← Chapters

အခန်း ၂၀၂

Vol. 20 Ch. 202

အခန်း ၂၀၂

Vol. 20 Ch. 202

အခန်း (၂၀၂) - မင်အင်ပါယာ၏ဆေးဝါးထုတ်လုပ်ရေးစက်ရုံ

"မီးရှို့"

ဝူကျိရှန်း၏ အမိန့်ပေးသံအဆုံးတွင် လက်သမားပညာရှင်များသည် မီးသွေးမီးကို စတင်မွှေးလိုက်ကြပြီး ကြီးမားလှသော လက်တွန်းလေမှုတ်စက်ကြီး လေးခုကို အသုံးပြုကာ ဖိုကန်အတွင်းမှ မီးလျှံများကို တဟုန်းဟုန်း တောက်လောင်လာစေရန် လေပင့်ပေးကြ၏။

"ကုန်ကြမ်းတွေ ထည့်တော့"

တိကျစွာ တိုင်းတာထားသော ထုံးကျောက်၊ ယမ်းစိမ်း၊ သစ်ဆီကြမ်းနှင့် အခြားပစ္စည်းများကို ကြီးမားလှသော ကြွေဒယ်အိုးကြီးများထဲသို့ လောင်းထည့်လိုက်ကြသည်။

ဝူကျိရှန်း ရှိနေသော 'လုပ်ငန်းဆောင်ရွက်ရေးအလုပ်ရုံ' မှာ အလုပ်ရုံအများအပြားထဲမှ တစ်ခုမျှသာ ဖြစ်ပြီး အနီးနားရှိ အခြားအလုပ်ရုံတစ်ခုတွင်မူ တိရစ္ဆာန်အဆီခဲကြီးများကို ကျိုချက်နေကြ၏။

ဆူပွက်နေသော ထုံးရေနံ့များနှင့်အတူ ပရိုတင်းဓာတ်များ လောင်ကျွမ်းနေသည့် အနံ့ဆိုးများ ရောနှောနေသဖြင့် ထူးဆန်းဆန်းပြားသော အနံ့အမျိုးမျိုး ပေါင်းစပ်ကာ လူကို ပျို့အန်ချင်လာစေသည်။

ခြေလှမ်းအနည်းငယ်အကွာရှိ 'ပိုးမွေးမြူရေးအလုပ်ရုံ' တွင်မူ ချင်းချင်းသည် လက်သမားပညာရှင် အယောက်နှစ်ဆယ်ကျော်ကို ကြီးကြပ်ရင်း ကောက်ညှင်းမှုန့်ကြမ်းများကို တစ်ဝက်ခန့်ကျက်နေသော ပဲနို့ရည်ထဲသို့ ရောမွှေထည့်နေ၏။

ချင်းချင်း၏ အနောက်ဘက်ရှိ မြင့်မားသော သစ်သားစင်များပေါ်တွင် 'ပိုးမွေးမြူရေး အရည်အိုး' များကို သေသပ်လှပစွာ စီရီထားသည်။

ထိုမြင့်မားသော သစ်သားစင်များ၏ အနောက်ဘက်တွင်မူ သိပ်သည်းလှသော မြေထည်ပိုက်တန်းများကို စီစဉ်ထားပြီး ပိုက်များအတွင်း၌ ရေနွေးများ အဆက်မပြတ် စီးဆင်းစေခြင်းဖြင့် အပူချိန်ကို ပုံမှန်အတိုင်း ထိန်းညှိပေးထား၏။

ပင်နီဆလင်၏ တစ်ဝက်တစ်ပျက် ထုတ်ကုန်အဆင့်တွင် ချင်းချင်းသည် ပင်နီဆလင် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို နားလည်ပြီး ကိုယ်တိုင်လည်း လုပ်ဆောင်ဖူးသဖြင့် ဝူကျိရှန်းက သူမကို 'လက်ထောက်' အဖြစ် ခေါ်ယူကာ ပင်နီဆီလင် ပိုးမွေးမြူခြင်းနှင့် ထုတ်လုပ်ခြင်းကဏ္ဍကို အဓိက အာရုံစိုက်ခိုင်းထားခြင်း ဖြစ်ပေသည်။

ခေတ်ဖြတ်ကူးသည့် ဝတ္ထုအများအပြားတွင် ဇာတ်လိုက်များသည် ပင်နီဆလင်ကို အလွန်လွယ်ကူစွာ ထုတ်လုပ်နိုင်ကြပြီး ထိုအရာကို အားစိုက်စရာမလိုဘဲ ရရှိနိုင်သကဲ့သို့ ရေးသားကြသော်လည်း အမှန်စင်စစ် ရှေးဟောင်းနည်းပညာ အခြေအနေအောက်တွင်မူ ၎င်းက လုံးဝမဖြစ်နိုင်သောအရာ ဖြစ်၏။

ဝူကျိရှန်းကဲ့သို့သော 'ဆေးပညာ' ပါရဂူတစ်ဦးအတွက်ပင် လုပ်ငန်းစဉ်အားလုံးကို သိရှိနေပါသော်လည်း အလွန်ဆုံး တတ်နိုင်သည်မှာ အာနိသင်အတိအကျမသိရသော တစ်ဝက်တစ်ပျက် ထုတ်ကုန်များကိုသာ စပ်ဟပ်ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

စစ်မှန်သော ပင်နီဆလင်ကို မိမိဘာသာ ထုတ်လုပ်ရန် ကြိုးစားခြင်းက ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။

ယခုကဲ့သို့ နိုင်ငံတော်၏ အာဏာနှင့်အင်အားကို အသုံးချကာ ကုန်ကျစရိတ်ကို လုံးဝဂရုမစိုက်ဘဲ အင်မတန် အကန့်အသတ်မရှိလှသော လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်းများကို အခြေခံ၍ အကြမ်းထည်ဆုံးနှင့် အခြေခံအကျဆုံး နည်းလမ်းများဖြင့် စုပြုံလုပ်ဆောင်မှသာ လျှင် ရရှိနိုင်ပေသည်။

ပင်နီဆလင်ကို ထုတ်လုပ်ရန်အတွက် သူသည် တကယ့်ကို အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်၏။

အကြိုပြင်ဆင်မှုများအတွက်တင် သူသည် စစ်လက်နက်ပစ္စည်းဌာနနှင့် ဆောက်လုပ်ရေးဌာနတို့မှ လက်သမားပညာရှင် ရာပေါင်းများစွာကို စုဆောင်းခဲ့ရသည်။

စတီးလ် သို့မဟုတ် အခြားထူးခြားသော ပစ္စည်းများ မရှိသဖြင့် သူသည် ပုံစံကြမ်းများကို ကိုယ်တိုင်ရေးဆွဲကာ ပန်းပဲဌာနမှ လက်သမားများကို နေရာ၌တင် ဖိုခုံများဆောက်လုပ်စေပြီး ၎င်းတို့အစား အသုံးပြုရန် ကြွေထည်များကို ဖုတ်လုပ်ခိုင်းခဲ့သည်။

ရှေးလူတို့၏ ဉာဏ်ပညာကို လျှော့တွက်၍မရပေ။

ထိုမျှများပြားလှသော ကျွမ်းကျင်ပညာရှင်များနှင့် အကန့်အသတ်မရှိသော 'သုတေသနရန်ပုံငွေ' ကြောင့် ဝူကျိရှန်းသည် ပြင်ဆင်မှုအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပြီး 'သန့်စင်ဓာတ်ပေါင်းဖို' နှင့် 'လေလုံအိုး' ကဲ့သို့သော အကြီးစားပစ္စည်းကိရိယာများကိုပင် ရိုးရာနည်းလမ်းများဖြင့် ထုတ်လုပ်နိုင်ခဲ့၏။

ရာနှုန်းပြည့် လက်မှုပညာဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး လက်သမားပညာရှင်များ၏ ကျွမ်းကျင်မှုနှင့် ကြီးမားသော ဘဏ္ဍာရေးပံ့ပိုးမှုအပေါ်တွင်သာ အပြည့်အဝ အားကိုးထားရသဖြင့် ၎င်းက မရေမတွက်နိုင်သော လူအင်အားနှင့် ရုပ်ဝတ္ထုပစ္စည်းများကို စုပြုံသုံးစွဲထားခြင်း ဖြစ်ပေသည်။ အရည်အသွေးပြည့်မီသော လေလုံအိုးကြီး တစ်လုံးကို ထုတ်လုပ်နိုင်ရန်အတွက် ဖိုအများအပြားမှ ထွက်ရှိလာသော ကြွေထည်ပစ္စည်းများကို ဖျက်ဆီးပစ်ခဲ့ရသည်ဖြစ်ရာ ကုန်ကျစရိတ်မှာ ကြီးမားလှပေသည်။

ဤကဲ့သို့ ရူးသွပ်ဖွယ်ရာ ကောင်းလှသော သုတေသနလုပ်ငန်းကို လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်း အမြောက်အမြားဖြင့် ဖိနှိပ်လုပ်ဆောင်မှသာ အကြိုလုပ်ငန်းစဉ်များကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့၏။

အရေးတကြီး လိုအပ်နေသော 'ကျိရှဲ့ကျောက်ဖြူများ' သည်လည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝူကျိရှန်းသည် ထိုကျိရှဲ့များကို လေထုနှင့် အချိန်အကြာကြီး လုံးဝမထိတွေ့စေရန် ကြိုတင်ညွှန်ကြားထားခဲ့သဖြင့် ထုပ်ပိုးမှုစနစ်က အလွန်ပင် တင်းကျပ်လှ၏။ တူးဖော်ရရှိသမျှသော ကျိရှဲ့များကို လေလုံကြွေအိုးများထဲသို့ ထည့်သွင်းကာ အိုးနှုတ်ခမ်းဝများကို ဖယောင်းဖြင့် ပိတ်ဆို့ထားခဲ့သည်။

ထို့နောက် အိုးများကို ပိုးထည်များဖြင့် လေမခိုအောင် ပတ်တီးစည်းနှောင်ပြီး သစ်သားသေတ္တာကြီးများထဲသို့ ထည့်သွင်းကာ သေတ္တာများကို ဖယောင်းများဖြင့် ထပ်ခါထပ်ခါ သုတ်လိမ်းပြီးမှ ပိုးထည်နောက်တစ်လွှာဖြင့် ထပ်မံထုပ်ပိုးထားပြန်သည်။

ခရီးဝေး သယ်ယူပို့ဆောင်ရေးတွင် ပွတ်တိုက်မိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ဂွမ်းနှင့် ကတ္တီပါကဲ့သို့သော အဝတ်အထည် နူးညံ့မှုများဖြင့် ကြားခံညှပ်ပေးထားသေး၏။

ဤကဲ့သို့သော ကျိရှဲ့သေတ္တာကြီးတစ်လုံးကို သဲကန္တာရအရပ်မှ ကျန်းနန်ဒေသသို့ သယ်ယူပို့ဆောင်ရန်အတွက် သယ်ယူစရိတ် မြင့်မားသည်ကို ထည့်မပြောလျှင်ပင် ထုပ်ပိုးမှုစရိတ်တစ်ခုတည်းကတင် ကောင်းကင်သို့ မှီလုနီးပါး ဖြစ်ပေသည်။

ပထမဆုံး ရောက်ရှိလာသော ကျိရှဲ့များမှာ စုစုပေါင်း မြင်းလှည်း လေးဆယ့်နှစ်စီး ဖြစ်၏။ သတိကြီးစွာ ထားသည့်အနေဖြင့် ဝူကျိရှန်းသည် မြင်းလှည်းတစ်စီးစာကိုသာစမ်းသပ်အသုံးပြုခဲ့သည်။

"ကျိရှဲ့ပိဿာတစ်ရာကို တစ်ပုံလုပ်.. အားလုံးပေါင်း လေးပုံခွဲပြီး ကုန်ကြမ်းတွေကို ထည့်.."

ကျိရှဲ့ကို အသုံးပြု၍ ပြင်းထန်သော အယ်လ်ကာလီဓာတ် ထုတ်ယူသည့် အရေးကြီးသော လုပ်ငန်းစဉ် စတင်သည်နှင့် ဆေးဝါးလုပ်ငန်းဆောင်တစ်ခုလုံးတွင် စူးရှသောအနံ့ဆိုးများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့တော့သည်။

တစ်နေ့တာလုံးနီးပါး လုပ်ဆောင်ခဲ့ရသော လုပ်ငန်းစဉ်များအပြီးတွင် 'အညစ်အကြေးဖယ်ရှားခြင်း' ၊ 'ရေစစ်ခြင်း' ၊ 'ဓာတ်ပြုခြင်း' နှင့် 'သန့်စင်ခြင်း' စသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များ၏ နောက်ဆုံးရလဒ်အနေဖြင့် ကျိရှဲ့ပိဿာလေးရာမှ ထွက်ရှိလာသော ကုန်ချောမှာ နှစ်ပိဿာပင် မပြည့်ဘဲ ဝိုင်အိုးတစ်လုံးစာ ဖြည့်ရန်ပင် မလုံလောက်ပေ။

၎င်းက လူသားတို့ ဓာတ်ခွဲဓာတ်ပြုမှုဖြင့် ထုတ်လုပ်နိုင်ခဲ့သော အစောဆုံး ဟိုက်ဒရိုဆိုက် အယ်လ်ကာလီပြင်း ဖြစ်ပြီး ၎င်း၏ သန့်စင်မှုနှုန်းမှာ 'စက်မှုလုပ်ငန်းသုံးအဆင့်' နီးပါးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သောအရာမျိုးသည် သာမန်ဓာတုဗေဒဆိုင်ရာ ဆိုင်တစ်ဆိုင်တွင် ပိုက်ဆံအနည်းငယ်မျှဖြင့် ဝယ်ယူရရှိနိုင်ပြီး နို့လက်ဖက်ရည်တစ်ခွက်စာပင် တန်ဖိုးမရှိသလို အမြောက်အမြား ဝယ်ယူပါက ဈေးနှုန်းက ပိုမိုသက်သာသွားဦးမည် ဖြစ်၏။

သို့သော် မင်အင်ပါယာခေတ်တွင်မူ ၎င်းအတွက် တွက်ချက်၍မရနိုင်သော ကြီးမားလှသည့် အရင်းအနှီးများကို ပေးဆပ်ခဲ့ရသည်။

သို့သော်လည်း ဤပစ္စည်းတွင် ငွေကြေးဖြင့် တိုင်းတာ၍မရနိုင်သော သမိုင်းဝင် အရေးပါမှုများ ရှိနေပေသည်၊ အကြောင်းမူကား ၎င်းကို ဆေးဝါးထုတ်လုပ်ရာတွင် သာမက ပိုမိုကျယ်ပြန့်သော စက်မှုလုပ်ငန်းကဏ္ဍများတွင်ပါ အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်၏။

ဓာတုဗေဒလုပ်ငန်း၏ မိခင်ဟု သိကြသော 'အက်ဆစ်နှစ်မျိုးနှင့် အယ်လ်ကာလီတစ်မျိုး' အနက် ဝူကျိရှန်းသည် သုံးပုံနှစ်ပုံကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ ၎င်းက မည်သို့သောအဓိပ္ပာယ်ကို ဆောင်သည်ဆိုခြင်းကို သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် သူသည် ထိုအရာများကို တွေးတောပူပန်မနေနိုင်သေးဘဲ ပင်နီဆလင် ထုတ်လုပ်နိုင်ရေးအတွက်သာ စိတ်အာရုံတစ်ခုတည်းဖြင့် အာရုံစိုက်နေခဲ့သည်။

အယ်လ်ကာလီပြင်း၏ အကြီးမားဆုံး လုပ်ဆောင်ချက်မှာ ပဋိဇီဝဆေးများ ထုတ်လုပ်ရန်အတွက်တင် မကဘဲ 'ထုတ်ယူခြင်း' ၊ 'ခွဲထုတ်ခြင်း' နှင့် 'ဓာတ်ခွဲစမ်းသပ်ခြင်း' ဟူသော ကဏ္ဍသုံးရပ်တွင် အဓိက ပါဝင်နေပြီး စက်မှုလယ်ယာစနစ်ဖြင့် 'လက်တွေ့ကျကျ' ထုတ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များ ဖြစ်ပေသည်။

ဥပမာအားဖြင့် ဝူကျိရှန်း ယခင်က ထုတ်လုပ်ခဲ့သော ပင်နီဆလင်အမျိုးအစားမှာ အကောင်းဆုံးပြောရလျှင် တစ်ဝက်တစ်ပျက် ထုတ်ကုန်မျှသာဖြစ်ပြီး ၎င်းကို ရေရှည်သိုလှောင်ထားနိုင်ခြင်း မရှိသည့်အပြင် လက်တွေ့အသုံးချရန်လည်း အလွန်ခက်ခဲလှကာ အခြေခံ ဓာတ်မတည့်မှုစမ်းသပ်ခြင်းကိုပင် မပြုလုပ်နိုင်သဖြင့် ဤခေတ်ကာလတွင် လူသားတို့၏ ဓာတ်မတည့်မှုကို မသိရှိနိုင်သောကြောင့် အသုံးပြုတိုင်းတွင် ကြီးမားသောအန္တရာယ်ကို သယ်ဆောင်ထားရသည်။

စက်မှုလုပ်ငန်းသုံး အယ်လ်ကာလီပြင်း ရှိလာခြင်းကမူ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်ပေသည်။

"အီသနော ယူခဲ့.. မဟုတ်သေးဘူး.. ပြင်းအားမြင့်တဲ့ အရက်တွေကို ယူခဲ့ပါ"

မင်အင်ပါယာခေတ်တွင် အလွယ်ကူဆုံး ရရှိနိုင်သောအရာမှာ အရက်ဖြစ်၏။ မဟာမင်အင်ပါယာတွင် အစိုးရပိုင် အရက်ချက်စက်ရုံများစွာ ရှိနေသဖြင့် ပေါင်းခံနည်းလမ်းကိုသာ အသုံးပြုပြီး အရက်ပြင်းအား မြင့်မားလာစေရန် ထပ်ခါထပ်ခါ လုပ်ဆောင်ရုံမျှဖြင့် စက်မှုလုပ်ငန်းသုံး အရက်ကို ရရှိနိုင်ပေသည်။ကုန်ကြမ်းအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ ကျန်ရှိသော လုပ်ငန်းစဉ်များက အလွန်ရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်။ အီသနောကို အသုံးပြု၍ ဆိုဒီယမ်အခြေခံ အီသနောဆားများကို ရယူကာ ရိုးရာရေနွေးငွေ့ အပူပေးစနစ်ဖြင့် အပူချိန်နိမ့်နိမ့်တွင် အငွေ့ပျံစေပြီး နောက်ဆုံးတွင် ပုံဆောင်ခဲဖြစ်ထွန်းမှုကို ပြီးဆုံးစေနိုင်ခဲ့သည်။

ဤထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးက အံ့ဩစရာကောင်းလောက်အောင် အကြမ်းထည်ဆန်နေသော်လည်း ၎င်းတွင် ပင်နီဆလင် စက်မှုလုပ်ငန်းသုံး ထုတ်လုပ်မှုအတွက် အခြေခံအုတ်မြစ်များ အပြည့်အဝ ရှိနေခဲ့ပြီဖြစ်ကာ တစ်ခုတည်းသော အားနည်းချက်မှာ ထွက်ရှိလာသော ပင်နီဆလင်၏ အာနိသင်ပြင်းအားက လုံလောက်မှု မရှိသေးခြင်း ဖြစ်၏။

ယခုအခါ သူ၏လက်ထဲတွင် အက်ဆစ်ပြင်းနှင့် အယ်လ်ကာလီပြင်းများ ရှိနေပြီဖြစ်သဖြင့် ရေဓာတ်တန်ဖိုးကို တိကျစွာ တိုင်းတာနိုင်ခဲ့ကာ ၎င်းက ပင်နီဆလင်၏ ခန့်မှန်းခြေ ပြင်းအားပမာဏကို တိုင်းတာနိုင်စေရန် ကူညီပေးခဲ့သည်။

ပြင်းအားပမာဏ ရှစ်သောင်းဝန်းကျင်ခန့်မှာ ခေတ်သစ်ဆေးပညာ စံနှုန်းများသို့ ရောက်ရှိရန် ဝေးကွာနေသေးပြီး အကယ်၍ ပြင်ပပိုးသတ်ဆေးအဖြစ် အသုံးပြုမည်ဆိုပါက အဆင်ပြေနိုင်သော်လည်း အတွင်းကုသမှုအတွက် သုံးစွဲမည်ဆိုပါက 'မတတ်သာ၍ သုံးစွဲရသည်' ဟူသော စကားလုံးနှစ်လုံးဖြင့်သာ ဖော်ပြနိုင်ပေလိမ့်မည်။

ဤမျှနိမ့်ပါးလှသော ပြင်းအားပမာဏက တကယ့်ကို အားရကျေနပ်စရာ မရှိလှပေ။

သို့သော် ဤနေရာက မင်အင်ပါယာခေတ် ဖြစ်နေသဖြင့်ထိုအဆင့်အထိ လုပ်ဆောင်နိုင်ခြင်းကပင်လျှင် မဖြစ်နိုင်သောအရာကို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အံ့ဖွယ်တစ်ခု ဖြစ်ပေသည်။

လက်ရှိနည်းပညာအဆင့်အတန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအရ ဤမျှအထိ လုပ်ဆောင်နိုင်ခြင်းကပင်လျှင် အစွမ်းကုန် တတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

*********

All Chapters