အခန်း ၄၃၅
Vol. 22 Ch. 435
အခန်း (၄၃၅) - တာအိုဆရာ၏ နောက်ခံသမိုင်းကြောင်း
မလှမ်းမကမ်းတွင် မျောက်ဖြူကြီး၏ ပုံရိပ်သည် သူတို့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရ၏။ သူ ရောက်ရှိလာသည့်အခါ ကျိယင်းမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး မျောက်ဖြူကြီး၏ ကျောပေါ်တွင် တွယ်ကပ်နေခဲ့သည်ကို တွေ့လိုက်ရသည်။ လင်းကျင်းနှင့် ရှန်းအာတို့ကို မြင်တွေ့လိုက်ရသောအခါ ကျိယင်းသည် အနည်းငယ်မျှ မှင်တက်သွားခဲ့ရ၏။ သို့သော်လည်း သူသည် သူ၏ သတိတရားများကို အလျင်အမြန်ပင် ပြန်လည်စုစည်းလိုက်ပြီး မျောက်ဖြူကြီး၏ ကျောပေါ်မှ ဆင်းကာ ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအတိုင်း လက်အုပ်ချီ၍ နှုတ်ဆက်လိုက်တော့သည်။
"ကျုပ်ရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ပြတိုက်မှူး"
"အရှင်ဘုရား... မလှုပ်ပါနဲ့ဦး"
လင်းကျင်းသည် ကျိယင်း၏ ခန္ဓာကိုယ်တွင် မည်သည့်အရာ မှားယွင်းနေကြောင်းကို ရိပ်မိလိုက်သဖြင့် သူသည် ကျိယင်း၏ သွေးကြောတစ်ခုထံသို့ အပ်တစ်စင်းကို လှမ်း၍ ပစ်လွှတ်လိုက်တော့၏။ နောက်တစ်စက္ကန့်တွင် ကျိယင်းသည် နာကျင်စွာဖြင့် မျက်နှာပျက်သွားခဲ့ရပြီး သူ၏ သွေးကြောများမှာ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ရာ လှုပ်ရှားနေသည့်အလား ပြင်းထန်စွာ တုန်ခါလာခဲ့ရသည်။
မကြာမီ အချိန်အတွင်းမှာပင် ကျိယင်းသည် ရုတ်တရက် အော့အန်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ကာ အန်ထုတ်လိုက်တော့၏။
များပြားလှသော အရာဝတ္ထုများသည် သူ၏ အစာအိမ်အတွင်းမှနေ၍ မြေပြင်ထက်သို့ ပြုတ်ကျလာခဲ့ကြပြီး ၎င်းတို့အလယ်တွင် ကြီးမားလှသော သန်ကောင်ကြီးတစ်ကောင်မှာ တွားသွားလှုပ်ရှားနေခဲ့သည်ကို မြင်တွေ့လိုက်ရပေသည်။
အန်ထုတ်ပြီးသွားသည့်နောက်တွင် ကျိယင်း၏ အခြေအနေမှာ ယခင်ကထက် သိသာစွာပင် ပိုမို၍ ကောင်းမွန်လာခဲ့ပြီ ဖြစ်ရာ သူသည် လင်းကျင်းကို နောက်တစ်ကြိမ် ထပ်မံ၍ ဦးညွှတ်လိုက်တော့၏။
"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ပြတိုက်မှူး... မဟုတ်ရင်တော့ ကျွန်ုပ်အနေနဲ့ ဒါလော့ဘုရားကျောင်းသို့ ပြန်လည်ရောက်ရှိတဲ့အထိ ဒီပိုးမွှားကျိန်စာကို ချိုးဖျက်နိုင်ဖို့အတွက် စောင့်ဆိုင်းနေရပါလိမ့်မယ်"
မေးခွန်းအချို့ကို မေးမြန်းကြည့်လိုက်ပြီးနောက် လင်းကျင်းသည် ကျိယင်းမှာ ယခင်က မျောက်ဖြူကြီးကို သတ်ဖြတ်ရန်အတွက် ကျူရိပ်မြို့၏ ချောင်အိမ်တော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ကျိယင်းသည် အပြစ်မဲ့သော လူသားများ ဘေးဒုက္ခကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သော်လည်း သူ့အား အံ့အားသင့်သွားစေသည့်အချက်မှာ မျောက်ဖြူကြီး၏ ထွက်ပြေးတိမ်းရှောင်မှုပင် ဖြစ်ပေသည်။ မျောက်ဖြူကြီးသည် ကျူရိပ်မြို့ရှိ လူသားများကို ဘေးအန္တရာယ် မကြုံတွေ့စေရန်အတွက် ယခုကဲ့သို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သူ နောက်ပိုင်းတွင် သိရှိခဲ့ရသည်။
ထို့နောက်တွင် သူနှင့် မျောက်ဖြူကြီးအကြား ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရ၏။ အံ့အားသင့်ဖွယ်ကောင်းစွာပင် သူတို့၏ စွမ်းအားများမှာ တန်းတူမျှ ရှိနေခဲ့ကြသော်လည်း အချို့သော အချိန်များတွင် ကျိယင်းက အနည်းငယ်မျှ အသာစီးရရှိခဲ့ပေသည်။ ထိုအချိန်မှာပင် မည်သည့်နေရာမှ ရောက်ရှိလာသည်မသိရဘဲ တာအိုဆရာအိုကြီးသည် သူတို့နှစ်ဦးလုံးကို ရုတ်တရက် ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သူတို့နှစ်ဦးလုံးလည်း ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
မျောက်ဖြူကြီးမှာ နတ်ဘုရားချည်နှောင်သောကြိုး၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရပြီး ကျိယင်းမှာမူ ပိုးမွှားကျိန်စာတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ လွန်ခဲ့သော ရက်အနည်းငယ်မှာ သူတို့အတွက် တကယ့်ကို ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ခဲ့ရသည်။
ကံကောင်းလှစွာပင် ကျိယင်း၏ ပြင်းထန်လှသော စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်သာ သူသည် ဤဆိုးရွားလှသော ဒုက္ခဘေးမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
"ကျွန်ုပ် အဲဒီတာအိုဆရာရဲ့ နောက်ခံသမိုင်းကြောင်းကို မသိပေမဲ့ သူ့မှာ ပိုးမွှားတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အတုမရှိတဲ့ စွမ်းရည်တစ်ခု ရှိနေခဲ့တာပဲ.. ကျွန်ုပ်တို့ကျောင်းတော်ရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးတောင်မှ သူ့ကို ယှဉ်နိုင်ဖို့က မလွယ်ကူဘူး"
ကျိယင်းက ကြောက်ရွံ့တကြားဖြင့် မှတ်ချက်ချလိုက်တော့သည်။
သူကိုယ်တိုင်ကလည်း မိစ္ဆာများနှင့် နတ်ဆိုးများကို လိုက်လံသတ်ဖြတ်ခဲ့သည့် နှစ်ပေါင်း တစ်ဆယ်ခန့်အတွင်းတွင် သူ့အား ယခုကဲ့သို့ ချွေးပြန်သွားစေနိုင်သော ပြိုင်ဘက်မျိုးနှင့်တစ်ကြိမ်မျှပင် မကြုံတွေ့ဖူးသဖြင့် သူသည် မိမိကိုယ်ကိုယ် အလွန်ပင် အထင်ကြီးနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဤဆိုးရွားလှသော အတွေ့အကြုံမှာ ကျိယင်း၏ မာနတရားများကို လျှော့ချပစ်ရန်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားခဲ့ရတော့သည်။
လင်းကျင်းသည် ကျိယင်း ထုတ်ဖော်ပြောဆိုလိုက်သော အကြောင်းအရာများကို ရှင်းလင်းစွာ သိရှိလိုမိပေသည်။
သူတို့ ယခင်က တိုက်ခိုက်ခဲ့ကြသော တောင်ထိပ်မှာ ယခုအခါတွင်မူ လုံးဝ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်၏။ ရှန်းအာ၏ အရာဝတ္ထုများကို စိတ်ဖြင့် ထိန်းချုပ်နိုင်စွမ်း ပညာရပ်ကြောင့် ဤနေရာတစ်ဝိုက်ရှိ သစ်ပင်အားလုံးမှာ အမြစ်မှနေ၍ ပြုတ်ထွက်ကုန်ကြပြီ ဖြစ်သည်။ ကျောက်တုံးများပင်လျှင် လွတ်မြောက်ခြင်းမရှိခဲ့ဘဲ အချို့မှာ တိုက်ပွဲအတွင်း၌ တိုက်ခိုက်ရေး လက်နက်များအဖြစ် အသုံးပြုခြင်း ခံခဲ့ရပေသည်။
အဆုံးမရှိလှသော အဆိပ်ရှိ ပိုးမွှားပင်လယ်ကြီးမှာ ယခုအခါတွင်မူ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သော်လည်း အချို့သော ပိုးမွှားများမှာမူ ကျန်ရှိနေခဲ့ဆဲ ဖြစ်သဖြင့် ရွှေဝါလေးအတွက်မူ တကယ့်ကို ကောင်းမွန်လှသော စားပွဲသောက်ပွဲကြီးတစ်ခု ဖြစ်နေခဲ့ရတော့သည်။ လင်းကျင်းသည် ရွှေဝါလေးကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်သော်လည်း သူ၏ ထံတွင် ထူးခြားလှသော စရိုက်လက္ခဏာများကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိပါချေ၊ မည်သို့ပင် ဖြစ်စေ၊ ထိုကြက်ဖကြီးသည် တာအိုဆရာအိုကြီးထံမှ ရွှေရောင်ပုစဉ်းရင်ကွဲကောင်တစ်ကောင်ကို ထိုးဆိတ်ကာ မြိုချပစ်လိုက်ခြင်း ဖြစ်ကြောင်း ရှန်းအာက သူ့အား ပြောပြထားခဲ့သည်။
တာအိုဆရာအိုကြီး၏ အရိုးစုကို မြင်တွေ့ရသည်မှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းပေသည်။ သူကိုယ်တိုင် ဆင့်ခေါ်ခဲ့သော ပိုးမွှားအုပ်ကြီး၏ လက်ချက်ဖြင့်ပင် သူကိုယ်တိုင် သေဆုံးသွားခဲ့ရခြင်းမှာ တကယ့်ကို သရော်စာတစ်ခုပါပဲ။ သို့သော်လည်း လင်းကျင်းအနေဖြင့်မူ ထိုသူသည် ယခုကဲ့သို့သော ရလဒ်မျိုးနှင့် ထိုက်တန်လှကြောင်း သေချာစွာ သိရှိထားသည်။
အမြဲမှတ်သားထားရမည့်အချက်မှာ အဆိပ်ရှိ ပိုးမွှားများသည် အသားကိုသာ ဝါးမြိုကြခြင်း ဖြစ်ပြီး အရိုးများနှင့် အဝတ်အစားများ သို့မဟုတ် အခြားသော သက်မဲ့အရာဝတ္ထုများကိုမူ ဝါးမြိုခြင်း မပြုကြပါချေ။ ထို့ကြောင့် ဤနေရာကို ရှာဖွေကြည့်လိုက်ပြီးနောက် သူတို့သည် အမျိုးမျိုးသော ပစ္စည်းများကို ရှာဖွေတွေ့ရှိလိုက်ကြတော့သည်။
တာအိုဆရာအိုကြီး၏ အဝတ်အစားများအတွင်းတွင် ပိုးမွှားထိန်းချုပ်ခြင်းဆိုင်ရာ လက်ဖွဲ့ပေါင်းမြောက်မြားစွာ ရှိနေခဲ့ကြပြီး တစ်ခုချင်းစီမှာ တစ်ခုထက်တစ်ခု ပိုမို၍ ခြောက်ခြားဖွယ် ကောင်းလှသည်။ လင်းကျင်းသည် ‘ပိုးမွှားမန္တန်’ဟု ကမ္ပည်းရေးထိုးထားသော ခရမ်းရောင် စာအုပ်ငယ်လေးတစ်အုပ်ကိုပါ ရှာဖွေတွေ့ရှိလိုက်သေး၏။
‘တကယ့်ကို အထင်ကြီးစရာပဲ’ လင်းကျင်းသည် ထိုစာလုံးများကို ကြည့်ရှုရင်း သူ၏ မျက်ခုံးများကို အသာအယာ တွန့်လိုက်မိသည်။
ဤကမ္ဘာလောကတွင် ‘မန္တန်’ သို့မဟုတ် ‘ကျမ်းစာ’ ဟု အမည်ပေးထားသော အရာမှန်သမျှမှာ အမြဲလိုလိုပင် အလွန်တန်ဖိုးရှိလှသော ဖန်တီးမှုများ ဖြစ်ကြပေသည်။ ၎င်းမှာ မန္တန်ပညာရပ်များအတွက်လည်း သက်ရောက်မှု ရှိပေသည်။ များသောအားဖြင့် သာမန်မန္တန်များကိုမူ ‘လှည့်ကွက်ငယ်လေးများ’ သို့မဟုတ် ‘မန္တန်ငယ်လေးများ’ ဟုသာ သတ်မှတ်လေ့ရှိကြပြီး ကျင့်ကြံသူများသည် ၎င်းတို့အပေါ်တွင် နှိမ့်ချလေ့ရှိကြ၏။ မိမိတို့၏ မန္တန်များကို ‘မန္တန်’ သို့မဟုတ် ‘ကျမ်းစာ’ ဟု ခေါ်ဆိုဝံ့သူများသည် ၎င်းတို့ကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း သယ်ဆောင်သွားရန် ကြိုးပမ်းလေ့ရှိကြသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အဆင့်မြင့်မားလှသော ပညာရပ်များ ဖြစ်ကြသောကြောင့်ပင်။
လင်းကျင်းသည် ဤဖန်တီးမှု၏ ရေးသားသူ အမည်ကို သေချာစွာ လေ့လာကြည့်လိုက်၏။ ၎င်းမှာ တာအိုဆရာတစ်ဦး၏ အမည် ဖြစ်သဖြင့် အခြားသော စကားလုံးဖြင့် ပြောရမည်ဆိုပါက ယခုသေဆုံးသွားခဲ့သော တာအိုဆရာအိုကြီးကိုယ်တိုင် ရေးသားခဲ့သော စာအုပ် ဖြစ်ပေသည်။
သူကိုယ်တိုင် သုတေသနပြုလုပ်ထားသော နည်းလမ်းများကို ‘မန္တန်’ ဟု ခေါ်ဆိုခဲ့ခြင်းကပင် ထိုတာအိုဆရာအိုကြီး မည်မျှအထိ မာနကြီးလှကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်၏။
အမှန်အတိုင်း ချီးကျူးရမည်ဆိုလျှင် ထိုလူ ယခင်က ထုတ်ဖော်ပြသခဲ့သော စွမ်းဆောင်ရည်များမှာ အမှန်တကယ်ပင် စွမ်းအားကြီးမားလှပေသည်။ သူ၏ ‘ပိုးမွှားများ နိုးထခြင်း’ မန္တန်မှာ အထူးပင် ပြောင်မြောက်လှပေသည်။ ၎င်းမှာ မိုင်ပေါင်း ဆယ်ဂဏန်းအတွင်းရှိ အဆိပ်ရှိ ပိုးမွှားအားလုံးကို နိုးထလာစေခဲ့ပြီး သူတို့ကို သွေးဆာလှသော ရူးသွပ်မှုများအတွင်းသို့ တွန်းပို့ပေးခဲ့ခြင်း ဖြစ်၏။ ထိုလူသည် ပိုးမွှားများကို တိုက်ခိုက်ရေးအတွက် အချို့သော ပုံသဏ္ဌာန်များအဖြစ်အထိ စုစည်းပေးနိုင်ခဲ့ခြင်း ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းလှသော စွမ်းဆောင်ရည်တစ်ခု ဖြစ်သည်။
လင်းကျင်းမှာ မာနကြီးသူတစ်ဦး မဟုတ်ပါချေ၊ ထို့ကြောင့် တာအိုဆရာအိုကြီးအပေါ်တွင် သူ၏ ပထမဆုံးသော အတွေးမှာ ‘မာနကြီးလွန်းခြင်း’ ဖြစ်သော်လည်း သေချာစွာ ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက်တွင်မူ ထိုတာအိုဆရာအိုကြီးမှာ ပိုးမွှားများကို ထိန်းချုပ်သည့် နေရာတွင် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ကြောင်း လက်ခံလိုက်ရတော့သည်။
ယခုကဲ့သို့သော မန္တန်မျိုးကို ရွတ်ဆိုနိုင်စွမ်းရှိသည့် နေရာတွင် ထိုတာအိုဆရာအိုကြီးကို ယှဉ်ပြိုင်နိုင်မည့်သူမှာ လက်ချိုးရေတွက်နိုင်လောက်အောင်ပင် နည်းပါးပေလိမ့်မည်။
နှမြောစရာကောင်းလှသည်မှာ လင်းကျင်းအနေဖြင့် ပိုးမွှားများကို ထိန်းချုပ်သည့် ဤပညာရပ်အပေါ်တွင် အနည်းငယ်မျှ စိတ်ဝင်စားမှု ရှိနေခဲ့သော်လည်း သူသည် မိမိ မတတ်နိုင်သော အရာကို အတင်းအဓမ္မ ကြိုးပမ်းခြင်းမပြုရန် ကောင်းစွာ သိရှိထားခြင်း ဖြစ်၏။ ဤကမ္ဘာလောကတွင် များပြားလှသော မန္တန်များနှင့်အတူ မရေတွက်နိုင်အောင်ပင် များပြားလှသော ကျင့်စဉ်နည်းလမ်းများ ရှိနေခဲ့ကြသည်။ လူတစ်ဦးအနေဖြင့် ၎င်းတို့အားလုံးကို တတ်မြောက်နိုင်စရာ မရှိသကဲ့သို့ အကယ်၍ တတ်မြောက်ခဲ့လျှင်ပင် ပိုမို၍ ဝေးကွာသော နေရာသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါချေ။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ မန္တန်ပညာရပ်များတွင် အရေအတွက်ထက် အရည်အချင်းကိုသာ ပိုမို၍ တန်ဖိုးထားလေ့ ရှိကြပေသည်။
လင်းကျင်းအနေဖြင့် ဤ ‘ပိုးမွှားမန္တန်’ ကို ကျင့်ကြံလိမ့်မည် မဟုတ်သော်လည်း သူသည် ၎င်းကို ထိန်းသိမ်းထားနိုင်ပြီး နောင်အနာဂတ်တွင် ဤနယ်ပယ်နှင့် ကိုက်ညီလှသော စိတ်သဘောထား ကောင်းမွန်သည့် လူတစ်ဦးထံသို့ လက်ဆင့်ကမ်း ပေးအပ်နိုင်သည်။
ဤသို့ဖြင့် ဤပညာရပ်မှာ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သကဲ့သို့ ကမ္ဘာလောကကြီးအတွက်လည်း ဘေးဒုက္ခများကို သယ်ဆောင်လာလိမ့်မည် မဟုတ်ပါချေ။
ပိုးမွှားမန္တန်အပြင် လင်းကျင်းသည် အခြားသော စာအုပ်တစ်အုပ်ကိုပါ ထပ်မံ၍ ရှာဖွေတွေ့ရှိလိုက်သေး၏။
ထိုစာအုပ်အတွင်း၌ ပါဝင်သောအရာမှာ မန္တန်များနှင့်ဆိုင်သော အချက်အလက်များ မဟုတ်ပေ။ ၎င်းမှာ နေ့စဉ်မှတ်တမ်းတစ်ခုနှင့် ပိုမို၍ တူညီနေခဲ့ပြီး လင်းကျင်းသည် ၎င်း၏ အချက်အလက်များကို ပထမဆုံးအကြိမ် ကြည့်ရှုလိုက်ရရုံဖြင့်ပင် အထူးပင် စိတ်ဝင်စားသွားခဲ့ရတော့သည်။
ထိုစာအုပ်အတွင်း၌ တာအိုဆရာအိုကြီး၏ နောက်ခံသမိုင်းကြောင်းနှင့် သူ၏ ပညာရပ်များ၏ မြစ်ဖျားခံရာ အကြောင်းအရာများကို ဖော်ပြထားခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ကျန်ရှိနေခဲ့သော အချက်အလက် အစအနများနှင့် လင်းကျင်း၏ ယခင်က အတွေးအမြင်များကို ပေါင်းစပ်ကြည့်လိုက်ပြီးနောက်တွင်မူ ယခုအခါ သူသည် တာအိုဆရာအိုကြီးက အဘယ်ကြောင့် မိမိကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ရခြင်း ဖြစ်ကြောင်းကို အကြမ်းဖျင်းအားဖြင့် သိရှိသွားခဲ့ရတော့သည်။
သူ ထင်မြင်ယူဆထားခဲ့သည့်အတိုင်းပင် တာအိုဆရာအိုကြီးသည် သူ့အား အနိုင်ယူရန်အတွက် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာတွင် တာအိုဆရာအိုကြီးအပြင် အခြားသော ထင်ရှားသည့် လူသားတစ်ဦးလည်း ရှိနေခဲ့သေး၏။
ထိုသူမှာ တာအိုအရှင်ပင် ဖြစ်ပေသည်။
အတိတ်ကာလများက လင်းကျင်းသည် ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ထံမှ ထိုသူ၏ အမည်ကို ရံဖန်ရံခါ ကြားဖူးခဲ့ခြင်း ဖြစ်၏။ သူသည် လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းခန့်က လူဆိုးများအကြားတွင် အလွန်ပင် ထင်ရှားလှသော လူသားတစ်ဦး ဖြစ်ပုံရပေသည်။
တာအိုအရှင်သည် လူဆိုးများအပေါ်တွင် စိုးမိုးအုပ်ချုပ်ခဲ့ဖူးသော အချိန်ကာလတစ်ခုပင် ရှိခဲ့ဖူးပြီး ထိပ်တန်းနိုင်ငံကြီးများပင်လျှင် သူ၏ အမိန့်များကို နာခံခဲ့ကြရဖူး၏။
ထိုတာအိုအရှင်သည် အတိတ်ကာလက မည်မျှအထိ အစွမ်းထက်လှကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။
တာအိုအရှင်၏ အခြားသော အောင်မြင်မှုများအပြင် သူ၏ အံ့အားသင့်ဖွယ် ကောင်းလှသော သားရဲအကဲဖြတ်ခြင်း စွမ်းရည်များနှင့် ပတ်သက်၍လည်း အမျိုးမျိုးသော ပုံပြင်များ ရှိနေခဲ့ကြသေးသည်။
သေချာပေါက်ပင် လင်းကျင်းသည် ထိုကောလာဟလများကို လုံးဝ ဥဿုံ ယုံကြည်ခြင်း မရှိပါချေ။ ထို့အပြင် ထိုလူသည် လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းခန့်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ရပါမည်၊ ထို့ကြောင့် လင်းကျင်းအနေဖြင့် သူ၏ အကြောင်းနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်နေရန် မလိုအပ်ပါချေ။
ကံကောင်းလှစွာပင် တာအိုဆရာအိုကြီး၏ နေ့စဉ်မှတ်တမ်းအတွင်း၌ တာအိုအရှင်နှင့် ပတ်သက်သော အချို့သော အချက်အလက်များ ပါဝင်နေခဲ့ခြင်း ဖြစ်၏။
‘တာအိုဆရာ’ ဆိုသည့် အမည်မှာ တာအိုအရှင်က သူ၏ တပည့်များအပေါ်တွင် ပေးသနားထားခဲ့သော နာမည်ပြောင်တစ်ခုမျှသာ ဖြစ်ပေသည်။
ယခု သေဆုံးသွားခဲ့သော တာအိုဆရာအိုကြီးမှာ အမှန်တကယ်တော့ ‘ပိုးမွှားတာအိုဆရာ’ဟု ခေါ်ဆိုသောသူ ဖြစ်၏။ နေ့စဉ်မှတ်တမ်း၏ ဖော်ပြချက်များအရ တာအိုအရှင်၏ လက်အောက်တွင် ‘သားရဲတာအိုဆရာ ခြောက်ဦး’ ရှိနေခဲ့ကြခြင်း ဖြစ်ပြီး ပိုးမွှားတာအိုဆရာမှာ ၎င်းတို့အနက်မှ တစ်ဦး ဖြစ်သည်။
ကျန်ရှိနေခဲ့သော အခြားသော တာအိုဆရာ ငါးဦးမှာမူ နဂါးတာအိုဆရာ၊ ကျားတာအိုဆရာ၊ ကြိုးကြာတာအိုဆရာ၊ အလောင်းကောင်တာအိုဆရာနှင့် ဝိညာဉ်တာအိုဆရာတို့ ဖြစ်ကြကြောင်း နေ့စဉ်မှတ်တမ်းအတွင်း၌ ရေးသားထားခဲ့သည်။
ဤပိုးမွှားတာအိုဆရာအပါအဝင် သူတို့အားလုံးကို စုစည်းလိုက်သည့်အခါတွင်မူ ‘သားရဲတာအိုဆရာ ခြောက်ဦး’ ဖြစ်လာခဲ့ကြခြင်း ဖြစ်၏။
ဤနေရာအထိ ဖတ်ရှုပြီးသွားသည့်အခါ လင်းကျင်းသည် အသာအယာ ရယ်မောလိုက်မိတော့သည်။
ဤတာအိုအရှင်မှာ တကယ့်ကို ရယ်စရာကောင်းသော လူသားတစ်ဦးပင်။ သူသည် ယခုကဲ့သို့သော ရယ်စရာကောင်းလှသည့် အမည်များကို မည်သို့ပင် တွေးတောကြံဆနိုင်ခဲ့ရတာလဲ။ သူ၏ ရင်ထဲ၌ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသော်လည်း အကယ်၍ လင်းကျင်းကိုယ်တိုင်သာ ယခုကဲ့သို့သော အမည်များကို ပေးရမည်ဆိုပါက သူသည်လည်း ပြောပြမတတ်အောင်ပင် ရှက်ရွံ့မိပေလိမ့်မည်။
သို့သော်လည်း လင်းကျင်းသည် ပိုးမွှားတာအိုဆရာကိုယ်တိုင် လက်ဖြင့် ရေးဆွဲထားခဲ့သော ပုံတူပန်းချီကားတစ်ချပ်ဆီသို့ လှန်လှောကြည့်ရှုလိုက်သည့် အခါတွင်မူ သူသည် မှင်တက်သွားခဲ့ရတော့၏။
ပိုးမွှားတာအိုဆရာတွင် အလွန်ပင် ပြောင်မြောက်လှသော အရေးအသား စွမ်းရည်တစ်ခု ရှိနေခဲ့ပြီး ၎င်းကို သူ ရေးသားထားခဲ့သော ပိုးမွှားမန္တန်အတွင်းရှိ စာလုံးများကို ကြည့်ရုံဖြင့် သိရှိနိုင်ပေသည်။ များသောအားဖြင့် လှပလှသော လက်ရေးလက်ရာကို ပိုင်ဆိုင်ထားကြသူများသည် ပန်းချီရေးဆွဲသည့် နေရာတွင်လည်း ထူးချွန်လေ့ ရှိကြပေသည်။
လင်းကျင်းအတွက်မူ ပိုးမွှားတာအိုဆရာမှာ အမှန်တကယ်ပင် ပြောင်မြောက်လှသော ပန်းချီဆရာကြီးတစ်ဦး ဖြစ်ပြီး သူ၏ စာကြောင်းတိုင်းမှာ အလွန်ပင် စနစ်ကျလှပေသည်။ သူသည် ဤပုံတူပန်းချီကားငယ်လေးအတွင်း၌ တာအိုအရှင်အား အသက်ရှင်နေသည့်အလား ပုံဖော်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
လင်းကျင်းကို အံ့အားသင့်သွားစေသည့်အချက်မှာ တာအိုအရှင်၏ မျက်နှာပင် ဖြစ်ပေသည်။
ပန်းချီကားအတွင်းတွင် တာအိုအရှင်သည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားခဲ့သည်။