အခန်း ၈၈၅
Vol. 59 Ch. 885
အခန်း (၈၈၅) စစ်မှန်သော ပြိုင်ဘက်ကင်း သိုင်းဝိဇ္ဇာသူတော်စင်နှင့် ရွှေဆေးလုံး၏ အစွမ်း။ (၂)
ထိုအတောအတွင်း ရှယန်လုံနှင့် သူ၏အဖွဲ့သည်လည်း ရောက်လာခဲ့ပြီဖြစ်သည်။ သူတို့သည် မိစ္ဆာတိမ်တိုက်များ ဖုံးလွှမ်းနေသော စူးချန်ခုန်းနှင့် မိစ္ဆာသိုင်းပညာရှင်များကို တွေ့လိုက်ရသည်။ နှစ်ဖက်စလုံးသည် တစ်ဖန်ပြန်၍ အခြေအတင် ဖြစ်နေကြပြန်သည်။
စူးချန်ခုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။ "မင်းတို့ထဲမှာ ချင်းမေ့ရှန် မပါဘူးလား"
စူးချန်ခုန်းသည် သူတို့ကြားတွင် ချင်းမေ့ရှန်ကို မတွေ့ရပေ။ ဘေးမှ တုန့်မုထောင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ "ညီလေးစူး... မင်းမရောက်ခင်မှာ ရှယန် ကောင်းကင်ဘုံနန်း အတိုက်ခံခဲ့ရတယ်။ အဲ့တာ ချင်းမေ့ရှန်ရဲ့ လက်ချက်ဖြစ်နိုင်တယ်"
စူးချန်ခုန်း၏ စိတ်ထဲတွင်လည်း ထိတ်လန့်သွားသည်။ ရှယန် မိသားစု၏ ကောင်းကင်ဘုံနန်း တိုက်ခိုက်ခံရသည် တဲ့လား။
"တာ့ဝူဖုန်း... ငါတို့က မင်းကို လာမရှာသေးတာကို မင်းက ကိုယ့်သေတွင်းကိုယ် တိုးလာတာပဲ။ သေချင်နေတာလား"
ဓားကြီးကို ကိုင်ဆောင်ထားသော ဗလတောင့်တောင့် လူကြီးက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ သူ၏ အစိမ်းရောင်မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။ ချင်းမေ့ရှန်နှင့် စူးချန်ခုန်း၏ ရန်ငြိုးမှာ အလွန်နက်ရှိုင်းလှသည်။ အကယ်၍ စူးချန်ခုန်းသာ အသက်ခြွေအဖွဲ့အစည်းကို အရင်မတိုက်ခိုက်ခဲ့လျှင် ဟုန်ကျန်းရှန့်ကို အနိုင်ယူပြီး ဖမ်းမသွားခဲ့လျှင် ချင်းမေ့ရှန်အနေဖြင့် ဤမျှအထိ ခက်ခက်ခဲခဲ လုပ်ဆောင်နေရန် မလိုပေ။ ချင်းမေ့ရှန်သည် စူးချန်ခုန်းကို သတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သူတို့နှစ်ဦးမှာ မပြေလည်နိုင်သော ရန်ဘက်ဟောင်းများပင် ဖြစ်သည်။
မထင်မှတ်ထားသော အပြောင်းအလဲများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ချင်းမေ့ရှန်သည် ဟုန်ကျန်းရှန့်ကို အရင်ဖမ်းရန် ဆုံးဖြတ်ခဲ့ပြီးမှ စူးချန်ခုန်းကို ရှင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စူးချန်ခုန်းက အရင်ဦးအောင် လာရောက် ပတ်သက်နေခဲ့ပြီဖြစ်သည်။
"သူ့တို့ကို မြန်မြန်လေး အပြတ်ရှင်းရမယ်" စူးချန်ခုန်းက တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
"တာ့ဝူဖုန်း… မင်းက သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်မှာ ပြိုင်ဘက်ကင်းတဲ့ ဒီခေတ်ရဲ့ အစွမ်းအထက်ဆုံး ပညာရှင်လို့ ငါကြားဖူးတယ်။ ငါ့နာမည်က ဝူရှန်းယုံ။ ငါ့ခေတ်တုန်းကလည်း ငါဟာ ရန်သူမှန်သမျှကို ခြေမှုန်းခဲ့သူပဲ။ ဒီနေ့တော့ မင်းမှာ ဘာအရည်အချင်းရှိလဲဆိုတာ ငါကြည့်ရသေးတာပေါ့"
ထိုလူကြီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ယခု စူးချန်ခုန်းနှင့် တွေ့ပြီဖြစ်ရာ အားလုံးကို အပြတ်ရှင်းမည် ဖြစ်သည်။
"သူ့ကို အထင်မသေးနဲ့။ တာ့ဝူဖုန်းကလည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်နေပြီ ဖြစ်နိုင်တယ်" ဟု ပိန်ပိန်ပါးပါး တန်းခမ်းက ထိုလူထွားကြီးကို သတိပေးလိုက်သည်။ စူးချန်ခုန်း၏ လိပ်အသက်ရှူကျင့်စဉ်မှာ အဆင့် ၁၂ သို့ ရောက်ရှိနေသဖြင့် သူ၏အရှိန်အဝါကို ဖုံးကွယ်ထားရာ တန်းခမ်းအနေဖြင့် စူးချန်ခုန်း၏ အနက်အရှိုင်းကို အပြည့်အဝ မမြင်နိုင်ပေ။ သို့သော် တာ့ဝူဖုန်းသည် ရဲရဲဝံ့ဝံ့ လိုက်လာရဲသည်ဆိုပါက သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ တက်လှမ်းပြီးဖြစ်မည်ကို သူသိနေသည်။
"အဆင့်တက်ခါစ သိုင်းဝိဇ္ဇာသူတော်စင်လား... ငါ အရေးကိုမစိုက်တာ" လူထွားကြီးက ပြန်ပြောလိုက်သည်။ သူ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ စူးချန်ခုန်းကို သတ်နိုင်လျှင် ချင်းမေ့ရှန်က သဘောကျပြီး ဆုလာဘ်များ ပိုပေးမည်မှာ သေချာသည်။
"သတိထား... သူက တော်တော်လေး အစွမ်းထက်တယ်..."
ထွမ်မုထောင်ကလည်း စူးချန်ခုန်းကို အလျင်အမြန် သတိပေးလိုက်သည်။ သူကိုယ်တိုင် ထိုလူထွားကြီးနှင့် ရင်ဆိုင်ခဲ့ဖူးပြီး အပြတ်အသတ် ဖိနှိပ်ခံခဲ့ရသဖြင့် ထိုလူကြီးမှာ သာမန် သိုင်းဝိဇ္ဇာသူတော်စင်ထက် ပိုမိုအစွမ်းထက်ကြောင်း သူသိထားသည်။
"အကြီးအကဲစူးက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်သွားပြီလား။ သိုင်းဝိဇ္ဇာသူတော်စင်မဖြစ်ခင်ကတည်းက သူက ပြိုင်ဘက်ကင်းခဲ့တာ။ အခု သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်သွားပြီဆိုရင်... အဲ့ဒီမိစ္ဆာသိုင်းပညာရှင်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲမသိဘူး။"
ရှယန်လုံသည် မဟာမီးလျှံအင်ပါယာ၏ အထူးခြားဆုံး သိုင်းပညာရှင်ဖြစ်သော စူးချန်ခုန်း၏ လက်စွမ်းကို မြင်တွေ့ရရန် မျှော်လင့်နေမိသည်။
စူးချန်ခုန်းသည် ဟင်းလင်းပြင်တွင် ရပ်နေသည်။ သူ၏ ခြေဖဝါးအောက်မှ ကြိုးကြာဖြူပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားပြီး ထိုလူထွားကြီးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူသည် သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ တိတ်ဆိတ်နေပြီး တစ်ဖက်လူကို လုံးဝ အရေးမစိုက်သည့် ပုံစံမျိုးပင်ဖြစ်သည်။
"သေချင်နေတာပဲ"
လူထွားကြီး၏ သတ်ဖြတ်လိုစိတ်မှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်သွားသည်။ သူ၏ ခေတ်တုန်းကလည်း သူသည် မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့သူဖြစ်ရာ ဤကဲ့သို့ အထင်သေးခံရမှုကို မည်သို့ သည်းခံနိုင်မည်နည်း။
"ဂျိမ်း"
မိုးကြိုးပစ်သကဲ့သို့သော ဟိန်းဟောက်သံနှင့်အတူ လူကြီးထံမှ ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်လာရာ အောက်ဘက်ရှိ တောင်တန်းများပင် တုန်ခါသွားသည်။ သူ၏ ကြွက်သားများမှာ ဝတ်စုံကို ဖောက်ထွက်တော့မည့်အလား ဖောင်းကားလာပြီး ထူထပ်သော မိစ္ဆာတိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားရာ မိစ္ဆာဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ရှိနေသည်။
"တောင်ဖြို ထိပ်ခွဲချက်"
လူထွားကြီးက ဟင်းလင်းပြင်ကို နင်း၍ စူးချန်ခုန်းထံသို့ အကြမ်းပတမ်း ပြေးဝင်လာသည်။ သူ၏ ကျောပေါ်မှ ဓားကြီးကို ဆွဲထုတ်ကာ လက်နှစ်ဖက်ဖြင့် မြှောက်၍ ခုတ်ချလိုက်သည်။ ဤတိုက်ကွက်မှာ ရိုးရှင်းလှသော်လည်း အလွန်ပင် နက်နဲလှသည်။ ပေပေါင်း တစ်သိန်းမြင့်သော တောင်ကြီးကို နှစ်ခြမ်းခွဲနိုင်ပြီး အဆုံးမဲ့သော မြေကမ္ဘာကိုပင် အက်ကြောင်းကြီးဖြစ်အောင် ခုတ်ပိုင်းနိုင်စွမ်း ရှိသည်။
ဓားကြီး မကျလာမီမှာပင် ဟင်းလင်းပြင်မှာ ချိုင့်ဝင်သွားပြီး ပြင်းထန်သော ဖိအားများက စူးချန်ခုန်းအပေါ်သို့ သက်ရောက်နေသည်။ ထိုဓားကြီးကို ရင်ဆိုင်ရန်အတွက် စူးချန်ခုန်းသည် သူ၏ ခါးရှိ ဓားရိုးပေါ်သို့ လက်တင်လိုက်သည်။
သူ၏ ဝမ်းဗိုက်အတွင်းရှိ ဆန်းကြယ်လိပ်ရွှေဆေးလုံးမှာ အနည်းငယ် လည်ပတ်သွားပြီး ခိုင်မာလှသော ရွှေဆေးလုံးစွမ်းအင်များကို ဓားသွားပေါ်သို့ ချက်ချင်း ပို့လွှတ်လိုက်သည်။
"ဝီ... ဝီ... ဝီ"
သံဖြတ်ဓားမှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် မိစ္ဆာကို ခုတ်ပိုင်းရန် စိတ်အားထက်သန်စွာဖြင့် အသံများ မြည်ဟည်းနေသည်။
သံဖြတ်ဓားပညာ၊ အပေါ်သို့ ပင့်ခုတ်ခြင်း။
စူးချန်ခုန်းသည် ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ကာ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ရိုးရှင်းသော အပေါ်သို့ ပင့်ခုတ်လိုက်သည့် တိုက်ကွက်ဖြစ်သော်လည်း အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။
"ဝုန်း"
မြည်ဟည်းသံနှင့်အတူ ငွေရောင်တောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။ ခိုင်မာလှသော မိစ္ဆာအရှိန်အဝါများကို ဆွဲဖြဲလျက် ကောင်းကင်သို့ ပျံတက်သွားသော ငွေနဂါးတစ်ကောင်အလား ရှိနေသည်။
"ဘာ..."
လူထွားကြီး၏ မျက်နှာ ပျက်သွားသည်။
"ချလွမ်း"
ဓားနှစ်စင်းသည် မည်သည့်လှည့်ကွက်မျှမပါဘဲ ထိပ်တိုက် တိုးမိကြရာ သတ္တုချင်း ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လူထွားကြီးမှာ မယုံနိုင်အောင် ဖြစ်သွားရသည်မှာ သူ၏ ဓားကြီးမှာ မခံနိုင်တော့ဘဲ မြည်တမ်းသံ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ထိတွေ့လိုက်သည့် ခဏမှာပင် သူ၏ ဓားကြီးမှာ စူးချန်ခုန်း၏ မဖျက်ဆီးနိုင်သော ဓားသွားကြောင့် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့သည်။
"မ... မကောင်းတော့ဘူး။"
လူကြီးသည် အန္တရာယ်ရှိမှန်း သိ၍ အမြန်နောက်ဆုတ်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သံဖြတ်ဓားသည် သူ၏ ဓားကြီးကို ချေမှုန်းပြီးနောက် သူ၏ ဝမ်းဗိုက်မှသည် မျက်ခုံးအထိ ဖြတ်သန်းသွားကာ အေးစိမ့်သော ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ဟုန်ခနဲ တက်သွားတော့သည်။
ရွှီး…
တိမ်ဖုံးနေသော ညကောင်းကင်ယံမှာ အက်ကြောင်းကြီး ဖြစ်သွားပြီး တိမ်ကင်းစင်သော မှောင်မိုက်သည့် ကောင်းကင်ကြီး ပေါ်ထွက်လာသည်။
လူကြီး၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး စကားပြောရန် ကြိုးစားနေသည်။ "မင်း... မင်းက အခုမှ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်တာ မဟုတ်လား။ ဘယ်လိုလုပ် ငါ့ထက်... အများကြီး ပိုစွမ်းနေရတာလဲ"
လူထွားကြီး လက်မခံနိုင်အောင် ဖြစ်နေသည်။ တိုက်ကွက် တစ်ကွက်တည်းနှင့် သူ ရှုံးနိမ့်သွားသည်တဲ့လား။ စူးချန်ခုန်းသည် လွန်ခဲ့သော တစ်နှစ်အတွင်းမှ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခဲ့သည် မဟုတ်ပါလား။ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။ တစ်ဖက်လူမှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်နေတာ ကြာပြီဖြစ်ပြီး သူ၏ အစွမ်းကို ဖုံးကွယ်ထားခြင်းများလား။