အခန်း (၁၀၃+၁၀၄)
Vol. 11 Ch. 103+104
အပိုင်း ၁၀၃ + ၁၀၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယခုအကြိမ်၌မူ ကျိနင်က လန်လင်းအား ရထားလုံးအတွင်းသို့ ဝင်ခွင့်မပြုတော့ပေ။ ယခင်အခေါက်က ဖြစ်ရပ်ကြောင့် လန်လင်း ရုတ်တရက် ထပ်ကိုက်မည်ကိုဖြစ်စေ ထိုထက်ဆိုးရွားသည့် တစ်စုံတစ်ရာ ပြုလုပ်မည်ကိုဖြစ်စေ သူမ အလွန်တရာ ကြောက်ရွံ့နေမိ၏။
ကျိနင်က ရထားလုံးထဲမှ နေ၍ မေးလိုက်သည်။ “နင့်ရဲ့ စာစီစာကုံးကို ငါဖတ်ပြီးပြီ။ အံ့မခန်းပဲ…။ နင်က လူတွေကို လှည့်စားဖို့ အားနည်းချင်ယောင် ဆောင်နေတာလား။”
လန်လင်း ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး။ ကောင်းကင်မိစ္ဆာတောင်တန်းကို သွားရာကနေ စိတ်တွေ ရှင်းလင်းသွားပြီး စိတ်ကူးစိတ်သန်း ကောင်းတွေကို ရလာတယ်လို့ပဲ ဆိုရမယ်။ ပြီးတော့ အသစ်အဆန်းတွေလည်း သင်ယူခဲ့ရသေးတယ်။”
“အို… ဘာတွေများလဲ။”
“မင်းသမီး တကယ် ကြားချင်လို့လား။”
ကျိနင်က နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်… ဘာလို့ မကြားရဲရမှာလဲ။”
လန်လင်းက ရီမန်မန်ကို ပြောသည့် စကားလုံးများအတိုင်း အတိအကျ ထပ်ပြောလိုက်၏။ “ဥပမာအနေနဲ့ ပြောရရင် ကျိနင်က အရမ်းကို ကောက်ကျစ်ယုတ်မာတဲ့ မိန်းမတစ်ယောက်ဆိုတာကို သိလာရတယ်။”
ထိုစကားကို ကြားလိုက်ရချိန်၌ မိန်းမစိုး လီကျူး၏ မျက်နှာမှာ ဖြူရော်သွားသည်။ သူ၏ လက်များပင် တစ်ဆတ်ဆတ် တုန်ယင်လာ၏။ လန်လင်းကို နေရာ၌ပင် သတ်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။
ကျိနင်၏ လှပသည့် မျက်နှာလေးမှာလည်း ဒေါသကြောင့် နီရဲသွား၏။ သူမကို မည်သူကမှ ဤကဲ့သို့ စော်ကားဖူးခြင်း မရှိပေ။ သူမ ဒေါသကြောင့် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူမ အံကြိတ်လိုက်၏။ “ဆိုလွန်… ငါ နင့်ကို သတ်ပစ်မှာ တကယ်ပဲ မကြောက်ဘူးလား။” သူမ၏ စကားလုံးများထဲ၌ သေစေနိုင်လောက်သည့် ဒေါသများ ပြည့်နှက်နေသည်။
လန်လင်းကမူ သက်တောင့်သက်သာဟန်ဖြင့် ပခုံးတွန့်လိုက်၏။ “မင်းသမီးပဲ ကြားချင်တယ်ဆို။ ဒါကြောင့် အမှန်တိုင်း ပြောပြလိုက်တာလေ။”
စိတ်တည်ငြိမ်စေရန် ကျိနင် သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။ အစ်ကိုတော်ကျိလီ၏ တာဝန်ကို ပြီးမြောက်စေရန် ယနေ့ ဆိုလွန်နှင့် ဆွေးနွေးစရာ အရေးကြီးသည့် ကိစ္စ ရှိနေ၏။ ဆိုလွန်အနီး၌ စိတ်တည်ငြိမ်အောင် နေရန် အလွန် ခက်ခဲလှသော်လည်း သူမ၏ ဒေါသကြောင့် အစီအစဉ်ကို အပျက်ခံ၍ မဖြစ်ပေ။
ကျိနင် အသံကို ထိန်းလိုက်သည်။ “အစ်ကိုတော်က နင့်စာစီစာကုံးကို သိပ်သဘောကျနေတယ်။ နင့်ကို သိပ်ထက်မြက်တဲ့ လူတစ်ယောက်လို့လည်း ထင်နေတာ။”
လန်လင်း မျက်ခုံးပင့်လိုက်၏။ “အဲဒီတော့ ဘာဖြစ်လဲ။”
ကျိနင် ခပ်တည်တည် ပြောလိုက်သည်။ “အဲဒီတော့ ထျန်းရွှေမြို့က နင့်ရဲ့ နယ်မြေကို စွန့်လွှတ်ပြီး သူ့ဘက်ကို ပူးပေါင်းဖို့ အစ်ကိုတော်က လိုလားနေတယ်။ နင့်ရဲ့ အရည်အချင်းနဲ့ဆို တော်ဝင်အစိုးရအဖွဲ့ထဲကို အလွယ်တကူ ဝင်နိုင်တယ်။ နောင်တစ်ချိန်မှာ အစ်ကိုတော့်ရဲ့ ဝန်ကြီးချုပ်တောင် ဖြစ်လာနိုင်သေးတယ်။”
လန်လင်း အံ့ဩသွား၏။ ကျိလီက သူ့ကို စည်းရုံးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မည်သို့ပင်ဆိုစေကာမူ ထိုစာစီစာကုံးကို မဖတ်ရမီက ကျိလီသည် သူ့ကို သတ်ပစ်ချင်နေသည် မဟုတ်လော။
ကျိနင်က လေးနက်စွာ ဆက်ပြောသည်။ “နင့်မှာ ကြီးမားတဲ့ အမြော်အမြင် ရှိတယ်။ သာမန် အရပ်သားတွေ အာဏာရလာတဲ့အခါ ထိန်းချုပ်ဖို့ ခက်ခဲသွားလိမ့်မယ်။ နင်က အထက်တန်းလွှာတွေကို ကိုယ်စားပြုပြီး ချိန်ခွင်လျှာ ညီအောင် ထိန်းထားပေးနိုင်တယ်။ ဒါက ဘယ်လောက် အရေးကြီးလဲဆိုတာ နင် နားလည်မယ်လို့ ထင်တယ်။ နင်က အထက်တန်းလွှာအားလုံးကို ကိုယ်စားပြုရလိမ့်မယ်။ နင့်ရဲ့ စင်မြင့်က ထျန်းရွှေမြို့လို နေရာသေးသေးလေး မဟုတ်တော့ဘဲ နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး ဖြစ်လာလိမ့်မယ်။”
ကျိနင်က လန်လင်းကို စိုက်ကြည့်လိုက်၏။ “နင့်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် တစ်ခုခုကို ရဖို့အတွက် တစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုတာ သိသင့်တယ်။”
လန်လင်းကမူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။
ကျိနင် ဖိအားပေးသည့်ဟန်ဖြင့် ဆက်ပြော၏။ “ဒါ့အပြင် ထျန်းရွှေမြို့က အစ်ကိုတော့်ရဲ့ အစီအစဉ်ကြီးထဲက အစိတ်အပိုင်းတစ်ခုဆိုတာ နင် သိပါတယ်။ နင် အဲဒီမြို့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ထက်မြက်တဲ့သူက မနိုင်မယ့် တိုက်ပွဲကို မတိုက်ဘူးလေ။ နင့်ရဲ့ နယ်မြေနဲ့ ရာထူးကို ဆုံးရှုံးသွားတာနဲ့ ဆိုမိသားစု ပြန်လည် ထကြွလာမှာကို တားဆီးဖို့ နင့်ကို သေချာပေါက် သတ်ပစ်ကြလိမ့်မယ်။ ဆိုလွန်…။ နင်က ငါတို့ကို ယှဉ်တိုက်ဖို့ အရမ်းကို အားနည်းလွန်းနေတယ်။”
လန်လင်း အဖြေမပေးသေးပေ။
ကျိနင်က အမိန့်ပေးသည့်လေသံဖြင့် ဆက်ပြောသည်။ “နင့်ရဲ့ ရွေးချယ်မှုက အရမ်း ရိုးရှင်းပါတယ်။ အစ်ကိုတော့်ဆီ ပူးပေါင်းပြီးတော့ ထိပ်တန်းဝန်ကြီး တစ်ယောက် ဖြစ်လာချင်သလား။ ဒါမှမဟုတ် ထျန်းရွှေမြို့နဲ့အတူ သေချင်တာလား။ အခုချက်ချင်း ငါ့ကို အဖြေပေးရမယ်။”
လန်လင်းက အဖြေကိုတိုက်ရိုက်မပေးပဲ တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းသမီး… ကျွန်တော်ကရော မင်းသမီးကို တစ်ခုခု ရွေးချယ်ခိုင်းရင် ဘယ်လိုနေမလဲ။”
ကျိနင် မျက်မှောင်ကျုံ့လိုက်သည်။ “ဟမ်… ပြောလေ။” ဆိုလွန် သူမကို ထပ်မံ စော်ကားတော့မည် ဖြစ်ကြောင်း ခံစားလိုက်ရ၏။
လန်လင်းက သရော်လိုက်သည်။ “ဥပမာ… ကျွန်တော်က သိုင်းပညာမှာ အရမ်း အစွမ်းထက်ပြီး မင်းသမီးက အားနည်းနေတယ်လို့ တွေးကြည့်လိုက်။ တစ်နေ့ကျရင် မင်းသမီး ကျွန်တော့်လက်ထဲ ရောက်လာပြီး မင်းသမီးကို အတင်းအကျပ် အပိုင်စီးချင်တယ်ဆိုရင် ဘာလုပ်မလဲ။ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ သေမယ့်လမ်းကို ရွေးမလား။ ဒါမှမဟုတ် မာနတွေကို မြိုသိပ်ပြီး ရှက်ရှက်နဲ့ပဲ ကျွန်တော့်မိန်းမအဖြစ် ခံယူမလား။”
အတန်ကြာသည်အထိ ရထားလုံးထဲမှ မည်သည့်အသံမှ ထွက်ပေါ်မလာပေ။ ရုတ်တရက် ကျိနင် ရထားလုံးထဲမှ အပြေးထွက်လာပြီး လန်လင်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။
အမှန်တကယ် မထိန်းချုပ်နိုင်တော့ပေ။ မှားယွင်းမှန်း သိသည့်တိုင် ဆိုလွန်ဆိုသည့် အကောင်အား ပါးမရိုက်ရပါက သူမ ယနေ့ည အိပ်ပျော်မည် မဟုတ်ပေ။
လန်လင်း သူမ၏ လက်ကို ဖမ်းဆုပ်ရန် အမြန်လှမ်းလိုက်၏။ သို့သော် ရုတ်တရက် လှုပ်ရှား၍ မရတော့ပေ။ ကျောဘက်၌ လူတစ်ယောက် ရှိနေသည်ကို ခံစားလိုက်ရသည်။
မိန်းမစိုး လီကျူးက လန်လင်း၏ လည်ပင်းကို လက်ညှိုးဖြင့် ဖိထားကာ သူ့ခန္ဓာကိုယ်အား ထိုနေရာ၌ပင် မလှုပ်နိုင်အောင် ချုပ်နှောင်ထား၏။
“ဖြန်းးး” လန်လင်း၏ မျက်နှာအား ကျိနင် အားကုန် ရိုက်ချပစ်လိုက်သည်။ ထို့နောက် ရထားလုံးထဲသို့ ပြန်ဝင်သွားကာ အေးစက်စွာ အမိန့်ပေးလိုက်၏။ “သွားမယ်။”
မထွက်ခွာမီ သူမက ခက်ထန်စွာ ပြောလိုက်သေးသည်။ “ဆိုလွန်… တတိယမြောက် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ကိစ္စကို မေ့လိုက်တော့။ နင့်ကို လူပုံလယ်မှာတင် ချေမှုန်းပစ်မယ်။”
လန်လင်းသည်လည်း လှောင်ပြုံးလေးဖြင့် တုန့်ပြန်လိုက်၏။ “မြင့်မြတ်နတ်နဂါးကျောင်းတော်က ဆရာတော်တွေရဲ့ ဂုဏ်သိက္ခာကို မင်းသမီး ဂရုမစိုက်ဘူးလား။”
ကျိနင်က မထီမဲ့မြင် ပြန်ပြောသည်။ “ကျောင်းတော်က ဆရာတော်တွေလည်း လူတွေပဲလေ။ နင့်လို အဆင့်နိမ့်တဲ့ အထက်တန်းလွှာ တစ်ယောက်အတွက် တော်ဝင်မိသားစုကို သူတို့က ဘာလို့ တိုက်ခိုက်ရမှာလဲ။”
“နှစ်တစ်ရာအတွင်း တစ်ခါမှ မကြားဖူးတဲ့ လက်ရာမြောက် တေးသွားကို တီးခတ်ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို လွှမ်းမိုးပြီး နင့်ကို ကိုးကွယ်လာအောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်နိုင်မယ်လို့ နင် ထင်နေတာလား။ ဟက်…။ ဆိုလွန်… အိမ်မက်မက်မနေနဲ့…။”
ကျိနင်ပြောသည်မှာ မှန်ပေ၏။ ထိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျောင်းတော်မှ ဆရာတော်ကြီးများမှာ လောက၌ အကောင်းဆုံးသော အနုပညာရှင်များ ဖြစ်ကြသည်။ သူတို့က အလွန်တရာ မာနကြီးကြသည့် လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ကျိနင်က အောင်ပွဲခံသည့်လေသံဖြင့် ဖြည်းညှင်းစွာ ပြောသည်။ “ဒါကြောင့် သူတို့က အဲဒီမှာ ထိုင်ပြီး ငါတို့ နင့်ကို ချေမှုန်းတာကို စောင့်ကြည့်နေကြလိမ့်မယ်။ သူတို့ လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး။ တတိယမြောက် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ မျှော်လင့်နေမှာဆိုတော့ အခုပဲ နင့်ကို ပြောပြလိုက်မယ်။ နင် အမှတ် သုံးဆယ်ထက် ပိုရမှာ မဟုတ်ဘူး။”
ထို့နောက် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့၏။
လန်လင်းကမူ ရိုက်ခံထားရသည့် ပါးပြင်ကို သူ ထိကိုင်လိုက်ရာ ချောမောသော မျက်နှာမှာ အနည်းငယ် တွန့်သွားရသည်။
**--**--**--**--**--**--**--**
တတိယမြောက် စာမေးပွဲ မစမီ၌ ကျိနင်က တော်ဝင်မိသားစု ကိုယ်စား တော်ဝင်အကယ်ဒမီမှ စာမေးပွဲကြီးကြပ်သူ အားလုံးနှင့် အစည်းအဝေးတစ်ခု ကျင်းပလိုက်၏။
ကျိနင် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ကျွန်မ ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်။ အားလုံးက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို နာခံရမယ်။ နိုင်ငံတော်ရဲ့ အနာဂတ် အစီအစဉ်တွေအတွက် တခြားအရာအားလုံးကို ဖယ်ထားရမယ်။ တောင်ပိုင်းကို တိုးချဲ့မယ့် ကျွန်မတို့ရဲ့ အစီအစဉ်ကို အပျက်ခံလို့ မဖြစ်ဘူး။ နားလည်လား။”
ဆိုလွန်၏ နာမည်ကို ထုတ်မပြောသော်လည်း သူမ မည်သူ့ကို ဆိုလိုသည်နည်း လူတိုင်း သိကြ၏။ ဆိုလွန်ကို ကျရှုံးစေရန် ကျိနင်က တော်ဝင်မိသားစု၏ အာဏာကို အသုံးပြုကာ အတင်းအကျပ် ဖိအားပေးနေခြင်းပင်။
ဆိုလွန် ပထမစာမေးပွဲ၌ အမှတ်ကောင်းသော်လည်း ကျိနင် ထိုအရာကို ဂရုမစိုက်ပေ။ သို့သော် ဒုတိယစာမေးပွဲ၌လည်း ဆိုလွန် အမှတ်ကောင်းပြန်၏။ သူ၏ စာစီစာကုံးမှာ အလွန်ကောင်းမွန်လွန်းလှသဖြင့် တော်ဝင်အစိုးရအဖွဲ့နှင့် တော်ဝင်မိသားစုကိုပါ တုန်လှုပ်သွားစေထဲ့သည်။ ထို့အတွက်ကြောင့် ကျိနင် အနေဖြင့် သူ့ကို ဆက်လက်ပြီး လျစ်လျူရှုထား၍ မရနိုင်တော့ပေ။
ဆိုလွန်နှင့် သူမ၏ လောင်းကြေးအကြောင်းကို သူတို့ အားလုံးသိထားကြ၏။ အကယ်၍ ဆိုလွန်သာ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ပြီး အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိသွားပါက ကျိနင် မြွေအကိုက်ခံရမည်ဆိုသည်မှာ သေးငယ်သည့် ကိစ္စတစ်ခုသာ ဖြစ်ပြီး အလွန်ဆုံးအနေဖြင့် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။
အရေးကြီးသည်မှာ ငွေရောင်ကာစီနိုက ရွှေဒင်္ဂါး တစ်သိန်း ပေးလျော်ရမည်ဖြစ်ရာ ဒေဝါလီခံရနိုင်ပြီး ကျိနင်နှင့် ကျိလီတို့၏ ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်။
လောင်းကြေး၏ အဆိုးဆုံး အပိုင်းမှာ အခြား စည်းကမ်းချက်တစ်ခု ဖြစ်၏။ ဆိုလွန်သာ တံဆိပ်ရရှိသွားပါက ထျန်းရွှေမြို့၏ မြို့စားကြီးအဖြစ် တရားဝင် ဖြစ်လာမည် ဖြစ်သည်။
ထိုလောင်းကြေးက တော်ဝင်မြို့တော် တစ်ခုလုံး၌ နာမည်ကြီးနေပြီ ဖြစ်၏။ လူတိုင်းက စောင့်ကြည့်နေကြသည်။ ဆိုလွန် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ပြီး တံဆိပ်ရသွားပါက တော်ဝင်မိသားစုအနေဖြင့် ပြည်သူများကို လျစ်လျူရှု၍ မရနိုင်တော့ပေ။
ဆိုလွန်ကို ထျန်းရွှေမြို့၏ မြို့စားကြီးအဖြစ် သေချာပေါက် ခန့်အပ်ရမည် ဖြစ်သည်။ အကယ်၍ ငြင်းဆန်ပါက တော်ဝင်မိသားစု၏ အမည်မှာ ပြည်သူလူထုအရှေ့၌ အလွန် အကျည်းတန်သွားပေလိမ့်မည်။
ထိုသို့ဖြစ်လာရန် ကျိနင်နှင့် ကျိလီတို့ လက်ခံမည် မဟုတ်ပေ။ ဤအကြောင်းများကြောင့် ကျိနင် တရားမျှတဟန်ဆောင်နေခြင်းကို ရပ်လိုက်၏။ လှည့်စားပြီး ဆိုလွန်၏ စာမေးပွဲရလဒ်များကို ဖျက်ဆီးရန် ဆုံးဖြတ်လိုက်သည်။
ဤလုပ်ရပ်က သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သော်လည်း ဂရုမစိုက်တော့ပေ။
အခန်းထဲရှိ စာမေးပွဲကြီးကြပ်သူ ဒါဇင်ပေါင်းများစွာမှာ တော်ဝင်အကယ်ဒမီ၏ အနုပညာဌာနမှ ဖြစ်ကြ၏။ သူတို့အားလုံးမှာ မြို့တော်တစ်ခုလုံးရှိ နာမည်ကျော် အနုပညာရှင်များ ဖြစ်ကြသည်။
ထိုအခိုက်၌မှာပင် ဆရာမ နီယာက ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ “ကျွန်မ သဘောမတူဘူး။ အနုပညာဆိုတာ တရားမျှတပြီး သန့်စင်နေရမယ်။”
နီယာသည်လည်း အနုပညာစာမေးပွဲ ကြီးကြပ်သူတစ်ဦး ဖြစ်သည်။ မကြာသေးမီက ဆိုလွန်ကို မတွေ့ရသော်လည်း သူ၏ အမှတ်များကို သူမ စစ်ဆေးနေ၏။ ပထမစာမေးပွဲ နှစ်ခု၌ ဆိုလွန်ရရှိသည့် အမှတ်များကြောင့် သူမ အလွန် ဂုဏ်ယူ ဝမ်းသာနေမိသည်။
ဆိုလွန်၏ တတိယမြောက် စာမေးပွဲအတွက် ဆရာမနီယာ အလွန် စိတ်လှုပ်ရှားနေ၏။ အကယ်ဒမီရှိ လူတိုင်းက ဆိုလွန်သည် သူ့ကို သင်ကြားပေးနေသည့် လှပသော ဆရာမကို သဘောကျစေရန်အတွက်သာ ဂီတကို ရွေးချယ်ခြင်းဖြစ်ပြီး အမှန်တကယ် ပန်းချီဆွဲရာ၌သာ ကျွမ်းကျင်ကာ ဂီတ၌ အသုံးမကျသူဟု ထင်မှတ်ထားကြသည်။
အမှန်တရားကို နီယာ တစ်ဦးတည်းသာ သိထား၏။ ဆိုလွန်၏ ဂီတပါရမီမှာ အမှန်တကယ် အံ့မခန်းဖြစ်ကြောင်း သူမ သိသည်။ တတိယမြောက် စာမေးပွဲ၌ ဆိုလွန် လူတိုင်းကို အံ့အားသင့်သွားစေမည်ကို မြင်တွေ့ရန် သူမ မစောင့်နိုင်တော့ပေ။
သို့သော် ယခုမူ စာမေးပွဲ မစတင်မီကပင် ဖျက်ဆီးရန် ကျိနင်က ကြိုးစားနေ၏။
ဤစာမေးပွဲကြီးကြပ်သူများသာ ကျိနင်နှင့် သဘောတူလိုက်ပါက ဆိုလွန် နတ်ဘုရားတစ်ပါးကဲ့သို့ ဂီတကို တီးခတ်နိုင်လျှင်တောင်မှ အလွန်ဆိုးရွားသည့် အမှတ်ကိုသာ ပေးကြမည်မှာ သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် အနုပညာအမှတ်များမှာ ကိုယ်ပိုင် အမြင်များအပေါ်၌သာ အခြေခံထားသည့်အတွက် ဖြစ်၏။
ကျိနင်က နီယာ သဘောမတူမည်ကို မျှော်လင့်ထားပုံရသည်။ သူမ အနည်းငယ် ပြုံးလိုက်၏။
ရုတ်တရက် ဆရာမ နီယာ ရွှေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ချက်ချင်းပင် ခေါင်းများမူးဝေလာပြီး ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ရ၏။
ကျိနင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ဆရာမ နီယာ နေမကောင်းဖြစ်နေတယ်။ စာမေးပွဲမှာ အမှတ်ပေးနိုင်မှာ မဟုတ်တော့ဘူး…။ သူ အိမ်ပြန်သင့်တယ်။”
ချက်ချင်းပင် အမျိုးသမီးအစောင့် နှစ်ဦး ရှေ့ထွက်လာပြီး နီယာ၏ လက်မောင်းများကို ဆွဲကာ ခေါ်ထုတ်သွားကြ၏။
နီယာက ဒေါသနှင့် ဝမ်းနည်းမှုတို့ ရောယှက်လျက် အော်ဟစ်လိုက်သည်။ “ယုတ်မာလိုက်တာ။ အရှက်မရှိလိုက်တာ။ ညစ်ပတ်လိုက်တာ။ လူကြီးမင်းတို့… ကျေးဇူးပြုပြီး ရှင်တို့ရဲ့ လိပ်ပြာကို လုံအောင်ထားကြပါ။ မှန်ကန်တာကို လုပ်ကြပါ။”
ကျိနင်က မထီမဲ့မြင် ပြောလိုက်၏။ “ဆရာမ နီယာရဲ့ နေရာက လွတ်သွားပြီဆိုတော့ စာမေးပွဲကြီးကြပ်သူအဖြစ် တော်ဝင်ဂီတပညာရှင် တစ်ယောက်ကို အစားထိုးလို့ ရနိုင်မလား။ အဆင်ပြေကြရဲ့လား။”
မည်သူကမှ ကန့်ကွက်ခြင်း မပြုရဲကြပေ။ ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးသည့် အသားအရေရှိသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။ အမျိုးသမီးတစ်ဦးထက်ပင် ပို၍ လှပပုံပေါ်နေ၏။ သူက ကျိနင်ကို အရိုအသေပေးလိုက်သည်။
ဤအမျိုးသားမှာ အလွန် နာမည်ကြီးပြီး ချောမောလှသည့် တော်ဝင်ဂီတပညာရှင် လုံယန်ပင်။
ကျိနင်က စကားဆက်လိုက်၏။ “စစ်မှန်တဲ့ အနုပညာက နှလုံးသားထဲကနေ လာတယ်လို့ ကျွန်မ ယုံကြည်တယ်။ လူတစ်ယောက်က စိတ်ထား ယုတ်မာနေရင် သူ့ရဲ့ အနုပညာကလည်း အကျည်းတန်နေမှာပဲ။ ကျောင်းသားဆိုလွန်က အိမ်ထောင်ရှင် အမျိုးသမီးကို မြူဆွယ်ပြီး သူ့ရဲ့ ကိုယ်ပိုင် ဆရာမနဲ့လည်း ဖောက်ပြန်တယ်။ သူ့ရဲ့ စရိုက်က လုံးဝကို ရွံစရာကောင်းတယ်။ ဒီလောက် ဆိုးရွားတဲ့ လူတစ်ယောက်က ဘယ်လောက် အမှတ်ရသင့်တယ်လို့ ထင်လဲ။”
လုံယန်က ချက်ချင်း ပြန်ဖြေသည်။ “သုညပါ။ အနုပညာဆိုတာ သန့်စင်တဲ့ စိတ်ဝိညာဉ်နဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားက ပထမပဲ။ ကျွမ်းကျင်မှုက ဒုတိယပါ။”
အနုပညာစာမေးပွဲ၌ အမှတ် ၁၀၀ အပြည့်ဖြစ်သော်လည်း ဤနာမည်ကြီး ဂီတပညာရှင်က ဆိုလွန်အား ကြိုတင်၍ သုည ပေးထားပြီး ဖြစ်၏။
အခြား စာမေးပွဲကြီးကြပ်သူ တစ်ဦးက တွေးတောဟန်ဖြင့် ဆိုလိုက်သည်။ “သူ့ရဲ့ ကျွမ်းကျင်မှုက ကောင်းနေရင်တော့ အမှတ် ၃၀ လောက်ဆို အဆင်ပြေမယ် ထင်တယ်။”
နောက်တစ်ဦးက ခေါင်းညိတ်လိုက်၏။ “အင်း… နှစ်ဆယ့်ငါးမှတ်။”
အခြားတစ်ဦးကလည်း ဝင်ပြောသည်။ “သုံးဆယ့်ငါးမှတ်။”
နောက်ဆုံး၌ အတုအယောင် အမှတ်များအားလုံးကို ပေါင်းလိုက်ကြ၏။ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အမှတ်များကို ပေါင်းပြီးနောက် ဆိုလွန်၏ နောက်ဆုံးအမှတ်ကို နှစ်ဆယ့်သုံးမှတ်အဖြစ် သတ်မှတ်လိုက်ကြသည်။
မှန်ပေ၏။ ဆိုလွန်၏ စာမေးပွဲအမှတ်မှာ စာမေးပွဲ မစတင်မီကပင် ဆုံးဖြတ်ပြီး ဖြစ်သွားသည်။ နှစ်ဆယ့်သုံးမှတ်ဖြင့် သူ ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ မဝင်နိုင်သလို အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ ကျောင်းပြီးရန်ပင် ဖြစ်နိုင်မည် မဟုတ်တော့ချေ။
ကျိနင်က ချိုသာစွာ ပြုံးလိုက်၏။ “အရမ်းကောင်းတယ်။ တော်ဝင်မိသားစုက ရှင်တို့ရဲ့ အကူအညီကို မှတ်ထားပါ့မယ်။”
ရုတ်တရက် ခေါင်းဆောင်အကဲဖြတ်သူ မြို့စားကြီး ကျန်းယုံက စိုးရိမ်တကြီး မေးလာသည်။ “မင်းသမီး… ကျွန်တော်တို့က နိုင်ငံတော်ရဲ့ အစီအစဉ်ကို သေချာပေါက် လိုက်နာမှာပါ။ ဒါပေမဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော်က ပညာရှိ ဆရာတော်တွေကရော… သူတို့ သဘောတူပါ့မလား။”
ကျိနင်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။ “ရယ်စရာကောင်းတဲ့ တိုက်ဆိုင်မှုလေး တစ်ခုရှိတယ်။ ဒီတစ်ကြိမ် စာမေးပွဲကို ဦးဆောင်မယ့် မဟာဆရာသခင် ဘိုင်ရွန်က ယန်ကျင်း မြင့်မြတ်နတ်နဂါးကျောင်းတော်က ကျွန်မရဲ့ အနုပညာဆရာပဲ…။”
အပိုင်း ၁၀၃ + ၁၀၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team