← Chapters

အခန်း ၈၈၃

Vol. 59 Ch. 883

အခန်း ၈၈၃

Vol. 59 Ch. 883

အခန်း (၈၈၃) သိုင်းဝိဇ္ဇာသူတော်စင်အဆင့် မိစ္ဆာသိုင်းပညာရှင်နှင့် နန်းမြို့တော် မဟာတိုက်ပွဲကြီး။ (၃)

ခုနစ်ယောက်နှင့် ကိုးယောက် ရင်ဆိုင်နေရသဖြင့် အရေအတွက်အရ ရှလက်ယန် မိသားစုမှာ အသာမရသကဲ့သို့ ရှိနေသည်။ သို့သော်လည်း ထိုမိစ္ဆာသိုင်းပညာရှင် ကိုးယောက်မှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိသည်မှာ သိပ်မကြာသေးသူများသာ ဖြစ်ကြသည်။ ၎င်းပြင် ရှယန်လုံသည် 'နဂါးသတ်နတ်ဓား' ကို ကိုင်စွဲထားသဖြင့် ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ တတိယအဆင့် သိုင်းဝိဇ္ဇာသူတော်စင် ဟုန်မန့်ထျန်းနှင့်ပင် ယှဉ်နိုင်စွမ်းရှိရာ နှစ်ဖက်စလုံး၏ အင်အားမှာ မျှတနေပြီး အရှုံးအနိုင် မပေါ်ဘဲ ဖြစ်နေသည်။

အရိုးမျက်နှာဖုံးနှင့် လူမှာ အလွန်ပင် အစွမ်းထက်လှသည်။ ရှယန်လုံ၏ နဂါးသတ်နတ်ဓား တိုက်ကွက်များကို သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နက်ရှိုင်းလှသည့် မိစ္ဆာမြူခိုးများဖြင့် အလွယ်တကူ ဝါးမျိုဖျက်ဆီးပစ်နိုင်သည်။

"အရှင်ချင်း လှုပ်ရှားလိုက်ပြီ၊ သွားကြစို့။"

အရိုးမျက်နှာဖုံးနှင့် လူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အခြားသော မိစ္ဆာအုပ်စုထံသို့ အသံပို့ဆက်သွယ်ကာ အမိန့်ပေးလိုက်သည်။

"သွားမယ်"

အခြားသော မိစ္ဆာသိုင်းပညာရှင်များမှာလည်း စိတ်ဓာတ်တက်ကြွသွားကြသည်။ သူတို့သည် ရှယန် မိသားစုမှ သိုင်းဝိဇ္ဇာသူတော်စင်များနှင့် အသေအလဲ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့၏ တာဝန်မှာ အာရုံလွှဲရန်နှင့် အချိန်ဆွဲရန်သာ ဖြစ်သည်။ ယခုအခါ သူတို့၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ရာ ဆက်လက် တိုက်ခိုက်နေရန် မလိုအပ်တော့ပေ။

မိစ္ဆာကိုးယောက်မှာ ဆုတ်ခွာရန် ပြင်လိုက်သည်ကို ရှယန်လုံနှင့် အခြားသူများ ရိပ်မိလိုက်ကြသည်။ ရှလက်ယန် မိသားစုမှ သိုင်းဝိဇ္ဇာသူတော်စင် အဘိုးအိုတစ်ဦးက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ "မင်းတို့ မိစ္ဆာတွေက ငါတို့နေရာကို စိတ်ကြိုက် လာချင်လာ၊ သွားချင်သွား လုပ်လို့ရမယ် ထင်နေလား။"

ထွမ်မုထောင်နှင့် အခြားသူများလည်း ဒေါသထွက်နေကြသည်။ ရန်သူက သူတို့၏ အိမ်ရှေ့အထိ လာရောက်စော်ကားသည်ကို ဒီအတိုင်း လွှတ်ပေးရန် သူတို့တွင် ဆန္ဒမရှိပေ။ သို့သော် ရုတ်တရက် ရှယန်လုံ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ဝုန်း"

မဟာမီးလျှံ နန်းတော်မြို့တော်၏ အလယ်ဗဟိုရှိ ကောင်းကင်ယံမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် မြို့လယ်ရှိ ခန့်ညားလှသော အဆောက်အအုံများမှာ ပေါက်ကွဲကာ ပြိုကျကုန်တော့သည်။ ဤပြင်းထန်သော တုန်ခါမှုမှာ နန်းတော်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

"အဲ့တာ ကောင်းကင်ဘုံနန်းပဲ... ငါတို့ ရှယန် မိသားစုရဲ့ ကောင်းကင်ဘုံနန်းထဲမှာ တစ်ခုခု ဖြစ်သွားပြီလား"

ရှလက်ယန် မိသားစုမှ သူရဲကောင်းတစ်ဦးမှာ မျက်နှာပျက်ကာ ထိတ်လန့်သွားသည်။ ကောင်းကင်ဘုံနန်းမှာ ရှေးဟောင်းမိသားစုတစ်ခုအတွက် အလွန်အရေးကြီးလှသည်။ အကယ်၍ အင်ပါယာကြီး ပြိုလဲသွားလျှင်ပင် ထိုနယ်မြေအတွင်း ခိုလှုံကာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သောကြောင့် ဖြစ်သည်။

"မြန်မြန်..သွားကြည့်ကြ။"

မဆိုင်းမတွပင် ရှယန် မိသားစုမှ သူရဲကောင်း သုံးဦးမှာ နန်းတော်မြို့တော်အတွင်းရှိ ကျင့်ကြံရာနယ်မြေ အဝင်ဝဆီသို့ အပြင်းအထန် ဆင်းသက်သွားကြတော့သည်။ မိစ္ဆာများကို လွှတ်ပေးလိုက်ရသော်လည်း သူတို့၏ အခြေခံအုတ်မြစ်မှာ ပို၍ အရေးကြီးနေသည်။

ရှယန်လုံ၏ မျက်နှာမှာ အလွန်မှောင်မှောက်နေပြီး သူ၏ ရန်သူများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည် - "မင်းတို့တွေက မဟာနတ်ဘုရားမျိုးစေ့ရဲ့ ပုံရိပ်ယောင်တွေလား။ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ သိုင်းဝိဇ္ဇာသူတော်စင်တွေဖြစ်ပြီးတော့ အခုကျမှ မိစ္ဆာတစ်ကောင်ကို အစေခံပြီး ကိုယ့်လူမျိုးအချင်းချင်း ပြန်တိုက်နေကြတာလား"

တိုက်ပွဲအတွင်း သူတို့ အသုံးပြုသော ပညာရပ်များကို ကြည့်ကာ ရှယန်လုံသည် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိလိုက်ခြင်း ဖြစ်သည်။ သူတို့သည် သေဆုံးသွားပြီးသားသူများ၏ ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။ ချင်းမေ့ရှန့်က သူတို့ကို မည်သို့ စည်းရုံးထားသည်ကိုမူ သူ စဉ်းစားမရပေ။

"ဒါက ဧကရာဇ်နဲ့ မဆိုင်ပါဘူး.. ကိုယ့်အသိုက်အမြုံလေး ရှိသေးလားဆိုတာကိုသာ အမြန်သွားကြည့်လိုက်ပါဦး။"

ဓားကြီးကို ကိုင်ဆောင်ထားသော လူကြီးက လှောင်ပြောင်ရယ်မောလိုက်သည်။

"သွားကြစို့"

အရိုးမျက်နှာဖုံးနှင့် လူက အေးစိမ့်စွာ အမိန့်ပေးလိုက်ပြီးနောက် မိစ္ဆာကိုးယောက်လုံးမှာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံတက်သွားကြသည်။ သူတို့၏ တာဝန်မှာ ပြီးမြောက်သွားပြီ ဖြစ်သည်။ ရှယန်လုံမှာမူ နောက်မှ လိုက်မတိုက်တော့ပေ။ သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးမှာ နယ်မြေကို သွားကြည့်နေရသဖြင့် သူတို့ လေးယောက်တည်းနှင့် ထိုမိစ္ဆာများကို ဖမ်းဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။

"တောက်... သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်ရတော့မှာလား"

ထွမ်မုထောင်နှင့် ကုဖေးယန်တို့က မကျေမနပ် ဖြစ်နေကြသည်။

"ဟမ်"

ထိုခဏတွင် ရှယန်လုံသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အဖြူရောင် ပုံရိပ်တစ်ခု လျှပ်စီးအလား ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကြိုးကြာဖြူကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ကျောပေါ်တွင် ဝတ်စုံနက်နှင့် လူတစ်ဦးမှာ မားမားမတ်မတ် ရပ်နေသည်။ ထိုသူမှာ စူးချန်ခုန်း ပင် ဖြစ်သည်။

"အကြီးအကဲ စူး... ဘာလို့ ဒီလောက်မြန်မြန် ရောက်လာတာလဲ" ရှယန်လုံမှာ အံ့ဩမှင်သက်သွားသည်။ ရှယန် မိသားစုမှ အကြောင်းကြားလိုက်သည်မှာ မှန်သော်လည်း မိစ္ဆာများ တိုက်ခိုက်သည်မှာ နာရီဝက်ပင် မပြည့်သေးပေ။ ဝေးလံလှသော ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ ဤမျှမြန်မြန် ရောက်လာနိုင်ခြင်းမှာ မယုံနိုင်စရာပင်။

စူးချန်ခုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ဟို မိစ္ဆာတွေ ဘယ်မှာလဲ"

"အခုလေးတင် ထွက်သွားကြပြီ" ဟု ထွမ်မုထောင်က ချက်ချင်း ဖြေလိုက်သည်။

"ဘယ်ဘက်ကို သွားတာလဲ" စူးချန်ခုန်းက ဆက်မေးသည်။

"ဟိုဘက်ကို" ထွမ်မုထောင်က မိစ္ဆာများ ထွက်သွားသည့် ဘက်ကို လက်ညှိုးညွှန်ပြလိုက်သည်။

ရှယန်လုံက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "အကြီးအကဲ စူး... ဘာလုပ်မလို့လဲ"

"ဘာလုပ်ရမှာလဲ... သူတို့ကို အကုန်လုံး သတ်ပစ်မလို့ပေါ့။"

စူးချန်ခုန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လက်ခနဲ ပေါ်ထွက်လာတော့သည်။

All Chapters