အခန်း (၃၃၃-၃၃၄)
Vol. 24 Ch. 333-334
အပိုင်း(၃၃၃)
အဆုံးအစမဲ့နေသော အပြာရောင် နောက်ခံကြီးတစ်ခု၏ ရှေ့တွင် အမျိုးသားတစ်ယောက် ရပ်နေ၏။ သူသည် ဥခွံကဲ့သို့ ချောမွေ့ပြီး အရည်တစ်မျိုးနှင့်ပင် တူနေသော အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ အသားအရေမှာ ဖြူလျော့နေပြီး မျက်နှာသည် ရှည်လျားကာ ထောင့်ကျနေ၏။ သို့သော် သူ၏ မျက်နှာသွင်ပြင်မှာ ပြီးပြည့်စုံနေသည်။ မည်သည့် အပြစ်အနာအဆာ သို့မဟုတ် အရေတွန့်ခြင်းမျိုးမျှ မရှိချေ။ သူ၏ မျက်လုံးများသည် စစ်မှန်သော အပြာရောင်ဖြစ်ပြီး ဆံပင်များမှာ အဖြူရောင်ဖြစ်ကာ ရှည်လျားစွာ ကျဆင်းနေလေသည်။
တစ်ခဏမျှ ရင်းနှီးနေသကဲ့သို့ ထင်ရပြီးနောက် လင်းတုန်းသည် သူ့ကို အလန့်တကြား မှတ်မိသွား၏။ သူသည် အီသန် နှင့် တူနေသည်။
တစ်ထပ်တည်း တူနေခြင်းတော့ မဟုတ်ပေ။ သူ၏ မေးစေ့က အီသန်ထက် အနည်းငယ် ပိုချွန်ပြီး ဆံစပ်က အနည်းငယ် ပိုနောက်ဆုတ်နေကာ နှာခေါင်းကလည်း အနည်းငယ် ပိုပါးလွှာနေ၏။ သို့သော် တစ်စုံတစ်ယောက်က ဤသူသည် အီသန်၏ အစ်ကို သို့မဟုတ် အီသန်၏ ဖခင် ငယ်စဉ်ကပုံစံဟု ပြောလာပါက လင်းတုန်း ယုံကြည်မိမည် ဖြစ်သည်။
မြေအောက်ခန်းထဲတွင် ထိုင်နေရာမှ နီလာရောင် ဟင်းလင်းပြင် ထဲသို့ တိုက်ရိုက် လွင့်မျောသွားရခြင်းမှာ အနည်းငယ်တော့ စိတ်ရှုပ်ထွေးစရာ ကောင်းနေ၏။ သို့သော် ဆူရီရယ် နှင့် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံက သူ့ကို အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ပေးထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ထိုအရာက စိတ်သက်သာရာ ရစရာပင် ဖြစ်၏။ ဆူရီရယ် ရောက်လာခဲ့ခြင်းသည် စိတ်ချောက်ချားမှု သက်သက် မဟုတ်ကြောင်း သူ အတည်ပြုချက် လိုအပ်နေပါက၊ ဤအရာက သီးခြား အတည်ပြုချက် တစ်ခု ဖြစ်နေသောကြောင့်ပင်။
"ငါ့ကို အော့ဇရီရယ် လို့ ခေါ်တယ်..."
အမျိုးသားက လင်းတုန်းကို စူးစိုက်ကြည့်ရန် လှည့်လာရင်း ပြောလိုက်သည်။
"မင်း ဒါကို ရှာတွေ့ခဲ့တယ်ဆိုရင်၊ မင်းက ငါချန်ထားရစ်ခဲ့တဲ့ မျိုးဆက်တွေထဲက တစ်ယောက် ဖြစ်ရမယ်... မင်း ကံကောင်းတာပဲ..."
သူ၏ အသံသည် လင်းတုန်း မျှော်လင့်ထားသည်ထက် များစွာ ပို၍ သက်ဝင်လှုပ်ရှားနေ၏။ သူ၏ အနက်ရောင် သံချပ်ကာနှင့် ဖြူလျော့နေသော ဆံပင်များအရ ဆိုလျှင် သူသည် လေးနက်သော လေသံဖြင့် တိုးတိတ်စွာ ပြောဆိုသင့်သည်ဟု ထင်ရသည်။
"မင်းတို့ထဲက တစ်ယောက်ယောက်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ ဆန္ဒမီးပွား တစ်ချို့ကို အမွေဆက်ခံနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသတင်းစကားကို ငါ ချန်ထားခဲ့တာ... ငါ မြင်နိုင်တဲ့ ကမ္ဘာကြီးရဲ့ အလွန်မှာ နောက်ထပ် အရာတွေ ရှိနေရမယ်လို့ ငါ ဆုံးဖြတ်ခဲ့တယ်... ပြီးတော့ ရေကန်ထဲက ငါးတစ်ကောင်လို ပိတ်လှောင်ခံနေရတာကို ငါ မကျေနပ်နိုင်ခဲ့ဘူး..."
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် နောက်ခံကြီးမှာ ဆုတ်ဖြဲခံလိုက်ရ၏။ လင်းတုန်း တစ်ခါမျှ မမြင်ဖူးသော မြို့တစ်မြို့၏ ကောင်းကင်ယံထက်သို့ သူ လှမ်းထွက်သွားလေသည်။ သက်တံ့ရောင်စုံ ရှိသော မြင့်မားသည့် မျှော်စင်ကြီးများ ရှိရာ ရှုခင်းတစ်ခု ဖြစ်၏။ တစ်ခုစီတိုင်းကို ကျောက်မျက်ရတနာများဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရသည်။ ခရမ်းရောင် သလင်းကျောက်၊ နီလာနှင့် မြ တို့သည် နေရောင်အောက်တွင် တောက်ပနေသည်။ တလက်လက် တောက်ပနေသော ပုံဆောင်ခဲ တံတားများသည် တစ်ခုနှင့် တစ်ခုကို ဆက်သွယ် ဖြတ်သန်းထားကြ၏။
ကျင့်ကြံသူ များသည် ကောင်းကင်ယံတွင် ခရီးသွားလာနေကြ၏။ မိုင်တစ်ထောင် တိမ်တိုက် များပေါ်တွင် ရပ်နေကြသူများ၊ အထွတ်အမြတ် ငှက်များကို စီးနင်းထားသူများ သို့မဟုတ် ဝိညာဉ်အကြွင်းအကျန် များက ဆွဲခေါ်သွားခြင်း ခံရသူများလည်း ပါဝင်သည်။
အော့ဇရီရယ်သည် မြို့ကြီးကို လှမ်းကြည့်လိုက်ရာ သူ၏ အသံမှာ ဝမ်းနည်းသွားဟန် ရှိ၏။
"မင်း သိထားသမျှ အရာအားလုံး၊ မင်း တစ်သက်လုံး သိခဲ့သမျှ အရာအားလုံးက ကမ္ဘာတစ်ခုတည်းသာ ဖြစ်တယ်... ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲက ကျွန်းတစ်ကျွန်းပေါ့..."
သူသည် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်သော်လည်း အပေါ်သို့ စတင် မြင့်တက်သွားသည်။ သူ ရွေ့လျားနေကြောင်း မျက်လုံးများက ပြောနေသော်လည်း ခန္ဓာကိုယ်ကမူ မတ်တတ်ရပ်နေဆဲဖြစ်ကြောင်း ပြောနေသဖြင့်၊ လင်းတုန်းသည် မူးဝေချင်စရာကောင်းသော ဆောင့်တက်သွားသည့် ခံစားချက်ကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။ မြို့ကြီးသည် သူတို့၏ အောက်တွင် အစက်ကလေး တစ်စက်မျှသာ ဖြစ်သွားသည်အထိ သူတို့ ကောင်းကင်ယံသို့ မြင့်တက်သွားကြသည်။ ထို့နောက် သူတို့ ဆက်လက် မြင့်တက်သွားကြ၏။
ကြယ်များဆီသို့ပင်...
လင်းတုန်း၏ မျက်လုံးများသည် ထိုအရာအားလုံးကို မြင်တွေ့နိုင်လောက်အောင် အလုံအလောက် မပြူးကျယ်နိုင်တော့ပေ။ ကုန်းမြေသည် သူနှင့် အဝေးသို့ အဆုံးအစမရှိ ကွေးညွတ်သွား၏။ အောက်ဘက်ရှိ မြို့ကြီးကိုပင် သူ မမြင်ရတော့ချေ။ နိုင်ငံတစ်ခုဟု သူ ထင်မှတ်ရသောအရာကိုသာ ခပ်ရေးရေးမျှ မြင်နိုင်တော့သည်။
ကမ္ဘာကြီးသည် အပြာ၊ အစိမ်းနှင့် အဝါရောင်များဖြင့် သူ၏ ရှေ့တွင် ဖြန့်ကျက်ထားသကဲ့သို့ ရှိနေသည်။ တိမ်တွေက အရမ်းများသည်။ သမုဒ္ဒရာတွေကလည်း အများကြီး... ကမ္ဘာကြီး၏ ဘယ်လောက်လောက်က ရေတွေ ဖုံးလွှမ်းနေသနည်း။
ကွေးညွတ်နေခြင်းကို သူ သတိမထားမိသလောက်ပင် ဖြစ်သွား၏။ ကမ္ဘာကြီးက... ကွေးနေတာလား။
လင်းတုန်းသည် ထိုအရာတစ်ခုလုံးကို မြင်နိုင်သည်အထိ သူတို့သည် ကြယ်များဆီသို့ ဆက်လက် လွင့်မျောသွားကြသည်။
‘အဲ့တာက စက်လုံးတစ်လုံးပဲ...’
သူသည် သဘာဝသမိုင်းကို ဖတ်ဖူးခဲ့သည်။ သဘာဝ ဒဿနိကဗေဒ ပညာရှင် တစ်ဦးထက်မက ကမ္ဘာကြီးသည် စက်လုံးတစ်လုံး ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ သို့သော် ထိုအရာက သူ့စိတ်ထဲတွင် ယခင်က တစ်ခါမျှ စွဲထင်မနေခဲ့ပေ။
စက်လုံးတစ်လုံးဆိုလျှင် အောက်ဘက်မှာ ရှိသည့် လူများက ဘယ်လိုလုပ် နေနိုင်ကြမည်နည်း။ ဘေးဘက်ရှိ လူများကရော လျှောမကျဘူးလော။
"ဒါက လွှမ်းမိုးကြည့်နိုင်တဲ့ မြင်ကွင်းတစ်ခုပဲ..."
အော့ဇရီရယ် က တိုးညင်းစွာ ပြောလိုက်၏။
"ဒါက နတ်ဘုရားပုခက် လို့ ငါတို့ ခေါ်တဲ့ ကမ္ဘာရဲ့ ဗဟိုဂြိုဟ်ပဲ... ကမ္ဘာစဉ် ၁၁၀ ပေါ့... အဲဒါက လူနေထိုင်တဲ့ ဂြိုဟ်တစ်ခုအတွက်ဆိုရင် ပျမ်းမျှထက် ပိုကြီးမားတယ်... သက်စောင့် အော်ရာ က လူသားတွေ ပျံ့နှံ့ဖို့အတွက် ပိုခက်ခဲစေသလို ပိုလည်း လွယ်ကူစေတယ်... ဒီမှတ်တမ်းကို ရိုက်ကူးနေတဲ့ အချိန်မှာဆိုရင်၊ ဝိညာဉ်ပေါင်း ဘီလီယံ ခြောက်ရာကျော်က ဒီနေရာကို အိမ်လို့ ခေါ်ဝေါ်နေကြတယ်..."
သူက လက်နှစ်ဖက်ကို ဖြန့်လိုက်၏။
"ပြီးတော့ ဒီဂြိုဟ်က နတ်ဘုရားပုခက် လို့ ခေါ်တဲ့ ကမ္ဘာရဲ့ ဗဟို အပိုင်းအစ တစ်ခုပဲ ရှိသေးတယ်... မင်းရဲ့ လ၊ မင်းရဲ့ နေ၊ ကြယ်တစ်လုံးချင်းစီက... သူတို့က ဒီမှာပဲ တည်ရှိနေကြတာ..."
"မင်းတို့ရဲ့ အဖြစ်မှန်မျိုးနဲ့ တူတဲ့ တခြား အဖြစ်မှန် ထောင်ပေါင်းများစွာ ရှိသေးတယ်..."
အော့ဇရီရယ် သည် အခြားသော အဖြစ်မှန် အက်ကွဲကြောင်း တစ်ခုကို ဆွဲဖြဲလိုက်ရင်း ပြောလိုက်၏။
တစ်ခဏအကြာတွင် သူတို့သည် အခြား ကမ္ဘာစဉ် တစ်ခုထဲသို့ ပေါ်ထွက်သွားကြသည်။ ထိုဂြိုဟ်သည်လည်း အပြာနှင့် အစိမ်းရောင် ရှိသော်လည်း ကုန်းမြေ၏ ပုံသဏ္ဌာန်များမှာ လုံးဝ ကွဲပြားနေသည်။ ၎င်းသည် နတ်ဘုရားပုခက်ထက် များစွာ သေးငယ်ပုံ မပေါ်ပေ။ သို့သော် လင်းတုန်း၏ စိတ်သည် ပါဝင်ပတ်သက်နေသော အရွယ်အစား ပမာဏကို နားလည်နိုင်ရန် ကြိုးစားရင်း ရှုပ်ထွေးနေဆဲ ဖြစ်၏။
"သူတို့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် လူဦးရေတွေ ရှိကြတယ်..."
အော့ဇရီရယ် သည် နောက်ထပ် တစ်ခုထဲသို့ ဝင်ရောက်သွားရင်း ပြောလိုက်သည်။ ဤကမ္ဘာသည် အမှောင်ထုထဲတွင် လွင့်မျောနေသော ချွန်ထက်သည့် အပိုင်းအစများ စုစည်းထားခြင်း ဖြစ်၏။ ဂြိုဟ်သည် အပိုင်းပိုင်း ဆုတ်ဖြဲခံထားရပြီး လွင့်မျောနေရန် ချန်ရစ်ခံထားရသကဲ့သို့ပင်။ သို့သော် လင်းတုန်းသည် ၎င်းတို့ တစ်ခုချင်းစီပေါ်တွင် မြို့ပြ အလင်းရောင်များကို မြင်တွေ့နေရသည်။ မျက်နှာပြင်အောက်ရှိ မြေကြီးထဲတွင်ပင် အချို့ကို မြင်တွေ့ရ၏။ လူသားများက ထိုကျွန်းများကို သူတို့၏ ကိုယ်ပိုင် ပွေးတွင်းများအဖြစ် ဖန်တီးထားသကဲ့သို့ပင်။
ကမ္ဘာကြီးသည် နောက်တစ်ဖန် အပြာရောင် ပြောင်းသွား၏။
"ငါက အဘီဒန် လို့ခေါ်တဲ့ အဖွဲ့အစည်း တစ်ခုမှာ ပါဝင်တယ်..."
သူက ပြောလိုက်၏။ ယခုအခါ အပြာရောင်ထဲတွင် ပုံရိပ်သစ်များ ပေါ်လာသည်။
အဖြူရောင် သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်များသည် အတန်းလိုက်၊ အဆင့်လိုက် အရောင်များကြားတွင် လွင့်မျောနေကြ၏။ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီး၊ သူတို့ထဲမှ အချို့၏ သံချပ်ကာများပေါ်တွင် သင်္ကေတများ ပါရှိကာ၊ အချို့ကမူ ထူးဆန်းသော ကိရိယာများကို ကိုင်ဆောင်ထားကြသည်။
လင်းတုန်းသည် ဆူရီရယ်ကို စိတ်အားထက်သန်စွာဖြင့် လိုက်လံ ရှာဖွေကြည့်လိုက်၏။ သူမကို မတွေ့ရပေ။ သို့သော် လူအုပ်ကြီးထဲမှ လူတစ်ဦးတစ်ယောက်ကို ရွေးချယ် ရှာဖွေရန်မှာ ခက်ခဲလှသည်။
အဘီဒန် များကို ထင်ရှားသော အဆင့် ခုနစ်ဆင့်ဖြင့် ဖွဲ့စည်းထား၏။ ယခုအခါ ၎င်းတို့ တစ်ခုစီတိုင်း၏ အထက်တွင် လူတစ်ဦးစီ ဝဲပျံနေသည်။
သည်တစ်ခါတော့ လင်းတုန်းသည် နောက်ဆုံးတွင် ဆူရီရယ် ကို တွေ့လိုက်ရ၏။
သူမသည် ဆဋ္ဌမမြောက် တပ်ဖွဲ့အထက်တွင် ရပ်နေ၏။ သူမ၏ ခရမ်းရောင် မျက်လုံးများသည် ရှေ့သို့ စိုက်ကြည့်နေပြီး မြရောင် ဆံပင်များမှာ ရေအောက်တွင် ရှိနေသကဲ့သို့ လွင့်မျောနေလေသည်။
သူမကို မြင်လိုက်ရချိန်တွင် လင်းတုန်း၏ မျက်ဝန်းများ၌ မျက်ရည်များ ဝဲတက်လာ၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သူ သေချာ မရှင်းပြတတ်ပေ။ အော့ဇရီရယ်က သူ့ကို မြင်ပြီး ရယ်မောသွားမည်ကို စိုးရိမ်သကဲ့သို့ ထိုမျက်ရည်များကို သူ သုတ်ဖယ်လိုက်သည်။
အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ထိုတစ်ဦးတည်းသော အဘီဒန်သည် ထောင်ပေါင်းများစွာသော အဘီဒန် တပ်ဖွဲ့ဝင်များကို လှမ်း၍ စိုက်ကြည့်နေ၏။ သူသည် လမ်းပျောက်နေသကဲ့သို့ ရှိသည်ဟု လင်းတုန်း ထင်လိုက်မိသည်။ သို့သော် သေမျိုးမဟုတ်သူများ၏ မျက်နှာအမူအရာကို မည်သူက ဖတ်တတ်မည်နည်း။
***
အပိုင်း(၃၃၄)
"ငါတို့က မဟာလမ်းစဉ် ဆီကနေ စွမ်းအားတွေကို ရယူတယ်..."
အော့ဇရီရယ်က ပြောလိုက်သည်။
"အခု မင်း ပတ်ဝန်းကျင်မှာ မြင်နေရတာက အဲဒါပဲ... အဲဒါက ကမ္ဘာစဉ် တွေ အားလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ စည်းမျဉ်းကျနမှု စွမ်းအားပဲ... အဲဒီ စွမ်းအားနဲ့ ငါတို့က မင်းတို့ အားလုံးကို ကာကွယ်ပေးတယ်... ငါတို့သာ မရှိရင် အရာအားလုံးဟာ ပရမ်းပတာ အခြေအနေကို ကျဆင်းသွားလိမ့်မယ်..."
ရုတ်တရက် အော့ဇရီရယ် သည် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်သလို၊ နောက်ထပ် တံခါးပေါက် တစ်ခုကိုလည်း ဆွဲဖြဲဖွင့်လှစ်ခြင်း မရှိဘဲ မြင်ကွင်းက ပြောင်းလဲသွားလေသည်။
အဘီဒန် များ ပျောက်ကွယ်သွားကြ၏။ မဟာလမ်းစဉ် ၏ အပြာရောင် အလင်းတန်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ယခုအခါ လင်းတုန်းသည် ဖုန်ထူသော မြေပြန့်လွင်ပြင် ကျယ်ကြီးတစ်ခုပေါ်တွင် ရပ်နေလေပြီ။
သူ၏ ပတ်ဝန်းကျင် တစ်ဝိုက်တွင် လူများ သေဆုံးနေကြ၏။
သူတို့သည် တစ်ချိန်က သံချပ်ကာများ၊ ဓားများနှင့် ဒိုင်းလွှားများကို ကိုင်ဆောင်ထားသော စစ်တပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် မြေကြီးပေါ်၌ လူးလှိမ့်ကာ အသက်ရှူကျပ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် စက္ကန့်နှင့်အမျှ ဖြူလျော့ ခြောက်သွေ့လာကြသည်။ သူ၏ မျက်စိရှေ့တွင်ပင် ဆယ်စုနှစ်များစွာ အိုမင်းရင့်ရော်သွားသကဲ့သို့ ဖြစ်နေလေသည်။
သူတို့ထဲမှ တစ်ယောက် သေဆုံးသွားတိုင်း လင်းတုန်းသည် မည်သို့ သိရှိသွားမှန်း မပြောတတ်သော်လည်း သေချာစွာ ခွဲခြားသိမြင်နိုင်၏။ တစ်ယောက်ချင်းစီသည် သူ၏ မိတ်ဆွေ တစ်ယောက်ဖြစ်နေသကဲ့သို့ သူ၏ နှလုံးသားကို ထိုးဖောက် ဝင်ရောက်သွားလေသည်။
ယခုအခါ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီ ဖြစ်သည်။ သူ မျက်နှာလွှဲလိုက်သော်လည်း ထိုနာကျင်မှုမှတော့ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
"စွမ်းအားတိုင်းလိုလိုပါပဲ၊ ငါတို့မှာလည်း စည်းမျဉ်းတွေ ရှိတယ်..."
အော့ဇရီရယ် က ဝမ်းနည်းစွာ ပြောလိုက်သည်။
"ဒါက ရှောင်လွှဲလို့မရတဲ့ အမှန်တရားပဲ... အဲဒီ စည်းမျဉ်းတွေထဲက တစ်ခုက ငါတို့ရဲ့ ဝင်ရောက် စွက်ဖက်ခွင့်ကို ကန့်သတ်ထားတယ်... ရာစုနှစ်ပေါင်းများစွာ တစ်လျှောက်၊ ကမ္ဘာတွေ သေဆုံးပျက်စီးသွားတာကို ငါ စောင့်ကြည့်နေခဲ့ရတယ်... အခု မင်း ခံစားနေရတဲ့ နာကျင်မှုကို သေဆုံးမှုတိုင်းနဲ့အတူ ငါ ခံစားရတယ်... အဆုံးမရှိတဲ့ ကမ္ဘာတွေမှာ အကြိမ်ကြိမ် အထပ်ထပ်ပဲ..."
ယခုအခါ သူတို့သည် အခြား ကမ္ဘာတစ်ခုသို့ ရောက်နေကြပြန်၏။ လူများသည် ဘီလူး သတ္တဝါများ၏ ဖိနှိပ် သတ်ဖြတ်ခြင်းကို ခံနေကြရသည်။ နောက်ထပ် ကမ္ဘာတစ်ခုတွင်မူ လေထုသည် အသက်ရှူရန် မဖြစ်နိုင်လောက်အောင် အဆိပ်သင့်နေလေသည်။ အခြား တစ်ခုတွင် အမျိုးသားများနှင့် အမျိုးသမီးများသည် ငတ်မွတ်ခေါင်းပါးခြင်း သို့မဟုတ် ရေငတ်ခြင်းကြောင့် သေဆုံးနေကြ၏။ ကောင်းကင်မှ ကျောက်တုံးကြီးများ ကျဆင်းလာပြီး မြို့ကြီးများကို ဖျက်ဆီးပစ်နေသော ကမ္ဘာတစ်ခု၊ ကြီးမားသော သားရဲကြီးများ ရမ်းကားနေသော ကမ္ဘာတစ်ခု၊ မီးလောင်ကျွမ်းနေသော ကမ္ဘာတစ်ခု အစရှိသည်တို့ကို မြင်တွေ့ရသည်။
အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပေါ်လာပြီး လင်းတုန်း၏ ခေါင်းထဲတွင် အချိန်ကာလများ ဝေဝါးသွား၏။ ထိုသေဆုံးမှု တစ်ခုချင်းစီတိုင်းသည် သူကိုယ်တိုင် ကျူးလွန်ခဲ့သကဲ့သို့ သူ့ကို လှံနှင့် ထိုးစိုက်လိုက်သလို ခံစားရလေသည်။
နောက်ဆုံး လင်းတုန်း ဒူးထောက်ကျသွားချိန်၌ သူတို့သည် မဟာလမ်းစဉ် ၏ တည်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားကြသည်။ အော့ဇရီရယ်သည် သူ၏ မျက်လုံးများကို စိုက်ကြည့်လာ၏။
"ဒါက ငါ့ အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ..."
သူက တိုးညင်းစွာ ပြောလိုက်သည်။
"တစ်နေ့နေ့မှာ အသီးအပွင့်တွေ သီးလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်ပျိုးထားတဲ့ မျိုးစေ့များစွာထဲက တစ်စေ့ပါပဲ... မင်း ငါနဲ့ ပူးပေါင်းဖို့ လိုအပ်တယ်..."
သူသည် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော လက်ချောင်းများကို သူ၏ ခေါင်းဆီသို့ မြှောက်လိုက်၏။ လင်းတုန်းသည် ထိုနေရာ၌ ရေးထိုးထားသော အဆုံးမဲ့ ပင်ပန်းနွမ်းနယ်မှုများကို မြင်တွေ့နိုင်လေသည်။
"အဘီဒန် အနေနဲ့ မဟုတ်ဘူး... ငါ မင်းကို သူတို့ရဲ့ စည်းမျဉ်းတွေ အပြင်ဘက်မှာ ပျိုးထောင်ပေးချင်တယ်... ငါတို့ သွားလို့မရတဲ့ နေရာတွေကို မင်းကို သွားစေချင်တယ်... သေဆုံးပျက်စီးနေတဲ့ ကမ္ဘာတွေထဲကို သွားပြီး၊ ငါတို့ စွန့်ပစ်ခဲ့ရတဲ့ လူတွေကို ကယ်တင်ဖို့ပဲ..."
ယခုအခါ အော့ဇရီရယ်၏ သံချပ်ကာ ကျောဘက်မှ အမှောင် ခြုံလွှာ တစ်ခု လွင့်ဝဲလာ၏။ ရုတ်တရက် သူသည် အရာခပ်သိမ်း၏ နိဂုံးချုပ် ကဲ့သို့ ကြီးမားထည်ဝါစွာ ပေါ်ထွက်လာသည်။
"မင်းက ငါ့ရဲ့ ကလေးတွေထဲက တစ်ယောက်ပဲ..."
သူက ပြောလိုက်သည်။
"မင်းက ငါ့ရဲ့ အမြင်အာရုံကို အမွေဆက်ခံထားတယ်... မင်းအတွက်တော့ ကမ္ဘာကြီးက ဖွင့်ဟနေပြီပဲ...
"မင်း နတ်ဘုရားပုခက် ထဲကနေ လှမ်းထွက်လာလို့ ရပြီ... မင်း ကြီးပြင်းလာနိုင်ပြီ...”
"ပြီးတော့ ငါနဲ့ ပူးပေါင်းလိုက်ပါ...”
...
အီသန်သည် ယီရင်ကိုလည်း ဖန်လုံးလေးဖြင့် ထိလိုက်၏။ အခြား နှစ်ယောက် မလှုပ်မယှက် ထိုင်ကာ လေဟာပြင်ကို စိုက်ကြည့်နေသည်ကို ထိုင်ကြည့်နေရခြင်းမှာ မာစီအတွက်တော့ အနေရခက်ပေလိမ့်မည်။ သို့သော် သူမ အသားကျသွားပါလိမ့်မည်။
သူက သူမကို စောစောစီးစီး လက်ခံလိုက်လျှင် သိပ်ကို လောကြီးနေသည်ဟု ထင်ရပေမည်။ သူမကို ဖြည်းဖြည်းချင်း မျှားခေါ်ခြင်းက အကောင်းဆုံး ဖြစ်သည်။
လင်းတုန်းနှင့် ယီရင်တို့ ဘာကို မြင်နေရသည်ကို သူ သိထား၏။ သတင်းစကားတွင် ပါဝင်သော အကြောင်းအရာများမှာ ဘယ်သောအခါမျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူတို့ မည်မျှပင် လွှမ်းမိုးခံလိုက်ရမည်ကို သူ စိတ်ကူးကြည့်နိုင်သည်။ သူကိုယ်တိုင်လည်း တစ်ချိန်က ထိုနည်းတူ ခံစားခဲ့ရဖူးသည်။
‘သတင်းစကား ဆိုလို့... ခုမှ သတိရတယ်...’
အီသန် အိတ်ကပ်ထဲသို့ နှိုက်၍ ချိပ်ပိတ်ထားသော စာအိတ်တစ်အိတ်ကို သူ ဆွဲထုတ်လိုက်၏။ ၎င်းမှာ အာရီလီယပ် မိသားစု ၏ မွေးရပ်မြေမှ သတင်းစကား ပေးပို့ရာတွင် သုံးသော နည်းလမ်းတစ်ခု ဖြစ်သည်။ အမှန်ပင် ဤချိပ်ပြားပေါ်တွင် အာရီလီယပ် မိသားစု ၏ လခြမ်း သင်္ကေတကို ရိုက်နှိပ်ထား၏။ ၎င်းနှင့်အတူ စွမ်းအားကို ညွှန်ပြသော ရှေးဟောင်း အက္ခရာ နှစ်ခုလည်း ယှဉ်တွဲ ပါဝင်သည်။
ပင်မ မိသားစု၏ သင်္ကေတ ဖြစ်၏။ ကပ်ဆီးယပ်စ် ၏ ဖခင်သည် ၎င်းကို အကြောင်းပြချက် မရှိဘဲ ယူငင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူတို့ မိသားစု၏ ပထမဆုံးသော ခေါင်းဆောင်ကြီး ထံမှ ထူးခြားသော ရူပါရုံ မြင်ကွင်း ပါဝင်သော ဖန်လုံးလေး တစ်ခု အီသန် ၏ ထံတွင် ရှိနေသည်ကို သူ သိပါက မည်သို့ ခံစားရမည်နည်း။
သို့သော် အစစ်အမှန် ပင်မ မိသားစုသာ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဆိုပါက ဂိုင်အန် အာရီလီယပ်သည်လည်း ထိုတံဆိပ်တုံးကို မည်သူနှင့်မဆို တန်းတူ ပိုင်ဆိုင်ခွင့် ရှိနေပြီ ဖြစ်သည်။ ထိုအကြောင်းကို သိရှိရန် အီသန် အနေဖြင့် နောက်ထပ် သုံးနှစ်ခန့် စောင့်ဆိုင်းရဦးမည် ဖြစ်၏။
‘သို့...
အီသန်
ကပ်ဆီးယပ်စ် စာရေးလိုက်ပါတယ်။ မိသားစုရဲ့ အကြီးအကဲတွေက ခုနောက်ပိုင်း ခင်ဗျား ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံကို သဘောမကျဘူး။’
လင်းတုန်း ရှုံးနိမ့်ခဲ့သော စိန်ခေါ်ပွဲကို သူတို့ ဆိုလိုခြင်း ဖြစ်၏။ သို့သော် ထိုကိစ္စ၏ အကျိုးကျေးဇူးများကိုတော့ သူတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် သွေးဖီးနစ် မနိုးထလာမီ အချိန်က ကပ်ဆီးယပ်စ် အား သူ ပေးခဲ့သော အမိန့်များကိုလည်း ဆိုလိုခြင်း ဖြစ်သည်။ ကပ်ဆီးယပ်စ် အနေဖြင့် ထိုအရာများကို အကောင်အထည်ဖော်ရန် အခွင့်အရေး လုံးဝ မရခဲ့သော်လည်းပေါ့လေ။
တကယ်တမ်းတွင် သူတို့သည် သူ၏ အလုပ်လုပ်ပုံ နည်းလမ်းကို သဘောမကျကြခြင်းသာ ဖြစ်၏။ ဆုံးဖြတ်ချက်တိုင်း မချမှတ်မီ သူတို့နှင့် အရင် တိုင်ပင်စေချင်ကြသည်။ ထိုအချက်ကို သူ နားလည်ပါသည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင် အားနည်းချက်ဟောင်း တစ်ခုမှ မြစ်ဖျားခံလာခြင်း ဖြစ်၏။ သူသည် လိုတာထက်ပို၍ ထိန်းချုပ်လွန်းသည်။ ထိုအချက်က သူ့ကို တွဲဖက် အလုပ်လုပ်ရန် ခက်ခဲသောသူ တစ်ယောက် ဖြစ်စေခဲ့သည်။
သို့သော် ဤကဲ့သို့သော လူများ၏ အမိန့်ပေး ခိုင်းစေခြင်းကို သူ ခံရမည့်အစား နေမင်းကြီးက အရင် အေးစက်သွားပေလိမ့်မည်။
‘ဒီသတင်းစကားကို ကျွန်တော့် လက်နဲ့ ကိုယ်တိုင် ပေးပို့ရခြင်းအတွက် တစ်ကိုယ်ရေအရ အလွန် နာကျင်ရပါတယ်။ ဒါပေမဲ့ မိသားစု အကြီးအကဲတွေက ခင်ဗျားကို ခေါင်းဆောင်ကြီး အဖြစ်ကနေ ယာယီ နုတ်ထွက်ပေးဖို့ အလိုရှိနေကြပါတယ်... ခင်ဗျားက မိသားစု အကြီးအကဲ တစ်ဦးရဲ့ အခွင့်အရေးနဲ့ အထူးခံစားခွင့်တွေ အားလုံးကို ဆက်လက် ရရှိနေဦးမှာ ဖြစ်တယ်... ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော အဆင့်နိမ့် အရှင်သခင် အနေနဲ့လည်း ဆက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်
အောက်ခြေမှာ အဖေ့ရဲ့ တံဆိပ်တုံး နှိပ်ထားတာ ခင်ဗျားတွေ့မှာပါ... သူကလည်း သဘောတူတယ်... အင်ပါယာဆီကနေလည်း ခွင့်ပြုချက်ကို ရပြီးပါပြီ... တကယ်လို့ ခင်ဗျား မကျေနပ်ရင် အကြီးအကဲတွေဆီ အယူခံဝင်ဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်... ခင်ဗျား အတည်တကျ ဖြစ်သွားပြီး မိသားစုရဲ့ လိုအပ်ချက်တွေကို ခင်ဗျားရဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေထက် ဦးစားပေးလာမယ့် တစ်ချိန်ချိန်ကျရင် အနာဂတ်မှာ ဒီမိသားစုကို ဦးဆောင်ရမယ့် လူက ခင်ဗျားပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။
နာကျင်မှု၊ နောင်တများစွာဖြင့်...
နာရူ ကပ်ဆီးယပ်စ် အာရီလီယပ်’
ထိုစာရွက်ပေါ်တွင် ကပ်ဆီးယပ်စ် ၏ အမည်နှင့် သူ၏ ဖခင်အမည် နှစ်ခုစလုံးအတွက် အက္ခရာများ ရိုက်နှိပ်ထား၏။ အီသန်သည် စာအိတ်ကို လှန်ကာ သူ အကောင်းအတိုင်း ချန်ထားခဲ့သော ချိပ်ပြားကို ကြည့်လိုက်သည်။
မိသားစု သင်္ကေတ။
သူတို့က သူ့ကို ငြင်းပယ်လိုက်ကြလေပြီ။
လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ထိုစာကို လွင့်ပါသွားရန် သူ လွှတ်ပေးလိုက်လေသည်။
...
တောင်းဆိုထားသော အချက်အလက် - မိစ္ဆာ နတ်ဘုရား များ၏ လက်ရှိ အခြေအနေ။
အစီရင်ခံစာ စတင်နေပါသည်...
...
သွေးဖီးနစ်သည် ၎င်း၏ အသိစိတ်များ အပိုင်းအစ ထောင်ပေါင်းများစွာထံသို့ ပြန့်ကျဲသွားပြီးနောက် စောင့်ဆိုင်းရန် ငြိမ်သက်သွား၏။ ၎င်း၏ အပိုင်းအစ အများစုမှာ အိပ်မောကျသွားသော်လည်း၊ အခြား အများအပြားကမူ လက်ခံကောင်များကို လိုက်လံ ရှာဖွေနေကြသည်။ အမဲလိုက်ရန်နှင့် သူတို့ အမေ၏ စွမ်းအားကို တည်ဆောက်ရန် ဖြစ်၏။ ပျောက်ဆုံးနေသော ၎င်း၏ ညီအစ်ကိုကို ပြန်လည် အာရုံခံမိမည့် အချိန်အတွက် ၎င်းသည် အချိန်ကို စောင့်ဆိုင်းနေလေသည်။
တိတ်ဆိတ်သော ဘုရင်ကြီးသည် ဖီးနစ် တိုက်ပွဲဝင်နေသည်ကို အာရုံခံမိပြီး ၎င်း၏ အိပ်မက်ထဲတွင် လှုပ်ရှားသွားသည်။ မိုင်ရာပေါင်းများစွာ အကွာအဝေးအထိ ဝိညာဉ် များနှင့် ဝိညာဉ်အကြွင်းအကျန် များသည် ၎င်း၏ လွှမ်းမိုးမှုကို ခံစားလိုက်ကြရသည်။ ၎င်းတို့သည် အရင်းအမြစ်ကို မသိရှိကြသော်လည်း အနှောင့်အယှက် ဖြစ်သွားကြသည်။
ငိုကြွေးနေသော နဂါးကြီးသည် လေထု၏ အထက်ပိုင်းရှိ မိုင်ပေါင်းများစွာ ရှည်လျားသော တိမ်တိုက် အိပ်ရာထက်တွင် အိပ်မောကျနေ၏။ ၎င်း နောက်ဆုံး နိုးထခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်သည်။ ဖီးနစ် ၏ စွမ်းအားက ၎င်း၏ စိတ်ဝိညာဉ် ကို ထိုးဆွသွားသော်လည်း နဂါးကြီးကို အိပ်ရာမှ နိုးထလာစေရန် ပို၍ ဆွဲဆောင်မှုရှိသော မြှူဆွယ်စရာတစ်ခု လိုအပ်လိမ့်မည် ဖြစ်သည်။
သမုဒ္ဒရာ ကြမ်းပြင်ရှိ ချောက်ကမ်းပါးကြီး တစ်ခုထဲတွင် လှည့်လည်သွားလာနေသော တိုက်တန်ကြီး သည် ၎င်း၏ ကျောက်သား အဆစ်အမျက်များကို လှည့်ပတ် လှုပ်ရှားလိုက်၏။ အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့သောကြောင့် ၎င်းတို့မှာ တောင့်တင်းနေခဲ့သည်။ ၎င်းသည် ဖြည်းညင်းစွာ၊ သို့သော် မှန်မှန် နိုးထလာနေပြီ ဖြစ်သည်။
မကြာမီ ၎င်း နိုးထလာတော့မည် ဖြစ်၏။
အကြံပြုထားသော ခေါင်းစဉ် - နတ်ဘုရားပုခက် ၏ ကံကြမ္မာအပေါ် မာကီရယ် ၏ အပြည့်အဝ လွှမ်းမိုးမှု။ ဆက်လက် လုပ်ဆောင်ရမလား။
ငြင်းပယ်သည်။ အစီရင်ခံစာ ပြီးဆုံးပါပြီ။
***