အခန်း ၂၀၆
Vol. 20 Ch. 206
အခန်း (၂၀၆) - အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်း
မိုးချုပ်လုနီးပြီ ဖြစ်သော်လည်း တစ်နေ့လုံး အဆက်မပြတ် ရွာသွန်းနေသော မိုးနှင်းများမှာ စဲမည့် အရိပ်အယောင်မျှပင် မရှိသေးချေ။
ညကောင်းကင်ယံတွင် ကြယ်နှင့် လမင်းတို့ ကွယ်ပျောက်နေပြီး ကျယ်ပြောလှသော ကောင်းကင်ကြီးထံမှ နှင်းပွင့်အနည်းငယ် ရောနှောနေသည့် မိုးပေါက်များသာ တဖွဲဖွဲ ကျဆင်းနေ၏။
ရေငွေ့မြူခိုးများ ဖုံးလွှမ်းနေသော မြို့တော်ကြီးသည် ဝေဝေဝါးဝါးနှင့် စိုစွတ်ထိုင်းမှိုင်းလျက် ရှိသည်။
တစ်နေ့လုံး ပင်ပန်းခံ လုပ်ကိုင်ခဲ့ရသော ချန်လျိုယီသည် နောက်ဆုံးတွင် အနားယူရန် အခွင့်အရေး ရသွား၏။ သူသည် အလုပ်ထိုင်ခုံမှ ထရပ်လိုက်ပြီးနောက် နာကျင်ကိုက်ခဲနေသော ခါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ဝေဝါးနေသည့် မျက်လုံးများကို ပွတ်သပ်ရင်း အပြင်ဘက်သို့ အမှတ်မထင် ကြည့်လိုက်မိသည်။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးနှင်းများ ဆက်တိုက် ကျဆင်းနေဆဲ ဖြစ်၏။ မိုးရေများသည် အမိုးစွန်းများမှတစ်ဆင့် စီးကျလာပြီး မြေပြင်ပေါ်တွင် စုပုံနေသော နှင်းလွှာပါးပါးကို လျင်မြန်စွာ အရည်ပျော်စေသဖြင့် ကျောက်ပြားလမ်းမများမှာ စိုစွတ်လျက် ရှိသည်။
ချန်လျိုယီ၏ ဇနီးသည် ထူထဲသော တံခါးလိုက်ကာကို မကာ အပြင်ဘက်သို့ ချောင်းကြည့်ရင်း ပြောလိုက်သည်။
"အခုပဲ ယူအချိန် (ညနေ ၅ နာရီမှ ၇ နာရီအတွင်း) ကျော်နေပြီ။ အဲဒီဖောက်သည်က ပစ္စည်းတွေလာမယူသေးတာ ဘာလို့လဲ"
ချန်လျိုယီ၏ လက်ရာမှာ အလွန်ကောင်းမွန်လှသဖြင့် ဝူကျိရှန်းသည် သူတို့၏ လုပ်ငန်းကို အမြဲတမ်း အားပေးလေ့ ရှိ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ဝူကျိရှန်းသည် ဖန်ထည်ပစ္စည်းတစ်သုတ်ကို မှာယူခဲ့ရာ ချန်လျိုယီက များစွာ ကြိုးစားအားထုတ်ပြီးနောက် ယခုမှပင် အပြီးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မူလသဘောတူညီချက်အရ ဝူကျိရှန်းသည် ယနေ့တွင် ထိုပစ္စည်းများကို လာရောက်ယူဆောင်ပြီး ငွေချေရမည် ဖြစ်၏။
သို့သော်လည်း သူသည် ပေါ်မလာခဲ့ချေ။
ချန်လျိုယီ၏ ဇနီးသည် အတွေးများသူ ဖြစ်သဖြင့် တွေးတောမှန်းဆမိခြင်းကို မအောင့်အီးနိုင်တော့ပေ။
"အဲဒီဖောက်သည်က ဒီပစ္စည်းတွေကို လာမယူတော့တာများလား"
"ပြောရခက်တယ်"
ရိုးသားသော ချန်လျိုယီက ညည်းညူသံဖြင့် ပြောလိုက်၏။
"ဒီလိုဖောက်သည်ဟောင်းမျိုးကို ဈေးလျှော့ပေးသင့်တယ်လို့ ငါမင်းကို အစောကြီးကတည်းက ပြောသားပဲ။ မင်းကတော့ ငွေမက်ပြီး ဈေးကို အမြင့်ကြီး ပြောလိုက်တာ။ ဖောက်သည်က အမှန်တကယ်ပေါက်ဈေးကို သိသွားလို့ ဒီပစ္စည်းတွေကို မလိုချင်တော့တာ ဖြစ်ရမယ်"
အကယ်၍ ထိုဖောက်သည်က ဖန်ထည်ပစ္စည်းများကို လာမယူလျှင် ၎င်းတို့အားလုံးမှာ သူတို့လက်ထဲတွင် ပုံနေတော့မည် ဖြစ်သည်။ ချန်လျိုယီ၏ ဇနီးသည် ချက်ချင်း ဒေါသထွက်သွားပြီး ချန်လျိုယီ၏ နဖူးကို လက်ညှိုးဖြင့် ပြင်းထန်စွာ ထောက်ကာ အသံတိုးတိုးဖြင့် ဆူပူလေတော့၏။
"ဒီလူအ၊ ငါက ဒီမိသားစုအတွက် ငွေပိုရအောင်၊ ပိုက်ဆံပိုစုနိုင်အောင် တောင်းတာလေ။ ငါက ပင်ပင်ပန်းပန်းနဲ့ နှိမ့်ချပြီး လုပ်နေရတာ ငွေအနည်းငယ် ပိုရဖို့ မဟုတ်ဘူးလား။ ဒီအိမ်မှာ ရှင်ဆုံးဖြတ်ရမယ့် အလှည့် ဘယ်တုန်းက ရောက်သွားလို့လဲ"
ချန်လျိုယီသည် ဇနီးဖြစ်သူကို ကြောက်ရွံ့သူ ဖြစ်၏။ သူ၏ ဇနီးသည် လောဘကြီးပြီး စေးနဲကာ ဖောက်သည်များထံမှ ဈေးပိုတောင်းရန် အမြဲကြိုးစားတတ်သော်လည်း မိသားစုကောင်းစားရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ချန်လျိုယီ သိသည်။ သူက တိုးတိုးသာ ညည်းတွားနိုင်ရှာ၏။
"ငွေအနည်းငယ် ပိုရဖို့အတွက်နဲ့ ဒီပစ္စည်းတွေအများကြီး လက်ထဲတင်ကျန်တော့မယ်။ မင်း ဘာဆက်လုပ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ဤအော်ဒါမှာထားသော ဖန်ထည်ပစ္စည်းများသည် ထူးခြားသော ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားလှသည်။ အကယ်၍ ဝူကျိရှန်းက လာမယူလျှင် ၎င်းတို့ကို လုံးဝရောင်းချ၍ ရမည်မဟုတ်ဘဲ အမှိုက်အဖြစ်သာ သတ်မှတ်ရတော့မည် ဖြစ်၏။
အကယ်၍ အမှိုက်အဖြစ် အမှန်တကယ် စွန့်ပစ်ရလျှင် အလွန် နှမြောစရာကောင်းလှသည်။
ဇနီးမောင်နှံနှစ်ဦး စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် အပြင်ဘက်မှ လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် ထူထဲသော တံခါးလိုက်ကာ ပွင့်သွားပြီး အေးစက်သော လေပြင်းတစ်ချက်နှင့်အတူ လူရိပ်တစ်ခု အတွင်းသို့ ဝင်ရောက်လာ၏။
"နောက်ဆုံးတော့ လာပြီ..."
ဝူကျိရှန်း ပစ္စည်းလာယူသည်ဟု ထင်မှတ်ကာ ချန်လျိုယီ၏ ဇနီးသည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ပြေးထွက်သွားသည်။ သို့သော် ထိုသူက မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမ၏ စိတ်အားထက်သန်မှုများမှာ ချက်ချင်းပင် လေထဲသို့ ပျောက်ကွယ်သွား၏။
ရောက်လာသူမှာ ဝူကျိရှန်း မဟုတ်ဘဲ သေးသွယ်သော ခန္ဓာကိုယ်၊ ဝိုင်းစက်သော မျက်နှာနှင့် ဝိုင်းစက်သော မျက်လုံးများရှိသည့် အစေခံမိန်းကလေးငယ်တစ်ဦး ဖြစ်သည်။
၎င်းတို့ စောင့်ဆိုင်းနေသော ဖောက်သည်
မဟုတ်သဖြင့် ချန်လျိုယီ၏ ဇနီးသည် များစွာ စိတ်ပျက်သွား၏။ သို့သော် ထိုမိန်းကလေးငယ်၏ ပထမဆုံးစကားက သူမကို ချက်ချင်း ပြန်လည်စိတ်လှုပ်ရှားသွားစေသည်။
"ကျွန်မတို့ သခင်က အလုပ်အရမ်းများနေလို့ မလာနိုင်ဘူး။ ဒါကြောင့် မှာထားတဲ့ ပစ္စည်းတွေကို ယူဖို့ ကျွန်မကို လွှတ်လိုက်တာ"
"ညည်းက..."
ချန်လျိုယီ၏ ဇနီးသည် ရိုသေသော အသုံးအနှုန်းသို့ ချက်ချင်း ပြောင်းလဲလိုက်၏။
"သခင်ဝူ လွှတ်လိုက်တဲ့သူလား"
"ဟုတ်တယ်၊ ကျွန်မက ချင်းချင်းပါ"
"ကောင်းလိုက်တာ၊ တကယ်ကို ကောင်းလိုက်တာ"
ချန်လျိုယီ၏ ဇနီးသည် ဝမ်းသာအားရဖြင့် လက်ဖဝါးချင်း ပွတ်သပ်လိုက်သည်။
"ငါသိသားပဲ၊ သခင်ဝူလို ဘုန်းကံကြီးမားတဲ့သူက ကတိတည်မှာ သေချာပါတယ်။ သူ ဒီနေ့ ပစ္စည်းလာယူမယ်ပြောရင် တကယ်လာတာပဲ။ ဈေးနှုန်းကို သခင်ဝူနဲ့ ပြောပြီးသားမို့ ငွေနှစ်ဆယ့်လေးကျပ်နဲ့ နှစ်မူး ကျသင့်ပါတယ်။ သခင်ဝူက ငါတို့ဆိုင်ရဲ့ ဖောက်သည်ဟောင်းမို့ နှစ်မူးကို လျှော့ပေးပါမယ်။ နှစ်ဆယ့်လေးကျပ်ပဲ ပေးပါ။ ဒင်္ဂါးပြားနဲ့ ပေးမှာလား ဒါမှမဟုတ် ကြေးပြားနဲ့ ပေးမှာလဲ"
ချန်လျိုယီ၏ ဇနီးသည် ငွေကိုသာ အာရုံရောက်နေပြီး ငွေဟူသော စကားလုံးတစ်လုံးတည်းကိုသာ ဂရုစိုက်နေ၏။
ချင်းချင်းသည် ဝူကျိရှန်းကဲ့သို့ စကားပြောရလွယ်ကူသူ သို့မဟုတ် သဘောကောင်းသူ မဟုတ်ပေ။ သူမက နှုတ်ခမ်းကို စူလိုက်ရင်း ပြောလိုက်သည်။
"ဆိုင်ရှင်ကလည်း တကယ်ပဲ။ ကျွန်မ ပစ္စည်းတွေကိုတောင် မမြင်ရသေးဘူး။ ရှင်တို့ကို ငွေ ဘယ်လိုပေးနိုင်မှာလဲ"
"ပစ္စည်းတွေက အားလုံးပြီးပါပြီ။ သခင်ဝူရဲ့ ပုံစံပြမြေပုံအတိုင်း အများကြီး အားစိုက်ပြီး လုပ်ထားတာပါ..."
ချန်လျိုယီနှင့် သူ၏ ဇနီးသည် ပေါင်းခံအိုးများ၊ ပေါင်းခံကိရိယာများနှင့် ဖန်သလင်းပုလင်းများကို ချက်ချင်း ထုတ်ယူလာကြပြီး မည်သည့်အတွက် သုံးမှန်းမသိသော ပုံသဏ္ဌာန်ဆန်းသည့် ဖန်ခွက်အချို့ကိုပါ ယူဆောင်လာခဲ့သည်။ ၎င်းတို့သည် ချင်းချင်း စစ်ဆေးနိုင်ရန်အတွက် ပစ္စည်းများကို တစ်ခုချင်းစီ ခင်းကျင်းပြသလိုက်၏။
"ပစ္စည်းတွေကို ထုပ်ပိုးလိုက်ပါ"
"ကောင်းပါပြီ၊ ကောင်းပါပြီ"
ချန်လျိုယီ၏ ဇနီးသည် ဖန်ထည်ပစ္စည်းအားလုံးကို လျင်မြန်စွာ ထုပ်ပိုးလိုက်သည်။
"စုစုပေါင်း နှစ်ဆယ့်လေးကျပ်..."
"ရှင်က ဘာလို့ ငွေကိုပဲ ဂရုစိုက်နေတာလဲ"
ချင်းချင်းသည် အနည်းငယ် ဒေါသထွက်သွား၏။
"ရှင်တို့လုပ်ထားတဲ့ အရာတွေက စံချိန်မီရဲ့လားဆိုတာ ကျွန်မ မသိသေးဘူး။ ကျွန်မမှာ ငွေရှိရင်တောင် အခုချက်ချင်း မပေးနိုင်ဘူး"
"ဒါဆို ဘယ်တော့ပေးမှာလဲ"
ချန်လျိုယီ၏ ဇနီးသည် အသံကျယ်ကျယ်ဖြင့် ညည်းညူလိုက်သည်။
"ငါတို့ဆိုင်လေးက အမြတ်အစွန်းနည်းနည်းပဲ ရတာမို့ အကြွေးမရောင်းပါဘူး။ ငါတို့က လုပ်ငန်းအသေးလေးမို့ အကြွေးမပေးနိုင်ဘူး..."
"ရှင်တို့ကို အကြွေးယူမယ်လို့ ဘယ်သူပြောလဲ"
ချင်းချင်းက စိတ်တိုတိုဖြင့် ပြောလိုက်၏။
"ဒီလောက်ပါးပြီး ကျိုးလွယ်တဲ့ ဖန်ထည်ပစ္စည်းအများကြီးကို ဒီလိုရာသီဥတုမျိုးမှာ ကျွန်မတစ်ယောက်တည်း ဘယ်လိုသယ်သွားနိုင်မှာလဲ"
"ရှင်တို့ ကျွန်မနဲ့အတူ လိုက်ပို့ပေးပါ။ သခင်လေးဝူ စစ်ဆေးပြီး စံချိန်မီတယ်ဆိုရင် ရှင်တို့ကို ကြေးပြားတစ်ပြားမှ လျှော့မပေးဘဲ အကုန်ချေမှာပါ"
ဤမျှများပြားသော ဖန်ထည်ပစ္စည်းများကို ချင်းချင်းတစ်ယောက်တည်း သယ်ဆောင်ရန်မှာ အမှန်တကယ် ပင်ပန်းလှ၏။ ထို့ပြင် မိုးနှင့်နှင်း ရောကျနေသော ယခုကဲ့သို့ ဆိုးရွားသည့် ရာသီဥတုတွင် လမ်းများမှာ ရွှံ့ဗွက်ထူပြီး ချောနေမည်မှာ သေချာသည်။ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရန် တောင်းဆိုခြင်းမှာ သင့်လျော်သော တောင်းဆိုချက် ဖြစ်၏။
ငွေနှစ်ဆယ်ကျော်ဟူသည် အနည်းငယ်မျှသော ပမာဏ မဟုတ်ပေ။ ယခုကဲ့သို့ လုပ်ငန်းကြီးအတွက်နှင့် ဖောက်သည်ဟောင်းတစ်ဦးအတွက် ဖြစ်သဖြင့် ၎င်းတို့သည် သေချာပေါက် စနစ်တကျ ဝန်ဆောင်မှုပေးရမည် ဖြစ်သည်။
"ငါတို့က သခင်ဝူ ဘယ်မှာနေလဲဆိုတာ မသိဘူး၊ ဘယ်ကို ပို့ရမလဲ..."
"ကျွန်မနောက်ကပဲ လိုက်ခဲ့..."
ချန်လျိုယီနှင့် သူ၏ ဇနီးသည် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဖန်ထည်ပစ္စည်းများကို မကာ ချင်းချင်းနောက်မှ လိုက်ပါရင်း မိုးနှင်းများကြားတွင် မြောက်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြ၏။
မြောက်ဘက်သို့ အတန်ကြာ လျှောက်လှမ်းပြီးနောက် ၎င်းတို့သည် အနောက်ဘက်သို့ ကွေ့ကာ ချင်ဟွိုင်းမြစ်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။
မကြာမီတွင် ၎င်းတို့သည် ခြံဝင်းကြီးတစ်ခုသို့ ရောက်ရှိလာ၏။
ချန်လျိုယီနှင့် သူ၏ ဇနီးသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သဖြင့် ဤနေရာတွင် ဘာလုပ်နေသည်ကို လုံးဝ မသိရှိကြချေ။
ထိုနေရာတွင် လက်မှုပညာသည် အများအပြား အမြဲတမ်း ဝင်ထွက်သွားလာနေပြီး မီးခိုးတိုင်များမှ အရောင်အမျိုးမျိုးရှိသော မီးခိုးများ ထွက်ပေါ်နေကာ ထူးဆန်းပြီး နံစော်သော အနံ့အသက်မျိုးစုံလည်း ရှိနေကြောင်းသာ သူတို့ သိကြ၏။
"ချင်းချင်း၊ ဒါက ဘယ်လိုနေရာလဲ"
"ဆေးဝါးစက်ရုံလေ"
"ဘာစက်ရုံလဲ"
"ဆေးဝါးဖော်စပ်တဲ့ အလုပ်ရုံပါပဲ၊ နည်းနည်းပိုကြီးတာပဲ ကွာတယ်"
ဤဆေးဝါးစက်ရုံသည် အမှန်တကယ်ပင် အလွန်ကြီးမားလှပြီး မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်၏။
ချွေးတလုံးလုံးဖြင့် အလုပ်ရှုပ်နေသော လက်မှုပညာသည်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး အမျိုးအမည်မသိသော ပစ္စည်းမျိုးစုံလည်း ရှိနေသည်။ ရေတွက်၍မရနိုင်သော နွားများနှင့် မြင်းများသည် ထူးဆန်းသော စက်ယန္တရားများကို လှည့်ပတ်မောင်းနှင်နေကြပြီး လေမှုတ်စက်များမှ ကြောက်မက်ဖွယ်ကောင်းသော ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေလျက် ရှိ၏။ ဖိုခနောက်များမှ ထွက်ပေါ်လာသော မီးလျှံများသည် ညကောင်းကင်ယံ၏ တစ်ဝက်ခန့်ကို နီရဲသော အရောင်ဖြင့် လင်းထိန်နေစေသည်။
*********