← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) ဝတ်ရုံလုပွဲ

ယခင်ဇာတ်လမ်းတွင် မည်သည့်တစ်ခါသုံးပစ္စည်းကိုမှ အသုံးမပြုခဲ့ရသဖြင့် ဖုန်းပုကြွယ်သည် ပစ္စည်းဖြည့်တင်းရန်အတွက် ဈေးဆိုင်သို့ သွားရန် စိတ်မကူးတော့ဘဲ တန်းတန်းမတ်မတ်ပင် တန်းစီစောင့်ဆိုင်းခြင်းထဲသို့ ဝင်ရောက်လိုက်တော့သည်။

“ဖုန်းပုကြွယ်၊ အဆင့် ၂၈”

“ကျေးဇူးပြုပြီး သင်ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ”

“သင်သည် သတ်ဖြတ်ခြင်းပွဲစဉ် (Free for all) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပေးပါ။”

“အတည်ပြုပြီးပါပြီ၊ အဖွဲ့ဝင်အရေအတွက် ခြောက်ဦးအဖြစ် ကျပန်းသတ်မှတ်လိုက်ပါပြီ”

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် ဖုန်းပုကြွယ်သည် သူဂိမ်းထဲသို့ စတင်ဝင်ရောက်ကတည်းက တစ်ခါမှ မကြုံဖူးသေးသည့် အရှည်ကြာဆုံး စောင့်ဆိုင်းချိန်တစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။ သူသည် သုံးမိနစ်ကျော်ခန့် စောင့်ဆိုင်းနေသော်လည်း နောက်ထပ်ကြေညာချက်က ထွက်ပေါ်မလာသေးချေ။

“မဖြစ်နိုင်တာ…”

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်မိသည်။

“ဒါက အုပ်စုခွဲမထားတဲ့ 1 vs All ပွဲပဲလေ၊ အဆင့်တူလူခြောက်ယောက်ကို ဆွဲခေါ်လိုက်ရုံပဲကို ဘာလို့ ဒီလောက်အချိန်အကြာကြီး စောင့်နေရတာလဲ…”

သူ မျှော်လင့်မထားသည်က… ယင်းက အစပျိုးရုံသာ ရှိသေးသည် ဟူ၍။

ဆက်လက်၍ ၂၅ မိနစ်ခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင်ပင် ဖုန်းပုကြွယ်သည် ဇာတ်လမ်းထဲသို့ မဝင်နိုင်ချေ။ ထို့ပြင် သူသည် တန်းစီခြင်းကို ဖြတ်တောက်ခြင်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များကို ပြုလုပ်၍လည်း မရနိုင်ပေ…။

“ဘာတွေဖြစ်နေတာလဲ… ဆာဗာများ ဂျမ်းဖြစ်နေတာလား…”

သူအော့ဖ်လိုင်းဖြစ်အောင် အတင်းအကျပ် ပြုလုပ်တော့မည့် အချိန်၌

“ကိုက်ညီမှု ပြီးမြောက်ပါပြီ၊ အာရုံကြောစနစ် ချိတ်ဆက်မှုများကို ချိန်ညှိနေပါသည်၊ ဇာတ်လမ်း ဖန်တီးနေပါသည်…” ဟူသော အသိပေးချက်က အချိန်ကိုက် ထွက်ပေါ်လာလေသည်။

“ဂိမ်းကို ဒေါင်းလုဒ်ဆွဲနေပါသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ”

“ဟီးဟီး… မင်းရဲ့ ရန်သူတွေကို တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်လိုက်စမ်း၊ သူတို့ကို တကယ့် ခြောက်ခြားမှုအစစ်ကို မြည်းစမ်းခွင့် ပေးလိုက်စမ်းပါ…”

ဖုန်းပုကြွယ်သည် ထိုအသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် အံ့အားသင့်သွားရသည်။

“ငါ ဒီစကားတွေကို အကြိမ်အနည်းငယ်တော့ ကြားဖူးပါတယ်… ဒါပေမဲ့ ဒီရင်းနှီးနေတဲ့အသံနဲ့ ဆိုးယုတ်တဲ့ရယ်သံကြီးက ဘာကြီးလဲ…”

“ဒေါင်းလုဒ်ဆွဲခြင်း ပြီးမြောက်ပါပြီ။ သင်သည် လက်ရှိတွင် သတ်ဖြတ်ခြင်းပွဲစဉ်ကို ဆင်နွှဲနေခြင်း ဖြစ်ပါသည်။”

“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပံ့ပိုးပေးထားပြီး ဘေးထွက်တာဝန်/လျှို့ဝှက်တာဝန်များနှင့် အထူးကမ္ဘာ့အမြင်များ ပါဝင်ရန် အခွင့်အလမ်း ရှိပါသည်။”

“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - အသုံးပြုနိုင်သော ပြည့်စုံအဆင့်အရည်အသွေးရှိ ပစ္စည်းကိရိယာ တစ်ခုကို ကျပန်းမဲနှိုက်ရရှိပါမည်။”

“ဇာတ်လမ်းမိတ်ဆက်ကို စတင်ပြသတော့မည် ဖြစ်ပါသည်။ ၎င်းပြီးဆုံးသည်နှင့် ဂိမ်းကို ချက်ချင်း စတင်ပါမည်။”

ဖုန်းပုကြွယ်သည် ထိုအောင်မြင်မှုဆုလာဘ်ကို မြင်တွေ့လိုက်ရသည့် ခဏ၌ ထိတ်လန့်သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒီလိုမျိုးလည်း ဖြစ်နိုင်တာပဲလား… နိုင်တာနဲ့ ပြည့်စုံအဆင့် အရည်အသွေးရှိတဲ့ ပစ္စည်းကိရိယာတစ်ခု ရဖို့ သေချာတဲ့အပြင် အဲဒါက “အသုံးပြုနိုင်တာ” တောင် ဖြစ်ဦးမယ်တဲ့လား… ဒါက တကယ့်ကို ရူးသွပ်စရာပဲ’

အံ့ဩစရာကောင်းသည့် အရာများမှာ စတင်ရုံသာ ရှိသေးသည်…။

ယခုတစ်ကြိမ်တွင်မူ သူသည် မိတ်ဆက်ဗီဒီယိုများကို ကြည့်ရှုရသည့် တုံ့ပြန်မှုမရှိသော ပြကွက်မုဒ်ထဲသို့ပင် ဝင်ရောက်ခြင်း မရှိခဲ့ချေ။ ဇာတ်လမ်းအကျဉ်း စာတန်းများမှာ ထိတွေ့မျက်နှာပြင်ပေါ်၌ တိုက်ရိုက် ထွက်ပေါ်လာတော့သည်။

ထို့ပြင် သူရှိနေသည့် ဓာတ်လှေကားကလည်း စတင်လှုပ်ရှားလာပြီး မြန်နှုန်းမြင့်ဖြင့် အပေါ်သို့ တက်လှမ်းနေလေ၏။

[ဂေါ့သမ်မြို့၊ ၂၀၀၉ ခုနှစ်။

ဒါ့ခ်ဆိုက် (ဒါ့ခ်ဆိုက်၊ အမှောင်ထု၏ အရှင်သခင်၊ စွမ်းအားအကြီးဆုံး နတ်ဘုရားအသစ်နှင့် အပိုကလစ်ပ်၏ အုပ်ချုပ်သူအဖြစ် လူသိများသူ) နှင့် တိုက်ပွဲအတွင်း ဘရုစ်ဝိန်း သေဆုံးသွားခဲ့ပြီးနောက် ဂေါ့သမ်မြို့သည် ပရမ်းပတာ အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ ဂိုဏ်းစတားပေါင်းစုံက အတားအဆီးမဲ့ လှုပ်ရှားလာကြပြီး တူးဖေ့စ်နှင့် ပင်ဂွင်းကဲ့သို့သော စူပါဗီလိန်များသည် မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် အချင်းချင်း ပဋိပက္ခဖြစ်ပွားလျက် ရှိနေကြသည်။ နိုက်ဝင်း (ဒစ်ခ်ဂရေဆန်၊ မူလရော်ဘင်) နှင့် ဘတ်ဂဲလ်တို့သည် အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် သူတို့ ယုံကြည်ရသော မဟာမိတ်များနှင့်အတူ ‘ဂေါ့ဒ်နက်’ အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော်လည်း ဤအကျပ်အတည်းက သူတို့ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုရှည်ကြာနေခဲ့သည်။

မြို့တော်ကြီးမှာ ဆိုးယုတ်သော သံသရာတစ်ခုထဲသို့ ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ ဘက်မန်း မရှိတော့သည့်နောက်တွင်မူ ဂိုဏ်းစတားများသည် ၎င်းကို ဂေါ့သမ်၏ မြေအောက်လောကကို ပြန်လည်ပုံဖော်ရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ဝါရင့်ရာဇဝတ်ကောင်များမှစ၍ ပိုရည်မှန်းချက်ကြီးမားသော လူငယ်လူသစ်များအထိ လူတိုင်းက ရာဇဝတ်မှုကျူးလွန်ခြင်း ရူးသွပ်မှုထဲသို့ ပါဝင်လာကြသည်။

ဂေါ့သမ်ရဲတပ်ဖွဲ့မှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီး ရဲအရာရှိများသည် မိသားစုများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည့်ကြားမှပင် အန္တရာယ်ရှိသော ကင်းလှည့်မှုများကို အချိန်ရှည်ကြာစွာ သည်းခံနေကြရသည်။ လူအများအပြားသည်… သူတို့တွင် ရာထူးမှ နှုတ်ထွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း တွေ့ရှိလာခဲ့ကြရသည်…။]

[ဆူပူအုံကြွမှုများနှင့် လုယက်မှုများမှာ နေရာအနှံ့အပြားတွင် ရှိနေခဲ့သည်… မြို့တော်ဝန်က ဂေါ့သမ်မြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားခဲ့ပြီ ဖြစ်သည်။]

[ဂေါ့သမ်မြို့သူမြို့သားများသည် လမ်းမများပေါ်တွင် စနစ်တကျ ပြန်ရှိလာအောင် ဆောင်ရွက်ပေးနိုင်မည့် ကယ်တင်ရှင်တစ်ဦး၊ တစ်စုံတစ်ယောက်ကို မျှော်လင့်နေကြသည်။]

[သူတို့ မျှော်လင့်နေကြသည်မှာ… ဘက်မန်း ဖြစ်သည်။]

[မြို့တော်၏ စူပါဟီးရိုးများ ရာဇဝတ်မှုများကို တိုက်ဖျက်နေကြစဉ်မှာပင် ဘက်မန်း၏ အရိုက်အရာကို မည်သူက ဆက်ခံမည်နည်းဟူသောအချက်ကို ဆုံးဖြတ်ရန်အတွက် ဆက်တိုက်ဆိုသလို အားပြိုင်မှုများ ဖြစ်ပွားနေကြသည်။]

ဇာတ်လမ်းအကျဉ်းစာတန်းများနှင့် အသံဖိုင်များမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့ပြီး ဓာတ်လှေကားမှာလည်း ရပ်တန့်သွားခဲ့သည်။

ဖုန်းပုကြွယ်သည် သတ်ဖြတ်ခြင်းမုဒ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် အချို့ကို အမှတ်ရလိုက်မိသည်။ အထူးသဖြင့် အရေးအကြီးဆုံးအချက်မှာ သတ်ဖြတ်ခြင်းပွဲစဉ်သည် ကစားသမားအချင်းချင်း တိုက်ခိုက်ခြင်းကို ဗဟိုပြုထားခြင်းဖြစ်သည်။ ဤမုဒ်သည် ဇာတ်ကွက်ကိုယ်တိုင်၏ ခြောက်ခြားမှုအစိတ်အပိုင်းများကို လျှော့ချပေးမည် ဖြစ်သည်။ မည်သည့်ကမ္ဘာ့အမြင် သို့မဟုတ် မည်သည့်တာဝန်မဆို ထွက်ပေါ်လာနိုင်ပြီး မြေပုံအကျယ်အဝန်းနှင့် တည်ဆောက်ပုံစနစ်ကို ကစားသမားအရေအတွက်နှင့် သူတို့၏ စွမ်းရည်များအပေါ် အခြေခံ၍ ဖန်တီးပေးမည် ဖြစ်သည်။

ထို့ကြောင့် ဖုန်းပုကြွယ်က ကောင်းစွာ နားလည်ထားသည်။ ဤကဲ့သို့သော ကမ္ဘာ့အမြင်မျိုး ထွက်ပေါ်လာခြင်းက အတော်လေး သာမန်ဖြစ်ပေသည်…။

“အဓိကတာဝန် စတင်ပါပြီ”

“ဇာတ်လမ်းအတွင်း တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူ ကစားသမား ဖြစ်လာပါစေ”

ထိုအသိပေးချက် ထွက်ပေါ်လာပြီးနောက် ဓာတ်လှေကားတံခါးများ ပွင့်သွားပြီး ဂိမ်းစတင်ခြင်းကို တရားဝင် ကြေညာလိုက်တော့သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဖုန်းပုကြွယ်သည် စက်သေနတ်ပစ်ခတ်သံကို ကြားလိုက်ရသည်။ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ခေါင်းကိုကာကွယ်လျက် ဘေးသို့ လျင်မြန်စွာ လိမ့်ထွက်လိုက်ခြင်း ဖြစ်သည်။

“မဖြစ်နိုင်တာ၊ ငါ မြေပုံထဲ ရောက်ရုံပဲရှိသေးတယ် ချောင်းတိုက်ခံလိုက်ရတာလား…”

ဖုန်းပုကြွယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒါက အဓိပ္ပာယ်မရှိတာပဲ”

သူ အတွေးလွန်သွားသည်မှာ ထင်ရှား၏…။ ဤမုဒ်တွင် ကစားသမားခြောက်ဦးကို မြေပုံ၏ မတူညီသော နေရာများသို့ သဘာဝအတိုင်း ခွဲဝေပေးထားခြင်းဖြစ်ပြီး လော့ဂ်အင်နေရာ၏ ဓာတ်လှေကားတံခါးများမှာ တစ်စက္ကန့်တည်းတွင် အတူတူ ပွင့်လာခဲ့ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ် ကြားလိုက်ရသည့် သေနတ်သံမှာ ဇာတ်လမ်းအရ မျက်နှာဖုံးစွပ်ဓားပြတစ်ဦးက မျက်နှာကြက်သို့ သေနတ်ဖောက်လိုက်ခြင်းသာ ဖြစ်သည်။

ဖုန်းပုကြွယ်၏ ဓာတ်လှေကားတံခါးအပြင်ဘက်တွင် ဘဏ်တစ်ခု၏ ဧည့်ခန်းမကြီး ရှိနေခြင်းဖြစ်ပြီး သူ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် လုယက်မှုတစ်ခု ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

“အားလုံး ဝပ်နေကြစမ်း”

ဓားပြတစ်ဦးက အော်ဟစ်လိုက်သည်။

သူ အော်ဟစ်၍ပင် မဆုံးသေးမီ ဖုန်းပုကြွယ်က ကြမ်းပြင်ပေါ်သို့ မှောက်လျက်သား လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။

“တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…”

ဖုန်းပုကြွယ်သည် သူ မြင်တွေ့လိုက်ရသည့် အချက်အလက်များကို ဗီဇအရ စုဆောင်းလျက် တွက်ချက်မှုများစွာကို ပြုလုပ်လိုက်သည်။

“နှစ်ယောက်က ပင်ပန်းတဲ့ ကာယလုပ်သားတွေနဲ့ တူတယ်၊ တစ်ယောက်ရဲ့ ဘယ်ဘက်လက်မှာ သင်္ဘောသားတက်တူး ရှိတယ်၊ ဒါပေမဲ့ သူတို့ သေနတ်ကိုင်ပုံနဲ့ လမ်းလျှောက်ပုံတွေက ပရော်ဖက်ရှင်နယ် လေ့ကျင့်မှု ရထားတဲ့ပုံစံမျိုး မဟုတ်ဘူး၊ ဒါကြောင့် စစ်တပ်နောက်ခံရှိတဲ့သူတွေ မဟုတ်တာ သေချာတယ်…”

ထို့နောက် သူ့အကြည့်များက ဘဏ်ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။

“လမ်းတစ်ဖက်က ကားထဲမှာ သူတို့ရဲ့ ဒရိုင်ဘာဖြစ်တဲ့ နောက်ထပ်ဓားပြတစ်ယောက် ရှိနေဦးမှာပဲ…”

“မလှုပ်နဲ့၊ ငါမင်းတို့ကို မလှုပ်နဲ့လို့ ပြောနေတာ မကြားဘူးလား၊ ဒီခွေးသားကတော့၊ မင်းလက်တွေကို ငါ့ကို ပြစမ်း”

ဓားပြများသည် အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး အောင်မြင်သွားကြသည်။

ဖုန်းပုကြွယ်သည် ကောင်တာနှင့် အတော်လေးဝေးသော နေရာတွင် ရှိနေပြီး သူ့ဘေး၌ တိုင်လုံးကြီးတစ်လုံး ရှိနေလေသည်။ သူ ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေပြီး ကြီးမားသည့် လှုပ်ရှားမှုမျိုး မလုပ်သရွေ့ ဓားပြများက သူ့ကို သတိထားမိမည် မဟုတ်ချေ။

“ဂျာကင်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ စနီကာဖိနပ်၊ သားရေဖိနပ်… အားလုံးက ပုံမှန်အဝတ်အစားတွေပဲ၊ ပြီးတော့ သူတို့ဝတ်ထားတဲ့ စကီးမျက်နှာဖုံးတွေကလည်း ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့အရာတွေပဲ”

ဖုန်းပုကြွယ်သည် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေဆဲဖြစ်ပြီး ထိုလူမိုက်အုပ်စုအပေါ် အကဲခတ်တွက်ချက်မှုများက သူ့စိတ်ထဲတွင် လျင်မြန်စွာ ဖြစ်ပေါ်နေလေသည်။

“တံခါးစောင့်နေတဲ့ နှစ်ယောက်နဲ့ ပိုက်ဆံတွေ ထည့်နေတဲ့ တစ်ယောက်က ပစ္စတိုတစ်လက်စီ ကိုင်ထားတယ်၊ လက်မောင်းမှာ တက်တူးနဲ့ လူကတော့ ခေါင်းဆောင် ဖြစ်ရမယ်၊ သူ့မှာ ပစ္စတိုအပြင် စက်သေနတ်အသေးတစ်လက်လည်း ရှိသေးတယ်…”

သူ အေးစက်စွာ နှာခေါင်းရှုံ့ရင်း တွေးလိုက်မိသည်။

“အခု ငါရထားတဲ့ အချက်အလက်တွေအရ ဒီသုံးယောက်ထဲက တစ်ယောက်မှ ပရော်ဖက်ရှင်နယ် ရာဇဝတ်ကောင်တွေ မဟုတ်ဘူး၊ အလွန်ဆုံးရှိလှ လက်နက်ကိုင်ထားတဲ့ သာမန်အရပ်သားတွေပဲ၊ လမ်းတစ်ဖက်က ကားထဲက ဒရိုင်ဘာကတော့ သူတို့ထက်တောင် ပိုအသုံးမကျတဲ့သူ ဖြစ်နေလိမ့်မယ်…”

“ဟေး၊ မင်း ဘာလုပ်နေတာလဲ”

စက်သေနတ်ကိုင်ထားသည့် ခေါင်းဆောင်က ပိုက်ဆံများ သွတ်ထည့်နေသည့် သူ့အပေါင်းအပါကို ရုတ်တရက်အော်ဟစ်လိုက်သည်။

“မင်းက ငါ့ကို ကန်းနေတယ်လို့ ထင်နေတာလား၊ မင်းအင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံတွေကို ပြန်ထုတ်စမ်း၊ မိုက်မဲတဲ့အလုပ်တွေ လာမလုပ်နဲ့၊ နားလည်လား၊ အရူးကောင်”

“အင်း… ဒါက မိသားစုဂိုဏ်းမျိုး မဟုတ်တာတော့ သေချာတယ်…”

ဤပြကွက်ကို မြင်တွေ့ပြီးနောက်တွင်မူ ဖုန်းပုကြွယ်သည် ထိုအုပ်စုအပေါ် အကဲခတ်မှုကို အခြေခံအားဖြင့် ပြီးမြောက်သွားပြီ ဖြစ်သည်။

“ဟမ့်… သူခိုးစုတ် သုံးယောက်ပဲ၊ သူတို့က ကြိုပြီး စနစ်တကျ အစီအစဉ်ဆွဲထားတာမျိုး မရှိဘူး၊ တံခါးနားက လူက ပတ်ပတ်လည်ကို မျက်စိပျက်မျက်နှာပျက်နဲ့ ကြည့်နေတာကို ကြည့်ရရင် ရဲကားက ဘယ်ဘက်ကနေ လာမယ်ဆိုတာ သူ လုံးဝမသိဘူး၊ ပြီးတော့ ပိုက်ဆံထည့်နေတဲ့ကောင်ကလည်း ဘယ်လောက်အထိ ထည့်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။

ခေါင်းဆောင်ဖြစ်တဲ့ကောင်ကတော့ စီစီတီဗွီကင်မရာတွေ ဘယ်မှာရှိလဲဆိုတာ မသိသလို အချက်ပေးခလုတ်ကြောင့် ရဲတွေ ရောက်လာဖို့ ဘယ်လောက်ကြာမလဲဆိုတာလည်း မသိဘူး၊ အကယ်၍ လမ်းတစ်ဖက်က ကားမောင်းတဲ့သူက ဥဩသံကိုကြားလို့ ထွက်ပြေးမယ်ဆိုရင် သူတို့မှာ နောက်ထပ်လွတ်မြောက်ဖို့ အရန်အစီအစဉ်မျိုး ရှိနေမှာ မဟုတ်ဘူး”

ဖုန်းပုကြွယ်သည် ထိုလူများကို ဆက်မကြည့်တော့ချေ။သူသည် လက်နှစ်ဖက်ကို ခေါင်းပေါ်တင်လျက် မျက်နှာကို လက်မောင်းများကြားထဲ၌ မြှုပ်နှံကာ လိမ္မာပါးနပ်စွာဖြင့် လဲလျောင်းနေလိုက်တော့သည်။

“ငါတော့… အေးအေးဆေးဆေးနေတာပဲ ပိုကောင်းပါတယ်၊ ဒီလို အပျော်တမ်း ရာဇဝတ်ကောင်တွေက ပိုပြီးတော့ ခန့်မှန်းရခက်တတ်တယ်၊ တကယ်လို့ ငါကသာ ပြန်ခုခံလိုက်ရင် သူတို့ ဘာတွေလုပ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ၊ ဒီသုံးယောက်က ကြောက်လန့်ပြီး စိတ်လွတ်သွားရင် အခြေအနေက ပိုပြီးတော့ အထိန်းအကွပ်မဲ့ကုန်လိမ့်မယ်”

သို့သော်လည်း ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ ဖုန်းပုကြွယ်သည် ခေါင်းကို ပြန်မော့လိုက်မိသည်။

“ငါသူတို့ကို… ဆုတ်ဖို့ အချိန်တန်ပြီလို့ သတိပေးသင့်လား…”

သူ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

“ငါမင်းတို့ကို အထင်သေးလို့ မဟုတ်ပါဘူး… မင်းတို့ သုံးယောက်က ရဲတွေ ဘယ်အချိန်ရောက်လာမလဲဆိုတာ မခန့်မှန်းထားတဲ့အပြင် လောဘတကြီးနဲ့ ပိုက်ဆံတွေပဲ သယ်နေကြတယ်၊ ဒါက သေချာပေါက် အချိန်အကြာကြီး ဆွဲသွားလိမ့်မယ်၊ ရဲကားတွေ ရောက်လာပြီး ဥဩသံတွေကို ကြားရရင် သူတို့ ထိတ်လန့်သွားကြမယ်၊ ပြီးတော့ ဆုတ်ခွာဖို့ ကျရှုံးသွားပြီး ဓားစာခံ ဖမ်းတဲ့ အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်…”

“သေစမ်း၊ ရဲတွေ ရောက်လာပြီ၊ သွားစို့”

သေချာသည်မှာ ထိုအခိုက်အတန့်၌ တံခါးဝတွင် ရပ်နေသည့် ဓားပြသည် ရဲကားဥဩသံများကို ကြားလိုက်ရသဖြင့် အော်ဟစ်လိုက်တော့သည်။

ပိုက်ဆံသယ်လာသည့် ဓားပြသည် ငွေများ အပြည့်အသိပ် ထည့်ထားသည့် ကျောပိုးအိတ်နှစ်လုံး၏ ဇစ်ကို လျင်မြန်စွာ ပိတ်လိုက်ပြီး ခေါင်းဆောင်ဖြစ်သူက တစ်လုံးကို လှမ်းယူလိုက်သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးလုံး ကျောပိုးအိတ်တစ်လုံးစီကိုဆွဲလျက် တံခါးဝဆီသို့ အပြေးအလွှား ဦးတည်သွားလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ကျောပိုးအိတ်နှစ်လုံးလုံးမှာ လုံးဝ ပြည့်နှက်နေပြီ ဖြစ်သည်။ သို့သော်လည်း ဤလုပ်ဆောင်ချက် ဖြစ်စဉ်ကြောင့်ပင် ဓားပြများသည် သူတို့ လွတ်မြောက်ရန်အတွက် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်…။

“ဟေး ဟေး ချီးပဲ”

တံခါးဝက ဓားပြသည် လမ်းတစ်ဖက်ဆီသို့ နှစ်ချက်ခန့် အော်ဟစ်လိုက်ပြီးနောက် လှည့်ပြန်လာကာ သူ့အပေါင်းအပါ နှစ်ယောက်ကို ဆုံတွေ့လိုက်သည်။ သူက လမ်းမဆီသို့ လက်ညှိုးထိုးရင်း ပြောလိုက်သည်။

“အဲဒီကောင်စုတ်က ထွက်ပြေးသွားပြီ”

“ငါယိုးပဲ”

ကျန်ဓားပြနှစ်ယောက်လည်း ကျိန်ဆဲလိုက်ကြသည်။

တကယ်တမ်းတွင် သူတို့အပေါင်းအပါက ထွက်မပြေးခဲ့လျှင်ပင် ထိုသုံးယောက်မှာ လမ်းကို ဖြတ်ကူးရန်အတွက် အချိန်လုံလောက်စွာ ရှိလိမ့်မည် မဟုတ်ချေ…။

ဘဏ်ရှေ့ရှိ လမ်းမကြီးသည် ရဲကားများဖြင့် လျင်မြန်စွာပြည့်နှက်သွားခဲ့ပြီး ရဲအရာရှိတစ်စုက ကားတံခါးများကို ဖွင့်လျက် ဝိုင်းအုံထွက်ပေါ်လာကာ သေနတ်များကို ဘဏ်ဝင်ပေါက်ဆီသို့ အချိန်ကိုက် ချိန်ရွယ်လိုက်ကြတော့သည်။

အော်လံကိုင်ထားသည့် ရဲအရာရှိတစ်ဦးက ဘဏ်အတွင်းသို့ ရိုးအီနေသည့် စကားလုံးများကို အော်ဟစ်လိုက်လေသည်။

“အထဲလူတွေ နားထောင်ကြပါ၊ ဒါက ဂေါ့သမ်ရဲတပ်ဖွဲ့ပဲ၊ မင်းတို့ကို ဝိုင်းထားလိုက်ပြီ၊ လက်နက်တွေချပြီး အညံ့ခံကြစမ်း”

“နောက်ဆုတ်စမ်း၊ ဒီကောင်စုတ်တွေ၊ ငါတို့မှာ ဓားစာခံတွေ ရှိတယ်ကွ”

သေနတ်ကိုင်ထားသည့် ခေါင်းဆောင်သည် တံခါးဘေးရှိ နံရံနောက်တွင် ပုန်းအောင်းလျက် အပြင်ဘက်သို့ လှမ်းအော်လိုက်ပြီးနောက် သူ့အပေါင်းအပါကို အသံနှိမ့်၍ ပြောလိုက်သည်။

“မင်းက ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ၊ နောက်ထပ် ထွက်ပေါက်ရှိမရှိ သွားကြည့်စမ်း”

ထိုလူသုံးယောက်၏ အပြုအမူများနှင့် ဖြစ်ပျက်နေသည့် အခြေအနေများကို စောင့်ကြည့်ရင်း ဖုန်းပုကြွယ်သည် အကူညီမဲ့စွာ သက်ပြင်းချလိုက်မိပြီး ခေါင်းကို ပြန်ငုံ့လိုက်တော့သည်။

“ဟူး… အရူးတစ်သိုက်ပဲ…”

All Chapters