှိတာ သိပါတယ်။” မုရုံယွီက သူ့ကို ပြန်ပြောလိုက်သည်။ “ကျုပ်တို့ မင်းရဲ့ ဆေးလုံးတွေ လိုချင်တယ်ဆိုတာကလည်း ကျုပ်တို့ကိုယ်ကျုပ်တို့ မြန်မြန်တိုးတက်လာအောင်လို့လေ။ တစ်နေ့မှာ ကောင်းကင်ဒေသကို ချီတက်ပြီး နှစ်ဆယ့်ရှစ်နှစ်တာကာလအတွက် ရန်ငြိုးတွေကို ဖြေလျှော့နိုင်ဖို့ အားကောင်းလာအောင် လုပ်ချင်နေကြတာ။”
သူက ပြောပြီးနောက် ရီဖူရှင်းကို ကြည့်၍ ဆက်ပြောလိုက်၏။ “နန်းတော်သခင် စီဝေ့အင်ပါယာနန်းတော်ရဲ့ အင်အားစုတွေက သိသိသာသာ တိုးတက်လာတယ်။ အခု နန်းတော်သခင် ပြန်ရောက်လာပြီဆိုတော့ အင်ပါယာနန်းတော်ကို ဦးဆောင်ပြီး ကောင်းကင်ဒေသကို တိုက်ခိုက်ဖို့ ဘယ်အချိန်သွားမှာလဲ။ ကျုပ်တို့ သူတို့ရဲ့ အဖွဲ့အစည်းတစ်ခုနှစ်ခုကို ရှင်းလင်းသုတ်သင်ပြီး လွန်ခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကအတွက် ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်။”
မုရုံယွီ၏ စကားများကို ကြားသည့်အခါ လူတိုင်းက ရပ်တန့်၍ ရီဖူရှင်းကို ကြည့်လိုက်ကြ၏။ လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်အတွက် တောက်လောင်နေသည့် အမုန်းတရားများကို သူတို့အားလုံးက နှလုံးသားအတွင်း ဖိနှိပ်ထားခဲ့ကြရသည်။ ယခု ချိပ်စည်းက ပျက်စီးသွားပြီး နတ်ရတနာကလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် လူတိုင်းက ကောင်းကင်ဒေသကို တိုက်ခိုက်ကာ ဒေါသများကို ဖြေလျှော့ချင်နေကြသည်။
ရီဖူရှင်းက သူ့ခွက်ကို မြှောက်ကာ အထဲရှိ အရက်များအားလုံးကို သောက်ပစ်လိုက်သည်။ ထို့နောက် သူက ရောက်နေသည့် ကျင့်ကြံသူများ အားလုံးကို ဝေ့ကြည့်လိုက်သည်။ နှစ်ဆယ့်ရှစ်နှစ် ကုန်လွန်သွားပြီးနောက် သူတို့က သိသိသာသာ တိုးတက်လာကြသည်။
“အလျင်မလိုနဲ့။” ရီဖူရှင်း၏ အကြည့်များက လေဆာကဲ့သို့ ထက်ရှနေသည်။ “နှစ်ဆယ့်ရှစ်နှစ်တောင် စောင့်နေခဲ့ပြီးပြီကို ဘာလို့အခုမှ အလျင်လိုနေရမှာလဲ။ အင်ပါယာနန်းတော်က တကယ် သိသိသာသာ တိုးတက်လာတယ်ဆိုပေမယ့် ထိပ်သီးအဆင့် စွမ်းအားတွေ လစ်လပ်နေသေးတယ်။ ကျုပ်တို့မှာ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူတွေ ပိုလိုအပ်နေတယ်။ ဒီတစ်ခေါက် ကျုပ် အရင်ဆုံး တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်။ အရင်ကလိုပဲ ကျုပ်တို့ တခြားကိစ္စတွေ မစီစဥ်ခင် အင်ပါယာနန်းတော်က ကျင့်ကြံသူတွေရဲ့ စွမ်းအားအဆင့်ကို မြှင့်တင်ဖို့ နတ်ဘုရားတစ်ပိုင်းဆေးလုံးတွေ တစ်သုတ်လောက် ဖော်စပ်ဖို့ လိုအပ်တယ်။”
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်က ယခင်ကနှင့်တူညီစွာ အထွတ်အထိပ်ရန်ဟောင်အဆင့် ဖြစ်ပြီး ပြောင်းလဲခြင်းမရှိပေ။
ကောင်းကင်ဒေသမှ လူများမဆိုထားနှင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်ပင် သူက ဒုတိယအကြိမ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီးသည်ကို မသိကြပေ။
ယခုတွင် သူတို့က သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို မြှင့်တင်ပြီး စီဝေ့အင်ပါယာနန်းတော်အား ပိုမိုအစွမ်းထက်လာအောင် လုပ်ရန် လိုအပ်သည်။ ထို့နောက် သူတို့က ကောင်းကင်ဒေသကို ကြီးမားသည့် အံ့သြတုန်လှုပ်မှုအား ပေးလိမ့်ကြမည်ဖြစ်သည်။ သူက လွန်ခဲ့သော နှစ်ဆယ့်ရှစ်နှစ်ကကဲ့သို့ ခုခံရန်အင်အားမရှိဘဲ ကောင်းကင်ဒေသမှ အင်အားစုများ၏ ဝန်းရံခြင်းကို ခံခဲ့ရသော တူညီသည့် အခြေအနေမျိုးကို ထပ်မကြုံတွေ့ချင်ပေ။
အနည်းဆုံး သူက စီဝေ့ကြယ်ကမ္ဘာအတွင်း၌ ပို၍ များသော နတ်ဘုရားကပ်ဘေးအဆင့်ကျင့်ကြံသူတို့ကို ပိုလိုချင်သည်။ အများစုက ရောက်လုနီးပါး ရှိနေပြီ ဖြစ်သည်။ သူတို့က ချိုးဖျက်အဆင့်တက်နိုင်လုဆဲဆဲ အခြေအနေ၌ရှိနေကာ ခြေတစ်လှမ်းသာ လိုအပ်ပေတော့သည်။
လက်စားချေရန်အတွက်မူ မည်သည့်အတွက်ကြောင့် ယခုချက်ချင်း အလျင်စလို လုပ်ရန် လိုအပ်ပါမည်နည်း။ သူတို့က နှစ်ဆယ့်ရှစ်နှစ်လုံး သည်းခံစောင့်ဆိုင်းခဲ့ပြီး ဖြစ်သည်။ အချိန်အနည်းငယ် ထပ်မံစောင့်ဆိုင်းရန်မှာ မည်မျှခက်ခဲခြင်းရှိနိုင်ပါမည်နည်း။
“ကောင်းပါပြီ။” လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ရီဖူရှင်း နတ်ဘုရားတစ်ပိုင်းဆေးလုံးများ ထပ်မံဖော်စပ်မည်ဟု ကြားလိုက်သောအခါ သူတို့က ပျော်ရွှင်သွားကြသည်။
နှစ်ဆယ့်ရှစ်နှစ်ကြာပြီးနောက် ရီဖူရှင်းက နတ်ဘုရားတစ်ပိုင်းအဆင့် ဆေးလုံးများ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။
***