အခန်း ၂၀၃
Vol. 20 Ch. 203
အခန်း (၂၀၃) - စတုတ္ထအဆင့်ရာထူး
အတိတ်မင်းဆက်အဆက်ဆက်၏ ထုံးတမ်းစဉ်လာများအရ အစိုးရရုံးဌာနများသည် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သော တစ်ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ငါးရက်နေ့မှစတင်၍ ရုံးပိတ်လေ့ရှိကြ၏။
အရာရှိများသည်လည်း လူသားများသာဖြစ်သဖြင့် နှစ်သစ်ကူးကို ဆင်နွှဲရန် လိုအပ်ပေသည်။
တစ်ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ငါးရက်နေ့မှသည် နှစ်သစ်၏ ပထမလဦး ငါးရက်နေ့အထိ ဆယ်ရက်တာကာလမှာ ရှားပါးလှသော 'တရားဝင်ရုံးပိတ်ရက်' ဖြစ်သဖြင့် အလွန်အရေးကြီးသော ကိစ္စရပ်များမှတစ်ပါး ရုံးအသီးသီးရှိ အရာရှိများသည် တာဝန်ကျဝန်ထမ်းအနည်းငယ်မှလွဲ၍ အားလုံးပင် နှစ်သစ်ကူးရန်အတွက် နေအိမ်များသို့ ပြန်ကြလေသည်။
တစ်နှစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့သော ကျူးယွမ်ကျန်းသည်လည်း နောက်ဆုံးတွင် ရှားရှားပါးပါး အားလပ်ချိန်ကို ရရှိခဲ့ပြီး မိဖုရားခေါင်ကြီးနှင့် စကားစမြည် ပြောဆိုနေ၏။
ဆေးရည်သွင်းခြင်းကို ခုတင်တင် ပြီးစီးထားသောကြောင့် မိဖုရားခေါင်ကြီးသည် စိတ်ရွှင်လန်းနေခဲ့သည်။
"မယ်တော်က ပိုပြီးတော့တောင် သွယ်လျလာသလိုပဲ"
ကျင်းမင်းသားက ထိုသို့ လျှောက်တင်လိုက်သောအခါ ကျူးယွမ်ကျန်းသည် ထုံးစံမဟုတ်ဘဲ သူ့ကို ကြင်နာသောအကြည့်ဖြင့် ကြည့်လိုက်ပြီး သားသမီးများနှင့် စကားပြောနေသော ဖခင်အိုကြီးတစ်ဦးကဲ့သို့ ပြုံးရွှင်လျက် ဆိုလိုက်၏။
"ပိန်တာက ကောင်းပါတယ်။ အသက်ကြီးလာတဲ့အခါ ပိန်တာက ငွေပေးဝယ်လို့မရတဲ့ ကောင်းချီးတစ်ခုပဲ။ ဒါက ကောင်းတဲ့အချက်ပဲ"
၎င်းက တကယ်ပင် ကောင်းသောအချက် ဖြစ်ပေသည်။
ပင်နီဆလင်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီးနောက် လေးရက်ဆက်တိုက် ဆေးရည်သွင်းခဲ့သဖြင့် မိဖုရားခေါင်ကြီးမာ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖောရောင်မှုများမှာ စတင်လျော့ပါးသွားခဲ့ကာ အရေပြားပေါ်တွင် သိသာထင်ရှားသော အရေးအကြောင်းများ ပေါ်ပေါက်လာပြီး ပျော့တွဲလာခဲ့သည်။ သူမ၏ မျက်ခွံများပင် တွဲကျလာသဖြင့်ရှိရင်းအသက်ထက် ပိုမိုအိုမင်းသွားသကဲ့သို့ ထင်ရ၏။
သို့သော် သူမ၏ စိတ်ဓာတ်နှင့် မျက်နှာအသွေးအရောင်မှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
"ငါ့ရဲ့ခန္ဓာကိုယ်က ဒီနှစ်ရက်အတွင်းမှာ သိသိသာသာကို ကောင်းလာခဲ့တယ်။ နို့မုန့်နှစ်တုံးတောင် ပိုစားနိုင်ခဲ့သေးတယ်"
မိဖုရားခေါင်ကြီးသည် စားပွဲပေါ်ရှိ နို့မုန့်ပန်းကန်ကို ကြည့်ရင်း ရယ်မောလျက် ဆိုလိုက်၏။
"ဒါက ချင်မင်းသား ဆက်သထားတာ ဖြစ်ရမယ်။ အရသာက တကယ့်ကို ကောင်းတာပဲ။ သမားတော်ဝူကလည်း ငါ့ကို ဒါမျိုးပိုစားပေးဖို့ ပြောထားတယ်"
"မယ်တော် နှစ်သက်တယ်ဆိုရင်ပဲ ကောင်းပါပြီ။ သားတော်တို့ နောက်မှ ဒုတိယညီကို ပိုပြီး ပို့ခိုင်းလိုက်ပါ့မယ်"
အိမ်ရှေ့မင်းသား ကျူးပြန်
ကပြုံးလျက် လျှောက်တင်လိုက်သည်။
"မယ်တော်က သူ ဆက်သတဲ့မုန့်ကို နှစ်တုံးတောင် ပိုစားနိုင်တယ်ဆိုရင် ဒုတိယအစ်ကို တကယ့်ကို ဝမ်းသာပီတိဖြစ်နေမှာ အသေအချာပါပဲ"
"ဆန်းအာ"
မိဖုရားခေါင်ကြီးမာက ကျင်းမင်းသားကို ငယ်နာမည်ဖြင့် အလေးအနက် ခေါ်ဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ မင်း တကယ့်ကို ပင်ပန်းသွားခဲ့ပြီ"
မိဖုရားခေါင်ကြီးမာထံမှ ဤမျှကြီးမားသော ချီးမွမ်းမှုကို ရရှိခြင်းက ဆုလာဘ်ပေါင်းများစွာထက်ပင် ပိုမိုတန်ဖိုးရှိပေသည်။ ကျင်းမင်းသားသည် ချက်ချင်းပင် အတိုင်းထက်အလွန် ကျေးဇူးကြီးမားလှကြောင်း အမူအရာ ပြသရင်း ကြမ်းပြင်ပေါ်သို့ ပြားပြားဝပ် ညွတ်တွားလိုက်၏။
"မယ်တော့်အတွက် အနည်းငယ်ပဲဖြစ်ဖြစ် အကျိုးရှိမယ့်အရာဆိုရင် သားတော့်ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအပြတ်ပြတ် အစုတ်စုတ်အမွှာမွှာ ဖြစ်သွားပါစေဦးတော့ ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ"
"ဒူးမထောက်ပါနဲ့တော့။ ဒီမှာ လူစိမ်းတွေမရှိဘူး။ ဘယ်သူ့ကို ဒူးထောက်နေတာလဲ။ ထတော့"
ကျူးယွမ်ကျန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ တတိယကောင်က တန်ဖိုးရှိတာတစ်ခုခုကို လုပ်ဆောင်နိုင်ခဲ့တာပဲ"
ကျူးယွမ်ကျန်းသည် ပြင်းထန်သော စိတ်သဘောထား ရှိပြီး သားသမီးများအပေါ်တွင် အမြဲတမ်း တင်းကျပ်လှကာ ၎င်းတို့ကို ဆူပူကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့မှာ နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေကျ ကိစ္စရပ်များ ဖြစ်ပေသည်။ အနည်းငယ် ပိုမိုကောင်းမွန်စွာ ဆက်ဆံတတ်သော အိမ်ရှေ့မင်းသား မှတစ်ပါး သူသည် အခြားသော သားသမီးများအပေါ်တွင် မည်သည့်အခါမျှ ကြင်နာမှု မပြသခဲ့ဖူးချေ။
ကြီးမားသောအာဏာကို ဆုပ်ကိုင်ထားသော ကျင်းမင်းသားသည် သူ၏ဖခင်ကို တကယ်ပင် ရိုးတွင်းခြင်ဆီအထိ ကြောက်ရွံ့လှ၏။ ကျူးယွမ်ကျန်းက မျက်မှောင်တစ်ချက် ကုပ်လိုက်ရုံမျှဖြင့် သူသည် အချိန်အကြာကြီး တုန်ရင်နေတတ်သည်။
ယခုတစ်ကြိမ်တွင် ကျူးယွမ်ကျန်းက သူ့ကို 'ကျင်းမင်းသား' ဟု မခေါ်ဆိုဘဲ 'တတိယကောင်' ဟူသော အသုံးအနှုန်းကို အသုံးပြုလိုက်သဖြင့် ချက်ချင်းပင် ပိုမိုရင်းနှီးကျွမ်းဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျင်းမင်းသားသည် မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိသဖြင့် အခွင့်အရေးကို အရယူကာ မိဖုရားခေါင်ကြီး၏ ခြေရင်းအနီးတွင် ဒူးထောက်ထိုင်လိုက်ပြီး သူမ၏ ခြေထောက်များကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးရင်း အလွန်ပင် နှိမ့်ချရိုသေသော အမူအရာကို ပြလိုက်၏။
"သားတော်က ငယ်ငယ်ကတည်းက ဆိုးသွမ်းခဲ့ပေမဲ့ မိဘအပေါ် ရိုသေရမယ်ဆိုတဲ့ ဝတ္တရားကိုတော့ အမြဲတမ်း တိကျစွာ လိုက်နာခဲ့ပါတယ်.. ဘယ်သောအခါမှ မေ့လျော့ခြင်း မရှိခဲ့ပါဘူး"
"မင်းရဲ့ ချိုသာတဲ့ စကားလုံးတွေကို ရပ်လိုက်တော့"
ကျူးယွမ်ကျန်းက ရယ်မောလျက် ဆူပူလိုက်၏။
"ဒီတစ်ကြိမ်တော့ မင်း အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာပဲ။ ကုသိုလ်မရရင်တောင် ဝီရိယတော့ ရှိခဲ့တာမို့ ငါ နောက်မှ တစ်ခုခု ဆုချမယ်"
ကျူးယွမ်ကျန်း၏ နူးညံ့သော မျက်နှာထားကို မြင်တွေ့ရခြင်းကပင် အလွန်ရှားပါးလှရာ ကျင်းမင်းသားအနေဖြင့် မည်သို့သော ဆုလာဘ်ကိုမျှ မတောင်းဆိုရဲတော့ပေ။
"သားတော် လုပ်ဆောင်ခဲ့တာတွေက သားတစ်ယောက်ရဲ့ ဝတ္တရားသာ ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေပဲ ဖြစ်ပါတယ်။ ဘာများ ပင်ပန်းစရာ ရှိပါ့မလဲ။ ခမည်းတော်ရဲ့ ဆုလာဘ်ကို မတောင်းဆိုဝံ့ပါဘူး"
"မင်း လုပ်သင့်တာတွေကို လုပ်ပြီးပြီဆိုရင်တော့ စောစောစီးစီး ပြန်တော့"
ကျူးယွမ်ကျန်း၏ ဆိုလိုရင်းက ရှင်းလင်းလှပေသည်၊ မင်း လုပ်စရာရှိတာတွေ ပြီးပြီဖြစ်၍ မင်းရဲ့ နယ်မြေဆီသို့ အမြန်ပြန်တော့ဟူ၍ ဖြစ်၏။
မင်အင်ပါယာ၏ စနစ်အရ ကျင်းမင်းသားကဲ့သို့သော မင်းသားများသည် ဧကရာဇ်မင်း၏ တရားဝင် အမိန့်တော်မရှိဘဲ မြို့တော်သို့ ဝင်ရောက်ခွင့် မရှိပေ။ အမိန့်မရှိဘဲ ဝင်ရောက်ခြင်းကို ပုန်ကန်မှုဟု သတ်မှတ်သဖြင့် ကျင်မင်းသားသည် မြို့တော်သို့ လာရောက်ရန် အခွင့်အရေး ရှားပါးလှသည်။
မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည့် ဤအချိန်တွင် ကျိန်းမင်းသားသည် ရှန်ရှီးနယ်မြေသို့ မည်သို့ လွယ်လွယ်ကူကူ ပြန်ချင်ပါမည်နည်း။သူ့တွင် ကိုယ်ပိုင်ကိစ္စရပ်များစွာ ကျန်ရှိနေသေး၏။
ကျိန်းမင်းသားသည် အသက်သုံးဆယ်ကျော် အရွယ်ရှိနေပြီ ဖြစ်သော်လည်း မိဖုရားခေါင်ကြီးကို သနားစဖွယ် ကလေးငယ်တစ်ဦးကဲ့သို့ တောင်းတသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။
"ဆန်းအာ ပြန်လာရတာ ရှားပါတယ်။ ဒီနှစ်သစ်ကူးမှာ ငါ့အနားမှာပဲ နေပါစေဦး"
မိဖုရားခေါင်ကြီးက ထိုသို့ မိန့်ကြားလိုက်သောအခါ ကျူးယွမ်ကျန်းက ဘာမှမပြောတော့ဘဲ မိဖုရားခေါင်ကြီး၏ အစီအစဉ်ကို တိတ်ဆိတ်စွာပင် သဘောတူလိုက်၏။
"လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆန်းအာက ရှန်ရှီးမှာ ဒုက္ခမျိုးစုံ ခံစားခဲ့ရပြီး အလုပ်အချို့ကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်"
မိဖုရားခေါင်ကြီးက ခေါင်းကို လှည့်လိုက်ပြီး အနောက်ဘက်ရှိ ဝူကျိရှန်းကို ကြည့်လိုက်၏။
"သမားတော်ဝူကလည်း ရှန်ရှီးက လာတဲ့ သမားတော်တစ်ယောက်ပဲ မဟုတ်လား"
ဝူကျိရှန်းသည် ရှန်ရှီးဒေသမှ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ၏ အရာရှိဘဝက မြို့တော်အရာရှိတစ်ဦး ဖြစ်ပြီး တကယ်တော့ သူသည် ကျင်းမင်းသား၏ အုပ်စုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ မိဖုရားခေါင်ကြီးမာက ကျင်းမင်းသားကို ကူညီရန်အတွက် ရည်ရွယ်ချက်ရှိရှိ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
"သမားတော်ဝူ အသုံးပြုတဲ့ ဆေးက တကယ်ပဲ အံ့ဩစရာ ကောင်းလှပြီး ချက်ချင်း ထိရောက်မှုရှိတယ်"
မိဖုရားခေါင်ကြီးမာက ပြုံးလျက် ဆိုနေဆဲဖြစ်သော်လည်း သူမ၏ လေသံက အနည်းငယ် လေးနက်သွားခဲ့သည်။
"ဒါပေမဲ့.. ဒီဆေးကို ရရှိဖို့အတွက်မင်အင်ပါယာရဲ့ မြောက်ပိုင်းစစ်ဆင်ရေးကြီးကိုတောင် ပြောင်းလဲခဲ့ရတယ်.. ဒါကြောင့် စစ်မြေပြင်မှာ ငါတို့ရဲ့ စစ်သည်တော်တွေ ဘယ်လောက်တောင် သွေးမြေကျခဲ့ရပြီး ဂူမဲ့သင်္ချိုင်းမဲ့ ဖြစ်ခဲ့ရလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ ဒါက တကယ်တော့ ငါ့ရဲ့ အပြစ်တွေပါပဲ"
"ဒီဆေးကို ရဖို့ ဒီလောက်တောင် ခက်ခဲမယ်ဆိုတာ အရင်ကတည်းက သိခဲ့ရင် ငါ အဲဒီအစား.."
ဤပင်နီဆီလင်ကို ရရှိရန်မှာ မလွယ်ကူလှပေ၊ ၎င်းက တကယ့်ကို ရှားပါးလွန်းလှသည်။ဤပစ္စည်းကို ရရှိရန်အတွက် ၎င်းတို့သည် မြောက်ပိုင်းစစ်ဆင်ရေး၏ မဟာဗျူဟာကိုပင် ယာယီ ပြောင်းလဲခဲ့ရ၏။ မိဖုရားခေါင်ကြီး၏ အသက်ကို ကယ်တင်ရန်အတွက် ရဲရင့်သော အမျိုးသား အမြောက်အမြား မည်မျှပင် အသက်ပေးဆပ်ခဲ့ရသနည်း။
၎င်းက တကယ်ပဲ ထိုက်တန်ပါသလော။
"ထိုက်တန်ပါတယ်"
အရေးကြီးသော အချိန်တွင် ဝူကျိရှန်းက ပြတ်သားပြီး အသေအချာရှိသော အဖြေကို လျှောက်တင်လိုက်၏။
"ဒီဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီဆိုရင် မိဖုရားခေါင်ကြီးကိုတင် ကုသပေးနိုင်မှာ မဟုတ်ဘဲ မရေမတွက်နိုင်တဲ့ လူနာတွေလည်းဒီဆေးရဲ့ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ်"
ပင်နီဆလင်ကို အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်ရာ ၎င်းပစ္စည်း၏ တန်ဖိုးနှင့် အရေးပါမှုကို မည်သို့မျှ လျှော့တွက်၍မရပေ။
ဤကိစ္စရပ်သည် မိဖုရားခေါင်ကြီးမာ တစ်ဦးတည်းကြောင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် အကျိုးကျေးဇူး ခံစားရမည့်သူများမှာ သူမတစ်ဦးတည်း လုံးဝမဟုတ်ပေ။
"စကားအရတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ဘူး"
မိဖုရားခေါင်ကြီးက ခပ်တိုးတိုး ဆိုလိုက်၏။
"ဒီဆေးက ဒီလောက်တောင် အဖိုးတန်နေတာ.. သာမန်ဆင်းရဲသား မိသားစုတွေက ဘယ်လိုလုပ် သုံးစွဲနိုင်မှာလဲ"
ဤဆေး၏ ကုန်ကျစရိတ်မှာ အလွန်မြင့်မားလှပြီး တူညီသောအလေးချိန်ရှိသော ရွှေထက်ပင် အဆပေါင်းများစွာ ပိုမိုဈေးကြီးလှပေသည်။ သာမန်ဆင်းရဲသား မိသားစုများကို ထားရှိပါဦး၊ သာမန်ချမ်းသာသော မိသားစုများပင်လျှင် သုံးစွဲနိုင်ရန် မတတ်နိုင်ကြပေ။
"ဒီဆေးအသစ်က အစပိုင်းမှာပဲအဖိုးတန်မှာပါ.. ဒါပေမဲ့ ပိုပြီး ထုတ်လုပ်နိုင်လာတာနဲ့အမျှ ဈေးနှုန်းက သက်သာသွားမှာပါ"
ဆေးဝါးအသစ်များသည် ဈေးကြီးလှသော်လည်း အမြောက်အမြား ထုတ်လုပ်နိုင်ပါက ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သော်လည်း ၎င်းအတွက် အချိန်လိုအပ်ပေသည်။
"ငါ မျှော်လင့်တာကတော့ သင် ပိုပြီးတော့ ကောင်းတဲ့ဆေးတွေကို ထုတ်လုပ်နိုင်ပြီး ပြည်သူအားလုံးကို တကယ်ပဲ အကျိုးပြုနိုင်ဖို့ပါပဲ"
"သမားတော်ဝူ"
ကျူးယွမ်ကျန်းက ဝူကျိရှန်းကို ကြည့်လိုက်၏။
"မိဖုရားခေါင်ကြီးက သင့်ကို လိုအပ်နေသေးတယ်.. ပြီးတော့ သင်ကလည်း အဲဒီအံ့ဖွယ်ဆေးကို ပြင်ဆင်ဖို့ လိုအပ်သေးတယ်။ ဒါကြောင့် အခွန်ဝန်ကြီးဌာနက သင့်ရဲ့ ရုံးလုပ်ငန်းတွေကို နှုတ်ထွက်ပြီး သမားတော်ကြီးများဌာနမှာ ရာထူးတစ်ခုကို ရယူပြီးမိဖုရားခေါင်ကြီးရဲ့ ရောဂါကိုပဲ အာရုံစိုက်ပြီး ကုသပေးရင် မကောင်းဘူးလား.. သမားတော်ကြီးများဌာနမှာ ရာထူးနေရာ လွတ်တာရှိလား"
ဤသို့ တိုင်ပင်ဆွေးနွေးသော လေသံဖြင့် မေးမြန်းလိုက်သော်လည်း ၎င်းက ညှိနှိုင်းခြင်း လုံးဝမဟုတ်ဘဲ အမိန့်ပေးခြင်းသာ ဖြစ်ပေသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်.. သမားတော်ကြီးများဌာနမှာ ညွှန်ကြားရေးမှူး တစ်နေရာနဲ့ ဒုတိယညွှန်ကြားရေးမှူး နှစ်နေရာစလုံး လူပြည့်နေပြီး ရာထူးနေရာလွတ် မရှိပါဘူး"
စနစ်အရ သမားတော်ကြီးများဌာနတွင် အကြီးအကဲအဖြစ် ညွှန်ကြားရေးမှူးတစ်ဦးနှင့် ဒုတိယအဆင့်အဖြစ် ဒုတိယညွှန်ကြားရေးမှူးနှစ်ဦး ရှိပြီး အားလုံးမှာ တရားဝင် ရာထူးအပြည့် ရှိနေသဖြင့် နေရာလွတ် မရှိပေ။
ကျူးယွမ်ကျန်းအတွက်မူ ၎င်းက ပြဿနာတစ်ခု မဟုတ်ပေ။
"နေရာလွတ်မရှိရင် နေရာအသစ်တစ်ခု ဖန်တီးလိုက်။ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာတစ်ခု တိုးချဲ့လိုက်"
ညွှန်ကြားရေးမှူးချုပ်။
သမားတော်ကြီးများဌာနတွင် ဤရာထူးနေရာ မရှိခဲ့ဖူးဘဲ ၎င်းက ကျူးယွမ်ကျန်းက ယာယီ တိုးချဲ့ပေးလိုက်ခြင်း ဖြစ်ပေသည်။
သို့သော် သမားတော်ကြီးများဌာန၏ အကြီးအကဲမှာ ပဉ္စမအဆင့် အရာရှိသာဖြစ်ပြီး ဝူကျိရှန်း၏ အခွန်ဝန်ကြီးဌာနမှ မူလရာထူးမှာလည်း ပဉ္စမအဆင့် အရာရှိ ဖြစ်၏။ သို့ဆိုလျှင် ဤညွှန်ကြားရေးမှူးချုပ်ရာထူးက မည်သည့်အဆင့် ဖြစ်မည်နည်း။
"စတုတ္ထအဆင့် အရာရှိရဲ့ ဦးထုပ်နဲ့ ဝတ်ရုံကို အပ်နှင်းစေ"
*********