အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁) ညီအစ်ကိုများ - ၁၄
တောက်ပသော အနီရောင်အလင်းတန်းများက မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မကြာမီအချိန်အတွင်း ထိုစူးရှသော အလင်းတန်းများ ကွယ်ပျောက်သွားပြီး အသွင်ပြောင်းမှော်စက်ဝိုင်း၏ ဗဟိုတွင် လဲလျောင်းနေသော လူရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။
မိနစ်ဝက်ခန့် ကြာပြီးနောက်တွင်မူ ဆံပင်ရွှေဝါရောင်နှင့် လူရိပ်က ပထမဦးဆုံး ထရပ်နိုင်ခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဘယ်လိုလုပ်… အား…”
အင်ဒရူးသည် သူ့အရေပြားများက သစ်ခေါက်ကဲ့သို့ တဖြည်းဖြည်း ခြောက်သွေ့သွားပြီး ဆံပင်များလည်း ကျွတ်ထွက်နေသည်ကို ကြည့်ရှုရင်း ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် အာသာသည်လည်း ထရပ်နိုင်ခဲ့သည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူသည် ပုံမှန်အတိုင်း ရှိနေသေး၏။ သို့သော်လည်း အာသာ၏ အကြည့်များသည် ဟာလာဟင်းလင်း ဖြစ်နေပြီး သူ၏ ညီငယ်ဖြစ်သူကို စကားတစ်လုံးမျှမဆိုဘဲ ငေးစိုက်ကြည့်နေခဲ့သည်။
“ဘာလို့လဲ… ဘာလို့ ဒီလိုဖြစ်ရတာလဲ…”
အင်ဒရူးက အော်ဟစ်လိုက်သည်။
“အသွင်ပြောင်းမှော်စက်ဝိုင်းက ချို့ယွင်းချက်မရှိနိုင်ဘူး၊ ငါတို့ အောင်မြင်သင့်တာလေ၊ ဘာလို့ ငါက… အား…”
သူ့ခန္ဓာကိုယ်အတွင်းမှ သာမန်လူသားတစ်ဦး တောင့်ခံနိုင်သည့် အတိုင်းအတာထက် များစွာကျော်လွန်သော နာကျင်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုမျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံကို ကြားရသောအခါ အာသာသည် မိန်းမောတွေဝေခြင်းမှ နိုးထလာပုံရပြီး ရှေ့သို့ လျင်မြန်စွာ လှမ်းသွားကာ အင်ဒရူးကို သတိမေ့သွားအောင် ရိုက်နှက်လိုက်တော့သည်။ အမှန်တရားကို ဆိုရလျှင် ဤသို့မပြုလုပ်ခဲ့လျှင်ပင် အင်ဒရူးသည် ထိုပြင်းထန်လှသော ဝေဒနာကြောင့် သတိလစ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
“ဟား… ဟူး…”
အာသာ၏ ခန္ဓာကိုယ်မှာလည်း ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရပုံရသည်။ ဤရိုးရှင်းသော လှုပ်ရှားမှုလေးကပင် သူ့ကို အလွန်အမင်း မောပန်းနွမ်းနယ်သွားစေသဖြင့် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရသည်။ သို့သော်လည်း အင်ဒရူးနှင့် နှိုင်းယှဉ်လျှင်မူ သူ၏ နာကျင်မှုက မပြောပလောက်ချေ။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်က ဖုတ်ကောင်ကဲ့သို့ ပြောင်းလဲသွားမည့် လက္ခဏာရပ်မျိုး မပြသသေးချေ။
အာသာသည် ထိုနေရာတွင်ပင် ရပ်နေခဲ့ပြီး သူ့မျက်ဝန်းများထဲ၌ သံသယများနှင့် မရေရာမှုများဖြင့် ပြည့်နှက်နေခဲ့ကာ နက်နက်နဲနဲ အတွေးနက်နေခဲ့သည်ကြောင်း ထင်ရှားပေသည်…။
တစ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ အာသာသည် သတိလစ်နေသော အင်ဒရူးဆီသို့ လျှောက်သွားလိုက်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မ၍ ကျောပိုးလိုက်သည်။ ထို့နောက် အင်ဒရူး၏ ဂျိုင်းအောက်သို့ လက်များလျှိုသွင်းလျက် ဤအနေအထားအတိုင်းပင် သူ့ကို အခန်းထဲမှ ဆွဲထုတ်သွားခဲ့တော့သည်။
…
“ညီအစ်ကိုနှစ်ယောက်က တစ်ခုခုကိုဖန်တီးဖို့ အတူတူ ပူးပေါင်းဆောင်ရွက်ချင်ခဲ့ကြတာပေါ့… ဒါပေမဲ့ နောက်ဆုံး သူတို့ ကျရှုံးသွားခဲ့တာလား…”
ဖုန်းပုကြွယ်သည် ဤကွန်ပျူတာဂရပ်ဖစ်ပြကွက်ကို ကြည့်ပြီးသည်နှင့် ထိုအတွေး ဝင်လာခဲ့သည်။
“သူတို့က သူတို့အမေကို ပြန်အသက်သွင်းချင်ခဲ့ကြတာမျိုးလား၊ ဒီလို ရိုးအီနေတဲ့ ဇာတ်ကွက်မျိုးပေါ့”
သူက ဆက်တွေးတောနေခဲ့သည်။
“ဒါပေမဲ့ ဒီမှတ်တမ်းက အစပိုင်းတုန်းက အာသာ တတွတ်တွတ် ရွတ်နေခဲ့တဲ့ စကားအချို့ကို ရှင်းပြပေးနိုင်ရမယ်… ‘စိတ်မပူပါနဲ့… အားလုံး အဆင်ပြေသွားမှာပါ… တစ်ခုခုတော့ မှားယွင်းသွားပြီ ထင်တယ်… ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်ပါ့မယ်…’ သူက ဒီစကားတွေကို သတိလစ်နေတဲ့ သူ့ညီကို ပြောနေရုံတင် မဟုတ်ဘဲ သူကိုယ်သူလည်း ပြန်ပြောနေခဲ့တာပဲ”
ဖုန်းပုကြွယ်က သူ့မေးစေ့ကို ပွတ်သပ်လျက် ဆို၏။
“ကြည့်ရသလောက်တော့ ‘ငါ’ က ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာက အာသာက ဗီဇဆိုးနိုးထလာပြီး အင်ဒရူးကို စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တာမျိုးကြောင့် မဟုတ်ဘူးပဲ၊ ဒါက ဖန်တီးမှု ကျရှုံးသွားရတဲ့ ကြိုးပမ်းမှုတစ်ခုကြောင့်ပဲ၊ ပြီးတော့ အာသာက ငါ့ကို ကယ်တင်မယ့် နည်းလမ်းကို ရှာဖို့အတွက် အမှတ်ဇီးရိုးအကျဉ်းခန်းထဲမှာ ယာယီ ပိတ်လှောင်ထားခဲ့တာပဲ…”
“အင်း… ဇာတ်လမ်းတစ်ခုလုံးက တဖြည်းဖြည်းနဲ့ မြင်သာလာပုံရပြီပေါ့”
ဖုန်းပုကြွယ်သည် သူ့ရှေ့မှောက်ရှိ အခန်းထဲသို့ လျှောက်လှမ်းရင်း တွေးတောနေခဲ့သည်။
“ဘာပဲဖြစ်ဖြစ်၊ အရင်ဆုံး မီးခိုးရောင်သော့ကို ရှာရမှာပဲ”
မျှော်လင့်မထားသည်က နောက်တစ်စက္ကန့်တွင် ဒုက္ခက ရောက်ရှိလာတော့သည်။
ဖုန်းပုကြွယ်သည် အခန်းတိုင်းသို့ မဝင်ရောက်မီ ရုပ်ပိုင်းဆိုင်ရာ ထောင်ချောက်များ ရှိမရှိ သိရှိနိုင်ရန် သံတုတ်ဖြင့် စမ်းသပ်လေ့ရှိသော်လည်း မည်သည့်ထောင်ချောက်မျှ ရှိမနေခဲ့ချေ။ ယခု နောက်ဆုံးတစ်ခန်းတွင်သာ သူသည် ကွန်ပျူတာဂရပ်ဖစ်ပြကွက်ကို ကြည့်ရှုပြီးနောက် ပေါ့ဆသွားမိသဖြင့်… အတွင်းသို့ တည့်တည့်သာ လျှောက်သွားလိုက်မိသည်။
ထို့နောက်တွင်မူ ဂျိုးဂျိုးဂျွတ်ဂျွတ်ပြိုကျသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ အခန်း၏ ကြမ်းပြင်သည် မှော်စက်ဝိုင်းဗဟိုချက်နေရာမှစ၍ တစ်ခုလုံး လုံးဝပြိုကျပျက်စီးလာပြီး ဖုန်းပုကြွယ်သည်လည်း အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ အောက်သို့ ထိုးကျသွားရတော့သည်။
မှန်ပေသည်… ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က ဗီဇအရ ကွေးညွှတ်သွားသည့် တုံ့ပြန်မှုမှလွဲ၍ ဖုန်းပုကြွယ်သည် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့နှလုံးခုန်နှုန်းမှာ ပုံမှန်အတိုင်း ရှိနေပြီး စိတ်ကလည်း လုံးဝ ကြည်လင်နေလေသည်။
အိမ်၏တည်ဆောက်ပုံစနစ်မှာ သူ့စိတ်ထဲတွင် စွဲထင်နေပြီးသား ဖြစ်သည်။ အောက်ဘက်တွင် ရှိနေသောအရာမှာ ဗလာဖြစ်နေသော အခန်းတစ်ခန်းသာ ဖြစ်ကြောင်း သူ အပြည့်အဝ သိရှိထား၏။ ထို့ပြင် သူသည် ပထမထပ်နှင့် ဒုတိယထပ်ကြားရှိ အမြင့်ကိုလည်း ခန့်မှန်းတွက်ချက်ထားပြီး ဖြစ်သည်။ ကြမ်းပြင်ပျဉ်ပြားများ အပါအဝင် ၎င်းမှာ လေးမီတာကျော်ခန့်သာ ရှိသည်။ သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ မြေပြင်ပေါ်သို့ မျက်နှာနှင့် စိုက်ကျပြီး လည်ပင်းကျိုးသွားသည့် အနေအထားမျိုးမှလွဲ၍ မည်သည့်ပုံစံဖြင့်မဆို သူကျဆင်းနိုင်စွမ်း ရှိသည်။ သူသည် အားအင်အပြည့် ရှိနေခြင်းဖြစ်သည်။ သူသည် ဤပြုတ်ကျမှုကြောင့် သေဆုံးသွားလိမ့်မည် မဟုတ်သည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
ပြုတ်ကျမှုက နှစ်စက္ကန့်ပင်မပြည့်မီ အချိန်အတွင်း ရပ်တန့်သွား၏။ သူ ပြုတ်ကျမှုကြောင့် မသေဆုံးသော်လည်း ရေနံဆီမီးအိမ်မှာမူ အပိုင်းပိုင်းအစစ ကွဲအက်သွားပြီ ဖြစ်သည်…။
“ကောင်းပြီ… ဒါက တကယ့်ကို အချိန်ကိုက်ပဲ”
ဖုန်းပုကြွယ် အမှောင်ထုထဲတွင် ထထိုင်လိုက်ည်။ သူ့ပတ်ပတ်လည်တွင် အပေါ်ထပ်အခန်းများမှ သူနှင့်အတူ ပြုတ်ကျလာခဲ့သော အပျက်အစီးများနှင့် အဆောက်အအုံ အစအနများ ရှိနေလေသည်။ သော့က သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့လျှင်ပင် သူ ခွဲခြားနိုင်မည် မဟုတ်ချေ။
“ပြောရမယ်ဆိုရင် အာသာက ငါ့ကို အမှတ်ဇီးရိုးအကျဉ်းခန်းထဲမှာ ပိတ်လှောင်ပြီးနောက် ဘယ်ကို ရောက်သွားတာလဲ…၊ ဒီလောက်ကျယ်တဲ့ အသံတွေ ထွက်လာတာတောင် သူပေါ်မလာခဲ့ဘူး”
ဖုန်းပုကြွယ်သည် သူ၏ အသက်အမှတ်ကို စစ်ဆေးလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ၁၅ ရာခိုင်နှုန်းသာ လျော့နည်းသွားခဲ့သည်။
သူ ထရပ်လိုက်ပြီး သူ့အဝတ်အစားများပေါ်က ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ မျှော်လင့်မထားသည်က နှစ်ချက်ခန့် ခါထုတ်ပြီးသည်တွင် တချွင်ချွင်နှင့် သာယာသော အသံအချို့ကို ကြားလိုက်ရခြင်းဖြစ်သည်။
“မဖြစ်နိုင်တာ…”
ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တွန့်သွား၏။ သူလှဲချလိုက်ပြီး ထိုအသံထွက်ပေါ်ရာဆီသို့ လိုက်လံရှာဖွေလိုက်သည်။
အမည် - မီးခိုးရောင်သော့
အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း
အရည်အသွေး - သာမန်
လုပ်ဆောင်ချက် - မီးခိုးရောင် သံတံခါးကို အမြဲတမ်း ဖွင့်လှစ်နိုင်သည်၊ အသုံးပြုပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားပါမည်
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ဒါက အက်ကွဲသွားတဲ့ ရေနံဆီမီးအိမ်ထဲကနေ ပြုတ်ကျလာပြီး ဖုန်တွေပေနေတဲ့ အကောင်တစ်ကောင်အပေါ် သွားကျတာ ဖြစ်တယ်။
“ဟက်”
ဖုန်းပုကြွယ်က အဓိပ္ပာယ်ပါရှိသော စကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်သည်။
သူ သော့ကို ရပြီးနောက် စက္ကန့်ပိုင်းအကြာတွင် စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
“တစ်နေရာရာက တံခါးတစ်ခု ပွင့်သွားပုံရသည်”
“အိုကေ… အခု ငါ့မှာ အလင်းရောင်ပေးမယ့်အရာ မရှိတော့ဘူး၊ ဒါကြောင့် မြေအောက်ထပ်ကိုပဲ ပြန်သွားရတော့မယ် ထင်တယ်”
ဖုန်းပုကြွယ်က ရေရွတ်ရင်း သံတုတ်ကို ထုတ်ယူလိုက်သည်။
အခန်းကိုယ်နှိုက်က ဗလာဖြစ်နေသဖြင့် သူသည် သံတုတ်ကို ဆန့်ထုတ်လိုက်ရုံသာ လိုအပ်ပြီး ၎င်းနံရံကို ထိမိသွားသည်နှင့် နံရံဘေးတစ်လျှောက် မီတာအနည်းငယ်ခန့် လိုက်စမ်းရုံဖြင့် တံခါးကို ရှာတွေ့နိုင်မည် ဖြစ်သည်။
ဤနည်းလမ်းကို အသုံးပြုလျက် တံခါးရှိရာနေရာကို ရှာဖွေရန်အတွက် ဆယ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့ပြီး ထို့နောက် သူလျှောက်လှမ်းသွားခဲ့သည်။
သူ့တည်နေရာကို အတည်ပြုပြီးနောက်တွင်မူ ကျန်ရှိသောအရာများမှာ လွယ်ကူလှပေသည်။ အဘယ်ကြောင့်ဆိုသော် အိမ်၏ မြေပုံစနစ်က သူ့စိတ်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။ သူသည် ကော်ရစ်ဒါလမ်း၏ အလျားနှင့် ခြေလှမ်းမည်မျှ လျှောက်ရန်လိုသည်ကို အကြမ်းဖျင်း သိရှိထားပေသည်။
လူသားများသည် အမှောင်ထုအပေါ် မွေးရာပါ ကြောက်ရွံ့စိတ် ရှိတတ်ကြသည်။ မြင်ကွင်း ကျဉ်းသွားခြင်း ဆိုသည်မှာ မသိရသေးသော အရာများ တိုးပွားလာခြင်းကို ဆိုလိုပြီး လူတစ်ဦး၏ နိုးကြားမှုအဆင့်မှာ မိမိတို့ ပိုင်ဆိုင်ထားသော အချက်အလက်အရေအတွက် လျော့နည်းသွားသည်နှင့်အမျှ တိုးမြင့်လာတတ်သည်။ ထို့ကြောင့် သူတို့၏ “မိမိကိုယ်ကိုယ် ကာကွယ်လိုစိတ်” ကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားကြသည်။
ရိုးရှင်းစွာဆိုရလျှင် လူတစ်ဦး၏ အမှောင်အပေါ် ကြောက်ရွံ့စိတ်မှာ “မိမိကိုယ်ကိုယ် ကာကွယ်လိုစိတ်” ကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားရန် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ကြောက်ရွံ့စိတ်က လူသားများကို အမှောင်ထဲ၌ ထွက်ပေါ်လာသော အသေးငယ်ဆုံးနှင့် အပေါ်ယံအကျဆုံးသော အချက်အလက်များကိုပင် ဂရုတစိုက် အာရုံစိုက်မိစေပေသည်။
သို့သော်လည်း ဖုန်းပုကြွယ်မှာမူ ကြောက်ရွံ့စိတ်ကင်းမဲ့နေသူ ဖြစ်သဖြင့် သူသည် သူ့ကြောက်ရွံ့ခြင်းဗီဇ၏ အကောင်း သို့မဟုတ် အဆိုး သက်ရောက်မှုများကို လိုအပ်ခြင်း မရှိချေ။
သူ၏ ပတ်ဝန်းကျင်အပေါ် မှတ်ဉာဏ်နှင့် ထူးကဲကောင်းမွန်လှသော စိတ်ကူးစိတ်သန်းတို့ဖြင့် သူသည် လုံးဝ အမှောင်ကျနေသော အခြေအနေမျိုးတွင်ပင် လမ်းကြောင်းရှာဖွေနိုင်စွမ်း ရှိလေသည်။
တစ်မိနစ်မျှသော အချိန်အတွင်း သူသည် ပစ္စည်းသိုလှောင်ခန်းကို ရှာဖွေတွေ့ရှိသွားသည်။ တံခါးကို တွန်းဖွင့်လိုက်ပြီး မြေအောက်ပထမထပ်သို့ ဦးတည်သော တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
ဤအခိုက်အတန့်တွင် စနစ်၏ ကန့်သတ်ချက်များမှာ ဖယ်ရှားခံခဲ့ရပြီဖြစ်သဖြင့် ဖုန်းပုကြွယ်သည် တံခါးလက်ကိုင်ကို လှည့်၍ တံခါးကို လွယ်ကူစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ မြေအောက်ကော်ရစ်ဒါမှ အလင်းရောင်များက သူ့မြင်ကွင်းကို ပြန်လည်လင်းကျင်းသွားစေခဲ့သည်။
ဖုန်းပုကြွယ်သည် လှေကားအတိုင်း ဆင်းလာရင်း သူ့အိတ်ကပ်ထဲမှ သော့ခြောက်ချောင်းစလုံးကို ထုတ်ယူ၍ လက်ထဲ၌ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
လှေကားဝနှင့် အနီးဆုံးဖြစ်သော တံခါးနှစ်ချပ်မှာ အပြာရောင်နှင့် အမည်းရောင် ဖြစ်ကြသည်။ ဖုန်းပုကြွယ်သည် အပြာရောင်တံခါးကို အရင်ဆုံး ရွေးချယ်လိုက်သည်။ သော့ပွင့်သွားပြီးနောက် သော့က ချက်ချင်း ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် တံခါးကို တွန်းဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း ဤသတင်းစကားကို ကြားလိုက်ရလေသည်။
“အနီရောင် သံတံခါးကို ဖွင့်လှစ်ထားခြင်း မရှိသေးပါ”
“အို… ငါက အစီအစဉ်အတိုင်း လုပ်ရမှာပဲ…”
ထိုအခြေအနေကို မြင်တွေ့ရသောအခါ ဖုန်းပုကြွယ်သည် တံခါးခြောက်ချပ်လုံးကို ရိုးရှင်းစွာဖြင့် သော့အရင်ဖွင့်ထားရန် ဆုံးဖြတ်လိုက်သည်။
တစ်မိနစ်ကျော်ခန့် ကြာပြီးနောက် သူနောက်ဆုံးသော့ကို အသုံးပြုပြီးသည်နှင့် စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
“လက်ရှိတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”
“မြေအောက်ပထမထပ်ကို စူးစမ်းရှာဖွေပါ၊ သော့ခြောက်ချောင်း (အနီ၊ အဝါ၊ အပြာ၊ အမည်း၊ အဖြူနှင့် မီးခိုးရောင်) ကို ရှာဖွေပါ၊ ထို့နောက် မြေအောက်ပထမထပ်သို့ ပြန်၍ သံတံခါးခြောက်ချပ်ကို ဖွင့်ပါ” ဟူသော တာဝန်မှာ ပြီးမြောက်ကြောင်း အမှန်ခြစ်ခံလိုက်ရသည်။ တာဝန်အသစ်မှာမူ “မြေအောက်ပထမထပ်ရှိ အခန်းခြောက်ခန်းကို အနီ၊ အဝါ၊ အပြာ၊ အမည်း၊ အဖြူနှင့် မီးခိုးရောင် အစီအစဉ်အတိုင်း စူးစမ်းရှာဖွေပါ” ဟူ၍ ဖြစ်သည်။
“ကောင်းပြီ… မင်းတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေ ကြံစည်နေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”
ဖုန်းပုကြွယ်သည် အနီရောင်သံတံခါးဆီသို့ ချဉ်းကပ်သွားပြီး လက်ကိုင်ကို ဆုပ်ကိုင်ကာ အတွင်းသို့ တွန်းဖွင့်လိုက်တော့သည်။
သူသည် တံခါးဝတွင် ရပ်လျက် အတွင်းပိုင်းကို အကဲခတ်ကြည့်ရှုလိုက်သည်။ ထိုအခန်းမှာလည်း အနီရောင် ဖြစ်နေပြီး အနီရောင်အလင်းတန်းများ လွှမ်းခြုံနေသော်လည်း မည်သည့်အလင်းရင်းမြစ်ကိုမျှ မမြင်ရချေ။
ထို့နောက် ဖုန်းပုကြွယ်သည် စမ်းသပ်ရန်အတွက် သံတုတ်ကို ထုတ်ယူလိုက်သည်။ သို့သော်လည်း သူ သံချေးတက်နေသော သံတုတ်ကို အခန်းထဲသို့ ဆန့်ထုတ်လိုက်သည်နှင့် တံခါးဘေးမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သံတုတ်ကို ဖမ်းဆုပ်ကာ အတွင်းသို့ အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်တော့သည်။
ဖုန်းပုကြွယ်သည် မျှော်လင့်မထားဘဲ အံ့အားသင့်သွားရသဖြင့် သူကိုယ်တိုင်ပါ အတွင်းသို့ ဆွဲသွင်းမခံရစေရန် သံတုတ်ကို လျင်မြန်စွာ လွှတ်လိုက်ရသည်။
ဤနေရာတွင် ဂရုပြုရမည့်အချက်မှာ အစ်ကိုကြွယ်၏ လက်များတွင် ပစ္စည်းကိရိယာနှင့် အဝတ်အစားများကို တစ်ပြိုင်နက် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ပစ္စည်းကိရိယာမှာ ပင့်ကူမျှင်လက်အိတ် ဖြစ်ပြီး အဝတ်အစားမှာမူ အနက်ရောင် သားရေလက်အိတ်တစ်စုံ ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် သူ့လက်များကို ဗလာကျင်းထားသည့် ပုံစံမျိုးဖြင့်သာ ပြသလေ့ရှိပြီး အကယ်၍ လက်အိတ်လိုအပ်လာပါက သူသည် ပစ္စည်းကိရိယာထက် အဝတ်အစားကိုသာ ပြသရန် ရွေးချယ်မည် ဖြစ်သည်။ အကြောင်းပြချက်အနေဖြင့် သူသည် ပင့်ကူမျှင်လက်အိတ်များသည် ကြည့်ရသည်မှာ အတော်လေး ရိုးအီပြီး စတိုင်မကျဟု တွေးတောမိသောကြောင့် ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်…။
သို့သော်လည်း ၎င်းတို့၏ အပြင်ပန်းသွင်ပြင် မည်သို့ရှိစေကာမူ ပစ္စည်းကိရိယာ အကွက်ထဲ၌ ပင့်ကူမျှင်လက်အိတ်ကို တပ်ဆင်ထားသရွေ့ ၎င်းတို့သည် သဘာဝအတိုင်း လုပ်ဆောင်ချက် ရှိနေမည် ဖြစ်သည်။ ပြီးတော့ ထိုလက်အိတ်တွေရဲ့ လုပ်ဆောင်ချက်မှာ ဘာဖြစ်မလဲဆိုရင်… ၎င်းတို့၏ သာမန် ခံစစ်စွမ်းရည်များကို ဖယ်ရှားထားလျှင်ပင် ၎င်းတို့၏ အထူးသက်ရောက်မှုမှာ စကားလုံး အနည်းငယ်သာ ရှိပေသည်။ ၎င်းတို့သည် အရာဝတ္ထုပစ္စည်းများကို ကပ်ငြိစေနိုင်စွမ်း ရှိသည် ဟူ၏။
ဤသေးငယ်သော ကွာခြားချက်ကြောင့်ပင် ဖုန်းပုကြွယ် လက်လွှတ်လိုက်သည့်လုပ်ရပ်က သူ့ကို ကံကြမ္မာမှ မကယ်တင်နိုင်ခဲ့ချေ။ သူသည် တံခါးဘောင်နှင့် နှစ်လှမ်းခန့်အကွာ နေရာမှနေ၍ သံတုတ်နှင့်အတူ အတွင်းသို့ ဆွဲသွင်းခံလိုက်ရတော့သည်….
ဖုန်းပုကြွယ်သည် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်စွမ်း ရှိသူဖြစ်သည်။ သူ ခြေချော်ပြီး ဟန်ချက်ပျက်သွားသည့် အခိုက်အတန့်မှာပင် သူသည် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသက်သွင်းလိုက်ပြီး ဂွလက်နက်ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ ရုတ်ချည်း တိုးမြင့်လာခြင်းက သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိခွင့် ပေးလိုက်လေသည်။
ဖုန်းပုကြွယ်သည် ထိုအရှိန်ကို အသုံးပြုလျက် ရှေ့သို့ အားပြုခုန်တက်လိုက်ပြီး လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ ရှေ့သို့ ဂျွမ်းထိုးလိုက်သဖြင့် တံခါးဘေးတွင် ပုန်းအောင်းနေသော အမည်မသိ ရန်သူနှင့် မိမိကြား၌ အတိုင်းအတာတစ်ခုအထိ အကွာအဝေးကို ဖန်တီးနိုင်ခဲ့ကာ ယခုတွင်မူ ၎င်းကို မျက်နှာချင်းဆိုင် တည့်တည့်ဆိုင်မိသွားပြီ ဖြစ်သည်။
သူသည် အစပိုင်းတွင် ၎င်းမှာ အခြားဓာတုပေါင်းစပ် လူသားမိစ္ဆာကောင်တစ်ကောင် ဖြစ်လိမ့်မည်ဟု တွေးတောမိသော်လည်း အနီးကပ်သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သောအခါတွင်မူ အခြားတစ်ဖက်မှာလည်း လူသားတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ အသက် ၃၀ အစောပိုင်းခန့် ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ဝတ်စုံကဲ့သို့သော အဝတ်အစားကို ဝတ်ဆင်ထားကာ သူ၏ ညာဘက်လက်မောင်းမှာမူ ယခင်က သံတုတ်ကို ဖမ်းဆုပ်ခဲ့သည့် လက်မောင်းဖြစ်သော သတ္တုစက်ယန္တရားလက်မောင်း ဖြစ်နေခဲ့သည်။
ထိုအမျိုးသား၏အမူအရာက ဖုန်းပုကြွယ်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သိသိသာသာ ပြောင်းလဲသွားပြီး ခက်ထန်ကြမ်းတမ်းစွာဖြင့် ဟိန်းဟောက်လိုက်လေသည်။
“မင်း မိစ္ဆာကောင်… မင်းငါ့ကို သတ်ချင်တာလား…၊ ငါလုံးဝ ခွင့်မပြုဘူး…”
“နေပါဦး…”
ဖုန်းပုကြွယ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“ငါ မင်းနဲ့ မတိုက်ခိုက်ချင်ပါဘူး”
သူသည် ကြမ်းပြင်ပေါ်ရှိ နှစ်ပိုင်းကျိုးနေသော သံတုတ်ကို လှမ်းကြည့်ရင်း အတွေး ဝင်လာခဲ့သည်။
‘ဒီကောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ကောင်းကင်ဘုံကိုတောင် ကျော်လွန်နေတာပဲ၊ အဲဒီ စက်လက်မောင်းရဲ့ မာကျောမှုကတော့ ငါ့ရဲ့ဂွထက် သိသိသာသာကို သာလွန်နေတာ ထင်ရှားတယ်။’
“ဟမ့်… မတိုက်ခိုက်ချင်ဘူး ဟုတ်လား…”
တစ်ဖက်လူက လှောင်ပြောင်လိုက်ပြီး ခြေလှမ်းကို ပြင်းထန်စွာနင်း၍ ရှေ့သို့ ပြေးဝင် တိုက်ခိုက်လာတော့သည်။
“ဘယ်လိုဟာသလဲ၊ မင်းစကားကို ငါယုံလိမ့်မယ်လို့ ထင်နေတာလား…”
သူ ထိုသို့ ပြောဆိုလိုက်သော်ငြား ဖုန်းပုကြွယ်သည် သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို မရုပ်သိမ်းချေ။ အခြားတစ်ဖက်က မည်သည့်သတိပေးချက်မျှမရှိဘဲ တိုက်ခိုက်လာသည်ကို မြင်ရသောအခါ သူသည်လည်း တိုက်ပွဲထဲသို့ ပါဝင်ဆင်နွှဲရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။