← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) ဝတ်ရုံလုပွဲ - ၂

“အခြေအနေက ဒီအဆင့်အထိ ရောက်နေပြီဆိုတော့ ငါတောင် လွတ်အောင်ရုန်းဖို့ ခက်လိမ့်မယ်”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည် ။

“ငါ့ရဲ့ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို သုံးပြီး အတင်းတိုးထွက်မယ်ဆိုရင်တောင် ဒီလူသုံးယောက်က ငါ့ကို မထိနိုင်ဘူးဆိုရင်တောင်... အပြင်က ရဲတွေက ငါ့ကို ဆကာပေါက်ဖြစ်အောင် ပစ်ကြလိမ့်မယ်”

တံခါးဝက ဓားပြသည် ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်ဘေးမှ ဖြတ်လျှောက်သွား၏။ ဖုန်းပုကြွယ် နောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်သောအခါ သူ့နောက်ရှိ ဓာတ်လှေကားတံခါးမှာ ပျောက်ကွယ်သွားပြီး နံရံတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ဇာတ်လမ်းထဲသို့ ဝင်ရောက်ရာတံခါးကို ကစားသမားကိုယ်တိုင်သာ မြင်တွေ့နိုင်စွမ်းရှိပြီး ကစားသမားက အပြင်သို့ ခြေချလိုက်သည်နှင့် ၎င်းက ချက်ချင်း ပျောက်ကွယ်သွားပုံရသည်။ ဇာတ်လမ်းထဲက ဇာတ်ကောင်များမှာမူ ဤအရာကို လုံးဝ သတိမမူမိကြချေ။ သူတို့မျက်စိထဲတွင်မူ ထိုနေရာ၌ မူလကတည်းက ဘာမှရှိမနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

“အရင်ဆုံး အခြေအနေ ဘယ်လိုတိုးတက်လာမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့...”

ဖုန်းပုကြွယ်သည် အခြေအနေကို ဆက်လက်အကဲခတ်ရန် ဆုံးဖြတ်လိုက်ပြီး သူ့အာရုံကို ဂိမ်းမီနူးဆီသို့ ယာယီ ပြောင်းလဲလိုက်တော့သည်။

...

ဇာတ်လမ်းထဲသို့ စတင်ဝင်ရောက်ကတည်းက ဖုန်းပုကြွယ်သည် ယခုဇာတ်လမ်းရှိ ပြိုင်ဘက်ငါးဦးကို မစစ်ဆေးရသေးသဖြင့် ဤအခွင့်အရေးကို အသုံးပြု၍ ကြည့်ရှုလိုက်သည်။

သူ မြင်တွေ့လိုက်ရသည့်အရာက သူ့ကို ထိတ်လန့်သွားစေတော့သည်။

“နောက်နေတာလားဟ... သူတို့ထဲက သုံးယောက်က တိုက်ခိုက်ရေးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်သီး အယောက်နှစ်ဆယ်ထဲက ဖြစ်နေတာလား”

ဖုန်းပုကြွယ်သည် ဈေးဝယ်စင်တာထဲသို့ဝင်တိုင်း အမျိုးမျိုးသော အဆင့်သတ်မှတ်ချက်စာရင်းများကို ကြည့်ရှုလေ့ရှိသည်။ သူ၏ ထူးကဲလှသော မှတ်ဉာဏ်စွမ်းရည်အရ စာရင်းထဲရှိ တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို သဘာဝအတိုင်း အလွတ်မှတ်မိပေသည် ။

“ငါမှတ်မိသလောက်တော့ အဆင့် ၃၁ ရှိတဲ့ ဝူစစ်ချန်ရွှမ်ဆိုတဲ့ကောင်က ‘အော်ဒါ’ ရဲ့ အမူးသမားအိမ်မက်အဖွဲ့က ခေါင်းဆောင်လေးယောက်ထဲက တစ်ယောက် မဟုတ်လား...၊ သူက ဆေးလိပ်သောက်၊ အရက်သောက်၊ ဆံပင်ကောက်တဲ့ အဲဒီကောင်နဲ့ အဆင့်အတူတူပဲလေ၊ ပြီးတော့ အဆင့် ၃၁ နဲ့ ခုနှစ်ထွေသတ်ဖြတ်ခြင်းဆိုတဲ့ကောင်ကလည်း အစ်ကိုလုံတို့အဖွဲ့ထဲမှာ နံပါတ်သုံး ဖြစ်ပုံရတယ်...”

သူသည် ဖိုရမ်များသို့ မကြာခဏသွားလေ့ရှိသဖြင့် ယခုအခါ စတူဒီယိုအသီးသီးမှ ကြယ်ပွင့်ကစားသမားများ၏ နာမည်ပြောင်များကို အခြေခံအားဖြင့် ခေါ်နိုင်နေပြီ ဖြစ်သည်။

“ဟေး... အဆင့် ၃၂ နဲ့ သျှီဝကတော့ နတ်ဘုရားများစတူဒီယိုရဲ့ ခေါင်းဆောင် မဟုတ်လား၊ သူက အဆင့်သတ်မှတ်ချက်ဇယားမှာ နံပါတ်ငါး ချိတ်ထားတာလေ၊ သူကလည်း ထိပ်ဆုံးက လေးယောက်လို အဆင့် ၃၂ ဖြစ်နေတာပဲ မဟုတ်လား”

ဤနာမည်သုံးခုအပြင် ကျန်နာမည်နှစ်ခုထဲတွင် ဖုန်းပုကြွယ် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်၌ ကြုံတွေ့ဖူးသည့် နာမည်ပြောင် ‘ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး’ လည်း ပါဝင်နေလေသည်။

“ဒီကောင်မလေးကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး...”

သူသည် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရပြီ ဖြစ်သည်။

“နေပါဦး... ဒါဆို ငါ့အပြင် ကျန်ငါးယောက်စလုံးက တိုက်ခိုက်ရေးစွမ်းရည် ထိပ်သီး အယောက်နှစ်ဆယ်ထဲက ဖြစ်နေကြတာလား...”

ဖုန်းပုကြွယ်သည် ဗီဇအရ အဆိုးဆုံးအခြေအနေကို စဉ်းစားမိလိုက်ခြင်းဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်မှာ သူ ထပ်မှန်သွားခြင်းပင် ဖြစ်သည် ။

ဝူစစ်ချန်ရွှမ်၊ အဆင့် ၃၁၊ အမျိုးသား၊ အော်ဒါစတူဒီယို၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၈။

သျှီဝ၊ အဆင့် ၃၂၊ အမျိုးသား၊ နတ်ဘုရားများစတူဒီယို၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂။

ခုနှစ်ထွေသတ်ဖြတ်ခြင်း၊ အဆင့် ၃၁၊ အမျိုးသား၊ ဓားသွားစတူဒီယို၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၁၅။

ကြောက်တတ်တဲ့ ကြောင်ကလေးမဟုတ်ဘူး၊ အဆင့် ၃၀၊ အမျိုးသမီး၊ ကျန်းဟူစတူဒီယို၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂၀ (အမည်ဝှက်)။

ကျောက်ရင်းဝမ်၊ အဆင့် ၃၀၊ အမျိုးသား၊ တစ်ကိုယ်တော် ပရော်ဖက်ရှင်နယ်ကစားသမား၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၁၉ (အမည်ဝှက်)။

ထိုလူငါးယောက်မှာ ဖုန်းပုကြွယ် ရင်ဆိုင်ရမည့်သူများ ဖြစ်သည်။ အဆင့်အရ ကြည့်လျှင် သူတို့အားလုံးသည် သူ့ထက် သိသိသာသာ မြင့်မားနေပြီး တိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင်လည်း အဆမတန် သာလွန်နေပေလိမ့်မည်။

အကယ်၍ သည်းထိတ်ရင်ဖို သုခဘုံတွင် “ကစားသမားများ၏ အလုံးစုံစွမ်းရည် အဆင့်သတ်မှတ်ချက်” သာ ရှိခဲ့လျှင် ဖုန်းပုကြွယ်သည် ထိပ်ဆုံးပိုင်းတွင် သေချာပေါက် ရောက်ရှိနေပေလိမ့်မည်။ ထိုသို့ဆိုလျှင် အထက်ပါငါးဦးထဲမှ အချို့မှာ ထိပ်သီးအယောက်ငါးဆယ်စာရင်းထဲမှပင် ပြုတ်ကျသွားနိုင်သည်။

သို့သော်လည်း လက်ရှိတွင်မူ... “နည်းဗျူဟာ” ဆိုသည်မှာ ပမာဏဖြင့် တိုင်းတာရန် မဖြစ်နိုင်သောအရာ ဖြစ်ခြင်းကြောင့် မည်သည့်အလုံးစုံ အဆင့်သတ်မှတ်ချက်စနစ်မှ ရှိမနေခဲ့ချေ ။

ထို့ကြောင့် စောင့်ကြည့်သူတစ်ဦး၏ ရှုထောင့်မှဖြစ်စေ သို့မဟုတ် ကျန်ကစားသမားငါးဦး၏ အမြင်မှဖြစ်စေ အားလုံးက ဤသတ်ဖြတ်ခြင်းဂိမ်းတွင် ဖုန်းပုကြွယ်ကို အားအနည်းဆုံးဟုသာ သတ်မှတ်ကြပေလိမ့်မည်။

သို့သော်လည်း အားနည်းသူအဖြစ် အထင်ခံရခြင်းတွင် ၎င်း၏ကိုယ်ပိုင်အားသာချက် ရှိပေသည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား... “ပိုထွက်နေတဲ့ သံမှိုက အထုခံရဆုံးပဲ” ဟူ၍။

ဤကဲ့သို့ မည်သူမဆို တိုက်ခိုက်နိုင်သည့် အစီအစဉ်မရှိသော အလွတ်တန်းပွဲတွင် လူတိုင်း၏ အာရုံစိုက်မှုမှာ အပြင်ပန်းအားဖြင့် အသန်မာဆုံးဖြစ်သော သျှီဝဆီသို့ သဘာဝအတိုင်း ကျရောက်သွားလိမ့်မည် ဖြစ်သည်။ ဝူစစ်ချန်ရွှမ်နှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ကိုလည်း အတိုင်းအတာတစ်ခုအထိ သတိထား စိုးရိမ်နေကြပေလိမ့်မည်။ ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးနှင့် ကျောက်ရင်းဝမ်တို့မှာမူ တိုက်ခိုက်ရေးစွမ်းရည်စာရင်းတွင် အမည်ဝှက်ထားသူများဖြစ်သဖြင့် ထိုထိပ်သီးခေါင်းဆောင်သုံးဦးမှာ သူတို့နာမည်ကို ကြားဖူးလိမ့်မည် မဟုတ်သလို တစ်ယောက်ကိုတစ်ယောက်လည်း သိကြမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် အတော်လေး အထင်သေးခံရလိမ့်မည် ဖြစ်သည်။

ဖုန်းပုကြွယ်နှင့် ပတ်သက်၍မူ... အကယ်၍ သူတို့က ဂိမ်းမီနူးကို တစ်ချက်လှမ်းကြည့်ပြီး အခြားပြိုင်ဘက်များ၏ နာမည်ကို စစ်ဆေးကာ နောက်ဆုံးတွင် “ဖုန်းပုကြွယ်၊ အဆင့် ၂၈၊ ရှင်သန်ဆဲ” ဟူသော စာတန်းကို မြင်တွေ့ရလျှင် သူတို့၏ ချက်ချင်းတုံ့ပြန်မှုမှာ... ‘ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်၊ အဆင့်အနိမ့်ဆုံးကောင်၊ ငဖျင်းကောင်’ ဟုသာ ဖြစ်ပေလိမ့်မည်။

ထိုသို့သော အခြေအနေမျိုးအောက်တွင် “အားအနည်းဆုံး” ဖြစ်သော ဖုန်းပုကြွယ်သည် အလွယ်တကူပင် သာမန်လျှံကာကျော်သွားခြင်း သို့မဟုတ် လျစ်လျူရှုခြင်း ခံရနိုင်လေသည်။ အခြားလူများသည် သူ့ကို ခုခံကာကွယ်ရန် သို့မဟုတ် လုပ်ကြံရန်အတွက် အားအင်အမြောက်အမြား အကုန်ခံကြလိမ့်မည် မဟုတ်ချေ။ ယင်းကပင် သူ့အတွက် အားသာချက်တစ်ခု ဖြစ်တော့သည်။

မှန်ပေသည်... လူတိုင်းက သူ့ကို အားအနည်းဆုံးဟု တွေးနေကြခြင်းမျိုးတော့ မဟုတ်ချေ ။

ဝူစစ်ချန်ရွှမ်သည် မုန့်ကျင်းချန်က “ဖုန်းပုကြွယ်” ဆိုသော နာမည်အား ပြောခဲ့သည်ကို ကြားဖူးသော်လည်း အလေးအနက်မထားမိဘဲ ချက်ချင်းပင် မေ့လျော့သွားခဲ့သည်။

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည်လည်း လုံအောင်းမင်က ကွင်းဆက်လူသတ်သမားနှင့် တူပုံရသော ထိုအကောင်အကြောင်း မိတ်ဆက်ပေးသည်ကို ကြားဖူးသော်လည်း... သူလည်း မမှတ်မိတော့ချေ...။

သျှီဝနှင့် ကျောက်ရင်းဝမ်တို့မှာမူ အစ်ကိုကြွယ်၏ နာမည်ပြောင်ကို လုံးဝ မမှတ်မိကြချေ။

မိန်းကလေးများသာလျှင် သူ့ကို အသိအမှတ်ပြုရန် ဝန်မလေးကြဘဲ အမှတ်ရစွဲထင်နေကြပုံရသည်...။ အနည်းဆုံးတော့ သူမမျက်လုံးထဲတွင် ဖုန်းပုကြွယ်သည် ရင်ဆိုင်ရလွယ်ကူသော လူစားမျိုး လုံးဝမဟုတ်ချေ။

...

“ချီးပဲ၊ မင်းကို ပုန်းနေပါလို့ ငါပြောထားတယ် မဟုတ်လား”

လမ်းကြောင်းရှာရန် ထွက်သွားသော ဓားပြသည် မကြာမီအချိန် ဘဏ်ခန်းမထဲသို့ ပြန်လည်ရောက်ရှိလာပြီး လူတစ်ဦးကို အတင်းဆွဲခေါ်လာလေသည်။

ထိုလူမှာ ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်ပုံရပြီး ဘဏ်ယူနီဖောင်းကို ဝတ်ဆင်ထားကာ ချွေးဒီးဒီးကျလျက် အလွန်အမင်း ထိတ်လန့်ခြောက်ခြားနေသည့်ပုံစံ ရှိနေသည်။

“ဘာဖြစ်တာလဲ”

စက်သေနတ်ကိုင်ထားသည့် ဓားပြက ဘဏ်အပြင်ဘက်သို့ ခိုးကြောင်ခိုးဝှက် အကဲခတ်ရင်း မေးမြန်းလိုက်သည်။

“ဒီကောင်က အိမ်သာထဲမှာ ပုန်းပြီး ရဲတွေနဲ့ ဖုန်းဆက်နေတာလေ”

သေနတ်ကိုင်ထားသူက ပြန်ဖြေလိုက်သည်။

ပိုက်ဆံအိတ် ကိုင်ထားသည့် ဓားပြက ကြားဖြတ်၍ မေးလိုက်သည်။

“မင်းတခြားထွက်ပေါက် ရှာတွေ့ခဲ့လား”

“ပြတင်းပေါက်တွေ အားလုံးနီးပါး သံတိုင်တွေ တပ်ထားတယ်၊ အိမ်သာပြတင်းပေါက်ကလည်း သေးလွန်းတယ်ဦ ဒါ့အပြင် နောက်ဘက်လမ်းမတွေပေါ်မှာလည်း ရဲတွေ ပိတ်ဆို့ထားတယ်”

“ချီးပဲ သေစမ်း”

“ငါ့ကို သူ့ဖုန်းပေး”

စက်သေနတ်ကိုင်ထားသူက ဆို၏။

သူ့အပေါင်းအပါက ဖုန်းကို လုယူပြီးသားဖြစ်သဖြင့် သူ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။

သူက ဖုန်းကိုယူ၍ စခရင်ကို တစ်ချက်ကြည့်ကာ အမြန်ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်ရာ သုံးစက္ကန့်အတွင်း ဖုန်းလိုင်း ချိတ်ဆက်သွားခဲ့သည်။

“ဘယ်လိုလဲခင်ဗျာ၊ ဆရာ... အဆင်ပြေရဲ့လား၊ ဘာလို့ ဖုန်းလိုင်းပြတ်သွားရတာလဲ...”

တစ်ဖက်မှ ရဲအရာရှိက တိုးညှင်းသော လေသံဖြင့် အလောတကြီး မေးမြန်းလိုက်သည်။

သို့သော်လည်း စက်သေနတ်ကိုင်ထားသည့် ဓားပြက ကြားဖြတ်လိုက်သည်။

“နိုး... သူ ဒုက္ခရောက်နေလေ၊ တကယ့်ဒုက္ခအကြီးကြီးပဲ”

ထိုသို့ပြောလိုက်ပြီးနောက် သူ့အပေါင်းအပါကို ထိုလူအား ခေါ်လာရန် လက်ဟန်ပြလိုက်သည်။

သေနတ်သမားက သဘောပေါက်သဖြင့် ရှေ့သို့တိုးသွားကာ ထိုလူကို ကန်ကျောက်လိုက်လေသည်။ သေနတ်ပြောင်းအောက်တွင် ဘဏ်ဝန်ထမ်းမှာ နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ တုန်တုန်ရင်ရင်ဖြင့် ဘဏ်ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်ရသည်။

“နားထောင်စမ်း၊ မင်းတို့ကောင်တွေ... ငါ့စည်းကမ်းချက်တွေကို သေချာနားထောင်ကြ”

ဖုန်းရထားပြီးဖြစ်သဖြင့် သေနတ်သမားသည် အပြင်ထွက်၍ အော်ဟစ်နေရန် မလိုတော့ဘဲ နံရံအကွယ်တွင်သာ ပုန်းအောင်းနေလိုက်သည်။ သူက ဖုန်းထဲမှတစ်ဆင့် တစ်ဖက်က ရဲအရာရှိကို ပြောလိုက်သည်။

“ငါ့အတွက် ဟယ်လီကော့ပတာတစ်စီးနဲ့ လေယာဉ်မှူးတစ်ယောက် ပြင်ဆင်ပေးထား၊ ပြီးတော့ မင်းတို့လူတွေအားလုံးကို လမ်းသုံးဘလောက်အကွာအထိ ဆုတ်ပေးထား”

သူ စကားပြောမပြီးသေးခင် စက်သေနတ်ကို အောက်ချ၍ ပစ္စတိုကို ဆွဲထုတ်ကာ မဆိုင်းမတွဘဲ မောင်းဖြုတ်လိုက်တော့သည်။

ဘဏ်ဝန်ထမ်းသည် သွေးများ နေရာအနှံ့ ပန်းထွက်သွားရင်း မြေပြင်ပေါ်သို့ လဲကျသွားရသည်။ ဤမြင်ကွင်းသည် ဘဏ်ရှေ့တည့်တည့်တွင် ဖြစ်ပွားသွားသောကြောင့် ရဲတိပ်အဝါနောက်ကွယ်ရှိ ရဲများ၊ အရပ်သားများနှင့် သတင်းထောက်များအားလုံး အထင်အရှား မြင်တွေ့လိုက်ကြရသည်။

သေနတ်သမားသည် ဖုန်းထဲသို့ရော၊ ဘဏ်ခန်းမအတွင်းရှိ ဓားစာခံများဆီသို့ပါ လေသံကို မြှင့်၍ အော်ဟစ်လိုက်လေသည်။

“အခုကစပြီး... ငါဟယ်လီကော့ပတာကို မမြင်ရမချင်း ၁၀ မိနစ်တိုင်းမှာ ဓားစာခံတစ်ယောက်ကို သတ်သွားမယ်၊ ဘယ်သူမဆို လှည့်ကွက်သုံးဖို့ ကြိုးစားရင် ဒီလိုပဲ ကံဆိုးသွားရလိမ့်မယ်”

ထို့နောက် သူ ဖုန်းကို ချလိုက်တော့သည်။

“အိုး...မိုင်ဂေါ့ဒ်...”

ပိုက်ဆံများကို သိပ်ထည့်နေသည့် ဓားပြသည် လက်တစ်ဖက်ဖြင့် သူ့နဖူးကို ဖိထားပြီး ကြမ်းပြင်ပေါ်က အလောင်းကို ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာတော့သည်။

“ဝူး... ဘုရားသခင်... ဘုရားသခင်... မင်းသူ့ကို သတ်လိုက်တယ်၊ ဒါက...”

သူသည် ရုတ်ချည်း အောင့်မထားနိုင်တော့ဘဲ သူ့မျက်နှာဖုံးကို ဆွဲခွာ၍ ကြမ်းပြင်ပေါ်သို့ အန်ချလိုက်တော့သည်။

ဓားစာခံများထဲတွင် အမျိုးသမီး အမြောက်အမြား ပါဝင်နေခဲ့သည်။ သူတို့သည် သွေးများလွင့်စင်သွားသည့် မြင်ကွင်းကြောင့် အလွန်အမင်းထိတ်လန့်သွားပြီး အချိန်မီမတုံ့ပြန်နိုင်ဘဲ ရှိနေခဲ့ရာမှ ယခုတစ်ယောက်က အန်ချလိုက်သည်ကို မြင်သောအခါ ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ဝပ်နေသော ဓားစာခံအများအပြားမှာ ဒူးထောက်သည့်အနေအထားသို့ ပြောင်းလဲကာ လိုက်အန်ကြတော့သည်။

“မင်းအရူးကောင်၊ မိန်းမတစ်ယောက်လိုပဲ... တကယ့်ကို အလကားကောင်ပဲ”

စက်သေနတ်ကိုင်ထားသည့် ဓားပြက ကျိန်ဆဲလိုက်ပြီးနောက် သူ့သေနတ်ကို ပြန်ထောင်လိုက်သည်။ သူက ဓားစာခံများကို အော်ဟစ်လိုက်သည်။

“ဟေး ဟေး ဟေး၊ ဘယ်သူက မင်းတို့ကို ထခိုင်းလို့လဲ၊ ဝပ်နေစမ်း၊ လက်တွေကို ခေါင်းပေါ်တင်ထားစမ်း”

“အထဲက လူတွေ နားထောင်ကြပါ၊ ငါက ရဲဘက်က ညှိနှိုင်းရေး ကျွမ်းကျင်ပညာရှင်တစ်ယောက်ပါ၊ ငါ့မှာ ဘာလက်နက်မှ ပါမလာပါဘူး၊ မင်းတို့နဲ့ စကားပြောဖို့ အထဲကို ဝင်လာခွင့်ပြုမလား”

ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လက်ကိုင်အော်လံတစ်ခုကို ကိုင်ဆောင်၍ ဘဏ်ဝင်ပေါက်ဆီသို့ ချဉ်းကပ်လာလေသည်။ သူသည် ရဲယူနီဖောင်းကို ဝတ်ဆင်ထားခြင်း မရှိချေ။

သူ့ထံသို့ ပြန်လည်ရောက်ရှိလာသည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ စက်သေနတ်ပစ်ခတ်သံများ ဖြစ်သော်လည်း ကျည်ဆန်များကို မြေပြင်သို့သာ ဦးတည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားသည် သေနတ်ကို အပြင်ထုတ်၍သာ မည်သည့်ပစ်မှတ်ကိုမျှ အမှန်တကယ် မချိန်ရွယ်ဘဲ ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ရှစ်မိနစ်ပဲ ကျန်တော့တယ်၊ ငါနောက်ထပ် ဓားစာခံတစ်ယောက်ကို သတ်မယ်”

ဤသည်မှာ ဓားပြ၏ ပြန်လည်ဖြေကြားချက် ဖြစ်သည်။

အန်ပြီးနောက် ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြမှာ အနည်းငယ် သက်သာသွားပုံရသည်။ သူက အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်လိုက်ရင်း ဆိုသည်။

“တကယ်တော့... အင်... ငါတို့ သူပြောတာ နားထောင်ကြည့်သင့်တယ် ထင်တယ်...”

“ပါးစပ်ပိတ်စမ်း၊ မင်း သောက်ပါးစပ်ကို ပိတ်ထားစမ်း”

စက်သေနတ်ကိုင်ထားသည့် ဓားပြက အော်ဟစ်လိုက်သည်။

“ဒီနေရာမှာ ငါကခေါင်းဆောင်ပဲကွ”

“ဟယ်လီကော့ပတာက ရောက်လာမှာ မဟုတ်ဘူး”

ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာ၏။

ခန်းမအတွင်းရှိ ဓားစာခံများအားလုံးမှာ အလွန်အမင်းကြောက်ရွံ့နေကြသဖြင့် ဘယ်သူမှ စကားမဆိုရဲကြရာ ဖုန်းပုကြွယ်၏ စကားလုံးများက ရိုးရှင်းစွာဖြင့် လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း တိုးဝင်သွားလေသည်။

“ဘယ်သူလဲ”

စက်သေနတ်ကိုင်ထားသည့် ဓားပြက မေးလိုက်သည်။

“ဘယ်ကောင် စကားပြောနေတာလဲကွ”

“သူပဲ”

ဖုန်းပုကြွယ်နှင့် အနီးဆုံးနေရာတွင် ရှိနေသော ပစ္စတိုကိုင်ထားသည့် ဓားပြက အသံကို အထင်အရှား ကြားလိုက်ရသဖြင့် ဆို၏။

“ခရမ်းရောင်ဝတ်စုံ ဝတ်ထားတဲ့ အဲဒီကောင်လေးပဲ”

“မင်း... ငါ့အတွက် ခဏလောက် တံခါးဝကို သွားစောင့်ပေးစမ်း”

စက်သေနတ်ကိုင်ထားသည့် ဓားပြက ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြကို ပြောလိုက်ရာ ထိုသူက ခါးကိုကိုင်းလျက် တံခါးဝဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

သူတို့ နေရာချင်းလဲပြီးနောက် စက်သေနတ်ကိုင်ထားသည့် ဓားပြသည် ဖုန်းပုကြွယ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာတော့သည်။

“ထစမ်း... ဟျောင့်”

သူသည် ဖုန်းပုကြွယ်၏ ဆံပင်ကို ဆွဲ၍ အပေါ်သို့ မတင်လိုက်ရာ ဝပ်နေသော အနေအထားမှ ဒူးထောက်သည့် အနေအထားသို့ ရောက်ရှိသွားစေသည်။

“မင်း ဘာပြောလိုက်တာလဲ၊ နောက်တစ်ခေါက် ထပ်ပြောစမ်း”

ဖုန်းပုကြွယ်က ဓားပြအား တည်ငြိမ်အေးဆေးသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။

“ငါပြောတာက... မင်းတို့လိုချင်တဲ့ ဟယ်လီကော့ပတာက ရောက်လာမှာ မဟုတ်ဘူးလို့၊ ရှစ်မိနစ်နေလို့လည်း မလာဘူး၊ မိနစ် ရှစ်ဆယ်နေလို့လည်း လာမှာမဟုတ်ဘူးလို့ ပြောတာပဲ”

“မင်းလို ကောင်စုတ်ကများ...”

ဓားပြက စက်သေနတ်ပြောင်းဝကို ဖုန်းပုကြွယ်၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ရင်း ခြိမ်းခြောက်လိုက်သည်။

“မင်းကိုယ်မင်း အရမ်းတတ်တယ်လို့ ထင်နေတာလား... ဟမ်၊ ပြောစမ်း၊ မင်းက ဘယ်သူလဲ၊ မင်းကလည်း ရဲတစ်ယောက်လား... ဟမ်၊ ဒါမှမဟုတ် ငါ့ကို လာနောက်နေတာလား၊ သူရဲကောင်း လုပ်ချင်တာလား”

“ငါက ဘာကောင်မှ မဟုတ်ပါဘူး၊ ငါက မင်းတို့ကို သတိပေးချင်ရုံပါ... အပြင်က လမ်းမကြီးက စက်ဘီးလမ်းအပါအဝင် နှစ်လမ်းမောင်းပဲ ရှိတာဆိုတော့ ဟယ်လီကော့ပတာတစ်စီး ဆင်းဖို့အတွက် ဘယ်လိုမှ နေရာမလောက်နိုင်ဘူးဆိုတာကိုလေ”

ဖုန်းပုကြွယ်၏ ပြန်လည်ဖြေကြားချက်က အတော်လေး လိမ္မာပါးနပ်လှသည်။ သူသည် သူ့အထောက်အထားကို ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲသွားပြီး တစ်ဖက်လူ စိတ်ဝင်စားမည့် အကြောင်းအရာဆီသို့ စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

“ရဲတွေက ဟယ်လီကော့ပတာကို တကယ်ယူလာပေးခဲ့ရင်တောင် ဘဏ်တံခါးဝမှာ ဆင်းခိုင်းမှာ မဟုတ်ဘူး၊ မင်းတို့က ယာဉ်ပေါ်တက်ဖို့ အနီးဆုံးလမ်းဆုံအထိ လမ်းလျှောက်သွားရလိမ့်မယ်၊ အဲဒီဖြစ်စဉ်အတွင်းမှာ မင်းတို့က ဘဏ်အပြင်ဘက် ထွက်ရမှာဖြစ်လို့ စနိုက်ပါသမားတွေရဲ့ မြင်ကွင်းအောက်မှာ လုံးဝပေါ်တင်ကြီး ဖြစ်သွားလိမ့်မယ်”

သူက ခေတ္တမျှ ရပ်တန့်လိုက်သည်။

“မင်းတို့က ဓားစာခံတစ်ယောက်ကို သတ်ပြီးသွားပြီဆိုတော့... ဂေါ့သမ်မြို့ရဲ့ လက်ရှိအခြေအနေအရ ရဲတွေက မင်းတို့ကို နေရာတင်ပစ်သတ်ဖို့ လုံလောက်တဲ့အကြောင်းပြချက် ရှိသွားပြီလို့ ငါ ယုံကြည်တယ်...”

“အိုး...မိုင်ဂေါ့ဒ်...”

တံခါးဝနံရံဘေးတွင် ရှိနေသော ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြသည် ထိုစကားကို ကြားသောအခါ လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို အုပ်လျက် ထိတ်လန့်တုန်လှုပ်နေသော လေသံဖြင့် အော်ဟစ်လိုက်တော့သည်။

“ငါတို့တွေ ဘာလုပ်မိလိုက်ပြီလဲ...”

“ကောင်းပြီ၊ ပါးစပ်ပိတ်စမ်း”

စက်သေနတ်ကိုင်ထားသည့် ဓားပြက စိတ်အနှောင့်အယှက်ဖြစ်စေသော သူ့အပေါင်းအပါကို ထပ်မံ အော်ဟစ်လိုက်ပြီးနောက် ဖုန်းပုကြွယ်ကို စိုက်ကြည့်ကာ သူ့ဆံပင်ကို လွှတ်ပေးလိုက်ပြီး ဆိုလာ၏။

“ဟွန့်... မင်း ပြောချင်တာက ဒါပဲလား...”

“ငါမပြီးသေးဘူးလေ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ရဲတွေရဲ့ နောက်ထပ် လှုပ်ရှားမှုကိုလည်း ငါမင်းတို့ကို ပြောပြပေးဦးမယ်၊ နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာ သူတို့က ဟယ်လီကော့ပတာရဖို့ အခက်အခဲရှိနေတယ်လို့ ဆင်ခြေပေးလိမ့်မယ်၊ ပြီးတော့ မင်းတို့ကို ဓားစာခံတွေ ဆက်မသတ်ဖို့နဲ့ မိနစ်အနည်းငယ်လောက် ထပ်စောင့်ပေးဖို့ ပြောလိမ့်မယ်၊ ဒီဖြစ်စဉ်အတွင်း သူတို့က နည်းဗျူဟာအဖွဲ့တွေကို ပြင်ဆင်တာနဲ့ စနိုက်ပါသမားတွေကို နေရာချဖို့အတွက် အလုပ်ရှုပ်နေလိမ့်မယ်”

သူသည် စကားလုံးများကို မြန်ဆန်ရှင်းလင်းစွာဖြင့် ပြောဆိုလိုက်သည်။ တစ်ဖက်လူက လိုက်တွေးနိုင်ခြင်း ရှိမရှိကိုတော့ သူဂရုမစိုက်ချေ။

“မင်းတို့ရဲ့ အစီအစဉ်အတိုင်း ဆယ်မိနစ်မှာ ဓားစာခံတစ်ယောက်သတ်ပြီး ဟယ်လီကော့ပတာကို စောင့်မယ်၊ ပြီးမှ လွတ်မြောက်ဖို့ ကြိုးစားမယ်ဆိုရင် နောက်ဆုံး ထွက်လာမယ့်ရလဒ်က နှစ်မျိုးပဲ ရှိနိုင်တယ်၊ ပထမတစ်မျိုးကတော့... မင်းတို့က ဓားစာခံတချို့ကို သတ်ပြီးနောက် ရဲတွေက ဟယ်လီကော့ပတာရောက်ပြီလို့ လိမ်ညာပြီး မင်းတို့ကို အပြင်ထွက်အောင် မြှူဆွယ်ပြီး ပစ်သတ်လိမ့်မယ်၊ ဒုတိယတစ်မျိုးကတော့... မင်းတို့က ဓားစာခံတချို့ကို သတ်ပြီးတဲ့နောက် ရဲတွေက... အတင်းအကျပ် ဝင်ရောက်စီးနင်း တိုက်ခိုက်လိမ့်မယ်။

ရဲတွေက ဘယ်လိုရွေးချယ်မလဲဆိုတာကတော့ သူတို့လက်ထဲမှာ ရှိနေတဲ့ သတင်းအချက်အလက် အရေအတွက်အပေါ်မှာ မူတည်တယ်၊ အဓိကကတော့ ဓားပြအရေအတွက် ဘယ်လောက်ရှိလဲဆိုတာကို သူတို့ သိသလားဆိုတာပဲ၊ စိတ်မကောင်းစရာကောင်းတာကတော့ မင်းတို့က ရဲတွေနဲ့ ဖုန်းဆက်နေတဲ့ အဲဒီလူကြီးမင်းကို သတ်လိုက်မိတာပဲ၊ တကယ်လို့ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် သူရဲတွေကို ဘာတွေပြောလိုက်လဲဆိုတဲ့ အချက်အလက်ကို မင်းတို့ မေးနိုင်ဦးမှာဖြစ်ပေမဲ့ အခုတော့...”

ဖုန်းပုကြွယ်က သရော်လိုက်သည်။

“ဒါ့အပြင် ငါမင်းတို့ကို သတိပေးချင်တာက... ဘယ်အချိန်မဆို မြို့စောင့်ဟီးရိုး တစ်ယောက်ယောက် ကြားဖြတ်ဝင်လာနိုင်တယ်ဆိုတာပဲ၊ နိုက်ဝင်း၊ ရော်ဘင်၊ ဟန့်ထရက်စ်၊ ဘလက်ကနေရီ... စသဖြင့်ပေါ့၊ အမှန်အတိုင်း ပြောရရင် သူတို့ထဲက တစ်ယောက်ယောက်သာ ရောက်လာရင် မင်းတို့သုံးယောက်လုံးကတော့ အရှင်လတ်လတ် ဖမ်းခံရဖို့ ရာခိုင်နှုန်း များသွားပြီ”

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြောင်အတိတ်ဆိတ်နေသော ဓားပြကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်မိနစ်ခန့်က မင်းတို့ ခန္ဓာကိုယ်ထဲမှာ အက်ဒရီနလင်တွေ အလွန်အမင်း ထွက်လာခဲ့တာကြောင့် မင်းတို့ရဲ့ စိတ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့ရတာ၊ မင်းတို့က ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ အကျပ်အတည်းကာလအတွင်း စဉ်းစားမိတဲ့ လွတ်မြောက်ရေး အစီအစဉ်ဟာ ဓားပြမတိုက်ခင်က ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ထက် အဆပေါင်းများစွာ ပိုညံ့ဖျင်းလွန်းတယ်”

သူက ကဲ့ရဲ့ရှုံ့ချသော လေသံဖြင့် ဆက်ပြော၏။

“ဟား... ဟုတ်တာပေါ့၊ ဒါကို ‘အစီအစဉ်’ လို့ ခေါ်နိုင်ဦးမယ်ဆိုရင်ပေါ့”

သူက ရယ်မောလိုက်သည်။

“တစ်ချိန်တည်းမှာပဲ မင်းရဲ့ စိတ်လိုက်မာန်ပါ သတ်ဖြတ်မှုကြောင့် မင်းနဲ့ မင်းရဲ့ အပေါင်းအပါတွေကို သေလမ်းကို တွန်းပို့လိုက်သလို ဖြစ်သွားပြီ၊ တကယ်လို့ မင်းတို့သာ ဒီနေ့ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ကို ရင်မဆိုင်ချင်ဘူးဆိုရင် အခုချက်ချင်း တခြားနည်းလမ်းတစ်ခုခုကို စဉ်းစားလိုက်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့...”

သူက နာရီလက်တံလည်သံကို အတုယူ၍ တစ်ဖက်လူကို လှောင်ပြောင်လိုက်သည်။

“ချက် ချက် ချက်... ချက်ချက်... အချိန်က လူကို မစောင့်ဘူးနော်၊ စူပါဟီးရိုးတွေ ဘယ်အချိန်မဆို ရောက်လာနိုင်တယ်”

“မင်း... မင်းက တကယ် ဘယ်သူများလဲ...”

ဖုန်းပုကြွယ်၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် စက်သေနတ်ကိုင်ထားသည့် ဓားပြသည် အမှန်တကယ်ပင် အနည်းငယ် စိတ်တည်ငြိမ်သွားပြီး ယခင်လို သွေးဆာနေသည့် အခြေအနေမျိုး မရှိတော့ချေ။

ဖုန်းပုကြွယ်သည် ဓားပြသုံးဦး၏ မျက်လုံးများကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အေးစက်သော အပြုံးတစ်ခုဖြင့် မဆိုင်းမတွ မတ်တတ်ထရပ်လိုက်သည်။

“ဒါက အသေးအဖွဲ ကိစ္စလေးတစ်ခုပဲ၊ အခုအချိန်မှာ မင်းတို့အတွက် အရေးကြီးဆုံးအရာက... ဘယ်လို လွတ်အောင်ပြေးရမလဲဆိုတာပဲ”

...

ငါးမိနစ်ခန့် ကြာပြီးနောက် ဘဏ်မှန်တံခါးများနောက်ကွယ်ရှိ သံလိပ်တံခါးများ (၎င်းမှာ အလိုအလျောက်စနစ်ဖြစ်ပြီး လက်ဖြင့် ဆွဲရခြင်း မဟုတ်ချေ) သည် တဖြည်းဖြည်း အောက်သို့ လျောကျလာပြီး လျင်မြန်စွာ ပိတ်ဆို့သွားလေသည်။

ထိုအခိုက်အတန့်မှစ၍ လမ်းမပေါ်က ရဲများနှင့် ဘဏ်အတွင်းက ပြန်ပေးဆွဲသူများသည် တစ်ဦးနှင့်တစ်ဦး၏ လှုပ်ရှားမှုများကို လုံးဝစောင့်ကြည့်နိုင်စွမ်း မရှိတော့ချေ။

သံလိပ်တံခါးများ လုံးဝပိတ်ဆို့သွားသည်နှင့် ရဲများက ဓားပြများနှင့် ဆက်သွယ်ရန် အသုံးပြုခဲ့သည့် ဖုန်းမှာ မြည်ဟီးလာတော့သည် ။

အိမ်သာထဲတွင် ပုန်းအောင်း၍ ရဲများကို ဖုန်းဆက်ခဲ့သော ဘဏ်ဝန်ထမ်း၏ ဖုန်းလိုင်းမှာ ရဲများ ရောက်ရှိလာအချိန်အထိ လုံးဝ ပြတ်တောက်သွားခြင်း မရှိဘဲ ထိုနံပါတ်ကို အခင်းဖြစ်ပွားရာနေရာရှိ အခြားရဲဖုန်းတစ်ခုဆီသို့ တိုက်ရိုက်လွှဲပေးထားခြင်း ဖြစ်သည်။

“ငါက အရာရှိကလပ်တွန်ပါ”

အခင်းဖြစ်ပွားရာနေရာကို တာဝန်ယူထားသည့် ကလပ်တွန်က ဖုန်းကိုင်၍ ဖြေကြားလိုက်သည်။

“ဟယ်လို အရာရှိ”

ဖုန်းပုကြွယ်၏ အသံက ဖုန်းလက်ခံကိရိယာမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်ထင်တာကတော့ ခင်ဗျားလည်း သတိထားမိမှာပါ၊ ကျွန်တော်က ခုနတုန်းက ခင်ဗျားနဲ့ စကားပြောခဲ့တဲ့ လူကြီးမင်း မဟုတ်တော့ဘူးဆိုတာကိုလေ”

သူက တစ်စက္ကန့်ခန့် ရပ်တန့်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ဒါက ခင်ဗျားအတွက် သတင်းကောင်း ဖြစ်မှာပါ၊ အခုကစပြီး ကျွန်တော်ကပဲ ဆက်သွယ်ရေးကိစ္စတွေကို တာဝန်ယူသွားမှာပါ၊ ခင်ဗျား ကျွန်တော့် ‘အနောနီးမတ်’ လို့ ခေါ်နိုင်ပါတယ်”

“ဓားစာခံတွေ ဘယ်လိုလဲ၊ သူတို့အားလုံး ဘေးကင်းရဲ့လား”

ကလပ်တွန်က စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။

“နားထောင်... ဟယ်လီကော့ပတာကတော့ အခုထိ...”

“ဟယ်လီကော့ပတာအကြောင်းကို မေ့လိုက်စမ်းပါ အရာရှိ၊ ဒါက ဟာသလုပ်ရုံသက်သက်ပါပဲ”

ဖုန်းပုကြွယ်က ကြားဖြတ်ပြောဆိုလိုက်သည်။

“ဓားစာခံတွေနဲ့ ပတ်သက်ရင်တော့ သူတို့ ဘေးကင်းပါတယ်၊ ကျွန်တော် ခင်ဗျားကို အာမခံနိုင်တာကတော့ ခုနတုန်းက ရက်စက်ကြမ်းတမ်းတဲ့ မြင်ကွင်းက မတော်တဆမှုတစ်ခုပါပဲ၊ ကျွန်တော်တို့ နှစ်ယောက်လုံးလည်း ဒီလိုအရာမျိုးကို ထပ်မမြင်ချင်ကြတော့ဘူး မဟုတ်လား”

သူ ခပ်တိုးတိုး ရယ်မောလိုက်ရာ တစ်ဖက်လူ၏ ကျောရိုးထဲအထိ အေးစိမ့်သွားစေလေသည်။

“နားထောင်စမ်း...တကယ်လို့ မင်းတို့ အခုထွက်လာပြီး လက်နက်ချမယ်ဆိုရင်...”

ကလပ်တွန်က ပြန်ပြောရန် ကြိုးပမ်းလိုက်သည်။

“ကျွန်တော်ပြောချင်တာ နှစ်ခုရှိတယ်၊ ပထမတစ်ခုက ဒီဖုန်းက ဘက်ထရီကုန်တော့မယ်၊ ဒုတိယတစ်ခုကတော့ ကျွန်တော်နဲ့ စကားပြောဖို့အတွက် ဘဏ်ကောင်တာမှာရှိတဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုပေးပါ၊ ကျွန်တော် ခင်ဗျားကို နံပါတ်ပေးဖို့ မလိုဘူးလို့ ထင်တယ်နော်”

ဖုန်းပုကြွယ် ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။

“အမြန်လုပ်...”

ကလပ်တွန်သည် သူ့နောက်ရှိ စောင့်ကြည့်ကွပ်ကဲယာဉ်အတွင်းက လုပ်ဖော်ကိုင်ဖက်များကို လက်ဟန်ပြလိုက်လေသည်။

အတွင်းထဲရှိ ဝန်ထမ်းများအားလုံးမှာ စကားပြောဆိုသံများကို ကြားဖူးပြီးသားဖြစ်သဖြင့် ဖုန်းပုကြွယ် စကားပြောမပြီးသေးမီကတည်း လှုပ်ရှားနေကြပြီဖြစ်ရာ တစ်မိနစ်ပင်မပြည့်မီ အချိန်အတွင်း ဖုန်းလိုင်းကို ချိတ်ဆက်ပေးလိုက်နိုင်သည် ။

ကလပ်တွန်သည် ဖုန်းသံကို စက္ကန့်အနည်းငယ်ခန့် နားထောင်လိုက်ပြီးနောက် ဖုန်းပုကြွယ်၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ဒုတိယအချက်အနေနဲ့...”

သူက လိုရင်းကို တည့်ပြောလိုက်သည်။

“ကျွန်တော့်ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် လက်နက်ပစ္စည်းအပြည့်အစုံ တပ်ဆင်ထားပြီး ကောင်းကောင်းလေ့ကျင့်ထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လက်ရှိအချိန်မှာ ဒီအဆောက်အအုံထဲကို ဝင်ဖို့အတွက် ကြိုးစားနေလောက်ပြီ၊ သူတို့က ပထမထပ် ပြတင်းပေါက်တွေက သံတိုင်တွေကို ဖယ်ရှားဖို့ ကိရိယာတချို့သာ လိုပြီး အလွယ်တကူ ဝင်ရောက်နိုင်တယ်ဆိုတာ ကျွန်တော် သိထားတယ်၊ အနည်းဆုံး အခန်းငါးခန်းလောက်က ဝင်ပေါက်တွေ ဖြစ်နိုင်လိမ့်မယ်၊ ပြီးရင် သူတို့က ကျွန်တော်တို့ရဲ့ အရေအတွက်နဲ့ တည်နေရာကို အတည်ပြုဖို့အတွက် တိတ်တိတ်လေး ချဉ်းကပ်လာကြလိမ့်မယ်၊ နောက်တစ်ဆင့်အနေနဲ့ သူတို့ သင့်တော်ပြီး ယုံကြည်မှုရှိတဲ့ အချိန်တစ်ခုကို ရွေးပြီး ခင်ဗျားတို့လူတွေက အပြင်ကနေ လျှပ်စစ်မီးတွေ ဖြတ်တောက်ပစ်လိမ့်မယ်၊ ပြီးရင် ဒီနေရာတစ်ခုလုံး လုံးဝ အမှောင်ကျသွားလိမ့်မယ်၊ နောက်ဆုံးတော့ ကျွန်တော်တို့ သတိမပြုမိခင်မှာပဲ ညကြည့်မှန်ပြောင်းတပ်ထားတဲ့ သန်မာသူတချို့က ကျွန်တော်တို့ကို လက်နက်ဖြုတ်ပြီး ဖမ်းဆီးသွားကြလိမ့်မယ်”

ကလပ်တွန်သည် ဖုန်းမိုက်ခရိုဖုန်းကို လက်ဖြင့် အုပ်လိုက်ပြီး သူ့ဘေးက လူကို လှည့်ကြည့်လိုက်လေသည်။ သူ့မျက်နှာအမူအရာက အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။

“ငါတို့ထဲမှာ သစ္စာဖောက် ရှိနေတာလား”

သူက ဘေးလူကို ခပ်တိုးတိုး မေးမြန်းလိုက်သည်။

ဖုန်းပုကြွယ်က ဆက်လက်၍ “အထက်က အခြေအနေမျိုးကို ကျွန်တော် အရမ်းမုန်းတီးတာကြောင့် ကြိုတင်ကာကွယ်မှုတစ်ခုကို ဖန်တီးထားလိုက်ပါတယ်”

သူက ခဏရပ်တန့်၍ တည်ငြိမ်စွာ ဆို၏။

“ကျွန်တော် ဓားစာခံတချို့ကို မြေအောက်ဘဏ်တိုက်ထဲကို ရွှေ့ပြောင်းထားပြီး တံခါးရဲ့ လျှို့ဝှက်နံပါတ်ကိုလည်း ပြောင်းထားလိုက်ပြီ၊ အခန်းရဲ့ အရွယ်အစားနဲ့ လူဦးရေ အရေအတွက်အရ တွက်ချက်ရရင်တော့... အင်း... အောက်ဆီဂျင်က မိနစ်သုံးဆယ်လောက်ပဲ ခံလိမ့်မယ်”

All Chapters