အခန်း ၄၄၀
Vol. 22 Ch. 440
အခန်း (၄၄၀) - ကျင့်ယန် လာရောက်လည်ပတ်ခြင်း
"ကျောက်ကျင့်ယန် ဟုတ်လား"
လင်းကျင်းမှာ မှင်တက်သွားခဲ့ရပေသည်။
သူသည် စိတ်ထဲမှနေ၍ ‘သူမက ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ... ငါတို့ ဧည့်ခန်းမဆောင်ထဲမှာ ဆုံခဲ့ကြတာ မကြာသေးဘူးမဟုတ်လား... နှစ်ရက်ပဲ ရှိသေးတာကို သူမက ဒီအထိ ဘယ်လိုမျိုး အလျင်အမြန် ရောက်လာနိုင်ခဲ့တာလဲ’ ဟု တွေးတောမိလိုက်၏။
‘အကယ်၍ သူမ လာမယ်ဆိုရင်လည်း ငါ့ကို ဘာဖြစ်လို့ တစ်ခွန်းမှ ကြိုတင်ပြီး မပြောခဲ့ရတာလဲ’
လင်းကျင်းသည် အံ့သြမိနေခဲ့သည်။
‘ဘာပဲဖြစ်ဖြစ်... သူမ ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံး ဝင်ခွင့်ပြုပြီး ကြည့်လိုက်တာပေါ့’
သူက ဆုံးဖြတ်လိုက်တော့၏။
လင်းကျင်းသည် ဧည့်သည်ကို အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်သည့်အခါတွင်မူ ၎င်းမှာ သေချာပေါက်ပင် ကျောက်ကျင့်ယန် ဖြစ်နေခဲ့ပေသည်။ သို့သော်လည်း လက်ရှိတွင် လင်းကျင်းသည် ပြတိုက်မှူး၏ တပည့်အဖြစ် ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်သဖြင့် သူသည် ကျောက်ကျင့်ယန်နှင့် ယခင်က တစ်ကြိမ်မျှ မဆုံတွေ့ဖူးခဲ့သည့်အလား ပြုမူနေထိုင်ရမည် ဖြစ်၏။ ထို့ကြောင့် လင်းကျင်းသည် ဘာမှမသိနားမလည်သည့် ပုံစံဖြင့် မေးမြန်းလိုက်၏။
“ကျုပ်က မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းခွဲရဲ့ ဥက္ကဋ္ဌ လင်းကျင်းပါ...မိန်းကလေးအနေနဲ့ ဘာကိစ္စများ ရှိလို့ပါလဲ”
လင်းကျင်းက ဤမမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သော ဧည့်သည်တော်ကို အကဲခတ်နေခဲ့သကဲ့သို့ ကျောက်ကျင့်ယန်သည်လည်း လင်းကျင်းကို ပြန်လည်၍ အကဲခတ်နေခဲ့ပေသည်။
ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူသည် အထက်တန်းလွှာလူတန်းစားတစ်ဦးကဲ့သို့ ယဉ်ကျေးသိမ်မွေ့လှသော သခင်လေးတစ်ဦး ဖြစ်ပုံရပေသည်။ ပြတိုက်မှူး၏ တပည့်အဖြစ် သတ်မှတ်ခြင်း ခံထားရသူပီပီ သေချာပေါက်ပင် သာမန်မဟုတ်ပါချေ။
သို့သော်လည်း ကျောက်ကျင့်ယန်သည် ဖီးနစ်နန်းတော်၏ မဟာတပ်မှူးကြီး ဖြစ်ပြီး ဖီးနစ်နန်းတော်ဟူသည်မှာလည်း ထိပ်တန်းနိုင်ငံကြီးများပြီးလျှင် ဒုတိယအဆင့်၌ တည်ရှိနေခဲ့သော အင်အားစုကြီး ဖြစ်သဖြင့် ကျောက်ကျင့်ယန်၏ စိတ်ထဲ၌ ကိုယ်ပိုင်မာနများကတော့ အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားနေခဲ့ခြင်း ဖြစ်သည်။
သူမအနေဖြင့် ပြတိုက်မှူး၏ ရှေ့မှောက်တွင်မူ မောက်မာရဲရင့်ခြင်း မရှိခဲ့သော်လည်း သူ၏ တပည့်နှင့် ရင်ဆိုင်ရသည့် အခါတွင်မူ ကျောက်ကျင့်ယန်သည် မိမိကိုယ်ကိုယ် သူနှင့် တန်းတူအဆင့်အတန်းတွင် ရှိနေသည် သို့မဟုတ် လင်းကျင်းထက်ပင် အနည်းငယ်မျှ ပိုမို၍ သာလွန်မြင့်မားသည်ဟု တွေးတောမိနေခဲ့ပေသည်။
သေချာပေါက်ပင် ၎င်းမှာ ကျောက်ကျင့်ယန်၏ ကိုယ်ပိုင်အတွေးတစ်ခုမျှသာ ဖြစ်ပြီး သူမသည် အပြင်ပန်းတွင်မူ ယဉ်ကျေးပျူငှာလှသော အမူအရာကိုသာ ပြသထားခဲ့၏။
“အကဲဖြတ်မှူးလင်း... ကျွန်မက ဖီးနစ်နန်းတော်က လာခဲ့တာပါ... ကျွန်မနာမည်က ကျင့်ယန်ပါ... ရှင့်ရဲ့ ဆရာနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု ရှိပါတယ်... ကျွန်မ ဒီကို အကြောင်းမကြားဘဲ ရောက်လာခဲ့ရတာကတော့ ဆရာကြီးရဲ့ လမ်းညွှန်မှုကို ခံယူချင်တဲ့ အရေးကြီးတဲ့ မေးခွန်းအချို့ ရှိနေလို့ပါ... အဲဒါအပြင် ကျွန်မကို ထူးခြားတဲ့ မီးအရင်းအမြစ်တစ်ခု ရှာဖွေဖို့ အကြံပြုခဲ့တဲ့ ဆရာကြီးရဲ့ စကားကြောင့်လည်း ဒီကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်”
ကျောက်ကျင့်ယန်က ပြုံးလျက် ပြန်လည်ဖြေလိုက်သည်။
သူမ ပြောခဲ့သမျှ အကြောင်းအရာများမှာ အဓိပ္ပာယ် ရှိသော်လည်း လင်းကျင်းအတွက်မူ သူမ၏ ရှင်းလင်းချက်အတွင်း၌ ကြီးမားသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ရ၏။
ကျောက်ကျင့်ယန်အနေဖြင့် ‘ပြတိုက်မှူး’ ကိုယ်တိုက်ကို ရှာဖွေနိုင်စရာ မရှိသဖြင့် သူ၏ အကူအညီကို လာရောက်၍ တောင်းခံခြင်းအပေါ် သူ နားလည်နိုင်သော်လည်း ထူးခြားတဲ့ မီးအရင်းအမြစ်ကို ရှာဖွေဖို့ ဟုတ်လား။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောက်စိမ်းနဂါးနိုင်ငံ၏ မည်သည့်နေရာတွင် ထူးခြားလှသော မီးအရင်းအမြစ်တစ်ခု ရှိနေခဲ့ပါသနည်း။
လင်းကျင်းသည် သူမကို ထိုမေးခွန်းကို ချက်ချင်း မေးမြန်းခြင်း မပြုဘဲ ကျောက်ရင်းကို ဧည့်သည်တော်အတွက် ရေနွေးနွေးတစ်ခွက် ဖျော်စပ်ပေးရန်အတွက် ညွှန်ကြားလိုက်သည်။ ကျောက်ရင်းသည်လည်း အလိုက်သိသူတစ်ဦး ဖြစ်သဖြင့် ရေနွေးကြမ်းကို ပြင်ဆင်ပြီးသွားသည့်နောက်တွင် လင်းကျင်း ဧည့်သည်ကို စကားပြောဆိုနိုင်စေရန်အတွက် ချက်ချင်းပင် အခန်းအတွင်းမှနေ၍ ထွက်ခွာသွားခဲ့၏။ လက်ရှိအချိန်တွင် လင်းကျင်း၏ အကဲဖြတ်ခန်းမဆောင်တစ်ခုလုံးကို ကျောက်ရင်း၊ လုရှောင်ယု၊ ကျားချန်းနှင့် ဟန်ဒုန်းတို့ကသာ အပြည့်အဝ တာဝန်ယူထားကြခြင်း ဖြစ်ပေသည်။ သူတို့သည် ခက်ခဲသော ကိစ္စရပ်များ သို့မဟုတ် ရှားပါးသော သားရဲများနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင်မှသာ လင်းကျင်း၏ အကူအညီကို တောင်းခံလေ့ ရှိကြသော်လည်း သူတို့သည် သူတို့၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်နေခဲ့ကြသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် လင်းကျင်းသည် သူတို့အားလုံးမှာ အဆင့် ၁ အကဲဖြတ်မှူး ရာထူးအဆင့်အတန်း သို့မဟုတ် ၎င်းထက်ပင် ပိုမို၍ မြင့်မားသောအဆင့်ကို ရရှိရန်အတွက် လုံလောက်သော အရည်အချင်းများ ရှိနေခဲ့ကြပြီ ဖြစ်ကြောင်း ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
အခန်းအတွင်း၌မူ ကျောက်ကျင့်ယန်သည် ဧည့်ခန်းမဆောင်အတွင်း၌ ဖြစ်ပွားခဲ့သော အကြောင်းအရာများကို လင်းကျင်းထံသို့ ပြောပြနေခဲ့ပေသည်။ လင်းကျင်းအနေဖြင့် ထိုအကြောင်းအရာများကို အလုံးစုံ သိရှိထားပြီး ဖြစ်သော်လည်း သူသည် သူမ၏ ပုံပြင်ကို အစအဆုံး ဆက်လက်၍ နားထောင်ပေးနေခဲ့ရ၏။
“ရှင့်ရဲ့ ဆရာ ပြတိုက်မှူးက တကယ်ကို ထူးခြားဆန်းပြားတဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်တာမို့ ကျွန်မအနေနဲ့ အပြည့်အဝကို လေးစားမိတယ်... သူ ကျွန်မကို မျှဝေပေးခဲ့တဲ့ ဖီးနစ်ရဲ့ နိဗ္ဗာနဝင်ရောက်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ အယူအဆတွေကနေလည်း ကျွန်မ အများကြီး အကျိုးကျေးဇူး ရရှိခဲ့ပါတယ်... ကျွန်မ ဒီကို လာခဲ့တာက အကဲဖြတ်မှူးလင်းဆီကို လာရောက်လည်ပတ်ရင်း ပြတိုက်မှူးနဲ့ တွေ့ဆုံနိုင်ဖို့ ကံစမ်းချင်ရုံတင်မကဘဲ... မေပယ်မြို့ရဲ့ မြေအောက်ထဲမှာ ထူးခြားတဲ့ မြေအောက်မီးလျှံစမ်းကြောင်းတစ်ခု ရှိနေတယ်ဆိုတာကို ကျွန်မ သိထားခဲ့လို့လည်း ပါတယ်”
ကျောက်ကျင့်ယန်သည် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပါချေ။ လင်းကျင်းမှာ ပြတိုက်မှူး၏ တပည့် ဖြစ်နေခဲ့သဖြင့် သူမအနေဖြင့် စစ်မှန်သော အကြောင်းရင်းကိုသာ ပွင့်လင်းစွာ ပြောဆိုခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ လင်းကျင်းသည် ကျောက်ကျင့်ယန်အနေဖြင့် မေပယ်မြို့သို့ လာရောက်ရန်အတွက် ၎င်းကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်း မဟုတ်ကြောင်း သေချာသွားခဲ့ရပြီ ဖြစ်၏။ သူမသည် သူမ၏ ဖီးနစ်ဥကို အကောင်ပေါက်နိုင်စေရန်အတွက် ထိုမီးအရင်းအမြစ်ကို အသုံးပြုဖို့ရန်အတွက် အမှန်တကယ်လာရောက်ခဲ့ခြင်း ဖြစ်ပုံရသည်။
သို့သော်လည်း သူတို့၏ မေပယ်မြို့ မြေအောက်ထဲ၌ ထူးခြားသော မီးလျှံစမ်းကြောင်းတစ်ခု ရှိနေခဲ့သည်ဟူသောအချက်ကို ကြားသိလိုက်ရခြင်းအပေါ် သူကိုယ်တိုင်လည်း အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရပေသည်။
သူတို့အသင်းခွဲ၏ အောက်ခြေတွင် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းတစ်ခု ရှိနေခဲ့ခြင်းကို ပြန်လည်၍ သတိရမိရန်အတွက် လင်းကျင်းအတွက်မူ အချိန်အများကြီး မကြာလိုက်ပါချေ။ ယခုကဲ့သို့သော မြေအောက်စမ်းကြောင်းမျိုးမှာ ရှားပါးလှသော်လည်း ၎င်းကို ထူးခြားလှသော မီးလျှံအဖြစ် သတ်မှတ်ရန်အတွက်မူ ထူးခြားဆန်းပြားခြင်း မရှိပေ။
အကယ်၍ မေပယ်မြို့တွင်သာ ထူးခြားလှသော မီးလျှံစမ်းကြောင်းတစ်ခု အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက သူတို့အသင်းခွဲ၏ ပတ်ဝန်းကျင်ရှိ လုံခြုံရေးမှာ ယခုလက်ရှိ ရှိနေခဲ့သော စနစ်ထက် များစွာ ပိုမို၍ တင်းကြပ်နေခဲ့ရမည် ဖြစ်သည်။ ထူးခြားသော မီးလျှံစမ်းကြောင်းတစ်ခုဟူသည် ထိုမျှအထိ အရေးကြီးလှသောအရာ ဖြစ်ပေသည်။
သူ၏ သံသယကို ကြားသိလိုက်ရသည့် အခါတွင်မူ ကျောက်ကျင့်ယန်က ပြုံးလိုက်၏။
“အကဲဖြတ်မှူးလင်း... ရှင်လည်း မေပယ်မြို့အောက်က ထူးခြားတဲ့ မီးလျှံစမ်းကြောင်းအကြောင်းကို သိထားပုံမရဘူး... တကယ်တော့ တစ်နိုင်ငံလုံး အတိုင်းအတာအရလည်း ဒီအကြောင်းကို ဘယ်သူမှ သိဦးမှာ မဟုတ်ဘူး... ကျွန်မတို့ ဖီးနစ်နန်းတော်တစ်ခုတည်းကသာ အဲဒါရဲ့ တည်ရှိမှုကို သိထားတာပဲ... ကျွန်မတို့ ဖီးနစ်နန်းတော်က မီးဓာတ်ကို အဓိက အထူးပြုထားတဲ့ အဖွဲ့အစည်း ဖြစ်တာမို့ ကျွန်မတို့ရဲ့ စီနီယာတွေနဲ့ ဘိုးဘေးတွေက နယ်မြေအနှံ့အပြားကို လိုက်လံရှာဖွေပြီး ထူးခြားတဲ့ မီးအရင်းအမြစ် တည်ရှိရာ နေရာတွေကို မှတ်သားထားခဲ့ကြတာပါ... အဲဒါအပြင် အခြားသူတွေအနေနဲ့ ဒီမီးအရင်းအမြစ်တွေကို ရှာမတွေ့နိုင်စေဖို့အတွက်လည်း လျှို့ဝှက်အတတ်ပညာတစ်ခုနဲ့ ချိပ်ပိတ်ထားခဲ့ကြတာ ဖြစ်တယ်”
လင်းကျင်းသည် ကျောက်ကျင့်ယန် ပြောကြားလိုက်သော စကားများအပေါ် အထူးပင် စိတ်ဝင်စားသွားခဲ့ရတော့၏။
အမှန်တကယ်ပင် ဖီးနစ်နန်းတော်အနေဖြင့် ယခုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ သူတို့၏ အဖွဲ့အစည်းမှာ နှစ်ပေါင်း ရာဂဏန်းခန့် တည်တံ့ခိုင်မြဲနေခဲ့ခြင်း ဖြစ်ပြီး ပညာရှင်အများအပြားကို မွေးထုတ်ပေးခဲ့သော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်၏။ အကယ်၍ ဖီးနစ်နန်းတော်၏ ပညာရှင်တစ်ဦးက ကျောက်စိမ်းနဂါးနိုင်ငံ မတည်ထောင်မီ အချိန်ကတည်းကပင် မေပယ်မြို့အောက်ခြေရှိ ထူးခြားသော မီးလျှံစမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်မည်ဆိုပါက အရာအားလုံးမှာ ကျောက်ကျန့်ယန် ဖော်ပြခဲ့သည့်အတိုင်း ဖြစ်နေခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ပါချေ။
၎င်းမှာ မိမိတို့၏ အိမ်အတွင်း၌ အခြားတစ်စုံတစ်ဦးက သော့ခတ်ထားခဲ့သော ရတနာသေတ္တာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည့်အလား ဖြစ်နေခဲ့ပေသည်။ အိမ်၏ ပိုင်ရှင်တစ်ဦးအနေဖြင့်မူ ၎င်းက မည်မျှအထိ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှကြောင်းကို တွေးတောကြည့်နိုင်ပေသည်။
ထို့ကြောင့် လင်းကျင်းသည်လည်း လက်ရှိအချိန်တွင် အနည်းငယ်မျှ စိတ်တိုသွားခဲ့ရ၏။
အကယ်၍ မေပယ်မြို့အောက်ခြေတွင် ထူးခြားလှသော မီးလျှံစမ်းကြောင်းတစ်ခု ရှိနေခဲ့ကြောင်းကိုသာ သူ ကြိုတင်၍ သိရှိခဲ့မည်ဆိုပါက သူသည် ရှောင်ဟော့ကို ထိုထူးခြားလှသော မီးလျှံကို အသုံးပြုစေကာ နောက်ထပ် ပြီးပြည့်စုံသော ဝိညာဉ်ဆင့်ကဲပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ဖီးနစ်နန်းတော်၏ လုပ်ဆောင်ချက်က သူ့ကို အနည်းငယ်မျှ စိတ်ပျက်သွားစေခဲ့ရပေသည်။
သို့သော်လည်း အကယ်၍ သူတို့သာ ထိုနေရာကို ချိပ်ပိတ်ထားခဲ့ခြင်း မရှိဘူးဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းခန့်ကတည်းက အခြားသော ပညာရှင်များက ဤစမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့ကြမည်မှာ သေချာလှပေသည်။ ၎င်းကို လုယူရန်အတွက် သွေးချောင်းစီးပွဲများ ဖြစ်ပွားခဲ့ရမည် ဖြစ်ပြီး ၎င်းမှာ ယခုအချိန်ဆိုလျှင် ရေခမ်းခြောက်သွားခဲ့ရပြီ ဖြစ်နိုင်ပေသည်။
ထိုအချက်ကို တွေးတောမိလိုက်သည့် အခါတွင်မူ ဖီးနစ်နန်းတော်အနေဖြင့် ကောင်းမွန်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရပေသည်။ အနည်းဆုံးတော့ သူတို့ကြောင့်သာ ဤထူးခြားလှသော မီးလျှံစမ်းကြောင်းမှာ ယနေ့တိုင်အောင် တည်ရှိနေခဲ့ခြင်း ဖြစ်၏။
ယခုအခါ လင်းကျင်းအနေဖြင့် ၎င်း၏ တည်ရှိမှုကို သိရှိသွားခဲ့ပြီ ဖြစ်ရာ သူသည် ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့မည် မဟုတ်ပါချေ။
သူသည် ဤထူးဆန်းလှသော မီးလျှံစမ်းကြောင်း၏ အဝင်ဝမှာ သူတို့အသင်းခွဲ၏ အဆောက်အအုံအတွင်း၌ပင် တည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်၍ သတိရမိလိုက်၏။ အတိတ်ကာလက သူသည် သားရဲများကို အဆင့်တက်ရန်အတွက် ထိုမီးလျှံကို ငှားရမ်းအသုံးပြုခဲ့ဖူးသော်လည်း ထိုအချိန်ကမူ ၎င်းမှာ ထူးခြားသော မီးလျှံစမ်းကြောင်းတစ်ခု ဖြစ်ကြောင်းကို လင်းကျင်းအနေဖြင့် လုံးဝ မသိရှိခဲ့ပါချေ။
သူသည် ထိုနေရာတွင် ဆေးလုံးများကိုလည်း ဖော်စပ်ခဲ့ဖူးသေးသည်။
လင်းကျင်းအနေဖြင့် ဆက်လက်၍ တည်ငြိမ်စွာ မနေနိုင်တော့ပါချေ။ သူသည် ကျောက်ကျင့်ယန်နှင့်အတူ ထိုနေရာသို့ ချက်ချင်းပင် သွားရောက်ရန်အတွက် ဆုံးဖြတ်လိုက်တော့သည်။ ကျောက်ကျင့်ယန်သည်လည်း သူမကိုယ်တိုင်ကပင် သူမ၏ ဖီးနစ်ဥ ပြန်လည်မွေးဖွားနိုင်စေရန်အတွက် ဤထူးခြားသော မီးလျှံစမ်းကြောင်း၏ အစွမ်းကို ငှားရမ်းအသုံးပြုရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် သူမသည် သူ့ကို တားဆီးခြင်း မပြုခဲ့ပါချေ။
သို့သော်လည်း သူမသည် အနည်းငယ်မျှ တုံ့ဆိုင်းနေခဲ့သေး၏။
“ကျွန်မတို့ ပြတိုက်မှူးကို အရင်ဆုံး စောင့်ဆိုင်းသင့်တာ မဟုတ်ဘူးလား... တစ်ခုခု ဖြစ်ခဲ့ရင်တောင် သူ ရှိနေမယ်ဆိုရင် ကျွန်မအတွက် ပိုပြီး စိတ်ချရတာပေါ့”
ကျောက်ကျင့်ယန်သည် ပြတိုက်မှူးအပေါ်တွင်သာ ပိုမို၍ ယုံကြည်မှု ရှိနေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
စောင့်ဆိုင်းဖို့ ဟုတ်လား။ ၎င်းမှာ လက်ရှိအချိန်တွင် လင်းကျင်း လုံးဝ မလုပ်ဆောင်နိုင်သောအရာ ဖြစ်ပေသည်။
“ဆရာပြတိုက်မှူးက အခုလောလောဆယ် လာနိုင်ဦးမှာ မဟုတ်ဘူး၊ ကျုပ်က သူ့ရဲ့ တိုက်ရိုက် လမ်းညွှန်မှုကို ခံယူထားခဲ့တာ ဖြစ်လို့ ကျုပ် ရှိနေတာကလည်း သူ ရှိနေတာနဲ့အတူတူပဲ"
လင်းကျင်းသည် မိမိ၏ ထိုင်ခုံမှနေ၍ ချက်ချင်းပင် ထရပ်လိုက်ရာ ကျောက်ကျင့်ယန်အနေဖြင့်လည်း သူ့နောက်သို့ လိုက်ပါရန်မှတစ်ပါး အခြား ရွေးချယ်ခွင့် မရှိတော့ပါချေ။
အသင်းခွဲ၏ မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းဟူသည် အကဲဖြတ်မှူးများအနေဖြင့် သူတို့၏ မီးဓာတ်သတ္တိရှိသော သားရဲများကို ကုသရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုကြသော နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာကို စောင့်ကြပ်ရန် တာဝန်ယူထားရသူမှာ အသင်းခွဲ၏ အသက်အကြီးဆုံး အကြီးအကဲမို ဖြစ်ပေသည်။
အကြီးအကဲမိုမှာ ဝါရင့်ပညာရှင်တစ်ဦး ဖြစ်၏။ လင်းကျင်းသည်လည်း အတိတ်ကာလက သူ၏ အကူအညီများကို လက်ခံရရှိခဲ့ဖူးသဖြင့် အသင်းခွဲ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးသည့်နောက်တွင်ပင် လင်းကျင်းသည် အကြီးအကဲမိုအပေါ် ဆက်လက်၍ ရိုသေလေးစားမှု ရှိနေခဲ့ခြင်း ဖြစ်သည်။
“အကြီးအကဲမို”
ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လင်းကျင်းသည် ထိုနေရာတွင် တရားထိုင်နေခဲ့သော လူအိုကြီးကို ဦးညွှတ်၍ နှုတ်ဆက်လိုက်တော့သည်။ ထိုလူအိုကြီးသည် လင်းကျင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ အားရပါးရ ရယ်မောလိုက်၏။
“ဥက္ကဋ္ဌလင်း... မင်း ဒီကို မလာခဲ့တာ တော်တော်လေး ကြာသွားခဲ့ပြီပဲ... မြို့တော်မှာ မင်း စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း ငါ ကြားခဲ့ရပါတယ်.. အကယ်၍ မင်း အချိန်ရမယ်ဆိုရင်တော့ ငါ့ကို သားရဲအကဲဖြတ်တာနဲ့ ပတ်သက်တဲ့ အတတ်ပညာတချို့ကို သင်ကြားပေးရမယ်နော်”
အကြီးအကဲမိုသည် သူ၏ ကြွယ်ဝလှသော ဘဝအတွေ့အကြုံများကြောင့် မောက်မာဝင်တင့်ခြင်း မရှိသော လူတစ်ဦး ဖြစ်ပြီး ၎င်းမှာ လင်းကျင်းကို အထူးပင် လေးစားမိစေခဲ့သော အချက်တစ်ခု ဖြစ်သည်။
“အကြီးအကဲမို... ကျွန်တော် ဒီကို လာခဲ့တာက အကြောင်းကိစ္စတစ်ခု ရှိလို့ပါ”
လင်းကျင်းသည် အကြီးအကဲမိုအနေဖြင့် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းကို စောင့်ကြပ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်ကြောင်း သိရှိထားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ သူသည် အသင်းခွဲ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့သော်လည်း အကြီးအကဲမိုက ဘာဖြစ်လို့ ဤနေရာကို စောင့်ကြပ်နေရသလဲဟူသောအချက်အပေါ် ယခင်က တစ်ကြိမ်မျှ စိတ်ဝင်တစား မရှိခဲ့မိခြင်းအပေါ် အနည်းငယ်မျှ ရှက်ရွံ့မိလိုက်၏။ လင်းကျင်းအတွက်မူ ၎င်းမှာ အသင်းခွဲ ဥက္ကဋ္ဌတစ်ဦးအဖြစ် သူ၏ တာဝန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပေသည်။
သူ မေးမြန်းလိုက်သည့် အခါတွင်မူ အကြီးအကဲမိုသည် လင်းကျင်းနှင့်အတူ အတွင်းသို့ ဝင်ရောက်လာခဲ့သော ကျောက်ကျင့်ယန်ထံသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်တော့သည်။
အကြီးအကဲမိုအနေဖြင့် ဤနေရာကို စောင့်ကြပ်ရန်အတွက် တာဝန်ပေးအပ်ခြင်း ခံထားရသည်ဆိုကတည်းက ၎င်းတွင် အသင်းခွဲ၏ လျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေခဲ့ခြင်း ဖြစ်ရာ ပြင်ပလူတစ်ဦး၏ ရှေ့မှောက်တွင်မူ သူသည် လွတ်လပ်စွာ ပြောဆိုနိုင်စရာ မရှိပါပေ။