← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-314

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-314

အပိုင်း(၃၂၃)

အီသန်သည် သစ်ကိုင်းတစ်ခုပေါ်တွင် ခြေထောက်များကို တွဲလောင်းချ၍ ထိုင်နေရင်း တောင်ဘက်သို့ စိုက်ကြည့်နေ၏။

"ဒီလိုမျိုးလေးက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ မင်း မထင်ဘူးလား... နောက်ပြီး နှုတ်ဆက်တာတွေ ခွဲခွာတာတွေနဲ့ တခြား အခမ်းအနားတွေ အကုန်လုံးကို ငါ မလုပ်ချင်လို့ပါ..."

"ခင်ဗျား ဘယ်တုန်းကများ လုပ်ဖူးလို့လဲ..."

ကပ်ဆီးယပ်စ်က သူ၏ ပခုံးကို ဆန့်ထုတ်ရင်း ပြောလိုက်၏။ စကိုင်းဆွန်းများက ဂရုစိုက် ကုသပေးထားသော်လည်း သူ၏ ဒဏ်ရာများက နာကျင်နေဆဲ ဖြစ်သည်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ လှုပ်ရှားသွားလာမိသော အခါမျိုးတွင် ပို၍ ဆိုးရွား၏။

"ခင်ဗျားက နေရာရွှေ့ပြောင်းတဲ့ ကိစ္စကို လာကူညီပေးတာလား..."

အီသန်က ကပ်ဆီးယပ်စ်၏ စကားကို ရယ်စရာဟာသတစ်ခုအလား ရယ်မောလိုက်သည်။

"ငါက ချက်ချင်း အရေးယူဆောင်ရွက်သင့်တဲ့ သတင်းအချက်အလက် အသစ်တချို့ကို ရထားလို့ပါ... လာမယ့်နှစ်တွေမှာ ဒီလောက် အရွယ်အစားရှိတဲ့ ကပ်ဘေးကြီးက တစ်ခုတည်း ရှိလာမှာ မဟုတ်ဘူးလို့ ပြောရင် လုံလောက်မယ် ထင်တယ်... ငါတို့က စိတ်ဝင်စားစရာ ကောင်းတဲ့ အချိန်ကာလတွေဆီကို ဦးတည်နေရတော့မယ် ညီလေး..."

"ကျွန်တော်က ခင်ဗျား ညီ မဟုတ်ဘူး..."

ကပ်ဆီးယပ်စ်က သူ၏ စိတ်ထဲတွင် အတွေးများစွာ ပြေးလွှားနေရင်း ပြောလိုက်၏။ ပထမဆုံးအနေဖြင့် အီသန်သည် ဤသတင်းကို ယုံကြည်ရသော သတင်းရင်းမြစ်မှ ရလာခြင်းလား သို့မဟုတ် သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်များအပေါ် အားကိုးနေခြင်းလား ဆိုသည်ကို သူ သိရန် လိုအပ်သည်။ ကပ်ဘေးတစ်ခု လာနေပြီဟု သိထားခြင်းက အခြေအနေအားလုံးကို ပြောင်းလဲသွားစေနိုင်၏။

သူက ထိုအတိုင်းပင် ဖွင့်ဟမေးမြန်းလိုက်ရာ အီသန်က ခေါင်းညိတ်ပြသည်။

"ပညာသားပါတဲ့ မေးခွန်းပဲ..."

အီသန်က တုံ့ပြန်လိုက်၏။

"ငါ့ရဲ့ သတင်းရင်းမြစ်ကိုတော့ ထုတ်ပြောလို့ မရဘူး... ဒါပေမဲ့ အဲဒါက ယုံကြည်ရလောက်တဲ့ အရာပါ..."

"ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ချက်ချင်း ရပ်ဆိုင်းထားဖို့ လိုပြီ... ကျွန်တော်တို့ရဲ့ ခံတပ်တွေဆီ ဆုတ်ခွာပြီး မြို့ပိတ်ဆို့ခံရမယ့် အခြေအနေအတွက် ပြင်ဆင်ထားသင့်တယ်... ကျွန်တော်တို့ အန္တရာယ် ကျရောက်နေပြီဆိုတာကို ခင်ဗျား အင်ပါယာကို ယုံကြည်အောင် ဖျောင်းဖျနိုင်မလား ဒါမှမဟုတ် ကျွန်တော်တို့ကပဲ ပြစ်တင်ရှုတ်ချတာကို ခံယူရမလား..."

"အဲဒီလို လုပ်မယ့်အစား ငါတို့က တောင်ဘက်နဲ့ အနောက်ဘက်ကို အဖွဲ့တွေ စေလွှတ်သွားမယ်..."

ကပ်ဆီးယပ်စ်သည် ကြောက်ရွံ့တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများဖြင့် ထိုအဆင့်နိမ့် အရှင်သခင် ကို မော့ကြည့်လိုက်၏။ တောင်ပိုင်းသည် သားသတ်ရုံကြီးတစ်ခု ဖြစ်နေပြီး အနောက်ပိုင်းသည် ပြိုလဲနေသော ကျင်း ကလန် ၏ အိမ်တော် ဖြစ်သည်။

"ခင်ဗျားက ဒီမိသားစုတွေကို သေတွင်းထဲ ပို့စေချင်နေတာလား..."

"မင်းသာ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်တော့ သေမှာမဟုတ်ပါဘူး..."

အီသန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်၏။

"ငါတို့ရဲ့ ကလန်သားတွေကို အသက်အသေခံဖို့ ငါ မတောင်းဆိုပါဘူး... ဒါပေမဲ့ အဲဒီနေရာတွေက ငါတို့ကို လိုအပ်နေတဲ့ နေရာတွေ ဖြစ်နေတယ်... ငါတို့ဆီမှာ ကယ်ဆယ်ရေးနဲ့ ပြုပြင်ရေး လုပ်ငန်းတွေအတွက် ကူညီပေးနိုင်တဲ့ အပြင်အဆင်တွေ ရှိသလို သတင်းအချက်အလက်တွေ ရယူနိုင်စွမ်းလည်း ရှိတယ်... ကြက်သွေးရောင်လ ဂိုဏ်း၊ သွေးဖီးနစ် နဲ့ အနောက်ဘက် ဝင်္ကပါတွေအကြောင်း သတင်းတွေပေါ့... အဲဒီ သတင်းအချက်အလက်တွေက မကြာခင်မှာ အရမ်းကို တန်ဖိုးကြီးလာလိမ့်မယ်... ငါတို့ရဲ့ အကူအညီကြောင့် ရလာမယ့် မဟာမိတ်တွေလိုမျိုးပဲပေါ့..."

"ဒီလို စွန့်စားရတာက မတန်ဘူး..."

ကပ်ဆီးယပ်စ်သည် ခိုလှုံရာစခန်းတစ်ခုအဖြစ် တစ်ဝက်တစ်ပျက် ပြောင်းလဲနေသော သူ၏ အနောက်ဘက်ရှိ ကျီကို လက်ဖြင့် ညွှန်ပြလိုက်၏။

"ဖီးနစ်ငှက်ရဲ့ အသိုက်ထဲကို တည့်တည့်ကြီး ဝင်မသွားရင်တောင်မှ ဒီလူတွေ အသက်ရှင်နေအောင် ထားဖို့ ကျွန်တော်တို့မှာ အခက်အခဲတွေ အလုံအလောက် ရှိနေပြီ... သူတို့ကို အဲဒီလို လုပ်ခိုင်းဖို့ ခင်ဗျား မတောင်းဆိုနိုင်ဘူး..."

အီသန်သည် အလေးချိန် လုံးဝမရှိသည့်အလား မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက်၏။

"ငါက သူတို့ကို ဘာမှ လုပ်ခိုင်းနေတာ မဟုတ်ဘူး... အကောင်းဆုံး မျက်နှာပေးမျိုး လုပ်ထားလိုက်ပါ... ဘယ်သူ့ကိုမှ မိစ္ဆာ နတ်ဘုရား ဆီ အစာကျွေးဖို့ မလုပ်ပါနဲ့... ဒါပေမဲ့ မိသားစုအတွက် ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာအောင် ပိုအန္တရာယ်များတဲ့ လမ်းစဉ်ကို လိုက်ဖို့ ငါက အမိန့်ပေးနေတာပါ..."

သူက ကပ်ဆီးယပ်စ်၏ ပခုံးကို ပုတ်လိုက်သည်။

"ဖြစ်အောင် လုပ်လိုက်ပါ ကပ်ဆီးယပ်စ်..."

ကက်ဆီးယပ်စ်၏ ရင်ထဲတွင် ပွက်ပွက်ဆူလာ၏။ ပုဂ္ဂိုလ်ရေးအရ သူသည် အီသန်ကို ကျေးဇူးတင်နေဆဲ ဖြစ်သည်။ သို့သော် အာရီလီယပ် မိသားစု၏ တစ်ချိန်က အမွေဆက်ခံသူ တစ်ယောက်အနေဖြင့် အဆင့်နိမ့် အရှင်သခင် ၏ သဘောထားကို သူ အလွန် ခံပြင်းမိ၏။ သူသည် အမြဲတမ်း သူ၏ ကိုယ်ပိုင် အလိုဆန္ဒများအတိုင်းသာ လုပ်ဆောင်လေ့ရှိပြီး အခြား မည်သူ့စကားကိုမျှ နားထောင်မည် မဟုတ်ပေ။

ယခုတော့ ဤလူများအား သူတို့၏ မိသားစုများကို စွန့်ခွာကာ အန္တရာယ်များအတွင်းသို့ ပြန်လည်ဝင်ရောက်ရမည် ဖြစ်ကြောင်း ပြောပြရန် တာဝန်က ကက်ဆီးယပ်စ် အပေါ်သို့ ကျရောက်လာလေပြီ။

..

အီသန်သည် ကက်ဆီးယပ်စ်ကို ဒေါသတထောင်းထောင်း ထနေသော အတွေးများနှင့်အတူ ထားရစ်ခဲ့ပြီးနောက် နာရူဂျင်း ပြန်ရောက်လာ၏။ သူမသည် သုံးနှစ်အရွယ် သားငယ်ကို လက်တစ်ဖက်၌ ချီပိုက်ထားပြီး အခြားလက်တစ်ဖက်တွင် ထင်းခြင်းတောင်းကို ဆွဲထားသည်။ ထို့နောက် သူမသည် ကောင်းကင်ကို အကဲခတ်ကြည့်ရှုနေ၏။

သူမ၏ မျက်လုံးတစ်လုံးနှင့် အတောင်ပံတစ်ဖက်ကို လင်းလက်နေသော လိမ္မော်ရောင် ဝိညာဉ်အကြွင်းအကျန် အစားထိုး အစိတ်အပိုင်းများဖြင့် လဲလှယ် တပ်ဆင်ထားသည်။ ထို့ကြောင့် သူမ၏ အတောင်ပံတစ်ဖက်သည် အပြည့်အဝ ပြန်လည် သိမ်းဆည်း၍ မရနိုင်တော့ပေ။ ခေါက်ထားသော ထိုအတောင်ပံသည် သူမ၏ ဘယ်ဘက်ပခုံးပေါ်တွင် ငေါထွက်နေ၏။

သူမသည် နူးညံ့သော အညိုရောင် မျက်လုံးနှင့် မျက်လုံးတု နှစ်ခုစလုံးဖြင့် ကောင်းကင်ကို စူးစမ်းကြည့်ရှုနေသည်။

"အီသန် ဒီကို ရောက်နေတာလား..."

သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။

ကက်ဆီးယပ်စ်သည် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သစ်ပင်ကို ကျောမှီကာ ဖြစ်ပျက်သမျှအားလုံးကို သူမအား ပြောပြလိုက်သည်။

သူ စကားပြောဆိုပြီးသွားသောအခါ သူမသည် ထင်းခြင်းကို အောက်ချလိုက်၏။ ထို့နောက် သူ့အား တည်ငြိမ်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေသည်။

"ရှင့်လိုပဲ ကျွန်မလည်း အဆင့်နိမ့် အရှင်သခင် အီသန် အပေါ်မှာ ကျေးဇူးတင်စရာ အကြွေးတွေ ရှိပါတယ်... ဒါပေမဲ့ ကျေးဇူးတင်စိတ်ကြောင့် မိသားစုအပေါ် ထားရှိရမယ့် တာဝန်ဝတ္တရားတွေကိုတော့ လွှမ်းမိုးခံလို့ မဖြစ်ဘူးလေ..."

သူမက နောက်ဆုံးတွင် ပြောလိုက်၏။

ကက်ဆီးယပ်စ်သည် ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူသည် အီသန်၏ လွှမ်းမိုးချယ်လှယ်မှုကို ခံလိုက်ရပြီး သူ၏ အခြား ရွေးချယ်စရာများကို မေ့လျော့သွားခဲ့၏။ သို့ပေမဲ့လည်း... သူ့မှာ တကယ်ပဲ တခြား ရွေးချယ်စရာ ရှိနေပါသေးသလော။

"ရှင် ဒါကို ရှင့်အဖေဆီ သွားပြောပြဖို့ လိုတယ်..."

သူ ကြိုတင် သိရှိပြီးသား အရာတစ်ခုကို ဂျင်းက အတိအလင်း ထုတ်ပြောလိုက်သည်။

သူ သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။ အာရီလီယပ် မိသားစု၏ အကြီးအကဲများသည် သူတို့သာ ဆန္ဒရှိပါက ခေါင်းဆောင်ကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။

သို့သော် သူသည် ကျင်း ကလန် ကို ဖြုတ်ချခဲ့ပြီး အာရီလီယပ် များ ဝင်ရောက်နေရာယူနိုင်မည့် ကြီးမြတ်သော ကလန်ကြီးများကြားရှိ နေရာလွတ်တစ်ခုကို ဖန်တီးပေးခဲ့၏။ ဤသို့ အောင်ပွဲခံပေးထားပြီးနောက်တွင် သူတို့က သူ့ကို ဆန့်ကျင်ကြပါမည်လော။ လင်းတုန်း ကျင်းလုံ နှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ပြီး အကြောင်းပြချက်မရှိဘဲ မိသားစု၏ ဂုဏ်သိက္ခာအချို့ကို ဆုံးရှုံးစေခဲ့သည်ကို ထည့်သွင်းစဉ်းစားပါက သူတို့ ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ကက်ဆီးယပ်စ်သည် သူ၏ ဖခင်အကြောင်းကို ကောင်းစွာ သိထား၏။ အာရီလီယပ် မိသားစု၏ ယခင် ခေါင်းဆောင်ကြီး သည် အီသန်က သူ၏ ကိုယ်ပိုင် အလိုဆန္ဒများအတွက် အချိန်များနှင့် အရင်းအမြစ်များကို အကုန်အကျခံ သုံးစွဲနေခြင်းအပေါ် မည်သည့်အခါကမျှ သဘောမကျခဲ့ပေ။

သူသည် အီသန်ကို သစ္စာဖောက်နေသကဲ့သို့ ခံစားနေရသော်လည်း သူ့ ဖခင်ထံမှ သဘောတူခွင့်ပြုချက်ကို တောင်းခံရမည် ဖြစ်၏။ မိသားစု၏ အကျိုးအတွက် ဤအရာက မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။

ဂီး...

ရုတ်တရက် ထွက်ပေါ်လာသည့် စူးရှကျယ်လောင်သော အော်ဟစ်သံတစ်ခုက သူ၏ အတွေးများကို ဖြတ်တောက်သွားသည်။ သူ၏ ဘေးနားတွင် ဖန်ကွဲသံများ ထွက်ပေါ်လာသော်လည်း သူ မကြားခဲ့ပေ။ ထိုအစား သူသည် သားဖြစ်သူထံသို့ အပြေးအလွှား သွားရောက်ကာ ကလေး၏ နားများကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ပေးလိုက်၏။ ဂျင်းသည်လည်း သေစေနိုင်လောက်သော အသံလှိုင်းများကို ကာကွယ်ရန် သူတို့၏ ပတ်ဝန်းကျင်တွင် လေတံတိုင်း အကာအကွယ်တစ်ခုကို အသင့် ဖန်တီးထားပြီး ဖြစ်သည်။

သူ၏ အနောက်ဘက်မှ ကြက်သွေးရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ မည်သည့်အရာများ ဖြစ်ပျက်နေပြီလဲဆိုသည်ကို နားလည်ရန် ဇနီးဖြစ်သူ မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကိုပင် သူ ကြည့်ရန် မလိုအပ်တော့ပေ။ သူ အားလုံးကို သိနှင့်နေပြီး ဖြစ်လေသည်။

...

ကြမ်းပြင်သည် စောင်းရွဲ့သွား၏။ မုန်တိုင်းကျောက်ဆောင်မြို့ (စကိုင်းဆွန်းတို့၏ ပျံသန်းနေသော မြို့တော်ဏ သည် အမြန်ဆုံးနှုန်းဖြင့် အရှိန်တင်လိုက်သောကြောင့် လင်းတုန်းသည် ကြမ်းပြင်တွင် သံမှိုစွဲထားသော စားပွဲတစ်လုံးကို အမိအရ လှမ်းကိုင်လိုက်ရသည်။

မြို့တစ်မြို့လုံး တုန်ခါနေ၏။ လင်းတုန်း၏ လက်ထဲရှိ စားပွဲသည်လည်း ငလျင်လှုပ်နေသည့်အလား တုန်ရီနေသည်။

အရာအားလုံးသည် သာမန်အော်ဟစ်သံထက် ပိုမိုပြင်းထန်သော အော်သံကြီးတစ်ခု၏ အဟုန်ကြောင့် ဖြစ်၏။ ထိုအသံသည် အသက်ဝင်နေသကဲ့သို့ ရှိသည်။ ငှက်ကောင်ရေ တစ်ထောင်ခန့် တစ်ပြိုင်နက်တည်း စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အလား အသံများ ထပ်နေ၏။ အလွန် ကျယ်လောင်လွန်းလှသဖြင့် သူ၏ နားနှစ်ဖက်စလုံးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ခဏအကြာတွင် နွေးထွေးသော အရည်များသည် သူ၏ မျက်နှာတစ်ဖက်တစ်ချက်ဆီမှ စီးကျလာ၏။ သူ၏ သံမဏိ အဆင့် ခန္ဓာကိုယ်သည် နားရွက်များဆီသို့ မာဒြာများကို စုစည်းပေးလိုက်သည်။ သို့ရာတွင် သူ ဘာမျှမကြားရတော့သည့် ငြိမ်းချမ်းသော တိတ်ဆိတ်မှု အခိုက်အတန့်တစ်ခု ရှိနေခဲ့၏။ ထိုအော်ဟစ်သံကြီးကို သူ၏ ကျန်ရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့်သာ ကြားသိနိုင်တော့သည်။

ထိုအသံထက် များစွာ ပိုမိုကြီးမားသော စွမ်းအားတစ်ခုအောက်တွင် တုန်လှုပ်နေသည့် သူ၏ ဝိညာဉ် ကိုပင် သူ မခံစားရဲတော့ပေ။

သွေးဖီးနစ် နိုးထလာခဲ့ပြီ ဖြစ်၏။

*

အပိုင်း(၃၂၄)

အနီရောင် သန်းနေသော လေထုထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းသွားသည်။ လင်းတုန်း၏ နှလုံးခုန်နှုန်းက ပုံမှန်ထက် ပိုမို ပြင်းထန်နေ၏။ နံရိုးများကို တူဖြင့် ထုနှက်နေသည့်အလား ခံစားရပြီး သူ၏ သွေးကြောများကလည်း ဆူပွက်နေပုံရသည်။

သူသည် သူ၏ ကြေးအဆင့် အမြင်ကို ဖွင့်လိုက်၏။ မျက်စိကန်းသွားမည်ကို စိုးရိမ်သဖြင့် တောင်ဘက်သို့ မကြည့်ဘဲ သူ၏ ပတ်လည်ရှိ အခန်းတွင်းကိုသာ ကြည့်လိုက်သည်။ အရာအားလုံးသည် အနီရောင် သန်းနေ၏။ လေ၏ အရောင်ဖြစ်သော အစိမ်းဖျော့ဖျော့လေးပင်လျှင် စိုစွတ်နေသော အနီရောင်အဖြစ် ပြောင်းလဲနေသည်။

မာစီသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေ၏။ သူမ၏ လက်ဝါးနှစ်ဖက်စလုံးသည် ကြမ်းပြင်တွင် သံမှိုရိုက်ထားသည့်အလား ကပ်နေသည်။ သူမသည် တောင်ဘက်ဆီသို့ မျက်စိမှေးကြည့်ရင်း တောက်ပနေသော အနီရောင် အလင်းတန်းကို စိုက်ကြည့်နေ၏။ သူမသည် လက်များနှင့် တောင်ဝှေးကို ဖုံးအုပ်ထားသည့် အနက်ရောင် အကျိအချွဲများဖြင့်ပင် သူမ၏ နားများကို ပိတ်ဆို့ထားသည်။ ၎င်းတို့သည် သူမ၏ မာဒြာများ ဖြစ်မည်ဟု လင်းတုန်း ခန့်မှန်းလိုက်၏။

ရန်ဖေးသည် မာဒြာဖြင့် ဖန်တီးထားသော အနက်ရောင် တိမ်တိုက်ခုံများပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် မတ်တတ်ရပ်နေသည်။ ပိုင်ရိုကမူ ရေနစ်နေသူတစ်ဦး သစ်တုံးကို ဖက်တွယ်ထားသကဲ့သို့ သူ၏ မြစိမ်းရောင် မိုင်တစ်ထောင် တိမ်တိုက် ကို တင်းကျပ်စွာ ဖက်တွယ်ထား၏။ သူတို့၏ နားများမှလည်း သွေးများ စီးကျနေသည်။

အော်သိုသည် အဝေးရှိ နံရံဆီသို့ သူ၏ အခွံဖြင့် ဝင်တိုက်လိုက်၏။ မိစ္ဆာ နတ်ဘုရား ၏ ရှေ့တွင် သူ၏ အသိစိတ်များ လွင့်စဉ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မာဒြာများက သောင်းကျန်းနေပြီး သွေးဖီးနစ် ရှိရာ အရပ်ဆီသို့ မီးများ မှုတ်မထုတ်မိစေရန် သူ၏ ထိန်းချုပ်နိုင်စွမ်း အားလုံးကို အသုံးပြုနေရ၏။

ကျန်တဲ့သူတွေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ ဖီးနစ်၏ အော်ရာ က သူတို့ရဲ့ ခန္ဓာကိုယ်တွေအပေါ်မှာ ဘယ်လို ပြောင်းလဲမှုတွေပဲ လုပ်နေပါစေ... ယီရင်ကတော့ အဆိုးရွားဆုံး ဖြစ်နေ၏။

သူမသည် ကြမ်းပြင်ပေါ်တွင် ပက်လက်လန်ကာ လဲကျနေသည်။ ဆင်ခြေလျှောမှ လိမ့်မကျသွားစေရန် ထိန်းထားပေးသည့် တစ်ခုတည်းသော အရာမှာ ကျောက်တုံးထဲသို့ စိုက်ဝင်နေသော သူမ၏ ငွေရောင် ဓားလက်တံများပင် ဖြစ်၏။ သူမသည် ပတ်ဝန်းကျင်ရှိ ကြမ်းပြင်ထက်ပင် ပိုမို ဆိုးရွားစွာ တုန်ခါနေသည်။ သူမ၏ ကျောမှာ ကော့နေပြီး မျက်လုံးများကလည်း အပေါ်သို့ လန်တက်နေ၏။

သူမ၏ ဝမ်းဗိုက်မှ သွေးများ ယိုဖိတ်နေသည်။

ဆေးပညာစွမ်းရည် လုံးဝမရှိသော်လည်း လင်းတုန်းသည် သွေးထွက်လွန်ပြီး သူမ မသေဆုံးမီ သူမအနီးသို့ လျှောတိုက်သွားရန် နည်းလမ်းရှာလိုက်၏။ အခမ်းအနား ကျင်းပနေစဉ်အတွင်း အခန်းနောက်ဘက်တွင် သူထားခဲ့သော ကျောပိုးအိတ်သည် တစ်ဖက်နံရံသို့ လျှောကျသွားခဲ့သော်လည်း အနည်းဆုံးတော့ ဒဏ်ရာကို သူ ဖိထားပေးနိုင်မည် ဖြစ်သည်။ အရှိန်ကြောင့် အပြာလေး၏ သေတ္တာလည်း ကွဲအက်သွားလောက်ပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ထိုအရာကို သူ စိုးရိမ်မနေနိုင်တော့ပေ။

ယီရင်၏ အနားသို့ ရောက်ရှိသော အခါ ၎င်းမှာ သွေးများမဟုတ်ကြောင်း သူ နားလည်လိုက်သည်။ ၎င်းသည် သွေးအရိပ် တစ်ခု ဖြစ်နေ၏။

သူမ၏ အမြုတေ အပေါ်ရှိ ကျိုးပျက်နေသော ချိတ်ပိတ်မှုမှ မီးခိုးရောင် ဝိညာဉ်မီးတောက် မီးပွားများသည် တရှဲရှဲ မြည်နေ၏။ ထိုအရိပ်သည် အမျှင်တန်းများကို ဆန့်ထုတ်ကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေသည်။ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား စူးစမ်းနေ၏။

ယီရင်၏ ပုံစံကို မြင်လိုက်ရသောအခါ ပိုင်ရိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လင်းတုန်း၏ နားများသည်လည်း အသံကြားနိုင်ရုံမျှ အနည်းငယ် ပြန်လည် သက်သာလာပြီ ဖြစ်၏။ ထိုစကိုင်းဆွန်းသည် သူ၏ တိမ်တိုက်ပေါ်သို့ အတင်း ရုန်းကန်တက်ကာ ဒူးထောက်လိုက်ပြီး ယီရင် ရှိရာသို့ ပျံသန်းသွားသည်။

သူသည် လက်တစ်ဖက်ဖြင့် ယီရင်ကို ပွေ့ချီလိုက်၏။ သွေးအရိပ်က သူ၏ လက်မောင်းကို ဖမ်းဆွဲထားသော်လည်း အဝါရောင် မာဒြာ အရည် အလွှာတစ်ခုက သူ့ကို ကာကွယ်ပေးထားသည်။

အခြားလက်တစ်ဖက်ဖြင့် သူ၏ မာဒြာများကို ပြတင်းပေါက်ဆီသို့ ရေပန်းတစ်ခုအလား ပက်ဖျန်းလိုက်၏။

ဖန်သားများသည် အက်စစ်နှင့် အစားခံရသည့်အလား အရည်ပျော်သွားသည်။ ထို့နောက် သူသည် ယီရင်ကို ဆွဲခေါ်ကာ လွတ်လပ်စွာ ပျံသန်းထွက်ခွာသွား၏။

အချိန်အတော်ကြာ ရပ်တန့်သွားသော ထိုစက္ကန့်ပိုင်းအတွင်း၌ လင်းတုန်းသည် အထိတ်တလန့် ဖြစ်သွားခဲ့သည်။

သူ ယီရင်ကို ဘယ်ခေါ်သွားသနည်း။ သူ ဘာလုပ်နေသနည်း။ မိစ္ဆာ နတ်ဘုရား ၏ အော်ဟစ်သံသည် ငြိမ်သက်သွားသော်လည်း မုန်တိုင်းကျောက်ဆောင် မြို့ကတော့ လျှင်မြန်စွာ ရွေ့လျားနေဆဲ ဖြစ်၏။ ပိုင်ရိုက အဘယ်ကြောင့် လျှောက်ပျံသန်းနေရသနည်း။

တစ်ချက်ကတော့ ရှင်းလင်းနေ၏။ သူ ယီရင်ကို ခေါ်သွားခဲ့လေပြီ။ လင်းတုန်း လိုက်သွားမှ ရမည်။

သူသည် စားပွဲကို လွှတ်လိုက်ပြီး စောင်းနေသော အခန်းတစ်လျှောက် လျှောဆင်းသွားလိုက်သည်။ အဝေးရှိ နံရံကို ဝင်တိုက်မိချိန်တွင် သန့်စင်သော မာဒြာ ဖြင့် ကာကွယ်ထား သော ဒူးများကို ကွေးလိုက်၏။ ထို့နောက် သူသည် အော်သိုနှင့် သူ၏ ကျောပိုးအိတ်ကြားတွင် ခြေချရပ်တန့်လိုက်သည်။

ထိုအခါ သူ၏ ညာဘက်လက်မောင်းက သူ့ကို သစ္စာဖောက်သွား၏။ တောင်ဘက်ရှိ လေထုကို အတင်း လှမ်းဆုပ်ကိုင်နေသဖြင့် သူ၏ ကျောပိုးအိတ်ကို လက်တစ်ဖက်တည်းဖြင့်သာ ဖွင့်လိုက်ရသည်။

"အော်သို..."

သူက ပစ္စည်းများကို မွှေနှောက်ရှာဖွေရင်း ပြောလိုက်၏။

"ခင်ဗျား အခု ကျွန်တော့်စကားကို ကြားနေရလားတော့ မသိဘူး... ဒါပေမဲ့ ကျွန်တော် ယီရင့်နောက်ကို လိုက်သွားရမယ်... ကျွန်တော် ပြန်မရောက်သေးခင် ဘယ်သူ့ကိုမှ မသတ်ပါနဲ့နော်..."

လိပ်ကြီးက သူ၏ စကားအား ကြားခြင်း ရှိမရှိ ဆိုသည်ကို သူ၏ ဝိညာဉ် ထဲတွင် မည်သည့် အရိပ်အယောင်မျှ မပြပေ။ သို့သော် သူ ဆက်ပြီး မတွေးတောနိုင်တော့ချေ။ သူ၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခု ပါဝင်သော အစီအရင် ရေးဆွဲထားသည့် သေတ္တာကို သူ ရှာတွေ့သွားပြီ ဖြစ်၏။

သူ့ကိုယ်ပိုင် မိုင်တစ်ထောင် တိမ်တိုက် ပင် ဖြစ်သည်။

တိမ်တိုက်ကို အပြင်သို့ ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ကျောပိုးအိတ်ကို ကျောတွင် လွယ်လိုက်ပြီး တိမ်တိုက်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်၏။ စကိုင်းဆွန်းများ ၏ တိမ်တိုက်များနှင့် မတူဘဲ သူ၏ တိမ်တိုက်မှာ သံချေးတက်နေသော အနီရောင်ဖြစ်ပြီး အလင်းရောင်ကြောင့် တောက်ပသော ပတ္တမြားရောင်အဖြစ် ပြောင်းလဲသွားသည်။

ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ မာဒြာ များကို ထို မှော်ပစ္စည်း အတွင်းသို့ စီးဆင်းစေလိုက်သည်။ ထို့နောက် ပိုင်ရို၏ နောက်သို့ ပြတင်းပေါက် အပေါက်မှတစ်ဆင့် လျှင်မြန်စွာ ပျံသန်းထွက်ခွာသွား၏။

အဆောက်အအုံထဲမှ ပျံသန်းထွက်ခွာလာစဉ် လေပြင်းများက သူ့ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ပျံသန်းနေသော မြို့ကြီးကို အမီလိုက်နိုင်ရန် သူ၏ အင်အားအများစုကို အသုံးပြုခဲ့ရ၏။ အစိမ်းရောင် တိမ်တိုက်ပေါ်ရှိ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကောင်ကြီးကို မတွေ့ရသဖြင့် သူသည် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ် ကို မလိုလားစွာဖြင့် ဖွင့်လှစ်လိုက်၏။

သူသည် သွေးများထဲတွင် နစ်မွန်းနေခဲ့သည်။

တက်ကြွပြီး အစွမ်းထက်သော သက်ရှိများသည် ဤနေရာတွင် ဖိတ်စင်ကျသွားခဲ့ပြီ ဖြစ်၏။ သူ၏ ဝိညာဉ် ကို ခန္ဓာကိုယ်နှင့် တွယ်ဆက်ပေးထားသော စွမ်းအားများသည် သူ၏ သွေးထဲတွင် ရှိနေသည်။ ထိုစွမ်းအားများက သူ့ကို လွှမ်းမိုးထားပြီး အသက်ရှူကျပ်စေ၏။

ထူးဆန်းစွာပင် မိစ္ဆာ နတ်ဘုရား ၏ လွှမ်းမိုးနိုင်လွန်းသော အငွေ့အသက်သည် သူ ရှာဖွေနေသည့် အရာကို အာရုံခံနိုင်ရန် ပိုမို လွယ်ကူသွားစေခဲ့၏။ အဆောက်အအုံတစ်ခုအတွင်း၌ ပုန်းအောင်းနေခြင်းမရှိဘဲ လေထဲတွင် တွဲလောင်းဖြစ်နေသော စွမ်းအားအမှတ်အသား တစ်ခုတည်းသာ ရှိနေသည်။ ထို့ကြောင့် လင်းတုန်း သည် ထိုနေရာဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်၏။

၎င်းမှာ တောင်ဘက်အရပ်တွင် ဖြစ်သည်။

အနီရောင် အလင်းတန်းသည် မျက်စိကန်းလုမတတ် စူးရှနေ၏။ သို့သော် ထိုအလင်းတန်းထဲတွင် ပုံရိပ်တစ်ခုကို သူ မြင်တွေ့နိုင်ခဲ့သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ ဘီလူးသရဲ ပုံစံမျိုး ဖြစ်၏။

၎င်း၏ ကြီးမားလှသော အရွယ်အစားမှာ ဖော်ပြရန်ပင် ခက်ခဲလှသည်။ ကောင်းကင်တစ်ဝက်ခန့်ကို မျိုချထားပြီး တိမ်တိုက်များထဲအထိ ဆန့်ထွက်နေ၏။ ၎င်း၏ အမွေးအတောင် တစ်ခုစီတိုင်းသည် ယိုစိမ့်စီးဆင်းနေသော အရာများ ဖြစ်ကြသည်။ ကြက်သွေးရောင် ဂျယ်လီတုံးများကို ပေါင်းစပ်ဖိသိပ်ကာ ပြုလုပ်ထားသည့်အလား ထင်မှတ်ရ၏။ ၎င်း၏ နှုတ်သီးသည် တံစဉ် တစ်လက်ကဲ့သို့ ကွေးညွတ်နေပြီး အလွန်ထက်မြက်လှသည်။ ၎င်း၏ မျက်လုံးများသည်လည်း ပုံပန်းသဏ္ဌာန်မဲ့နေသော အဖြူရောင် စွမ်းအားစုကြီးများ ဖြစ်ကြ၏။

သွေးဖီးနစ် သည် သူ၏ အတောင်ပံများကို ဖြန့်ကြက်လိုက်၏။ ထိုအရာသည် မိုးကုတ်စက်ဝိုင်း တစ်ဖက်မှ အခြားတစ်ဖက်သို့ ဆန့်ထွက်နေသော ဒဏ်ရာကြီးတစ်ခုအလား ထင်မှတ်ရသည်။ ထို့နောက် ၎င်းသည် နှုတ်သီးကိုဟကာ ထပ်မံ အော်ဟစ်လိုက်ပြန်၏။

ဂီး...

လင်းတုန်းသည် သူ၏ နားများကို ကာကွယ်ရန် မာဒြာ များကို ပို့လွှတ်လိုက်၏။ သို့သော် ၎င်းက သူ့ကို မကယ်တင်နိုင်ခဲ့ပေ။ ထိုးဆွနေသော နာကျင်မှုသည် တစ်ဖန် ပြန်လည်ရောက်ရှိလာပြီး သူ၏ နားများမှ သွေးများ စီးကျလာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ သွေးမိစ္ဆာ တစ်စုံသည် လေထဲရှိ သူ၏အောက်ဘက်၌ ပုံပေါ်လာခဲ့၏။

အစောပိုင်း အဆောက်အအုံထဲတွင် ရှိနေစဉ်က ထိုအရာများ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ၎င်းမှာ စကိုင်းဆွန်း ခံတပ်ရှိ အစီအရင် အကာအကွယ် တစ်ခုခုကြောင့်လားဆိုသည်ကို သူ သေချာ မသိပါချေ။ သို့မဟုတ် မိစ္ဆာ နတ်ဘုရား ၏ လွှမ်းမိုးနိုင်စွမ်းက လုံလောက်သော အားမရှိသေး၍လည်း ဖြစ်နိုင်၏။

ထိုသွေးမိစ္ဆာများသည် အရည်များဖြင့် ဖွဲ့စည်းထားသော်လည်း အနီရောင်ဖန်သားကဲ့သို့ ကြည်လင်နေ၏။ ၎င်းတို့သည် ပြုတ်ကျသွားစဉ် သူ့ကို ကုတ်ခြစ်သွားကြသည်။ အောက်ဘက်ရှိ လမ်းမပေါ်သို့ ပြန့်ကျဲသွားပြီးနောက် ပြန်လည် ပုံပေါ်လာကြ၏။

သူ ထပ်မံ၍ နားကန်းသွားချိန်တွင်ပင် လင်းတုန်းသည် အဝေးမှ အစိမ်းရောင် အစက်အပြောက်လေးကိုသာ မျက်ခြည်မပြတ် စိုက်ကြည့်နေခဲ့သည်။ ၎င်းသည် မြို့၏ တောင်ဘက်အစွန်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်၏။ ထိုနေရာသည် မြစိမ်းရောင် တိမ်တိုက်များနောက်သို့ လိုက်ပါသွားပြီး အောက်ဘက်သို့ စောင်းကျနေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

တိမ်တိုက်က အရှိန်လျော့သွားချိန်တွင် သူသည် ၎င်းတို့အနီးသို့ ကပ်သွားလိုက်၏။

ထိုအခါ ပိုင်ရို သည် ယီရင် ကို လွှတ်ချလိုက်လေသည်။

သူမ ပြုတ်ကျသွားချိန်တွင် သူမ၏ သွေးအရိပ် က ပိုင်ရိုကို လှမ်း၍ ကုတ်ခြစ်လိုက်၏။ သို့သော် သူက အဝါရောင် မာဒြာ ဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ယီရင် ပြုတ်ကျသွားသည်ကို အဆုံးထိ စောင့်ကြည့်မနေတော့ဘဲ သူသည် နောက်လှည့်ကာ မြို့တော်နောက်သို့ သူ၏ တိမ်တိုက်ဖြင့် ပျံသန်းလိုက်လေ၏။

လင်းတုန်းသည် သူမ၏ အနောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။

ယခုအခါ သူမသည် သဘာဝ တိမ်တိုက်များကို ဖြတ်သန်းကာ ပြုတ်ကျနေပြီ ဖြစ်၏။ သူသည် သူ၏ မိုင်တစ်ထောင် တိမ်တိုက် ကို အရင်ကထက် ပိုမို၍ အရှိန်တင်လိုက်သည်။ သူမသည် သူ၏ အောက်ဘက် အလွန်ဝေးကွာသော နေရာတွင် ရှိနေ၏။ သူ မီအောင် လိုက်နိုင်မည် မဟုတ်ပေ။

လပေါင်းများစွာတိုင်အောင် သူသည် ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း စက်ဝန်း ကို အသုံးပြု၍ သူ၏ အမြုတေ ကို ချဲ့ထွင်နေခဲ့သည်။ သူ၏ အမြုတေ ထဲတွင် တစ်ကြိမ်တည်း အသုံးပြုနိုင်သည်ထက် ပိုမိုများပြားသော မာဒြာ များ ရှိနေ၏။

သူသည် မာဒြာ သွေးကြောများကို ဖိအားပေးလိုက်၏။ သူ လုပ်နိုင်သမျှ အများဆုံး တွန်းထုတ်လိုက်ပြီး မှော်ပစ္စည်း ၏ အမြုတေ ထဲသို့ စွမ်းအားများ ပြည့်လျှံသွားစေသည်။ ဤ တိမ်တိုက် ကို ယနေ့ထက်ကျော်လွန်ပြီး အသုံးခံရန် သူ မလိုအပ်တော့ပေ။ ယခုအချိန်လေးသာ ဖြစ်၏။ နောက်ဆုံး တစ်ကြိမ်လေးသာ ဖြစ်သည်။

*

All Chapters