← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) ညီအစ်ကိုများ - ၁၆

ဖုန်းပုကြွယ်မှာ ထိုသီချင်းသံ ဘယ်ကလာမှန်း မသိသလို သူ့ရှေ့က အနက်ရောင်ပုံရိပ်က ဘာလုပ်ရန် ကြံစည်နေသည်ကိုလည်း မရိပ်မိချေ။ သူသည် မည်သည့်ရန်လိုသော လှုပ်ရှားမှုမျိုးကိုမဆို ကာကွယ်နိုင်ရန်အတွက် အနည်းဆုံး သုံးမီတာခန့်အကွာအဝေးကို ထိန်းသိမ်းလျက် သတိကြီးစွာဖြင့်သာ စောင့်ကြည့်နေလိုက်သည်။

ထိုအနက်ရောင်ပုံရိပ်သည် မွန်းဝေါ့ခ်လမ်းလျှောက်နည်းနှင့်တူသော ခြေလှမ်းများဖြင့် ဂီတစီးချက်အတိုင်း နောက်ပြန်ဆုတ်လျက် အမှောင်ခန်းထဲမှ တရွေ့ရွေ့ ထွက်လာလေသည်။ ၎င်းသည် ဖုန်းပုကြွယ်ရှေ့သို့ ရောက်လာသောအခါ ရုတ်တရက် စူးရှစွာအော်ဟစ်လိုက်ပြီး ပေါင်ကြားကို ဆွဲကိုင်သည့် အမူအရာတစ်ခုကို ပြုလုပ်လိုက်တော့သည်။ ထိုအခိုက်အတန့်မှာပင် နောက်ခံတေးဂီတက “Beat It” သီချင်းသို့ ပြောင်းလဲသွားခဲ့သည်။(ဟားဟား)

ဖုန်းပုကြွယ်၏ ဂိမ်းတွင်း ထိတ်လန့်တုန်လှုပ်မှုအဆင့်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားရသည်။

ထိုအနက်ရောင်ပုံရိပ်သည် ကကွက်များကို ပြောင်းလဲလိုက်ပြီး မယုံနိုင်ဖွယ် ချောမွေ့ဆန်းပြားလှသော လှုပ်ရှားမှုများဖြင့် ခြေလှမ်းပြင်ခြင်း၊ ခန္ဓာကိုယ်ကို ရွှေ့ပြောင်းခြင်းနှင့် လှည့်ပတ်ခြင်းတို့ကို ပြုလုပ်၍ အောက်ထပ်ဆီသို့ ဦးတည်သွားနေလေသည်။

၎င်းပိုမိုဝေးကွာသွားသည်နှင့်အမျှ သီချင်းသံကလည်း တဖြည်းဖြည်း တိုးညင်းသွားပြီး ထိုလူရိပ်က လှေကားကွေ့ကို ချိုးကွေ့လျက် ဖုန်းပုကြွယ်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသောအခါ နောက်ခံတေးဂီတမှာလည်း လုံးဝရပ်တန့်သွားခဲ့သည်။

“ဟဲ… ဟီးဟီး…”

ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ခြောက်ကပ်ကပ်ဖြင့် အကြိမ်အနည်းငယ် ရယ်မောလိုက်မိသည်။ သူ ထိုလူရိပ်နောက်သို့ လိုက်မသွားချေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အောက်ထပ်မှာ ပိန်းပိတ်အောင် မှောင်မိုက်နေသဖြင့် ပစ္စည်းသိုလှောင်ခန်းထဲမှ လိုက်ထွက်သွားပါက ပစ်မှတ်ကို ပျောက်ဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုအရိပ်မှာ NPC လား သို့မဟုတ် မကောင်းဆိုးဝါးကောင်လား သို့မဟုတ် သူ့ကို တိုက်ခိုက်လာမလားဆိုသည်ကို သူသေချာမသိချေ။

သူကိုယ်တိုင်ပင်လျှင် ဤသို့ရှင်းပြမရသော ဇာတ်ကွက် သို့မဟုတ် ဤဖြစ်ရပ်နှင့်ပတ်သက်၍ လုံးဝ ဝေခွဲမရ ဖြစ်နေရသည်။ ယင်း၏ သီးခြားကွဲထွက်နေမှုမှာ အလွန်ပြင်းထန်လှပြီး ဤဇာတ်လမ်း၏ ပတ်ဝန်းကျင်အငွေ့အသက်နှင့် လုံးဝအံချော်နေခြင်းဖြစ်သည်။ သို့သော်လည်း စနစ်၏ ပုံမှန် နောက်ပြောင်တတ်သော စိတ်ဓာတ်နှင့်မူ ကိုက်ညီနေခဲ့သည်။

ဖုန်းပုကြွယ်သည် ဤအဓိပ္ပာယ်မရှိလှသော ပြကွက်အား ခေါင်းထဲ အချိန်အတော်ကြာအောင် တွေးတောမနေတော့ချေ။ ကော်ရစ်ဒါရှိ အလင်းရောင်များက အခန်းထဲသို့ လင်းထိန်စွာ ဝင်ရောက်နိုင်ပြီဖြစ်သဖြင့် သူသည် အခန်းထဲသို့ ဝင်ရှာရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း ထိုအမှောင်ထုမှလွဲ၍ အခန်းထဲတွင် မည်သည့်အရာမှ မရှိဘဲ ဗလာဖြစ်နေ၏။ သို့သော်လည်း ဖုန်းပုကြွယ်သည် အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ထိုအရိပ်ရပ်နေခဲ့သော နေရာတွင် ထူးခြားသော အရာတစ်ခုကို လျင်မြန်စွာ သတိပြုမိသွားသည်။

ထိုကွက်လပ်လေးပေါ်တွင် အနက်ရောင်အကွက်တစ်ခု ရှိနေပြီး အဝေးမှကြည့်လျှင် အစွန်းအထင်းတစ်ခုအလား ထင်ရသော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါ ပုံစံကွက်တစ်ခု ဖြစ်နေလေသည်။

ဤပုံစံကွက်များသည် အနက်ရောင်လိုင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး အလွန်သေသပ်လှပစွာ ရေးဆွဲထားကာ စုစုပေါင်း ပစ္စည်းခြောက်ခုကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

“ဆပ်ပြာ၊ သွားတု၊ ရေမွှေး၊ သားရေဦးထုပ်၊ စောင်၊ မျက်လုံးတု”

ဖုန်းပုကြွယ်သည် ထိုသင်္ကေတခြောက်ခု ကိုယ်စားပြုသော ပစ္စည်းများကို လျင်မြန်စွာ ခွဲခြားသတ်မှတ်လိုက်သည်။

“ဒါတွေအားလုံးက ဇာတ်လမ်းနဲ့ သက်ဆိုင်ပြီး ဇာတ်လမ်းထဲကနေ ယူသွားလို့ရတဲ့ ပစ္စည်းတွေပဲ…”

သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဇာတ်လမ်းစတင်ချိန်မှ ယခုအချိန်အထိ ဖုန်းပုကြွယ်သည် ဤပစ္စည်းခြောက်ခုလုံးကို စုဆောင်းမိထားပြီးဖြစ်သော်လည်း ၎င်းတို့က ဘာကို ကိုယ်စားပြုမှန်း သူမသိသေးချေ။

“ငါတော့ လျှို့ဝှက်မစ်ရှင် အနံ့အသက်တွေ ရနေသလိုပဲ…”

ဖုန်းပုကြွယ် မရယ်ဘဲ မနေနိုင်တော့ချေ။

သူသည် အခန်းကို စိတ်ရှည်လက်ရှည်ဖြင့် သေသေချာချာ စစ်ဆေးခဲ့ပြီး ဤအရာမှာ မထွက်ခွာမီ ရရှိခဲ့သည့် တစ်ခုတည်းသော သဲလွန်စဖြစ်ကြောင်း အတည်ပြုလိုက်သည်။

“အဖြူရောင်တံခါးနောက်မှာတော့ ဂန်းနမ်စတိုင်ကနေတဲ့ အဖြူရောင်လူရိပ်တစ်ခု ပေါ်မလာလောက်ပါဘူးနော်…”

ဖုန်းပုကြွယ်က တံခါးကို တွန်းဖွင့်ရင်း နောက်ပြောင်သံတစ်ဝက်ဖြင့် ပြောလိုက်သည်။

တံခါးပွင့်သွား၏။ အခန်းမှာ သဘာဝအတိုင်းပင် အဖြူရောင်ဖြစ်နေပြီး အဖြူရောင်အလင်းများဖြင့် လုံးဝလွှမ်းခြုံနေသော်လည်း မပြင်းထန်သဖြင့် မျက်စိကျိန်းမသွားပေ။ အခန်းတွင်းရှိ မြင်ကွင်းမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။အကြည့်တစ်ချက်နှင့်တင် ဤအဖြူရောင်အခန်းမှာ ခွဲစိတ်ခန်းတစ်ခုဖြစ်ကြောင်း သိရှိနိုင်သည်။

အခန်း၏အလယ်တွင်မူ ခွဲစိတ်ကုတင်တစ်ခု သို့မဟုတ် စမ်းသပ်ကုတင်တစ်ခု ရှိနေ၏။ ဤကုတင်မှာ ကျယ်ကျယ်ဝန်းဝန်းဖြင့် ထုထည်ကြီးမားကာ သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကြမ်းပြင်နှင့် တိုက်ရိုက်ဆက်သွယ်ထားခြင်း ဖြစ်သည်။ ၎င်းကို ရွှေ့ပြောင်း၍ မရနိုင်ချေ။ ဓာတုလူသားတစ်ယောက်ပင်လျှင် ၎င်းအပေါ်၌ ဘာပြဿနာမှမရှိဘဲ လှဲလျောင်းနေနိုင်ပေသည်။

အခန်းထဲတွင် အလွန်ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးတစ်ခု ပျံ့နှံ့နေပြီး ပိုးသတ်ဆေးနံ့ကြောင့် ပိုမိုစူးရှနေလေသည်။ ဖုန်းပုကြွယ်သည် သူ၏ ဓာတ်ငွေ့ကာမျက်နှာဖုံးကို လျင်မြန်စွာ ပြန်လည်အသက်သွင်းလိုက်တော့သည် (သူ အောက်ထပ်မှ ပြန်လာစဉ်က မျက်နှာဖုံးမပါသော အခြေအနေသို့ ပြန်လည်ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်၊ သေချာတာပေါ့… NPC တွေနှင့် မကောင်းဆိုးဝါးတွေရဲ့ အမြင်မှာတော့ သူဘာဝတ်စုံဝတ်ဝတ် အမြဲတမ်း မတူညီတဲ့ လူတစ်ယောက်လို့ပဲ မြင်ကြမှာပါ)။ ထို့နောက် သူ အတွင်းသို့ လှမ်းဝင်လိုက်သည်။

စမ်းသပ်ကုတင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကိရိယာတန်ဆာပလာများကို ခင်းကျင်းပြသထားသော တွန်းလှည်းငယ်လေးသုံးလေးစီး ရှိနေပြီး ၎င်းတို့ထဲ၌ ပုံမှန်ခွဲစိတ်ကုသရာတွင် အသုံးပြုသော ကိရိယာများနှင့် လွန်ပူများ၊ လွှဝိုင်းများကဲ့သို့သော လက်သမားသုံး ကိရိယာများစွာ ပါရှိနေကြသည်။ ဤလေးလံသော ကိရိယာအားလုံးမှာ ပျက်စီးနေကြပြီ ဖြစ်သည်။ ၎င်းတို့ကို အပေါ်ယံကြည့်ရုံဖြင့်တင် သိသာထင်ရှားသော်လည်း ဖုန်းပုကြွယ်မှာမူ စိတ်အားထက်သန်စွာဖြင့် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကောက်ကိုင်လျက် ၎င်းတို့၏ ဂုဏ်သတ္တိများကို စစ်ဆေးလိုက်လေသည်။

သူသည် အလျင်အမြန်ပြုပြင်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသဖြင့် အမှိုက်များကိုပင် ၁၅ မိနစ်ခန့် အသုံးပြုနိုင်စွမ်း ရှိပေသည်။ ဖုန်းပုကြွယ်ကလည်း ထိုသို့ပင် တွေးမိခဲ့သည်…။

သို့သော်လည်း ထိုအမှိုက်များ၏ ဂုဏ်သတ္တိများကို စစ်ဆေးပြီးနောက်တွင်မူ သူသည် ပြဿနာတစ်ခုကို သတိပြုမိသွားရသည်။ဤလေးလံကြီးမားသော ကိရိယာများအားလုံးမှာ အေစီ/ဒီစီ လျှပ်စစ်ဓာတ်အားဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင်… ၎င်းတို့ကို လျှပ်စစ်ပလပ်ပေါက်တစ်ခုနှင့် ချိတ်ဆက်ထားရန် လိုအပ်ခြင်းဖြစ်သည်။

ရုပ်ရှင်တစ်ကားထဲက စကားတစ်ခွန်း ရှိသည်။ “လူတိုင်းက မျက်စိကန်းနေကြတာပဲ” ဟူ၏။ ၎င်းက တချို့တလေတော့ မှန်ကန်ပေသည်။

ဥပမာအားဖြင့် အခုအချိန်မှာ ကျွန်ုပ် သင့်ကို မင်းအခန်းထဲမှာ ပလပ်ပေါက်ဘယ်နှခုရှိလဲလို့ မေးရင် သင်ကောင်းကောင်း သိချင်မှ သိလိမ့်မယ်။ ပြီးတော့ အဲဒီပလပ်ပေါက်တွေမှာ အပေါက်ဘယ်နှခုပါလဲလို့ မေးရင်တော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူးလေ။

လူသားတို့၏ ဦးနှောက်တွင် နေ့စဉ်ဘဝ၌ “အသုံးမဝင်သော” အချက်အလက် အမြောက်အမြားကို ဖယ်ရှားပေးတတ်သော အလိုအလျောက် ကာကွယ်ရေးယန္တရားတစ်ခု ပါရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အမြင်အာရုံထဲသို့ မကြာခဏရောက်ရှိနေတတ်သော အရာများပင်လျှင် မသိရှိဘဲ ကျန်ရစ်နေတတ်သည်။

ငါတို့ရဲ့ ပြတင်းပေါက်တွေမှာ မှန်ဘယ်နှချပ်ပါလဲဆိုတာ ငါတို့ မသိကြဘူး၊ ငါတို့ နေ့တိုင်း မြေအောက်ရထား ဘယ်နှစ်ဘူတာစီးရလဲဆိုတာ ငါတို့ မသိကြဘူး၊ ငါတို့ ခုနတင် ထွက်ခွာလာခဲ့တဲ့ နေရာရဲ့ နံရံအရောင်ကို ငါတို့ မေ့သွားတတ်ကြတယ်၊ ပြီးတော့ ငါတို့ ငုံ့မကြည့်မချင်း ငါတို့ စီးထားတဲ့ ဖိနပ်ရဲ့ ပုံစံကိုတောင် ပြန်မတွေးနိုင်ကြဘူး။

ဤယန္တရားသည် လူတစ်ယောက် ကြီးပြင်းလာပြီး မိမိ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်လာရသည်နှင့်အမျှ တဖြည်းဖြည်းချင်း တည်ဆောက်လာရခြင်း ဖြစ်သည်။ မည်သည့်အချက်အလက်က “အသုံးမဝင်ဘူး” ဆိုတာကိုတော့ ဦးနှောက်ကိုယ်တိုင်ကပဲ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ပြီးတော့ ဤဗီဇအကာအကွယ်သာ မရှိခဲ့ပါက… သီအိုရီအရ လူသားတို့၏ ဦးနှောက်သည် နေ့စဉ်နေ့တိုင်း ကမ္ဘာပေါ်က မည်သည့်ကွန်ပျူတာထက်မဆို ပိုမိုများပြားလှသော အချက်အလက်ပေါင်း ၈၆ သန်းခန့်ကို စုဆောင်းမှတ်မိနိုင်စွမ်း ရှိပေသည်။ သင့်ဦးနှောက်ထဲကို အချက်အလက်တွေ ဘယ်လောက်အထိ ဝင်သွားလဲဆိုတာ သင်သတိပြုမိချင်မှ ပြုမိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ဦးနှောက်က စုဆောင်းပြီး လုပ်ဆောင်လိုက်တဲ့ အချက်အလက်တွေထဲက ၅ ရာခိုင်နှုန်းခန့်သာ သင် တကယ့်လက်တွေ့မှာ ပြန်လည်တွေးတောနိုင်သောကြောင့် ဖြစ်သည်။ ကျန် ၉၅ ရာခိုင်နှုန်းကတော့ ဦးနှောက်ကနေ အလိုအလျောက် လုပ်ဆောင်ပေးလိုက်ပြီး နောင်တစ်ချိန် အသုံးပြုနိုင်ဖို့အတွက် သင့်ရဲ့ မသိစိတ်ထဲကို ဝင်ရောက်သွားခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ထို ၉၅ ရာခိုင်နှုန်းမှာ အလိုအလျောက် ဖယ်ရှားခံရပြီး ပြန်မှတ်မိရန် ခက်ခဲလှပေသည်။

ဒီနေရာမှာတော့ ကျွန်ုပ် “ဒါပေမဲ့” တစ်ခုကိုတော့ ထည့်သွင်းရပါလိမ့်မယ်။

သို့သော်ငြား လူအချင်းချင်းကြား ကွဲပြားခြားနားမှုများ ရှိကြသည်သာ။ အထက်တွင် ဖော်ပြခဲ့သော သတိမဲ့နေသည့် အခြေအနေမျိုးတွင်ပင် လူတစ်ယောက်၏ ဦးနှောက်က ပိုမိုဖွံ့ဖြိုးလာလေလေ သူတို့မှတ်မိနိုင်သော အချက်အလက်များက ပိုမိုများပြားလာလေလေ ဖြစ်ပြီး အရာရာကို ပြန်လည်တွေးတောရာတွင်လည်း ပိုမိုတိကျကြသည်။ ထိုလူများကို “ထက်မြက်သော အကဲခတ်စွမ်းရည်” ရှိကြသူများဟု ခေါ်ဝေါ်ကြပေသည်။

ရှင်းလင်းစွာဖြင့် ဖုန်းပုကြွယ်သည် ဤကဲ့သို့သော လူမျိုးဖြစ်ပြီး ငယ်စဉ်ကတည်းက ဤနယ်ပယ်တွင် လေ့ကျင့်လာခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်ပလပ်ပေါက်ပြဿနာကို သတိတရဖြင့် ဂရုမစိုက်ခဲ့လျှင်ပင် သူ့စိတ်ထဲ လျင်မြန်စွာ ပြန်ရှာကြည့်ရုံဖြင့်တင် ဤဇာတ်လမ်းမြေပုံတစ်ခုလုံးတွင် မည်သည့်ပလပ်ပေါက်မှ မရှိဘူးဟူသော လွန်စွာရှင်းလင်းပြတ်သားသည့် ကောက်ချက်ကို ရရှိနိုင်ပေသည်။

“ငါဒါတွေကို ငါ့အိတ်ထဲ ထည့်ယူသွားသင့်လား…၊ ငါ့စကေးနဲ့ ပြုပြင်လိုက်ရင် သုံးလို့ ရသွားမှာပဲ…”

ဖုန်းပုကြွယ် တွေးတောနေခဲ့သည်။

“ဒါပေမဲ့ ဒါက သိပ်စိတ်ဝင်စားစရာ မကောင်းသလိုပဲ၊ ဒီလိုကိရိယာမျိုးတွေကို စနစ်ဈေးဆိုင်မှာလည်း ရောင်းနေတာပဲလေ၊ လျှပ်စစ်ဓာတ်အား မလိုတဲ့ ဗားရှင်းတွေတောင် ရှိသေးတယ်၊ ဒါပေမဲ့ ဒါတွေက အတော်လေး ဈေးကြီးတယ်”

သူသည် တခဏမျှ တွေးတောနေသော်လည်း ထိုအရာများကို မယူမသွားချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများ၏ အရည်အသွေးမှာ အမှိုက်များသာ ဖြစ်သောကြောင့်ပင်။ ဆိုင်သို့ ပြန်ရောင်းချလျှင်ပင် သူ ငွေများများ ရမည်မဟုတ်ချေ။

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ရှာဖွေပြီးနောက် ဖုန်းပုကြွယ်သည် ဘာမှရှာမတွေ့သဖြင့် ရုတ်ချည်းပင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာတော့သည်။ သူသည် အလွန်ရွံရှာဖွယ်ကောင်းပြီး အနံ့ဆိုးများ ထွက်နေသည့် စမ်းသပ်ကုတင်ပေါ်သို့ လှဲချလိုက်ရာ ယင်း၏ ရလဒ်အနေဖြင့် သူသည် အမှန်တကယ်ပင် ကွန်ပျူတာဂရပ်ဖစ်ပြကွက်တစ်ခုကို လှုံ့ဆော်နိုင်ခဲ့တော့သည်…။

…

ဤကွန်ပျူတာဂရပ်ဖစ်ပြကွက်မှာ ခွဲစိတ်ကုတင်ပေါ်တွင် လှဲလျောင်းနေသော လူတစ်ဦး၏ ရှုထောင့်မှ မြင်တွေ့ရသော ပြကွက်တစ်ခု ဖြစ်သည်။

“ကျေးဇူးပြုပြီး… ဝူး… ဝရူး… ငါ့ကို လွှတ်ပေးပါ… ငါ့မှာ ငွေတွေ အများကြီး ရှိတယ်၊ ငါက မှူးမတ်မျိုးနွယ်တစ်ယောက်ပါ၊ မင်းတို့ ငွေဘယ်လောက် လိုချင်… အား…”

ထိုလူသည် အနည်းငယ်အသနားခံပြီးနောက်တွင်မူ စူးရှစွာ အော်ဟစ်လိုက်ရသည်။

သွေးလွှမ်းနေသောကင်မရာသည် မျက်နှာကြက်ပေါ်တွင် စက္ကန့်အနည်းငယ်ခန့် ရပ်တန့်နေပြီးနောက် ထိုစမ်းသပ်ခံပုဂ္ဂိုလ်က သူ့ဦးခေါင်းကို ရှေ့သို့ အားယူမော့ကြည့်လိုက်သောအခါ သူ့အမြင်အာရုံထဲသို့ ပုံရိပ်နှစ်ခု ဝင်ရောက်လာခဲ့သည်။

ထိုပုံရိပ်ထဲတွင် အရပ်ပုပြီး ဆံပင်အညိုရောင်ရှိသော အမျိုးသားတစ်ဦးနှင့် ရွှေဝါရောင်ဆံပင် ရှိသော လူငယ်တစ်ဦးကို မြင်တွေ့ရပြီး သူတို့နှစ်ဦးစလုံးသည် ရှပ်အင်္ကျီနှင့် အလုပ်သမားဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် အေပရွန်များကို ဝတ်ဆင်ထားကြသည်။ သူတို့တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေသဖြင့် သားသတ်သမားနှစ်ယောက်နှင့် တူညီနေခဲ့သည်။

ခုနလေးတင်… ဤမှူးမတ်၏ ခြေထောက်တစ်ဖက်မှာ ပေါင်ရင်းမှနေ၍ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။ စမ်းသပ်မှု၏ လိုအပ်ချက်အရ သူ့ကို သတိရှိနေစေရန်အတွက် အာသာသည် အဂ္ဂိရတ်ပညာကို အသုံးပြု၍ “အထူးထုံဆေး” တစ်မျိုး ပေးထားခဲ့သဖြင့် သူ သတိလစ်မသွားအောင် တားဆီးပေးထားခဲ့ခြင်း ဖြစ်သည်။

“လူယုတ်မာတွေ… မင်းတို့ လူယုတ်မာနှစ်ကောင်…”

ထိုမှူးမတ်က ဆဲရေးတိုင်းထွာလိုက်ပြီးနောက် ရုတ်ချည်း ရပ်တန့်သွား၏။ စခရင်တစ်ခုလုံး နီရဲသွားခဲ့သည်။

“မင်း… မင်းပဲ… မင်းက အာသာပဲ… လယ်ကွင်းထဲမှာနေတဲ့ ကောင်လေးပဲ…”

ထိုမှူးမတ်၏ အခြားခြေထောက်တစ်ဖက်ကို လွှဝိုင်းဖြင့် ဖြတ်ရန်ပြင်နေသော အာသာသည် ယင်းကို ကြားလိုက်ရသောအခါ ရပ်တန့်သွားပြီး သူ့ဦးခေါင်းက ဖြည်းညင်းစွာ လှည့်လာခဲ့သည်။

“မင်း ငါ့ကို သိတာလား…”

“ငါ… ဟုတ်တယ်…၊ ငါမင်းကို သိတာပေါ့… ငါမှတ်မိသေးတယ်… အဲဒီလတုန်းက အဘိုးကြီးဂျမ် သေသွားတာ သိပ်မကြာသေးဘူး၊ ပြီးတော့ စျေးမှာ သူ့နေရာကို အစားထိုးဖို့ ဘယ်သူ့မှလည်း ရှာမတွေ့သေးဘူး၊ ဒါကြောင့် အဲဒီလတုန်းက မင်းပဲ စျေးကို ကုန်ပစ္စည်းတွေ လာပို့ရတာ မဟုတ်လား…”

ထိုမှူးမတ်က ပြောလိုက်သည်။

“ငါ မင်းကို မှတ်မိတယ်၊ အရပ်ပုပြီး မင်းမျက်နှာကို ဖုံးထားဖို့ အမြဲတမ်း ဝတ်ရုံဝတ်ထားတဲ့ကောင်၊ ဘာမှမမှားဘူး၊ အဲဒါ မင်းပဲ…”

သူ ခဏရပ်လိုက်သည်။

“ကောင်လေး… မင်းက သာမန် လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ ငါ့ကို ဒီလိုလုပ်ဝံ့တယ်ပေါ့၊ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား…၊ ငါက တော်ဝင်မြို့တော်ရဲ့ နယ်စားမင်းပဲ…”

“မင်းပြောစရာရှိတာ ဒါအကုန်ပဲလား…”

အာသာက သူ့စကားကို ဖြတ်ပြောလိုက်သည်။ သူ၏ အေးစက်လှသောအမူအရာက ထိုခြိမ်းခြောက်မှုမှာ အဓိပ္ပာယ်မရှိကြောင်း ကြေညာနေသလိုပင်။

“မင်းလို အဆီယစ်ပြီး ဝဖြိုးနေတဲ့ အမှိုက်ကောင်တွေက ကိုယ့်အာဏာကို ခိုင်မြဲအောင် လုပ်ဖို့နဲ့ အပျော်ကြူးဖို့ပဲ သိကြတာ၊ ကမ္ဘာကြီးအတွက် ဘာတန်ဖိုးရှိတဲ့အရာမှ မလုပ်ကြဘူး၊ မင်းမှာ ကျယ်ပြန့်တဲ့လူမှုရင်းမြစ်တွေ ရှိနေပေမဲ့ မစင်တွေကိုပဲ ထုတ်ပေးနိုင်တယ်၊ မင်းက မင်းရဲ့ပြည်သူတွေအပေါ် ဖိနှိပ်မှုနဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ ယူလာပေးပြီး သူတို့ကိုတော့ ဒီအရာတွေကို သည်းခံပြီး မင်းကို ချီးမွမ်းထောပနာပြုဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာပဲ”

အာသာက လှောင်ပြောင်လိုက်သည်။

“လယ်ကွင်းထဲက နွားတွေ၊ မြင်းတွေနဲ့ တောင်ပို့ထဲက ခြတွေတောင်မှ မင်းထက် ပိုမြင့်မြတ်သေးတယ်… မင်းက ငါ့ကို ရွံရှာစေတာပဲ”

သူ့မျက်လုံးများထဲတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေလေသည်။

“ငါမင်းကို ဒီကမ္ဘာကြီးပေါ်မှာ တန်ဖိုးအချို့ ရှာတွေ့နိုင်အောင် ကူညီပေးပါရစေ… မင်းရဲ့ ဆံပင်တွေကို စောင်တွေ ရက်မယ်၊ မင်းရဲ့ မျက်လုံးတွေကို မျက်လုံးတုတွေ လုပ်ပေးမယ်၊ မင်းရဲ့ သွားတွေကို သွားတုတွေ လုပ်ပေးမယ်၊ မင်းရဲ့ အဆီတွေကို ဆပ်ပြာလုပ်မယ်၊ မင်းရဲ့ အရေပြားကို ဦးထုပ်တစ်လုံး လုပ်နိုင်ပြီး နောက်ဆုံး… မင်းရဲ့ အလောင်းဆီကိုတော့ ရေမွှေးတစ်ခုအဖြစ် သုံးနိုင်တာမျိုးပေါ့”

အင်ဒရူးသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ချေ။

ထိုမှူးမတ်၏အမူအရာမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး မျက်နှာပေါ်တွင် ချွေးစေးများ တလှိမ့်လှိမ့် စီးကျနေလေသည်။

“မဟုတ်… မဟုတ်ဘူး… မဟုတ်ဘူး… ငါအဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး… မင်း… မင်း ဘာလိုချင်လို့လဲ…၊ ငါမင်းကို ငွေတွေ ပေးနိုင်ပါတယ်၊ ရာထူးဘွဲ့တွေတောင်…”

“ဟီးဟီးဟီး…”

အာသာက မရယ်ဘဲ မနေနိုင်ခဲ့ချေ။

“ငါက မင်းလို လောဘမကြီးတတ်ဘူး၊ ဒါကြောင့် ငါ့မှာ ငွေပြတ်နေမယ်လို့ မထင်ဘူး၊ ရာထူးနဲ့ ပတ်သက်လို့ကတော့…”

သူ့မျက်လုံးများက ပြတ်သားသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။

“ငါက ရှင်းကလန်သား တစ်ယောက်ပဲ၊ မင်းက ငါ့ကို ဒေသခံနယ်စားမင်းဆီ ဘာရာထူးမျိုး ထောက်ခံပေးချင်လို့လဲ…၊ သူရဲကောင်းတစ်ယောက်လား…၊ ဘာရွန်တစ်ယောက်လား…၊ ဟားဟားဟားဟား…”

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် လွှဝိုင်းကြီးမှာ ပြန်လည်လည်ပတ်လာပြီး အခန်းတွင်း၌ စူးရှသော အော်ဟစ်သံများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားတော့သည်။

…

“ငါ့ကို နောက်နေတာလားဟ…”

ဗီဒီယိုပြကွက်ကို ကြည့်ရှုပြီးနောက် ဖုန်းပုကြွယ်သည် သူ့ဝတ်စုံအပြင်ဘက်ရှိ ပစ္စည်းများ ပြည့်နှက်နေသော အိတ်ကပ်များကို အလိုအလျောက် ငုံ့ကြည့်လိုက်မိသည်။

သူသည် သားရေဦးထုပ်၊ ရေမွှေးနှင့် စောင်တို့ကို သူ့ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်ထားခဲ့သော်လည်း ဆပ်ပြာ၊ သွားတုနှင့် မျက်လုံးတုတို့မှာ သူ့အိတ်ကပ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ ထိုအရာများသည် လူသေအလောင်းဆီမှ လာကြောင်း သိပါက မည်သူမဆို ကြက်သီးထသွားပေလိမ့်မည်။

“ဟူး… ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ငါကြိုရိပ်မိခဲ့သင့်တာ”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“ကောင်းပြီ… အခုတော့ သွားရမယ့်အခန်းက တစ်ခန်းပဲ ကျန်တော့တာပေါ့၊ အမည်းရောင်အခန်းထဲက ပုံစံကွက်နဲ့ ဒီအဖြူရောင်အခန်းထဲက ရုပ်ပုံတွေက ဒီပစ္စည်းခြောက်ခုက ဘာကိုဆိုလိုလဲဆိုတာ ငါ့ကို သေချာပေါက် သတိပေးနေတာပဲ… ဒါတွေက ငါ ‘အစစ်အမှန်’ အဆုံးသတ်ကို တွေ့နိုင် မတွေ့နိုင်ဆိုတာကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်”

သူ တွေးတောလိုက်သည်။

“ဒါက ငါအရင်က ဂိမ်းထဲမှာ မီးခိုးရောင်သံတံခါးကို မဖွင့်ခင် ဒီပစ္စည်းခြောက်ခုစလုံးကို မစုမိခဲ့ရင် အခုအချိန်မှာ ပြန်သွားရှာရမယ်လို့ ပြောနေတာ မဟုတ်လား…”

ထိုအတွေးနှင့်အတူ ဖုန်းပုကြွယ် အဖြူရောင်အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် မီးခိုးရောင် သံတံခါးကို ဖွင့်ရန် မသွားရောက်ခဲ့ချေ။ ယင်းအစား သူသည် အောက်ထပ်ဆီသို့ ဦးတည်လျှောက်သွားလိုက်၏။ သူ လှေကားပေါ်တက်၍ သစ်သားတံခါးကို ဖွင့်ကာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ဝင်ရောက်လိုက်သည်။ မှန်ပေသည်… ကော်ရစ်ဒါက လုံးဝ မှောင်မိုက်မနေတော့ချေ။

အခန်းတစ်ခန်းစီ၏ ပြတင်းပေါက်များမှနေ၍ အလင်းရောင်အချို့ ဝင်ရောက်နေသဖြင့် ကစားသမားအနေဖြင့် ပတ်ဝန်းကျင်ရှုခင်းများကို ဝေဝေဝါးဝါး မြင်တွေ့နိုင်စွမ်း ရှိနေ၏။ သို့သော်လည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်သောအခါတွင်မူ ၎င်းက လုံးဝဝေဝါးနေဆဲ ဖြစ်ပြီး ထိုနေရာတွင် ဘာမှ ရှိမနေချေ။

“အင်း… ဒါက ဂိမ်းမပြီးခင် လွတ်လွတ်လပ်လပ် စူးစမ်းနိုင်တဲ့အချိန်ဖြစ်တာ သေချာတယ်၊ ငါအထပ်လေးထပ်လုံးကို သွားနိုင်ပြီး လွတ်သွားတဲ့ပစ္စည်းတွေ ရှိမရှိ ရှာနိုင်တာပေါ့၊ မီးခိုးရောင် သံတံခါးကို ဖွင့်ပြီးတော့ အဆုံးသတ်ကိုတောင် ကြည့်နိုင်သေးတယ်”

ဖုန်းပုကြွယ် သူ့ဘာသာ တွေးလိုက်သည်။

“ဒါပေမဲ့ ငါက အကုန်လုံးကို သေသေချာချာရှာခဲ့ပြီး ဒီပစ္စည်းခြောက်ခုစလုံးကို ပိုင်ဆိုင်ထားပြီးသားဆိုတော့ ငါ့အတွက် ဒါက သိပ်အရေးမကြီးတော့ပါဘူး”

ထိုသို့ဖြစ်လင့်ကစား ဖုန်းပုကြွယ်သည် နေရာတစ်ခုဆီသို့ သွားလိုက်သေးသည်။ ၎င်းမှာ ဒုတိယထပ်အဝင်ခန်းမ၏ အပေါ်တည့်တည့်တွင်ရှိသော အခန်းဖြစ်၏။

သူသည် သံတံခါးရှေ့တွင် ရပ်၍ တံခါး၏ ဘေးတစ်ဖက်စီတွင် ရှိနေသော လက်ကိုင်များကို ဆွဲယူရန် ကြိုးစားသော်လည်း ၎င်းက ပွင့်မလာချေ။ စိတ်ပျက်လက်ပျက်ဖြင့်…ဖုန်းပုကြွယ် ထွက်ခွာလာပြီး အောက်ထပ်သို့ နောက်တစ်ကြိမ် ပြန်ဆင်းလာပြန်သည်။ သူသည် ဒုတိယထပ်မှနေ၍ မြေအောက်ဒုတိယထပ်အထိ အခန်းတိုင်းကို လိုက်လံစူးစမ်းလိုက်သည်။ သူသည် တစ်ခုခုကို ရှာဖွေနေခြင်း မဟုတ်ချေ။ သူ၏ အစွဲအလမ်းကြီးသော စူးစမ်းလိုစိတ်ကြောင့် တစ်ခုခု လွတ်သွားမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ပတ်ပတ်ရန် လိုအပ်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ သူသည် မီးခိုးရောင်သံတံခါးဆီသို့ ပြန်လည်ရောက်ရှိလာတော့သည်။ သူ ဘာမှရှာမတွေ့ခဲ့သော်ငြား ကျေနပ်မှုကိုတော့ ရရှိခဲ့သေးသည်…။

“ဒါဆို… အံ့ဖွယ်အမှုကို သက်သေထူရမယ့် အခိုက်အတန့်ပဲပေါ့…”

ဖုန်းပုကြွယ်သည် သူ့ဘာသာရေရွတ်လိုက်ပြီး သံတံခါးကို တွန်းဖွင့်လိုက်တော့သည်။

အခန်းမှာ မီးခိုးရောင် ဖြစ်နေသဖြင့် ဤဇာတ်လမ်း၏ ပတ်ဝန်းကျင်လေထုအတိုင်း မှောင်မိုက်ပြီး အုံ့မှိုင်းနေလေသည်။

တံခါးနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော နံရံဘက်၌ ကုလားထိုင်တစ်လုံးနှင့် စားပွဲအသေးတစ်လုံး ရှိနေ၏။ အာသာသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး တံခါးဝက ဖုန်းပုကြွယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

“မင်း နိုးလာပြီပဲ…”

အာသာက ပြောလိုက်သည်။

“အကျဉ်းခန်းက မင်းကို တကယ်ပိတ်မထားနိုင်ခဲ့ဘူးပေါ့…”

“မင်းမှာ မှန်ရှိလား…”

ယင်းမှာ ဖုန်းပုကြွယ်၏ ပထမဆုံးမေးခွန်း ဖြစ်သည်။

“မှန်လား…”

အာသာက ခေါင်းမော့လာပြီး ဖုန်းပုကြွယ်၏ မျက်လုံးများကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ညာလက်ကို ဖြည်းညင်းစွာ မြောက်၍ သူ့လက်ဝါးကို နံရံပေါ်သို့ ဖိချလိုက်လေသည်။

တစ်စက္ကန့်အကြာတွင် ဖုန်းပုကြွယ်ဘေးနားရှိ နံရံဧရိယာတစ်ခုက ရုတ်တရက် တောက်ပလာပြီး မျက်တောင်တစ်ခတ်အတွင်း မှန်တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွား၏။

“မင်းက အသွင်ပြောင်းမှော်စက်ဝိုင်းတောင် မဆွဲဘဲ ဒီလိုမျိုး လုပ်နိုင်တာပေါ့…”

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးတောလိုက်ပြီး မှန်ထဲက သူကိုယ်သူ ပြန်ကြည့်လိုက်သည်။

အခြေခံအားဖြင့် မှန်ထဲကပုံရိပ်သည် သူ့ကို မအံ့ဩစေခဲ့ချေ။ ၎င်းကို ဖော်ပြရလျှင် ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသော အင်ဒရူး ဖြစ်ပေသည်။

“ငါ့ရဲ့ တုံးအတဲ့ညီလေး…”

အာသာက ပြောလိုက်သည်။

“မင်းကိုယ်မင်း အရမ်းတော်တယ်လို့ ထင်နေတယ်၊ ပြီးတော့ ဒါက… တန်ကြေးပဲ”

“မင်း ဒါကို ငါ့ကို ရှင်းပြနိုင်မလား…”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“မင်း နားမလည်သေးဘူးလား…”

အာသာက ပြန်ဖြေ၏။

“မင်း စမ်းသပ်မှု အချက်အလက်တွေ ပြောင်းပစ်ခဲ့တာကို ငါသိတယ်၊ မင်း ဖော်မြူလာကို လဲလှယ်ခဲ့တာကိုလည်း ငါသိတယ်၊ ပြီးတော့ မင်း အသွင်ပြောင်းမှော်စက်ဝိုင်းနဲ့ ကစားခဲ့တဲ့ လှည့်ကွက်တွေက… တကယ်တော့ မှားနေခဲ့တာပါ”

သူ သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“မင်းက အပြစ်ကင်းပြီး ကြင်နာတတ်တဲ့ ညီငယ်လေးအဖြစ် ဟန်ဆောင်ပြီး ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံစည်နေခဲ့တာပဲ၊ ဒါပေမဲ့ မင်း အစကတည်းက ရှာတွေ့ခဲ့တဲ့ ‘ဝိညာဉ်လဲလှယ်ခြင်း’ အသွင်ပြောင်း နည်းပညာက ငါ တမင်ဖန်တီးထားတဲ့အတုအယောင် ဖြစ်နေလိမ့်မယ်လို့ မင်းလုံးဝ မမျှော်လင့်ထားခဲ့ဘူးမလား”

သူ ခဏရပ်တန့်လိုက်ပြီး ဖုန်းပုကြွယ်၏ အမူအရာကို စောင့်ကြည့်ကာ ဆက်ပြောသည်။

“မင်းက ငါ့ကို မသိမသာလှည့်စားပြီး ဒီအသွင်ပြောင်းဖြစ်စဉ်ကို ခံယူစေခဲ့တယ်လို့ ထင်နေတာလေ၊ နှမြောစရာကောင်းတာကတော့ အမှန်တရားက ဒါနဲ့ အတော်လေးဆန့်ကျင်ဘက် ဖြစ်နေတာပဲ၊ မင်းက အဲဒီမှော်စက်ဝိုင်းရဲ့ လုပ်ဆောင်ချက်ကို လုံးဝနားလည်မှုလွှဲခဲ့တာ”

“ဟားဟားဟား…”

ဖုန်းပုကြွယ်က မရယ်ဘဲ မနေနိုင်ခဲ့ချေ။

“ဒါက ငါ့အပြစ်လား…”

အာသာသည် သူ့တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း သူ၏ ပုံမှန်တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။

“မင်း စိတ်လွတ်သွားတာလား…”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ဖုန်းပုကြွယ်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။ သူသည် ထိုညီအစ်ကိုနှစ်ယောက်မှာ အလွန် စိတ်ဝင်စားစရာကောင်းကြောင်း ရှာတွေ့လိုက်ခြင်း ဖြစ်သည်။ သူသည် အစပိုင်းတွင် အာသာကို လူဆိုးတစ်ယောက်ဟု ထင်မှတ်ခဲ့သော်လည်း အခုကြည့်ရသလောက်တော့ အင်ဒရူးကလည်း လူကောင်းတစ်ယောက် မဟုတ်ချေ။ သေသေချာချာ စဉ်းစားကြည့်လျှင် ယင်းက မမှားချေ။ သူသည် ကြံရာပါတစ်ဦး ဖြစ်ခဲ့လျှင်ပင် ဤမျှလောက်သော အချိန်နှင့် အင်အားများကို ပေးဆပ်ခဲ့ပြီး အလွန်ဆိုးရွားလှသော လုပ်ရပ်ပေါင်းများစွာကို ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အင်ဒရူးကို ကြင်နာတတ်သူတစ်ဦးဟု အမှန်တကယ် ပြောနိုင်ပါ့မလား…။

“ဒါဆိုရင်တော့… အစ်ကိုကြီး၊ ဒီအဂ္ဂိရတ်စက်ဝိုင်းရဲ့ တကယ့် လုပ်ဆောင်ချက်က ဘာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား…”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“သေချာတာပေါ့…ဒါက ငါ့ကို လူသားတစ်ယောက်အဖြစ် ပြောင်းလဲပစ်ဖို့ပဲလေ”

အာသာက ပြန်ဖြေ၏။

“ပြီးတော့ အဲ့ဒါရဲ့ တန်ကြေးကတော့ သာမန်လူသားတစ်ယောက်ကို နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ဖို့ပဲ”

“ဒါက နတ်ဆိုးဟုတ်လား…”

ဖုန်းပုကြွယ်က မှန်ထဲက သူ့ပုံရိပ်ကို လက်ညှိုးထိုးလိုက်သည်။

“နတ်ဆိုးတွေက ဒီလောက်သနားစရာကောင်းတာလား…”

“ကံမကောင်းတာကတော့ ဒီပြောင်းလဲခြင်းဖြစ်စဉ်က ကျရှုံးသွားရတာပါပဲ”

အာသာက ရှင်းပြသည်။

“ငါလည်း လူသားတစ်ယောက် ဖြစ်မလာသလို၊ မင်းလည်း ဒီလိုဖြစ်သွားခဲ့ရတယ်…”

“ဒါက မင်းဘက်က တွက်ချက်မှု မှားသွားတာလား…”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“သေချာပေါက်မဟုတ်ဘူးပေါ့၊ ငါက ဘယ်တော့မှ အမှားမလုပ်ဘူး”

အာသာက ပြန်ဖြေ၏။

“ငါနားလည်ပြီ၊ ဒါဆိုရင်တော့ အဖြေက တစ်ခုတည်းပဲ ရှိတော့တယ်…”

ဖုန်းပုကြွယ်က ဆိုသည်။

“ငါကလည်း လူသားစစ်စစ်တစ်ယောက် မဟုတ်ဘူးဆိုတာပေါ့”

အာသာက ခါးသီးစွာ သက်ပြင်းချလိုက်သည်။

“တွက်ချက်မှုပေါင်း ထောင်ချီမှားယွင်းသွားခဲ့တယ်… ငါဒါကို စောစောစီးစီး ရိပ်မိခဲ့သင့်တာပါ၊ ‘အဲ့ဒီမိန်းမ’ ရဲ့ သားက ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်နိုင်မှာလဲ…”

“မင်းဆိုလိုတာက မင်းအမေကိုလား…”

ဖုန်းပုကြွယ်က စမ်းသပ်မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ အမေပေါ့၊ ဟမ့်…”

အာသာသည် လွမ်းဆွတ်တမ်းတနေပုံရသည်။

“သူ ဘာလို့ ငါ့ကို ကောက်ယူမွေးစားခဲ့လဲဆိုတာ မင်းသိလား…”

“မင်းရဲ့ စွမ်းအားတွေကို သိမ်းပိုက်ဖို့လား…”

ဖုန်းပုကြွယ်က ဘယ်သူလဲ…။ အကြွင်းမဲ့ အဆိုးမြင်ဝါဒီတစ်ဦး ဖြစ်ပေသည်။ သူသည် လူသားတို့၏ မွေးရာပါ ကောင်းမွန်သော သဘာဝကို ဘယ်သောမှ မယုံကြည်ခဲ့ချေ။ ထို့ကြောင့် သူသည် လူသားတို့၏ ဆိုးယုတ်မှုအတိုင်းအတာကို အပြည့်အဝ နားလည်ထားခြင်း ဖြစ်သည်။

“အိုး…၊ သူ မသေခင်မှာတင် မင်းကို ပြောပြခဲ့တာလား…”

အာသာက ပြန်လည်မေးမြန်းလိုက်သည်။

“မဟုတ်ဘူး၊ ငါက ခန့်မှန်းကြည့်ရုံတင်ပါ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒီမိန်းမက မရိုးရှင်းဘူးဆိုတာ ငါကောင်းကောင်းသိနေတာပဲ…”

ယခင်က ကွန်ပျူတာဂရပ်ဖစ်ရုပ်ပုံများမှာ သူ့ဦးနှောက်ထဲတွင် ရုတ်တရက် ဖြတ်ပြေးသွားသည်။

“သူက အပြင်ပန်းတော့ မင်းအဂ္ဂိရတ်ပညာ အသုံးပြုတာကို ဆန့်ကျင်နေခဲ့ပေမဲ့ မင်း အသက် ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးဘဝတုန်းက ဒီနက်နဲတဲ့ စာအုပ်တွေကို လေ့လာနေချိန်ကျတော့ သူက ဘာမှမလှုပ်ရှားဘဲ ငြိမ်နေခဲ့တယ်၊ ဟမ့်… ပြန်တွေးကြည့်ရင် ဒီစာအုပ်တွေက သူကိုယ်တိုင် မင်းအတွက် ရှာပေးခဲ့တာ ဖြစ်ရမယ်”

သူက ခဏရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“သူ မကွယ်လွန်လေးမှာ သူ့အစီအစဉ်က မျှော်လင့်ချက်မရှိတော့မှန်း သိလို့ သူက အမှန်တကယ် ချစ်တတ်တဲ့အမေတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး မင်းကို မိသားစုသံယောဇဉ်နဲ့ ချည်တုတ်ပြီး သူ့ကို စောင့်ရှောက်ခိုင်းခဲ့တာပေါ့”

“သူ့ရဲ့ သွေးသားအစစ်ဖြစ်တဲ့ သားလေးကိုပေါ့”

ဖုန်းပုကြွယ်သည် “အဆင့်မြင့် အဂ္ဂိရတ်ပညာ” ဟူသော စာအုပ်ကို ထုတ်ယူလိုက်ပြီး စာမျက်နှာများထဲမှ ဓာတ်ပုံကို ထုတ်ယူကာ နောက်ကျောဘက်က စာသားများကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။

“အာသာနဲ့ အင်ဒရူး၊ ငါ့ကလေးတွေ၊ ငါ့အချစ်တွေ တဲ့၊ ဟဲ… ပထမဆုံး ငါဒီဓာတ်ပုံကို မြင်တုန်းက ဒါက ဒီလိုစာအုပ်မျိုးထဲမှာ ဘာလို့ ညှပ်ထားရလဲဆိုတာကို ထူးဆန်းနေခဲ့တာ၊ အခုကျမှ ငါ နားလည်သွားတော့တယ်၊ သူက ဒီနည်းလမ်းကိုသုံးပြီး မင်းတို့က မိသားစုဝင်တွေ ဖြစ်ကြတယ်ဆိုတာကို သတိပေးနေခဲ့တာကိုး”

ဖုန်းပုကြွယ်က လှောင်ပြုံးပြုံးလိုက်သည်။

“နှမြောစရာကောင်းတာကတော့… သူက မင်းကို အထင်သေးလွန်းသွားခဲ့တာပဲ၊ ငါ့အထင်တော့ မင်းက ငယ်ငယ်ကတည်းက သူ့ရဲ့ တကယ့်သဘာဝအစစ်ကို ကောင်းကောင်းကြီး ရိပ်မိနေခဲ့ပြီ ဖြစ်ရမယ်၊ ငါ ထင်တာမမှားရင် သူ့ရဲ့ သေဆုံးမှုတောင်…”

“ဟုတ်တယ်၊ အဲဒါ ငါပဲ”

အာသာက ဆက်ပြောလိုက်သည်။

“ငါ တစ်နှစ်လုံး အချိန်ပေးပြီး သူ့ကို သေအောင်ကြံစည်ခဲ့တာ၊ သူက သူ့ရဲ့ ‘ကုသမရတဲ့ရောဂါ’ က ငါကိုယ်တိုင် ဖန်တီးထားတာမှန်း မသိဘဲနဲ့ သေဆုံးသွားခဲ့ရတာပေါ့”

All Chapters