← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) ညီအစ်ကိုများ

ယင်းကို ကြားလိုက်ရသောအခါ ကန်ဒစ်၏မျက်လုံးထဲ၌ အသက်ရှူကျပ်မတတ် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း သူမသည် လေသံကို တတ်နိုင်သမျှ ညင်သာအောင် ထိန်းသိမ်းလျက် ပြောဆိုရန် ကြိုးစားနေဆဲဖြစ်သည်။

“တုံးအလိုက်တဲ့ ကလေး… သားက မင်းအမေရဲ့ သားအရင်းစစ်စစ်ပဲလေ…”

“ငါက လူသားတစ်ယောက် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန်တုန်းက ဒီလိုယူဆချက်မျိုး ငါ့စိတ်ထဲမှာ ချက်ချင်း ပေါ်လာခဲ့တာ…”

ဖုန်းပုကြွယ်က ဆိုသည်။

“အခု ပြန်တွေးကြည့်ရင်… အဲ့ဒီဓာတ်ပုံနောက်ကျောက စာသားတွေဖြစ်တဲ့ ‘အာသာနဲ့ အင်ဒရူး၊ ငါ့ရဲ့ ကလေးတွေ၊ ငါ့ရဲ့ အချစ်တွေ’ ဆိုတာကို ငါပဲ မြင်ရမြင်ရ၊ အာသာပဲ မြင်ရမြင်ရ အတူတူပဲ မဟုတ်လား… ”

ဖုန်းပုကြွယ်သည် ကန်ဒစ်၏ တစ်လုံးတည်းသော မျက်လုံးကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“တကယ်တော့ မင်းမက်မောခဲ့တာက သူ့စွမ်းအားတင်မကဘူး ငါ့စွမ်းအားကိုလည်း မက်မောခဲ့တာပဲ၊ အာသာနဲ့ ငါက လူသားတွေမဟုတ်သလို မင်းရဲ့ သားသမီးတွေလည်း မဟုတ်ကြဘူး၊ တစ်ခုတည်းသော ကွာခြားချက်ကတော့… ငါက ပိုပြီး ရိုးအသလို ထိန်းချုပ်ရ ပိုလွယ်ကူတာပဲ”

သူက လှောင်ပြောင်လိုက်သည်။

“မင်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲ၊ မင်းရဲ့ နက်နဲလှတဲ့ ပရိယာယ်တွေက ငါ့ကိုတောင် လေးစားမိစေတယ်…”

ဖုန်းပုကြွယ်၏ မျက်စိရှေ့၌ များစွာသောပုံရိပ်အပိုင်းအစများ ဖြတ်သန်းသွားပြီး သူ့စိတ်ထဲရှိ အချက်အလက်ကွန်ရက်ပေါ်မှ သဲလွန်စတိုင်းသည် တဖြည်းဖြည်းနှင့် အမှန်တရားဗဟိုချက်ဆီသို့ ဦးတည်လျက် ပိုမိုကြည်လင်ပြတ်သားလာလေသည်။

ဖုန်းပုကြွယ် ထရပ်၍ ဆက်ပြောလိုက်သည်။

“အာသာက ငါ့ကို ‘ငါ့ရဲ့ တုံးအတဲ့ ညီလေး’ လို့ နှစ်ကြိမ်တိုင်တိုင် ပြောခဲ့ဖူးတယ်၊ ပထမတစ်ကြိမ်က ငါတို့ အရမ်းငယ်သေးတဲ့အချိန်၊ အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ အချိန်ကပေါ့… အဲဒီအချိန်တုန်းက သူက တခြားလူတွေနဲ့ သူ့ရဲ့ ကွဲပြားမှုကို ကောင်းကောင်းကြီး သိနေခဲ့ပြီးပြီ၊ သူက မွေးစားသားတစ်ယောက်ဆိုတာကိုလည်း သဘောပေါက်ထားပြီးသား၊ ဒါပေမဲ့ ငါကတော့ သူ့ကို အစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံခဲ့ပြီး ယုံကြည်တယ်၊ အထင်ကြီး လေးစားတယ်၊ ချစ်မြတ်နိုးခဲ့တယ်၊ ဒါကြောင့် သူအဲဒီလိုပြောခဲ့တာဟာ သူ့စိတ်ထဲကနေ ငါ့ကို ညီအစ်ကိုတစ်ယောက်အဖြစ် ဒီတော်စပ်မှုကို အသိအမှတ်ပြုခဲ့တာပဲ”

သူ ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်။

“ပြီးတော့ အခုလေးတင် အာသာက အဲဒီစကားကို ဒုတိယအကြိမ်အဖြစ် ထပ်ပြောခဲ့တယ်၊ ပြီးတော့ သူက ‘မင်းကိုယ်မင်း သိပ်တော်တယ်လို့ ထင်နေတယ်၊ ဒါပေမဲ့ ဒါက… တန်ကြေးပဲ’ လို့ ဖြည့်စွက်ပြောခဲ့သေးတယ်”

သူ ပြုံးလိုက်သည်။

“ပထမတော့ ဒါက အနိုင်ရသူတစ်ယောက်ရဲ့ သရော်မှုလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ တဖြည်းဖြည်း သဘောပေါက်လာတဲ့အခါကျမှ… သူ့လေသံထဲမှာ သနားဂရုဏာစိတ်နဲ့ ကူကယ်ရာမဲ့မှုတွေကို ငါ ရှာတွေ့ခဲ့ရတယ်၊ ဒါဆိုရင် ဒီဒုတိယအကြိမ်မှာ ငါ့ကို တုံးအတယ်လို့ သူခေါ်ခဲ့ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ”

ထိုနေရာတွင် ဖုန်းပုကြွယ်သည် သူ့လေသံကို ပြောင်းလဲလိုက်ပြီး ကစားသမားတစ်ဦး၏ ရှုထောင့်မှနေ၍ စတင်ရှင်းပြတော့သည်။

“အာသာက သိပ်တော်တယ်၊ သူက…”

“အကြောင်းရင်းက မမျှော်လင့်ထားစရာ ဖြစ်ပေမယ့် ဒါက အချိန်ကာလတစ်ခုပဲ၊ အဂ္ဂိရတ်ပညာ ကျရှုံးသွားပြီးတော့ အာသာက အင်ဒရူးဟာ ‘လူသားတစ်ယောက် မဟုတ်ဘူး’ ဆိုတဲ့ အချက်အလက်ကို ရရှိသွားပြီး သဘာဝကျကျနဲ့ နောက်ဆက်တွဲ ဆင်ခြင်တွေးတောတာတွေကို စတင်လုပ်ဆောင်ခဲ့လိမ့်မယ်…။

ငါ့မှာရှိတဲ့ အချက်အလက်က အကန့်အသတ် ရှိနေပေမယ့် ရှေ့က ယူဆချက်ကိုတော့ ငါ လုပ်နိုင်ခဲ့သေးတယ်၊ အာသာက မင်းအကြောင်းကို ငါ့ထက် ပိုကောင်းကောင်း သိတာကြောင့်… အင်ဒရူးကလည်း မင်းရဲ့ သားအရင်းမဟုတ်ဘူးဆိုတာကို သူ ချက်ချင်း သဘောပေါက်သွားခဲ့တာပဲ”

ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။

“သနားလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပြစ်ရှိစိတ်ကြောင့်ပဲ ဖြစ်ဖြစ် အာသာက သူ့ညီလေးကို အမှန်တရားကို မပြောပြဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်ဒရူးအနေနဲ့ ဒီအချက်ကို လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ သူသိနေလို့ပဲ၊ မင်းရဲ့ လွှမ်းမိုးမှုအောက်မှာ အင်ဒရူးဟာ သူ့အစ်ကိုက သူ့ကို လိမ်ညာခဲ့တယ်လို့ပဲ တစ်ထစ်ချ တွေးနေခဲ့တာ၊ သူက အာသာကို ရက်စက်တဲ့ မိစ္ဆာတစ်ကောင်လို့ ယုံကြည်နေခဲ့တာလေ၊ တကယ်လို့ အာသာက အခုအချိန်မှာ သူ့ကို သူ့အမေလို့ ခေါ်တဲ့မင်းက သူ့ကို အသုံးချနေတာဖြစ်ပြီး သူဟာ မင်းမွေးမြူထားတဲ့ နောက်ထပ် စွမ်းအားစုဆောင်းစရာ အခွံတစ်ခုပဲလို့သာ ပြောလိုက်မယ်ဆိုရင်…”

ဖုန်းပုကြွယ်က သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။

“လှည့်စားခံရပြီး အသုံးချခံရတဲ့အပြင် နောက်ဆုံးမှာ ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်သွားရတဲ့လူတစ်ယောက်အတွက် ဒီလိုအမှန်တရားမျိုးက တကယ့်ကို ရက်စက်လွန်းရာ ကျလိမ့်မယ်”

သူက ခေါင်းခါလိုက်သည်။

“အာသာက အချစ်နဲ့အမုန်း ပြတ်သားသူ ဖြစ်ပေမယ့် အင်ဒရူးနဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်းမှာတော့ အမြဲတမ်း တွန့်ဆုတ်ခဲ့တယ်၊ သူ့ညီငယ်က မင်းရဲ့ သွေးထိုးမှုကြောင့် သူ့အပေါ် သစ္စာဖောက်ခဲ့မှန်း သိနေခဲ့ရင်တောင် သူက လုပ်ဆောင်ဖို့ တွန့်ဆုတ်နေခဲ့တာ၊ အသွင်ပြောင်းမှုပြီးဆုံးသွားပြီး နစ်နာမှုတွေ ရှိနေခဲ့ရင်တောင် သူက သူ့ကို မသတ်ခဲ့ဘူး၊ အခြေအနေတွေ ဒီလိုဖြစ်လာခဲ့တဲ့အပေါ်မှာ အာသာက လုပ်သင့်တာထက်တောင် ပိုပြီး လုပ်ပေးခဲ့သေးတယ်၊ သူမထွက်သွားခင်မှာ ကုသနိုင်မယ့် နည်းလမ်းကို ငါ့ကို ပြောပြသွားခဲ့သေးတာပဲ၊ ပြီးတော့ သူက သိပ်ကို အမြော်အမြင် ရှိတယ်၊ အင်ဒရူးရဲ့ ‘အဖေအရင်း’ က ဘယ်သူလဲဆိုတာကို မင်းကို သွားမေးခိုင်းခဲ့တယ်၊ ဟား… ဒါက တကယ်တော့ အာသာက အခြေအနေတွေကို ဖုံးကွယ်ဖို့ စဉ်းစားပေးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ၊ ဒါမှသာ မင်းနဲ့ သူက သွေးသားအရင်း မဟုတ်ဘူးဆိုတာကို မပေါ်လွင်စေဘဲ အင်ဒရူးရဲ့ အစစ်အမှန်သရုပ်ကို မင်းက အလွယ်တကူ ဖွင့်ဟနိုင်မှာလေ”

“နင်… နင်က အင်ဒရူး မဟုတ်ဘူး၊ နင်ဘယ်သူလဲ”

ကန်ဒစ်သည် ဖုန်းပုကြွယ်အား အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

“ငါက မင်းကို လွတ်မြောက်ခွင့် ပေးမယ့်သူပါ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

သူ ထိုသို့ပြောဆိုရင်း ထပ်မံ၍ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်သို့ ဖိကပ်လိုက်ပြီး ယခုလေးတင် ရေးဆွဲထားခဲ့သော အသွင်ပြောင်းမှော်စက်ဝိုင်းကို အသက်သွင်းလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် သွေးနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အသွင်ပြောင်းမှော်စက်ဝိုင်း၏ မျက်နှာပြင်မှ စွမ်းအင်များ လှိုင်းထလာလေသည်။

စက္ကန့်ပိုင်းမျှ ကြာပြီးနောက် အလင်းတန်းများ မှေးမှိန်သွားပြီး ဖုန်းပုကြွယ်ကမူ မတ်တတ်ရပ်လျက် ရှိနေဆဲပင်။ စောင့်ကြည့်သူတစ်ဦး၏ ရှုထောင့်မှ ကြည့်လျှင် အင်ဒရူးသည် ပုံမှန်လူသားတစ်ဦး၏ ရုပ်ရည်သွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ အလောင်းကောင်ကဲ့သို့ ဆွေးမြည့်နေမှုများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ့ရှေ့ မလှမ်းမကမ်းရှိ အသွင်ပြောင်းမှော်စက်ဝိုင်း၏ ဗဟိုချက်တွင်မူ ကန်ဒစ်သည် သာမန်လူသား အမျိုးသမီးတစ်ဦး၏ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ရရှိသွားသော်လည်း သူမ၏ခန္ဓာကိုယ်ကမူ ချက်ချင်းပင် ဆွေးမြည့်ပျက်စီးလာတော့သည်…။ ပြင်းထန်သော ဝေဒနာနှင့်အတူ ဆွေးမြည့်လာခြင်း ဖြစ်သည်…။

“သင်၏ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှု ပွင့်သွားပါပြီ၊ သင်၏ လော့ဂ်အင်စာမျက်နှာတွင် တာဝန်အသစ်တစ်ခု တိုးလာပါပြီ”

“အား… ဘာဖြစ်တာလဲ၊ ဒါက ဘာတွေဖြစ်နေတာလဲ”

ကန်ဒစ်သည် ပြင်းထန်လှသော ဝေဒနာကြောင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်လျက် ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။

“ငါပြောရဦးမယ်၊ အာသာက တော်တော်လေး ရိုးအလွန်းတာပဲ”

ဤအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ အမူအရာမှာ သွေးအေးသောမိစ္ဆာတစ်ကောင်နှင့် ပိုတူနေလေသည်။

“သူက အပြစ်တွေအားလုံး သူယူသွားသလိုမျိုး ထွက်သွားတယ်ပေါ့၊ ဒါပေမဲ့ အဲဒီနောက်မှာ ဘာဖြစ်မလဲ၊ အင်ဒရူးက သူ့ဒဏ်ရာတွေကို ကုသပြီး မင်းကို လူသားခန္ဓာကိုယ် ပြန်ရအောင် ကူညီပေးခဲ့တယ်၊ မင်းတို့က အခုကစပြီး သားအမိတွေလို အေးအေးချမ်းချမ်း နေထိုင်သွားကြမှာလား၊ အရာအားလုံး ဖြစ်ပျက်ပြီးသွားတဲ့ နောက်မှာတောင် မင်းကို အမြဲတမ်း အမေလို သတ်မှတ်ခဲ့တဲ့ ကလေးကို မင်းက လွှတ်ပေးမှာတဲ့လား”

ဖုန်းပုကြွယ်သည် နာကျင်စွာ ရုန်းကန်နေသော ကန်ဒစ်ထံမှ အတိုင်းအတာတစ်ခုအထိ အကွာအဝေးထိန်းသိမ်းလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“ငါ့အထင်တော့ ဒါက မဖြစ်နိုင်ပါဘူး… တကယ်လို့ မင်းမှာသာ အသိတရားနည်းနည်း ရှိခဲ့မယ်ဆိုရင် ဒီကလေးနှစ်ယောက် အရမ်းငယ်တုန်းကတည်းက ဒီလိုအတွေးမျိုးကို စွန့်လွှတ်ခဲ့သင့်တာ၊ အဲဒီလိုဆို… ငယ်သေးတဲ့အာသာက မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး၊ သူက အင်ဒရူးကို လက်ခံခဲ့သလို မင်းကိုလည်း သူ့အမေအဖြစ် လက်ခံခဲ့မှာပဲ၊ သူမင်းကို တိုက်ခိုက်ခဲ့တယ်ဆိုတာက မင်းဒီအတွေးကို လုံးဝမစွန့်လွှတ်ဘဲ လွန်ခဲ့တဲ့… ဆယ်နှစ်ကျော်လုံး ခြိမ်းခြောက်နေခဲ့လို့ပဲ။ မင်း ခွေးနှစ်ကောင် မွေးထားရင်တောင်၊ မွေးရတဲ့ မူလရည်ရွယ်ချက်က အသားစားဖို့ ဖြစ်နေခဲ့ရင်တောင်၊ ပိုင်ရှင်က အမျိုးသမီးတစ်ယောက် မဟုတ်ရင်တောင် မင်းအခုအချိန်မှာ စွန့်လွှတ်လိုက်သင့်ပြီ”

“နင်ဘာသိလို့လဲ၊ သူတို့က မိစ္ဆာကောင်တွေ၊ သူတို့က သေသင့်တဲ့ကောင်တွေ၊ ငါ့ရဲ့ ယောကျ်ား၊ ငါ့ရဲ့ သားသမီးတွေ… အားလုံးက သူတို့လို မကောင်းဆိုးဝါးကောင်တွေရဲ့ လက်ချက်နဲ့ သေခဲ့ရတာ”

ကန်ဒစ်က သူမ၏ နောက်ဆုံးထွက်သက်ဖြင့် ဟိန်းဟောက်လိုက်သည်။

“ဒီမိစ္ဆာလေးနှစ်ကောင်ကို ပြန်ပေးဆပ်ခိုင်းတာ ဘာမှားလို့လဲ”

သူမ ရူးသွပ်စွာ ရယ်မောလိုက်သည်။

“နင်က ငါ့ကို သူတို့တွေကို လွှတ်ပေးစေချင်တာလား၊ ဟားဟားဟား… နေ့တိုင်း၊ မိနစ်တိုင်းပဲ၊ ငါ သူတို့ကို ပြုံးပြနေတဲ့ အချိန်၊ သူတို့ကို ပွေ့ဖက်ထားတဲ့ အချိန်၊ သူတို့ကို သိပ်နေတဲ့ အချိန်တိုင်းမှာ ငါ သူတို့အရေပြားကို အရှင်လတ်လတ် ခွာပစ်ချင်ခဲ့တာ၊ ဒီမကောင်းဆိုးဝါးကောင်တွေက ငါ့ကို အကြွေးတင်နေတာ၊ ငါသူတို့ကို ပြန်ပေးဆပ်ခိုင်းတာ သဘာဝမကျဘူးလား”

“ငါသိပြီ… မင်းရဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးချက်ကြောင့် မျိုးနွယ်တစ်ခုလုံးအပေါ် အငြိုးထားခဲ့ပြီး ကိုယ့်ကိုယ်ကို လှည့်စားတဲ့ လက်စားချေမှုကို အောင်မြင်ဖို့ အပြစ်မဲ့တဲ့ ကလေးနှစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်ပေါ့”

ဖုန်းပုကြွယ်က အနှစ်ချုပ်လိုက်သည်။

“မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့လော့ဂျစ်တွေကို ဖယ်ထားရင်တောင် အချက်အလက်တွေအရ ပြောရရင် မင်းလုပ်ရပ်က မမှားပါဘူး… လူသားတွေရဲ့ ရှုထောင့်ကနေ ကြည့်ရင် ဒီညီအစ်ကိုနှစ်ယောက်က ဒီကမ္ဘာကြီးအတွက် တကယ့်ကို ခြိမ်းခြောက်မှုတစ်ခုပဲ၊ ဒါပေမဲ့ တခြားလူသားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့…”

ဤအခိုက်အတန့်တွင် ကန်ဒစ်သည် သေလုမြောပါး ဖြစ်နေပြီဖြစ်သည်။ ဆွေးမြည့်ပျက်စီးမှုများက သူမ၏ အတွင်းကလီစာများအထိ ပျံ့နှံ့သွားပြီ ဖြစ်ပြီး သူမသည် မျက်လုံးများ ပြူးကျယ်လျက် ဖုန်းပုကြွယ် သူ့အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်ကို ကြည့်ရှုနေခဲ့သည်…။ ၎င်းမှာ “aa” ဟူသော စာလုံးများ ထွင်းထုထားသည့် သစ်သားဘီးလေးတစ်ချောင်း ဖြစ်သည်။

“အဲဒီအချိန်တုန်းက… သွေးသားအရင်းတွေမဟုတ်ကြတဲ့ လူသုံးယောက်နဲ့ ဖွဲ့စည်းထားခဲ့တဲ့ မိသားစုရဲ့… ရယ်မောသံတွေ၊ မျက်ရည်တွေနဲ့ ပျော်ရွှင်မှုတွေ အားလုံးက အလိမ်အညာတွေပဲလား၊ မင်း ဒီဓာတ်ပုံရဲ့ နောက်ကျောဘက်မှာ အဲဒီစာသားတွေကို ရေးခဲ့တုန်းက အဲဒီနေ့ရက်တွေအပေါ် ဘာသံယောဇဉ်မှ တကယ် မရှိခဲ့ဘူးလား…”

သူက ခဏရပ်ပြီး ဆက်ပြော၏။

“မကောင်းဆိုးဝါးတွေမှာ လူသားဆန်မှုနဲ့ ခံစားချက်တွေ မရှိဘူးလား၊ ငါ့အမြင်တော့ လူသားတွေက မကောင်းဆိုးဝါးတွေထက် ပိုပြီး ရက်စက်တတ်ကြတယ်၊ ဒီလို ပုံပျက်နေတဲ့ကမ္ဘာကြီးကပဲ မင်းလိုမျိုး စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်ကို ဖန်တီးခဲ့တာပဲ”

ဖုန်းပုကြွယ်သည် ဘီးကို ကောက်ယူ၍ သူ့ရှေ့တွင် ကိုင်မြှောက်ထားလိုက်သည်။

“ဒါက သာမန် သစ်သားအပိုင်းအစလေးတစ်ခုပါပဲ… အင်ဒရူးကို ဒုက္ခဝေဒနာတွေကနေ ကယ်တင်ပေးခဲ့တဲ့ ညီအစ်ကိုတွေကြားက သံယောဇဉ်ပေါ့”

သူက ကန်ဒစ်ကို ငုံ့ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ဘယ်အရာက မင်းကို ကယ်တင်ပေးနိုင်မှာတဲ့လဲ”

“လျှို့ဝှက်တာဝန် ပြီးမြောက်ပါပြီ”

“အဆုံးသတ်ကို ကြည့်ရှုပြီးနောက် အလိုအလျောက် တယ်လီပို့ ပြုလုပ်ပါမည်”

အမှောင်ထုနှင့်အတူ ခန့်ညားထည်ဝါလှသော အိမ်ကြီးတစ်အိမ်၏ ရှေ့တွင် ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးတစ်ခု တည်ရှိနေ၏။

ဂိတ်တံခါးဝ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ဆံပင်ရွှေဝါရောင်ရှိပြီး ညစ်ပတ်ပေရေနေကာ သူ့မျက်ဝန်းများက ဟာလာဟင်းလင်း ဖြစ်လျက် လမ်းပျောက်နေပုံရသည်။

ကောင်းကင်ယံထက်မှ မှောင်မိုက်နေသော တိမ်တိုက်ကြီးများသည် ထိုအခိုက်အတန့်တွင် ကွဲအက်သွားခဲ့သည်။ အင်ဒရူးသည် အိမ်ကြီးဆီသို့ ဦးတည်နေသော လမ်းမထက်၌ သူ့ရှေ့မလှမ်းမကမ်းတွင် ရပ်နေသော သေးငယ်သောလူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

“အစ်ကို… အစ်ကို…”

အင်ဒရူးသည် ဗီဇအရ လှမ်းခေါ်လိုက်မိသော်လည်း ဘာဆက်ပြောရမည်မှန်း မသိခဲ့ချေ။

“ငါစိတ်ပူလို့ မထွက်သွားခင် ပတ်ဝန်းကျင်ကို ပြန်လာစစ်ဆေးတာပါ”

အာသာက တည်ငြိမ်စွာ ဆိုသည်။

“ဘာဖြစ်ခဲ့တာလဲ”

“ငါ… ငါသူ့ကို သတ်လိုက်ပြီ၊ ငါ… အမေ့ကို သတ်လိုက်ပြီ…”

အင်ဒရူးသည် ပြောနေရင်းနှင့်ပင် မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။ သူက သူ့အင်္ကျီလက်ဖြင့် မျက်နှာကို သုတ်လိုက်သည်။

“သူက… သူက ငါ့ရဲ့ အမေအရင်း မဟုတ်ဘူး…”

“ကောင်းပြီ… ငါ သိပါတယ်”

အာသာက စကားဖြတ်ပြောလိုက်ရင်း သူ့ညီငယ်ဖြစ်သူကို အထက်အောက် ဝေ့ဝဲကြည့်ရှုလိုက်သည်။

“မင်းရဲ့ ဒဏ်ရာတွေ သက်သာသွားပြီလား”

“အင်း…သက်သာသွားပြီ”

အင်ဒရူးက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ငါက ဘယ်လိုမျိုး… ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဆိုတာ အခုထိ မသိသေးဘူး…”

“မကောင်းဆိုးဝါးဟုတ်လား…”

အာသာက ထပ်မံရေရွတ်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့်… အခု မင်းဒဏ်ရာတွေ သက်သာသွားပြီဆိုတော့ မင်းဘာကောင်လဲဆိုတာ အရေးမကြီးတော့ပါဘူး”

သူ လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ချက်ချင်းဆိုသလို မီးတောက်များက ကောင်းကင်ယံထိ မြင့်တက်သွားပြီး အင်ဒရူး၏နောက်ရှိ ကြီးမားလှသော စံအိမ်ကြီးသည် မီးခြစ်ဆံတစ်ခုကို မီးညှိလိုက်သကဲ့သို့ ခဏအတွင်း ကြီးမားလှသော မီးဘောလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားတော့သည်။

“အရာအားလုံး ပြီးဆုံးသွားပါပြီ…”

အာသာက သက်ပြင်းချရင်း ဆိုသည်။

“မင်းလုပ်ရမှာက မင်းမှတ်ဉာဏ်တွေထဲက ကောင်းမွန်တဲ့အရာတွေကိုပဲ သိမ်းဆည်းထားပြီး ကျန်တဲ့အရာအားလုံးကိုတော့ ပြာအဖြစ် ပြောင်းလဲပစ်လိုက်ဖို့ပဲ”

သူက ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

“မင်းက မိစ္ဆာပဲဖြစ်ဖြစ်၊ မကောင်းဆိုးဝါးပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် နေမင်းကြီးက ပြန်ထွက်လာဦးမှာပဲ၊ မကောင်းဆိုးဝါးတွေက မကောင်းဆိုးဝါးတွေလိုပဲ ရှင်သန်ရမှာပဲ၊ ဘာမှ အရှက်ရနေစရာမရှိဘူး”

သူ ခဏရပ်လိုက်သည်။

“အခု ငါ့မှာ လူသားတစ်ယောက် ပြန်ဖြစ်ပြီး အေးအေးချမ်းချမ်း ရှင်သန်နေဖို့ အကြောင်းပြချက် မရှိတော့ဘူး… ငါ ဒီနေရာလေးကနေ ထွက်ခွာပြီး ပြင်ပကမ္ဘာကြီးထဲကို သွားတော့မယ်၊ မင်း ငါနဲ့အတူ လိုက်ချင်လား ညီလေး”

“ငါ…”

အင်ဒရူးသည် တစ်စက္ကန့်မျှ တွန့်ဆုတ်နေပြီးနောက် ပြုံးလိုက်လေသည်။

“ဟား… လက်မှာ သွေးစွန်းနေတဲ့ မိစ္ဆာညီအစ်ကိုနှစ်ယောက်က စတယ်တိုက်ကြီးပေါ်မှာ ပြဿနာတွေ သွားရှာကြမလို့လား”

“ကြားရတာ မဆိုးဘူးမလား”

အာသာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟုတ်ကဲ့… အစ်ကို”

အင်ဒရူး၏ မျက်လုံးများထဲတွင် ထူးခြားသော ပြတ်သားသည့်အကြည့်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

လရောင်အောက်တွင် လေပြင်းများ တိုက်ခတ်လာလေသည်။

လူရိပ်နှစ်ခုသည် ကျေးလက်လမ်းငယ်တစ်ခုအတိုင်း ဘေးချင်းယှဉ်လျက် လျှောက်လှမ်းသွားကြပြီး သူတို့နောက်ရှိ မြင့်မားလှသော မီးတောက်ကြီးကတော့ အတိတ်၏ မှောင်မိုက်မှုများကို ပြာအဖြစ်သို့ ပြောင်းလဲတောက်လောင်နေတော့သည်။

ရှေ့ဆက်ရမည့် လမ်းမကြီးကတော့ အမည်မသိအနာဂတ်တစ်ခုဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

All Chapters