← Chapters

အခန်း (၁၀၁+၁၀၂)

Vol. 11 Ch. 101+102

အခန်း (၁၀၁+၁၀၂)

Vol. 11 Ch. 101+102

အပိုင်း ၁၀၁ + ၁၀၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဉာဏ်ရည်နိမ့်ကျသူများ ရေးသားထားသည့် စာစီစာကုံးများအား အမှတ်ပေးရသည်ကို မင်းသမီးကျိနင် အလွန် မုန်းတီးလှ၏။ ပထမဆုံး စာကြောင်းကို မြင်လိုက်သည်နှင့် ရေးသားသူများ မည်မျှ အသိဉာဏ်ကင်းမဲ့ပြီး အသုံးမကျကြောင်းကို သူမ သိနိုင်၏။

ကျိနင်ကဲ့သို့ မာနကြီးပြီး ပါရမီပါသည့် အမျိုးသမီးတစ်ဦးအတွက် ကောင်းမွန်သော စာစီစာကုံးတစ်ပုဒ်ကို ဖတ်ရခြင်းက အရသာရှိသည့် အစားအစာတစ်ခုကို စားသုံးရသကဲ့သို့ စာဖတ်သူကို ခံစားမှုကောင်းစေသည်။

သို့သော် ဆိုးရွားသော စာစီစာကုံးမှာမူ အနံ့ရရုံဖြင့်ပင် သူမကို အော့အန်ချင်စိတ် ဖြစ်စေသည့် ပုပ်သိုးနေသော အစားအစာနှင့် တူနေ၏။

စာစီစာကုံး ဒါဇင်ပေါင်းများစွာကို ဖတ်ပြီးနောက် ကျိနင်မှာ ဒေါသထွက်လာသလို စိတ်လည်းပျက်လာပြီး အော့အန်ချင်စိတ်ပေါက်လာသည်။ အရာအားလုံးက အလွန်ကို ဆိုးရွားလှ၏။ ကျောင်းသားအများစုက တော်ဝင်မိသားစုကိုသာ မြှောက်ပင့်ရေးသားကြပြီး နုလန်ဘုရင့်နိုင်ငံက သူတို့၏ ပညာရှိသည့် အုပ်ချုပ်မှုအောက်၌ နှစ်ပေါင်းထောင်ချီ တည်တံ့မည်ဟု ရေးကြသည်။

အခြားတစ်စုကမူ နိုင်ငံတော်သည် ဆယ်စုနှစ် အနည်းငယ်အတွင်း ပျက်စီးမည်ဟု တုန်လှုပ်ဖွယ်ကောင်းသော်လည်း အနှစ်သာရမပါသည့် စကားလုံးများကိုသာ ရေးသားကြ၏။ စစ်မှန်သော အဓိပ္ပာယ် သို့မဟုတ် နက်နဲသည့် တွေးခေါ်မှုမျိုး မပါဝင်ပေ။

ကျိနင် အဖြေလွှာများကို အမြန်ဖတ်ကာ အလွန်နိမ့်သည့် အမှတ်များသာ ပေးလိုက်၏။ သူမက ဆိုလွန်၏ အဖြေလွှာကို ရှာတွေ့ရန်သာ စောင့်ဆိုင်းနေ၏။

လူအများစုက ဘုရင်ကျိပိုင်က ဤစာစီစာကုံး မေးခွန်းကို ထုတ်သည်ဟု ထင်မှတ်ထားကြသော်လည်း မဟုတ်ပေ။ ကျိနင်နှင့် သူမ၏အစ်ကို ကျိလီတို့က ဖန်တီးခြင်းဖြစ်ပြီး ဘုရင်မင်းမြတ်၏ အတည်ပြုချက်ကို ရယူထားခြင်း ဖြစ်၏။

ဤမေးခွန်းကို ထူးဆန်းနေစေရန် ပြုလုပ်ရသည့် အဓိက အကြောင်းရင်းမှာ ဆိုလွန် ခိုးချခြင်းမှ တားဆီးနိုင်ရန်ပင်။

ဆိုလွန်၏ အစ်မဖြစ်သူ ဆိုနင်ပင်းမှာ အလွန် ထက်မြက်သူဖြစ်ရာ သူ အကူအညီ လိုအပ်မည်ကို ခန့်မှန်းမိပြီး စာစီစာကုံးများစွာကို အလွတ်ကျက်မှတ်စေပေလိမ့်မည်။

သူမသာ ခေါင်းစဉ်ကို မှန်ကန်စွာ ခန့်မှန်းနိုင်ပါက ဆိုလွန် အမှတ်ကောင်းကောင်း အလွယ်တကူ ရသွားနိုင်၏။

မေးခွန်းမှာ ဤသို့ဖြစ်၏။ "နုလန်ဘုရင့်နိုင်ငံက နောက်ထပ် နှစ်ပေါင်း ဘယ်လောက်အထိ တည်ရှိနိုင်ဦးမလဲ။"

ဤခေါင်းစဉ်မှာ အလွန်ထူးဆန်းပြီး ရှားပါးလှသဖြင့် ဆိုနင်ပင်း ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ဤအတွက်ကြောင့် အသုံးမကျသည့် ထိုလူရှုပ်လေး ဆိုလွန်မှာ သေချာပေါက် ကျရှုံးမည် ဖြစ်သည်။ သူ၏ စာစီစာကုံးက မည်မျှ ဆိုးရွားနေမည်ကို ကြည့်ရန် ကျိနင် မစောင့်နိုင်တော့ပေ။

သူမ၏ ရွံရှာမှုကို ဖိနှိပ်ထားရင်း အဖြေလွှာများကို တစ်ခုပြီးတစ်ခု ဆက်ဖတ်နေလိုက်၏။ စာမေးပွဲကြီးကြပ်သူ အယောက်နှစ်ဆယ်က အဖြေလွှာ နှစ်ရာကျော်ကို စစ်ဆေးကြရလေမည်။ ဤသည်က နှစ်ရက်ကြာမည် ဖြစ်ပြီး ပျင်းစရာကောင်းလှသည့် အလုပ်တစ်ခုပင်။

ကျိနင် နောက်တစ်ရွက်ကို ဖွင့်ကြည့်လိုက်ချိန်၌ အံ့ဩသွား၏။

သူမ လက်ရေးကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုအမှိုက်ကောင် ဆိုလွန်၏ လက်ရေးပင်။ မည်သို့ပင်ဆိုစေကာမူ ထိုအကောင်က သူမထံသို့ ယခင်က ချစ်သဝဏ်လွှာ အစောင်တစ်ရာကျော် ရေးကာ ပို့ခဲ့ဖူး၏။

သို့သော် ယခုအကြိမ်၌မူ သူ၏ လက်ရေးက ကွဲပြားနေသည်။ ပို၍ သေသပ်လာသော်လည်း ဖုံးကွယ်ထားသည့် ထက်မြက်မှုတစ်ခု ရှိနေ၏။ လက်ရေးလှစွမ်းရ​ည်က တိုးတက်လာကြောင်း သူမ ဝန်ခံရမည် ဖြစ်သည်။

ကောင်းကင်မိစ္ဆာ တောင်တန်းသို့ သွားသည့် အန္တရာယ်များသော ခရီးစဉ်က သူ့ကို ရင့်ကျက်လာစေပုံရ၏။

ဆိုလွန်၏ စာစီစာကုံး ခေါင်းစဉ်ကို သူမ ကြည့်လိုက်သည်။ "အုပ်စုဖွဲ့ အားပြိုင်မှုက နိုင်ငံကို ဖျက်ဆီးသလို အုပ်စုဖွဲ့ အားပြိုင်မှုကပဲ နိုင်ငံကို တည်ဆောက်နိုင်တယ်။"

ချက်ချင်းပင် သူမ၏ မျက်လုံးတို့က အရောင်လက်သွား၏။ ဤသည်မှာ မေးခွန်းကို ဖြေဆိုရန် အလွန်ထူးခြားသော နည်းလမ်းတစ်ခုပင်။ အုပ်စုဖွဲ့ အားပြိုင်မှုဟူသည့် ဝေါဟာရက သူမ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသဖြင့် စိတ်အားထက်သန်စွာ ဆက်ဖတ်လိုက်သည်။

စာလုံးရေ နှစ်ထောင်ပါဝင်သည့် စာစီစာကုံးကို ပထမအကြိမ်၌ အမြန်ဖတ်လိုက်ရာ မိနစ်အနည်းငယ်အတွင်းမှာပင် ပြီးဆုံးသွား၏။ သူမ အလွန်မုန်းတီးရသော ဆိုလွန် ရေးသားထားခြင်းဖြစ်ကြောင်းကိုပင် မေ့သွားသည်။

အလွန်ကောင်းမွန်သည့် စာစီစာကုံးတစ်ပုဒ်ကို ဖတ်ရခြင်းက ပူပြင်းသော နွေရာသီနေ့တစ်နေ့၌ ရေခဲမုန့် စားရသကဲ့သို့ လန်းဆန်းကာ အံ့ဩဖွယ်ကောင်းလှပြီး သူမ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံးကို ပွင့်သွားစေ၏။ ကျိနင် လက်ရှိအချိန်၌ ထိုအတိုင်း ခံစားနေရသည်။

စကားလုံးများကို ခံစားရန် သူမ မျက်လုံးတို့ကို မှိတ်လိုက်၏။ စာစီစာကုံးက အံ့မခန်းပင်။ အကြံဉာဏ်များက ရှင်းလင်းပြတ်သားကာ ထက်မြက်ပြီး နက်နဲလှသည်။ အုပ်စုဖွဲ့ အားပြိုင်မှု အဆင့်သုံးဆင့်ကို ပြီးပြည့်စုံသော ယုတ္တိဗေဒဖြင့် ရှင်းပြထား၏။

လန်လင်းရေးသား ဖော်ပြထားသည့် ပထမဆုံး အားပြိုင်မှုမှာ တိတ်ဆိတ်စွာ ဖြစ်ပေါ်နေပြီ ဖြစ်၏။ ဒုတိယ အားပြိုင်မှုမှာ ဘုရင်မင်းမြတ်နှင့် ကျိလီတို့သာ ဝိုးတဝါး တွေးဖူးသည့် အရာတစ်ခုပင်။ သို့သော် ဆိုလွန်က ထိုအရာကို အလွန် ရှင်းလင်းစွာ ရှင်းပြထား၏။

အတန်ကြာ တွေးတောပြီးနောက် ကျိနင် စာစီစာကုံးကို ဒုတိယအကြိမ် ထပ်ဖတ်လိုက်သည်။ ဤတစ်ကြိမ်၌မူ သူမ အလွန် နှေးကွေးစွာ ဖတ်ရှုလိုက်၏။ စာပိုဒ်တိုင်းအပြီး၌ ရပ်တန့်ကာ တွေးတော ခွဲခြမ်းစိတ်ဖြာသည်။ တစ်ခါတစ်ရံ၌ စာကြောင်းများကို ပြန်လည် ဖတ်ရှုရန်ပင် ပြန်သွားတတ်၏။

နာရီဝက် အကြာ၌ သူမ၏ ဒုတိယအကြိမ် ဖတ်ရှုခြင်း ပြီးဆုံးသွားသည်။

လန်လင်း၏ စာစီစာကုံးမှာ မာနကြီးသည့် ကျိနင်ကိုပင် အံ့အားသင့်ရသည်အထိ ပြီးပြည့်စုံလှ၏။

စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးအနေဖြင့် စာစီစာကုံးထဲမှ ဉာဏ်ပညာကို သူမ အလွယ်တကူ မြင်တွေ့နေနို​င်၏။

"ဆိုနင်ပင်း ရေးပေးတာများလား။" သို့သော် သူမ ခေါင်းကို အမြန်ခါယမ်းလိုက်၏။ မေးခွန်းက မည်သူမှ ခန့်မှန်း၍မရနိုင်လောက်အောင်အထိ ထူးဆန်းလွန်းလှသည်။

"ဒါဆို ဆိုလွန် ကိုယ်တိုင် ရေးတာပေါ့။"

ထိုသို့ဆိုလျှင် ယခင်က ဆိုလွန်၏ ရေတပ်တည်ဆောက်မည့် အစီအစဉ်များနှင့် ဘုရင်မင်းမြတ် ငြင်းပယ်မည်ဟု ဆိုလွန်၏ ခန့်မှန်းချက်များက ကိုယ်ပိုင် ဉာဏ်သာ ဖြစ်ပြီး ဆိုနင်ပင်းက သင်ပေးထားခြင်း မဟုတ်လောက်ပေ။

ဤသည်က မည်သည်ကို ဆိုလိုသနည်း။ ဆိုလွန်က ပါရမီရှင်တစ်ယောက် ဖြစ်သည်​လော။ သူ၏ ယခင် ဆိုးရွားလှသည့် အပြုအမူများ အားလုံးက မျက်နှာဖုံးတစ်ခုသာ ဖြစ်နေသည်​လော။ သို့မဟုတ် ကောင်းကင်မိစ္ဆာ တောင်တန်းမှ အတွေ့အကြုံများက သူ့ကို ပြောင်းလဲသွားစေသည်လော။

ဖြစ်နိုင်ခြေ ရှိ၏။ ဤမတိုင်မီက ဆိုလွန်မှာ မိန်းမရှုပ်သူ တစ်ဦးဖြစ်သည်။ အကယ်ဒမီမှ ထက်မြက်သည့် အမျိုးသမီးများစွာက သူ့အပေါ် ကြွေဆင်းကြ၏။ သူတို့ မျက်ကန်းများ ဖြစ်နေ၍လား။ သူက လူရှုပ်တစ်ယောက်မှန်း သိသိရက်နှင့် အဘယ်ကြောင့် သူ့နောက်ကို လိုက်နေကြသနည်း။

ဖြစ်နိုင်သည်မှာ ဆိုလွန်ဆိုသည့် အကောင်သည် ယခင်က သူ၏ အချိန်များအားလုံးကို မိန်းမလိုက်စားရာ၌သာ ကုန်ဆုံးပြီး သေမင်းနှင့် ရင်ဆိုင်ရချိန်မှသာ သူ၏ စစ်မှန်သော ပါရမီကို ထုတ်ပြလာခြင်း ဖြစ်ပေလိမ့်မည်။

ထို့နောက် သူမ၏ အစ်ကို ကျိလီကို သတိရသွား၏။

အစ်ကိုတော်က ထျန်းရွှေမြို့ကို သိမ်းပိုက်ရန် စောစီးစွာ လှုပ်ရှားပြီး အထက်တန်းလွှာ မြို့စားကြီးများ၏ လောဘတကြီး တောင်းဆိုမှုများကိုပင် သဘောတူနေ၏။ အစ်ကိုတော် ကျိလီက ဆိုလွန်၏ အပြောင်းအလဲကို ကြိုတင် ရိပ်မိနေပြီလော။

ကျိနင် အနည်းငယ် စိတ်ပျက်သွားသည်။ သူမ မည်မျှပင် ကြိုးစားစေကာမူ အစ်ကိုဖြစ်သူကဲ့သို့ ထက်မြက်ပြီး အမြော်အမြင် ကြီးမားခြင်း မရှိသေးပေ။

သူမ ဆိုလွန်၏ အဖြေလွှာကို ထပ်ကြည့်လိုက်၏။ သူ၏ ချောမောပြီး အမြင်ကပ်စရာကောင်းသည့် မျက်နှာက သူမ၏ စိတ်ထဲ၌ ပေါ်လာသည်။

ရုတ်တရက် ပြေးလာပြီး သူမကို နမ်းကာ နှုတ်ခမ်းကို ကိုက်သည့် နေ့ကို သတိရသွား၏။ သူမ၏ နှလုံးသားက ထူးဆန်းစွာ ကျင်တက်နာကျင်သွားရပြန်သည်။

သူမ မျက်မှောင်ကျုံ့လိုက်၏။ "အဲဒီ အသုံးမကျတဲ့ ကောင်က တကယ်ပဲ ပါရမီရှင်လား။ ဒီလောက် ကောင်းတဲ့ စာစီစာကုံး​ကို သူ ဘယ်လို ရေးနိုင်တာလဲ။"

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ကျိနင်က အဖြေလွှာကို ခေါင်းဆောင်အကဲဖြတ်သူ မြို့စားကြီး ကျန်းယုံထံ ကမ်းပေးလိုက်၏။ "မြို့စားကြီး... ဒါလေး ဖတ်ကြည့်ပါ။"

**--**--**--**--**--**--**--**

နှစ်နာရီအတွင်း၌ ဆိုလွန်၏ စာစီစာကုံးက စာမေးပွဲကြီးကြပ်သူ အားလုံးထံ ရောက်ရှိသွားပြီး လူတိုင်းကို တုန်လှုပ်သွားစေ၏။ ကျိနင်က တော်ဝင်အစိုးရအဖွဲ့နှင့် တော်ဝင်မိသားစုထံသို့ပင် မိတ္တူများ ပေးပို့လိုက်သည်။

စာစီစာကုံးက အထက်တန်းလွှာများ၏ အကျိုးစီးပွားကို အလွန် မြင့်မားသည့် ရှုထောင့်တစ်ခုမှနေ၍ ပြီးပြည့်စုံစွာ ကာကွယ်ပေးထား၏။

သေချာသည်မှာ ဆိုလွန်၌ အထက်တန်းလွှာများကို အမှန်တကယ် ကူညီရန် ရည်ရွယ်ချက် မရှိပေ။ အရည်အချင်းရှိသော အရပ်သားများကို အသုံးမပြုပါက နိုင်ငံတော်က ပို၍ လျင်မြန်စွာ ပြိုကွဲသွားမည်ကို သူ သိထား၏။

ဘုရင်မင်းမြတ်က စာစီစာကုံးကို ဖတ်ပြီးသော်လည်း မည်သည့်စကားမှ မဆိုပေ။ မိန်းမစိုးချုပ်ဘက် လှည့်လိုက်သည်။ "ကျိလီဆီ ပို့လိုက်။"

မိန်းမစိုးချုပ်က အရိုအသေပေးလိုက်၏။ "မှန်လှပါ ဘုရင်မင်းမြတ်။"

**--**--**--**--**--**--**--**

ထို့နောက် မိန်းမစိုးချုပ်က ကျိလီ၏ အိမ်တော်သို့ ယူဆောင်သွားသည်။

ကျိလီ ဖတ်ရှုရန် တစ်နာရီကြာ အချိန်ယူလိုက်၏။ သူ မျက်လုံးတို့ကို မှိတ်ကာ အချိန်ကြာမြင့်စွာ တွေးတောနေမိသည်။ ထို့နောက် သူ့ ဘေး၌ ထိုင်နေသော လှပသည့် အမျိုးသမီးကို ကြည့်လိုက်၏။ "အိမ်ပြန်တော့။ မင်းယောကျာ်း ဒေါသထွက်နေလိမ့်မယ်။"

အမျိုးသမီးက ချိုသာစွာ ပြုံးလိုက်သည်။ "သူက ဘယ်လိုလုပ် ဒေါသထွက်မှာလဲ။ အရှင့်ကို ပြုစုဖို့ သူကိုယ်တိုင် ကျွန်မကို လွှတ်လိုက်တာလေ။ သူက ဂုဏ်ယူနေမှာပါ။"

ကျိလီက ခေါင်းရမ်းလိုက်၏။ "ဟက်...။"

ထို့နောက် လေးနက်စွာ ပြောလိုက်သည်။ "ကျိနင်ကို လာဖို့ ပြောလိုက်။ ပြီးတော့ ရေချိုးဖို့ ပြင်ထား။ ငါ့ညီမက တခြားမိန်းမအနံ့ ရတာကို မုန်းတယ်။"

**--**--**--**--**--**--**--**

ပထမ စာမေးပွဲ နှစ်ခုအပြီး၌ စာမေးပွဲကြီးကြပ်သူများ စာစီစာကုံးများကို အမှတ်ပေးနိုင်ရန်အတွက် နှစ်ရက်တာ နားရက်ပေးထား၏။

ပဉ္စမမြောက်နေ့ ညနေခင်း၌ ရလဒ်များကို ထုတ်ပြန်ကြေညာလိုက်သည်။ တတိယမြောက် စာမေးပွဲဖြစ်သည့် အနုပညာစာမေးပွဲကို ထိုည၌ပင် ကျင်းပမည် ဖြစ်၏။

ပုံမှန်အားဖြင့် သာမန်ကျောင်းသားများအတွက် အနုပညာက သိပ်မအရေးကြီးသော်လည်း အထက်တန်းလွှာများအတွက်မူ သူတို့၏ မြင့်မားသော အဆင့်အတန်းနှင့် အကြိုက်ကို ပြသခြင်းပင်။

အနုပညာစာမေးပွဲ မစမီ နှစ်နာရီ လိုသေးသော်လည်း အထက်တန်းလွှာ ကျောင်းသားများစွာက စာစီစာကုံး အမှတ်များကို ကြည့်ရန် စုဝေးနေကြပြီ ဖြစ်၏။ သေချာသည်မှာ သူတို့က သူတို့၏ ကိုယ်ပိုင် အမှတ်များကို ဂရုမစိုက်ကြပေ။ ဆိုလွန်၏ အမှတ်ကိုသာ မြင်တွေ့လိုကြခြင်း ဖြစ်သည်။

ဆိုလွန်နှင့် မင်းသမီးတို့အကြားရှိ လောင်းကြေးက မြို့ထဲ၌ အကြီးမားဆုံး သတင်းကြီး ဖြစ်နေ၏။ သူ့အပေါ် လောင်းကြေးများ လုံးဝ တက်မလာသောကြောင့် ဆိုလွန် နိုင်မည်ဟု မည်သူကမှ မထင်ကြပေ။ ငွေရောင်ကာစီနိုက သူ့အပေါ်၌ ငွေဒင်္ဂါးအသေးစား လောင်းကြေးများကိုပင် ထပ်မံ လက်ခံခြင်း မပြုတော့ပေ။

ဆိုလွန်သည်လည်း စိုးရိမ်တကြီး စောင့်ဆိုင်းနေ၏။ သူ၏ နောက်ဆုံး အဆင့်သတ်မှတ်ချက်အတွက် စာစီစာကုံး အမှတ်က အလွန် အရေးကြီးသည်။

ဆရာ ရှို့ယန်က စာရင်းများကို နံရံ၌ ကပ်လိုက်၏။ "အမှတ်စာရင်းတွေ ထွက်လာပြီ။"

ဆိုလွန် သူ၏ နာမည်ကို ချက်ချင်း မြင်လိုက်ရသည်။ ပထမနေရာ၌ ရှိနေ၏။

အမြင့်ဆုံး ရနိုင်သည့်အမှတ်မှာ ၁၀၀ ဖြစ်သည်။ စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်ထံမှ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အမှတ်များကို ပေါင်းပြီး ပျမ်းမျှအမှတ်ကို ယူကြ၏။ ဆိုလွန်၏ နောက်ဆုံးအမှတ်မှာ ၉၅ မှတ်ပင်။

ကျောင်းသားတစ်ယောက်က မျက်လုံးပြူးသွားသည်။ "သောက်ကျိုးနည်း အကယ်ဒမီက ရူးသွားပြီလား။ ဆိုလွန်ကို ၉၅ မှတ်တောင် ပေးလိုက်တယ်တဲ့လား။"

နောက်တစ်ယောက်က မျက်မှောင်ကျုံ့လိုက်၏။ "မေးခွန်းက သိပ်ထူးဆန်းတာကို။ သူ ခိုးချလို့ ရနိုင်မှာ မဟုတ်ဘူး။ အဲဒီအရူးက ဘယ်လိုလုပ် ၉၅ မှတ် ရသွားတာလဲ။"

ကျောင်းသားများ အံ့အားသင့်သွားကြပြီး သူ့ကို စိုက်ကြည့်နေကြ၏။ ဒုတိယနေရာရှိ လူက ၇၅ မှတ်သာ ရသည်။ ဆိုလွန်က သူ့ကို ၂၀ မှတ် အပြည့်ဖြင့် အနိုင်ယူသွား၏။

မြင့်မားလှသော အမှတ်ကြောင့် ဆိုလွန်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ သူ၏ စာစီစာကုံးက ထက်မြက်ကြောင်း သူသိထားသလို တရားမျှတသော စာမေးပွဲကြီးကြပ်သူများ ရှိနေသောကြောင့် မင်းသမီးက သူ့ကို ညစ်ကာ အမှတ်လျော့ပေး၍ မရမှန်းလည်း သိထား၏။ သို့သော် ၉၅ မှတ်မှာ အံ့မခန်း ဖြစ်နေဆဲပင်။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ အနုပညာစာမေးပွဲအတွက် သူ ပြင်ဆင်လိုက်သည်။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ "ဆိုလွန်... မင်းသမီးက မင်းကို တွေ့ချင်နေတယ်။"

သူ လှည့်ကြည့်လိုက်ရာ မင်းသမီးကျိနင်၏ မိန်းမစိုး လီကျူး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ဆိုလွန် ဇဝေဇဝါ ဖြစ်သွား၏။ မင်းသမီးက အဘယ်ကြောင့် သူ့ကို တွေ့ချင်နေရသနည်း။

အပိုင်း ၁၀၁ + ၁၀၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters