အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) ညီအစ်ကိုများ - ၁၇
“အင်း…နားလည်ပြီ”
ဖုန်းပုကြွယ်က ဆိုသည်။
“ပြန်တွေးကြည့်ရင် ငါမင်းဆီမှာ အတည်ပြုချင်တဲ့ အချက်နှစ်ချက် ရှိသေးတယ်”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“ပထမတစ်ချက်က… မင်းက ဘာလို့ လူသားတစ်ယောက် ဖြစ်ချင်ရတာလဲ၊ မင်းက ရှင်းကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အတွက် လူသားတွေ ဘယ်လောက်အထိ ယုတ်မာကောက်ကျစ်တတ်လဲဆိုတာ ကောင်းကောင်းကြီး သိသင့်တာပဲ၊ ဆိုတော့ ဘာလို့ မင်းရဲ့ စွမ်းအားနဲ့ ပါရမီတွေကို စွန့်လွှတ်ပြီး သူတို့ထဲကတစ်ယောက် ဖြစ်ချင်ရတာလဲ”
သူက ခဏရပ်၍ ဆက်ပြောသည်။
“ဒုတိယတစ်ချက်ကတော့… မင်း ဘာလို့ ငါ့ကို အခုအချိန်အထိ အသက်ရှင်ခွင့် ပေးထားတာလဲ၊ ဒီစမ်းသပ်မှုတွေကို မင်းတစ်ယောက်တည်းလည်း ပြီးမြောက်အောင် လုပ်နိုင်တာပဲ မဟုတ်လား”
အာသာက ဖုန်းပုကြွယ်ကို နက်နက်နဲနဲ စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
“ဟမ့်… ငါမင်းကို ပြောပြရင်တောင် မင်းယုံမှာမဟုတ်ပါဘူး”
ဖုန်းပုကြွယ်ကလည်း လိုက်ပြုံးလိုက်ပြီး “ဒါဆို ငါ့ဘက်ကပဲ ရဲရဲဝံ့ဝံ့ ခန့်မှန်းကြည့်ရတော့မှာပေါ့”
သူသည် ဆန်းကြယ်မှုတစ်ခုကို ဖော်ထုတ်တော့မည့် စုံထောက်တစ်ဦးကဲ့သို့ စင်မြင့်ထက်တွင် ခြေလှမ်းအနည်းငယ် လှမ်းရင်း သူ၏ ရှင်းလင်းချက်ကို စတင်တော့သည်။
“လူသားတွေဟာ အကန့်အသတ်ရှိတဲ့ သက်တမ်းရှိပြီး ကြွယ်ဝတဲ့ စိတ်ခံစားချက်တွေ ရှိတဲ့ ဉာဏ်ရည်မြင့်သက်ရှိတွေဖြစ်တဲ့အတွက် အချိန်နဲ့အမျှ သူတို့ရဲ့ အတွေးအခေါ်နဲ့ အမူအရာတွေက ပြောင်းလဲတတ်ကြတယ်၊ လူတစ်ယောက်ရဲ့ အသက် ၄၀ အရွယ် အမူအရာဟာ အသက် ၂၀ အရွယ် အမူအရာနဲ့ မတူနိုင်သလို အသက် ၃၀ အရွယ်နဲ့လည်း သဘာဝကျကျ ကွဲပြားနေမှာပဲ၊ ဒီအချက်နဲ့ ပတ်သက်လို့ ရှင်းကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းလည်း ချွင်းချက်မဟုတ်ဘူးလို့ ငါထင်တယ်”
ဖုန်းပုကြွယ်က ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆက်လက်ပြောဆို၏။
“ဒါကြောင့်မို့လို့ သမိုင်းအစဉ်အလာ အချိန်ကာလအပိုင်းအခြားအရ အဲဒီအချိန်တုန်းက မင်းရဲ့ အတွေးအခေါ်နဲ့ လှုပ်ရှားမှုတွေကို ဆင်ခြင်ကြည့်မယ်ဆိုရင် အရာအားလုံး ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်တစ်ခု ရှိလာနိုင်ပါတယ်”
သူက ခဏရပ်ပြီး ဆက်ပြောသည်။
“ငါတို့ ငယ်ငယ်တုန်းက ညီအစ်ကိုတွေကြားက သံယောဇဉ်နဲ့ အမေ့အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေက တကယ့်ကို စစ်မှန်ပြီး ဖြူစင်ခဲ့ကြတာ အမှန်ပဲ”
သူက ဟောင်းနွမ်းနေသော ဓာတ်ပုံကို မြှောက်ပြလိုက်သည်။
“ဒီဓာတ်ပုံထဲမှာ တွေ့နေရတဲ့ အတိုင်းပေါ့”
တစ်စက္ကန့်မျှ ကြာပြီးနောက် သူက စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒါပေမဲ့ စိတ်မကောင်းစရာက ငါတို့အမေမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပဲ၊ မင်း အသက် ၁၃၊ ၁၄ အရွယ် ရောက်လာတဲ့အခါ သူ့ရဲ့ ပရိယာယ်တွေကို မင်းရိပ်မိသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး ထင်ပါရဲ့”
ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။
“မင်း သူ့ကို သတ်ပစ်လို့ မရဘူးလား… ရတာပေါ့၊ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်၊ ငါတို့မိသားစု ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အပြင်လူတွေနဲ့ အတိုင်းအတာတစ်ခုအထိ ဆက်ဆံရတာမျိုး ရှိနေတော့ အမေ့ရဲ့ သေဆုံးမှုဟာ ‘သတ်ပြီး မြှုပ်လိုက်ရုံ’ နဲ့ ပြီးသွားမယ့်ကိစ္စမျိုး မဟုတ်ဘူးလေ”
“အတိတ်ကို ဖုံးကွယ်ဖို့အတွက် ကျိုးကြောင်းဆီလျော်ပုံရတဲ့ အကြောင်းအရင်းတစ်ခုကို မင်းရှာဖို့ လိုအပ်ခဲ့တယ်၊ ဒါကြောင့် မင်းက နာတာရှည်ရောဂါ ခံစားနေရတဲ့ ပုံစံမျိုးနဲ့ အလိမ်အညာတစ်ခုကို ဖန်တီးခဲ့တာပဲ၊ ကုသမရနိုင်တဲ့ နာတာရှည်ရောဂါဆိုတာ အရမ်းကောင်းမွန်တဲ့ အကူးအပြောင်းတစ်ခု ဖြစ်ခဲ့တာပေါ့၊ အကြီးဆုံးသားတစ်ယောက်အနေနဲ့ ဒီအချိန်အတွင်းမှာ မင်းက လယ်တွေနဲ့ မိသားစုကိစ္စတွေကို သဘာဝကျကျ လွှဲပြောင်းရယူနိုင်ခဲ့ပြီး ငါအပါအဝင် ငါတို့မိသားစုနဲ့ ဆက်ဆံနေရတဲ့သူတွေကလည်း ရှေ့ဆက်ဖြစ်လာမယ့် အရာတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ရှိသွားစေခဲ့တယ်၊ ဒါ့အပြင် ငါ့ရဲ့ ပုဂ္ဂိုလ်ရေး ခန့်မှန်းချက်အရ မင်းဒီနည်းလမ်းကို ရွေးချယ်ခဲ့ရတဲ့ နောက်ထပ် အရေးကြီးတဲ့အကြောင်းရင်းတစ်ခု ရှိသေးတယ်၊ အဲဒါကတော့… လူတစ်ယောက်ဟာ ကိုယ်ကိုယ်ကို သေခါနီးဖြစ်နေပြီဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှသာ သူတို့ရဲ့ သဘာဝအစစ်အမှန်ကို ပိုပြီး ထင်ထင်ရှားရှား မြင်တွေ့ရတတ်လို့ပဲ”
ဖုန်းပုကြွယ်က ယင်းကိုပြောလိုက်သောအခါ သူ့ကိုယ်သူလည်း ပြန်တွေးမိသွားသည်။ ပြောရမည်ဆိုလျှင်… သူကိုယ်တိုင်လည်း အချိန်မရွေး ရုတ်တရက် သေဆုံးသွားနိုင်သည့် ထူးဆန်းသော အာရုံကြောရောဂါတစ်ခုကို ခံစားနေရသူ ဖြစ်သည်။ သို့သော်လည်း သူသည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်းပင် နေထိုင်ဖြတ်သန်းနေပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဒါက ဘာဖြစ်လို့လဲ။ သူက အသက်ရှင်ချင်စိတ် မရှိတော့လို့လား။ မဟုတ်ဘူး၊ သူက ဘာကိုမှ ဂရုမစိုက်တော့လို့လား။ ဒါကလည်း မှန်ပုံမပေါ်ချေ။
“တကယ့်ကို ရူးတာပဲ…”
အာသာက ပြန်ဖြေလိုက်သည်။
“မင်းပြောတာ မှန်ပါတယ်၊ ဒီမိန်းမက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့မှန်း သဘောပေါက်သွားခဲ့တယ်၊ ငါ့စွမ်းအားတွေကို သိမ်းပိုက်ဖို့ သူ့မှာ အချိန်ကော စွမ်းရည်ကော မရှိတော့မှန်း သိခဲ့တယ်၊ ဒါကြောင့် ငါ့ကို မိသားစုနှောင်ကြိုးနဲ့ ချည်တုတ်ပြီး ‘အသုံးပြုဖို့’ ရွေးချယ်ခဲ့တယ်၊ သူသေဆုံးပြီးနောက်မှာ သူ့သားအရင်းကို စောင့်ရှောက်စေချင်ခဲ့တာပေါ့”
“ပြီးတော့ မင်းကလည်း သူ့ကို ကတိပေးခဲ့တာပဲ မဟုတ်လား”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“ဟား… သူ ကတိရသွားတာပဲ”
အာသာက ရယ်မောလိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး သူဟန်ဆောင်ခဲ့ရတဲ့ ရိုးသားမှုနဲ့ အလုပ်ကြိုးစားမှုတွေက တကယ့်ကို မလွယ်ကူခဲ့ပါဘူး၊ ပြီးတော့ အချက်အလက်တွေအရ ပြောရရင်လည်း သူက ငါ့ကို အစားအစာ၊ နေစရာ၊ ပညာရေးနဲ့ စောင့်ရှောက်မှုတွေ ပေးခဲ့တာပဲ၊ သူ့ရဲ့ မူလရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါ့ဘက်ကလည်း တစ်ခုခုပြန်ပေးဆပ်ဖို့ လိုတာပေါ့”
“မင်းက တကယ့်ကို ကိုယ်ကျင့်တရား ခိုင်မာပြီး လုပ်ရပ်တွေမှာ ပြတ်သားတတ်တာပဲ”
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
“ဒီတော့ ကုသမရတဲ့ရောဂါ ဆိုတာကလည်း ပြန်ပေးဆပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလား”
“သေချာတာပေါ့”
အာသာက ပြန်ဖြေ၏။
“တကယ်လို့ ငါက သူ့အသက်ကို ဒီနည်းလမ်းနဲ့ အဆုံးမသတ်ခဲ့ဘဲ သူငါ့အပေါ် စတင်တိုက်ခိုက်လာမယ့် အချိန်အထိ စောင့်ပြီးမှ ပြန်တုံ့ပြန်ခဲ့မယ်ဆိုရင် ဒီထက်မက ပိုပြီး ဆိုးဆိုးရွားရွားနဲ့ သေဆုံးသွားရလိမ့်မယ်”
“အင်း… ဒါဆို သူကွယ်လွန်ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ဆက်ပြောရအောင်…”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“မင်းက မင်းကတိအတိုင်း ငါ့ကို မသတ်ခဲ့ဘူး၊ ပြီးတော့ ငါ့ကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့တယ်၊ ငါတို့အမေက ဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ် ငါတို့ကြားက ညီအစ်ကို သံယောဇဉ်ကတော့ ပြောင်းလဲမသွားခဲ့ဘူး၊ အဲဒီအချိန်တုန်းက မင်းမှာ အတွေးတစ်ခု ရှိနေခဲ့တယ်၊ မင်းက လူသားတစ်ယောက် ဖြစ်ချင်ခဲ့တာပဲ၊ တခြားသာမန်လူတွေလိုပဲ အေးချမ်းတဲ့ဘဝမျိုးနဲ့ ရှင်သန်ချင်ခဲ့တာ၊ မင်းရဲ့ ရှင်းကလန်သရုပ်ကြောင့် အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေစရာ မလိုသလို မင်းမိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ဒုက္ခမပေးချင်ခဲ့ဘူး မဟုတ်လား”
သူက အာသာကို ကြည့်ပြီး သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်သည်။
အာသာက ငြင်းဆိုခြင်း မပြုဘဲ ရိုးရှင်းစွာ ဆို၏။
“စိတ်မကောင်းစရာက အရာအားလုံးဟာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တာပဲ”
“မင်းရွေးခဲ့တဲ့ လမ်းကြောင်းကို ငါလေးစားမိပါတယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“တကယ်လို့ ငါသာ ရှင်းကလန်သားရဲ့ နေရာမှာ ရှိနေခဲ့ရင် လူသားတစ်ယောက် ဖြစ်လာဖို့ လုံးဝ စဉ်းစားမိမှာ မဟုတ်ဘူး၊ ဟဲ… ဒီလို ရှုထောင့်ကနေ ကြည့်ရင် ငါတို့ရဲ့ သက်ဆိုင်ရာ မျိုးနွယ်စုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ မင်းက ပိုကရုဏာရှိပါတယ်”
“ဟမ့်… အဲဒီလိုမျိုးလား…”
အာသာက နှာခေါင်းရှုံ့လိုက်သည်။
“ဒါပေမဲ့…”
ဖုန်းပုကြွယ်က ဆက်ပြော၏။
“မင်းရဲ့ စမ်းသပ်မှုတွေ စတင်ပြီးနောက်မှာတော့ အရာအားလုံးက တဖြည်းဖြည်းနဲ့ မင်းရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားခဲ့တယ်၊ ငါအစောပိုင်းက ပြောခဲ့သလိုပဲ အချိန်တွေက ပြောင်းလဲသွားခဲ့ပြီလေ၊ အရာအတော်များများက ပြောင်းလဲတတ်ကြပြီး ငါတို့ အတိတ်ကို ပြန်ကြည့်လိုက်တဲ့ အခါမှသာ ငါတို့ရဲ့ လှုပ်ရှားမှုတွေက မူလရည်ရွယ်ချက်တွေကနေ သွေဖည်သွားခဲ့ပြီဆိုတာ သတိထားမိတတ်ကြတယ်”
သူက လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်သည်။
“မင်းကို ပြောင်းလဲစေခဲ့တဲ့ အဓိကသော့ချက် နှစ်ချက်ရှိတယ်လို့ ငါထင်တယ်၊ ပထမအချက်က… အဆက်မပြတ် သတ်ဖြတ်လာခဲ့တော့ မင်းရဲ့ ရှင်းကလန်ဗီဇတွေ နိုးထလာခဲ့တယ်၊ ဒုတိယအချက်ကတော့… မင်းက ငါ့ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိပြုမိသွားတာပဲ… မင်းရဲ့ ကြည့်ရတာ ကြင်နာတတ်ပြီး ရိုးသားတဲ့ ညီငယ်လေးဟာ ‘အဲ့ဒီမိန်းမ’ လိုပဲ မင်းရှေ့မှာ ဟန်ဆောင်နေခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ မင်းသဘောပေါက်သွားခဲ့တာပဲ မဟုတ်လား။”
အာသာက ဆက်ပြောသည်။
“ဒါကြောင့် ငါက ဝိညာဉ်လဲအဂ္ဂိရတ်ပညာ ရှေးဟောင်းစာအုပ်အတုတစ်ခု ဖန်တီးခဲ့ပြီး မင်းရှာတွေ့သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ စမ်းသပ်မှုတစ်ခုအဖြစ် ဖန်တီးခဲ့တာပေါ့”
သူက ခါးသီးစွာ ပြုံးလိုက်သည်။
“ငါမျှော်လင့်မထားတာက မင်းဟာ အဲဒီအရာကို ဘာမှမစဉ်းစားဘဲ ချက်ချင်းဖုံးကွယ်ထားလိုက်ပြီး မင်းရဲ့ အစီအစဉ်ကို တိတ်တဆိတ် စတင်ခဲ့တာပဲ”
“ဟုတ်ပါတယ်… ဒါက ငါထိုက်တန်တဲ့ ရလဒ်ပါပဲ”
ဖုန်းပုကြွယ်က အင်ဒရူး၏ အမှားကို မည်သည့်ဖိအားမှမရှိဘဲ ဝန်ခံလိုက်လေသည်။
“အခု ငါ့မှာ နောက်ဆုံးမေးခွန်းတစ်ခု ရှိသေးတယ်… ဘာဖြစ်လို့ အခုအချိန်အထိ မင်းငါ့ကို မသတ်သေးတာလဲ”
သူ မေးမြန်းလိုက်သည်။
“ပြီးတော့… မင်းငါ့ကို ကယ်တင်ချင်နေသေးတဲ့ ပုံပဲ”
“ဟုတ်တယ်… ဘာဖြစ်လို့လဲ…”
အာသာက ပြန်ဖြေ၏။
“အဂ္ဂိရတ်ပညာစမ်းသပ်မှု စတင်ခဲ့တဲ့ အခိုက်အတန့်ကတည်းက ငါမင်းအပေါ် မျှော်လင့်ချက်တွေ အားလုံး ကုန်ဆုံးသွားခဲ့ရပြီ၊ မင်းမျက်လုံးတွေထဲမှာ ဘာဟန်ဆောင်မှုမှမရှိတော့ဘဲ စိတ်လှုပ်ရှားမှုတွေနဲ့ ရူးသွပ်မှုတွေပဲ ပြည့်နှက်နေပြီး ဘာတုံ့ဆိုင်းမှုမှ ရှိမနေခဲ့ဘူး”
သူ သက်ပြင်းချလိုက်သည်။
“အဂ္ဂိရတ်ပညာ ကျရှုံးသွားပြီးနောက် မင်းကိုကြည့်ရင်း ငါ့ကိုယ်ငါ ပြန်မေးမိတယ်… မင်း အသက်ရှင်နေဖို့ ဘာအကြောင်းပြချက် ရှိသေးလဲလို့ပေါ့”
သူက ဖုန်းပုကြွယ်ကို မော့ကြည့်လိုက်သည်။
“ဘာအကြောင်းပြချက်မှ ရှိမနေခဲ့ဘူး”
သူ ထရပ်လိုက်ပြီး “ဒါပေမဲ့ ငါမင်းကို မရက်စက်နိုင်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ မင်းဟာ ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုဖြစ်နေမှန်း ငါသိလိုက်ရလို့ပဲ”
သူ ခေါင်းခါလိုက်သည်။
“ငါတို့ကြားမှာ သွေးသားချင်း မဆက်နွယ်ခဲ့ရင်တောင် ငါက မင်းကို ငါ့ရဲ့ ညီငယ်လေးအဖြစ် သတ်မှတ်ထားတုန်းပဲ၊ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အချိန်တွေကို ပြန်သွားနိုင်ရင် သိပ်ကောင်းမှာပဲ…”
သူက ဖုန်းပုကြွယ်လက်ထဲမှ ဓာတ်ပုံကို လှမ်းယူ၍ ဓာတ်ပုံထဲရှိ ပြုံးနေသော ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
“…အဲဒီ ဖြူစင်ပြီး လှပခဲ့တဲ့ အချိန်တွေကို ပြန်ခံစားဖို့အတွက်ပေါ့”
ဖုန်းပုကြွယ်လည်း လိုက်၍ သက်ပြင်းချမိသည်။
“အခု အခြေအနေက ဒီလိုဖြစ်သွားပြီဆိုတော့ မင်းရဲ့ ရှေ့ဆက်အစီအစဉ်က ဘာလဲ”
“ငါထွက်သွားတော့မယ်… ထာဝရအတွက်ပေါ့”
အာသာက ဆိုသည်။
“မင်းရဲ့ အဖေအရင်းက ဘယ်သူလဲ ဒါမှမဟုတ် ဘာကောင်လဲဆိုတာ ငါမသိတဲ့အတွက် အခု မင်းခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ငါရှင်းမပြနိုင်ဘူး”
သူက တံခါးဆီသို့ လျှောက်လှမ်းသွား၏။
“အခုလေးတင် ငါ အဂ္ဂိရတ်ပညာ ကျရှုံးခဲ့ရတဲ့ အကြောင်းရင်းကို ပြန်တွေးမိတယ်… မင်းကို ကုသပေးနိုင်ဖို့အတွက် အရင်ဆုံး မင်းက ‘ဘာလဲ’ ဆိုတာကို ငါသိဖို့လိုတယ်၊ အဲဒါကို သိပြီဆိုရင်တော့ မင်းရဲ့ အဂ္ဂိရတ်စွမ်းရည်တွေနဲ့တင် ကုသမှုကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်”
သူ မော့ကြည့်လိုက်သည်။
“အပေါ်ထပ်ကို သွားပြီး အဲ့ဒီမိန်းမကို မင်းကိုယ်တိုင်ပဲ သွားမေးလိုက်ပါတော့”
“မင်း ဘာပြောလိုက်တာ…”
ဖုန်းပုကြွယ် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ အာသာ၏ စကားများက သူ့အား အလွန်စိတ်ရှုပ်ထွေးသွားစေသည်။
“မင်းသူ့ကို ရှာတွေ့ခဲ့တာ ကြာပြီမဟုတ်လား၊ အဲဒီလိုမဟုတ်ရင် မင်းဘာလို့ ဒီလိုစကားမျိုးတွေ ပြောနေမှာလဲ၊ ပြီးတော့ ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်လာရမှာလဲ”
အာသာက ဆိုသည်။
“ဟမ့်… ငါ့အထင်တော့ မင်းဒီလိုဖြစ်သွားရတာ သူ့ကြောင့်ပဲ ဖြစ်လိမ့်မယ်”
ထိုသို့ ပြောပြီးသည်နှင့် သူသည် တံခါးကို ဖြတ်ကျော်သွားကာ ဖုန်းပုကြွယ်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ဖုန်းပုကြွယ်သည် ချက်ချင်းနောက်လှည့်၍ လိုက်သွားသော်လည်း ကော်ရစ်ဒါလမ်းမကြီးတစ်ခုလုံး ဗလာဖြစ်နေသည်ကိုသာ တွေ့ရှိလိုက်ရသည်။
“ဖြစ်နိုင်မလား… အဲ့ဒီအဘွားကြီး အခုထိ အသက်ရှင်နေသေးတာလား…”
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
“လက်ရှိတာဝန်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ၊ အဓိကတာဝန်များ အားလုံး ပြီးမြောက်ပါပြီ”
စနစ်၏ အသိပေးချက်အသံ ထွက်ပေါ်လာသော်လည်း ဇာတ်လမ်းအောက်မြင်ကြောင်း အသိပေးချက်မှာ ထွက်ပေါ်လာခြင်း မရှိသေးချေ။
စက္ကန့်ပိုင်းမျှ ကြာပြီးနောက် အသိပေးချက်အသစ်တစ်ခု ထွက်ပေါ်လာလေသည်။
“‘အာသာ၏ အစေခံ’ ဖြစ်ရပ်ကို လှုံ့ဆော်ခဲ့ပြီး မြင်တွေ့ရပြီးပါပြီ”
“အောက်ပါပစ္စည်းများကို ရှာဖွေတွေ့ရှိထားပါသည် - “ညစ်ပတ်နေသော ဆပ်ပြာ”၊ “ထွင်းထုထားသော သွားတု”၊ “ရေမွှေး”၊ “ငှက်မွှေးပါသော ဦးထုပ်”၊ “စိုစွတ်နေသော စောင်” နှင့် “မျက်လုံးတု””
“လျှို့ဝှက်အဆုံးသတ်ဖြစ်စဉ်ထဲသို့ ဝင်ရောက်နေပါပြီ”
“လျှို့ဝှက်တာဝန် စတင်ပါပြီ”
“ကန်ဒစ်ကို သတ်ဖြတ်ပါ”
“ငါသိပြီ… ”
ဖုန်းပုကြွယ်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
“ဒါဆို ဒီလိုပဲ ဖြစ်ရမယ်… ဒီအခြေအနေ နှစ်ခုစလုံးက ‘စစ်မှန်တဲ့’ အဆုံးသတ်ကို ဝင်ဖို့ နည်းလမ်းပဲ ဖြစ်လိမ့်မယ်၊ တကယ်လို့ ငါသာ မီးခိုးရောင်အခန်းထဲ မဝင်ခင် အထက်က အခြေအနေနှစ်ခုလုံးနဲ့ မကိုက်ညီခဲ့ရင် စကားပြောခန်းဖြစ်ရပ်အစား တိုက်ပွဲတစ်ခုနဲ့ ကြုံရဖို့ များတယ်၊ အဲဒီလိုဆိုရင် ငါ အနိုင်ရဖို့ လုံးဝ မလွယ်ကူနိုင်ဘူး… အနိုင်ရခဲ့ရင်တောင် အဆုံးသတ်က မရေမရာ ဖြစ်နေလိမ့်မယ်”
သူ အတွေးနက်နေရင်း လှေကားထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။
ဒုတိယထပ်သို့ ရောက်ရှိရန်အတွက် အချိန်များစွာ မကြာခဲ့ချေ။ ယခုတစ်ကြိမ်တွင်မူ ယခင်က ဖွင့်မရခဲ့သော အခန်းမှာ နောက်ဆုံးတွင် ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခင်က အနက်ရောင်ပုံရိပ်သည် ယခုတွင် ကြီးမားသော သံတံခါးကြီးရှေ့တွင် ရပ်နေပြီး ကစားသမား ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေပုံရလေသည်။
“ဒီနေရာက တကယ့်ကို နောက်ဆုံးလျှို့ဝှက်ဘော့စ် ရှိမယ့်နေရာပဲ၊ အာသာနဲ့ စကားပြောခန်း ပြီးသွားတဲ့အခါကျမှပဲ ဒီကိုလာလို့ရတာပေါ့”
ဖုန်းပုကြွယ်က သူ့ဘာသာ တွေးလိုက်မိသည်။
သူသည် အရင်ဆုံး ကြမ်းပြင်ပြိုကျသွားသော အခန်းဆီသို့ ပြေးသွားပြီး သစ်သားပိုင်းတစ်ပိုင်းကို ချိုးဖဲ့ယူလိုက်သည်။ ထို့နောက် ကော်ရစ်ဒါသို့ ပြန်လာပြီး ဒြပ်ဆွဲအားဆန့်ကျင်လက်နက်ကို ထုတ်ယူ၍ သစ်သားပြားပေါ်သို့ တပ်ဆင်လိုက်ပြီး ထိုအနက်ရောင်ပုံရိပ်ဆီသို့ ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
“ပြောစမ်း… မင်းက ကန်ဒစ်ရဲ့ သက်တော်စောင့်လား”
ထိုအနက်ရောင်ပုံရိပ်သည် မလှုပ်ရှားသလို တုံ့ပြန်ခြင်းလည်း မရှိချေ။
ဖုန်းပုကြွယ်သည် လုံးဝမလိုအပ်ဘဲ အလွယ်တကူ တိုက်ခိုက်မည့်လူစား မဟုတ်သဖြင့် ခလုတ်ကို မနှိပ်မီ တစ်ဖက်လူကို စစ်ဆေးရန် ဗာဂျရာခေါင်းလောင်း၏ ပထမအာနိသင်ကို စမ်းသပ်ကြည့်လိုက်သည်။ မျှော်လင့်မထားသည်က ထိုအနက်ရောင်ပုံရိပ်မှာ မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ဘဲ NPC တစ်ဦး ဖြစ်နေခဲ့ခြင်းပင်…။
အမည် - အကပုံရိပ်
NPC အုပ်စု - ကြားနေ
အဆင့် - ???
အရပ် - ၁၈၀ စင်တီမီတာ
အလေးချိန် - ၆၀ ကီလိုဂရမ်
တိုက်ပွဲစတင်နိုင်ခြင်း - မရှိ
နောက်ဆက်တွဲဖြစ်ရပ်များ - ကပြခြင်း၊ လျှို့ဝှက်ခန်းတံခါးကို ဖွင့်လှစ်ပေးခြင်း။