← Chapters

အဆိပ်အလောင်းနှင့် ကိုယ်ပွား

Vol. 30 Ch. 410

အဆိပ်အလောင်းနှင့် ကိုယ်ပွား

Vol. 30 Ch. 410

' တိထျန်းရဲ့ ကိုယ်ပွားက မာန်နတ်ဘုရားရဲ့ စွမ်းအားကြောင့် ပျောက်ကွယ်သွားခဲ့ပြီ....ဒါပေမယ့် သူ့ကိုယ်ပွားက သိပ်အစွမ်းထက်တယ်....နောက်ထပ်ကိုယ်ပွားတစ်ခုထပ်ပို့လိုက်ရင်ရော....ဒါမှမဟုတ် သူကိုယ်တိုင်ရောက်လာရင်ရော....'

စုမင် တင်ပြင်ခွေထိုင်ပြီး လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးနေခဲ့သည်။ စုမင်၏ မျက်နှာသည်လည်း တဖြည်းဖြည်း မည်းမှောင်လာလေ၏......

' ဒါပေမယ့် သူ့မှာ ဒီလောက်ထိ အစွမ်းထက်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်ဆိုရင် ငါက ဘာအတွက်ကြောင့် သူ့အတွက် အရေးပါနေရတာလဲ...ငါ့မှာ လျှို့ဝှက်ချက်တွေရှိနေတာလား ဒါမှမဟုတ် တိထျန်းရဲ့ နှလုံးသားထဲမှာ ရှိနေတာများလား....'

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အချိန်အတော်ကြာတွေးနေပေမယ့်လည်း တိကျသည့် အဖြေ ထွက်မလာသေးပေ......

' ဖေးအာ....'

စုမင် ညှင်သာစွာ ရေရွတ်လိုက်သည်။ ထိုစကားနှစ်ခွန်း ရေရွတ်ပြီးချိန်၌ စုမင်၏ နှလုံးသားထဲတွင်ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးခြင်းကြောင့် ခန္ဓာကိုယ်အား ထိန်းချုပ်မရတော့ပေ....

မျက်လုံးမှိတ်လိုက်သည်....မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်လည်း ဝမ်းနည်းပူဆွေးမှုများ ကျန်ရစ်နေသေး၏......

' ဘာအကြောင်းကြောင့် ဝမ်းနည်းနေလဲ မသိနိူင်ခြင်းဟာ အကြီးမားဆုံးသော ပူဆွေး​ဝမ်းနည်းမှုတစ်ခုဖြစ်နိုင်တယ်....'

စုမင် တီးတိုးရေရွတ်လိုက်သည်။ ခေါင်းတလားထဲက မိန်းကလေးရုပ်ထုလေးအား သတိရမိနေသည်။အိမ်မက်ထဲမှ အရာအားလုံးသည် အမှန်ဖြစ်ချင်မှ ဖြစ်နိူင်လိမ့်မည်ဟု နားလည်ထားပါသည်။ သို့သော်.... ကြီးမားဆုံးသော မှတ်ဉာဏ်အပိုင်းအစတစ်ခု ပျောက်ဆုံးနေပြီး စုမင်၏ ကိုယ် စိတ်နှစ်ပါးစလုံးသည် ၎င်းကြောင့်ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးမှုအား ခံစားနိူင်ရန် ခက်ခဲလွန်းလှပေ၏.....

နက်ရှိုင်းလှတဲ့ အမှတ်ရစရာတွေမရှိရင် အရင်းနှီးဆုံးလူတွေတောင် သူစိမ်းတွေဖြစ်သွားလိမ့်မယ်... ဒါပေမယ့် ခန္ဓာကိုယ်ရဲ့အမှတ်တရတွေကို ဘယ်သူမှ ဖျောက်ဖျက်လို့မရပါဘူး။ စိတ်ထဲမှာ နာကျင်တာက ဒီဝမ်းနည်းမှုတွေ တည်ရှိနေတာကို အမှတ်ရစေတယ်.....ဒါပေမယ့် ငါ့စိတ်က တည်ငြိမ်နေတယ်။ ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ် ကွဲကွာနေရင်တောင်မှ ငါ့စိတ်က တည်ငြိမ်နေတယ်.....'

' ကံကြမ္မာဆိုတာ ဘာလဲ...'

' တိထျန်းလိုချင်တာ ဘာလဲ...'

' ငါကရော ဘယ်သူလဲ....နက်မှောင်တောင်မှာ ဖြစ်ပျက်ခဲ့သမျှတွေက ပုံရိပ်ယောင်တွေပဲလား...'

' အကြီးအကဲက ငါ့ကို  ဘာ့ကြောင့်များ စုမင်လို့ နာမည်ပေးခဲ့တာလဲ...'

' ကံကြမ္မာ..ကံကြမ္မာတဲ့....ငါ့ ကံကြမ္မာကို ငါဖန်တီးနိူင်မယ်ဆို ဘယ်သူကများ  ငါ့ကို ကံကြမ္မာလို့ ခေါ်ရဲမှာလဲ....ဘယ်သူမှခေါ်ရဲမှာ မဟုတ်ဘူး...'

စုမင် ခေါင်းမော့လိုက်ပြီး ချိတ်စည်းအလွန်က ကောင်းကင်ကြီးအား ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့လက်များဖြင့် စည်းတံဆိပ်များကို စတင်ဖွဲ့စည်းခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ အခြေတည်ဝိညာဉ်သည် စည်းတံဆိပ်များနှင့်အတူရွေ့လျားနေကာ ရုပ်သေးရုပ်များကို သန့်စင်ရန် လိုအပ်သည့် နတ်ဘုရားစွမ်းရည်များကို သွန်းလောင်းပေးနေသည်။မာန်စွမ်းအားရှင် အဖိုးအိုသည် ထိုလုပ်ငန်းစဉ်၏ ပါဝင်ပစ္စည်းဖြစ်လေ၏.....

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်လတာ ကုန်ဆုံးခဲ့လေပြီ......

ထိုအချိန်ကာလအတွင်း မြွေငယ်လေးသည် ပတ်ဝန်းကျင်အား သတိမပြတ်ကြည့်ရှူစစ်ဆေးပြီး စုမင်အား ကာကွယ်ပေးနေခဲ့၏.....

တစ်နေ့သ၌......လောကစွမ်းအားများသည် စုမင်၏ ဂူထဲသို့ ဝဲဂယက်သဏ္ဍာန်စုဝေးဝင်ရောက်လာကြပြီး ထိုဝဲဂယက်ဧရိယာတစ်ခုလုံးရှိ စွမ်းအားများအားစုပ်ယူနေ၏...ထို့ကြောင့် တောင်တန်းတစ်ခုလုံး တုန်ဟီးစပြုလာလေပြီ....ထိုဖြစ်စဉ်များသည် စုမင်၏ ဂူထဲမှ လူနှစ်ယောက် ထွက်မလာခင်အထိ ဖြစ်ပွားနေခဲ့သည်။

ရှေ့ကနေ လျှောက်လာသူသည် စုမင်ဖြစ်၏....စုမင်သည် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်။ စုမင်၏ နောက်ဘက်တွင် မာန်စွမ်းအားရှင် အဖိုးအို ရှိနေပြီး အဖိုးအိုသည် ခေါင်းအစခြေအဆုံး အနက်ရောင်အငွေ့များ ဖုံးလွှမ်းနေပြီး အကြည့်များသည် ဗလာဖြစ်နေ၏....ထိုအဖိုးအိုထံမှ အော်ဂလီဆန်စရာကောင်းသော လေထုတစ်ခု ပျံ့လွင့်နေသည်။

စုမင်သည် ဂူအပြင်ဘက်တွင် ရပ်လိုက်ပြီး သူ့နောက်မှ အဖိုးအိုကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မှိန်ဖျော့ဖျော့အလင်းပေါ်လာပြီး ညာလက်ကို မြှောက်ကာ စည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ ချက်ချင်းပင် အဘိုးအို၏ မျက်လုံးထဲတွင် နက်မှောင်သော အလင်းရောင် တောက်ပလာပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏........

ထိုလက်သီးတစ်ချက်သည် မိုးခြိန်းသံကဲ့သို့ကျယ်လောင်သော မြည်သံကြီးနှင့်အတူ ကောင်းကင်ယံထက်၌ လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ လက်သီးချက် ပစ်သွင်းလိုက်စဉ်တွင် အနက်ရောင် မြူခိုးများသည်   ပေခုနစ်ဆယ်၊ပေ ရှစ်ဆယ်ခန့်အထိ ပျံ့နှံ့ဖုံးလွှမ်းသွားသည်။ မြွေငယ်လေးသည် အနက်ရောင်မြူခိုးများအား ခပ်ဝေးဝေးမှ နေ၍ စူးစမ်းလိုဟန် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

အဖိုးအိုသည် လေထုထဲတွင် မလှုပ်မယှက် ငြိမ်သက်နေ၏.....

စုမင် အဖိုးအိုအား တစ်ချက်ကြည့်လိုက်ပြီး အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

' ဒီလူရဲ့ အဆင့်က မာန်ဝိဉာဉ် ကနဉီးအဆင့်မှာပဲရှိသေးပေမယ့် ခန္ဓာကိုယ်က တကယ်ကို ကြံ့ခိုင်တယ်...ဒါ့အပြင် သူ့ဝိဉာဉ်ကို အပိုင်းပိုင်းခွဲပြီး ခန္ဓာကိုယ်ထဲမှာ ဝှက်ထားနိူင်တဲ့ နတ်ဘုရားစွမ်းရည်ကိုလဲ ကျင့်ကြံထားသေးတယ်....'

' အင်မော်တယ်ကျင့်​စဉ်သုံးပြီး ရုပ်သေးရုပ်အဖြစ် သန့်စင်တာတောင် ဝိဉာဉ်နှစ်ခုနဲ့ စိတ်ခံစားချက်လေးခုကိုပဲ သန့်စင်နိုင်သေးတယ်...ကျန်တာတွေကို ရှာမတွေ့သေးဘူး....ကျန်တာတွေကိုသာ သန့်စင်လိုက်မယ်ဆို အခုလို သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားကိုပဲ သုံးနိူင်မယ့်အစား မာန်စွမ်းအားတွေကိုပါ သုံးနိူင်မှာ...'

[ TN /  လူတစ်ဉီးကို Three 魂 (Hun) and seven 魄 (Po), three souls and seven Spirits တို့နဲ့ ဖွဲ့စည်းထားတယ်လို့ တာအိုဝါဒီသမားတွေက ယုံကြည်ထားကြတယ်......ဝိဉာဉ်သုံးပါးက ဘဝ၊ ဆန္ဒနဲ့ အသိဉာဏ်ကို ထိန်းချုပ်တယ်...စိတ်ခံစားချက်ခုနစ်ပါးက ပျော်ရွှင်မှု၊ ဒေါသ၊ အကြောက်တရား၊ ဝမ်းနည်းပူဆွေးမှု၊ အချစ်၊ အမုန်း၊ တောင့်တမှု တို့ဖြစ်ကြတယ်.....]

' အခုအနေအထားကလဲ မဆိုးပါဘူးလေ....ဟုန်လော့ ပေးခဲ့တဲ့ ပညာရပ်နဲ့ ငါ ဒီအဆိပ်အလောင်းကို သန့်စင်နိူင်ခဲ့ပြီပဲ.....အဖိုးကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားစွမ်းရည် အချို့ ရှိနေပြီးသားဆိုတော့ ငါ့ဘက်က နတ်ဘုရားစွမ်းရည်တောင် သုံးစရာမလိုဘဲ ခွန်အားသက်သက်နဲ့တင် သန့်စင်နိူင်ခဲ့တယ်...'

' လောလောဆယ် တစ်ဝက်လောက်ပဲ ​သန့်စင်နိူင်သေးတယ်...အဖိုးကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ မြွေလေးရဲ့ အဆိပ်တွေ လွှမ်းမိုးနေတယ်ဆိုတော့ ဒီအဆိပ်တွေကို ခဏလောက်တော့သုံးလို့ရမယ်...နောက်တစ်ချိန် အဆိပ်ထပ်တွေ့မှ သူ့ကို စုပ်ယူခိုင်းပြီး အစစ်အမှန် အဆိပ်အလောင်းအဖြစ် ပြောင်းပစ်ရမယ်....'

' ဒီအလောင်းတစ်ခုထဲနဲ့တော့ ရေခဲတွေကို ခွဲလို့ရမှာမဟုတ်သေးဘူး......ပြင်ဆင်မှုတွေ ထပ်လုပ်ဖို့ လိုနေတုန်းပဲ.....'

စုမင်သည် အဆိပ်အေလာင်းထံသို့ အတွေးတစ်ခုပို့လွှတ်ပြီးသည်နှင့် သီးသန့်ကျင့်ကြံရန် ဂူထဲသို့ ပြန်ဝင်သွားလေသည်။

ခေါင်းအစ ခြေအဆုံး အနက်ရောင်အငွေ့များဖုံးလွှမ်းနေသည့် အဆိပ်အလောင်းသည် လေထုထဲမှ သက်ဆင်းလာပြီး ဂူပေါက်ဝ၌ မလှုပ်မယှက် ရပ်နေလေ၏.....

ကောင်းကင်ပေါ်က မြွေငယ်လေးသည် ရုပ်သေးရုပ်ဆီ လျှပ်တစ်ပြက် ပျံသန်းပြီး တခဏတာ တုံ့ဆိုင်းနေကာ ​မြည်တွန်သံတစ်ချက်ပြုပြီး အဆိပ်အလောင်း၏ ခေါင်းပေါ်၌ သက်တောင့်သက်သာ ရစ်ခွေနေလေသည်။

အချိန်များသည် ရွေ့လျားနေ၏......

ဤရက်ပိုင်းအတွင်း စုမင်သည် ကျိယွင်ဟိုင်၏အလောင်းအား ရုပ်သေးရုပ်အဖြစ် သန့်စင်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော်...ကျိယွင်ဟိုင်၏ အလောင်းထဲသို့ စုမင်၏ နတ်ဘုရားအာရုံပို့လွှတ်လိုက်တိုင်း ထိုနတ်ဘုရားအာရုံများသည် ကြာကြာတည်မြဲနိုင်ခြင်းမရှိကြပေ....ထိုအလောင်းထဲတွင် စုမင်၏ အမှတ်အသားချန်ရစ်ရန် နေရာမရှိပေ.....

ကျိယွင်ဟိုင်၏ အလောင်းသည် ကိုယ်တွင်းကလီစာ တစ်ခုမျှမရှိလေသော အခွံသက်သက်သာ ဖြစ်နေ၏....ထိုအလောင်းအား မဒမ်ဂျိ မည်သို့ ထိန်းချုပ်ခဲ့ကြောင်း စုမင် ပဟေဠိဖြစ်မိနေသည်။

နည်းလမ်းများစွာ သုံးခဲ့သော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်လာခဲ့ပေ.....စုမင်တစ်ယောက် ကျိယွင်ဟိုင်၏အလောင်းအား စိတ်ပျက်လက်ပျက် စိုက်ကြည့်နေရုံသာ တတ်န်ိုင်ပေတော့သည်။

' စိတ်ဝိဉာဉ်ဖမ်းစားသူတွေရဲ့ ရုပ်သေးရုပ်တွေက လျှို့ဝှက်ဆန်းကြယ်ကြတယ်...မဒမ်ဂျိရဲ့ ရုပ်သေးရုပ်နဲ့ ငါ အရင်ကတွေ့ဖူးတဲ့ စိတ်ဝိဉာဉ်ဖမ်းစားသူ ကောင်လေးရဲ့ ရုပ်သေးရုပ်နဲ့ မတူကြဘူး....ဒီရုပ်သေးရုပ်ကို မဒမ်ဂျိ ဘယ်လိုများ ထိန်းချုပ်ခဲ့တာလဲ....'

'ဒါက အခွံသက်သက်ပဲ!'

စုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်​တရက်​ သူ့မျက်​နှာ​ပေါ် မှာ လေးနက်တဲ့ အမူအရာတစ်ခု ပေါ်လာပြီး ကျိယွင်ဟိုင် ရဲ့ အလောင်းကို အမြန်​ကြည့်​လိုက်​သည်​။ တောက်ပသော အလင်းတန်းတစ်ခု သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

'အခွံသက်သက်......အခွံသက်သက် ဆို​တော့.....'

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ တခဏမျှ ငြိမ်သက်သွားပြီးနောက် မျက်လုံးကိုမှိတ်လိုက်ပြီး သူ့လက်ဖြင့် စည်းတံဆိပ်များဖန်တီးကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောအမှတ်များစွာကို နှိပ်လိုက်သည်။ သူ၏ တည်ရှိမှုတစ်ခုလုံး ပြောင်းလဲသွားပြီး သူ့ဒန်တျန်ထဲတွင်ရှိနေသော  အခြေတည်ဝိညာဉ်အဆင့် ဝိဉာဉ်ငယ်လေးသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲမှာ မြင်နေသည့် စိတ်ဝိညာဉ်သည် စုမင် အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားနေလေ၏.....

လှုပ်ရှားမှုတစ်ချက်ဖြင့်ပင် ထိုဝိဉာဉ်ငယ်လေးသည် စုမင်၏ ဉီးခေါင်းခွံထဲမှ ထိုးထွက်လာပြီး ဉီးခေါင်းထက်တွင် မျောလွှင့်နေသည်။ထိုဝိဉာဉ်ငယ်လေးသည် လေအဝှေ့တွင် ​လွှင့်ပါးတော့မည့်ဟန် ဝေဝါးနေ၏.....စုမင် ထိတ်လန့်သွားသည့်အခါ ထိုဝိဉာဉ်ငယ်လေး၏ မျက်ဝန်းများထဲတွင်လည်း စိတ်ရှုပ်ထွေးခြင်းနှင့် ထိတ်လန့်ခြင်းအရိပ်အယောင်များ ထင်ဟပ်လာလေသည်။

' အခြေတည်ဝိဉာဉ်အဆင့် ကျင့်ကြံသူတွေက သူတို့ရဲ့ စိတ်ဝိဉာဉ်ကိုပဲ ကျင့်ကြံကြတယ်....သူတို့ရဲ့ခန္ဓာကိုယ်ဆိုတာ ဗလာဖြစ်နေတဲ့ အခွံသက်သက်ပဲ.....သူ့တို့အတွက်က  အခြေတည်စိတ်ဝိဉာဉ်သာလျှင် အခြေခံအုတ်မြစ်ဖြစ်တယ်....ကျင့်ကြံဝူတစ်ယောက်က အခြေတည်စိတ်ဝိဉာဉ် ဒါမှမဟုတ်အခြေတည်နတ်ဘုရား စွမ်းအားတွေကို ထုတ်ယူခံလိုက်ရတာနဲ့ သေဆုံးသွားလိမ့်မယ်...တခြားနည်းနဲ့ပြောရရင် သူတို့အတွက် ရုပ်ခန္ဓာဆိုတာ အရေးမပါဘူး.....'

ဝိဉာဉ်ငယ်လေး၏ နှုတ်ကနေ စုမင်၏အသံများ ထွက်ပေါ်လာပြီး ထိုဝိဉာဉ်ငယ်လေးသည် ကျိယွင်ဟိုင်၏ အလောင်းထဲသို့ ဉီးတည်ပျံဝဲသွားလေ၏.....

တခဏအကြာတွင် ကျိယွင်ဟိုင်၏ မျက်လုံးများပွင့်လာလေ၏...ထိုမျက်လုံးများသည် မှုန်မှိုင်းနေသော်လည်း ထိုမှုန်မှိုင်းမှု၏ အနက်ရှိုင်းဆုံးနေရာတွက် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်နေသည်။

ကျိယွင်ဟိုင် ထထိုင်လိုက်ပြီး ခန္ဓာကိုယ်အားစစ်​ဆေးရန် ခေါင်းငုံ့လိုက်သည်။ တခဏအကြာတွင် နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုဖြစ်တည်လာလေ၏........

'မဆိုးပါဘူး...... မဒမ်ဂျိရဲ့ နည်းလမ်းနဲ့ မတူပေမယ့်လဲ ငါ့နည်းငါ့ဟန်နဲ့ ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ပြီပဲ.......'

တစ်ချိန်တည်းမှာပင် စုမင် မျက်လုံးများကို ဖွင့်လိုက်သည်။ ကျိယွင်ဟိုင်၏အကြည့်ကိုတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး တစ်ချိန်တည်းမှာပင် စိတ်ဝင်တစားရှိသည့် အမူအရာတစ်ခုက သူ့မျက်နှာပြင်ထက်တွင် ဖြစ်ပေါ်လာလေ၏.....

စုမင် ကျိယွင်ဟိုင်ကို ကြည့်ရင်းကနေ နှစ်ကိုယ်ခွဲလိုက်ရသလို ခံစားနေရ၏.....သူတို့နှစ်ဉီးထဲမှ အင်မော်တယ်မျိုးနွယ်စု၏ ကျင့်ကြံခြင်းစွမ်းအားများရှိနေသောသူသည် ကျိယွင်ဟိုင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပြီး နောက်တစ်ဉီး ဖြစ်သည့် မိမိကိုယ်တိုင်သည် ထိုသူအား ပညာရပ်သုံး၍ ထိန်းချုပ်နေရသည်။

စုမင် ပြုံးလိုက်သည့်အခါ စုမင်၏ အခြေတည်စိတ်ဝိဉာဉ်ဝင်ရောက်နေသော ကျိယွင်ဟိုင်သည်လည်း ပြုံးလိုက်လေ၏......စုမင် မတ်တပ်ထရပ်လိုက်ချိန်တွင် အခြားအခန်းထဲတွင် ရှိနေသော ပိုးတောင်မာများသည် နိုးထလာကြပြီး စုမင်ထံသို့ တဟုန်ထိုးပျံသန်းလာကြလေသည်။

စုမင်၏ အကြည့်များ ကျဉ်းမြောင်းသွားသော်လည်း မလှုပ်ရှားသေးပေ....သူ၏ အခြေတည်ဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ကျိယွင်ဟိုင်ပင်လျှင် မလှုပ်ရှားခဲ့ပေ။ သူသည် ထိုပိုးကောင်များ ၎င်းတို့ထံ ချဉ်းကပ်လာစေပြီး ကျိယွင်ဟိုင်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်ကို ကြည့်နေခဲ့၏........

အကယ်၍ မည်သူမျှ အနီးကပ်ကြည့်ရှုခြင်းမပြုပါက ဤခန္ဓာကိုယ်သည် အသွေးအသားဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ ထိုအင်းဆက်ပိုးမွှားများကြောင့်ဖြစ်တည်နေသည်ဟု ထင်ကြပေလိမ့်မည်....

'ဒီလိုဆိုရင် ဒါကို ငါ့ရဲ့ ကိုယ်ပွားတစ်ခုအဖြစ်သတ်မှတ်လို့ရပြီ... ’

စုမင်၏ စိတ်ဓာတ်များ တက်ကြွလာသည်။ သူသည် တိထျန်း၏ ကိုယ်ပွားစွမ်းအားကို မြင်တွေ့ခံစားဖူးခဲ့သည်ဖြစ်သောကြောင့် အခုကဲ့သို့ ကိုယ်ပွားရုဏ်သေးရုပ်တစ်ခု ပိုင်ဆိုင်ချိန်မှာ အင်မော်တယ်မျိုးနွယ်စု၏ ပညာရပ်များအပေါ် ပိုမိုနားလည်လာခဲ့လေပြီ.......

စုမင်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီဖြစ်သည်။ တစ်ချက်တွေးရုံဖြင့် အမှောင်ကိုယ်ပွား၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး ​ခြေတစ်လှမ်းထဲဖြင့် ဂူထဲမှ ထွက်သွားလေ၏.....

ကိုယ်ပွားထွက်သွားသည်ကို ကြည့်ပြီးနောက် စုမင်ညာလက်ကို မြှောက်လိုက်သည့်အခါ လက်ထဲတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော သလင်းကျောက်တစ်ခု ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်သည် လေမာန်နတ်ဘုရား၏ သလင်းကျောက်ဖြစ်သည်။ထိုအရာကို စိုက်ကြည့်နေရင်း စုမင်၏ မျက်လုံးများတွင် ထူးဆန်းမှုများ ထင်ဟပ်လာခဲ့သည်။

ဒီပစ္စည်းနဲ့ပေါင်းစပ်နိူင်ဖို့ တွေးနိူင်သမျှ တွေးထားပေမယ့် တကယ်တမ်းတွင် ခက်ခဲလွန်းလှပေသည်။ မဒမ်ဂျိနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက မဒမ်ဂျိထံတွင် နတ်ဘုရားအာရုံရှိမှန်း သိလိုက်ရသည့်အခါ စုမင်၏ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာခဲ့လေသည်။

သို့သော် နောက်ပိုင်းတွင် သတိလစ်သွားခဲ့သည်။ ယခု မိမိနေထိုင်ရာ ဂူသို့ ပြန်ရောက်သောအခါတွင်၊ ထိုအကြံသည် ဖြစ်နိုင်ချေရှိမရှိကို သိရန် သူ့စိတ်ကို ရှင်းရှင်းလင်းလင်းထား၍ တွေးတောခဲ့လေသည်။

' မာန်နတ်ဘုရားရဲ့စွမ်းအားနဲ့  ဟန်တောင်တန်းခေါင်းလောင်းတို့လိုပဲ ဒီ အင်မော်တယ်စွမ်းအားကလဲ ငါ့အတွက်တော့ ပြင်ပစွမ်းအားသက်သက်ပဲ...ငါ ပြင်ပ ပစ္စည်းတွေကို အားကိုးနေလို့မဖြစ်ဘူး....မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ရဲ့ အခြေခံအုတ်မြစ်ကိုသာ ပိုပြီးခိုင်မာအောင် လုပ်သင့်တယ်...'

သလင်းကျောက်အား ကြည့်နေရင်းကနေ စုမင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖြတ်သန်းသွားလေသည်။

'ဒီနည်းလမ်းက အလုပ်ဖြစ်နိုင်လောက်တယ်!’

ထိုအချိန်တွင် စုမင်၏အခြေတည်စိတ်ဝိဉာဉ်ဝင်ရောက်နေသော ကိုယ်ပွားသည် စုမင်၏ ထိန်းချုပ်မှုကြောင့် ဂူထဲမှ ထွက်လာလေသည်။ အဆိပ်အလောင်းကောင်၏ ခေါင်းပေါ်တွင် ရစ်ခွေနေသေ မြွေငယ်လေးသည် ကိုယ်ပွားကို မြင်သောအခါ မျက်လုံးများထဲတွင် မသေချာမရေရာမှုများ ဖြစ်ပေါ်လာလေသည်။

စုမင်၏ ကိုယ်ပွား ပြုံးနေ၏......မြေပြင်အား ညာလက်ဖြင့် ရိုက်ချလိုက်သောအခါ ကြိုးကြာနက်မျိုးနွယ်စု၏ အလောင်းသည် သူ့ထံသို့ ပျံဝဲလာခဲ့သည်။ကိုယ်ပွား၏ လက်ထဲတွင် ထိုအလောင်းသည် ကောင်းကင်ထံသို့ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းသဖွယ် ပစ်လွှတ်ခံလိုက်ရလေသည်။ ချိတ်ပိတ်ထားသော စည်းတံဆိပ်နှင့် နီးကပ်လာသည့် အခါ စုမင်၏ ကိုယ်ပွားသည် ဘယ်လက်ညှိုးမြှောက်ပြီး လေထုထဲတွင် စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ ထိုအခါ ဟုန်လော့၏ စည်းတံဆိပ်သည် လျင်မြန်စွာ အားနည်းလာပြီး လှိုင်းဂယက်တစ်ခုဖြစ်ပေါ်လာသည်။  ထိုလှိုင်းဂယက်ပေါ်  စုမင်၏ကိုယ်ပွားသည့်အခါ အစအနမကျန်ဘဲ ပျောက်ကွယ်သွားလေတော့သည်။

ပြန်ပေါ်လာသောအခါ၊ ကိုယ်ပွားသည် လေထဲ၌ရပ်နေ၏။ ခေါင်းကိုငုံ့ကြည့်လိုက်သည့်အခါ  တောင်တန်းကြီးအစား  မြေကွက်လပ်တစ်ခုကိုသာတွေ့နေရသည်။ မနီးမဝေးတွင် ငုတ်တုတ်ထိုင်နေသည့် အနီရောင်မျောက်ဝံကြီးသည်   နီရဲသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေလေသည်။

မီးတောက်မျောက်ဝံကို မြင်သည့်အခါ စုမင်၏ ကိုယ်ပွားသည် ဝမ်းသာကျေနပ်စွာ ရယ်မောခဲ့လေသည်။ ထို့နောက် မီးတောက်မျောက်ဝံထံသို့ ညာလက်ညှိုးညွှန်လိုက်သည့်အခါ မျောက်ဝံ၏ရှေ့တွင် တွန့်ခေါက်နေသော လှိုင်းဂယက်တစ်ခုဖြစ်ပေါ်လာပြီး ဂူပေါက်ဝတစ်ခုအား ဖော်ပြနေလေ၏....မျောက်ဝံသည် တခဏမျှ မှင်သက်နေပြီးနောက် ထိုဂူပေါက်ထဲသို့ တိုးဝင်သွားလေတော့သည်။

မျောက်ဝံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုက်နက် စုမင်၏ကိုယ်ပွားပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်မှုများ အစားထိုးလာသည်။ သူသည် ကြိုးကြာနက်မျိုးနွယ်စု ရှိရာအရပ်ဆီဆီသို့ လှမ်းကြည့်ပြီးနောက် ၎င်းအရပ်ထံ ဉီးတည်ပျံသန်းသွားလေသည်။

***

All Chapters