အခန်း ၄၃၂
Vol. 22 Ch. 432
အခန်း (၄၃၂) - လူယုတ်မာများနှင့် စကားပြောဆိုခြင်းမှာ အချိန်ကုန်လူပန်းရုံသာ ရှိပေသည်
လင်းကျင်းသည် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်သော်လည်း သူ၏ မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် ၎င်းမှာ အရေးကြီးလှသောအရာ မဟုတ်ပါချေ။ ထို့နောက်တွင် သူသည် သောင်းကျန်းသူတစ်ဦးကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ၎င်းမှာ အတင်းအကျပ် ရယ်မောလိုက်ခြင်း ဖြစ်သဖြင့် လင်းကျင်း၏ ရယ်မောသံမှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှပြီး ထူးဆန်းနေခဲ့၏။
ထိုင်ရမည်လား။
လင်းကျင်းသည် မည်သည့်အခါမျှ ထိုင်လိမ့်မည် မဟုတ်ပါချေ။
တာအိုဆရာအိုကြီးသည် ဆန်းကြယ်လှသော အမူအရာများကို ပြုလုပ်ရန် ကြိုးပမ်းနေခဲ့သော်လည်း လင်းကျင်းအနေဖြင့် သူ့ကို အဖော်လုပ်ပေးရန်အတွက် အချိန်မရှိပါချေ။
လင်းကျင်းသည် သူ၏ ရင်ခွင်ထဲရှိ မြေခွေးမလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်၏။ ၎င်းမတိုင်မီမှာပင် သူသည် ရန်သူက ဤနေရာတစ်ဝိုက်တွင် ထောင်ချောက်တစ်ခုခု ဆင်မြန်းထားခြင်း ရှိမရှိကို သေချာစွာ စစ်ဆေးပြီး ဖြစ်ပေသည်။
သူသည် အထူးပင် သတိထားရပါမည်။
လင်းကျင်းအနေဖြင့် ရန်သူက ပြင်ဆင်ထားသော လက်ဖက်ရည်ကို သောက်သုံးရန် ငြင်းဆန်မည်မှာ ပြောနေစရာပင် မလိုပါချေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ထဲ၌ မကောင်းသော အဆိပ်အတောက်တစ်ခုခု ပါဝင်နေမည်မဟုတ်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။
လင်းကျင်းသည် ယခုအချိန်တွင် ရန်သူ၏ အစီအစဉ်အတိုင်း လိုက်ပါလုပ်ဆောင်ခြင်း မပြုဘဲ နေခြင်းက အကောင်းဆုံး ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားပေသည်။
တာအိုဆရာအိုကြီးသည် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး လင်းကျင်းဆီသို့ ကမ်းပေးလိုက်သော်လည်း သူသည် ၎င်းကို လက်ခံရယူခြင်းမရှိဘဲ မျောက်ဖြူကြီးရှိရာသို့ ညွှန်ပြလိုက်ကာ ပြောလိုက်၏။
"ဒီမျောက်က ငါ့ရဲ့ တပည့်တစ်ယောက်ပဲ၊ ငါက သူ့ကို အရမ်း သဘောကျတာ... တခြားလူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို ဒီအတိုင်း ယူဆောင်သွားတာက မသင့်တော်ဘူး မဟုတ်လား"
သူသည် စကားပြောရင်း သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။ မမြင်နိုင်သော လက်မောင်းတစ်စုံ၏ ပွေ့ချီခြင်းကို ခံလိုက်ရသည့်အလား မျောက်ဖြူကြီးသည် လင်းကျင်း ရှိရာ လမ်းကြောင်းဆီသို့ လေထဲ၌ လွင့်ပျံလာခဲ့၏။
"ဟင်"
တာအိုဆရာအိုကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မျောက်ဖြူကြီး၏ လည်ပင်းတွင် ချည်နှောင်ထားသော ကြိုးမှာ ရွှေရောင်အရှိန်အဝါများကို ထုတ်လွှင့်လာခဲ့ပြီး သူ့အား လင်းကျင်း၏ ထံမှနေ၍ နောက်သို့ ပြန်လည်ဆွဲငင်သွားခဲ့တော့သည်။
ခဏတာမျှ အချိန်အတွင်းမှာပင် စွမ်းအားနှစ်ခုမှာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြ၏။
လင်းကျင်းသည် သေချာပေါက်ပင် အရာဝတ္ထုများကို စိတ်ဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိပါချေ။ သူသည် သာမန်မျှသာ ဟန်ဆောင်နေခြင်း ဖြစ်ပြီး ရှန်းအာကသာ ထိုကယ်တင်ခြင်း လုပ်ငန်းစဉ်ကို နောက်ကွယ်မှနေ၍ ထိန်းချုပ်ပေးနေခဲ့ခြင်း ဖြစ်၏။ ရှန်းအာ၏ ထိုပညာရပ်အပေါ် ကျွမ်းကျင်မှုမှာ အလွန်ပင် ထူးချွန်လှသော်လည်း ယခုအခါ မျောက်ဖြူကြီးမှာ ထိုကြိုး၏ အသက်ရှူကျပ်အောင် ဖိနှိပ်မှုကြောင့် မျက်လုံးများ လည်နေခဲ့ပြီ ဖြစ်သဖြင့် သူမသည် မိမိ၏ စွမ်းအားကို လျှော့ချလိုက်ရတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍ သူတို့ထဲမှ တစ်ဦးဦးက ပြင်းထန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်မည်ဆိုပါက မျောက်ဖြူကြီးမှာ သေချာပေါက် အသက်ရှူကျပ်ကာ သေဆုံးသွားရပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေဖြင့် ဤအကျိုးမရှိလှသော လွန်ဆွဲခြင်းကို ဆက်လက်လုပ်ဆောင်မလား သို့မဟုတ် လက်လွှတ်လိုက်ပြီး အခြားနည်းလမ်းတစ်ခုခုကို အသုံးပြုမလားဆိုသည်ကို ရွေးချယ်ရတော့မည် ဖြစ်၏။
လင်းကျင်းသည် နှာခေါင်းရှုံ့လိုက်ရင်း ပြောဆိုလိုက်၏။
"ငါကတော့ လူယုတ်မာတွေနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်ဘူး... အကယ်၍ မင်းသာ မျောက်ဖြူကို ထိခိုက်အောင် ပြုလုပ်မယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ်"
ဤကဲ့သို့သော စကားမျိုးကို ပြောဆိုရန် မလိုအပ်သော်လည်း လင်းကျင်းသည် ထိုလူကို ခြောက်လှန့်ရန်အတွက် ပြောဆိုခဲ့ခြင်း မဟုတ်ပါချေ၊ ၎င်းမှာ အမှန်တကယ်တော့ အာရုံလွှဲရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်၏။
သူသည် စကားပြောနေစဉ်မှာပင် လင်းကျင်းသည် တာအိုဆရာအိုကြီးထံသို့ အနီးကပ် အကွာအဝေးမှနေ၍ မိုးကြိုးမီးတောက်အပ်တစ်စင်းကို ပစ်လွှတ်လိုက်တော့သည်။
လင်းကျင်းသည် တိုက်ခိုက်မှုကို စတင်သည့်အခါ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခဲ့ခြင်း မရှိပါချေ။ ရန်သူသည် လက်ဖက်ရည်ပူပူတစ်ခွက်ဖြင့် သူ့အား စောင့်ဆိုင်းရင်း ဟန်ဆောင်နေခဲ့ကတည်းက ဤနေရာတစ်ဝိုက်တွင် သေချာပေါက် ထောင်ချောက်တစ်ခုခု ရှိနေရပါမည်။ အကယ်၍ လင်းကျင်းသာ မိုက်မဲစွာဖြင့် ထိုင်ချလိုက်ပြီး သူနှင့် စကားလက်ဆုံ ပြောဆိုနေခဲ့မည်ဆိုပါက သူသည် သေချာပေါက်ပင် ရန်သူ၏ ကွပ်မျက်ရာ စင်မြင့်ထက်သို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားမိရပေလိမ့်မည်။
ရန်သူမှာ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သဖြင့် အကောင်းဆုံးသော နည်းဗျူဟာမှာ လက်ဦးမှုရယူကာ ပြင်းထန်စွာ တိုက်ခိုက်ရန်ပင် ဖြစ်၏။
သေချာပေါက်ပင် တာအိုဆရာအိုကြီးသည် လင်းကျင်းအနေဖြင့် မိမိအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ချက်ချင်း တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။ သူသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏ ခန္ဓာကိုယ်ထက်မှနေ၍ ချွေးစက်များစွာ စီးကျလာခဲ့ရတော့သည်။
မိုးကြိုးမီးတောက်အပ်၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသဖြင့် တာအိုဆရာအိုကြီး စကားတစ်ခွန်းမျှ မဆိုရသေးမီမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်သွားခဲ့၏။ ပုစဉ်းရင်ကွဲကောင်များ၏ အော်ဟစ်မြည်တမ်းသံများနှင့်အတူ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မီးပွားများမှာ နေရာအနှံ့သို့ လွင့်ပျံသွားခဲ့ကာ ကျောက်တုံးများကို အက်ကွဲသွားစေခဲ့သည့်အပြင် တောင်ထိပ်ရှိ တစ်ပင်တည်းသော သစ်ပင်ကြီးကိုလည်း ပြာကျလောင်ကျွမ်းသွားစေခဲ့တော့သည်။
ရှန်းအာသည် သူမ၏ အမြီးကို ဝှေ့ယမ်းလိုက်ပြီး ကျိယင်းကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သဖြင့် သူသည် တိုက်ပွဲ၏ လောင်ကျွမ်းမှုအတွင်း ပါဝင်သွားခြင်း မရှိခဲ့ပါချေ။ ထို့အပြင် သူမသည် သူမ၏ အရာဝတ္ထုများကို စိတ်ဖြင့် ထိန်းချုပ်နိုင်စွမ်း ပညာရပ်အပေါ်တွင်လည်း စွမ်းအားများကို ပိုမို၍ အသုံးပြုလိုက်တော့သည်။ မျောက်ဖြူကြီးသည် ထိုတောက်ပနေသော ကြိုး၏ ဘေးမှ ရုန်းထွက်နိုင်စွမ်းမရှိဘဲ ထိုကြိုးမှာလည်း သစ်ပင်တွင် ချည်နှောင်ထားခြင်း ဖြစ်သဖြင့် ရှန်းအာသည် အလေးချိန် ပေါင်ပေါင်း ထောင်ချီမျှ ရှိနေနိုင်သော ထိုသစ်ပင်ကြီးကို အမြစ်မှနေ၍ လှမ်း၍ နှုတ်ပစ်လိုက်တော့၏။
၎င်းမှာ သူတို့၏ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော်လည်း ယခုအခါ သူတို့အနေဖြင့် ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပါချေ။ ထိုကြိုးကို တာအိုဆရာအိုကြီးက ထိန်းချုပ်ထားနိုင်သော်လည်း သူသည် ရှန်းအာအနေဖြင့် ထိုသစ်ပင်ကြီးကို ယူဆောင်သွားခြင်းကိုမူ တားဆီးနိုင်စွမ်း မရှိပါချေ။
၎င်းမှာ တူကြီးတစ်ချောင်းဖြင့် သစ်စေ့ကို ခွဲလိုက်သည့်အလား ဖြစ်ပေသည်။
တာအိုဆရာအိုကြီးသည်လည်း ဤအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့သည်မှာ ထင်ရှားလှပေ၏။ သူသည် မိမိ၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်ထားသော ရွှေရောင်အရှိန်အဝါဖြင့် မိုးကြိုးမီးတောက်အပ်ကို ခုခံကာကွယ်နေခဲ့ရခြင်း ဖြစ်သည်။ သူ၏ ရတနာမှာ လုယူခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း ရိပ်မိသွားသည့်အခါ သူ၏ တည်ငြိမ်မှုများမှာ လုံးဝ ဥဿုံ ပျက်ပြယ်သွားခဲ့ရတော့၏။
"မင်းက ဘယ်လောက်တောင် အရှက်မရှိတာလဲ... တကယ့်ကို ယုတ်မာလွန်းတယ်"
တာအိုဆရာအိုကြီးက လင်းကျင်းကို အော်ဟစ်ဆဲဆိုလိုက်တော့သည်။ သူသည် ယခုကဲ့သို့ နာကျင်ခံခတ် ဖြစ်နေရခြင်းမှာ ထို 'နတ်ဘုရားချည်နှောင်သောကြိုး' မှာ သူ၏ လက်ထဲရှိ အကောင်းမွန်ဆုံးသော ရတနာ ဖြစ်ခြင်းကြောင့်ပင် ဖြစ်၏။
သူသည် ၎င်းကို သူ၏ ဆရာသခင်ထံမှနေ၍ အမွေဆက်ခံခဲ့ခြင်း ဖြစ်ပြီး ထိုကြိုး၏ ထူးခြားချက်မှာ ဤလောကအတွင်းရှိ လူသားများ၊ မိစ္ဆာများ၊ နတ်ဘုရားများ သို့မဟုတ် သရဲတစ္ဆေများ အပါအဝင် မည်သည့်အရာကိုမဆို ချည်နှောင်ထားနိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်ပေသည်။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းမှာ သူ၏ တန်ဖိုးအရှိဆုံးသော ပိုင်ဆိုင်မှု ဖြစ်၏။
တာအိုဆရာအိုကြီးအနေဖြင့် အချိန်ဆွဲနေရန် အခွင့်အရေး မရှိပါချေ။ အကယ်၍ သူက မျောက်ဖြူကြီးကို ဆက်လက်၍ ချည်နှောင်ထားမည်ဆိုပါက သူ၏ ရတနာမှာ ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွားတော့မည် ဖြစ်သဖြင့် သူသည် ချက်ချင်းပင် မန္တန်အသစ်တစ်ခုကို ရွတ်ဆိုလိုက်တော့သည်။ နောက်တစ်စက္ကန့်မှာပင် အိပ်စက်ရာမှ နိုးထလာသော မြွေတစ်ကောင်ကဲ့သို့ ထိုကြိုးသည် မျောက်ဖြူကြီးကို လွှတ်ပေးလိုက်ပြီး တာအိုဆရာအိုကြီး၏ လက်အင်္ကျီစထဲသို့ ချက်ချင်းပင် ပြန်လည်၍ တိုးဝင်သွားခဲ့တော့၏။
လင်းကျင်းသည် ဤကဲ့သို့သော ထူးခြားလှသည့် ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရသဖြင့် စိတ်ထဲ၌ နှမြောတသ ဖြစ်မိသွားခဲ့ရသည်။ ရှန်းအာ ယခုကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့စဉ်ကပင် လင်းကျင်းသည် သူမ၏ ရည်ရွယ်ချက်မှာ မျောက်ဖြူကြီးကို ကယ်တင်ရန်သာမက ရန်သူ၏ ရတနာကိုပါ တစ်ပြိုင်နက်တည်း သိမ်းပိုက်ရန် ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားခဲ့ခြင်း ဖြစ်၏။
ထိုအစီအစဉ် ပျက်ပြယ်သွားခဲ့ရခြင်းမှာ နှမြောစရာကောင်းလှပေသည်။
သို့သော်လည်း သူတို့အနေဖြင့် စိတ်သက်သာရာရစေသည့်အချက်မှာ မျောက်ဖြူကြီးကို ကယ်တင်နိုင်ခဲ့ခြင်းပင် ဖြစ်၏။
ယခုအခါ မျောက်ဖြူကြီးသည် ထိုကြိုး၏ ဖိနှိပ်ချုပ်ချယ်မှု ဘေးမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ သားရဲအရှိန်အဝါများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး စက္ကန့်ပိုင်းမျှ အချိန်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ မြင့်မားလှသော အရွယ်အစားအထိ ကြီးမားလာခဲ့တော့သည်။ သူ၏ မျက်လုံးများမှာ နီမြန်းနေခဲ့ပြီး ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်ကာ တာအိုဆရာအိုကြီးထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့၏။
မျောက်ဖြူကြီးသည် အကျဉ်းချခံထားရသည့် ကာလအတွင်း ထိုတာအိုဆရာအိုကြီး၏ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရသည်မှာ ထင်ရှားလှပေသည်။ သို့မဟုတ်လျှင်မူ သူသည် ယခုကဲ့သို့ အလွန်အမင်း ဒေါသထွက်နေလိမ့်မည် မဟုတ်ပါချေ။
"အဘိုးကြီး... ငါ မင်းကို ငါ့ရဲ့ လက်ဗလာနဲ့တင် တစ်စစီ ချေမှုန်းပစ်မယ်"
ထိုရတနာ၏ ဖိနှိပ်ချုပ်ချယ်မှု မရှိတော့သည့်အခါတွင် မျောက်ဖြူကြီး၏ သားရဲအရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူသည် စကားပြန်လည်ပြောဆိုနိုင်စွမ်းကိုလည်း ရရှိသွားခဲ့ပြီ ဖြစ်၏။ ထိုမျောက်ကြီးသည် သူ၏ လက်သီးကို မြှောက်လိုက်ပြီး တူကြီးတစ်ချောင်းဖြင့် ထုနှိပ်လိုက်သည့်အလား အောက်သို့ ထုချလိုက်တော့သည်။
ဤလက်သီးချက်မှာ သူတို့၏ ခြေဖဝါးအောက်ရှိ မြေပြင်ကိုပင် အလွယ်တကူ အက်ကွဲသွားစေနိုင်စွမ်း ရှိပေ၏။
တာအိုဆရာအိုကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"မင်းက သာမန် တောရိုင်းတိရစ္ဆာန်တစ်ကောင်သာသာ ရှိသေးတာပဲ၊ မင်းရဲ့ စကားပြောဆိုမှုကို သတိထားစမ်း"
သူသည် စကားပြောရင်း သူ၏ ဘေးပတ်ဝန်းကျင်ရှိ ရွှေရောင်အရှိန်အဝါများကို ပိုမို၍ အားကောင်းလာစေခဲ့ပြီး အရပ်မျက်နှာအနှံ့မှနေ၍ အနက်ရောင် ပိုးမွှားပေါင်းမြောက်မြားစွာမှာ တရှဲရှဲ မြည်သံများနှင့်အတူ ပြေးဝင်လာခဲ့ကြကာ သူတို့၏ ပစ်မှတ်မှာ မျောက်ဖြူကြီး၏ မြှောက်ထားသော လက်မောင်းပင် ဖြစ်၏။ ထိုအနက်ရောင် ပိုးမွှားများသည် သူ့ကို ဝိုင်းဝန်းကိုက်ခဲကြသဖြင့် မျောက်ဖြူကြီးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လင်းကျင်းသည် မျောက်ဖြူကြီးထံသို့ နဂါးမီးအရှိန်အဝါတစ်ခုကို အလျင်အမြန် ပစ်လွှတ်လိုက်ပြီး သူ့အား ထိုအန္တရာယ် ဘေးမှ ကယ်တင်ပေးလိုက်၏။
"မျောက်ဖြူ... နောက်ကို ဆုတ်လိုက်စမ်း"
လင်းကျင်းသည် တာအိုဆရာအိုကြီးမှာ အထူးသဖြင့် ပိုးမွှားများကို ထိန်းချုပ်သည့် နေရာတွင် မည်မျှအထိ စွမ်းဆောင်နိုင်စွမ်း ရှိကြောင်းကို ကောင်းစွာ နားလည်ထားပေသည်။ မျောက်ဖြူကြီးမှာ အလွန်ပင် အားကောင်းလှသော်လည်း တိုက်ပွဲက အမှန်တကယ် ပြင်းထန်လာခဲ့မည်ဆိုပါက သူသည် ထိုတာအိုဆရာအိုကြီး၏ ပြိုင်ဘက် မဟုတ်နိုင်ပါချေ။
သူသည် မျောက်ဖြူကြီးနှင့် ဒါလော့ဘုရားကျောင်းမှ ကျိယင်းတို့ကို ဖိနှိပ်ချုပ်ချယ်ထားနိုင်စွမ်း ရှိခြင်းကတင် ထိုတာအိုဆရာအိုကြီးမှာ မည်မျှအထိ ထူးခြားဆန်းကြယ်သူ ဖြစ်ကြောင်း ဖော်ပြနေခဲ့ခြင်း ဖြစ်၏။ မျောက်ဖြူကြီးကို ခေတ္တဘေးဖယ်ထားလျှင်ပင် လင်းကျင်းကိုယ်တိုင်ကပင် အထူးပင် သတိထားရမည် ဖြစ်ပေသည်။
သူ၏ ရင်ထဲ၌ ဒေါသများ တောက်လောင်နေခဲ့သော်လည်း မျောက်ဖြူကြီးမှာ မိုက်မဲသော သတ္တဝါတစ်ကောင် မဟုတ်ပါချေ။ သူ၏ အရေပြားမှာ ထူထပ်ကြမ်းတမ်းလှသော်လည်း ထိုပိုးမွှားအုပ်ကြီး၏ ကိုက်ခဲမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုမှာမူ အလွန်ပင် ပြင်းထန်လှပေသည်။ အကယ်၍ လင်းကျင်းသာ သူ၏ နဂါးမီးကို အသုံးပြု၍ ထိုပိုးမွှားများကို မောင်းထုတ်မပေးခဲ့လျှင် မျောက်ဖြူကြီး၏ လက်မောင်းတစ်ခုလုံးမှာ ယခုအချိန်တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်ရပါမည်။ ထို့ကြောင့် လင်းကျင်း၏ အမိန့်ကို ကြားရသောအခါ မျောက်ဖြူကြီးသည် ရှေ့တန်းမှနေ၍ အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားခဲ့တော့၏။
သူသည် တောင်ထိပ်၏ အောက်ခြေသို့ ခုန်ဆင်းလိုက်ပြီး သူ၏ ပုံမှန်အရွယ်အစားသို့ ပြန်လည်ပြောင်းလဲလိုက်တော့သည်။ တိုက်ဆိုင်စွာဖြင့်ပင် သူသည် ထူထပ်လှသော တောအုပ်အတွင်း၌ ပိုးမွှားများကို လိုက်လံထိုးဆိတ် စားသောက်နေသည့် ရွှေဝါလေးကို လှမ်း၍ မြင်တွေ့လိုက်ရ၏။
မျောက်ဖြူကြီးသည် အလွန်ပင် ဝမ်းသာသွားခဲ့ရပြီး လှမ်း၍မေးလိုက်၏။
"ရွှေဝါလေး... မင်းလည်း လိုက်လာတာလား"
ရွှေဝါလေးနှင့် မျောက်ဖြူကြီးတို့မှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသော မိတ်ဆွေကောင်းများ ဖြစ်ကြပေသည်။ မျောက်ဖြူကြီးကို မြင်တွေ့လိုက်ရသောအခါ ရွှေဝါလေးသည် အကြိမ်အနည်းငယ်မျှ တွန်ကျူးလိုက်ပြီး သူ၏ အတောင်ပံများကို တဖြတ်ဖြတ် ခတ်လိုက်၏။ ၎င်းမှာ ထိုကြက်ဖကြီးအနေဖြင့် မိမိ၏ မိတ်ဆွေကို နှုတ်ဆက်လိုက်သည့် နည်းလမ်းပင် ဖြစ်၏။
"မင်းနဲ့ ဒီမှာ ဆုံရတာ တကယ်ပဲ ဝမ်းသာဖို့ ကောင်းလိုက်တာ... မင်း ငါ့အတွက် ကတုံးပေါ်ထိပ်ကွက် လုပ်ပေးရမယ်၊ ကြည့်စမ်း... သူတို့ ငါ့ကို ဘယ်လောက်တောင် နှိပ်စက်ထားလဲဆိုတာ"
မျောက်ဖြူကြီးသည် မိမိ၏ ရင်ထဲရှိ ဒေါသများကို ရန်သူ့အပေါ်သို့ မပုံချရသေးမီမှာပင် နောက်သို့ ဆုတ်ခွာရန် ညွှန်ကြားခြင်း ခံခဲ့ရသဖြင့် သူ၏ တစ်ခုတည်းသော ကတုံးပေါ်ထိပ်ကွက် လုပ်မည့် မျှော်လင့်ချက်မှာ ရွှေဝါလေးသာ ဖြစ်တော့ပေသည်။ ထို့ကြောင့် သူသည် မိမိ အကျဉ်းချခံထားရစဉ်က ကြုံတွေ့ခဲ့ရသော အခြေအနေများကို ကြက်ဖကြီးအား လှမ်း၍ ပြောပြလိုက်တော့၏။ ပို၍ ထိရောက်သွားစေရန်အတွက် မျောက်ဖြူကြီးသည် ငိုယိုပြရင်း သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ခြင်း ဖြစ်ပေသည်။
သေချာပေါက်ပင် ရွှေဝါလေးသည် သူ၏ စကားကို ကြားရသောအခါ အလွန်ပင် ဒေါသထွက်မိသွားခဲ့ပြီး သူ၏ အမောက်မှာ မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။
"ကုတ် ကုတ် ကုတ်"
"မင်းက ဘယ်သူလဲလို့ မေးနေတာလား... အဲဒါ တောင်ပေါ်က တာအိုဆရာအိုကြီးလေ... သူက အလွန်ပဲ စွမ်းအားကြီးပြီးတော့ အဆိပ်ရှိတဲ့ ပိုးမွှားမျိုးစုံကို ထိန်းချုပ်နိုင်စွမ်း ရှိတာ... အဲဒီမှာ ကြိုးတစ်ချောင်း ရှိသေးတယ်၊ အဲဒါက ငါ့ရဲ့ လည်ပင်းကို ရစ်ပတ်လိုက်တာနဲ့တင် ငါ့ကို လုံးဝ မလှုပ်ရှားနိုင်အောင် လုပ်ထားနိုင်တာ"
"ကုတ်.. ကုတ်"
"မင်းက ငါ့အတွက် ကတုံးပေါ်ထိပ်ကွက် လုပ်ပေးမလို့လား... တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ တကယ်လို့ မင်းသာ ငါ့အတွက် ကတုံးပေါ်ထိပ်ကွက် လုပ်ပေးနိုင်မယ်ဆိုရင် နောက်ဆိုရင် ငါ မင်းကို ငါ့ရဲ့ အစ်ကိုကြီးလို့ပဲ ခေါ်ပါတော့မယ်"
မျောက်ဖြူကြီးက လေးနက်လှသော လေသံဖြင့် ပြောဆိုလိုက်တော့သည်။
ကြက်ဖတစ်ကောင်နှင့် မျောက်ဖြူတစ်ကောင်တို့မှာ တစ်ဦးနှင့်တစ်ဦး အလွန်ပင် အားရပါးရ စကားပြောဆိုနေခဲ့ကြ၏။
ထို့နောက်တွင် ရွှေဝါလေးသည် အကြိမ်အနည်းငယ်မျှ ကျယ်လောင်စွာ တွန်ကျူးလိုက်ပြီးနောက် သူ၏ အတောင်ပံများကို ခတ်လိုက်ကာ တောင်ပေါ်သို့ ပြေးတက်ရန်အတွက် ပြင်ဆင်လိုက်တော့သည်။