← Chapters

စကားတစ်ခွန်း၏ စွမ်းအား

Vol. 009 Ch. 439

စကားတစ်ခွန်း၏ စွမ်းအား

Vol. 009 Ch. 439

ဝမ်လင်း မျက်လုံးများက အေးစက်နေ၏။ သူက မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ ထိုအခါ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ ထွက်ပေါ်လာ၏။

သူ့မျက်လုံးများက လက်ခဲနဲ ဖြစ်သွားသည်။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သလင်ကျောက်တုံး တစ်ခုလည်း ထွက်ပေါ်လာ၏။ သည်သလင်းကျောက်က သူ အနီရောင်လိပ်ပြာနှင့် တိုက်ပွဲပြီးနောက် ဟင်္သာပြဒါး နိုင်ငံ၏ အကြီးအကဲ လက်ထဲကနေ လုယူခဲ့သည့် သစ်သားဒြပ်စင် စိတ်ဝိညာဉ်ပင် ဖြစ်ချေ၏။

“သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီး ဒြပ်စင်တွေ … ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က သတ္တုဒြပ်စင်နဲ့ သစ်သားဒြပ်စင် တစ်ဝက်တို့ပဲ ပြည့်စုံဖို့ ကျန်တော့တယ်။ စစ်ထူနန်ရဲ့အပြောအရ ဒီဒြပ်စင် ငါးခု ပြည့်စုံသွားရင် ဒီပုတီးစေ့က သူ့ပိုင်ရှင်ကို သတ်မှတ်နိုင်လိမ့်မယ်တဲ့။ အဲဒီနေ့က မကြာခင် ရောက်လာတော့မှာပါ …”

ဝမ်လင်းက သစ်သားစိတ်ဝိညာဉ်ကို ပုတီးစေ့ထဲသို့ ရွှေ့လိုက်သည်။

သည်ပုတီးစေ့နှင့် သစ်သား စိတ်ဝိညာဉ်တို့ ထိတွေ့မိသည့် အခါတွင် သစ်သား စိတ်ဝိညာဉ်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ ပျောက်ကွယ်သွားလေ၏။ ပုတီးစေ့ပေါ်ရှိ သစ်ရွက်များကလည်း စတင် လှုပ်ရှားလာပြီးနောက် တစ်ခုပြီးတစ်ခု ပွင့်လာခဲ့ကာ နောက်ဆုံးတွင် လုံးဝ ပြည့်စုံသွားလေ၏။

“ခုငါ့မှာ သတ္တုဒြပ်စင် တစ်ခုပဲ လိုတော့တယ် …”

ဝမ်လင်းမျက်လုံးများက ရွှမ်ယွဲ့နိုင်ငံ ရှိရာသို့ ကြည့်နေရင်း တလက်လက် ဖြစ်နေသည်။

“သတ္တုဒြပ်စင် စောင့်နေပါဦး … လီယွမ်ဖန် … ငါလာနေပြီ။

သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ပြန်သိမ်း၍ မိုးကြိုးဖားပြုတ်ပေါ်သို့ ခြေချလိုက်သည်။ သည့်နောက် ရယ်ကာမောကာ ပြောလိုက်သည်။

“မိတ်ဆွေ ဟောင်းကြီး … သွားကြစို့ …”

မိုးကြိုးဖားပြုတ်က ပျော်ရွှင်စွာ ဟိန်းသံပြု၍ မြေပေါ်သို့ တစ်ချက်စောင့်နင်း လိုက်ပြီးနောက် ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားလေတော့သည်။

ဝမ်လင်းက ရယ်မော၍ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခြင်သားရဲပါ ထွက်ပေါ်လာသည်။ သည့်နောက် ခြင်သားရဲက ၎င်း၏ ချွန်ထက်သည့် ခြင်နှမောင်းဖြင့် မိုးကြိုးဖားပြုတ်ကို ထိုးစိုက်သည်။

မိုးကြိုးဖားပြုတ်ကလည်း မျက်လုံး ကစားလိုက်သည်။ သည့်နောက် သူ့လျှာကို ထုတ်၍ ခြင်သားရဲနှင့် ကစားနေလိုက်၏။

ဝမ်လင်းက မိုးကြိုးဖားပြုတ်၏ ကိုယ်ပေါ်တွင် ထိုင်နေရင်းဖြင့် သားရဲနှစ်ကောင် ကစားနေသည်ကို ကြည့်ရှုနေသည်။ သည့်နောက်သူက ရွှမ်ယွဲ့နိုင်ငံ ရှိရာသို့ လှမ်းကြည့်သည်။ သူက ပြုံးနေသေးသော်လည်း သည်အပြုံး၌ အေးစက်မှုတို့ ပါဝင်နေ၏။

တစ်ခါတုန်းက မဟာမိတ် ကလန်လေးခု နိုင်ငံ၏ အစိမ်းရောင် ကုန်းမြေက ခုချိန်တွင် ဖြူစွတ်လို့ နေခဲ့သည်။ ၎င်းက နှင်းကွင်းပြင်ကြီး တစ်ခုအသွင်သို့ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

နှင်းများထံကနေ ရောင်ပြန်ဟပ်နေသည့် နေအလင်းရောင်က အလွန်မျက်စိ စူးစေသည်။ လူတစ်ယောက်က သည်ရောင်ပြန် ဟပ်နေသည့် နှင်းများကို ကြာကြာကြသည့်နှင့် မျက်လုံးနာကျင်၍ မျက်ရည်ကျဆင်း လာလေ့ရှိသည်။

ရွှမ်ယွဲ့ရှိ သေမျိုးများက သူတို့မျက်လုံးကို ကာကွယ်ရန်အတွက် ကိုယ်ပိုင် နည်းလမ်းများ ရှိကြသည်။ ရွှမ်ယွဲ့က အဆင့်ငါးနိုင်ငံ ဖြစ်လာပြီးနောက် သေမျိုးကမ္ဘာသည်လည်း ပုံမှန်အားဖြင့် ပို၍ ဖြစ်ထွန်းစည်ပင် လာခဲ့၏။

ရွှမ်ယွဲ့၏ ဗဟိုနေရာတွင် ရေခဲနန်းတော်တစ်ခု ရှိလေသည်။

သည်နေရာက ရွှမ်ယွဲ့၏ တော်ဝင်နေရာ ဖြစ်ကာ ရွှမ်ယွဲ့၏ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ လီယွမ်ဖန် နေသည့် နေရာလည်း ဖြစ်၏။ လီယွမ်ဖန်က သည်နေရာတွင် တစ်နှစ်ပတ်လုံး ကျင့်ကြံလေ့ရှိ၏။

စွန်ထိုင်၏ မိုးကြိုးကြောင့် ဒဏ်ရာ ရပြီးနောက် သူက တဖြည်းဖြည်း ပြန်ကောင်းမွန် လာခဲ့၏။ တကယ်တော့ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ အတင်းအကြပ် ရောက်အောင် လုပ်ခဲ့သည့်သူ ဖြစ်သည်။ သည်အရာက သူ့အတွက် အလွန်ကံကောင်းမှု တစ်ခုဖြစ်ပြီး သူက သူ့ဘဝကို အဆုံးရှုံး မခံနိုင်ချေ။

သူ့ပတ်လည်၌ ရေခဲတုံးကြီးများက ဝန်းရံနေ၏။ ရေခဲတုံး တစ်ခုစီကနေ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်လျက် ရှိသည်။

သည်လိုမျိုး ကုသနေသော နည်းလမ်းက ခုထိ လီယွမ်ဖန်အတွက် လုံလောက်ခြင်းမရှိ ဖြစ်နေ၏။

လွန်ခဲ့သော နှစ်နှစ်ကတည်းက သူက ဟင်္သာပြဒါး နိုင်ငံသို့ လူအများကို စေလွှတ်၍ အနီရောင် လိပ်ပြာထံကနေ ကောင်းကင်ဘုံ ကျောက်စိမ်းပြား တချို့ တောင်းဆိုခဲ့၏။ သို့သော် သူလွှတ်လိုက်သော လူများက အကြိမ်တိုင်း အပြင်ဘက်၌သာ ရပ်နေခဲ့ရသည်။

လီယွမ်ဖန်က အလွန် စဉ်းစားမရ ဖြစ်နေ၏။ အချိန်ကုန် လာသည်နှင့်အမျှ သူက သံသယ ဖြစ်လာခဲ့သလို အနီရောင် လိပ်ပြာကိုလည်း မကျေမချမ်း ဖြစ်လာခဲ့သည်။

တကယ်တော့ သူက အနီရောင် လိပ်ပြာအတွက် စန်နူးကို သတ်ရန် ကြိုးစားရင်းဖြင့် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။

သူက သည်နှစ်နှစ်လုံး သူ့ဒဏ်ရာများကို ကြိုးစား ကုသနေခဲ့သည်။ သူက နောက်တစ်နှစ်ဆိုရင် အရှင်း ပြန်ကောင်းလာလောက်ပြီဟု တွက်ချက်ထားခဲ့၏။

သည်နေ့တွင် ရွှမ်ယွဲ့၏ နယ်စပ်၌ အဖြူရောင် ပုံရိပ်တစ်ခုက နိုင်ငံထဲသို့ တဖြည်းဖြည်း ဝင်လာခဲ့သည်။

“မဟာမိတ် ကလန်လေးခုနိုင်ငံ …”

ဝမ်လင်းက သက်ပြင်းချ၍ အကွာအဝေး တစ်ခုသို့ ပျောက်ကွယ်သွားလေ၏။

ခုရွှမ်ယွဲ့၏ မြို့တော်သည် အတိတ်တုန်းက မဟာမိတ် ကလန်လေးခု၏ မြို့တော်ဖြစ်သည်။ သည်မြို့တော်ထဲရှိ လမ်းတစ်ခုတွင် ဝမ်လင်းက ဆယ်စုနှစ် တစ်ခုကြာ နေထိုင်ခဲ့ဖူးသည်။

ဝမ်လင်းက သူနေထိုင်ခဲ့သော လမ်း၌ ပြန်ပေါ်လာခဲ့သည်။ သူက ရင်းနှီးခဲ့သော လမ်းကို ကြည့်လိုက်ပြီးနောက် တနူးတို့ မိသားစု အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ချေ။

အချိန်အတန်ကြာ ပြီးနောက် သူ့မျက်လုံးထဲ၌ တမ်းတမှုများ ပြည့်လာခဲ့သည်။ သည့်နောက် သူက သည်လမ်းကနေ ပြန်ထွက်ခွာလာခဲ့၏။

နှင်းရေခဲ နန်းတော်အတွင်း၌ လီယွမ်ဖန်က ကျင့်ကြံ နေရာကနေ ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့၏။ သူက ခေါင်းမော့၍ နန်းတော် အပြင်ဘက်သို့ လှမ်းကြည့်ရင်း သူမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

နန်းတော် အပြင်ဘက်ဝန်း၌ လေများက ခပ်ကြမ်းကြမ်း တိုက်ခတ်နေသဖြင့် နှင်းများက လေထဲ၌ လွင့်မြောနေခဲ့သည်။

ပုံရိပ်တစ်ခုက သည်နှင်းများကို ဖြတ်၍ ဖြည်ညင်းစွာ လျှောက်လှမ်းလာနေသည်။ သည်ပုံရိပ်က တဖြည်းဖြည်း ပိုပီပြင်လာခဲ့ပြီး နန်းတော် ဂိတ်ပေါက်နှင့် ခြေဆယ်လှမ်း အကွာသို့ ရောက်လာခဲ့လေသည်။ သည်ပုံရိပ်ကတော့ ဝမ်လင်းပင် ဖြစ်လေ၏။

ခုလက်ရှိ ဝမ်လင်းအသွင်က အေးစက်နေပြီး သူက တုန်လှုပ်နေသော လီယွမ်ဖန်ကို ကြည့်နေခဲ့သည်။

လီယွမ်ဖန်က မျက်မှောင်ကြုတ်ကာ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ခဏအကြာတွင် သူက မှုန်မှိုင်းစွာ ပြောလိုက်သည်။

“စန်နူး …”

သူ့အသွင်က တည်ငြိမ်နေသေးသော်လည်း သူ့စိတ်ထဲ၌ တုန်လှုပ်နေမိ၏။ သူက စန်နူးသည် အခုလောက်မြန်မြန် ပြန်ကောင်လာနိုင်စွမ်း ရှိလိမ့်မည်လို့ မထင်ထားမိချေ။ ခုတော့ သည်စန်နူးက ပြန်ကောင်းမွန် လာသည့်အပြင် ကျင့်ကြံမှု အဆင့်ပါ တိုးလာခဲ့၏။

နှစ်နှစ်ဆိုသော အချိန်သည် ကျင့်ကြံသူ တစ်ယောက်အတွက် ဘာမှ မဟုတ်လှချေ။ သည်အတွက်ကြောင့် သူနှစ်နှစ်ဆိုသည့် အချိန်လေးအတွင်း ဝမ်လင်းက ခုလောက် ပြောင်းလဲသွားသည်ကို ကြည့်ရင်း လီယွမ်ဖန် တုန်လှုပ်သွားခြင်းက အံ့ဩစရာ မဟုတ်တော့ချေ။

သည်အခိုက်၌ လီယွမ်ဖန်နှင့် ဝမ်လင်းတို့ ကြားတွင် လူသုံးယောက် ပေါ်လာခဲ့သည်။ သူတို့ သုံးယောက်လုံးက အသက် ကြီးနေကြပြီ ဖြစ်၏။ သည်သုံးယောက် အဘိုးအို နှစ်ယောက်နှင့် အဘွားအို တစ်ယောက်တို့ ဖြစ်ကြသည်။

အကြီးအကဲ သုံးယောက်ထဲက တစ်ယောက်က အော်ဟောက်လိုက်၏။

“သင်က ငါတို့ ရွှမ်ယွဲ့နိုင်ငံရဲ့ နှင်းရေခဲ နန်းတော်ကို ကျူးကျော်နေခဲ့ပြီ …”

“စန်နူး …”

အဘွားအိုက ဝမ်လင်းကို အေးစက်စွာ ကြည့်နေသည်။

ဝမ်လင်း အသွင်ကလည်း အေးစက် လွန်းနေခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဝမ်လင်း ခြေချလိုက်သည့် နေရာက မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပြီး သည်နန်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။

ဝမ်လင်းက ခပ်တိုးတိုးပြောလိုက်သည်။

“ပျက်စီးစမ်း …”

နန်းတော် တစ်ခုလုံးက စတင်တုန်ခါ လာပြီးနောက် တစ်ဝက်က ပြိုကျသွားလေ၏။

အကြီးအကဲ သုံးယောက်၏ အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ အဘိုးအို နှစ်ယောက်ထဲက တစ်ယောက် ဝမ်လင်းကို မယုံကြည်နိုင်ဟန် ကြည့်၍ ပြောလိုက်သည်။

“မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်သွားပြီလား …”

ဝမ်လင်းက သူတို့သုံးယောက်ကို ကြည့်ပင် မကြည့်ချေ။ သူ့အကြည့်က လီယွမ်ဖန်ထံ၌သာ တစ်ချိန်လုံး ကျရောက်နေ၏။ သည်အခိုက်တွင် သူက လီယွမ်ဖန် ရှိရာသို့ လျှပ်စီးတန်းအလား တိုးဝင်လာသည်။

အကြီးအကဲ သုံးယောက်က ချက်ချင်းမာန်သွင်း၍ ဝမ်လင်းရှေ့တွင် သူ့ကို တားဆီးရန်အတွက် ပေါ်လာခဲ့သည်။

ဝမ်လင်း မျက်လုံးများက အေးစက်လို့နေ၏။ သူက အကြီးအကဲ သုံးယောက်ထဲက ရှေ့တွင် ရှိနေသော တစ်ယောက်၏ ရင်ဘက်ပေါ်သို့ လက်သီးဖြင့် ပစ်သွင်းလိုက်သည်။

ဘန်း …

အကြီးအကဲ၏ ရင်ဘက်က တွန့်လိမ်သွားပြီး သူက သွေးအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ် ကလည်း လွင့်ထွက်သွား၏။ သူက လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။ သူ့မူလ စိတ်ဝိညာဉ်ပင် မလွတ်မြောက် နိုင်ခဲ့ပဲ လက်သီးချက်ကြောင့် အစိတ်စိတ် ဖြစ်သွားခဲ့ရ၏။

သည်အရာက မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့ ပေါင်းစပ်ထားသည့် စွမ်းအားပင် ဖြစ်ချေ၏။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က လက်သီးတစ်ချက်ဖြင့်ပင် သေဆုံးခဲ့ရသည်။

ကျန်နေသေးသည့် နှစ်ယောက်က ချက်ချင်း ကြောက်ရွှံ့မှုကြောင့် အေးခဲသွားလေ၏။

ဝမ်လင်းက ကျန်သည့် နှစ်ယောက်ကို လှည့်၍ပင် မကြည့်ဘဲ လီယွမ်ဖန် ရှိရာသို့ ဆက်လှမ်းလာခဲ့၏။

လီယွမ်ဖန်၏ အသွင်က နက်မှောင်သွား၏။ သူက လက်ကို လျင်မြန်စွာ လှုပ်ရှား၍ ချိပ်တံဆိပ်များကို ပြုလုပ်ကာ ရေခဲတုံးကြီး ရှစ်ခုထံသို့ ညွှန်လိုက်သည်။ သည်ရေခဲတုံးများက ချက်ချင်းသူ့ကို ကာကွယ်ပေးရန် ရွှေ့လျားသွား၏။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ ရေခဲတုံးများထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဘန်း … ဘန်း …

အဆက်မပြတ် ပေါက်ကွဲသံများက ရွှမ်ယွဲ့နိုင်ငံ ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွား၏။

လီယွမ်ဖန်ရှေ့ရှိ ရေခဲတုံးများသည်လည်း အက်ကွဲ လာခဲ့ပြီးနောက် သေးငယ်သော အပိုင်းအစများ အဖြစ်သို့ ပြိုကွဲသွားသည်။ ပြင်းထန်သော တုန်ခါလှိုင်းများက ကျန်သည့် နန်းတော် အစိတ်အပိုင်းကိုပါ ပြိုကျသွားစေခဲ့၏။

ရေခဲတုံးများက ကွဲထွက်သွားသည်နှင့် လီယွမ်ဖန်၏ အသွင်က ရှေ့သို့ တဟုန်ထိုး တိုးထွက် လာခဲ့သည်။ သူက လေထဲ၌ မျောလွင့်နေပြီး ဆံပင်များကလည်း လေမတိုက်ဘဲ လှုပ်ရှားလို့နေ၏။ သူက ပြောလိုက်သည်။

“စန်နူး … ဒီနေ့ မင်းသေချာပေါက် သေရမယ် …”

ဝမ်လင်က ခေါင်းမော့ကာ လီယွမ်ဖန်ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီနေ့ ငါက မင်းရဲ့ စိတ်ဝိညာဉ်ကို ယူပြီး သန့်စင်ပစ်မယ် …”

လီယွမ်ဖန်က ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်ရာ ဧရာမ လက်ဖက်ရွက် အမှတ်အသားက ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သူက သည်အမှတ်အသားကို ရှေ့သို့ တွန်းထုတ်၍ ဝမ်လင်း အပေါ်သို့ ဆင်းသက်စေသည်။

ဝမ်လင်း မျက်လုံးထဲ၌ တိုက်ပွဲဝင်စိတ်တို့ ပြည့်နေခဲ့သည်။ သူက အလျင်အမြန်ပင် လက်သီးဖြင့် သည်အမှတ်အသားကို ပင့်ထိုးလိုက်သည်။

ဘန်း …

ကောင်းကင်ထက်မှ ဆင်းသက်လာသည့် သည်လက်ဖက်ရွက် အမှတ်အသားက ပြိုကျသွားပြီး တုန်ခါလှိုင်းများ ဖြစ်ပေါ်လာသည့် အတွက်ကြောင့် လီယွမ်ဖန်က နောက်သို့ ပေတစ်ရာခန့် ဆုပ်လိုက်ရသည်။ လီယွမ်ဖန်၏ မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ကြောက်ရွှံမှုတို့ ဖြစ်ပေါ်လာ၏။

ဝမ်လင်းလည်း နောက်သို့ ခြေသုံးလှမ်းလောက် ဆုတ်လိုက်ရသည်။ သူ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်း မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ကုန်ကြသည်။

သူတို့ နှစ်ယောက်ကြားရှိ တိုက်ပွဲက ရွှမ်ယွဲ့မှ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သေသွားသည့် အဘိုးအိုကလွဲ၍ အခြားနှစ်ယောက်နှင့် ကျန်နေသေးသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် (၁၇) ယောက်တို့သည် နန်းတော်ရှိရာသို့ တည်နေရာ ရွှေပြောင်းလာကြသည်။။

သူတို့အတွက်တော့ လီယွမ်ဖန်က နိုင်ငံ တစ်ခုလုံး၏ ကလန်ခေါင်းဆောင်ပင် ဖြစ်ချေသည်။ သူ အသက်ရှင်နေ သေးသ၍ သူတို့က အဆင့်ငါး ကျင့်ကြံခြင်းနိုင်ငံ ဖြစ်နေဦးမည်သာ ဖြစ်၏။ သူ သေသွားခဲ့လျှင်တော့ သူတို့က အဆင့်လေး နိုင်ငံသို့ တစ်ဆင့် ထိုးကျသွားပေလိမ့်မည်။

မျက်စိတစ်မှတ်အတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများစွာ ရောက်ရှိ လာခဲ့ကြသည်။ သူတို့က တုံ့ဆိုင်းခြင်း မရှိဘဲ သူတို့၏ ရတနာမျာကို ဆွဲထုတ်၍ တိုက်ခိုက်ရန် ဟန်ပြင်သည်။

ဝမ်လင်း မျက်လုံးများက တည်ငြိမ်လို့နေသည်။ သူက စကားတစ်ခွန်းသာ ဆိုလိုက်၏။

“ထွက်သွားစမ်း …”

၎င်းက စကားတစ်ခွန်းသာ ဖြစ်သည်။ သည်စကားက ပထမ၌ နူးညံ့သော်လည်း မျက်စိတစ်မှတ်အတွင်း ကောင်းကင် တစ်ခုလုံး၌ ပဲ့တင့်ထပ်လာခဲ့သည်။

ထွက်သွားစမ်း … ထွက်သွားစမ်း … ထွက်သွားစမ်း … ထွက်သွားစမ်း …

သည်အသံက ကောင်းကင်ကိုပင် တုန်ခါစေ၏။ သည်အရာက ရှေးဟောင်း နတ်ဘုရား၏ အသံလည်း ဖြစ်ချေသည်။ ရှေးဟောင်း နတ်ဘုရား၏ ဒေါသလည်း မည်၏။ ဝမ်လင်းက ပထမဆုံး အကြိမ်အဖြစ် ရှေးဟောင်းနတ်ဘုရား တစ်ပါးအနေဖြင့် အစွမ်းကုန် မာန်သွင်း ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။

သည်အသံကြောင့် ကောင်းကင်ထက်ရှိ တိမ်များက ပျောက်ကွယ်သွားသည်။ ကောင်းကင် ထက်၌လည်း လေဟာနယ် အက်ကြောင်းများကဲ့သို့ အက်ကြောင်းများ ပေါ်လာခဲ့သည်။

မြေကြီးက တုန်ခါလာပြီး စက္ကူစ တစ်ရွက်ကဲ့သို့ အပိုင်းပိုင်း ပြတ်ကုန်သည်။

ကောင်းကင်က ကွဲကြေ၍ မြေပြင်က အက်ကွဲကြောင်းများ ဖြစ်ကုန်သည်။

တိုက်ခိုက်ရန် ဟန်ပြင်နေသော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များသည် သွေးအန်၍ နောက်သို့ အတင်းအကြပ် ဆုတ်လိုက်ရသည်။ သူ့တို့ မျက်လုံးထဲ၌လည်း ဆက်လက်၍ မတိုက်ခိုက် ဝံ့သည့်ဟန်များ ဖြစ်ပေါ်လို့ နေကြ၏။

စကားတစ်ခွန်း၏ စွမ်းအား …

ဝမ်လင်းက အသက်ဝဝ ရှူသွင်းမိလိုက်သည်။၊ သူ့မူလ ခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့ ပေါင်းစပ်ခြင်းက အရင်တုန်းက တစ်ခါမျှ ပေါ်မထွက် မလာဖူးသည့် ထူးဆန်းသော ဆင့်ကဲ ပြောင်းလဲမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အခုလက်ရှိ ဝမ်လင်းက သေခြင်းရှင်ခြင်း နယ်ပယ်ကို ထိန်းချုပ်နိုင်သော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်နှင့် ကြယ်သုံးခုရှိသည့် ရှေးဟောင်းနတ်ဘုရား ပေါင်းစပ်ထားသည်ဟု ယူဆရမည် ဖြစ်သည်။

လီယွမ်ဖန်၏ အသွင်က အလွန် ရုပ်ဆိုးသွားသည်။ သူက ဝမ်လင်ကို စူးစိုက် ကြည့်နေပြီးနောက် ပထမဆုံး အကြိမ်အဖြစ် သူ့ပြိုင်ဘက်ဟု ယူဆလိုက်သည်။ စောနက ဝမ်လင်း၏ စကားတစ်ခွန်း စွမ်းအားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် အားနည်းနေခြင်း မရှိခဲ့ချေ။

***

All Chapters