ကောင်းကင်ဘုံများကို စိစိညက်ညက်ဖြိုခွင်းမည့် လှည့်ကွက်
Vol. 97 Ch. 1356
အလင်းမြားကား အုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ ပါရာဂွန်၏ ဧရာမလက်ကြီးက တုံခနဲ ရပ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပွင့်လာရာ သွေးစက်တစ်စက် ကျလာသည်။ ထိုသွေးစက်က တရှဲရှဲ မြည်လာပြီးနောက် မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေသော အဆုံးမဲ့ပင်လယ်တစ်စင်းအဖြစ် ပေါက်ကွဲသွားသည်။ ၎င်းသည် တောင်ပင်လယ်လောကသားကျင့်ကြံသူစစ်တပ်ကြီးမှ ထုတ်လွှတ်လိုက်သော မှော်ပင်လယ်အပေါ် ကြိတ်ဆုံကြီးသဖွယ် ကျဆင်းသွား၏။
တုံ့ပြန်သည့်အနေဖြင့် မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
“သူက သေချာပေါက် ပါရာဂွန်တစ်ဦးလို့ ခေါ်ထိုက်တယ်။ တိုက်ပွဲအတွေ့အကြုံလည်း ရှိသလို၊ တိုက်ခိုက်နေရင်း ဗျူဟာပြောင်းရာမှာလည်း ကျွမ်းကျင်တယ်။ အလင်းမြားရဲ့ ထိုးနှက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးစက်ကို ယူပြီး အစွမ်းထက်တိုက်ကွက်အဖြစ် ပြောင်းလဲလိုက်တာတဲ့လား....”
မန်ဟို့အတွက် ဖြစ်ပျက်နေသောအရာကို တားဖို့ အချိန်မရှိပေ။ ပါရာဂွန်၏သွေးပင်လယ် မှော်ပင်လယ်အပေါ် ဖိနှိပ်လိုက်သည့်အခါ ၎င်းတို့ထိသွားသော နေရာတိုင်းတွင် မှော်ပင်လယ်၏အလင်းရောင် မှေးမှိန်လာနေသည်ကို ကြည့်ရင်း မန်ဟိုမှာ မျက်မှောင်ကြုတ်နေသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာသခင်နှစ်ဦးလည်း တိုက်ခိုက်နေသည်။ တောင်ပင်လယ်လောက၏ မှော်ပင်လယ်မှာ ပထမဆုံးအကြိမ် ဖိနှိပ်ခံရပြီး မှေးမှိန်ပျောက်ကွယ်စပြုလာသဖြင့် တဂျုန်းဂျုန်းမြည်သံများကို ကြားလာရသည်။
ဤအချိန်မှာပဲ ကြယ်တာရာကောင်းကင်ထဲရှိ အကွဲကြောင်းများမှာ ကျယ်သထက်ကျယ်လာအောင် ချဲ့ခံနေရသည်။ အပြင်သူများလည်း တသဲသဲ ဝင်လာနေသည်။ ဤအခိုက်အတန့်တွင် တစ်သန်းမကတော့သည်သာမက သူတို့သည် ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် ပထမတောင်ပင်လယ်ထံ ချီတက်လာနေကြ၏။
အကွဲကြောင်းသည် ပိုပို၍သာ ကျယ်လာပြီး ထို့အလွန်၌ ပို၍ပင်များပြားသောအပြင်သူများ စောင့်နေသည်ကို မြင်ရနိုင်သည်။ သူတို့သည် အပေါက်များမှတစ်ဆင့် မရပ်မနား ဝင်လာနေကြ၏။
ထိုမျှသာမက ထိုအပြင်အားလုံး၏အနောက်တွင် .... မြေထုကြီးတစ်ခု ရှိသည်။
၎င်းက ... ကောင်းကင်ဘုံ (၂) ပင်။ ဤကောင်းကင်ဘုံ (၂) သည် ကောင်းကင်ဘုံ (၁) ထက် သိသိသာသာ ကြီးမားပြီး ၎င်း၏အနောက်တွင် ကောင်းကင်ဘုံ (၃) ၊ ကောင်းကင်ဘုံ (၄)၊ ကောင်းကင်ဘုံ (၅) အစရှိသည်တို့ကို မြင်ရနိုင်သည်။
ကောင်းကင်ဘုံတစ်ဘုံစီသည် အရှေ့တစ်ခုထက် ပို၍ကြီးမားသည်။ အသေးငယ်ဆုံးက ကောင်းကင်ဘုံ (၁) ဖြစ်ကာ အကြီးဆုံးကတော့ ကောင်းကင်ဘုံ (၃၃) ဖြစ်ပေသည်။
ကောင်းကင်ဘုံ (၂) က ... အတားအဆီးကို ဒုန်းခနဲ ဝင်တိုက်လိုက်ရာ အကွဲကြောင်းများ ပိုမိုကြီးမားလာပြီး ပို၍များပြားသောအပြင်သူများ တောင်ပင်လယ်လောကအတွင်း ဝင်ရောက်လာကြသည်။
ကြည့်ရသရွေ့ အတားအဆီးမှာ သိပ်ကြာကြာ ခံနိုင်တော့မည့်ပုံမပေါ်ပေ။
မန်ဟိုသည် အကွဲကြောင်းများကို လှည့်ကြည့်၍ သူ့မြားကို ခြေမွခဲ့သော ပါရာဂွန်ကို မြင်လိုက်သဖြင့် မျက်လုံးများ လင်းလက်တောက်ပသွား၏။ ထိုပါရာဂွန်သည် ဧရာမကြီးမားပြီး ခြင်္သေ့ခေါင်းနှင့် ရွှေရောင်ကိုယ်ကို ပိုင်ဆိုင်ထားရာ မည်သည့်နေရာတွင်မဆို အာရုံအစိုက်ခံရမည့် ပုဂ္ဂိုလ်အမျိုးအစားဖြစ်သည်။
သူ့ထံမှ ရွှေအလင်းရောင်က ကွန့်မြူးဖြာထွက်နေပြီး ဤခြင်္သေ့ခေါင်းနှင့်ပါရာဂွန်တွင် ကြောက်မက်ဖွယ် ကမ္ဘာဖျက်စွမ်းအားရှိကြောင်းကိုပင် မန်ဟို ခံစားလိုက်ရသည်။
မန်ဟို့အကြည့်ကို အာရုံရလိုက်သဖြင့် ခြင်္သေ့ခေါင်းနှင့်ပါရာဂွန်က လှမ်းကြည့်လိုက်ပြီး သူ၏လျှပ်စီးလိုမျက်ဝန်းများက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ နေနှင့် မန်ဟို့အပေါ် ကျရောက်လာသည်။ သူက အေးစက်စက် ပြော၏။ “ငါက ရွှမ်းဖန်”
မန်ဟိုက သူ့ကိုယ်သူ ခုခံဖို့ နတ်ဘုရားအာရုံကို စေလွှတ်ရင်း အေးစက်စက် နှာမှုတ်သည်။
ရွှမ်းဖန်၏မျက်လုံးများ လင်းလက်တောက်ပသွား၏။ သူက မန်ဟို့ကို လျစ်လျူရှုရင်း ပထမတောင်ပေါ်တွင် စောင့်နေသော ပါရာဂွန်ရုပ်သေးရုပ်ဘက် လှည့်လိုက်သည်။ ထို့နောက် ရှုပ်ထွေးနေသောခံစားချက်များဖြင့် သူ့လက်ကို ဆန့်၍ ပထမတောင်ပင်လယ်ထံ လက်ညှိုးထိုးလိုက်၏။
“မျိုးဖြုတ်စစ်ပွဲ စတင်ကြစို့" သူ့စကားကို တုံ့ပြန်သည့်အနေဖြင့် မရေမတွက်နိုင်သောအပြင်သူများသည် မာန်သွင်းဟိန်းဟောက်၍ မှော်သိုင်းကွက်များ၊ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ရင်း ပထမတောင်ပင်လယ်ထံ ချီတက်လာကြတော့သည်။
တောင်ပင်လယ်လောက၏ ပထမခံစစ်ကြောင်းနှင့် အပြင်သူများအား ပထမပင်လယ်မှ ခြားထားသော်လည်း ပထမခံစစ်ကြောင်း၏ကျင့်ကြံသူများသည် မှော်အစွမ်းမျိုးစုံဖြင့် တိုက်ရိုက်တိုက်ခိုက်နေကြဆဲဖြစ်၏။ သို့သော် အပြင်သူအရေအတွက်မှာ အချိန်နှင့်အမျှ များပြားလာလေသည်။ သူတို့က အင်အားအလုံးအရင်းဖြင့် တရစပ်ထိုးစစ်ဆင်လာရာ ပထမပင်လယ်နှင့် နီးသထက် နီးလာတော့သည်။
ပင်လယ်ရေမှာ ထာဝရဖယ်ရှားခံနေရသကဲ့သို့ တပွက်ပွက်ဆူလျက် အော်မြည်လာပြီး အငွေ့ပျံစပြုလာသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပါရာဂွန်ရွှမ်းဖန်သည် တောင်ပင်လယ်လောကကို အကဲခတ်လေ့လာပြီးနောက် မထီမဲ့မြင်ပြုံး၏။ ထို့နောက် သူက ကြယ်တာရာကောင်းကင်အပေါ် ပျံတက်သွားပြီး အာကာပြင်ကျယ်ကြီးကို ဆုပ်ကိုင်၍ စုတ်ဖြဲနေသည့်အလား လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်သည်။
ကြယ်တာရာကောင်းကင်ထက်ရှိ အတားအဆီးဒိုင်းမှာ ပို၍ပင်ကျယ်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများကို ကြားရနိုင်သည်။
ကြည့်သရွေ့ ၎င်းမှာ နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့သယောင်ပင်။ အတားအဆီးသည် ဝုန်းခနဲ ကြေမွသွားပြီး မှန်ကွဲစများသဖွယ် ဖြာထွက်သွားသည်။
ထိုအခါ အပေါ်ရှိ အရာအားလုံး ထင်းလင်းမြင်သာလာသည် .... ကောင်းကင်ဘုံ ၃၂ ဘုံ။
ယခုတွင် အတားအဆီး ပျက်စီးသွားပြီဖြစ်၍ တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ (၃၂) ကား ဆက်စပ်သွားလေပြီ။ နှစ်ဖက်လုံး... တစ်ဖက်ကိုတစ်ဖက် တိုက်ရိုက်ကြည့်နိုင်သွား၏။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ ၃၂ ဘုံမှ အပြင်သူအားလုံး ရုတ်တရက် ဝေဝါးပြီး မှေးမှိန်ပျောက်ကွယ်သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူတို့သည် သူတို့လာခဲ့သော မြေထုများအပေါ် ပြန်ရောက်သွားကြ၏။ ဤကဲ့သို့ထူးဆန်းသောအခြေအနေက မန်ဟို့ကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။ တစ်ခုခုတော့ မူမမှန်ပေ။ မည်သည့်အရာမှန်း သူ မသိသော်လည်း ကြီးကြီးမားမားတစ်စုံတစ်ခု ဖြစ်ပျက်ပေတော့မည်။
တောင်ပင်လယ်လောကကို ကြည့်နေသော ပါရာဂွန်ရွှမ်းဖန်၏အမူအရာတွင် အထင်သေးမှုတို့ ပြည့်နေသည်။
“မင်းတို့ရဲ့ လှည့်ကွက်လေးကို ငါ လေးစားပါတယ်။ ဒါပေမဲ့ ... နည်းနည်းလေးမှကို ဂရုမစိုက်တာ” ရွှမ်းဖန်၏စကားလုံးများ ပဲ့တင်ထပ်လာသောအခိုက်အတန့်မှာပင် မန်ဟို့နှလုံးခုန်နှုန်းသည် အချိန်နှင့်အမျှ အားကောင်းလာနေသည့် မကောင်းနိမိတ်ကြောင့် ပြင်းစွာတုန်ရီလာ၏။ ထိုစဉ် ကြေမွသွားသော အတားအဆီး၏အပိုင်းအစအားလုံးက လေဆင်နှာမောင်းကြီးသဖွယ် တဝေါဝေါလည်လာသည်။ ထို့နောက် ၎င်းတို့သည် ကောင်းကင်ဘုံ ၃၂ ဘုံသို့ မြောက်တက်သွား၏။
တစ်ချိန်တည်းမှာပင် ပါရာဂွန်ပင်လယ်အိပ်မက်၏အသံက တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“တိုက်”
တောင်ပင်လယ်ကျင့်ကြံသူများက ပေါက်ကွဲတတ်သော နတ်ဘုရားစွမ်းရည်များနှင့် သိုင်းကွက်များကို ထုတ်လွှတ်လိုက်သဖြင့် နဝမတောင်ပင်လယ်မှ စတင်၍ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာပြီး အဋ္ဌမတောင်ပင်လယ်သို့ ကူးစက်ကာ ပထမတောင်ပင်လယ်အထိ ရောက်ရှိသွားသည်။ မှော်အစွမ်းများက တဟုန်းထိုး မြင့်တက်သွားပြီး ပထမတောင်ပင်လယ်မှ ယခင်ပင်လယ်များထက် ဆယ်ဆအားပိုပြင်းသော မှော်ပင်လယ်တစ်စင်းအား ဖြာထွက်သွားစေသည်။ မှော်ပင်လယ်သည် လေဆင်နှာမောင်းကြီးဆီ ဦးတည်၍ ၎င်းနှင့် ပေါင်းစည်းလိုက်ရာ အရွယ်အစားနှင့် စွမ်းအားကြောက်ခမန်းလိလိ ကြီးမားလာတော့၏။
ထိုမယုံနိုင်လောက်အောင် ပြင်းထန်သော အင်အားက ... ကောင်းကင်ဘုံ ၃၂ ဘုံထိ တန်းတန်းမတ်မတ် ဦးတည်နေလေသည်။
ဤသည်မှာ ရွှမ်းဖန် ပြောခဲ့သော တောင်ပင်လယ်လောက၏လည့်ကွက်၊ ပါရာဂွန်ပင်လယ်အိပ်မက်မှ အကောင်အထည်ဖော်ခဲ့သော်လည်း ပါရာဂွန်ကိုးတံဆိပ်မှ အစီအစဉ်ချထားခဲ့သော လှည့်ကွက်ပင် ဖြစ်သည်။
၎င်းသည် အမှန်တကယ် လှည့်ကွက်ဖြစ်၏။ တောင်ပင်လယ်လောက၏ရှုထောင့်အရ မပြောနိုင်သော်လည်း ကောင်းကင်ဘုံ ၃၃ ဘုံဘက်မှ ကြည့်လျှင် သဲသဲကွဲကွဲ ပေါ်လွင်သည်။ တောင်ပင်လယ်လောက၏စိတ်ဆန္ဒမှ တည်ဆောက်ထားသော အတားအဆီးသည် ကြေမွသွားသည်နှင့် ကြောက်မက်ဖွယ်တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်နိုင်လိမ့်မည်။
ထိုကြောက်မက်ဖွယ်တိုက်ကွက်၊ ထိုပြင်းထန်သော လေဆင်နှာမောင်းက တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ မှော်သိုင်းကွက်အားလုံးကို ပေါင်းစည်းကာ ကောင်ကင်ဘုံ (၂) ကို ရိုက်ခတ်နိုင်မည့် ပါရာဂွန်နှင့်ညီမျှသော စွမ်းအားကို ဖန်တီးပေးလိမ့်မည်။
လေဆင်နှာမောင်းကြီးသည် ကောင်းကင်ဘုံ (၂) ကို လွှမ်းခြုံတိုက်ခတ်၍ ၎င်း၏တောင်တန်းများ၊ အဆောက်အအုံများကို ဖျက်စီးဖြိုလှဲပြီးနောက် ကောင်းကင်ဘုံ (၃)၊ ကောင်းကင်ဘုံ (၄) နှင့် ကောင်းကင်ဘုံ (၅) တို့၏အတားအဆီးများဆီ ဆက်လက်ရွေ့လျားသွားသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက မြားချက်နှစ်ချက် ပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ဆယ့်ခြောက်ချက်သာ ကျန်သည်။ သို့သော် သူသည် လေဆင်နှာမောင်းကြီးအား ပို၍ကြီးကျယ်ခမ်းနားသွားစေဖို့ နောက်အလင်းမြားတစ်ချက် ပစ်လွှတ်ရန် တွန့်ဆုတ်မနေပေ။
ကြေမွသွားသောအတားအဆီးအတွင်း၌ လှည့်ကွက်များ ထပ်မံရှိသေးနိုင်ကြောင်း ခံစားရသည့်အတွက် မန်ဟိုသည် မကောင်းနိမိတ်ကို အာရုံရနေသည့်တိုင် ပစ်လွှတ်ရန် ရွေးချယ်လိုက်သေး၏။
တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ အမျက်ဒေါသ၊ တောင်ပင်လယ်လောက၏ အားကြီးသော စိတ်ဆန္ဒမှ အားဖြည့်ပေးထားသော လေဆင်နှာမောင်းကြီးကား ကောင်းကင်ဘုံ ၃၂ ဘုံကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွင်းချင်နေသည့်အလား တဝေါဝေါ အော်မြည်နေတော့သည်။
သို့သော် လေဆင်နှာမောင်း ကောင်းကင်ဘုံ (၆) ကို ဝင်တိုက်၍ ကောင်းကင်ဘုံ (၇) သို့ ဆက်လက်မရွေ့လျားနိုင်ခင် မျက်စိကျိန်းလုအောင် တောက်ပသောအလင်းရောင်က ကောင်းကင်ဘုံ (၇)၏ မြေထုကြီးကို လွှမ်းခြုံရန် ဖြာထွက်လာသည်။ ထို့နောက် ၎င်းသည် ကောင်းကင်ဘုံ (၈) နှင့် (၉)ကို ဖုံးလွှမ်းကာ ကောင်းကင်ဘုံ (၃၃) အထိ တောက်လျှောက်ကူးစက်သွားသည်။ ထို့နောက် ထိုကောင်းကင်ဘုံအားလုံး ဝေဝါးစပြုလာသည်။
တစ်ချိန်တည်းမှာပင် အတားအဆီးတစ်ခုက ကောင်းကင်ဘုံ (၆) နှင့် ကောင်းကင်ဘုံ (၇)အကြား ထိစပ်မှုကို ဖြတ်တောက်လျက် ပေါ်လာသည်။
တစ်ဆက်တည်းမှာပင် ကောင်းကင်ဘုံ (၇) ၏အထက်ရှိ အာကာပြင်ကျယ်ကြီးထဲတွင် ဧရာမကင်းမြီးကောက်ကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းသည် ဝေဝါးနေသော်လည်း ၎င်း၏မျက်လုံးများက တောင်ပင်လယ်လောကကို ငုံ့ကြည့်နေစဉ် ဖိနှိပ်နေသော အေးစက်မှုဖြင့် တောက်ပနေသည်။
“ပင်လယ်အိပ်မက်က အကောင်အထည်ဖော်ပေးတဲ့ ကိုးတံဆိပ်ရဲ့ ဗျူဟာတွေ။ ငါတို့ကောင်းကင်ဘုံ ၃၃ ဘုံအနေနဲ့ မင်းတို့လှည့်ကွက်ကို ရင်ဆိုင်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ အဲဒီသုတ်သင်ခြင်းစွမ်းအားက ... ကြောက်စရာကောင်းမြဲ ကြောက်စရာကောင်းဆဲပါလား
“ဒါပေမဲ့.... နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ။ ငါတို့ဟာ အရင်ကလို မဟုတ်တော့ဘူး။ အတိတ်တုန်းကဆို မင်းတို့အနေနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို တိုက်ခတ်ထိုးခွင်းပြီး တောင်ပင်လယ်လောက ထွက်ပြေးဖို့ လမ်းဖွင့်ကောင်း ဖွင့်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ .... ကောင်းကင်ဘုံ ၆ ကနေ မင်းတို့ ဆက်မတက်နိုင်စေရဘူး
“အဲဒီတောင်ပင်လယ်ဒေါင်လိုက်အသွင်ဟာ ခံစစ်အတွက် အင်အားစုစည်းထားသယောင် ထင်ရပေမယ့် ပုံစံက မြားတစ်စင်းပုံစံ ရှိတာ မေးခွန်းထုတ်စရာတောင် မလိုဘူး။ အဲဒီနှစ်တွေတစ်လျှောက်လုံး ပါရာဂွန်ကိုးတံဆိပ် ဒါကို ပြင်ဆင်နေခဲ့တာ ဖြစ်လောက်တယ်။ နောက်ဆုံးတိုက်ပွဲအတွက် သူ၏အစီအစဉ်က ... မင်းတို့ ထွက်ပြေးနိုင်အောင် လမ်းဖွင့်ပေးနိုင်ဖို့ပဲ
“တောင်ပင်လယ်လောကရဲ့ကျင့်ကြံသူ ဘယ်လောက်များများ ဒီအစီအစဉ်လေးကို သိထားလဲ ငါ သိချင်မိတယ်။ မင်းရဲ့အကျင့်အရဆိုရင် ပင်လယ်အိပ်မက် .... မင်း ဘယ်သူ့မှ မပြောရသေးဘူးလို့ ငါ ပြောရဲတယ်” ကင်းမြီးကောက်ကြီး၏ရယ်သံက တောင်ပင်လယ်လောကတစ်ဝန်း ပဲ့တင်ထပ်ရင်း တိုးညင်းပျောက်ကွယ်သွားသည်။
သူ၏စကားလုံးမျာသည် ယုတ်မာကောက်ကျစ်မှုတို့ဖြင့် ပြည့်နှက်နေပြီး တောင်ပင်လယ်လောက၏ကျင့်ကြံသူများနားထဲ ဝင်ရောက်လာသောအခါ သူတို့၏နှလုံးသားမှာ ထိတ်လန့်မှုတုန်ရီလာတော့သည်။ မန်ဟိုပင်လျှင် ပင်လယ်အိပ်မက် ယခုလိုလုပ်လိမ့်မည်ဟု မသိခဲ့ပေ။
သူ့အနေဖြင့် ကင်းမြီးကောက်အသွင်ပါရာဂွန်၏ အထောက်အထားမရှိ စွပ်စွဲပြောဆိုမှုများကို လျစ်လျူရှုချင်လျှင် လျစ်လျူရှုနိုင်သော်လည်း ... ထိုစကားများက လုပ်ကြံထားခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။
မန်ဟိုပင် ထိုသို့သက်ရောက်ခံလိုက်ရပါက ကျန်တောင်ပင်လယ်ကျင့်ကြံသူများ မည်သို့ခံစားရမည်လဲ စိတ်ကူးသာကြည့်နိုင်ပေသည်။ သူတို့မှာ ... စစ်ပွဲနှင့်ပတ်သက်ပြီး ယုံကြည်ချက်ကျဆင်းသွားကြတော့သည်။ သူတို့၏ပါရာဂွန်ပင်လျှင် မသေမချင်း မတိုက်ခိုက်ဘဲ ထွက်ပြေးနေချင်သည်မဟုတ်ပါလော...
မန်ဟို ကောင်းကင်ဘုံ (၁) ကို ဖျက်စီး၍ ပါရာဂွန်ကို ကျွန်ပြုပြီးနောက် ခံစားခဲ့ရသော မျှော်လင့်ခြင်းအားမာန်မှာ ကင်းမြီးကောက်အသွင် ပါရာဂွန်၏ကျေးဇူးကြောင့် ရုတ်တရက် အားယုတ်သွားတော့သည်။
မန်ဟို၏မျက်လုံးများ လင်းလက်နေပြီး သူ့နှလုံးသားမှာ လေးလံနေသည်။ ပါရာဂွန်အဆင့်အထိ ရောက်ရှိခဲ့သော ကျင့်ကြံသူများသည် နယ်နယ်ရရမဟုတ်သလို၊ ဉာဏ်နီဉာဏ်နက် အင်မတန်များကြောင်း သူ သိသည်။
ကင်းမြီးကောင်အသွင်ပါရာဂွန် ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ဘုံ ၇ မှ ကောင်းကင်ဘုံ ၃၃ အထိ တစ်လျှောက်လုံး ကိုယ်ယောင်ပျောက်သွားကာ ကောင်းကင်ဘုံ ၆၊ ၅ ၊ ၄ ၊ ၃ နှင့် ၂ တို့၏ မြေထုကြီးများအားလုံး ကျဆင်းလာသည်။
၎င်းတို့မှာ ပျက်စီးပြိုလဲနေသော်လည်း ထိုအပေါ်ရှိ အပြင်သူများတွင် စောစောက တိုက်ကွက်များကို ခုခံနိုင်ခဲ့သော နည်းလမ်းများရှိကြောင်း ထင်ရှားသည်။ သန်းပေါင်းများစွာသော အပြင်သူတို့သည် သူတို့၏မြေထုကြီးများနှင့်အတူ ချီတက်လာကြလေပြီ။
မြေထုငါးခုမှ ဖြာထွက်လာသော အနက်ရောင်ကုဗတုံးများသည်လည်း တစ်သန်းထက်မနည်းပေ။
ဤအချိန်တွင် ပါရာဂွန်ပင်လယ်အိပ်မက်၏အသံက ကြယ်တာရာကောင်းကင်ထဲတွင် ပဲ့တင်ထပ်လာသည်။ “မုသားတွေ မပြောစမ်းနဲ့။ မင်းလို ဘာမဟုတ်တဲ့ ကင်းမြီးကောက်မျိုးနွယ် နတ်ဆရာတစ်ကောင်က ပါရာဂွန်ကိုးတံဆိပ်ရဲ့ လှည့်ကွက်တွေကို နားလည်နိုင်မယ်ထင်သလား။ တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ ကောင်းကင်ဘုံ (၇) နဲ့ ကျန်တဲ့ကောင်းကင်ဘုံတွေဟာ သူတို့ရဲ့ ကောင်းကင်ဘုံကိုယ်ယောင်ဖျောက်အတတ်ကို ထုတ်လွှတ်ခဲ့ပြီးပြီ။ နောက်တစ်နှစ်အထိ သူတို့အနေနဲ့လက်ရှိအခြေအနေကနေ ပြန်ထွက်လာနိုင်မှာမဟုတ်သလို၊ ငါတို့ကိုလည်း မတိုက်ခိုက်နိုင်ဘူး။ စောင့်ပဲ ကြည့်နိုင်လိမ့်မယ်
“သူတို့ဟာ ကောင်းကင်ဘုံ (၂) ကနေ ကောင်းကင်ဘုံ (၆) အထိ စွန့်လွှတ်ခဲ့ကြပြီ။ သူတို့စစ်တပ်တွေဟာ စစ်ကူမရနိုင်တော့ဘူး။ မင်းတို့ အဆင့်နိမ့်လောကသား အပြင်သူတို့ အဲဒါကို သိကြရဲ့လား။ မင်းတို့ အစွန့်လွှတ်ခံခဲ့ရတာကို သိကြရဲ့လား”