← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) ပထမဇာတ်ကောင်တာဝန်

“ဇာတ်လမ်းပြီးဆုံးသွားပါပြီ။ ဆုလာဘ်များကို တွက်ချက်နေပါသည်”

ရရှိသော အတွေ့အကြုံ (EXP) - ၁၀,၀၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၀,၀၀၀။

ရရှိသော ကိရိယာပစ္စည်း - မရှိပါ။

ပြီးမြောက်သော/လက်ခံခဲ့သော တာဝန် - ၆/၆။

ပြီးမြောက်ခဲ့သော အထူး/လျှို့ဝှက်တာဝန် - ၁။

ကမ္ဘာ့အမြင်ချိုးဖျက်မှု - မရှိပါ။

ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှုအကြိမ်ရေ - ၀ ၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%။

သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ ပြယုဂ် ၊ အပိုဆုလာဘ်တစ်ခု ရယူရန် အရည်အချင်း ပြည့်မီပါသည်။ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပေးပါ။

ရရှိသော စကေးအမှတ် - ၄၅၀။

ကောင်းမွန်သည့် ကြောက်ရွံ့မှုအဆင့် ရရှိသော အပိုဆုလာဘ် -EXP ၄,၅၀၀၊ ဂိမ်းဒင်္ဂါး- ၄၅,၀၀၀။

ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ပဟေဠိကတ် *၁။

လျှို့ဝှက်တာဝန် ဆုလာဘ် - ဆင့်ခေါ်ခြင်းအထူးပြု တာဝန်ကွင်းဆက်အား စတင်ခြင်း။

“တွက်ချက်မှု ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ။”

“အင်း… ဒီနောက်ဆုံး အဆုံးသတ်က…”

ဖုန်းပုကြွယ်သည် ဇာတ်လမ်း၏ အဆုံးသတ်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကို စိတ်ထဲ၌ ပြန်လည်ခံစားမိနေဆဲ ဖြစ်သည်။

“အံ့ဩစရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ၊ ကြီးကျယ်ခမ်းနားတဲ့ စွန့်စားခန်း ဇာတ်လမ်းတစ်ပုဒ် အခုမှ စတင်တော့မယ့်အတိုင်းပဲ…”

သူက ခဏရပ်လိုက်ပြီး “ဒါပေမဲ့ ဒီအဓိကဇာတ်ကောင်နှစ်ယောက်က လူကောင်းတွေတော့ မဖြစ်လောက်ဘူး”

ထိုစဉ် ထူးဆန်းသောစနစ်၏ အသိပေးချက်အသံတစ်ခု သူ့နားထဲ၌ ရုတ်တရက် မြည်လာခဲ့သည်။

“သင်သည် ဇာတ်ကောင်တာဝန် အသစ်တစ်ခုကို တိုးမြှင့်ရရှိထားပါသည်”

ဖုန်းပုကြွယ်သည် ဇာတ်လမ်းထဲတွင် ရှိနေစဉ်က သူ၏ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုကို သော့ဖွင့်လိုက်ပြီဖြစ်ကြောင်းနှင့် လော့ဂ်အင်နေရာတွင် တာဝန်အသစ်များ တိုးလာကြောင်း စနစ်၏ ပြောကြားချက်ကို သတိရမိသွားသည်။ ယခုအသိပေးချက်က ထိုအရာကို ဆိုလိုခြင်း ဖြစ်ပေမည်။

ဂိမ်းလမ်းညွှန်ကို သေချာဖတ်ရှုထားပြီး ဖိုရမ်များထဲမှ အချက်အလက်များကိုလည်း မကြာခဏ စုဆောင်းလေ့ရှိသူတစ်ဦးအနေဖြင့် ဖုန်းပုကြွယ်သည် “ဇာတ်ကောင်တာဝန်” အကြောင်းကို သဘာဝကျကျပင် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

ဂိမ်းသက်တမ်း အလယ်အလတ်ကာလတွင် ကစားသမားများသည် အချို့အခြေအနေများအောက်၌ (ဇာတ်လမ်းထဲတွင် ဖြစ်ရန်မလိုဘဲ) “ဇာတ်ကောင်တာဝန်များ” ကို စတင်ခွင့် ရရှိတတ်ကြသည်။ ထိုတာဝန်များကို စွန့်လွှတ်ခြင်း သို့မဟုတ် အခြားသူများနှင့် မျှဝေခြင်း ပြုလုပ်၍မရသလို တာဝန်မှတ်တမ်းထဲတွင်လည်း မြင်တွေ့ရမည် မဟုတ်ချေ။ ယင်း၏ တိုးတက်မှုအခြေအနေကို လော့ဂ်အင်နေရာရှိ ထိတွေ့မျက်နှာပြင်ပေါ်တွင်သာ စစ်ဆေးကြည့်ရှုနိုင်ခြင်းဖြစ်သည်။

ဇာတ်ကောင်တာဝန်များကို သွယ်ဝိုက်သော ဆုလာဘ်ယန္တရားပုံစံတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဤတာဝန်များသည် ကျရှုံးခြင်းမရှိနိုင်သလို အချိန်ကန့်သတ်ချက်လည်း မရှိချေ။ ဥပမာအားဖြင့် ဖုန်းပုကြွယ် ယခုလေးတင် ရရှိခဲ့သည့် တာဝန်ကဲ့သို့ပင် ဖြစ်သည်။

“ဆင့်ခေါ်ခြင်းစကေးများကို အသုံးပြု၍ အောင်မြင်စွာဆင့်ခေါ်ခြင်း အကြိမ် ၅၀ ပြုလုပ်ပါ။ လက်ရှိ တိုးတက်မှုအခြေအနေ - ၀/၅၀။”

“လော့ဂ်အင်နေရာထဲမှာ စကေးတွေကို သုံးလို့မရတာတော့ စိတ်မကောင်းစရာပဲ… မဟုတ်ရင် တစ်ရက်၊ နှစ်ရက်အတွင်းတင် ပြီးအောင် လုပ်လို့ရတယ်”

ဖုန်းပုကြွယ်က တာဝန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သူသည် ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုကို အခုမှသော့ဖွင့်ရုံသာ ရှိသေးပြီး ဆင့်ခေါ်ခြင်းစကေးတစ်ခုပင် မရှိသေးပါဘဲ ဘာလို့ ဒီစကားမျိုးပြောနိုင်ရသနည်းဟု သင်တွေးကောင်း တွေးတောမိပေလိမ့်မည်။

အဖြေကတော့ အမှန်တကယ် ရိုးရှင်းပါသည်…။ကျွမ်းကျင်မှု၏ ဖော်ပြချက်တွင် ဤသို့ ရေးသားထားသောကြောင့် ဖြစ်သည်။ကစားသမားများသည် သော့ဖွင့်ထားသော မည်သည့် ကျွမ်းကျင်မှုကိုမဆို ရွေးချယ်နိုင်ပြီး ထိုထဲမှ တက်ကြွစွမ်းရည်တစ်ခုကို ကျပန်းစနစ်ဖြင့် အသက်သွင်းနိုင်ပါသည်။

၎င်းထဲတွင် ဆင့်ခေါ်ခြင်းကို ရွေးချယ်၍မရပါဟူ၍ ရေးသားမထားချေ…။

ထို့အပြင် ဖုန်းပုကြွယ်၌ အခြားအားသာချက်တစ်ခုလည်း ရှိနေသေးသဖြင့် ၎င်းကို ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုများအကြောင်း အလေးအနက် လေ့လာထားဖူးသူတိုင်း နားလည်ကြပေသည်။ များစွာသောဆင့်ခေါ်ခြင်းများသည် သတ်မှတ်ချက်များ လိုအပ်ခြင်းဖြစ်သည်။ သက်လုံအမှတ် ၊ စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် အသက်အမှတ်တို့အပြင် ဆင့်ခေါ်ခြင်းစကေးအများစုမှာ အဓိပ္ပာယ်မရှိလှသော အခြားအရာအချို့ကိုလည်း လိုအပ်တတ်ကြသေးသည်။

ဥပမာအားဖြင့် ဤအရာကဲ့သို့ပင် ဖြစ်သည်။

အမည် - ဆင့်ခေါ်ခြင်းမန္တန် - သင်္ဘောသား

စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်။ အမြဲတမ်း ကျွင်းကျင်မှု

စကေးအမျိုးအစား - ဆင့်ခေါ်ခြင်း

အကျိုးသက်ရောက်မှု - သင့်အတွက် တိုက်ခိုက်ပေးမည့် သန်မာသော သင်္ဘောသားတစ်ဦးကို ဆင့်ခေါ်နိုင်သည်။ (အသုံးပြုရန်ကြာချိန် မိနစ် ၆၀၊ တည်တံ့ချိန် ၁၀ မိနစ်၊ တစ်ကြိမ်လျှင် အများဆုံး သင်္ဘောသား ၁ ဦးသာ ရှိရမည်)

ကုန်ကျမှု - သက်လုံအမှတ် ၁၀%၊ စိတ်ဝိညာဉ်စွမ်းအား ၂၀%၊ ဟင်းနုနွယ်တစ်ဘူး

သင်ယူရန် လိုအပ်ချက် - ဆင့်ခေါ်ခြင်းကျွမ်းကျင်မှု F

မှတ်ချက် - ၎င်းက မိမိကိုယ်ပိုင်လူ့လောကအမြင် ရှိနေသော ထူးဆန်းသော သဏ္ဌာန်ရှိသည့် သင်္ဘောသားတစ်ဦး ဖြစ်သည်။ သူသည် ခေါင်းမာပြီး ကလေးဆန်တတ်သော်လည်း လွန်စွာ တရားမျှတမှုရှိသူ ဖြစ်သည်။ သူသည် အခြားသူများအတွက် မတ်တတ်ရပ် ရဲရင့်သူဖြစ်ကာ၊ ဒုက္ခရောက်နေသော အမျိုးသမီးတစ်ဦးကို ကယ်တင်ရန်အတွက် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းများကို အသုံးပြုတတ်သူ ဖြစ်သောကြောင့် တိုက်ပွဲတစ်ခုတွင် အားအကိုးရဆုံးသော မိတ်ဖက်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ဤဥပမာတွင် အချက်နှစ်ချက်ကို ထည့်သွင်းပြောကြားရန် လိုအပ်ပေသည်။ ပထမအချက်မှာ “တစ်ချိန်တည်းတွင် တည်ရှိနိုင်သော အများဆုံးဆင့်ခေါ်ခြင်းအရေအတွက်” ဟူသော အယူအဆပင် ဖြစ်သည်။

၎င်း၏ တည်တံ့ချိန်ထက် အသုံးပြုရန်ကြာချိန်က ပိုကြာသောကြောင့် တစ်ကြိမ်လျှင် တစ်ကောင်သာ ရှိနိုင်သည်ဟု ထင်ရသော်လည်း ဤနေရာသည် သည်းထိတ်ရင်ဖိုသုခဘုံဖြစ်ပြီး မရေမတွက်နိုင်သော စကေးများနှင့် အိုင်တမ်များထဲတွင် “ကြာချိန်ကို လျှော့ချပေးနိုင်သော” အရာများလည်း သဘာဝကျကျပင် တည်ရှိနေပေသည်။ ၎င်းတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဆင့်ခေါ်သတ္တဝါအများအပြားကို တစ်ပြိုင်တည်း ခေါ်ယူထားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် စကေးဖော်ပြချက်တွင် တစ်ချိန်တည်း၌ ဆင့်ခေါ်သတ္တဝါ မည်မျှအထိ တည်ရှိနိုင်သည်ကို အတိအကျ သတ်မှတ်ထားခြင်း ဖြစ်သည်။ မှန်ပေသည်… အကယ်၍ ကစားသမားနှစ်ဦးက မတူညီသောနေရာမှနေ၍ တူညီသော ဆင့်ခေါ်သတ္တဝါအမျိုးအစားကို ခေါ်ယူမည်ဆိုပါက နှစ်ကောင်စလုံး တစ်ပြိုင်နက် တည်ရှိနေနိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ “ဟင်းနုနွယ်ဘူး” ဟူသော အိုင်တမ်ပင် ဖြစ်သည်။

၎င်းက ကစားသမားများကိုယ်တိုင် ထုတ်လုပ်နိုင်သော အရာမဟုတ်ချေ။ အကယ်၍ သူတို့က ၎င်းကို မဝယ်ယူ သို့မဟုတ် မရှာဖွေနိုင်ခဲ့ပါက ဤစကေးကို ဘယ်သောအခါမှ အသက်သွင်းနိုင်မည် မဟုတ်ပါချေ…။

စနစ်ဈေးဆိုင်ထဲတွင် ဟင်းနုနွယ်ဘူးများကို ရောင်းချပေးထားသောကြောင့် သင်္ဘောသားဆင့်ခေါ်ခြင်း စကေးက ကံကောင်းသည်ဟု ဆိုနိုင်လေသည်။ သို့သော်လည်း အခြားဆင့်ခေါ်ခြင်းစကေး အများအပြားမှာမူ မည်သည့်နေရာတွင်မျှ ဝယ်မရဘဲ ကစားသမားကိုယ်တိုင် မဖြစ်မနေရှာဖွေရမည့် အိုင်တမ်များကို လိုအပ်တတ်ကြသည်။

သံချေးတက်နေသော သံချောင်းများ၊ ရေသန့်ဗူးခွံများ၊ အပေါက်ပါသော ခြေအိတ်များ၊ နာရီလက်တံများ၊ အသုံးပြုပြီးသား တစ်ရှူးများ၊ မှိုတက်နေသော ပေါင်မုန့်များ… စသဖြင့် အမျိုးမျိုးသော အရာဝတ္ထုမျိုးစုံ၊ ဇွန်းခက်ရင်းများနှင့် ပန်းကန်လုံးများပင် ဖြစ်နိုင်ခြေ ရှိသည်။

ဤသတ်မှတ်ချက်သည် အလွန်စိတ်ပျက်စရာကောင်းလှသဖြင့် ကစားသမားအများအပြား၏ ပြစ်တင်ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ပြစ်တင်ဝေဖန်မှုများ ရှိနေသည့်ကြားကပင် အများစုမှာ ဤလုပ်ငန်းစဉ်ကို သဘောကျနှစ်ခြိုက်နေကြပြီး နာကျင်မှုနှင့် ပျော်ရွှင်မှုများ ရောပြွမ်းလျက် ဤတစ်ခါသုံးပစ္စည်းများကို လိုက်လံစုဆောင်းနေကြဆဲ ဖြစ်သည်။

၎င်းက အချက်တစ်ချက်ကိုသာ ပြသနေလေသည်…။ ဤသတ်မှတ်ချက်က ယုတ်မာလှသော်လည်း တကယ့်ကို စိတ်ဝင်စားစရာ ကောင်းသည်ဟူ၍ ဖြစ်သည်။

မှန်ပေသည်… ဆင့်ခေါ်သတ္တဝါအများစုမှာ သီးခြားအိုင်တမ်များကို လိုအပ်လေ့မရှိဘဲ ကစားသမား၏ အခြေခံဂုဏ်သတ္တိသုံးခုကို ကုန်ကျရန်သာ လိုအပ်တတ်ကြသည်။

ဖုန်းပုကြွယ်၏ ‘ဒါကိုခံစားလိုက်စမ်း’ စကေးကို အသုံးပြု၍ ဆင့်ခေါ်မည့်အရာများသည်လည်း သံသယဖြစ်ဖွယ်မရှိဘဲ ဤအမျိုးအစားထဲသို့ ကျရောက်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် သီးခြားအသုံးပြုရမည့် တစ်ခါသုံးပစ္စည်းများ မရှိသလို ‘ဒါကိုခံစားလိုက်စမ်း’ ကလည်း သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်သော ကျွမ်းကျင်မှုများကို ထုတ်လွှတ်ပေးနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

အကယ်၍… သူက “ထူးကဲအဆင့် ပစ္စည်းကိရိယာတစ်ခု ကုန်ကျမည့်”၊ “အလတ်စား အသက်အမှတ်ပြန်လည်ဖြည့်တင်းဆေး ဆေးရည်တစ်ပုလင်း ကုန်ကျရမည့်” သို့မဟုတ် “ဂိမ်းဒင်္ဂါး ပေးရမည့်” သို့မဟုတ် “စကေးအမှတ် ကုန်ကျမည့်” ဆင့်ခေါ်ခြင်းစကေးတစ်ခုခုကို ကျပန်း အသက်သွင်းမိသွားခဲ့မည်ဆိုလျှင်တော့…

သူက တကယ့်ကို ကံဆိုးသူ ဖြစ်ပေလိမ့်မည်။

“ငါ ပဟေဠိအပိုင်းအစခြောက်ခုကို စနစ်တကျပူဇော်ပြီးမှ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုကို သော့ဖွင့်နိုင်ခဲ့တာ၊ ပြီးတော့ တာဝန်ကွင်းဆက်တစ်ခုကိုလည်း သော့ဖွင့်နိုင်ခဲ့သေးတယ်၊ ငါအများကြီး လေ့ကျင့်ဖို့ လိုတယ်… အခုကစပြီး ငါ ဇာတ်လမ်းတစ်ခုထဲကို ဝင်တိုင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေသရွေ့ ဘယ်လိုဆင့်ခေါ်ခြင်းစကေးကိုမဆို သုံးမှရမယ်”

ဖုန်းပုကြွယ်က သိုလှောင်ခန်းတံခါးကို ဖွင့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

“ငါ ဘာကို ဆင့်ခေါ်မိမလဲ မသိရသေးပေမယ့်… ဂိမ်းလမ်းညွှန်မှာတော့ ဆင့်ခေါ်ထားတဲ့သတ္တဝါကို အချိန်မရွေး ပြန်မောင်းထုတ်နိုင်တယ်လို့ ရေးထားတာမို့ ပြဿနာမရှိလောက်ပါဘူး”

သူသည် ပထမဆုံး ဖန်တိုင်ထံသို့ သွားရောက်ကာ ၄၀% ထပ်ဆောင်း အတွေ့အကြုံကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ရာ တစ်ပြိုင်နက် အတွေ့အကြုံ ၁၀၈,၀၀၀ ကို ရရှိသွားခဲ့သည်။

“သင်သည် အဆင့် ၂၈ သို့ ရောက်ရှိသွားပါပြီ။ သင်၏ သက်လုံအမှတ် အမြင့်ဆုံးကန့်သတ်ချက် တိုးမြင့်သွားပါပြီ။ လက်ရှိ ၂၈၀၀/၂၈၀၀ ဖြစ်ပါသည်”

စနစ်၏ အသိပေးချက်အသံ ထွက်ပေါ်လာလေသည်။

“ဒီ ၄၀% EXPက တကယ့်ကို စိတ်ကျေနပ်စရာပဲ”

သူ မှတ်ချက်ပေးလိုက်ပြီးနောက် ဒုတိယဖန်တိုင်ထံသို့ လျှောက်သွားလိုက်သည်။

ယခုတစ်ကြိမ်တွင် ဖုန်းပုကြွယ် ရခဲ့သည့် ပဟေဠိကတ်အပိုင်းအစမှာ သားရေဂျာကင် ဖြစ်သည်။ ပုံမှန်အတိုင်းပင် သူသည် သူ့သိုလှောင်ခန်းထဲမှ အခြား ကတ်အပိုင်းအစသုံးခုကို ထုတ်ယူ၍ မီနူးထဲမှ “ပေါင်းစပ်ခြင်း” ရွေးချယ်မှုကို နှိပ်လိုက်သော်လည်း သင့်လျော်သောအတွဲအစပ်တစ်ခုကို အခုထိ ရှာမတွေ့သေးချေ။

သူသည် ပဟေဠိကတ်များအားလုံးကို သိုလှောင်ခန်းထဲ ပြန်ထည့်လိုက်ပြီး ဓာတ်လှေကားထံသို့ ပြန်ရောက်လာခဲ့သည်။

“အင်း… ဒီနေ့ည ငါညစာကို စောစောစားမိတာမို့ အပြင်ကမ္ဘာရဲ့ အချိန်အရ ပြောရရင် ခုနစ်နာရီကျော်ရုံပဲ ရှိသေးတယ်၊ အိပ်စက်ခြင်းမုဒ်ကို ပြောင်းဖို့ကလည်း အရမ်း စောလွန်းသေးတယ်၊ နာရီနည်းနည်းလောက် လိုနေသေးတာပဲ…”

သူ့အကြည့်များသည် မတူညီသောမုဒ်များကြားတွင် ခဏမျှ ဝေ့ဝဲနေလေသည်၊

“ဒီလိုဆိုရင်ကော… ငါ သတ်ဖြတ်ခြင်းဂိမ်းမှာ ‘ Free-for-all Mode’ ကို စမ်းကြည့်ရင် ကောင်းမလား”

All Chapters