← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း (၄၀၇)

" မင်းသား ဖုစု ရောက်လာပါပြီ။ " ဝန်ကြီးတစ်ယောက်က အော်လိုက်သည်။

ဝမ်ဝမ်နှင့် အခြားသူများက ချက်ချင်းလှည့်ကြည့်လိုက်ကြပြီး ဖုစုတစ်ယောက်တည်း လျှောက်လာသည်ကို မြင်လိုက်ရသည်။ ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက တောက်ပသွားပြီး ကျောက်ဖုန်းဆီသို့ လျှောက်သွားလိုက်သည်။

" ဖုစု မင်းဆီလာနေတယ်။ မင်းတို့ အဆင်မပြေကြပေမယ့် သူက အိမ်ရှေ့စံဆိုတော့ အပေါ်ယံမှာတော့ သူ့ကို ကောင်းကောင်းဆက်ဆံလိုက်ပါ။ " ဝမ်ကျန့်က သတိပေးလိုက်သည်။

" ယောက္ခမကြီး ကျွန်တော်က အရူးမဟုတ်ပါဘူး။ ပြီးတော့ အိမ်ရှေ့စံဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက တကယ် ထူးဆန်းတဲ့ အသုံးအနှုန်းပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဟားဟား ငါစကားမှားသွားတာ။ " ဝမ်ကျန့်က ရယ်လိုက်သည်။

" အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ဂုဏ်ပြုပါတယ် စစ်သေနာပတိချုပ်ကျောက်။ "ဖုစုက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် မင်းသား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က တိုင်းတစ်ပါးနယ်မြေကို သွားပြီး ရန်သူဘုရင်ကို ကွပ်မျက်ခဲ့တယ်။ ဒါက ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ စွမ်းဆောင်မှုပဲ။ ဖုစု အလွန်လေးစားမိပါတယ်။ ဒါပေမယ့် စစ်သေနာပတိချုပ်အနေနဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်ကတော့ လွန်ကဲတယ်လို့ ထင်ပါတယ်။ ဟွာရှလူမျိုးတွေကို ထိခိုက်စေခဲ့တဲ့ တိုင်းတစ်ပါးသားတွေကို သတ်ရမှာမှန်ပေမယ့် သူတို့ထဲမှာ အပြစ်မဲ့တဲ့ အရပ်သားတွေရှိနေတာကို စစ်သေနာပတိချုပ်က အားလုံးကို သတ်ဖြတ်ခဲ့တယ်။ "

ဖုစုက ကျောက်ဖုန်း၏ စွမ်းဆောင်မှုများကို ချီးကျူးပြီးမှ အပြစ်မဲ့တိုင်းတစ်ပါးသားများအပေါ် သတ်ဖြတ်မှုကို ဝေဖန်ခဲ့သည်။

" မင်းသား အချိန်ရရင် " ကျောက်ဖုန်း၏ အမူအရာက အေးစက်သွားပြီး ဖုစု၏ စကားကို ဖြတ်ပြောလိုက်သည်။ " မြောက်ဘက်နယ်စပ်ကို သွားကြည့်ပါ။ တိုင်းတစ်ပါးသားတွေသတ်ခို့ သေသွားတဲ့ ဟွာရှလူမျိုးတွေကို ကြည့်ပါ။ မိဘတွေ ဆုံးရှုံးခဲ့ရသူတွေ သားသမီးတွေ ဆုံးရှုံးခဲ့ရသူတွေကို ကြည့်ပါ။ ဒီမှာနိုင်ပြီး နိုင်ငံရေးအခြေအ​မြစ်မရှိတာတွေ ပြောနေမယ့်အစားပေါ့။ ကျုပ်ကတော့ မင်းသားရဲ့ စကားတွေကို သိပ်သဘောမကျဘူး။ " ကျောက်ဖုန်းက ပြောပြီး လှည့်ထွက်သွားသည်။

ကျောက်ဖုန်း၏ သဘောထားကို မြင်သောအခါ ဖုစုပင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

" မင်းသား အရှင်မင်းကြီးက မင်းသားကို ဘာလို့စိတ်ပျက်နေတာလဲဆိုတာ သိလား။ " ဝမ်ကျန့်ကလည်း ထိုသို့ပြောပြီး ထွက်သွားသည်။

ဝန်ကြီးအများစုက ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားကြသည်။ ကျောက်ဖုန်းက ဖုစုအား ရင်ဆိုင်လိုက်သည်ကို မြင်လိုက်ရသောအခါ အများစုက စိတ်မသက်မသာ ဖြစ်သွားကြသည်။ အထူးသဖြင့် ဖုစုကို ထောက်ခံကြသူများနှင့် ​​ထောက်ခံရန်စဉ်းစားနေသူများက အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျောက်ဖုန်းနှင့် ဝမ်ကျန့်တို့ ပေးသော ဖိအားက အလွန်ကြီးမားသည်။

" အရှင်သား ကျောက်ဖုန်းကို ဘာပြောလိုက်လို့ သူက ဒီလိုပုံစံမျိုး ဖြစ်သွားတာလဲ။ " ဝမ်ဝမ်က မေးလိုက်သည်။

" ကျုပ်က ကျောက်ဖုန်း တိုင်းတစ်ပါးအရပ်သားတွေကို သတ်ဖြတ်တာ ရက်စက်တယ်လို့ ပြောခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ကွန်ဖြူရှပ်ဝါဒက စစ်ရေးကိစ္စတွေနဲ့ မတူဘူး။ " ဖုစုက သက်ပြင်းချပြီး ပြောလိုက်သည်။

ခဏအတွင်း ဖုစုက တစ်စုံတစ်ခုကို နားလည်သွားသည်။ ကွန်ဖြူချပ်ဝါဒနှင့် စစ်ရေး​ဗျူဟာများက သီးခြားစီဖြစ်သည်။

" ကျောက်ဖုန်းက တကယ်မောက်မာတာပဲ။ အရှင်သားပြောတာက ပြင်းထန်ရင်တောင် သူက ဘယ်လိုလုပ် ဒီလောက်တောင် ရိုင်းစိုင်းရဲတာလဲ။ သူက သူ့ရဲ့ အောင်မြင်မှုတွေကြောင့် မောက်မာနေတာပဲ။ " ဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။

" အရှင်သားမြင်တဲ့အတိုင်းပဲ။ ဒါက စစ်အာဏာပဲ။ သူက အခုတောင် အရှင်သားအပေါ် ဒီလိုဆက်ဆံရဲရင် တစ်နေ့ သူ စစ်ဦးစီးချုပ်လာတဲ့အခါ စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ရင် ဘာဖြစ်လာမလဲ။ အရှင်မင်းကြီးကိုတောင် ဂရုစိုက်မှာမဟုတ်တော့ဘူး။" ဟွိုက်ကျွမ်းက စိုးရိမ်တကြီး ပြောလိုက်သည်။

" စစ်အာဏာကို အလွန်အကျွံ ဆုပ်ကိုင်ထားတာကလည်း တကယ် ပြဿနာပဲ။ " ဖုစုကလည်း စိုးရိမ်သော အရိပ်အယောင်များနှင့် ပြောလိုက်သည်။

" စိတ်ချပါ အရှင်သား။ ကျောက်ဖုန်းနဲ့ ဝမ်ကျန့်ကို ဖိနှိပ်ဖို့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ သူတို့ လွန်လွန်ကျူးကျူး လုပ်မလာအောင် တားဆီးရမယ်။ ကမ္ဘာကြီးစုစည်းပြီးသွာရင် သူတို့က အသုံးမဝင်တော့ပါဘူး။ အဲ့ဒီအချိန်ကျရင် ကျောက်ဖုန်းနဲ့ အခြားသူတွေရဲ့ စစ်အာဏာကို ပြန်ရုတ်သိမ်းဖို့ ကြိုးစားရမယ်။ စစ်အာဏာမရှိရင် သူတို့က ဘာမှမဟုတ်ဘူး။ " ဝမ်ဝမ်က ကတိပေးလိုက်သည်။

ဖုစုက ခေါင်းညိမ့်လိုက်သည်။ ကျောက်ဖုန်းနှင့် စစ်အာဏာကို ထိန်းချုပ်ထားသော စစ်သေနာပတိချုပ်များအကြောင်း တွေးမိလျှင် သူ၏ စိတ်ထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

အဝေးတွင် ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ " ကမ္ဘာကြီးကို စုစည်းပြီးရင် ငါ့ရဲ့ စစ်အာဏာကို သိမ်းမယ်ပေါ့။ ဝမ်ဝမ် မင်းက ငါ့ကို တကယ်လျှော့တွက်နေတာပဲ။ ပြီးတော့ ဖုစု သမိုင်းမှတ်တမ်းတွေအတိုင်းပဲ။ ဆုံးဖြတ်ချက်မပြတ်သားဘဲ အရည်အချင်းမရှိတဲ့ မင်းသား။ သူက ဘာမှမသိဘဲ ဝန်ကြီးတွေနောက်ကို လိုက်နေတာပဲ။ ချင်ဘုရင်က မင်းကို ဒီလောက်ထိ ယုံကြည်ပေးထားနိုင်ရင်တော့ တကယ်ကို ထူးဆန်းနေပြီ။ ဒါပေမယ့် မင်းက မင်းသားဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားရင်တော့ ငါက လွှတ်ပေးမှာမဟုတ်ဘူး။ "

ထိုအချိန်တွင် ခန်းမတံခါး ပွင့်သွားပြီး ကျောက်ကောင်းက ထွက်လာသည်။

" ဝန်ကြီးအားလုံး ညီလာခံ တက်ရောက်ပါမယ်။ "

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သူတို့၏ ဝတ်စုံများကို ပြင်ပြီး ခန်းမထဲသို့ ဝင်သွားကြသည်။ စစ်ဘက်အရာရှိများထဲတွင် အမြင့်ဆုံးဖြစ်သော ကျောက်ဖုန်းက ရှေ့ဆုံးတွင် ရပ်နေပြီး ဝမ်ကျန့်က ဒုတိယနေရာ၊ မုန့်ဝူနှင့် ဟွမ်ယိတို့က တတိယနှင့် စတုတ္ထနေရာတို့တွင် ရပ်နေကြသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်နိုင်ငံတော်ကြီး ထာဝရတည်တံ့ပါစေ။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ရင်ကျန့်က ဘေးခန်းမှ ထွက်လာပြီး ပလ္လင်ဘေးတွင် ရပ်လိုက်သည်။ သူ၏ အကြည့်က အောက်သို့ ဖြတ်သန်းသွားပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" ထကြ။ "

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" တင်ပြစရာရှိရင် တင်ပြကြပါ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး တင်ပြစရာရှိပါတယ်။ " ကျောက်ဖုန်းက ရှေ့ထွက်လာပြီး ပြောလိုက်သည်။

" ဝန်ကြီးကျောက်က အခုမှ ပြန်ရောက်လာတာကို တင်ပြစရာရှိနေတာလား။ " ရင်ကျန့်က အံ့ဩသွားပြီး ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုးက ဒီညီလာခံမှာရှိတဲ့ ဝန်ကြီးတစ်ယောက်ကို စွပ်စွဲချင်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသည်နှင့် ဝန်ကြီးများသာမက ရင်ကျန့်ပင် အံ့ဩသွားသည်။

" စတော့မှာလား။ ဒီကောင်လေးက ဝမ်ဝမ်ရဲ့ အားနည်းချက်ကို တကယ်ပဲ ရှာတွေခဲ့တာလား။ " ဝမ်ကျန့်က စိတ်ထဲမှ တွေးလိုက်ပြီး ကျေနပ်စွာ ကြည့်နေသည်။

" ဘယ်သူကို စွပ်စွဲမှာလဲ။ " ရင်ကျန့်က စိတ်ဝင်တစား မေးလိုက်သည်။

ကျောက်ဖုန်းက လှည့်လိုက်ပြီး အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဝမ်ဝမ်ကို ကြည့်လိုက်သည်။ လူတိုင်း၏ အကြည့်ကလည်း ကျောက်ဖုန်း၏ အကြည့်နောက်သို့ လိုက်ပြီး ဝမ်ဝမ်ကို ကြည့်လိုက်ကြသည်။

ဝမ်ဝမ်၏ အမူအရာက ပြောင်းလဲသွားပြီး စိတ်ထဲမှ ထိတ်လန့်သွားသည်။ ကျောက်ဖုန်းက စွပ်စွဲချက်တင်သွင်းမည်ဆိုလျှင်တောင် သူဖြစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။

" ဝန်ကြီးချုပ်ဝမ် ဘာလို့ရှောင်နေတာလဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံး၍ မေးလိုက်သည်။

" စစ်သေနာပတိချုပ်က ဘာကိုဆိုလိုတာလဲ။ ဒီလူအိုကြီးကို စွပ်စွဲမလို့လား။ ငါက ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တာ။ ဘာအမှားမှ မလုပ်ခဲ့ဘူး။ " ဝမ်ဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ဘာအမှားမှ မလုပ်ခဲ့ဘူးဟုတ်လား။ " ကျောက်ဖုန်းက လှည့်ပြီး ထပ်ပြောလိုက်သည်။ " ကျွန်တော်မျိုး စွပ်စွဲချင်တဲ့သူကတော့ ဝန်ကြီးချုပ် ဝမ်ဝမ်ပါပဲ။ "

ထိုစကားများကို ကြားသောအခါ ညီလာခံမှ အရာရှိအားလုံးက အံ့အားသင့်သွားကြသည်။ ယခင်က အရပ်ဘက်အရာရှိများကသာ စွပ်စွဲလေ့ရှိသော်လည်း ယခု စစ်ဘက်အရာရှိ ကျောက်ဖုန်းက အရပ်ဘက်ဝန်ကြီးတစ်ယောက်ကို စွပ်စွဲနေသည်။ အရာရှိအားလုံးက စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြသည်။

" စစ်သေနာပတိချုပ်ကျောက် အရှင်မင်းကြီးရှေ့မှာ မဆင်မခြင်မပြောပါနဲ့။ ချင်ဥပဒေအရ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက ပြစ်ဒဏ်ခံရနိုင်တယ်။ " ဝမ်ဝမ်က ကျောက်ဖုန်းကို အေးစက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်းက ဝမ်ဝမ်ကို ဂရုမစိုက်ဘဲ ရင်ကျန့်ကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးက ဝန်ကြီးချုပ်ဝမ်ဝမ်ကို ပြစ်မှုလေးခုနဲ့ စွပ်စွဲချင်ပါတယ်။ ပထမတစ်ခု နိုင်ငံတော် မြေယာတွေကို အလွဲသုံးစားလုပ်မှု၊ ဒုတိယတစ်ခု အစိုးရလက်အောက်ခံကျွန်တွေကို မှောင်ခိုကူးမှု၊ တတိယတစ်ခု ဆွေးမျိုးတွေကို ရာထူးပေးမှု၊ စတုတ္ထတစ်ခု တိုင်းတစ်ပါးနိုင်ငံတွေနဲ့ မှောင်ခိုကူးသန်းရောင်းဝယ်မှု။ " ကျောက်ဖုန်း၏ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိုစွပ်စွဲချက်လေးခုက အရာရှိအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ ထိုအချက်များက အလွန်တိကျလှသည်။ ကျောက်ဖုန်း၏ အမူအရာကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ လေးနက်စွာ ပြောလိုက်သည်။

ဝမ်ဝမ်ကလည်း စိတ်ထဲမှ ထိတ်လန့်သွားသည်။ ထိုစွပ်စွဲချက်လေးချက်နှင့် ပက်သက်ပြီး သူ၏ စိတ်ထဲတွင် ကောင်းကောင်းသိနေသည်။ သူလုပ်ခဲ့သော အရာများက ထိုလေးခုထက် ပိုသည်။ သို့သော် ထိုလေးချက်က အဆိုးဆုံးဖြစ်သည်။

" စစ်သေနာပတိချုပ် ကျောက် ငါ ထပ်ပြောမယ်။ ဝန်ကြီးချုပ်ကို မဟုတ်မမှန်စွပ်စွဲတာက ပြစ်မှုကြီးမားတယ်။ မင်းက ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖြစ်နေရင်တောင် မဆင်မခြင် စကားမပြောသင့်ဘူး။ " ဝမ်ဝမ်က ကျောက်ဖုန်းကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

" ကျုပ်မှာ သက်သေရှိပါတယ်။ ဝန်ကြီးချုပ်ဝမ်ဝမ် ဒီနေ့တော့ ခင်​​ဗျားရဲ့ နေ့​ရက်ကောင်းတွေ ကုန်ဆုံးသွားပြီ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

" ဝန်ကြီးချုပ်ဝမ်ဝမ်ရဲ့ ပြစ်မှုလေးခုအတွက် သက်သေအထောက်အထားတွေ ပြင်ဆင်ထားပါတယ်။ အဲ့ဒါတွေက ခန်းမအပြင်ဘက်မှ ကျွန်တော်မျိုး ကိုယ်ရံတော်တွေဆီမှာ ရှိနေပါတယ်။ အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ အဲ့ဒီသက်သေတွေကို စစ်ဆေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ကျောက်ဖုန်းက အလေးအနက်ရှိနေပြီး သက်သေများပါ ပြင်ဆင်ထားသည်ကို မြင်သောအခါ ရင်ကျန့်က ကျောက်ဖုန်း တကယ်စိတ်ပိုင်းဖြတ်ထားသည်ကို နားလည်သွားသည်။ သူက ဝမ်ဝမ်ကို ကိုင်တွယ်ရန် ဆုံးဖြတ်ချက်ခိုင်မာနေသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters