အခန်း (၁၀၉+၁၁၀)
Vol. 11 Ch. 109+110
အပိုင်း ၁၀၉ + ၁၁၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ထိုသံစဥ် ရှစ်ချက်ကို ကြားလိုက်ရုံဖြင့် ကျောင်းသူ ကျောင်းသား အားလုံးလိုလို နေရာမှ ခုန်ထလာမိကြ၏။
ကြီးကြပ်သူ အားလုံး၏ မျက်လုံးများမှာလည်း အံ့ဩတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားကြသည်။
ကျိနင်ကမူ ကျောက်စိမ်းလက်ကောက်လေး တစ်ခုအား ပျင်းရိစွာ ကစားနေခဲ့၏။ သူမ လန်လင်း၏ သံစဥ်များကို ကြားလိုက်ရချိန်၌ လက်များ တုန်ယင်သွားပြီး အဖိုးတန် ကျောက်စိမ်းလေးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ အပိုင်းပိုင်း အစစ ကွဲကြေသွားသည်။
သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေးထဲ၌ လုံးဝ နစ်မြောနေသည့် ကျောင်းတော်မှ ကျင့်ကြံသူများ၏ မျက်ခုံးများ ပင့်တက်သွားကြ၏။ ညနေခင်း တစ်ခုလုံး၌ ပထမဆုံးအကြိမ်အဖြစ် သူတို့ မျက်လုံးများ ဖွင့်လာကြပြီး ဖျော်ဖြေသူအား ကြည့်လိုက်ကြသည်။
အလွန်တရာ အစွမ်းထက်ပြီး အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှ၏။ သံစဥ် ရှစ်ချက်တည်းနှင့်ပင် ရှိနေသူတနုင်း၏ စိတ်ဝိညာဉ်ကို ဖမ်းစားသွားသည်။
ထို့အပြင် ဤထိုးဖောက်နိုင်စွမ်းရှိသည့် သံစဥ်ရှစ်ချက်မှာ အစပြုခြင်း သက်သက်သာ ဖြစ်၏။
နောက်ဆက်တွဲ ထွက်ပေါ်လာသည့် ဂီတမှာ ကြမ်းတမ်းလှသည့် မုန်တိုင်းကြီး တစ်ခု ၊ ဒေါသတကြီး စီးဆင်းနေသော ဆူနာမီကြီးတစ်ခု ၊ တားဆီး၍ မရနိုင်သည့် စွမ်းအားတစ်ခုနှင့် တူနေ၏။ သံစဥ်က ပို၍ အားကောင်းလာပြီး ပို၍လည်း ပြင်းထန်လာသည်။
နားဆင်နေသူများ၏ နားများ ၊ နှလုံးသားများနှင့် စိတ်ဝိညာဉ်များအား အကြိမ်ကြိမ်အခါခါ ရိုက်ခတ်သွားသည်။
အစပိုင်း၌ သူတို့သည် ဂီတအား ခံစားနိုင်ရန် ကြိုးစားကြသော်လည်း ဆက်လက် နားဆင်နေရင်းဖြင့် သူတို့ကိုယ်သူတို့ လုံးဝ မေ့လျော့သွားကြ၏။
သူတို့ အားလုံးက မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်၌ မျောပါနေသည့် လှေငယ်လေး တစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ကြရ၏။ မည်သည့် နေရာသို့ ရောက်နေမှန်း မသိတော့ဘဲ ဧရာမ လှိုင်းလုံးကြီးများ၏ ပစ်ပေါက် ရိုက်နှက်ခြင်းကို ခံနေကြရသည်။
တစ်စက္ကန့်၌ သူတို့ ကောင်းကင်ယံသို့ ပစ်တင်ခံရပြီး နောက်တစ်စက္ကန့်၌မူ ငရဲပြည်သို့ ရိုက်ချခံလိုက်ရ၏။
လှေငယ်လေးမှာ ရေပြင်၏ သနားညှာတာမှုအောက်၌ ကျရောက်နေပြီး အချိန်မရွေး အပိုင်းပိုင်း ကွဲထွက်သွားတော့မည့်အလား ခံစားနေရသည်။
လန်လင်း၏ ဖျော်ဖြေမှုက ရှေ့သို့ ပင်လယ်ပြင်ကြီး၏ ရေကဲ့သို် ဆက်လက် စီးဆင်းနေ၏။
နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကို သူ၏ လက်ချောင်းများမှတစ်ဆင့် စန္ဒရားခလုတ်များထံသို့ အတင်းအကျပ် တွန်းပို့လိုက်သည်နှင့်အမျှ သူ၏ တီးခတ်မှုမှာ ပို၍ ပို၍ ပြင်းထန်လာ၏။
မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများမှာ ယခုအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်နေကြပြီ ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေပြီး သူတို့၏ အရေပြားပေါ်ရှိ မွေးညင်းပေါက်တိုင်း ပွင့်ဟသွားကာ ဂီတ၏ လှိုင်းထန်နေသည့် စွမ်းအားကို စုပ်ယူနေသည့်အလား အသက်ကို ပြင်းပြင်းရှူသွင်းနေကြသည်။
လူအုပ်ကြီးမှာလည်း သူတို့၏ ဦးရေပြားများ ထုံကျဉ်လာပြီး လက်မောင်းပေါ်ရှိ ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားလိုက်ကြရ၏။
သူတို့၏ ရင်ဘတ်ထဲ၌ နှလုံးက ခက်ထန်ကြမ်းတမ်းစွာ ခုန်ပေါက်နေကာ သူတို့အားလုံးက အသံတစ်သံထွက်လာမည်ကိုပင် ကြောက်ရွံ့ဟန်ဖြင့် အသက်ရှူအောင့်ထားလိုက်ကြသည်။
**--**--**--**--**--**--**--**
ညအမှောင်ထုကြီးက မိုင်ပေါင်းထောင်ချီ ကွာဝေးသည့် ထျန်းရွှေမြို့ နယ်မြေများအထက်၌ လွှမ်းခြုံထားပြီး မိုးများကလည်း သည်းထန်စွာ ရွာသွန်းနေသည်။
ယမန်နေ့က နူဒန်နှင့် အခြား ရာထူးမြင့် နယ်စားများတို့က မင်းသား ကျိလီ၏ တမန်တော်နှင့် တွေ့ဆုံခဲ့ကြသည်။ မင်းသားက သူတို့၏ တောင်းဆိုချက်များ အားလုံးကို သဘောတူညီခဲ့၏။
အကယ်၍ သူတို့သာ ဆိုမိသားစုကို ပုန်ကန်ပြီး အောင်မြင်ပါက မြို့စားဘွဲ့များ ပေးသနားခံရမည်ဖြစ်ပြီး သူတို့၏ နယ်မြေများကိုလည်း မိသားစုအဆက်ဆက် ထာဝရ ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဆိုမိသားစုအပေါ် ထားရှိသည့် သူတို့၏ သစ္စာစောင့်သိမှုက ပြိုလဲသွားလေပြီ။ ဤနယ်စားများသည် သူတို့၏ အာဏာအတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ကြသော်ငြား အမွေဆက်ခံခွင့် မရှိပါက နောင်တစ်ချိန် သူတို့၏ သားသမီးများ အလုံအလောက် မစွမ်းဆောင်နိုင်သည့် အချိန်၌ မိသားစုများအနေဖြင့် နယ်မြေများနှင့် တပ်မတော်များကို ဆုံးရှုံးရပေလိမ့်မည်။
သို့သော် လက်ရှိအချိန်၌ မင်းသား ကျိလီက သူတို့၏ နယ်မြေများကို ထာဝရ ပိုင်ဆိုင်ခွင့်ပေးမည်ဟု ကတိပြုလေပြီ ဖြစ်ရာ ကျန်ရှိနေသည့် တုံ့ဆိုင်းမှုများ အားလုံးမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့၏။
ယနေ့ည၌ မိုးရေပေါက်များက မြေပြင်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။
နူဒန်၏ စစ်သား နှစ်ထောင်ခန့် စုရုံးရောက်ရှိလာကြသည်။ သူတို့က နောက်ဆုံးပေါ် သံချပ်ကာများကို ဝတ်ဆင်ထားပြီး အကောင်းဆုံးသော လက်နက်များကို ကိုင်ဆောင်ကာ တပ်ဆင်ထားကြ၏။
"ဆိုမိသားစုက ရက်စက်လွန်းတယ်။ ကောင်းကင်နဲ့မြေကြီးကတောင် ရွံရှာကြတယ်။"
"အလိုလိုက်ခံထားရတဲ့ ဆိုလွန်က ကောင်းကင်ရော မြေကြီးကိုပါ ဒေါသထွက်စေပြီ။"
နူဒန် လက်သီးဆုပ်လိုက်သည်။ "ငါ နူဒန်က ငါ့မိသားစု ၊ ငါ့တပ်မတော်နဲ့အတူ ဆိုမိသားစုဆီကနေ ခွဲထွက်ကြောင်း တရားဝင် ကြေညာတယ်။ ထျန်းရွှေမြို့က ပြည်သူတွေကို ဆင်းရဲဒုက္ခတွေကနေ ကယ်တင်ဖို့ ငါတို့ ထကြွပြီး တိုက်ပွဲဝင်ကြမယ်။"
နူဒန် သေတ္တာတစ်လုံးကို ကန်ဖွင့်လိုက်ရာ မရေမတွက်နိုင်သည့် ရွှေဒင်္ဂါးများက ရေများအလား ဖိတ်စင်ကျလာ၏။
သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ "ဒီငွေတွေက မင်းတို့အတွက်ပဲ။ ဆိုမိသားစုကို ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ်။ ထျန်းရွှေမြို့ကို သိမ်းပိုက်ပြီးတာနဲ့ မင်းတို့ကို ဆယ်နှစ်စာ လစာငွေ ဆုချမယ်။"
စစ်သားများ လုံးဝ ရူးသွပ်သွားကြသည်။ သေချာပေါက်ပင် ဤရွှေများသည် ကျိနင်နှင့် ကျိလီတို့ထံမှ လျှို့ဝှက်စွာ ရောက်ရှိလာကြခြင်း ဖြစ်၏။
"အဲဒီလူယုတ်မာ ဆိုလွန်က အရှက်မရှိဘူး။ ပြည်သူတွေအတွက် ကပ်ရောဂါဆိုးပဲ။ သူ့ကို ငါတို့ သတ်ရမယ်။"
"ချီတက်ကြ... ထျန်းရွှေမြို့ကို တိုက်ခိုက်ကြ... ဆိုမိသားစုကို ချေမှုန်းကြ..."
မြင်းတပ်သား ရာပေါင်းများစွာက ဦးဆောင်ကာ သံချပ်ကာအပြည့်နှင့် လက်နက်အပြည့် တပ်ဆင်ထားသည့် တပ်ဖွဲ့များတို့က မုန်တိုင်းထဲ၌ သပ်ရပ်စွာ ချီတက်လျက် မိုင်သုံးရာ ကွာဝေးသော ထျန်းရွှေမြို့တော်ကြီးဆီသို့ ဦးတည်သွားကြ၏။
ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် အခြား တပ်မတော် ဆယ့်ရှစ်ခုသည်လည်း အလားတူ လုပ်ဆောင်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထျန်းရွှေနယ်မြေမှာ စတုရန်းပေပေါင်း သန်းနှင့်ချီကာ ကျယ်ဝန်း၏။
လက်ရှိအချိန်၌ စုစုပေါင်း စစ်သား သုံးသောင်းကျော်ရှိသော ပုန်ကန်သူ တပ်မတော် ဆယ့်ကိုးခုမှာ ထျန်းရွှေမြို့ကို တစ်ကျိုက်တည်း မျိုချရန် အသင့်ရှိနေသည့် ဧရာမ အမှောင်ဒီရေလှိုင်းကြီး တစ်ခုအလား စုရုံးနေကြလေပြီ။
မိုးရွာနေသည့် ည၌ မိုးကြိုးများလည်း သည်းထန်စွာ ပစ်ချနေ၏။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် တော်ဝင်အကယ်ဒမီ၏ ဖျော်ဖြေရေးခန်းမ အတွင်း၌... လန်လင်း၏ The Fate ဖျော်ဖြေမှုက အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ အခန်းတွင်းရှိ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာပြီး စိတ်ဝိညာဉ်များပါ တုန်ခါနေသည်ကို ခံစားလိုက်ကြရ၏။
အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး အသက်ရှူမှားလောက်သည့် ခံစားချက်ပင်။ ဂီတ၏ ဒေါသတကြီး ရိုက်ခတ်နေသည့် လှိုင်းလုံးများထဲ၌ သူတို့ လုံးဝ မျောပါသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
လန်လင်း သူ၏ ခွန်အားနှင့် အာရုံစူးစိုက်မှု အားလုံးကို သီချင်း၏ နောက်ဆုံး အခိုက်အတန့်များထဲသို့ လောင်းထည့်လိုက်၏။ ဂီတသံစဉ်များမှာ ချွန်ထက်သည့် မြားများ သို့မဟုတ် ပျံသန်းနေသော ဓားသွားများကဲ့သို့ အဆုံးအစမရှိ ရှေ့သို့ တိုးဝင်နေသည်။
သူ၏ ဒေါသ ၊ ပြင်းပြသည့် ဆန္ဒနှင့် စိတ်စွမ်းအားများ အားလုံးကို ဂီတထဲသို့ ထည့်သွင်းထားရာ ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်နေ၏။
ကံကြမ္မာကို ဆန့်ကျင် တိုက်ခိုက်မည်။ ဆိုမိသားစုကို ဖျက်ဆီးရန် ကြိုးစားနေသည့် တော်ဝင်မိသားစုကို ဆန့်ကျင် တိုက်ခိုက်မည်။ အမှောင်ထုကို ဆန့်ကျင် တိုက်ခိုက်မည်။ သွေးထွက်ရမည် ဆိုလျှင်ပင် ၊ အပိုင်းပိုင်း အစစ အသတ်ခံရမည် ဆိုလျှင်ပင် နောက်ဆုတ်မည် မဟုတ်ပေ။
Beethoven ၏ မူရင်း The Fate မှာ လူသားများက အမှောင်ထုကို အနိုင်ယူပြီး အောင်ပွဲခံသည့် အကြောင်း ဖြစ်၏။ သို့သော် လန်လင်း၏ လက်ချောင်းများအောက်၌ နောက်ဆုံး အခိုက်အတန့်သည် အကြွင်းမဲ့ ဖျက်ဆီးခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ ရန်သူများကို သူနှင့်အတူ ဆွဲချချင်သည့် ရူးသွပ်သော ဆန္ဒများကိုပါ တေးသွားထဲသို့ လောင်းထည့်လိုက်၏။
ဒေါင်းးး ဒေါင်းးး ဒေါင်းးး ဒေါင်းးး
လန်လင်း နောက်ဆုံး သံစဉ်များကို ပြောင်းလဲလိုက်ပြီး ရူးသွပ်ကြမ်းတမ်းသည့် ဖျက်ဆီးခြင်း စွမ်းအင်တို့ဖြင့် တီးခတ်လိုက်သည်။ သူ၏ လက်ချောင်းများဖြင့် နောက်ဆုံး သံစဉ်တွဲအပေါ်သို့ အားကုန် ရိုက်ချလိုက်၏။
ဝုန်းးး
စန္ဒရားကြီး ကျိုးပဲ့သွားသည်။ စန္ဒရားခလုတ်များ အပိုင်းပိုင်း ကွဲထွက်သွားပြီး သူ၏ လက်များကို ရှမိကာ သွေးများပင် ထွက်လာ၏။
ဖျော်ဖြေမှု ပြီးဆုံးသွားလေပြီ။
**--**--**--**--**--**--**--**
နောက်ဆုံး၌ ပြီးဆုံးသွားလေပြီ။ ပရိသတ်များမှာ သူတို့ ပြန်လည် အသက်ရှူနိုင်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။ မုန်တိုင်းတစ်ခု ဖြတ်သန်းသွားသည့်အလား သူတို့ လုံးဝ လွှမ်းမိုးခံလိုက်ရခြင်း ဖြစ်သည်။
ခန်းမကြီးက သေမတတ် တိတ်ဆိတ်နေ၏။ သူတို့ အားလုံးက အလွန်တရာ အံ့ဩတုန်လှုပ်နေကြသဖြင့် မလှုပ်ရှားနိုင်ကြတော့ပေ။
တဖြည်းဖြည်းနှင့် ဘိုင်ရွန်၏ မျက်နှာထက်မှ အေးခဲနေသည့် အမူအရာက ပျောက်ကွယ်လာ၏။ ဤမျှ ပြင်းထန်သော ခံစားချက် မုန်တိုင်းကို သူ မခံစားရသည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ မွန်းကြပ်စေပြီး ဖျက်ဆီးနိုင်စွမ်းရှိသည့် ဂီတ၏ စွမ်းအားမှာ အံ့မခန်းပင်။ နတ်ဘုရားတစ်ပါး ရှေ့၌ ရပ်နေရသည့် သာမန်လူတစ်ယောက်ကဲ့သို့ သူ့ကိုယ်သူ ခံစားလိုက်ရစေသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသည့် သီချင်းတစ်ပုဒ်မျှသာ မဟုတ်ပေ။ စိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေသည့် လက်ရာမြောက် တစ်ခုပင်။ နှစ်ထောင်ချီမှ တစ်ခါသာ ကြုံတွေ့ရနိုင်သည့် အရာတစ်ခုကဲ့သို့ ခံစားရစေသည်။
ဆိုလွန်၏ ရိုင်းစိုင်းကြမ်းတမ်းပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုသည့် စွမ်းအင်များဖြင့် တီးခတ်လိုက်ချိန်၌ ရိုက်ခတ်မှုမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လှပနေ၏။
ဘိုင်ရွန် မတ်တပ်ရပ်လိုက်ပြီး ဖြည်းညှင်းစွာ စတင် လက်ခုပ်တီးလိုက်သည်။
မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများ အားလုံးကလည်း ပါဝင်လာကြ၏။ ထို့နောက် ကျောင်းသူကျောင်းသားများက စတင် လက်ခုပ်တီးလာကြပြီး သူတို့ထဲမှ များစွာမှာ ငိုကြွေးနေကြသည်။ နောက်ဆုံး၌ ပရိသတ် တစ်ခုလုံး မတ်တပ်ရပ်ကာ ရူးသွပ်စွာ အားပေးကြ၏။ လူဒါဇင် အနည်းငယ်မျှသာ ရှိသော်ငြား သူတို့၏ လက်ခုပ်သံများက မိုးကြိုးသံကဲ့သို့ ကျယ်လောင်နေသည်။
ကျိနင် ငြိမ်သက်စွာ ထိုင်နေ၏။ ဆိုလွန်အား ဖိနှိပ်ရန် သူမ၏ အစီအစဉ်မှာ လက်ရှိအချိန်၌ ဟာသ တစ်ခု ဖြစ်သွားလေပြီ။
အကယ်၍ လက်ရှိအချိန်၌ သူမအနေဖြင့် ဆိုလွန်၏ အမှတ်ကို လျှော့ချရန် ကြိုးစားပါက ဂီတလောကကြီး တစ်ခုလုံး၏ ရန်သူ ဖြစ်သွားပေလိမ့်မည်။
သူမ အလွန်အမင်း တုန်လှုပ်နေသည်။ ဤသီချင်းမှာ ဆိုလွန်၏ စစ်ကြေညာခြင်း ဖြစ်ကြောင်းကို သူမ သိ၏။ ဖျော်ဖြေနေစဉ်အတွင်း ဂီတနှင့် ဆိုလွန် ကိုယ်တိုင်ထံသို့ပင် အရှုံးပေး လက်နက်ချလိုသည့် ဆန္ဒကို သူမကိုယ်တိုင်ပင် ခံစားရသည်။
ထိုအခိုက်အတန့်၌ ပုံမှန်အားဖြင့် အရှက်မရှိသည့် ဆိုလွန်မှာ ယုံကြည်နိုင်လောက်စရာ မရှိအောင် ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ချောမောကာ အန္တရာယ်များလောက်အောင် ပါရမီပါနေ၏။ ထိုကဲ့သို့သော အမျိုးသားမျိုးမှာ အမျိုးသမီးများအတွက် အဆိပ်အတောက်စစ်စစ်ပင်။
မိနစ်အနည်းငယ် ကြာပြီးနောက်၌တော့ လက်ခုပ်သံများ နောက်ဆုံး၌ တိတ်ဆိတ်သွားလေပြီ။
ဘိုင်ရွန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "သခင်လေး ဆိုလွန်... မင်းတေးသွား နာမည်က ဘာလဲ။"
လန်လင်းက လေးနက်စွာ ဖြေလိုက်သည်။ "ကံကြမ္မာ...။"
ဘိုင်ရွန်က ခေါင်းညိတ်လိုက်၏။ "ဒီအရာကို အကဲဖြတ်ဖို့ ငါ အရည်အချင်း မပြည့်မီဘူးလို့ ထင်လို့ ငါ မင်းကို အမှတ်ပေးမှာ မဟုတ်ဘူး။ တေးသွားကို ငါ မှတ်ထားလိုက်ပြီ။ အဲဒါကို ငါ လေ့လာလို့ ရမလား။"
လန်လင်း ပြုံးလိုက်သည်။ "ရပါတယ်ဗျာ။ သဘောတူပါတယ်။"
ဘိုင်ရွန်က လေးနက်စွာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်။ ဒီ အံ့မခန်း ခံစားချက်ကို အပြည့်အဝ နားလည်ခံစားနိုင်ဖို့ ငါ အခု ထွက်သွားမှ ရလိမ့်မယ်။"
ဆိုလွန် ရေးခဲ့သည်လားကို သူမမေးတော့ပေ။ ဤကဲ့သို့သော လက်ရာမြောက်တစ်ခုမှာ အတုအယောင် လုပ်၍မရနိုင်ချေ။
မဟာဆရာသခင် ဘိုင်ရွန်နှင့် ကျင့်ကြံသူများ ထွက်ခွာသွားကြ၏။
လက်ရှိအချိန်၌ နောက်ဆုံးအမှတ်ပေးရန် အချိန်ရောက်လာလေပြီ။ မျက်လုံးအားလုံးက ကျိနင်ထံသို့ လှည့်သွားကြသည်။ ကျောင်းသူကျောင်းသားများက သူမကို စောင့်ကြည့်နေကြ၏။
ကျိနင် သူမ၏ ကလောင်တံကို ကောက်ကိုင်လိုက်ပြီး အမှတ်ပေးဘုတ်ပြားထက်၌ ရေးချကာ လှည့်ပြလိုက်သည်။
အမှတ် ၁၀၀... ပြည့်စုံသည့် အမှတ်... သူမ၌ အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူမ မလိုလားလျှင်ပင် ဆိုလွန်၏ ဖျော်ဖြေမှုက ရိုးရှင်းစွာပင် တားဆီး၍ မရနိုင်ချေ။
အပိုင်း ၁၀၉ + ၁၁၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team