အခန်း ၄၄၃
Vol. 45 Ch. 443
အခန်း။ ၄၄၃
ရုမြို့တော်ကို လုံယီ၏ဆရာဖြစ်သူ အကြီးအကဲ ဟယ်ရှန်းက စောင့်ကြပ်နေခြင်းပင်။
အကြီးအကဲဟယ်သည် အကြီးအကဲများအကြားတွင် အလယ်အလတ်အဆင့်၌ ပါဝင်ပြီး အင်အားတောင့်တင်းလှသော်လည်း သူ ရင်ဆိုင်နေရသည့် မိစ္ဆာစစ်ကြောင်းမှာမူ ပိုမိုအင်အားကြီးမားသည်။
အဘယ်ကြောင့်ဆိုသော် ရုမြို့တော်သည် ပန်မြို့တော်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသောကြောင့်ပင်။
လုံယီနှင့် အခြားနှစ်ဦးတို့သည် စီနီယာအစ်မ လုထျန်းရန်၏ ဦးဆောင်မှုဖြင့် ရုမြို့တော်သို့ အပြေးအလွှား ရောက်ရှိလာကြပြီး အရပ်ဒေသခံ မသေမျိုးရှာဖွေခြင်းခန်းမသို့ ရောက်ရှိသွားကြသည်။
မသေမျိုးရှာဖွေခြင်းခန်းမကို ဂိုဏ်းတော်အနေဖြင့် တပည့်သစ်များ စုဆောင်းရန်အတွက်သာ အများဆုံးအသုံးပြုလေ့ရှိပြီး ထိုနေရာတွင် ချီစွမ်းအင်စုဆောင်းခြင်းအဆင့် အလယ်ပိုင်းမျှသာရှိသော အိုမင်းရင့်ရော်သည့် ကျင့်ကြံသူအချို့သာ နေထိုင်လေ့ရှိကြသည်။
သူတို့သည် တစ်နှစ်လျှင် မပြည့်တပြည့်မျှသာရှိသော တပည့်သစ်စုဆောင်းခြင်းအလုပ်ကိုသာ သေသေချာချာ လုပ်ဆောင်ရန်လိုအပ်သဖြင့် အလွန်အေးအေးလူလူ နေထိုင်ကြရသူများ ဖြစ်၏။
သဘာဝအတိုင်းပင် စစ်ပွဲကာလအတွင်း၌မူ သူတို့သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ ဂိုဏ်းအကြီးအကဲများကဲ့သို့သော လူကြီးမင်းများကို ကူညီပံ့ပိုးပေးရသည့် နောက်တန်းရိက္ခာဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြရသည်။
လုံယီနှင့် သူ၏အဖော်များ ဟယ်ရှန်း၏ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် သူ၏ ဒေါသတကြီး ဟောက်လှမ်းသံကို ကြားလိုက်ရတော့၏။
"တောက်... ဒီလိပ်အိုကြီးက မိစ္ဆာစစ်သူကြီး သေသွားတာတောင် အဲဒီနေရာမှာပဲ ပုန်းနေပြီး ငါ့ကို လာမကူရဲဘူး"
"ငါ ဘယ်လောက်တောင် ဖိအားတွေ ရင်ဆိုင်နေရလဲဆိုတာ သူ လုံးဝမသိဘူး တောက်... ငါ ဒါကို ဂိုဏ်းချုပ်ကြီးဆီ သေသေချာချာ တိုင်ရမယ်"
ဟယ်ရှန်း၏ ညိုမည်းသော အရေပြားမှာ ယခုအခါ ရှက်ဒေါသကြောင့် နီမြန်းနေပြီး သူ၏ မျက်နှာပေါ်ရှိ အမာရွက်ကြီးမှာလည်း ဒေါသအရှိန်ကြောင့် တဆက်ဆက် တုန်ခါနေတော့သည်။
"ဆရာကြီးဟယ်"
လုံယီသည် အခန်းတွင်းသို့ ဝင်ရောက်ကာ ဟယ်ရှန်းကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။
"ကောင်းတယ်... ကောင်းတယ်... အာယီ မင်းလည်း ရောက်လာပြီကိုး"
သူ၏ တပည့်ဖြစ်သူ ရောက်ရှိလာသည်ကို မြင်သောအခါ ဟယ်ရှန်း၏ ဒေါသများမှာ ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။
"မင်း ပန်မြို့တော်ရဲ့ အစီအရင်အတားအဆီးမှာ အစွမ်းပြခဲ့တယ်လို့ ငါ ကြားတယ်။ တကယ့်ကို ဆရာ့မျက်နှာကို တောက်ပစေတာပဲ"
သတင်းက ဒီလောက်တောင် မြန်လှတာလား။
လုံယီမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။
လုံယီ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ ဟယ်ရှန်းက တည်ငြိမ်စွာဖြင့် "အဲဒီ ချန်ချန်ချင်း ဆိုတဲ့ လိပ်အိုကြီး ပြောပြတာလေ" ဟု ဆိုလိုက်၏။
ထိုအခါမှ လုံယီသည် ဆရာကြီးဟယ် ဆဲဆိုနေသည့်သူမှာ အကြီးအကဲချန် ဖြစ်ကြောင်း ရုတ်ချည်း နားလည်သွားတော့သည်။
ဂိုဏ်းအကြီးအကဲများအကြားတွင် သတင်းအချက်အလက်များကို ချက်ချင်းလက်ငင်း ပေးပို့နိုင်သည့် ထူးခြားသော ဆက်သွယ်ရေးနည်းလမ်းများ ရှိနေပုံပင်။။
"နှုတ်ဆက်ပါတယ် အကြီးအကဲဟယ်"
ပိယောင်ယောင်နှင့် ရုံရွှယ်ကျန်းတို့ကလည်း ဟယ်ရှန်းကို အရိုအသေပေးလိုက်ကြ၏။
"ကောင်းပြီ... ကောင်းပြီ... မင်းတို့ရဲ့ ကျင့်စဉ်အဆင့်တွေက တည်ငြိမ်မှုရှိကြတယ်။ နောင်ကျရင် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက် ရှိတာပေါ့"
သူတို့နှင့် လုံယီအကြား ရင်းနှီးသော ဆက်ဆံရေးကို သိရှိသဖြင့် ဟယ်ရှန်းက သူတို့တစ်ဦးစီကို ချီစုပ်ယူခြင်းဆေးလုံးတစ်ပုလင်းစီ လက်ဆောင်ပေးလိုက်သည်။
ဒီအကြီးအကဲက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အိန္ဒြေမျိုး လုံးဝမရှိဘဲ လမ်းဘေးက လူမိုက်တစ်ယောက်နဲ့ပဲ တူနေတော့တာပဲ။
ပိယောင်ယောင်သည် ဆေးလုံးကို ပြုံးလျက် လက်ခံလိုက်သော်လည်း စိတ်ထဲကနေတော့ ကြိတ်၍ ဝေဖန်နေမိသည်။
လုံယီတို့အုပ်စုနှင့် အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် ဟယ်ရှန်းသည် အခြားသောကိစ္စရပ်များကို စီမံခန့်ခွဲရန်အတွက် လျင်မြန်စွာ ထွက်ခွာသွားတော့၏။
"စီနီယာအစ်မ... မြို့အပြင်ဘက်က မိစ္ဆာတွေက အရမ်းသန်မာကြလား"
လုံယီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မပြောပါနဲ့တော့... အဲဒီမိစ္ဆာတွေက ဆရာ့ကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာ။ တစ်ကောင်ချင်းစီက ငါးရှဉ့််တွေလိုပဲ ဖမ်းရဆုပ်ရ ခက်လွန်းတယ်..."
လုထျန်းရန်က သက်ပြင်းချလျက် လုံယီကို ရှင်းပြရှာသည်။
သူမ၏ စကားများအရ ဟယ်ရှန်း ရင်ဆိုင်နေရသော အခြေအနေမှာ အကြီးအကဲချန်ထက် ပိုမိုရှုပ်ထွေးပြီး စုစုပေါင်း အလွန်အမင်း အစွမ်းထက်လှသော မိစ္ဆာကြီး ငါးကောင် ရှိနေကာ တစ်ကောင်ချင်းစီမှာ ရင်ဆိုင်ရ ခက်ခဲလှကြောင်း လုံယီ သိရှိလိုက်ရ၏။
ဒုန်း
ဒုန်း
မြို့မျှော်စင်ထက်မှ ပြင်းထန်လှသော ခေါင်းလောင်းသံကြီးများ ထွက်ပေါ်လာတော့သည်။
ထိုအသံကို ကြားလိုက်ရသောအခါ အနားယူနေကြသော တပည့်အားလုံးမှာ ချက်ချင်းပင် တည်ကြည်လေးနက်သော မျက်နှာပေးများဖြင့် မြို့မျှော်စင်ရှိရာသို့ အပြေးအလွှား ဦးတည်သွားကြတော့၏။
ဟယ်ရှန်းသည်လည်း ဝင်းပသော အလင်းတန်းတစ်ခုအသွင်ဖြင့် မြို့ဝင်းအတွင်းမှ ချက်ချင်း ပျံသန်းထွက်ခွာသွားခဲ့သည်။
ရုမြို့တော်၏ မျှော်စင်ကြီးမှာ ပေနှစ်ရာကျော်ခန့် မြင့်မားလှပြီး တစ်ကိုယ်လုံးကို မီးခိုးရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားခြင်းပင်။
ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဆီးနှင်းဒဏ်များကြောင့် မြို့ရိုးပေါ်တွင် ပုံသဏ္ဌာန်မမှန်သော အစောင်းကြောင်းကြီးများ ထင်ကျန်နေခဲ့ရာ အချိန်ကာလ၏ ရနံ့များဖြင့် ပြည့်နှက်လို့နေတော့သည်။
ထိုအချိန်တွင် မြို့အပြင်ဘက်၌မူ ကတ္တရာစေးကဲ့သို့ မှောင်အတိ ကျနေခဲ့၏။
သေသေချာချာ စူးစမ်းကြည့်လိုက်သောအခါ ဝံပုလွေများ၊ ကျားများနှင့် ကျားသစ်များစွာတို့မှာ မိစ္ဆာများအဖြစ်သို့ ပြောင်းလဲနေကြပြီး အရေအတွက်အားဖြင့် ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့မှာ သာမန်သားရဲ တိရစ္ဆာန်များထက် အဆပေါင်းများစွာ ပိုမိုကြီးမားရုံသာမကဘဲ အများစုမှာ အကြေးခွံများနှင့် မာကျောသော အပြင်ဘက်အရိုးခွံများ ထွက်ပေါ်နေကာ အချို့မှာမူ ကျောပေါ်တွင် အရိုးစူးချွန်ကြီးများ ရှိနေကြသဖြင့် ချဉ်းကပ်ရန်ပင် ခက်ခဲပုံပင်။။
ထိုအထဲမှ မည်သည့်မိစ္ဆာတစ်ကောင်ကိုမဆို ထုတ်ယူလိုက်ပါက လူသားကမ္ဘာမှ သာမန်သိုင်းပညာရှင်တစ်ဦးအနေဖြင့် ယှဉ်ပြိုင်နိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။
၎င်းတို့မှာ ယေဘုယျအားဖြင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိသော ကျင့်ကြံသူကြီးများ၏ အဆင့်နှင့် ဝေးကွာနေသေးသော်လည်း ၎င်းတို့၏ စုပေါင်းအရေအတွက်မှာ များပြားလှသဖြင့် အရေအတွက်မှသည် အရည်အချင်းအဖြစ်သို့ ပြောင်းလဲသွားကာ စိုးစဉ်းမျှ လျှော့တွက်၍မရနိုင်ပေ။
ထို့ပြင် အရှေ့ကနေ ဦးဆောင်လာကြသော မိစ္ဆာကြီး ငါးကောင်မှာမူ တကယ့်ကို ထူးခြားထက်မြက်လှပြီး ပြင်းထန်လှသော သတ်ဖြတ်ခြင်း ချီစွမ်းအင်များကို ထုတ်လွှတ်နေကြသည်။
ထိုမိစ္ဆာကြီး ငါးကောင်မှာ အရပ်အမောင်းအားဖြင့် ၁၂ ပေခန့်မျှသာ ရှိသဖြင့် လူသားများနှင့် ယှဉ်လျှင် အရမ်းကြီး မြင့်မားမနေပေ။
သို့သော် သူတို့အားလုံးတွင် ကြောက်မက်ဖွယ်ရာ ရွှေရောင်ကျားသစ်ဦးခေါင်းများ ရှိကြပြီး ထိုအထဲမှ နှစ်ကောင်၏ နဖူးထက်တွင်မူ တောက်ပနေသော အနက်ရောင် ဂျိုတစ်ခုစီ ရှိနေကြသည်။
သူတို့၏ တစ်ကိုယ်လုံးကို ရွှေရောင်အပြင်ဘက်အရိုးခွံများဖြင့် ဖုံးလွှမ်းထားရာ မဖောက်ထွင်းနိုင်သော ရွှေရောင်ဝတ်စုံကြီးကို ဝတ်ဆင်ထားသည့်အလား ဖြစ်နေပြီး ထိုချပ်ဝတ်ပေါ်တွင် ကြေးပြားပုံသဏ္ဌာန် အစောင်းကြောင်းများ ပျံ့နှံ့နေ၏။
သူတို့၏ ခြေလက်အင်္ဂါများမှာ အလွန်တရာ သန်မာလှပြီး အဆစ်အမျက်များတွင် အရိုးစူးချွန်များစွာ ထွက်ပေါ်နေလျက် အေးစက်စက် အလင်းတန်းများ ဖြာထွက်နေသော အနက်ရောင် လက်သည်းချွန်ကြီးများ ရှိနေကြကာ မြီးတံကြီးများမှာလည်း သံတုတ်ကြီးများပမာ ဝှေ့ယမ်းနေသဖြင့် လေထုကို ဖြတ်သန်းသွားတိုင်း ဝှစ်... ဝှစ်...ဟူသော အသံများ ပဲ့တင်ထပ်နေတော့သည်။
ပတ်ပတ်လည်ရှိ ဧရာမမိစ္ဆာကြီးများနှင့် နှိုင်းယှဉ်ပါက သူတို့၏ အရွယ်အစားမှာ အနည်းငယ် သေးငယ်သည်ဟု ထင်ရသော်လည်း...
သူတို့၏ ချီစွမ်းအင်မှာမူ အေးစက်သော ညတာထက်၌ ထွန်းညှိလိုက်သည့် မီးရှူးတိုင်ကြီးများပမာ လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့တော့သည်။
"ကျားသစ်မိစ္ဆာ ငါးကောင်စလုံးက ပုံပန်းသဏ္ဌာန် တူညီကြတာပဲ။ ညီအစ်ကိုတွေ ဖြစ်နေတာလား"
လုံယီက သူတို့ကို မြင်သောအခါ စိတ်ထဲကနေ ခန့်မှန်းလိုက်မိသည်။
"ဟင်"
ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး "ဒီလောက်တောင် မြန်တာလား"
ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိဘဲ ထိုကျားသစ်ခေါင်းဆောင်များထဲမှ အသေးငယ်ဆုံးကောင်သည် မိစ္ဆာအုပ်ကြီးထဲမှနေ၍ အရှေ့သို့ ခြေတစ်လှမ်း တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။
ထို့နောက် ဝှစ်ခနဲ အသံနှင့်အတူ ၎င်းသည် မြို့ရိုးရှိရာဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့သည်။
မြို့မျှော်စင်ထက်ရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ ၎င်း၏ လျင်မြန်လှသော ရွေ့လျားမှုကို မျက်စိဖြင့်ပင် မလိုက်နိုင်ကြတော့ပေ။
ယခုအခါ မြို့ရိုးနှင့် ပေတစ်ရာ့ငါးဆယ်ခန့်မျှသာ ကွာဝေးတော့သည့်နေရာတွင် ၎င်းသည် ခေါင်းကိုမော့ကာ မျှော်စင်ထက်ရှိ လူများကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး အပေါ်မှ ကျဆင်းလာမည့် မြှားချက်များကိုလည်း စိုးစဉ်းမျှ ကြောက်ရွံ့ပုံမရပေ။
"မိုက်မဲတဲ့ လူသားမျိုးနွယ်တွေ... ငါတို့ တောင်တန်းရဲ့ ဘုရင်ငါးပါးက ဒီနေ့ မင်းတို့ကို နောက်ဆုံးအခွင့်အရေး တစ်ခု ပေးမယ်"
"မြို့တံခါးကိုဖွင့်ပြီး အရှုံးပေးရင် မင်းတို့အားလုံး အသက်ချမ်းသာရာရမယ်... ငါတို့ရဲ့ အစေခံတွေအဖြစ် ခံယူရင် မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေလည်း နန်းတွင်းအစေခံတွေအဖြစ် ဆက်လက် ရှင်သန်ခွင့်ရလိမ့်မယ်။ အကယ်၍ မင်းတို့က ဆက်ပြီး ခုခံနေဦးမယ်ဆိုရင်တော့ အားလုံးကို အိုးကြီးတစ်လုံးထဲ ထည့်ပြီး ပြုတ်စားပစ်မယ်"
"ဘယ်ကလာတဲ့ တိရစ္ဆာန်ကောင်ကများ ဘုရင်လို့ လာပြီး ကြွေးကြော်နေရတာလဲ... တကယ့်ကို အရှက်မရှိတာပဲ"
ဟယ်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ဂိုဏ်းတူညီအစ်ကိုတို့... ငါ့ကိုပဲ လွှတ်ပေးပါ"
လုထျန်းရန်က ရှေ့ထွက်၍ တာဝန်ယူလိုက်၏။
နောက်တစ်ကိုယ်၌ သူမ၏ရှေ့တွင် မီးခိုးရောင် အကြမ်းထည်မြှားချက် ဆယ်စင်းထက်မက ပေါ်ထွက်လာပြီး ထိုကျားသစ်လူသားထံသို့ တည့်တည့်မတ်မတ် ပစ်ခတ်လိုက်တော့သည်။
သို့သော်လည်း ကျားသစ်လူသားက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ အရိပ်အယောင်တစ်ခုအသွင် ပြောင်းလဲသွား၏။
သူသည် လျင်မြန်သော လှုပ်ရှားမှုအချို့ဖြင့် မိစ္ဆာတပ်စခန်းရှိရာဆီသို့ ရုတ်ချည်း ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်မြင့်အဆင့်၏ မှော်အတတ်မှာ ၎င်း၏ အမွေးတစ်ပင်ကိုမျှပင် မထိခိုက်နိုင်ခဲ့ချေ။
လုံယီသည် ဤသည်ကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားမိသည်။
စီနီယာအစ်မ လုထျန်းရန်သည် ကလေးမျက်နှာနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးအသွင် ရှိသော်လည်း သူမ၏ ကျင့်စဉ်အဆင့်မှာ အားနည်းလှသည်မဟုတ်ဘဲ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြေခံအုတ်မြစ် တည်ဆောက်ရန်အတွက် ပြင်ဆင်နေသူ ဖြစ်သည်။
သို့သော်လည်း သူမ အားစိုက်ထုတ်လိုက်သော မှော်အတတ်မှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရသဖြင့် ထိုကျားသစ်လူသား၏ အရှိန်အဟုန်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ပေါ်လွင်နေတော့သည်။
အသံထက်မြန်တဲ့ အရှိန်နီးပါးပဲ... ပြီးတော့ သူတို့ရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုပညာကလည်း တကယ့်ကို ဖျတ်လတ်လွန်းတယ်။
လုံယီက စိတ်ထဲကနေ တိတ်တဆိတ် ဆန်းစစ်လိုက်မိ၏။
စွမ်းရည်ပြမျက်နှာပြင်ပေါ်၌ ထိုကျားသစ်လူသား ချဉ်းကပ်လာစဉ်က ထောက်လှမ်းမိခဲ့သော အချက်အလက်အချို့ ပေါ်ထွက်လာသည်။
[အမည် - ကျားသစ်မိစ္ဆာ ]
[အသက် - ၄၅၉]
[ကျင့်စဉ်အဆင့် - မိစ္ဆာငယ် အဆင့်မြင့်အဆင့်]
[ပါရမီ - ကျားသစ်ကြွက်သား]
[ဝိညာဉ်ဓာတ် - လေလှုပ်ရှားမှု]
ကျားသစ်ကြွက်သားတဲ့လား။
လုံယီသည် ပါရမီဖော်ပြချက်ပေါ်ရှိ စာကြောင်းအသေးလေးကို လှမ်းကြည့်လိုက်သည်။
ကျားသစ်ကြွက်သား ခန္ဓာကိုယ်၏ ဖျတ်လတ်မှုကို အတိုင်းအတာတစ်ခုအထိ မြင့်မားစေသည်။
ဖျတ်လတ်မှုရောပါတာလား။
ဖျတ်လတ်မှုဆိုသည်မှာ အခြေခံအားဖြင့် အရှိန်အဟုန်ကို ဆိုလိုခြင်းပင်။
လုံယီ၏ အကြည့်များမှာ ထိုကျားသစ်လူသား ငါးကောင်ကို ကြည့်ရင်း တောက်လောင်လို့လာတော့သည်။
မျိုးနွယ်တူချင်းဖြစ်သဖြင့် သူတို့၏ ပါရမီများမှာလည်း တူညီကြမည်မှာ သေချာသည်။
တစ်ကောင်တည်းကို သတ်ရုံနှင့် ပါရမီကို မရရှိနိုင်လျှင်ပင် ငါးကောင်စလုံးကို သတ်ဖြတ်ပြီးနောက် ဘာမှမရရှိဘဲ နေလိမ့်မည်မဟုတ်ပေ။
အရှိန်အဟုန်၏ အရေးပါမှုမှာ ခွန်အားနှင့်နှိုင်းယှဉ်ပါက စိုးစဉ်းမျှ လျော့နည်းခြင်းမရှိချေ။
အရှုံးပေးရန် ငြင်းဆန်လိုက်ပြီဖြစ်သဖြင့် ဧရာမကျားသစ်ကြီး ငါးကောင်မှာလည်း ထပ်မံတွန့်ဆုတ်မနေတော့ဘဲ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။
ဘုန်း
အတိုင်းအဆမရှိ များပြားလှသော မိစ္ဆာအုပ်ကြီးမှာ မြို့မျှော်စင်ရှိရာသို့ အုန်းအုန်းကျွက်ကျွက် ပြေးဝင်လာကြရာ မြေပြင်တစ်ခုလုံး ချက်ချင်းပင် တုန်ခါသွားတော့၏။
"အစီအရင်အတားအဆီး... အသက်သွင်းစမ်း"
ဟယ်ရှန်းက ဟိန်းဟောက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဧရာမဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ရုမြို့တော်တစ်ခွင်ရှိ အနက်ရောင်အစီအရင်လိုင်းများမှာ စတင်လည်ပတ်လို့လာတော့သည်။
ကျယ်ပြန့်လှသော မှော်အစီအရင်ကြီး ထွက်ပေါ်လာပြီး မြူခိုးများ ပျံ့နှံ့သွားကာ မြို့ပြင်ဘက် ပေတစ်ရာကျော်အထိ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
အစီအရင်အတားအဆီးအတွင်းသို့ ခြေလှမ်းဝင်လာကြသော မိစ္ဆာများမှာ အရက်မူးသမားများကဲ့သို့ ယိမ်းထိုးသွားကြပြီး မတ်မတ်ပင် မရပ်နိုင်ကြတော့ချေ။
ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ မြို့မျှော်စင်ထက်ရှိ ကျင့်ကြံသူများက စတင်တိုက်ခိုက်ကြတော့သည်။
အဆောင်စာရွက်များမှာ အဆက်မပြတ် တောက်လောင်ကာ ပျံသန်းသွားကြပြီး ပျံသန်းခြင်းဓားများမှာလည်း ကြယ်တံခွန်များပမာ ဖြတ်သန်းခုတ်ပိုင်းနေကြလျက် မှော်အတတ်များမှာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်ကာ မိစ္ဆာများကို အညှာအတာမဲ့စွာ တိုက်ခိုက်တော့သည်။
သို့သော်လည်း မိစ္ဆာများ၏ အရေအတွက်မှာ များပြားလွန်းလှသဖြင့် တန်ဖိုးနည်းအသုံးမဝင်သော ပစ္စည်းများကဲ့သို့ပင် မည်သို့မျှ ကုန်ဆုံးသွားခြင်းမရှိချေ။
လုံယီသည် အလောင်းကောင်ရာချီအစီအရင်ကို ထုတ်ဖော်လိုက်ပြီး ၎င်းကို မြို့တော်ကာကွယ်ရေးအစီအရင်နှင့် ပေါင်းစပ်ကာ အစီအရင်အတွင်း၌ အစီအရင်တစ်ခု ထပ်မံဖန်တီးလိုက်သည်။
သတိမထားမိဘဲ သူ၏ အစီအရင်အတွင်းသို့ ခြေလှမ်းဝင်လာကြသော မိစ္ဆာများမှာ ပြန်လမ်းမရှိကြတော့ချေ။
သူ၏ လက်ဖဝါးအတွင်းမှ သွေးအရိပ်မှော်ရတနာမှာ ထွက်ပေါ်လာပြီး သွေးအနှစ်သာရများကို အဆက်မပြတ် စုပ်ယူစားသုံးကာ အလျားပေသုံးဆယ်ကျော်အထိ ကြီးမားလာတော့သည်။
တစ်ချိန်တည်းမှာပင် ချီစွမ်းအင် +၃၊ ချီစွမ်းအင် +၅စသည့် အကြောင်းကြားချက်များမှာ စွမ်းရည်ပြမျက်နှာပြင်ပေါ်၌ အဆက်မပြတ် ပေါ်ထွက်နေ၏။
ချီစွမ်းအင်ကဏ္ဍတွင်လည်း ကိန်းဂဏန်းများမှာ မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ မြင့်တက်လာနေသည်။
လုံယီအနေဖြင့် ဘာမှလုပ်ဆောင်ရန်မလိုသေးသော်လည်း ဤမိစ္ဆာများ၏ ဝိုင်းရံတိုက်ခိုက်မှုအတွင်း၌ သူ၏ ခွန်အားမှာ အချိန်တိုင်း မြင့်တက်နေသည်ကို ခံစားနေရသည်။
အခြေအနေများ ပိုမိုရှုပ်ထွေးပြီး သွေးချောင်းစီးကာ ပြင်းထန်လေလေ သူ၏ ခွန်အားမှာ ပိုမိုမြန်ဆန်စွာ ကြီးထွားလာလေလေပင်။
...