← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း (၂၅၅) ညီအစ်ကိုများ - ၁၈

NPC ၏ အချက်အလက်သည် မကောင်းဆိုးဝါး၏ အချက်အလက်များနှင့် ကွဲပြား၏။ စနစ်က ကစားသမားများအား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုများထက် အေးချမ်းစွာ စေ့စပ်ဆွေးနွေးရန်ကိုသာ ပိုမိုအားပေးသဖြင့် တိုက်ခိုက်ရေးပုံစံနှင့် အားနည်းချက်များကဲ့သို့သော ဖော်ပြချက်များမှာ ယင်းထဲ၌ ပါဝင်မနေခဲ့ချေ။

တစ်ဖက်လူမှာ တိုက်ခိုက်နိုင်စွမ်းမရှိကြောင်း သိလိုက်ရသဖြင့် ဖုန်းပုကြွယ်သည် စိတ်သက်သာရာရသွားကာ သူ့လက်နက်ကို ပြန်သိမ်း၍ ထိုအနက်ရောင်ပုံရိပ်ထံ ချဉ်းကပ်သွားလိုက်သည်။

သူ နှစ်မီတာခန့်အကွာအဝေးသို့ ရောက်လာသောအခါ ထိုပုံရိပ်က ရုတ်တရက် လက်တစ်ဖက်မြှောက်လိုက်ပြီး တားဆီးသည့်အမူအရာဖြင့် လက်ဝါးကို ထောင်ပြလိုက်သည်။

ဖုန်းပုကြွယ် တောင့်တင်းသွားပြီး ထိုပုံရိပ်၏ နောက်ထပ်တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်သည်။

မည်သည့်နေရာကမှန်းမသိသော သံစဉ်တစ်ခုက ဖုန်းပုကြွယ်၏နားထဲတွင် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ သေချာသည်မှာ… ထိုပုံရိပ်သည် “Thriller” သီချင်းထဲမှ ဖုတ်ကောင်အကကို စတင်ကပြနေခြင်းဖြစ်ပြီး ၎င်းက အရိပ်အမြွက်တစ်ခုခု ပြနေပုံရသည်။

တစ်မိနစ်၊ နှစ်မိနစ်ခန့် ကပြပြီးနောက်တွင်မူ ထိုပုံရိပ်သည် ၇၂၀ ဒီဂရီ ပတ်ချာလှည့်လိုက်ပြီး ၎င်းနောက်ကျောဘက်မှ သံတံခါးကြီးကို တွန်းဖွင့်လိုက်ရာ တံခါးမျက်နှာပြင်ပေါ်မှ အခြားမမြင်နိုင်သော မှော်စက်ဝိုင်းတစ်ခုမှာ ဖန်ခွက်ကွဲအက်သွားသကဲ့ အသံတစ်ခုနှင့်အတူ ကျိုးပျက်သွားတော့သည်။

ထို့နောက်တွင်မူ အကပုံရိပ်သည် ၎င်း၏ထူးခြားသောအသံဖြင့် အော်ဟစ်လိုက်ပြီး ၎င်း၏ ကကွက်ခြေလှမ်းများဖြင့် ဖုန်းပုကြွယ်ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ သူ ပိုဝေးကွာသွားလေလေ ပတ်ဝန်းကျင်မှ အမှောင်ထုက ပိုမိုသိပ်သည်းလာလေလေ ဖြစ်သည်။

အကပုံရိပ်၏ ဝိသေသလက္ခဏာများထဲမှတစ်ခုမှာ အမှောင်ထုကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ဖြစ်လိမ့်မည်ဟူ၍ ဖုန်းပုကြွယ် ယခုမှ သဘောပေါက်သွားရသည်။၎င်း မြေညီထပ်သို့ ရောက်ရှိလာသောကြောင့် အပေါ်ထပ်နှစ်ထပ်လုံး ပိုမိုလင်းထိန်သွားခြင်းဖြစ်ပြီး အကပုံရိပ် ထွက်သွားသည်နှင့် ပတ်ဝန်းကျင်မှ အမှောင်ထုမှာ ရှုပ်ထွေးဆန်းကြယ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

“ကောင်းပြီ… ဒါက တစ်ခုတည်းသောလမ်းပဲ”

ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုက လုံးဝဝါးမြိုမသွားမီ ဖုန်းပုကြွယ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ကြီးမားလှသော သံတံခါးကြီး၏ လက်ကိုင်နှစ်ဖက်ကို ဆုပ်ကိုင်၍ တွန်းဖွင့်လိုက်တော့သည်။

သူ ဤနောက်ဆုံးလျှို့ဝှက်ခန်းထဲသို့ လှမ်းဝင်လိုက်သည့် အခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးကြီး၏ ထွက်ပေါ်ရာအရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤတံခါးဝမှ ထွက်ပေါ်လာသော အပုပ်နံ့ကြီးနှင့် နှိုင်းယှဉ်ပါက အခန်းတွင်းရှိ အခြားနေရာများမှ အနံ့အသက်များမှာ ဘာမှမဟုတ်တော့ချေ။

၎င်းကို ဖော်ပြရလျှင် အခန်းထဲတွင် လူတစ်ဦး လေလည်လိုက်ပြီးနောက် အထဲ၌ရှိနေသူအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သည်။

ဖုန်းပုကြွယ်သည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း သူ့နောက်မှ တံခါးကြီးမှာ ကျယ်လောင်လှသော ဒုန်းခနဲအသံကြီးနှင့်အတူ ပိတ်သွားတော့သည်။

အခန်းတွင်းမှ မီးရောင်မှာ မှိန်ဖျော့နေပြီး သဲသဲကွဲကွဲ မြင်ရခြင်း မရှိချေ။ ဖုန်းပုကြွယ်သည် သူ၏ဓာတ်ငွေ့ကာမျက်နှာဖုံးမှတဆင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ပထမဦးဆုံးအနေဖြင့် သူယခင်က နံရံတစ်ခုပေါ်တွင် မြင်တွေ့ခဲ့ရသော ဓာတုပေါင်းစပ်လူသားကို တွေ့လိုက်ရခြင်းဖြစ်သည်…။ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းမှ လက်ဆစ်များ ထွက်နေသော တစ်ကောင်ဖြစ်သည်။ ၎င်းမှာ ယခုတွင် တုတ်ခိုင်လှသော သံမှိုအများအပြားဖြင့် နံရံ၌ သပ်ရိုက်ခံထားရပြီး အရိုးစူးများဖြင့်လည်း ထိုးဖောက်ခံထားရသည်။ ၎င်း၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာမှာ သွေးတိတ်သွားပြီဖြစ်သော်လည်း ၎င်းအောက်တည့်တည့်မှ ကြမ်းပြင်မှာမူ သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။

လက်ကောက်ဝတ်မှ အရိုးစူးများ ထွက်ပေါ်နေသော ဓာတုပေါင်းစပ်ကောင်မှာမူ နံရံရှိ နံရံအခေါင်းပေါက်တစ်ခုထဲ၌ စောင်းလျက် လဲလျောင်းနေခဲ့သည်။ နံရံ၏အပြင်ဘက်တွင် ၎င်း၏ “လက်များ” ကို တင်ထားနိုင်မည့် သံစင်နှစ်ခုရှိနေပြီး အခေါင်းပေါက်၏ အလယ်ဗဟိုကိုမူ ထူးဆန်းသော ရေမှော်ကဲ့သို့သော အပင်များဖြင့် ဖုံးလွှမ်းထားသဖြင့် ယင်းက လျှာများအတွက် အစားအစာ ဖြစ်ပုံရသည်။

ဖုန်းပုကြွယ်၏အကြည့်များက ဖြည်းညင်းစွာ ရွေ့လျားသွား၏။ ဤအခန်းသည် မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားပြီး မျက်နှာကျက်၏အမြင့်မှာ အိမ်၏တည်ဆောက်ပုံနှင့် ကိုက်ညီမှုမရှိသည်ကို သူ တွေ့လိုက်ရသည်။ သိသာသည်မှာ… ဤတံခါး၏အတွင်းဘက်မှ နေရာလွတ်မှာ အပြင်ဘက်ရှိ အခန်းထဲ၌ တည်ရှိမနေခဲ့ချေ။

သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ဤအခန်း၏ နံရံများထဲ၌ အနည်းဆုံး ဓာတုပေါင်းစပ်ကောင် အကောင် ၂၀ ခန့် မြုပ်နှံထားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးမှာ ရုပ်ရည်သွင်ပြင် အသီးသီး ကွဲပြားနေကြပြီး တစ်ကောင်ချင်းစီမှာ အလွန်တရာ ထူးဆန်းဆန်းပြားလှသည်။ ၎င်းတို့၏ရုပ်သွင်ကို ကြည့်လိုက်ရုံဖြင့် လူများကို ကြက်သီးမွေးညင်း ထသွားစေရန် လုံလောက်ပေသည်။

“အင်ဒရူး… အဲဒါ သားလား”

တိုက်ရိုက်ရှေ့တည့်တည့်ရှိ ရှုပ်ထွေးဆန်းကြယ်သော နေရာမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာလေသည်။

ဖုန်းပုကြွယ်သည် အသံလာရာနောက် လိုက်ပါ၍ ရှေ့သို့ လျှောက်သွားလိုက်သည်။ မကြာမီတွင် သူသည် နံရံအခေါင်းပေါက်တစ်ခုထဲ၌ ခြောက်သွေ့နေသော အလောင်းကောင်တစ်ကောင်ကဲ့သို့ လဲလျောင်းနေသည့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူမ၌ မျက်လုံးတစ်ဖက်တည်းသာ ရှိပြီး အရေပြားများက ခြောက်သွေ့ပုပ်ပွနေကာ ဆံပင်လည်း မရှိချေ။ သူမ၏ သွားများသည်လည်း အားလုံးနက်မှောင်ဆွေးမြည့်နေပြီး လူတစ်ဦး၏ အသက်အမှတ်များကို ကျဆင်းသွားစေလောက်သည်အထိ ပြင်းထန်လှသော အနံ့ဆိုးများကို ထုတ်လွှတ်နေခဲ့သည်။

ကန်ဒစ်မြင်ကွင်းထဲသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် နောက်ထပ် အခန်းဆက်ပြကွက်တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

…

“အင်ဒရူး… ငါ့သားလေး၊ သားအမေ့ကို မမှတ်မိတော့ဘူးလား”

ကန်ဒစ်က နူးညံ့စွာ မေးမြန်းလိုက်သည်။

အင်ဒရူးသည် သူ့ရှေ့မှ မကောင်းဆိုးဝါးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ အာသာက အဘယ်ကြောင့် သူ့အား ဤအခန်းထဲသို့ လုံးဝ ပေးမလာခဲ့သည်ကို နောက်ဆုံး၌ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

“အမေ… အမေ… မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်တာပဲ၊ အမေက အခုဆိုရင်…”

“အမေ မသေပါဘူး”

ကန်ဒစ်၏လေသံမှာ နာကျည်းချက်များနှင့် ပြည့်နှက်နေခဲ့သည်။

“အမေ့ကို မြှုပ်တော့မယ့်အချိန်အထိ အမေ့မှာ အသိစိတ်ရှိနေခဲ့သေးတယ်၊ ဒါတွေအားလုံးက အာသာရဲ့လက်ချက်ပဲ၊ သူပဲ၊ သူက အမေ့ကို အဆိပ်ခတ်ခဲ့တာ၊ သူက အမေသေသွားပြီဆိုပြီး အလိမ်အညာတစ်ခု လုပ်ခဲ့တာပဲ၊ ဈာပနပြီးတဲ့ နောက်ရက်မှာပဲ သူက အမေ့ကို ပြန်တူးဖော်ပြီး အဂ္ဂိရတ်ပညာနဲ့ အခုလိုဖြစ်အောင် လုပ်ပစ်လိုက်တာ”

“ဒါပေမဲ့… ဒါပေမဲ့ ကျွန်တော့်အစ်ကိုက ဘာဖြစ်လို့…”

“သူက သားအစ်ကိုမဟုတ်ဘူး၊ သူက ရှင်းကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ၊ သူက နတ်ဆိုးတစ်ကောင်ရဲ့ ကိုယ်ပွားပဲ”

ကန်ဒစ်က စကားဖြတ်ပြောလိုက်သည်။

“ဒီအခန်းထဲက ဓာတုပေါင်းစပ်ကောင်တွေကို ကြည့်လိုက်ပါဦး၊ သူက အပြစ်မဲ့တဲ့သူတွေကိုပါ မချန်ဘဲ စသတ်နေခဲ့ပြီ မဟုတ်လား”

“မဟုတ်ဘူး… ဒီလူတွေက…”

အင်ဒရူးက ရှင်းပြရန် ကြိုးပမ်းလိုက်သည်။

ကန်ဒစ်က ချက်ချင်းဆိုသလို ထပ်လောင်းပြောကြားလိုက်သည်။

“သူ အရူးလုပ်တာ မခံရစေနဲ့ ၊ အင်ဒရူး၊ သူက သားကို အသုံးချနေရုံပဲ၊ သားအမေအပေါ် သူ ဘာတွေလုပ်ခဲ့လဲဆိုတာ ကြည့်လိုက်စမ်း၊ သူက သားကိုလည်း အနှေးနဲ့အမြန် သတ်ပစ်လိမ့်မယ်”

“ဒါဆို… ကျွန်… ကျွန်တော်ဘာလုပ်ရမလဲ…”

“စိတ်ရှည်ရမယ် အင်ဒရူး၊ သားအခု သူ့ကို သတ်လို့မရသေးဘူး၊ သားက သင့်တော်တဲ့ အခွင့်အရေးကို စောင့်ဆိုင်းရမယ်…”

ကန်ဒစ်က သူမ၏လေသံကို နှိမ့်လိုက်သည်။

“ဒီနေ့ ဒီကို လာခဲ့တဲ့အကြောင်းကို လျှို့ဝှက်ချက်အနေနဲ့ ထားပါ၊ သူ့ကို ဘာမှ မထုတ်ဖော်မိစေနဲ့၊ နားလည်လား”

“ကျွန်တော်…”

အင်ဒရူးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။

“ဒီကိုလာဦး… အမေ့စကားကို နားထောင်၊ အမေက သားဘာလုပ်ရမလဲဆိုတာကို ပြောပြမယ်…”

…

အတိတ်ပြန်ပြကွက်မှာ ပြီးဆုံးသွားပြီး ဖုန်းပုကြွယ်သည် သတိပြန်ဝင်လာချိန်တွင် သူကိုယ်တိုင် ကန်ဒစ်၏ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အင်ဒရူး… သား ဘာဖြစ်နေတာလဲ”

ကန်ဒစ်က ဖုန်းပုကြွယ်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။

“နေဦး… နင်… နင်က အာသာလား”

ယင်းကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်သည် အရာအတော်များများကို ချက်ချင်း သဘောပေါက်သွားတော့သည်။

“မဟုတ်ပါဘူး… ကျွန်တော်ပါ၊ အင်ဒရူးပါ”

ဖုန်းပုကြွယ်သည် အင်ဒရူး၏လေသံကို အတုခိုး၍ ပြောဆိုလိုက်သည်။

ကန်ဒစ်က သူ့အား တစ်ဖန်နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြန်သည်။

“ဘာဖြစ်လို့လဲ၊ အာသာက သားကို တိုက်ခိုက်ခဲ့တာလား”

“ဝိညာဉ်လဲလှယ်ခြင်း အသွင်ပြောင်းမှုက ကျရှုံးသွားခဲ့တယ်”

ဖုန်းပုကြွယ်က ပြောရင်း အဆင့်မြင့်အဂ္ဂိရတ်ပညာစာအုပ်ကို ထုတ်ယူလိုက်ပြီး ဒုတိယအခန်းသို့ လှန်လိုက်သည်။ ထိုအခိုက်အတန့်တွင်မူ ဤအခန်း၏ အကြောင်းအရာများသည် ဝေဝါးမနေတော့ချေ။ စနစ်က ၎င်းကို ဘာသာပြန်ပေးထားပြီဖြစ်ပြီး ဒုတိယအခန်းထဲ၌ ပြီးပြည့်စုံသော အသွင်ပြောင်းဥပမာတစ်ခု ပါဝင်နေခဲ့သည်။

“ကျရှုံးသွားတယ်… အဲဒါက ဘာကို ဆိုလိုတာလဲ… အာသာ ဘယ်မှာလဲ”

ကန်ဒစ်က မေးလိုက်သည်။

“ကျွန်တော် သူ့ကို သတ်ပစ်လိုက်ပြီ၊ ပြီးတော့ သူက ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်သွားခဲ့တာပဲ”

ဖုန်းပုကြွယ်၏အကြည့်များက စာအုပ်ပေါ်တွင်သာ ရှိနေခဲ့သည်။ ထိုစကားကို ဖြေကြားပြီးနောက် သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘေးနားတွင် စွန်းထင်းနေသည့် အရာတစ်ခုထံမှ အမည်မသိအရည်အချို့ကို ပွတ်ဆွဲ၍ ပုံစံတူအတိုင်း အသွင်ပြောင်းမှော်စက်ဝိုင်းတစ်ခုကို စတင်ရေးဆွဲတော့သည်။

“သား ဘာလုပ်နေတာလဲ”

ကန်ဒစ်သည် သားဖြစ်သူ၏ ထူးဆန်းသောလုပ်ရပ်ကို ကြည့်ပြီး သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ကျွန်တော်အမေ့ကို ကယ်တင်နေတာပေါ့ အမေ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဒီအသွင်ပြောင်းမှော်စက်ဝိုင်းနဲ့ဆိုရင် ကျွန်တော် အမေ့ကို ဓာတုပေါင်းစပ်လူသားဘဝကနေ သာမန်လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းပေးလို့ ရတယ်”

“အဲ… အဲဒီလိုလား…”

ကန်ဒစ်က ဆက်ပြောသည်။

“အာသာက သေသွားပါပြီ အမေ၊ အမေ ဒီနေရာမှာ ဆက်နေစရာ မလိုတော့ဘူး၊ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ ပုံမှန်ဘဝဆီ ပြန်သွားလို့ရပါပြီ”

ဖုန်းပုကြွယ်က ထပ်ပြောလိုက်သည်။

“ဟုတ်တယ်… ဟုတ်တယ်… ဟားဟားဟား…”

ကန်ဒစ်သည် ကျယ်လောင်စွာ မရယ်ဘဲ မနေနိုင်တော့ချေ။

“အာသာက သေသွားပြီ၊ အင်ဒရူး… သားက တကယ့်ကို အမေ့ရဲ့ သားကောင်းလေးပဲ… မင်းက ရှင်းကလန်ရဲ့ အဲ့ဒီနတ်ဆိုးကို တကယ်သတ်ပစ်လိုက်တာပဲ၊ ဟားဟားဟား…”

သူမသည် အလွန်ပင် ပျော်ရွှင်နေခြင်းဖြစ်သည်။

“ငါ နောက်ဆုံးတော့ ဒီနေရာကနေ ထွက်သွားလို့ ရပြီ…”

ဖုန်းပုကြွယ်သည် အသွင်ပြောင်းမှော်စက်ဝိုင်းကို လျင်မြန်စွာ ရေးဆွဲလိုက်ပြီး ကန်ဒစ်ကို နံရံထဲမှ ဆွဲထုတ်၍ မှော်စက်ဝိုင်းထဲ နေရာချလိုက်ကာ ထို့နောက် သူ့အိတ်ကပ်ထဲမှ ပစ္စည်းခြောက်ခုကို တစ်ခုချင်းစီ ထုတ်ယူပြီး သူမ၏ပတ်ပတ်လည်တွင် ထားရှိလိုက်သည်။

ကန်ဒစ်က စိတ်မရှည်စွာ ပြောလိုက်သည်။

“မြန်မြန်လုပ်လေ အင်ဒရူး၊ အသွင်ပြောင်းမှော်စက်ဝိုင်းကို ချက်ချင်း အသက်သွင်းလိုက်တော့”

“ဘာလို့ ဒီလောက်တောင် လောနေရတာလဲ အမေ”

ဖုန်းပုကြွယ်က ထူးဆန်းသော လေသံဖြင့် ဆိုသည်။

“အမေက ကျွန်တော့်စွမ်းအားတွေကို ရဖို့ ဒီလောက်အသည်းအသန် ဖြစ်နေတာလား”

“ဘာ… ဘာပြောလိုက်တယ်…”

ကန်ဒစ်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားသော်လည်း သူမသည် ချက်ချင်းပင် ၎င်းကို ဖုံးကွယ်လိုက်ပြီး ဘာမှမသိသလိုမျိုး ဟန်ဆောင်၍ မေးမြန်းလိုက်သည်။

“အင်ဒရူး… သားဘာပြောလိုက်တာလဲ၊ အမေ ဘာမှ နားမလည်ဘူး…”

“အခုလေးတင် ကျွန်တော်တစ်ခုခုကို သဘောပေါက်သွားခဲ့တယ်… အာသာပြောခဲ့တဲ့ ‘ငါ့ရဲ့ တုံးအတဲ့ ညီလေး’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးတော့ ကျွန်တော်နားလည်သွားခဲ့ပြီ”

ဖုန်းပုကြွယ်က လှောင်ပြောင်လိုက်သည်။

“တကယ်တော့ ငါကလည်း မင်းရဲ့ သားမဟုတ်ပါဘူး”

All Chapters