← Chapters

အခန်း ၂၀၁

Vol. 20 Ch. 201

အခန်း ၂၀၁

Vol. 20 Ch. 201

အခန်း (၂၀၁) - ဆေးဝါးများ ကုန်ဆုံးသွားခြင်း

ယခုအချိန်သည် တစ်နှစ်တာတွင် အအေးဆုံးအချိန်ဖြစ်ပြီး ပြင်ပလောကတစ်ခုလုံး ရေခဲပြင်ကြီးသဖွယ် အေးခဲနေသော်လည်း ကွန်နင်းနန်းဆောင်အတွင်း၌မူ နွေဦးရာသီကဲ့သို့ အစဉ်အမြဲ နွေးထွေးနေ၏။

ကြမ်းပြင်အောက် အပူပေးစနစ်က ပြင်းထန်လွန်းသောကြောင့် မိဖုရားခေါင်ကြီးသည် ချွေးများစိုရွှဲလျက် ပို၍မအီမသာ ဖြစ်လာသဖြင့် ညည်းတွားလိုက်မိသည်။

"အခုက ဆောင်းတွင်းဆိုတော့ ပိုအေးသင့်တာပေါ့။ မီးသွေးအပူပေးတာတစ်ခုတည်းကိုပဲ အားကိုးပြီး ဒီလိုနွေးထွေး အောင် အတင်းအကျပ် ဖန်တီးထားတာက သဘာဝတရားကိုဆန့်ကျင်နေသလိုပဲ။ ဒါက မကောင်းဘူး ထင်တယ်"

ဝူကျိရှန်းက ပြုံးလျက် လျှောက်တင်လိုက်၏။

"မိဖုရားကြီးရဲ့ ခန္ဓာကိုယ်က အနည်းငယ် အားနည်းနေသေးတဲ့အတွက် အအေးမိတာထက်စာရင် ပိုပြီးနွေးနွေးထွေးထွေး ရှိနေတာက အမြဲတမ်း ပိုကောင်းပါတယ်"

"သမားတော်ဝူ.. ဒီရက်ပိုင်းအတွင်း ငါ့ရဲ့ကျောက ပြန်ပြီးနာလာပြန်ပြီ။ နန်းတွင်းသမားတော်တွေက ငါ့ကို ပတ်တီးအချို့ ကပ်ပေးကြပေမဲ့ ဘာမှ ထူးမလာဘူး။ ဒါက ဘာကြောင့်လဲလို့ သင်ထင်သလဲ"

"မိဖုရားကြီးက အချိန်အကြာကြီး နေမကောင်းဖြစ်ခဲ့တဲ့အတွက် ကျောနဲ့ခြေထောက် နာကျင်တာ၊ ခြေလက်တွေ ထုံကျင်တာမျိုးက ရှောင်လွှဲလို့မရပါဘူး။ တကယ်တော့ ဒါက သိပ်ပြီးစိုးရိမ်စရာ မရှိပါဘူး"

"ကျောနာတာအပြင် ငါ အစားလည်း မစားချင်ဘူး။ အစားအစာတွေကို မြင်ရင် ပျို့အန်ချင်လာပြီး အတင်းအကျပ် စားမိရင်တောင် ပြန်အန်ထွက်ကုန်တယ်။ ဒါကရော ဘာဖြစ်လို့လဲ"

"အစားအသောက် ပျက်တာကတော့ မိဖုရားကြီးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြန်ပြီးထိန်းညှိပေးဖို့ လိုအပ်နေသေးလို့ပါ"

အမှန်စင်စစ် မိဖုရားခေါင်ကြီး၏ ရောဂါအခြေအနေက အလွန်ပင် စိုးရိမ်ရသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ နောက်ဆက်တွဲ ဝေဒနာအမျိုးမျိုးက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး နန်းတွင်းသမားတော်များ၏ ကုသမှုနည်းလမ်းများက လုံးဝထိရောက်မှု မရှိတော့သဖြင့်သမားတော် ဝူကျိရှန်းကိုသာ နန်းတော်တွင်းသို့ ခဏခဏ ဆင့်ခေါ်နေရခြင်း ဖြစ်သည်။

ဝူကျိရှန်း ရောက်လာလျှင်ပင် ဘာမှမတတ်နိုင်တော့ပေ၊ အကြောင်းမူကား သူ၏လက်ထဲတွင် အသုံးပြုနိုင်မည့် ဆေးဝါးများ လုံးဝမရှိတော့ခြင်းကြောင့် ဖြစ်ပေသည်။

သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ရောဂါအခြေအနေကို အစွမ်းကုန် ဖုံးကွယ်ထားရန်သာ ရှိတော့၏။မိဖုရားခေါင်ကြီးက မည်သို့ပင် မေးမြန်းပါစေ သူက သာမန်ဝေဒနာငယ်သို့မဟုတ် စိုးရိမ်စရာမရှိဟုသာ ပေါ့ပေါ့ပါးပါး လျှောက်တင်ပြီး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကိုသာ ပေးနေခဲ့သည်။

သို့သော် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုသည် ကျောက်ကပ်ရောင်ရောဂါကို မကုသနိုင်ပေ။

မိဖုရားခေါင်ကြီးမာ၏ ရောဂါအခြေအနေက တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာပြီး ဖောရောင်သည့် လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ထိုဖောရောင်မှုက ခြေဖဝါး၊ လက်ဖဝါးနှင့် ခြေလက်အင်္ဂါများတွင်တင် မကတော့ဘဲ တစ်ကိုယ်လုံးတွင် ထိုလက္ခဏာများ ပြသလာကာ မျက်ခွံများပင် မှတ်မိနိုင်စရာမရှိအောင် ဖောရောင်နေခဲ့ပြီ ဖြစ်၏။

ပိုမိုပြင်းထန်ဆိုးရွားသောအချက်မှာ မိဖုရားခေါင်ကြီးထံတွင် ဆီးတွင်းသွေးပါသည့် လက္ခဏာ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ၎င်းက အလွန်အန္တရာယ်ကြီးသော လက္ခဏာတစ်ခု ဖြစ်ပေသည်။

လက္ခဏာအားလုံးအရ သူမ ခံစားနေရသော ကျောက်ကပ်ရောင်ရောဂါသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဆီးဆိပ်တက်ခြင်းအဆင့်သို့ ဦးတည်နေကြောင်း ပြသနေသည်။

သို့သော် ဝူကျိရှန်းတွင် တတ်နိုင်သည့်နည်းလမ်း မရှိတော့ပေ။

သူမ၏ စိတ်ခံစားချက် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားမှုကို ကာကွယ်ရန်အတွက် လူတိုင်းက ရောဂါအခြေအနေ ပြင်းထန်မှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြ၏။ ကျူးယွမ်ကျန်းကိုယ်တိုင်ကပင် အသက်အန္တရာယ်စိုးရိမ်ရသည်ဟူသော စကားလုံးမျိုးကို မည်သူမျှ မပြောဆိုရန် အမိန့်ထုတ်ထားခဲ့သည်။ မည်သူမဆို စကားကျွံမိပါက အလွန်ပြင်းထန်သော အကျိုးဆက်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

"သမားတော်ဝူ.. သင် အရင်က အဲဒီဆေးတွေကို သုံးတုန်းက ငါ့ရောဂါက သိသိသာသာ သက်သာသွားခဲ့တယ်။ အဲဒီနောက်ပိုင်း သင် အဲဒီဆေးတွေကို ထပ်သုံးတာ မတွေ့ရတော့ဘူး။ သင် ဘာလို့ ဆက်မသုံးတော့တာလဲ"

ဤကဲ့သို့ ကူးစက်တတ်သော ကျောက်ကပ်ရောင်ရောဂါမျိုးအတွက် ပဋိဇီဝဆေးများက သိသိသာသာ ထိရောက်မှုရှိ၏။ ပင်နီဆလင်သည် ကျောက်ကပ်ရောင်ရောဂါကို အမြစ်ပြတ် မကုသနိုင်သော်လည်း ရောဂါဝေဒနာကို သိသိသာသာ သက်သာစေနိုင်သည်။

သို့သော် သူသည် ထိုဆေးများကို အကုန်သုံးစွဲမိသွားခဲ့ပြီ ဖြစ်သည်။

ရောဂါအခြေအနေ သက်သာလာသည်ဆိုခြင်းမှာ ငါးရက် ခြောက်ရက်မျှသာ ခံခဲ့ပြီးနောက် ပြန်လည်ဆိုးရွားလာခဲ့ခြင်း ဖြစ်၏။

မိဖုရားခေါင်ကြီး၏ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက ဟန်ဆောင်နေကြပြီး 'သမားတော်ဝူရဲ့ ဆေးပညာက တကယ့်ကို ထူးချွန်ပြောင်မြောက်လှပါတယ်' ဟုလည်းကောင်း၊ 'နည်းနည်းလောက် ကုလိုက်ရင် ပျောက်ကင်းသွားမှာပါ' ဟုလည်းကောင်း နှုတ်ချို သာယာသော စကားများကိုသာ တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသဖြင့် ဝူကျိရှန်းကသာ ဆက်လက်ကုသပေးနေလျှင် မိဖုရားခေါင်ကြီးတကယ်ပင်ပြန်လည်ကောင်းမွန်လာတော့မည့်အတိုင်း ဖြစ်နေသည်။

သို့သော် အမှန်တရားက လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး သူမ၏ အခြေအနေက လျင်မြန်စွာ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်၏။

သင့်ထံတွင် ထိုမျှကောင်းမွန်သော ဆေးဝါးရှိနေပါလျက်နှင့် ဘာကြောင့် ငါ့ကို မတိုက်ကျွေးတော့သနည်းဟုသူမမေးလာချိန်တွင်'ကျွန်တော့်ရဲ့ ဆေးတွေ ကုန်သွားပါပြီ' ဟု ပြောရန်မှာ လုံးဝမဖြစ်နိုင်သောအရာ ဖြစ်ပေသည်။ ဝူကျိရှန်းသည် တည်ငြိမ်‌သောအမူအရာကို အတင်းအကျပ် လုပ်ယူရင်း ပြုံးလျက် လျှောက်တင်လိုက်၏။

"အရင်က မိဖုရားကြီးကို တိုက်ကျွေးခဲ့တဲ့ ဆေးက တကယ်တော့ အနည်းငယ် အဆိပ်အတောက် ရှိတဲ့အတွက် အမြဲတမ်း သုံးစွဲဖို့ မသင့်တော်ပါဘူး"

မိဖုရားခေါင်ကြီးမာသည် ဆေးဝါးဗေဒကို လုံးဝနားမလည်သော်လည်း ဝူကျိရှန်းအနေဖြင့် သူမကို လွယ်လွယ်ကူကူ လှည့်စား၍မရနိုင် ပေ။သူမသည် ဆေးဝါးဗေဒကို နားမလည်လျှင်ပင် လူ့သဘာဝကို နားလည်သူဖြစ်သည်။

ထိုမျှ ထိရောက်သောဆေးကို တစ်ကြိမ်သာ သုံးပြီးနောက် ဘယ်တော့မှ ထပ်မသုံးတော့ခြင်းက ပြဿနာတစ်ခုတည်းကိုသာ ညွှန်ပြနေပေသည်။

"သမားတော်ဝူ.. သင် အဲဒီအံ့ဖွယ်ဆေးတွေ ကုန်သွားပြီမလား"

ထိုစကားကို ကြားလိုက်ရသောအခါ ဝူကျိရှန်းသည် ချက်ချင်းပင် စကားဆွံ့အသွားခဲ့၏။ဤမေးခွန်းကို မည်သို့မျှ အဖြေမပေးနိုင်ပေ။

အကယ်၍ သူက လိမ်ညာပြီး 'ကျွန်တော့်မှာ အဲဒီဆေးတွေ အများကြီး ရှိပါသေးတယ်' ဟု ပြောပါက မိဖုရားခေါင်ကြီး၏ ရောဂါအခြေအနေက သိသိသာသာ ဆိုးရွားနေပြီဖြစ်ရာ ဘာကြောင့် မသုံးရသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။

အကယ်၍ သူက အမှန်အတိုင်း 'အဲဒီဆေးတွေ မရှိတော့ပါဘူး' ဟု ပြောပါက မိဖုရားခေါင်ကြီးမာ၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ပြီး ကျူးယွမ်ကျန်း၏ အမိန့်ကိုလည်း ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။

ဤမေးခွန်းက အလွန်ရိုးရှင်း၍ရှိသည် သို့မဟုတ် မရှိပါဟူ၍ စကားတစ်ခွန်းတည်းဖြင့် ပြီးနိုင်၏။

သို့သော် ဝူကျိရှန်းသည် ဖြေဆိုရန် တုံ့ဆိုင်းနေခဲ့ပြီး အကြည့်လွှဲကာ စကားလမ်းကြောင်းကိုသာ လွှဲပြောင်းလိုက်သည်။

မိဖုရားခေါင်ကြီးသည် အလွန်အကဲခတ်တော်သော လူတစ်ဦးဖြစ်၏။ ဝူကျိရှန်း၏ အမူအရာကို မြင်သည်နှင့် သူမသည် အဖြေကို ချက်ချင်း သိရှိသွားခဲ့သည်။

ဝူကျိရှန်း စိတ်ကူးထားသည်နှင့် လုံးဝကွဲပြားစွာပင် မိဖုရားခေါင်ကြီးသည် အမှန်တရားကို သိရှိသွားချိန်တွင် ဒေါသထွက်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းမျိုး လုံးဝမပြသခဲ့ပေ။ သူမသည် လှုပ်ရှားမှုမရှိဘဲ နက်ရှိုင်းလှသော ရေကန်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့၏။

"သင့်မှာ အခက်အခဲရှိတာ ငါသိပါတယ်၊ ဒါကြောင့် ဒီမေးခွန်းကို ဖြေဖို့မလိုပါဘူး"

သာမန်လူတစ်ယောက်၏ တုံ့ပြန်မှုအရ မိမိကိုယ်မိမိ 'ကုသမရတော့ဘဲ သေရတော့မည်' ကို သိရှိသွားပါက စိုးရိမ်တကြီးဖြင့် 'ငါ နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲ' ဟူသော အရေးကြီးသည့် မေးခွန်းကို မုချမေးမြန်းကြပေလိမ့်မည်။

သို့သော် မိဖုရားခေါင်ကြီးက မမေးခဲ့ပေ။ သူမသည် ထိုမေးခွန်းကို လုံးဝစိတ်ဝင်စားပုံမရဘဲ ပြတင်းပေါက်ဆီသို့သာ မော့ကြည့်ရင်း ပြင်ပမှ ဖြူလွှလွှ တိမ်တိုက်များကိုသာ ငေးမောနေခဲ့သည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း စိတ်ဖောက်ပြန် တုန်လှုပ်ခြင်း ပြီးငိုကြွေးမြည်တမ်းခြင်း မရှိဘဲ ဤကဲ့သို့ တည်ငြိမ်နေခြင်းကထိုအမျိုးသမီး၏ စစ်မှန်သော မြင့်မြတ်မှုကို ပိုမိုထင်ရှားစေ၏။

ဤမြင့်မြတ်မှုက သူမ၏ ရာထူးဂုဏ်သရှိန်ကြောင့် ရရှိလာခြင်းမဟုတ်ဘဲ သူမ၏ တည်ငြိမ်ရင့်ကျက်မှုနှင့် စိတ်ထားကြီးမြတ်မှုတို့မှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။

"ကောင်းပြီ.. သင် ပြန်နိုင်ပါပြီ"

မိဖုရားခေါင်ကြီးမာ၏ လေသံက နက်ရှိုင်းသော ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်ပြီး အရေးမပါသော ကိစ္စတစ်ခုကို ပြောဆိုနေသကဲ့သို့ ဖြစ်၏။

"သင် နောက်ထပ် လာဖို့မလိုတော့ဘူး"

ဤအခြေအနေမျိုးတွင် ဝူကျိရှန်းက ဘာပြောနိုင်ဦးမည်နည်း။သူသည် ဘာမှမပြောတော့ဘဲ မိဖုရားခေါင်ကြီးမာကို ဦးညွှတ်ဂါရဝပြုကာ တိတ်ဆိတ်စွာပင် ဆုတ်ခွာခဲ့တော့သည်။

နန်းတော်မှ ထွက်ခွာပြီးနောက် သူသည် ကျယ်ပြောလှသော ကောင်းကင်လမ်းမကြီးအတိုင်း တောင်ဘက်သို့ လျှောက်လှမ်းလာခဲ့၏။

ထိုစဉ် သူ၏အနောက်ဘက်ဆီမှ မြင်းခွာသံများ ရုတ်တရက်ထွက်ပေါ်လာသည်။

မြင်းခွာများက လမ်းမပေါ်ရှိ ကျောက်ပြားများနှင့် ရိုက်ခတ်မိကာ စူးရှသော အသံများကို မြည်ဟီးစေ၏။

"သမားတော်ဝူ.. ခဏလောက် ရပ်ပါဦး"

လှည့်ကြည့်လိုက်သောအခါ ၎င်းက အိမ်ရှေ့မင်းသားစံအိမ်မှ အစေခံတစ်ဦး ဖြစ်နေသည်။

"ဘာကိစ္စရှိလို့လဲ"

ထိုအစေခံသည် မြင်းပေါ်မှ ဆင်းရန်ပင် အချိန်မရဘဲ ဝူကျိရှန်းထံသို့ စိတ်လှုပ်ရှားဖွယ် သတင်းကို ပြောပြလိုက်၏။

"အိမ်ရှေ့မင်းသားက သမားတော်မင်းကြီးကို ပြောခိုင်းလိုက်ပါတယ်.. ကျင်းမင်းသားက သမားတော်ဝူတောင်းဆိုထားတဲ့ ပစ္စည်းတွေကို သယ်ဆောင်ပြီး ဝါးမြစ်ကို ဖြတ်ကျော်လာခဲ့ပါပြီ။အခု နေ့ရောညပါ ဒီကို အပြင်းနှင်လာနေတဲ့အတွက် သမားတော်ဝူအနေနဲ့ စောစောစီးစီး ပြင်ဆင်ထားပါတော့"

ကျင်းမင်းသားသည် ထိုကျိရှဲ့များ၏ ကြီးမားလှသော အရေးပါမှုကို ကောင်းကောင်းသိရှိထားပေသည်။ ပထမဆုံး မြင်းလှည်းတစ်စီးစာ တူးဖော်ပြီးသည်နှင့် သူကိုယ်တိုင် ကြီးကြပ်ကွပ်ကဲကာ တောင်ဘက်သို့ နေ့ရောညပါ သယ်ယူလာခဲ့ခြင်း ဖြစ်၏။

ဝူကျိရှန်းက သူ၏ပေါင်ကို ရိုက်လိုက်သည်။

"ကောင်းတယ်.. တကယ့်ကို ကောင်းတယ်.. ငါ အခုပဲ ပြန်ပြီး ပြင်ဆင်လိုက်မယ်"

"အိမ်ရှေ့မင်းသားက အစိုးရဌာနအားလုံးကို အကြောင်းကြားထားပြီးပါပြီ။ သမားတော်ဝူအနေနဲ့ ငွေကြေးဖြစ်ဖြ၏် လူအင်အားဖြစ်ဖြစ် ဘယ်လောက်ပဲ လိုအပ်ပါစေ ချက်ချင်း ထောက်ပံ့ပေးပါလိမ့်မယ်။ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေကိုတော့ နောက်မှ လုပ်ဆောင်လို့ ရပါတယ်.. ဘယ်လိုမှ နှောင့်နှေးကြန့်ကြာမှု မရှိစေရပါဘူး"

အသက်ကယ်ဆေးကို ထုတ်လုပ်ရန်အတွက် ဝူကျိရှန်း လိုအပ်သမျှ လူအင်အားနှင့် ရုပ်ဝတ္ထုပစ္စည်းများကို အိမ်ရှေ့မင်းသား ကျူးပြန်က ရက်ရက်ရောရော ပံ့ပိုးပေးမည်ဖြစ်ကာ ရှုပ်ထွေးသော ရုံးလုပ်ငန်းအဆင့်ဆင့်ကို ဖြတ်သန်းရန်ပင် မလိုဘဲ အရင်သုံးစွဲပြီးမှ လုပ်ထုံးလုပ်နည်းများကို ဖြေရှင်းနိုင်ပေသည်။

၎င်းက ကြီးမားသော ထောက်ပံ့ကူညီမှုကြီး ဖြစ်ပြီး လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်းနှင့် ဘဏ္ဍာရေး အစရှိသော ကဏ္ဍစုံကို အပြည့်အဝ လှုပ်ရှားသက်ဝင်စေခဲ့ပြီ ဖြစ်ပေသည်။

*********

All Chapters