အခန်း (၁၀၇+၁၀၈)
Vol. 11 Ch. 107+108
အပိုင်း ၁၀၇ + ၁၀၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန်၏ ရည်းစားဟောင်း ရီယွင်မှာ လှပကျက်သရေရှိပြီး သွယ်လျဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထား၏။ သူမ၏ ဂါဝန်မှာ အနည်းငယ် ဟောင်းနွမ်းနေသော်ငြား လှပသော ကိုယ်နေဟန်ထားအား ပိုမိုပေါ်လွင်နေစေသည်။
သူမက ဟာ့ပ်ဆီကော့ဒ် စန္ဒရားဆီသို့ လျှောက်သွားပြီး ကျော့ရှင်းစွာ နေရာယူလိုက်သည်။ “ကျွန်မ ကိုယ်တိုင်ဖန်တီးထားတဲ့ Nowhere to Find Peace ဆိုတဲ့ တေးသွားကို တီးခတ်ပြပါမယ်။”
ချက်ချင်းပင် ကျောင်းသူကျောင်းသားများ အားလုံး ခါးမတ်သွားကြပြီး စာမေးပွဲကြီးကြပ်သူများကလည်း သူမအား စောင့်ကြည့်ရင်း ဖျော်ဖြေမှုကို စောင့်ဆိုင်းနေကြ၏။ အထက်တန်းလွှာ ကျောင်းသားများအားလုံးထဲ၌ ရီယွင်မှာ ဂီတနှင့် အနုပညာ၌ အထူးချွန်ဆုံး ဖြစ်သည်။ နီယာ၏ အတော်ဆုံး တပည့်လည်း ဖြစ်ခဲ့ဖူး၏။
သူမ၏ သွယ်လျသည့် လက်ချောင်းလေးများက စန္ဒရားခလုတ်များထက်သို့ ထိတွေ့သွားသည်နှင့် လှပသော တေးဂီတသံများ လေထုထဲ ပြည့်နှံ့သွား၏။
ကြီးကြပ်သူများက မျက်လုံးမှိတ်ကာ နားဆင်လိုက်ကြသည်။ ဤမိန်းကလေးမှာ အမှန်တကယ်ပင် ထူးချွန်လှ၏။ ကမ္ဘာမြေ၌မှာပင် သူမ၏ ကျွမ်းကျင်မှုများကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲကြီးများ၌ နာမည်တစ်လုံး ရနိုင်လောက်သည်အထိ လုံလောက်သည်။
သူမ၏ ကိုယ်ပိုင်ဖန်တီးမှုမှာလည်း အံ့မခန်း ဖြစ်၏။ သူမ၏ ဂနာမငြိမ်ဖြစ်နေသည့် စိတ်အခြေအနေကို ဖော်ပြနေသည်။ သူမ၏ မိသားစုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း သာမန်အရပ်သားဘဝသို့ ပြန်သွား၍ မရနိုင်တော့ပေ။
သူမအနေဖြင့် အထက်တန်းလွှာ တစ်ယောက်၏ အတုအယောင် ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားရဦးမည် ဖြစ်၏။ တော်ဝင်အကယ်ဒမီမှ ဘွဲ့ရပြီးနောက်တွင်လည်း သူမ၏ အနာဂတ်မှာ လမ်းပျောက်နေဆဲပင်။
သူမအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ကုန်ပစ္စည်းတစ်ခုသဖွယ် သဘောထားခံရပြီး မိသားစုအတွက် ငွေကြေးတစ်ရပ် ရရှိစေရန် အပေးအယူလုပ်ကာ ထိမ်းမြားခံရရန်သာ ရှိတော့သည်။
တေးသွား၏ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်တို့ ရောယှက်နေမှုက အခန်းတွင်းရှိ လူတိုင်းလိုလိုကို ထိရှသွားစေ၏။ မိန်းကလေးများစွာ ငိုကြွေးလာကြပြီး ကြီးကြပ်သူများပင် နက်ရှိုင်းစွာ ခံစားသွားကြသည်။
သို့သော် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများမှာမူ လုံးဝ မျက်နှာသေ ဖြစ်နေကြဆဲပင်။ ရီယွင်၏ ဂီတက သူတို့၏ နားထဲသို့ လုံးဝ မရောက်နိုင်သည့်အလား သူတို့၏ မျက်နှာထက်၌ မည်သည့် ခံစားချက်မှ မရှိကြချေ။
သူတို့က ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသည့် နတ်ဘုရားများသဖွယ် လူတိုင်းအား ဆက်လက်၍ အထင်အမြင်သေးစွာ ကြည့်နေကြ၏။
ထိုအရာမှာ အမှန်တရား ဖြစ်၏။ သူတို့၏ အမြင်၌ ရီယွင်၏ တေးသွားမှာ အပေါ်ယံဆန်ပြီး အတုအယောင် ညည်းတွားမှုတစ်ခုထက် မပိုပေ။ တော်ဝင်မြို့တော်မှ ဆရာများကို လှည့်စားနိုင်မည် ဆိုသော်ငြား အနုပညာ၏ အထွတ်အထိပ်၌ ရှိနေသည့် ဤဆရာတော်ကြီးများအတွက်မူ ဂီတရော ၊ ထိုဂီတ၏ စိတ်ဝိညာဉ်ပါ သူတို့၏ အချိန်ကို ပေးရန် မတန်ချေ။
ဤသည်ကို မြင်လိုက်ရချိန်၌ လန်လင်း စိတ်ပူပန်လာမိ၏။ ကျောင်းတော်မှ ထိုကျင့်ကြံသူများမှာ အလွန်တရာ မာနကြီးပြီး ခပ်တန်းတန်း နေလွန်းလှသည်။
ရီယွင်၏ ကိုယ်ပိုင်ဂီတမှာ တော်ဝင်အကယ်ဒမီ တစ်ခုလုံး၌ အကောင်းဆုံး ဖြစ်နေသော်ငြား သူတို့၏ မျက်လုံးများကို ဖွင့်ကြည့်လာစေရန်ပင် မလုံလောက်ပေ။ လက်ရှိအချိန်၌ မင်းသမီး ကျိနင်နှင့် အကယ်ဒမီမှ ကြီးကြပ်သူအားလုံးက ရှင်းလင်းစွာ ပြသနေကြပြီ ဖြစ်၏။
သူတို့က လန်လင်းကို ဖိနှိပ်ကာ ဖြစ်နိုင်သမျှ အနိမ့်ဆုံးအမှတ်ပေးရန် စီစဉ်ထားကြသည်။ သူ၏ တစ်ခုတည်းသော တရားမျှတမှုအတွက် မျှော်လင့်ချက်မှာ ကျောင်းတော်မှ ကျင့်ကြံသူများသာ ဖြစ်သည်။
သို့သော် နတ်ဘုရားများသဖွယ် မာနကြီးနေသည့် ဤသူများမှာ ချဉ်းကပ်ရန် အလွန် ခက်ခဲလှ၏။ သူ၏ ကိုယ်ပိုင်ဂီတက သူတို့အား လှုပ်ခတ်သွားစေနိုင်မည်လော။ လန်လင်း မသေချာပေ။
မကြာမီ အကဲဖြတ်အဖွဲ့မှ ကြီးကြပ်သူတစ်ဦးက ရီယွင်၏ အမှတ်ကို အသံဩဩဖြင့် ကြေညာလိုက်၏။ ကျောင်းတော်မှ ကျင့်ကြံသူများက မျက်လုံးပင် ဖွင့်မကြည့်ကြရာ အမှတ်ပေးရန် ဆိုသည်မှာ ဝေး၏။ အကယ်ဒမီမှ အနုပညာဆရာများနှင့် တော်ဝင်မြို့တော်မှ ဂီတပညာရှင်များကသာ သူမကို အမှတ်ပေးကြသည်။
“ခြောက်ဆယ့်ကိုးမှတ်။”
ဤသည်မှာ လက်ရှိအချိန်၌ အမြင့်ဆုံး ဖြစ်နေသည့် ရီယွင်၏ အမှတ်ပင် ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူမ၏ ဖျော်ဖြေမှုက ကိုးဆယ်မှတ်ကို အလွယ်တကူ ရရှိနိုင်ပေလိမ့်မည်။ သို့သော် ယနေ့၌ ကြီးကြပ်သူများက သူတို့၏ အမှတ်များကို တမင်တကာ လျှော့ချထားကြ၏။ ဤသည်မှာ ဆိုလွန်အား လုံးဝ ချေမှုန်းပစ်ရန်နှင့် သူ၏ အမှတ်နိမ့်ကျနေမှုကို သိသာလွန်းခြင်း မရှိစေရန်အတွက် ဖြစ်သည်။
ဤဂရုတစိုက် အစီအစဉ်ဆွဲထားမှု အားလုံးမှာ ဆိုလွန်ကိုသာ ဦးတည်ထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စာမေးပွဲက ကြီးမားလှသည့် လောင်းကြေးတစ်ခု၏ ရလဒ် ၊ မိသားစုတစ်ခု၏ ရှင်သန်မှုနှင့် ဘုရင့်နိုင်ငံ အမွေဆက်ခံသူများ၏ အနာဂတ် အစီအစဉ်များအား ဆုံးဖြတ်ပေးမည် ဖြစ်သောကြောင့်ပင်။
ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် ကြီးကြပ်သူက ဆက်လက် ကြေညာလိုက်သည်။ “နောက်ထပ် ဖြေဆိုမယ့်သူ… ဆိုလွန်။”
ချက်ချင်းပင် ကျောင်းသားအားလုံး ခါးမတ်သွားကြ၏။ ယနေ့ညနေခင်း၏ အစိတ်ဝင်စားဆုံး အပိုင်းက စတင်တော့မည် ဖြစ်သည်။
သေချာပေါက်ပင် ဤအထက်တန်းလွှာ ကျောင်းသားများမှာ ဆိုလွန်ထံမှ ကြီးကျယ်ခမ်းနားသည့် ဖျော်ဖြေမှုကို မျှော်လင့်နေကြခြင်း မဟုတ်ပေ။ ဆိုလွန် လူရွှင်တော်ဖြစ်သွားသည်ကိုသာ သူတို့ မြင်တွေ့ချင်နေကြ၏။
ဆိုလွန် ယခင်ကလည်း အရှက်ကွဲဖူးသည်။ ပြီးခဲ့သည့် နှစ်ဆုံးစာမေးပွဲ၌ အလွန်တရာ ဆိုးရွားစွာ တီးခတ်ခဲ့သဖြင့် ဆူညံသံတစ်ခုကဲ့သို့သာ ဖြစ်နေခဲ့၏။ အလွန် ဆိုးရွားပြီး အချိုးမကျလှရာ နားထောင်ရသည်မှာ ညှဉ်းပန်းနှိပ်စက်မှု တစ်ခုသက်သက်ပင်။
ကြီးကြပ်သူ အားလုံးက သူတို့၏ မျက်လုံးများကို တစ်ပြိုင်နက်တည်း ပြူးကျယ်စွာ ဖွင့်လိုက်ကြ၏။ ယနေ့ညနေခင်း၏ အရေးကြီးဆုံး အခိုက်အတန့် ရောက်ရှိလာလေပြီ။ ကျိနင် တစ်ဦးတည်းသာ ရလဒ်မှာ သတ်မှတ်ပြီးသားဟု ယုံကြည်ထားသဖြင့် မျက်လုံးတစ်ဝက်ကို မှိတ်ထားရင်း ပျင်းရိစွာ နေ၏။
**--**--**--**--**--**--**--**
လန်လင်း သူ၏ နေရာမှ ထလိုက်ကာ ခန်းမအလယ်သို့ လျှောက်သွားပြီးနောက် ဟာ့ပ်ဆီကော့ဒ် စန္ဒရား၌ ထိုင်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။
လူတိုင်းက သူ့အား ပြူးကျယ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး ပထမဆုံး တီးချက်၏ သံစဥ်ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
တစ်ချိန်တည်းမှာပင် ကျောင်းတော်မှ ကျင့်ကြံသူများက သူတို့၏ မျက်လုံးများကို မှိတ်ထားကြဆဲပင်။ လန်လင်း၏ ဖျော်ဖြေမှုအပေါ် အာရုံစိုက်ရန် ရည်ရွယ်ချက်မှ မရှိကြချေ။
ဤဆရာတော်ကြီးများအတွက်မူ ဤလူငယ်များ တီးခတ်သည်ကို နားဆင်ရခြင်းမှာ ညှဉ်းပန်းနှိပ်စက်မှု တစ်မျိုးပင် ဖြစ်၏။ သူတို့က ကြီးကြပ်ရန်အတွက်သာ ဤနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။ တော်ဝင်အကယ်ဒမီရှိ မည်သူကမှ သူတို့ အမှန်တကယ် နားဆင်ရန်အတွက် လုံလောက်သည့် ကျွမ်းကျင်မှု ရှိမနေကြချေ။
အကယ်ဒမီမှ ကြီးကြပ်သူများမှာမူ ဆိုလွန် စတင်မတီးခတ်ရသေးသော်ငြား သူ၏ အမှတ်အား ဆုံးဖြတ်ထားပြီး ဖြစ်၏။ အမြင့်ဆုံးအမှတ်မှာ လေးဆယ် ဖြစ်ပြီး အနိမ့်ဆုံးမှာ သုည ဖြစ်ကာ သူ၏ နောက်ဆုံး ပျမ်းမျှအမှတ်မှာ အောက်ခြေကြမ်းပြင်ဖြစ်သည့် နှစ်ဆယ့်ငါးမှတ် ဖြစ်ပေလိမ့်မည်။
ကျောင်းတော်မှ ကျင့်ကြံသူများမှာ အိမ်ရှေ့စံမင်းသား ကျိလီ၏ အနာဂတ် အစီအစဉ်များအား ထောက်ခံရန်အတွက် ကျိနင်က ဆိုလွန်အမည်ရသည့် ဤကျောင်းသားအား ဖိနှိပ်ရန် စီစဉ်ထားကြောင်းကို အကြမ်းဖျင်း သိထားကြ၏။
သို့သော် သူတို့သည် တရားမျှတမှုကို ထိန်းသိမ်းရန်အတွက် ဝင်ရောက်စွက်ဖက်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိကြပေ။ အကယ်၍ တော်ဝင်မိသားစုက လူငယ် အထက်တန်းလွှာ တစ်ဦးအား ချေမှုန်းရန်အတွက် သူတို့၏ ဂုဏ်သိက္ခာကို စွန့်ပစ်ရန် ဆန္ဒရှိနေလျှင်ပင် နဂါးကျောင်းတော်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ ကျိနင်မှာ မဟာဆရာသခင် ဘိုင်ရွန် အနှစ်သက်ဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ဤကျင့်ကြံသူများအတွက် ဆိုလွန်ကဲ့သို့သော အရာမဝင်သူ တစ်ဦး၏ ကံကြမ္မာနှင့် သူ၏ မိသားစု ကံကြမ္မာတို့မှာ ပုရွက်ဆိတ်အုံ ဖျက်ဆီးခံရသည်နှင့် မည်သို့မျှ မကွာခြားပေ။
ဂရုစိုက်ပေးရန် သို့မဟုတ် ဆိုလွန်ဘက်မှ သူတို့အား မတ်တပ်ရပ်ပေးရန် မျှော်လင့်နေခြင်းမှာ အရူးတစ်ယောက်၏ အိပ်မက်သာ ဖြစ်၏။ သူတို့တွေက အနုပညာဆောင်မှ ဆရာတော်များ ဖြစ်ကြရာ သူတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ အနုပညာနှင့် ဂီတသာ ဖြစ်သည်။
ထိုသို့တိုင်အောင် ဤဆရာတော်ကြီးများက လန်လင်း၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေ၏။ အခြေအနေကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းသာ ရှိသည်။ သူအနေဖြင့် အနုပညာလောက၏ ထိပ်ဆုံး၌ ရှိနေသည့် ထိုသူများအား သူ၏ ဂီတကို အသုံးပြု၍ လုံးဝ လှုပ်ခတ်သွားစေရမည်။ ဂီတကို အသုံးပြု၍ ထိုမာနကြီးသော သူများ၏ စိတ်အား အပိုင်သိမ်းရလေမည်။
သူ ရွေးချယ်ထားသည့် တေးသွားမှာ ကမ္ဘာမြေမှ အစွမ်းအထက်ဆုံး ဂန္ထဝင် သီချင်းများအနက်မှ တစ်ပုဒ် ဖြစ်၏။
လူပေါင်းများစွာက ထိုသီချင်းအား ကမ္ဘာ့ အကြီးကျယ်ဆုံးသော ဂန္ထဝင် တေးသွားအဖြစ် သတ်မှတ်ထားကြသည်။
လန်လင်း မျက်လုံးများကို မှိတ်ကာ သူ၏ အတွင်းရှိ ဒေါသနှင့် စွမ်းအင်အားလုံးကို စုစည်းရင်း ထိုအခိုက်အတန့်ကို စတင်ခံစားလိုက်၏။
ဆိုမိသားစု၏ ရာစုနှစ်ချီ သက်တမ်းရှိသည့် အိမ်တော်ကြီးမှာ ပျက်စီးရမည့် အစွန်းတစ်ဖက်သို့ ရောက်ရှိနေလေပြီ။
သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းမှာလည်း ဆေးလုံးများ မျိုချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်။ သူသာ အချိန်မီ ရောက်မလာခဲ့ပါက… လန်လင်း ဆက်မတွေးရဲတော့ပေ။
ဤအရာအားလုံးမှာ မင်းသား ကျိလီက တောင်ပိုင်းမဟာဗျူဟာသစ် တစ်ရပ်ကို စတင်နေသောကြောင့် ဖြစ်၏။ နုလန်ဘုရင့်နိုင်ငံ၏ အစီအစဉ်များအတွက် ဆိုမိသားစုမှာ အမြောက်စာအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဆိုလွန်နှင့် ဆိုနင်ပင်းတို့မှာ ပုရွက်ဆိတ်များကဲ့သို့ ချေမှုန်းခံရတော့မည်။
မည်သည့် အကြောင်းပြချက်ကြောင့်နည်း။ ဤလောကကြီးက အဘယ်ကြောင့် ဤမျှ တရားမျှတမှု မရှိရသနည်း။
သူ၏ အသည်းအသန် ရုန်းကန်မှုများက ရထားလုံးတစ်စီးအား တားဆီးရန် ကြိုးစားနေသည့် ပုစဉ်းရင်ကွဲ တစ်ကောင်ကဲ့သို့ သို့မဟုတ် လေရဟတ်ကို ဝင်တိုက်သည့် ငှက်တစ်ယောက်ကဲ့သို့ ဖြစ်နေမည်လား။ သူ အရှုံးပေးလိုက်သင့်သလား။
လုံးဝ မဖြစ်နိုင်ပေ။ သူ၏ အစ်မနှင့် မိသားစုကို ကာကွယ်ရန်အတွက် သူ အမှုန့်ကြိတ်ခံရမည် ဆိုလျှင်ပင် နောက်ဆုတ်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း၌မှာပင် လန်လင်း၏ နှလုံးသားထဲရှိ ဝမ်းနည်းမှုနှင့် ဒေါသတို့မှာ ကြီးမားလှသည့် ဒီရေလှိုင်းကြီး တစ်ခုအလား မြင့်တက်လာ၏။
လန်လင်း အံကြိတ်ကာ အော်ဟစ်လိုက်သည်။ “ဘာလို့လဲ… ဘာလို့လဲ။”
ထို့နောက် စန္ဒရားခလုတ်များအား ချေမှုန်းပစ်ချင်သည့်အလား သူ၏ လက်ချောင်းများဖြင့် အားကုန် ရိုက်ချလိုက်၏။ သူ၏ ဝမ်းနည်းမှုနှင့် ဒေါသများ အားလုံးကို လောင်းချလိုက်သည်။
ဒေါင်းးး ဒေါင်းးး ဒေါင်းးး ဒေါင်းးး
အလွန်တရာ ကြီးကျယ်ခမ်းနားပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် တေးဂီတသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။
ကမ်းခြေကို ရိုက်ခတ်လာသည့် ဒီရေလှိုင်းကြီး တစ်ခုအလား ထိုအသံက ဖျော်ဖြေရေးခန်းမကြီးကို ရိုက်ခတ်သွားပြီ ရှိနေသူ အားလုံး၏ စိတ်ကို လှုပ်ခတ်သွားစေသည်။
ပထမဆုံး သံစဥ်ရှစ်ချက်နှင့်ပင် သူတို့၏ စိတ်ဝိညာဉ်များကို ထိုးဖောက်သွားကာ သူတို့၏ စိတ်အာရုံများကို လုံးဝ လွင့်ထွက်သွားစေ၏။
မှန်သည်။ လန်လင်း တီးခတ်နေသည်မှာ ကမ္ဘာမြေမှ ဂန္ထဝင် လက်ရာမြောက်ဖြစ်သည့် Beethoven ၏ The Fate Symphony ပင် ဖြစ်၏။
ဤသည်မှာ ကမ္ဘာမြေ၏ အတောက်ပဆုံးသော အနုပညာခေတ်မှ လက်ရာမြောက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ အကြီးကျယ်ဆုံးသော ဂီတပါရမီရှင်၏ အထွတ်အထိပ် လက်ရာတစ်ခု ဖြစ်သည်။ ဤတေးသွားမှာ ကံကြမ္မာအပေါ် ဆန့်ကျင်သည့် Beethoven ၏ စစ်ပွဲဖြစ်၏။ ကံကြမ္မာ၏ လည်မျိုကို ဆွဲညှစ်ထားသည့် သီချင်းတစ်ပုဒ် ဖြစ်သည်။
ထိုသီချင်းအား ရေးစပ်နေချိန်၌ Beethoven ၏ ချစ်သူမှာ သူမ၏ မိသားစုကြောင့် သူ့အား စွန့်ခွာကာ အခြား အထက်တန်းလွှာ တစ်ဦးနှင့် လက်ထပ်ရန် ဖိအားပေးခံခဲ့ရ၏။ ပို၍ ဆိုးရွားသည်မှာ Beethoven သည် တဖြည်းဖြည်းနှင့် အကြားအာရုံ အားနည်းလာခြင်း ဖြစ်သည်။
ဤဂီတထဲရှိ ခံစားချက်များနှင့် စိတ်ဝိညာဉ်များ၏ ကြမ်းတမ်းလှသည့် ဒေါသတို့အား စကားလုံးများဖြင့် ဖော်ပြနိုင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ လူမျိုး ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု နယ်နိမိတ်များကို လုံးဝ ဥပေက္ခာပြုထားသည့် ဂီတတစ်ပုဒ် ဖြစ်၏။
တေးသွားက နားဆင်သူ၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖမ်းဆုပ်နိုင်ပြီး ညှို့ယူဖမ်းစားကာ လုံးဝ အံ့အားသင့် မှင်သက်သွားစေနိုင်သည်။
လန်လင်း ပထမဆုံး အပိုင်းကို တီးခတ်လိုက်၏။ သံစဥ်က ရေမရောသည့် ဒေါသအကြောင်းကို ဖော်ပြနေပြီး သွေးနှင့် သေမင်းကို ရင်ဆိုင်ရချိန်၌ လုံးဝ အကြောက်တရား ကင်းမဲ့စွာဖြင့် အမှောင်ထု စွမ်းအားများထံသို့ ဒေါသတကြီး စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်သွားသည်။
လန်လင်း၏ တီးခတ်မှုက ပို၍ ပို၍ ပြင်းထန်လာပြီး အရှိန်အဟုန် မြင့်မားလာ၏။ နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား အားလုံးကိုပါ ဂီတထဲသို့ လောင်းထည့်လိုက်ခြင်းဖြင့် သံစဥ်၏ ရိုက်ခတ်မှုမှာ ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့သွားသည်။
အပိုင်း ၁၀၇ + ၁၀၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
The Fate Symphony က ကမ္ဘာကျော် နာမည်ကြီး သီချင်းပါပဲဗျ။ စာဖတ်သူတွေတောင် ကြားဖူးလောက်ပါတယ်။ The Fate Symphony Pinao Version ဆိုပြီး ရှာကြည့်ရင် တွေ့ပါလိမ့်မယ်ဗျ။