← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 24 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 24 Ch. 335-336

အပိုင်း(၃၃၅)

မူအန်ကိုင်း

မူအန်ကိုင်းသည် ထိုဥကို မတွေ့ရမီက ဘာမှမဟုတ်သော သူတစ်ယောက် ဖြစ်ခဲ့၏။

သူသည် အစေခံ တစ်ယောက်အဖြစ် မွေးဖွားလာခဲ့သည်။ အဆင့်နိမ့် သတ္တုကြိုဖို တစ်ခုတွင် မီးဖိုကို ထိန်းချုပ်မောင်းနှင်နိုင်ရုံမျှသာ ရှိသော မီး လမ်းစဉ် တစ်ခုကို လိုက်စားခဲ့၏။ သူသည် ကျောက်မီးသွေးများကို ဂေါ်ပြားဖြင့် ကော်ထည့်ရင်း၊ မီးခိုးငွေ့များကြားတွင် မွန်းကျပ်စွာဖြင့် နေ့ရက်များကို ကုန်ဆုံးခဲ့ရသည်။ အသက်ဆက်နိုင်ရန်အတွက် မာဒြာပြား အနည်းငယ်ကိုသာ ခက်ခဲစွာ ရှာဖွေနိုင်ခဲ့လေသည်။

ထိုအချိန်တွင် ကောင်းကင်ကြီးသည် အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူနှင့် အခြား အစေခံများသည် အေးစက်နေသော မီးဖိုထဲတွင် ခိုလှုံခဲ့ကြရသည်။ မြေကြီး တုန်ခါမှု ရပ်တန့်သွားပြီး လေထုထဲတွင် သွေး အော်ရာ များ လွှမ်းမိုးမနေတော့သည့် အချိန်အထိ သူတို့သည် ရက်ပေါင်းများစွာ ကြောက်လန့်တကြား ပုန်းအောင်းနေခဲ့ကြရ၏။ သူတို့ ပုန်းအောင်းရာမှ ထွက်လာသောအခါ တုန်ရီနေကြသော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုအရာက သူ့ကို စောင့်ကြိုနေခဲ့လေသည်။

ထိုဥသည် လူတစ်ယောက်၏ ခေါင်းအရွယ်အစားခန့် ရှိပြီး ပြောင်လက်နေသော စက်လုံးတစ်ခု ဖြစ်၏။ သတ္တုကြိုစက်ရုံ၏ အပျက်အစီးများကြားတွင် ရှိနေသည်။ အဆောက်အအုံနှင့် မတူဘဲ ၎င်းသည် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။ အပြစ်အနာအဆာ ကင်းစင်ပြီး လှပနေလေသည်။

၎င်း၏ ကတိကဝတ်ကို သူ၏ စိတ်ဝိညာဉ် ထဲတွင် သူ ခံစားနိုင်ခဲ့၏။ ရက်ပေါင်းများစွာ ကမ္ဘာကြီးကို လွှမ်းမိုးထားခဲ့သော သွေး အော်ရာ များသည် ဤနေရာတွင် စုစည်းနေခြင်း ဖြစ်သည်။ အန်ကိုင်း သည် သူ့ကိုယ်သူ ရည်မှန်းချက်ကြီးသူ တစ်ယောက်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သို့သော် ထိုဥ၏ ချောမွေ့နေသော အခွံပေါ်တွင် သူ၏ အနာဂတ်ကို သူ မြင်တွေ့ခဲ့ရသည်။

ထိုအပေါ်တွင် ထင်ဟပ်နေသော သူ၏ ပုံရိပ်သည် အစေခံ တစ်ယောက် မဟုတ်တော့ချေ။ ဂိုဏ်းများနှင့် ကျောင်းတော်များအတွက် လုံလောက်မှု မရှိဟု သတ်မှတ်ခံရသော၊ တစ်ပိုင်းတစ်စသာ မှတ်မိပြီး မပြည့်စုံသော လမ်းစဉ် ကို လိုက်စားနေသူ တစ်ယောက်လည်း မဟုတ်တော့ပေ။ သွေးများဖြင့် ဘိသိက်သွန်းကာ သရဖူဆောင်းထားသော ဘုရင်တစ်ပါးကို သူ မြင်တွေ့ခဲ့ရ၏။ ထိုကတိကဝတ်သည် သူ၏ စိတ်ဝိညာဉ် ထဲရှိ မှောင်မိုက်သော အရာတစ်ခုကို ဖမ်းဆုပ်ကာ ရှေ့သို့ ဆွဲထုတ်လိုက်လေသည်။

သူ ရှေ့သို့ လှမ်းထွက်လိုက်သောအခါ အခြားသူများကလည်း ထိုနည်းတူ လှမ်းလာကြ၏။ သူသည် ဘယ်နှင့် ညာသို့ ကြည့်လိုက်ရာ သူခိုးများ ဝန်းရံနေသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းသည် ခဏတာသာ ဖြစ်ပွားခဲ့သော အရုပ်ဆိုးသည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့၏။ ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူ များကြားမှ တိုက်ပွဲမျိုး မဟုတ်ခဲ့ပေ။ ထိုဥသည် ယိုဖိတ်ကျလာသော သွေးများကြောင့် ဂုဏ်ကျက်သရေ တောက်ပနေခဲ့သည်။ သူ အောင်ပွဲခံကာ ရပ်တည်နိုင်ခဲ့ချိန်တွင် သူ၏ ဒဏ်ရာများကိုဖြစ်စေ၊ ကျဆုံးသွားသော မိတ်ဆွေများကိုဖြစ်စေ သူ မစဉ်းစားခဲ့ပေ။

ထိုဥသည် သူ့အပိုင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

မည်သို့ လုပ်ဆောင်လိုက်မှန်း မသိဘဲ သူသည် ၎င်းကို သူ၏ အတွင်းသို့ ဆွဲသွင်းလိုက်၏။ ယခုအချိန်အထိ ၎င်းသည် သူ၏ စိတ်ဝိညာဉ် ထဲတွင် ခိုအောင်းနေဆဲ ဖြစ်သည်။ သူ၏ အမြုတေ ဘေးတွင် နွေးထွေး လုံခြုံစွာ ရှိနေပြီး ၎င်း၏ စွမ်းအားများသည် သူ၏ အတွင်း၌ မီးပုံကြီးတစ်ခုလို တောက်လောင်နေလေသည်။

အန်ကိုင်းသည် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး၊ အထူးတလည် အင်အားကြီးမားသူ တစ်ယောက်လည်း မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင် အဆင့်တက်ခြင်းသည် သူ့အတွက် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။ အဆင့်မြင့် ရွှေအဆင့် သည် ထိုဥ၏ စွမ်းအားနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ချေ။

ယခုအခါ သူသည် မြို့၏ အကောင်းဆုံး စားသောက်ဆိုင်ကြီး၏ အမြင့်ဆုံး အထပ်တွင် ထိုင်နေ၏။ ဒေသတွင်းရှိ အင်အားအကြီးဆုံး ကျင့်ကြံသူ များသည် ယခုအခါ သူ၏ ရှေ့တွင် ဒူးထောက်ကာ တုန်ရီနေကြသည်။ သူ၏ မျက်လုံးကိုပင် တည့်တည့် မကြည့်ရဲကြပေ။ ယခုအခါတွင် သူတို့ကသာ အစေခံများ ဖြစ်နေကြပြီ ဖြစ်သည်။

ထိုဥကို မရရှိမီကဆိုလျှင် မူအန်ကိုင်းသည် ယခု သူ၏ ရှေ့တွင် ဦးညွှတ်နေသော အဆင့်မြင့် ရွှေအဆင့် သုံးယောက်၏ ရှေ့တွင် စကားပြောရန်ပင် ရဲဝံ့မည် မဟုတ်ပေ။ သူတို့ တစ်ယောက်ချင်းစီတွင် မတူညီသော ရွှေအဆင့် သင်္ကေတ များနှင့် မတူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ သူတို့အားလုံးသည် မတူညီသော လမ်းစဉ် များကို ကိုယ်စားပြုကြသည်။ သို့သော် သူတို့အထဲမှ မည်သူကမျှ သူ၏ လမ်းစဉ်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

ထိုဥသည် သူ၏ စိတ်ဝိညာဉ် ကိုသာမက သူ၏ ခန္ဓာကိုယ်ကိုပါ ပြောင်းလဲပေးခဲ့၏။ ယခင်က သူသည် သေးကွေးပြီး ခါးကိုင်းနေခဲ့သည်။ ကလေးဘဝကဆိုလျှင် သူ့ကို ကြွက်တစ်ကောင်နှင့်ပင် မကြာခဏ နှိုင်းယှဉ် ခေါ်ဝေါ်ခံခဲ့ရ၏။ ယခုအခါ သူသည် ပိန်ပါးပြီး ထက်မြက်နေကာ ဆာလောင်နေသော ဝံပုလွေ တစ်ကောင်နှင့် တူနေလေသည်။

သူ၏ လက်ခုံပေါ်ရှိ လှုပ်ရှားနေသော မီးတောက်ပုံစံ ရွှေအဆင့် သင်္ကေတ သည် သွေးကဲ့သို့ နီရဲနေ၏။ ဥ၏ စွမ်းအားများ ဖြာထွက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပိုမို စီးဆင်းလာသည်နှင့်အမျှ၊ နီရဲနေသော သွေးကြောများသည် သူ၏ လက်မှနေ၍ လက်မောင်းတစ်လျှောက် အပေါ်သို့ ပြန့်တက်သွားလေသည်။

သူသည် သူ၏ အဆင့်မြင့် ရွှေအဆင့် အစေခံများထဲမှ တစ်ယောက်ကို လက်ဟန်ပြလိုက်၏။ ထိုအခါ အမျိုးသမီးငယ်သည် ရှားပါးသော ဝိညာဉ်သစ်သီး တစ်စိတ်ကို သူ၏ နှုတ်ခမ်းများဆီသို့ မြှောက်ပေးရင်း တုန်လှုပ်သွားလေသည်။ သူမသည် သူ့ထက်ပင် ငယ်ရွယ်သော်လည်း အဆင့်မြင့် ရွှေအဆင့် တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ သူမကိုယ်သူမ အထင်ကြီးနေခဲ့သည်မှာလည်း မဆန်းပေ။ သူ၏ အင်အားကို နားလည်သဘောပေါက်စေရန် သူ၏ စွမ်းအားသစ်ကို အကြိမ်ကြိမ် ပြသခဲ့ရ၏။ သို့သော် ယခုအခါ သူမသည် သူ့ကို ရိုသေလေးစားနေပြီ ဖြစ်သည်။ သူမ၏ တုန်ရီနေသော လက်ချောင်းများနှင့် သူမ၏ စိတ်ဝိညာဉ် အား ဖုံးကွယ်ထားသော အကာအကွယ်တို့မှ တစ်ဆင့် ထိုလေးစားမှုကို သူ မြင်တွေ့နိုင်လေသည်။

အန်ကိုင်းသည် သစ်သီးကို ကိုက်စားလိုက်ပြီး ၎င်း၏ ရေခဲလို အေးစက်သော အရသာကို ခံစားလိုက်၏။ ၎င်းသည် သူ၏ မာဒြာ လမ်းကြောင်းများထဲသို့ သက်တောင့်သက်သာရှိသော စွမ်းအားများကို သယ်ဆောင်သွားသည်။ သို့သော် သူ၏ အမြုတေ ထဲသို့တော့ အနည်းငယ်သာ ဝင်ရောက်သွား၏။ အများစုမှာ ထိုဥကို အာဟာရ ဖြည့်တင်းပေးရန် သွားကြလေသည်။

ထိုသို့ဖြစ်ခြင်းက ပို၍ပင် ကောင်းမွန်လှသည်။ ဥတွင် အက်ကွဲကြောင်းများ စတင် ပေါ်ပေါက်နေပြီ ဖြစ်၏။ ၎င်းသာ ပေါက်ဖွားလာပါက သူ ထိန်းချုပ်နိုင်မည့် စွမ်းအားပမာဏကို သူ မှန်းဆ၍ပင် မရနိုင်ချေ။

နောက်တစ်လုတ် ကိုက်စားရန် သူ ပါးစပ် ဟလိုက်သော်လည်း အစေခံ၏ လက်မှာ ရပ်တန့်နေ၏။ သူမသည် မျက်လုံးများကို ပြူးကျယ်လျက် အဝေးတစ်နေရာသို့ စိုက်ကြည့်နေလေသည်။

သူမက သူ့ကို လျစ်လျူရှုရဲသေးသည်လား။

စိတ်အနှောင့်အယှက် ဖြစ်မှုကြောင့် သူ၏ ခေါင်းတစ်ဝိုက် လေထုထဲတွင် အားနည်းသော မီးပွားလေးများ လင်းလက်လာ၏။ ဥကလည်း သူ၏ ခံစားချက်ကို ပဲ့တင်ထပ်ကာ လက်သီးဆုပ်အရွယ်ရှိ သွေးကဲ့သို့ နီရဲသော မီးလုံးများကို ထုတ်လွှတ်လိုက်သည်။ ဥမှ ဖန်တီးလိုက်သော မီးလုံးများသည် သူ၏ ကိုယ်ပိုင် မီးလုံးများထက် ပို၍ အင်အားကြီးမား၏။ သို့သော် ထိုအချက်က သူ့ကို ပို၍ စိတ်လှုပ်ရှားစေရုံသာ ဖြစ်သည်။ ဥ၏ စွမ်းအားသည် သူ၏ စွမ်းအားပင် ဖြစ်လေသည်။

အမျိုးသမီးငယ်၏ အာရုံကို အတင်းအကျပ် ပြန်လည် ဆွဲယူမည် ပြုလိုက်စဉ်၊ အခြား အဆင့်မြင့် ရွှေအဆင့် နှစ်ယောက်ဖြစ်သော ခေါင်းပေါ်တွင် ချိုသုံးချောင်း ပါရှိသည့် အဘိုးအို တစ်ဦးနှင့် သံမဏိရောင် အသားအရေရှိသော မိခင်ပုံစံ အမျိုးသမီး တစ်ဦးတို့မှာလည်း ထိုအရပ်မျက်နှာသို့ စိုက်ကြည့်နေကြသည်ကို သူ သတိပြုမိလိုက်၏။

သူသည် မီးလုံးများကို သူတို့၏ ဂုတ်ပိုးများဆီသို့ လွှတ်လိုက်သည်။ သူ၏ စွမ်းအားက သူတို့၏ အရေပြားကို လောင်ကျွမ်းသွားစေသောအခါ အစေခံ သုံးယောက်စလုံး နာကျင်စွာ အော်ဟစ်ရင်း ဒူးထောက်ကျသွားကြလေသည်။

"အဲဒါ ဘာလဲဆိုတာ ငါ့ကို ပြောစမ်း..."

သူက အမိန့်ပေးလိုက်၏။ သူသည် မည်သည့် အဆင့်မြင့် ရွှေအဆင့် ထက်မဆို သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်သော်လည်း၊ သူသည် အဆင့်နိမ့် ရွှေအဆင့် သာ ဖြစ်နေသေးသည်။ သူတို့၏ ဝိညာဉ် အာရုံခံနိုင်စွမ်း သည် သူ၏ စွမ်းရည်ထက် သာလွန်နေပေသည်။

သူတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြရာ ထိုအပြုအမူက သူ၏ ဒေါသကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွား၏။ မီးလုံးများသည် သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက် ဝင်ရောက်ရန် အသင့်အနေအထားဖြင့် တုန်ခါနေကြသည်။ သွေး အော်ရာ သည် အသားအရေကို ထိခိုက်စေနိုင်သဖြင့် ဥ၏ မီးတောက်များသည် သစ်သားထက် လူကို ပို၍ လွယ်ကူစွာ လောင်ကျွမ်းစေနိုင်၏။

"တစ်ယောက်ယောက်ကို ငါတို့ ခံစားမိတယ်..."

အမျိုးသမီးငယ်က ပြောလိုက်၏။ သူမသည် မျက်နှာကြက်ကို မော့ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်သည်။

သူမ ပြောသည်မှာ ထိုမျှသာ ဖြစ်၏။

သူ သူမကို ပါးရိုက်ချင်သွားသည်။ ဥ၏ စွမ်းအားသည် သူ၏ အခြေခံ ကာကွယ်သူ နည်းစနစ်ကို သူမ၏ ဦးခေါင်းခွံ ပက်လက်လန်သွားစေနိုင်သည့် ရိုက်ချက်တစ်ခုအဖြစ် မြှင့်တင်ပေးနိုင်၏။ သို့သော် ထိုသို့ မလုပ်ဘဲ သူ မတ်တတ်ရပ်ကာ သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူရော်သွားပြီး၊ သူ၏ မျက်လုံးများကို တည့်တည့် မကြည့်ရဲသဖြင့် မျက်လုံးများကို ဘေးသို့ လွှဲဖယ်ထားလေသည်။

"ငါ မေးခွန်းတစ်ခု မေးရင်၊ အဖြေ တစ်ဝက်ပဲ လိုချင်တယ်လို့ နင် ထင်နေလား... ငါ့ကို ပြောစမ်း..."

"စကိုင်းဆွန်း ပါ..."

အသက်ကြီးသော အမျိုးသမီးက ကြမ်းပြင်ပေါ်မှနေ၍ ဗြုန်းစားကြီး ဝင်ပြောလိုက်၏။ သူမသည် ပို၍ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"တိုက်ပွဲကြီး ပြီးသွားတော့ မြို့ကို ပြန်လည် ထူထောင်ဖို့ သူတို့ ရောက်လာတာ ဖြစ်ရမယ်..."

အန်ကိုင်းက ဒူးထောက်ခိုင်းပြီးကတည်းက အဘိုးအို သည်လည်း ပြန်မထရဲသေးချေ။

"ခင်ဗျားက စည်းကမ်းတွေကို ပြန်လည် ထိန်းသိမ်းပြီးပြီ ဆိုတာကို သိရရင် သူတို့ ဝမ်းသာကြမှာပါ... သခင်..."

သူတို့၏ နှစ်သိမ့်စကားများကြောင့်ပင် ဖြစ်စေကာမူ အန်ကိုင်း ၏ နှလုံးသားထဲတွင် အထိတ်တလန့် ဖြစ်မှုက မြင့်တက်လာခဲ့၏။ စကိုင်းဆွန်းများသည် ဥပဒေ ထိန်းသိမ်းရေး တပ်ဖွဲ့တစ်ခုမျှသာ မဟုတ်ပေ။ သူတို့သည် အင်ပါယာ က ရာဇဝတ်ကောင်များကို အပြစ်ပေးရန် အာဏာအပ်နှင်းထားသော လှည့်လည်သွားလာနေသည့် တရားသူကြီးများ ဖြစ်ကြသည်။ လွတ်လပ်သော ကျင့်ကြံသူ များသည် စကိုင်းဆွန်း အဖြစ် ဝင်ရောက်ပြီးနောက် မဟူရာ မီးတောက် အင်ပါယာ ၏ ကြီးကျယ်ခမ်းနားဆုံး သူရဲကောင်းများ ဖြစ်လာကြသည့် ပုံပြင်များကို နားထောင်ရင်း သူ ကြီးပြင်းလာခဲ့ရသည်။ လက်ရှိ အင်ပါယာရှင် ပင်လျှင် စကိုင်းဆွန်း တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူး၏။

သူတို့သည် သူ ရှာဖွေရရှိထားသမျှ အရာအားလုံးကို သိမ်းပိုက်သွားနိုင်သည်။ သူ၏ စိတ်ဝိညာဉ် ထဲရှိ ဥကိုပင် သူတို့ အာရုံခံမိကောင်း ခံရမိနိုင်ပြီး၊ သူ့ကို သေချာပေါက် သတ်ဖြတ်ကာ သူ၏ ဝိညာဉ်အကြွင်းအကျန် ထံမှ ၎င်းကို ယူဆောင်သွားကြပေလိမ့်မည်။

ဥကို ဆုံးရှုံးရမည်ဟူသော အတွေးက သေဆုံးရမည်ဟူသော အတွေးထက်ပင် သူ့ကို ပို၍ ချွေးပြန်လာစေ၏။

အန်ကိုင်း သည် အဆင့်မြင့် ရွှေအဆင့် ၏ မေးစေ့ကို လွှတ်ပေးလိုက်ပြီး အဝေးသို့ ထွက်ခွာသွားရာ၊ သူ၏ မီးလုံးများသည်လည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ ပျောက်ကွယ်သွားလေသည်။ ဤကဲ့သို့သော အခြေအနေမျိုးအတွက် ရည်ရွယ်၍ အစီအရင် များဖြင့် အားဖြည့်ထားသော အခန်းတစ်ခန်းကို သူ ဖန်တီးထားခဲ့၏။ သူတို့ ထွက်သွားသည်အထိ သူ ပုန်းအောင်းနေမည် ဖြစ်သည်။

"သူတို့ကို ငါ့အနား ပေးမလာနဲ့..."

သူက အမိန့်ပေးလိုက်သည်။

"သူတို့ကို ဘာမှ မပြောပြနဲ့..."

ဒေါက်... ဒေါက်...

ထိုအခိုက်တွင်ပင် တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို ခေါက်လိုက်၏။

***

အပိုင်း(၃၃၆)

ဒေါက်... ဒေါက်...

မျက်လုံးလေးစုံစလုံးသည် ထိုအသံထွက်ပေါ်ရာဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ အပြင်ဘက်တွင် အမျိုးသားတစ်ယောက်သည် အစိမ်းရင့်ရောင် တိမ်တိုက် တစ်ခုပေါ်၌ လက်ပိုက်ကာ ရပ်နေ၏။ သူသည် အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ၎င်းသည် အာရီလီယပ် ၏ ယူနီဖောင်းနှင့် အလွန် တူနေသော်လည်း ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်ရန် သူ ထိုနေရာသို့ ရောက်လာခြင်းတော့ လုံးဝ မဖြစ်နိုင်ချေ။

ပခုံးကျယ်ပြီး တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် သူသည် အခန်းထဲသို့ အပေါ်မှ စီးမိုးကြည့်နေကာ၊ ပြစ်ဒဏ် ချမှတ်တော့မည့် ကွပ်မျက်သူ တစ်ဦးလို စူးရဲစွာ ကြည့်နေလေသည်။ သူ၏ ညာဘက် လက်မောင်းသည် ဝိညာဉ်အကြွင်းအကျန် အစားထိုး လက်တုတစ်ခု ဖြစ်ပြီး၊ အရိုးစုကဲ့သို့ ပိန်ချုံးနေသော အဖြူရောင် အလင်းတန်း လက်တံတစ်ခု ဖြစ်၏။ သူသည် အသက်ငယ်ရွယ်သော်လည်း သူတို့ထဲမှ မည်သူ့ကို အရင် ဖျက်ဆီးရမည်ကို ဆုံးဖြတ်နေသကဲ့သို့ ဖိနှိပ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူ့ကို မြင်လိုက်ရချိန်တွင် အန်ကိုင်း တုန်လှုပ်သွားပြီး၊ အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် သူ၏ ဝိညာဉ် အာရုံခံနိုင်စွမ်း ကိုပင် မချဲ့ထွင်ရဲချေ။ ဥက သူ့ကို အောင်နိုင်သူ တစ်ဦး ဖြစ်လာစေခဲ့သော်လည်း ယခုအခါ ကျွမ်းကျင်သူ တစ်ယောက် ဖြတ်သွားတိုင်း တွန့်ဆုတ်သွားတတ်သော အစေခံ တစ်ယောက်လို နောက်တစ်ဖန် ပြန်လည် ခံစားနေရ၏။

အမိန့်ကို စောင့်မနေတော့ဘဲ အဘိုးအို သည် ပြတင်းပေါက်ဆီသို့ အလျင်စလို သွားရောက်ကာ တွန်းဖွင့်လိုက်သည်။ ထိုအခါမှသာ ထိုသူစိမ်း၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင် တိမ်တိုက် တံဆိပ်ကို အန်ကိုင်း သတိပြုမိသွား၏။ ၎င်းသည် စကိုင်းဆွန်း ၏ သင်္ကေတ ဖြစ်သော်လည်း၊ အပြည့်အဝ အဖွဲ့ဝင် တစ်ဦးဆိုလျှင် ကျောက်စိမ်းအဆင့် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားမည် ဖြစ်သည်။ တပည့်တစ်ယောက်များလော။ သို့မဟုတ် အရေးပေါ် အခြေအနေကို ကူညီဖြေရှင်းရန် တာဝန်ပေးအပ်ခံရသော လက်အောက်ငယ်သား တစ်ယောက်များလား။

ထိုသူစိမ်း မည်သူပင် ဖြစ်စေကာမူ... သူ သတိမထားမိခင် လစ်ထွက်သွားရန် အချိန်ကျပြီဟု မူအန်ကိုင်း ဆုံးဖြတ်လိုက်၏။ စကိုင်းဆွန်း အနေဖြင့် အဆင့်မြင့် ရွှေအဆင့် များက ကြီးကြပ်ကွပ်ကဲနေသည်ဟုသာ ယူဆလိမ့်မည် ဖြစ်ပြီး၊ သူသည် အပြစ်ပေးရန် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့် အသွင်အပြင်ကို ပေးစွမ်းနေသည်။ အန်ကိုင်း ခိုးထွက်သွားချိန်တွင် သူ၏ ဒေါသများ သူတို့အပေါ် ကျရောက်ပါစေတော့။ ဥသည် အခြား မြို့တစ်မြို့တွင်လည်း သူ့ကို ဤကဲ့သို့ပင် အကျိုးပြုနိုင်လိမ့်မည် ဖြစ်၏။

"ခွင့်လွှတ်ပါ..."

သူစိမ်း လူငယ်က ပြောလိုက်သည်။

"ဒီမှာ ဘယ်သူက တာဝန်ယူထားလဲဆိုတာကို ပြောပြပေးလို့ ရမလား..."

သူ၏ လေသံမှာ တောင်းပန်သည့်ဟန် ပါဝင်နေပြီး စကားပြောနေစဉ် အနည်းငယ် ဦးညွှတ်လိုက်၏။

အန်ကိုင်းသည် လှေကားထိပ်တွင် ရပ်တန့်သွားသည်။

အဆင့်မြင့် ရွှေအဆင့် သုံးယောက်စလုံး နောက်သို့ လှည့်ကြည့်လိုက်ကြသော်လည်း အဘိုးအို က စကားမပြောမီ ချောင်းဟန့်လိုက်၏။

"စကိုင်းဆွန်း ရှေ့မှာ ကျွန်တော့် သခင်ရဲ့ ကိုယ်စား ပြောဆိုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်..."

သူက ပြောလိုက်ရာ အန်ကိုင်းသည် အနည်းငယ် ပို၍ လွတ်လပ်စွာ အသက်ရှူနိုင်သွားလေသည်။

"ခင်ဗျားရဲ့ သခင်..."

စကိုင်းဆွန်း တပည့်က အံ့သြသွားသည့်ဟန်ဖြင့် မေးလိုက်၏။

"မြို့ထဲမှာ အစစ်အမှန် ရွှေအဆင့် တစ်ယောက် ရှိနေတာလား..."

အန်ကိုင်း သူ့ကို သေချာ ထပ်ကြည့်လိုက်သောအခါ၊ ထိုသူသည် ပထမ မြင်ခဲ့ရသည်ထက်ပင် ပို၍ ငယ်ရွယ်နေသေးကြောင်း တွေ့လိုက်ရသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဖော်ပြနေသလောက်လည်း ခြောက်ခြားဖွယ်ရာ မကောင်းလှပေ။

အန်ကိုင်း၏ စိတ်ဝိညာဉ် ထဲသို့ တုန်လှုပ်မှု တစ်ခု ဖြတ်သန်းသွား၏။ သူစိမ်းက သူ့ကို အာရုံခံ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ငှက်မွေးတစ်ခုနှင့် ပွတ်သပ်လိုက်သကဲ့သို့ နူးညံ့လှသည်။ အစစ်အမှန် ရွှေအဆင့် တစ်ယောက်၏ အာရုံခံနိုင်စွမ်းဖြင့် စစ်ဆေးမှုဆိုလျှင် သူ့အပေါ် လေးလံစွာ ဖိစီးနိုင်သော်လည်း၊ ဤအရာသည် လေပြေလေး တစ်ခုထက်ပင် ပို၍ ပေါ့ပါးနေ၏။ သူစိမ်းက လေးစားမှု အရ သူ၏ စွမ်းအားကို ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ်ပါကလည်း...

သတိပြုမိသည်နှင့် တစ်ပြိုင်နက် ရုပ်သိမ်းရန် အသင့်အနေအထားဖြင့် အန်ကိုင်း သည် သူ၏ ကိုယ်ပိုင် အာရုံခံနိုင်စွမ်း ကို သူစိမ်းဆီသို့ သိမ်မွေ့စွာ ချဲ့ထွင်လိုက်သည်။ သူ၏ အာရုံခံနိုင်မှု ကြိုးမျှင်လေး တစ်ခုတည်းဖြင့် ထိုလူငယ် စကိုင်းဆွန်း ၏ စိတ်ဝိညာဉ် ကို သူ ထိတွေ့လိုက်၏။

၎င်းသည် အန်ကိုင်း ၏ ကိုယ်ပိုင် စွမ်းအားထက် ပို၍ အင်အားကြီးမနေပေ။

ထိုသို့ ပေါ့ပါးစွာ ထိတွေ့လိုက်ရုံဖြင့် အသေးစိတ် အချက်အလက်များစွာကို သူ မသိရှိနိုင်ခဲ့ပေ။ သို့သော် စကိုင်းဆွန်း တစ်ယောက်ထံမှ မျှော်လင့်ထားနိုင်သည့် နက်ရှိုင်းလှသော ခွန်အားကိုတော့ သူမခံစားခဲ့ရချေ။ တကယ်တမ်းတွင် ထိုသူစိမ်း၏ မာဒြာ အရည်အသွေးသည် ကလေးငယ် တစ်ယောက်၏ မာဒြာ ကဲ့သို့ပင် စင်ကြယ်ပြီး ညစ်ညမ်းမှု ကင်းစင်သော စိမ့်စမ်းတစ်ခုနှင့် တူနေ၏။ ပိုမို စေ့စပ်သေချာသော စစ်ဆေးမှု မရှိဘဲ ထိုသူ၏ အမြုတေ ပမာဏကို သူမခန့်မှန်းနိုင်ပေ။ သို့သော် သူ၏ မာဒြာ သည် သာမန် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်ထက် ပို၍ သိပ်သည်းခြင်း သို့မဟုတ် ပို၍ အစွမ်းထက်ခြင်း မရှိချေ။

ရှက်ရွံ့မှုက အန်ကိုင်း ၏ နှလုံးသားထဲသို့ တိုးဝင်လာပြီး၊ ၎င်း၏နောက်တွင် ဒေါသက အလျင်အမြန် လိုက်ပါလာ၏။ စကိုင်းဆွန်း ၏ အစေခံ တစ်ယောက်က သူ့ကို ခြောက်လှန့်ခွင့် ပြုခဲ့မိသည်ကို တွေးမိပြီး သူ၏ ခဏတာ အားနည်းချက်အတွက် သူ့ကိုယ်သူ မုန်းတီးသွားမိသည်။

သူတို့ အချင်းချင်း အာရုံခံ စစ်ဆေးမှုများ ဖလှယ်ခြင်းမှာ အသက်တစ်ရှိုက်စာပင် မကြာလိုက်ပေ။ စကိုင်းဆွန်း တံဆိပ် တပ်ဆင်ထားသော သူစိမ်းသည် မျက်ခုံးပင့်လျက် အန်ကိုင်း ဘက်သို့ လှည့်လာ၏။ ထိုလူငယ်သည် သူ၏ တိမ်တိုက်ပေါ်တွင် လွင့်မျောကာ ထွက်သွားမည့်အစား၊ သူ၌ လက်နက် မရှိကြောင်း ပြသရန် လက်နှစ်ဖက်စလုံးကို အပေါ်သို့ မြှောက်ပြလိုက်သည်။ သူ၏ ဝိညာဉ်အကြွင်းအကျန် လက်တုသည် လက်ချောင်းများကို ဖြန့်ကားထားသောအခါ ခြိမ်းခြောက်နိုင်စွမ်း ပိုနည်းသွားသကဲ့သို့ ရှိသည်။

အန်ကိုင်းသည် သွေးရောင် မီးလုံးတစ်ခုကို ဖန်တီးလိုက်ပြီး၊ သူ၏ မာဒြာ ကို မထီမဲ့မြင်ပြုမှုများဖြင့် အားဖြည့်ပေးလိုက်၏။

"ဒီနေရာကို ငါ အုပ်ချုပ်တယ်..."

သူက ရုန့်ရင်းစွာ ပြောလိုက်သည်။

"စကိုင်းဆွန်း တွေ ငါနဲ့ စကားပြောဖို့ လိုတယ်ဆိုရင်၊ သူတို့ဘာသာသူတို့ လာနိုင်တယ်..."

ပြတင်းပေါက် အပြင်ဘက်တွင် ဝဲပျံနေဆဲဖြစ်သော သူစိမ်းသည် လက်သီးနှစ်ဖက်ကို ပူးကပ်ကာ ကျင့်ကြံသူ များ၏ အရိုအသေပေးမှုဖြင့် ဦးညွှတ်လိုက်၏။

"ခွင့်လွှတ်ပါ... ကျွန်တော်တို့က ခင်ဗျားကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး... ခင်ဗျားနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်... မိစ္ဆာ နတ်ဘုရား ရဲ့ တိုက်ခိုက်မှုအပြီးမှာ ဒီမြို့လေးကို ဘယ်သူကများ ဒီလောက် ကောင်းမွန်စွာ ကာကွယ်ပေးထားတာလဲ ဆိုတာကို ကျွန်တော်တို့ သိချင်နေခဲ့တာပါ..."

အန်ကိုင်း၏ ခေါင်းတစ်ဝိုက်တွင် နီရဲသော မီးတောက်များ လွင့်မျောနေဆဲ ဖြစ်သော်လည်း သူ ရပ်တန့်သွား၏။ မြို့ကို သူ ကာကွယ်ခဲ့သည်မှာ မှန်သော်လည်း စကိုင်းဆွန်း များက အမှန်တရားကို အသိအမှတ်ပြုလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပေ။

အန်ကိုင်းသည် ခါးကို မတ်လိုက်ပြီး သူစိမ်းကို တည့်တည့် ရင်ဆိုင်လိုက်သည်။

"သူတို့ကို ကာကွယ်ပေးဖို့ စကိုင်းဆွန်း မှ မရှိခဲ့တာ... သူတို့မှာ ခွန်အားကြီးတဲ့ ခေါင်းဆောင် တစ်ယောက် လိုအပ်ခဲ့တယ်လေ..."

"သူတို့ အသက်ရှင်နေတာ ခင်ဗျား ကျေးဇူးကြောင့်ပါပဲ..."

စကိုင်းဆွန်း လက်ထောက်က ရိုးသားမှုများ အပြည့်ဖြင့် ပြောလိုက်၏။ ထိုလူငယ်ကို အန်ကိုင်း ပိုကြည့်လေလေ၊ သူက ပို၍ နူးညံ့ပုံ ပေါ်လေလေ ဖြစ်သည်။

"အဲဒါကို ခင်ဗျား ဘယ်လို လုပ်ခဲ့တာလဲ..."

ထိုမေးခွန်းထဲရှိ ရိုးသားသော လေးစားမှုက အန်ကိုင်း ၏ သံသယကို ဖြိုခွဲသွားလေသည်။ သူသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်သွား၏။ တစ်စုံတစ်ယောက်က သူ့ကို ထိုမေးခွန်း မေးလာမည့်အချိန်ကို သူ စောင့်မျှော်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

"လူတွေက ခွန်အားကြီးတဲ့သူကို နောက်ကလိုက်ရတာ သဘောကျကြတယ်... မင်းက မင်းရဲ့ စွမ်းအားကို သူတို့ကို ပြသရမယ်... ဒါပေမယ့် ပြရုံတင် မဟုတ်ဘူးနော်... သူတို့က အဲဒါကို ခံစားရမယ်... မင်းရဲ့ ခွန်အားက နေမင်းကြီးလိုပဲ ထင်ရှားပြီး ငြင်းဆန်လို့ မရနိုင်ဘူးဆိုတာကို သူတို့ အသိထဲမှာ စွဲသွားအောင် လုပ်ရမယ်..."

ထိုအကြောင်းကို သတိရသွားသောအခါ အဆင့်မြင့် ရွှေအဆင့် သုံးယောက်အနက် နှစ်ယောက်မှာ တွန့်ဆုတ်သွားကြ၏။ အမျိုးသမီးငယ်ကတော့ မဟုတ်ပေ။ သူမသည် အခန်း၏ အမြင့်ဆုံး ထောင့်တစ်နေရာကို တစ်စုံတစ်ခုကို ဖောက်ထွင်းကြည့်နေသကဲ့သို့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလေသည်။ သူ သူမကို အာရုံစိုက် မနေခဲ့ပေ။

သူစိမ်းသည် အလေးအနက် ခေါင်းညိတ်လိုက်ပြီး၊ မှတ်စု ရေးမှတ်နေသူ တစ်ယောက်လို စူးစိုက်မှု အပြည့်ဖြင့် သူ၏ ကိုယ်ပိုင် အသားအရေရှိသော လက်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ့တွင် အန်ကိုင်း အနေဖြင့် စူးရဲစွာ ကြည့်ခြင်းဟု ခေါ်ဆိုနိုင်သော အမူအရာ ရှိနေသေးသော်လည်း၊ ဒေါသထွက်နေပုံတော့ မပေါ်ပေ။ လူတစ်ယောက်သည် သူ မွေးရာပါ မျက်နှာကို ပြောင်းလဲပစ်၍ မရနိုင်သည်ပဲလေ။ သူ ဘယ်လိုပင် ပုံပေါက်နေပါစေ သူသည် အကျိုးသင့်အကြောင်းသင့် ရှိသူ တစ်ယောက် ဖြစ်သည်မှာ ရှင်းလင်းနေ၏။

"ကောင်းပြီ၊ ခင်ဗျားရဲ့ ချဉ်းကပ်မှုက ဒီမှာ အဲဒီလောက် အလုပ်ဖြစ်တယ်ဆိုရင်၊ နောက်တစ်မြို့မှာ ဘယ်လိုများ အထောက်အကူ ဖြစ်ဦးမလဲဆိုတာ ကျွန်တော် မစောင့်နိုင်တော့ဘူး..."

အန်ကိုင်း သည် တွန့်ဆုတ်သွားပြီး သူ၏ ခေါင်းတစ်ဝိုက်ရှိ မီးတောက်များ တုန်ခါသွား၏။

"နောက်တစ်မြို့..."

"အရေးပေါ် အခြေအနေတွေ ပြီးသွားတဲ့အခါ၊ ကျွန်တော်တို့ဆီမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေထက် အန္တရာယ်ကြုံနေရတဲ့ နိုင်ငံသားတွေက ပိုများနေတယ်... ဒါကို ကျွန်တော့် အထက်လူကြီးတွေဆီ အစီရင်ခံရမှာ ဖြစ်ပေမယ့်၊ ခင်ဗျားရဲ့ အုပ်ချုပ်မှုအောက်မှာ နောက်ထပ် မြို့တစ်မြို့ နှစ်မြို့လောက်ကို ထားချင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်... ခင်ဗျားက အင်ပါယာ ကို ဒီနည်းလမ်းနဲ့ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိတယ် ဆိုရင်ပေါ့လေ..."

ဥ...

ဒါတွေ အားလုံးက ဥရဲ့ ကျေးဇူးကြောင့်ပါပဲ။

မြို့သူမြို့သားများသည် သူ့ကို ဆက်ကြေးများ ပေးအပ်ခဲ့ကြ၏။ သူ ဥကို မတွေ့မီ တစ်သက်လုံး မြင်ခဲ့ရသည်ထက် ပိုများသော မာဒြာပြား များ၊ ဆေးရည်များနှင့် အဖိုးတန် ရတနာများပင် ဖြစ်သည်။ နောက်ထပ် မြို့တစ်မြို့က သူ့ကို အိပ်မက်ထဲတွင်ပင် မရည်မှန်းနိုင်လောက်အောင် ချမ်းသာ ကြွယ်ဝလာစေလိမ့်မည်။

သို့သော် ချမ်းသာကြွယ်ဝမှုများထက် သူ၏ စိတ်ကူးများကို ပိုမို ဖမ်းစားနိုင်ခဲ့သည်မှာ လူတွေပင် ဖြစ်၏။ သူ့ကို ဦးညွှတ်ရမည့် လူတွေ ပို၍ များလာမည်။ သူ၏ အမိန့်ကို နာခံမည့် ကျင့်ကြံသူ များ။

သူသည် ပထမဆုံး အကြိမ်အဖြစ် အပြုံးတစ်ခုကို ဖော်ပြလိုက်ရာ၊ အဆင့်မြင့် ရွှေအဆင့် နှစ်ယောက်ကလည်း သူနှင့်အတူ လိုက်လံ ပြုံးရယ်ကြ၏။ သို့သော် သူတို့၏ အမူအရာများမှာ သူ၏ အကြိုက်နှင့် ယှဉ်လျှင် အနည်းငယ် မတည်မငြိမ် ဖြစ်လွန်းနေသည်။ အမျိုးသမီးငယ်မှာမူ အနည်းငယ် နောက်ကျနေပြီး မျက်နှာကြက် ထောင့်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူမသည် အသိဝင်လာသကဲ့သို့ ခေါင်းခါလိုက်ပြီး အခြား နှစ်ယောက်ထက်ပင် ပို၍ ကျယ်ပြန့်စွာ ပြုံးပြလိုက်လေသည်။

သံသယ ကြိုးမျှင်လေး တစ်ခု ပြန်လည် ဝင်ရောက်လာသဖြင့် သူသည် သူ၏ အာရုံခံနိုင်စွမ်း ကို ချဲ့ထွင်လိုက်၏။ ဥသည် ၎င်း၏ သွေးစွန်းသော စွမ်းအား အချို့ကို သူ့အား ငှားရမ်းပေးထားပြီး ၎င်းက သူ၏ မာဒြာ ကို အသားအရေများအထိ လောင်ကျွမ်းစေရန် ကူညီပေးခဲ့သည်။ သို့သော် ၎င်းက သူ၏ ဝိညာဉ် အာရုံခံနိုင်စွမ်း ကို ကျယ်ပြန့်လာစေရန် မည်သို့မျှ မကူညီနိုင်ခဲ့ပေ။ သူ၏ စိတ်ဝိညာဉ် ကို တတ်နိုင်သမျှ ဆန့်ထုတ်ကြည့်လိုက်သောအခါ၊ သူတို့၏ နေအိမ်များတွင် ခိုအောင်းနေကြသော ကျန်ရစ်သူ မြို့သူမြို့သားများ၏ ဝိညာဉ် များကိုသာ ခံစားမိပြီး... ကောင်းကင်ယံ အမြင့်တစ်နေရာတွင် ရှိနေသော အငွေ့အသက် တစ်ခုကိုပါ သတိပြုမိလိုက်၏။ သည်ဘက်သို့ ဦးတည်လာနေသော အစစ်အမှန် ရွှေအဆင့် တစ်ယောက်။

အစစ်အမှန် စကိုင်းဆွန်း တွေ လာနေကြပြီပဲ။

သူတို့ရဲ့ အစေခံ က အချိန်ဆွဲနေရုံသက်သက်ပဲ။

***

All Chapters