← Chapters

ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ပါရမီအရှိဆုံးလူ

Vol. 009 Ch. 441

ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ပါရမီအရှိဆုံးလူ

Vol. 009 Ch. 441

ဝမ်လင်းက နောက်သို့ ဆုတ်သွားသည့်အချိန်၌ ကျန်နေသေးသော ရေခဲလုံးများက သူ့ထံသို့ ပျံသန်း တိုးဝင်လာသည်။

ဘန်း…ဘန်း…။

ရေခဲလုံးများက သူ့ထံသို့ ဆက်တိုက် ဝင်လာနေရာ ဝမ်လင်းကလည်း လက်သီးဖြင့် တရစပ် ထိုးပစ်နေ၏။ သို့သော် ရေခဲလုံးများက သိသာစွာပင် များပြားလွန်းနေသဖြင့် လက်သီးချက်ဖြင့် ထိပ်တိုက် တိုက်ခိုက်မှု စွမ်းအားကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေနေသည်။

မရေမတွက်နိုင်သော အက်ကြောင်းများက ရွှမ်ယွဲ့၏ မြေပြင်ပေါ်၌ သည်အခိုက်တွင် ပေါ်လာခဲ့သည်။

လီယွမ်ဖန်၏ အသွင်က ကြမ်းကြုတ်နေကာ သူက အော်ဟစ်ပြောသည်။ “စန်နူး…သေစမ်း…”

ဝမ်လင်းခန္ဓာကိုယ်က ရေခဲတုံးများ သူ့ထံသို့ ဆက်တိုက် တိုးဝင်လာမှုကြောင့် မြေပြင်နှင့် ဝင်ဆောင့်သွား၏။ ထိုအခါ မြေပြင်၌ ဧရာမချိုင့်ခွက်ကြီးပင် ဖြစ်ပေါ်သွားသည်။

အစိမ်းရောင် အခိုးငွေ့ အမျှင်တန်းတစ်ခုက ချိုင့်ခွက်ထဲကနေ ထွက်ပေါ်လာသည်။ သို့သော် သည်အခိုးငွေ့က ချက်ချင်းပင် လေတိုက်ခတ်ခြင်းကို ခံလိုက်ရသည်။

သို့ရာတွင် လီယွမ်ဖန်၏ အသွင်က စိတ်သက်သာရာ မရသည့်အပြင် ပို၍ပင် နက်မှောင်လာခဲ့လေ၏။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူရဲ့ နည်းစနစ်များက အမှန်တကယ် ထူးဆန်းလှတယ်။ ဒါပေမဲ့ ဒီရေခဲလုံးတွေထဲမှာ ပါတဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က နည်းလွန်းတယ်…” ချိုင့်ခွက်ထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း၏ ပုံရိပ်သည်လည်း တဖြည်းဖြည်း ထလာခဲ့သည်။

သူ့အဝတ်အစားများက စုတ်ပြဲလို့နေသည်။ သို့သော် သူ့မျက်လုံးများကတော့ တောက်ပလျက် ရှိနေ၏။

လီယွင်ဖန်၏ အသွင်က ဝမ်လင်းကို ကြည့်ကာ အလွန်ရုပ်ဆိုးသွား၏။ သူက အံကြိတ်၍ သိုလှောင်အိတ်ထဲက ကြေးခေါင်းလောင်း တစ်စုံကို ထုတ်ယူသည်။ သည့်နောက် ပါးစပ်အပြည့် သွေးတစ်လုပ်ကို ထိုကြေးခေါင်းလောင်း တစ်စုံပေါ်သို့ ထွေးထုတ်လိုက်၏။

ဝမ်လင်းက သည်ကြေးခေါင်းလောင်း တစ်စုံကို တွေ့မြင်လိုက်သည်နှင့် သူက သည်ရတနာသည် စစ်ထူနန်လို့ သူ့ကိုယ်သူခေါ်သည့် ပုံရိပ်က ဖန်တီးထားသည့် ရတနာမှန်း ချက်ချင်းသိလိုက်သည်။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။

လီယွမ်ဖန်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ အော်ဟစ်သည်။ “ချိပ်ပိတ်ခြင်း…”

ကြေးခေါင်းလောင်း နှစ်ခုက ချက်ချင်း ကြီးမားလာခဲ့သည်။ ၎င်းတို့ပေါ်ရှိ သင်္ကေတများက တဖျတ်ဖျတ် တောက်ပနေပြီး လီယွမ်ဖန် ထွေးထုတ်လိုက်သော သွေးများကို စုပ်ယူနေသည်။ သည်ခေါင်းလောင်း နှစ်ခုက အပိုင်းအစများ အဖြစ်သို့ အက်ကွဲသွားပြီး လက်မောင်းနှစ်ဖက် ထွက်ပေါ်လာ၏။

သည်လက်မောင်း နှစ်ဖက်ကနေ ထူထဲသိပ်သည်းသော အမည်းရောင်မြူများ ထွက်ပေါ်လာကြသည်။ သည်မြူထဲ၌ ထူထဲသော ယင်စွမ်းအင် လျင်မြန်စွာ ပျံ့နှံ့လာ၏။

လီယွမ်ဖန်အသွင်က ကြမ်းကြုတ်နေပြီး သူ့မျက်လုံးထဲ၌လည်း ပို၍ ရူးသွပ်ဟန်များ ဖြစ်ပေါ်လာသည်။ သည်ခေါင်းလောင်းနှစ်ခုက သူ့နောက်ဆုံး ဝှက်ဖဲပင် ဖြစ်သည်။ သူက ၎င်းခေါင်းလောင်း နှစ်ခုကို သူ့မူလစိတ်ဝိညာဉ်ကို အသုံးပြု၍ နှစ်ပေါင်းများစွာ သန့်စင်မွန်းမံခဲ့သည့် အတွက် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကဲ့သို့ ၎င်းတို့ကို ထိန်းချုပ် အသုံးပြုနိုင်စွမ်း ရှိနေခဲ့သည်။

“ချိပ်ပိတ်မှု ပယ်ဖျက်ခြင်း…” လီယွမ်ဖန်က ထိုသို့အော်ဟောက်၍ ဝမ်လင်းထံသို့ လက်ညွှန်သည်။ လက်မောင်းနှစ်ဖက်တွင် ဝန်းရံနေသော မြူများက ပြင်းထန်စွာ လှုပ်ရှားလာပြီး ပုံရိပ်နှစ်ခုအသွင်သို့ ပြောင်းလဲသွား၏။

သည်ပုံရိပ်နှစ်ခု၏ မျက်နှာက ရှင်းလင်းစွာ မတွေ့ရချေ။ သူတို့က ထွက်ပေါ်လာသည်နှင့် ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။ သို့ရာတွင် သည်ပုံရိပ်နှစ်ခု မရောက်လာခင်မှာပင် အရိုးထိအေးစက်သည့် အော်ရာကို အရင်ခံစားရသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နှာခေါင်းရှုံ့သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်နှင့် မူလခန္ဓာကိုယ်ကို မပေါင်းစပ်ထားခင် အချိန်တုန်းကတော့ သည်အမည်းရောင် ပုံရိပ်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော် ခုချိန်၌ သူက သည်ပုံရိပ်နှစ်ခုကို စိုးရိမ်ခြင်း မရှိတော့ပဲ ရှေ့သို့ တိုက်ရိုက်တိုးဝင်၍ လက်သီးကို လွှဲယမ်းပစ်သည်။

ဘန်း…ဘန်း…။

ပေါက်ကွဲသံနှစ်ခုနှင့် အတူ အမည်းရောင် ပုံရိပ်နှစ်ခုက ကြောက်မက်ဖွယ် ညည်းတွားလိုက်ကြသည်။ ပြင်းထန်သော အားတစ်ခုက မြူများကို လွင့်ပြယ် တိုက်ခတ်သွား၍ လက်မောင်းနှစ်ဖက် ပေါ်ထွက်လာသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ သည်လက်မောင်း နှစ်ဖက်ထံသို့ လက်ညွှန်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်တန်းက လျင်မြန်စွာ ထိုးတက်သွားပြီး လက်မောင်းနှစ်ဖက်နားတွင် ဝန်းရံသွားသည်။

ဝမ်လင်းက အော်ပြောလိုက်၏။ “ချိပ်ပိတ်ခြင်း…”

စိတ်ဝိညာဉ်စွမ်းအင်က လျင်မြန်စွာဖြင့် ချိန်းကြိုးများအသွင်သို့ ပြောင်းကာ လက်မောင်းနှစ်ဖက်ကို ချုပ်နှောင်သည်။ လက်မောင်းနှစ်ဖက်က စတင် ရုန်းကန်သော်လည်း ဝမ်လင်းက အတားအဆီးအလံနှင့် စိတ်ဝိညာဉ်အလံတို့ကို ထိန်းချုပ်၍ လက်မောင်း နှစ်ဖက်နားသို့ ပို့လွှတ်သည်။

ဝမ်လင်းက ထပ်မံ၍ အော်ပြော၏။ “ချိပ်ပိတ်စမ်း…”

အလံနှစ်ခုက တုန်ခါသွားပြီး အမည်းရောင်နှင့် ခရမ်းရောင်မြူများက လက်မောင်းနှစ်ဖက်ကို လုံးဝဝန်းရံသွား၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ခေါင်းလောင်းနှစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းခေါင်းလောင်းများက မြန်ဆန်စွာ ကြီးမားလာပြီး လက်မောင်းနှစ်ဖက်ကို ချုပ်နှောင်ပြန်၏။

သည်အရာများက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ လီယွမ်ဖန်၏ မျက်နှာက ဖြူရော်သွားသည်။ သူက ချက်ချင်းပင် လှည့်၍ ထွက်ပြေးဟန် ပြင်သည်။

ဝမ်လင်းက သူ့ကို မည်သို့လွတ်မြောက်ခွင့် ပေးနိုင်ပါ့မည်နည်း။ ရှေးဟောင်း နတ်ဘုရား၏ အမြန်နှုန်းကို အသုံးပြု၍ ဝမ်လင်းက လီယွမ်ဖန်အနားသို့ ချက်ချင်း ရောက်လာခဲ့ပြီး လက်သီးဖြင့် ထိုးချလိုက်၏။

ဘန်း…။

လီယွမ်ဖန်က သွေးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားလေ၏။

ဝမ်လင်းက နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလိုက်ရာ လီယွမ်ဖန်အပေါ်၌ ပေါ်လာခဲ့သည်။ သူက မာန်သွင်း၍ နောက်ထပ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြန်၏။ သည်တစ်ကြိမ်၌ လီယွမ်ဖန်၏ ခန္ဓာကိုယ်က နောက်သို့ တရွတ်တိုက်ဆွဲသွားပြီး မြေကြီးနှင့် ဝင်စောင့်လေ၏။

အချင်းပေ တစ်ထောင်ခန့်ရှိသည့် ချိုင့်ခွက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားစေ၏။

လီယွမ်ဖန်၏ ပါးစပ်ထဲကနေ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ့အမြင်သည်လည်း မှုန်ဝါးလာ၏။ သို့သော် သူ့ထံ၌ အငြိုးကြီးမားသည့် ဟန်ပန်က ခုထိရှိနေသေးသည်။

“ငါသေရရင်တောင် မင်းကို ငါနဲ့အတူ အပါခေါ်သွားမယ်…” လီယွင်ဖန်က ဟိန်းဟောက် မာန်သွင်းသည်။ သူ့မျက်လုံးက အလွန်အမင်းနီရဲနေပြီး သူ့ထံကနေ အဖျက်အဆီး စွမ်းအားများ ပေါ်ထွက်လာခဲ့၏။

ဝမ်လင်းက အလွန်အမင်း ထိတ်လန့်နေခြင်း မရှိချေ။သို့သော် သူက တည်ငြိမ်စွာ ပြောလိုက်၏။ “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတိုက်ခိုက်မှု…။ လီယွမ်ဖန်… ငါက လေဟာနယ်ကို ဖွင့်ပြီး ထွက်သွားလို့ရတယ်။ ဒါပေမဲ့ မင်းသေတာနဲ့အတူ ရွှမ်ယွဲ့တစ်နိုင်ငံလုံးလည်း သေဆုံးသွားရမယ်...။ မင်းနဲ့အတူ သင်္ချိုင်းဖြစ်သွားရမှာက ငါမဟုတ်ဘူး။ ရွှမ်ယွဲ့တစ်နိုင်ငံလုံး ဖြစ်သွားလိမ့်မယ်…”

ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက လက်ဆန့်တန်းလိုက်ရာ လေဟာနယ် အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့သည်။ သည်အက်ကွဲကြောင်းထဲကနေ အဖျက်အဆီးလှိုင်းများ တိုက်ခတ်နေသည်။ သို့သော် သည်လှိုင်းများက ဝမ်လင်းအပေါ်၌ သက်ရောက်ခြင်း မရှိချေ။

လီယွမ်ဖန်က စတင်ရုန်းကန်နေသည်။ သူက အလွန်ခေါင်းမာ မိုက်မဲသော်လည်း သူက ရွှမ်ယွဲ့တွင် မွေးဖွားခဲ့သူသည့်သူ ဖြစ်သည်။ သည့်အတွက်ကြောင့် သူက သူ့နိုင်ငံနှင့်ပတ်သက်၍ နက်ရှိုင်းသော တွယ်ငြိမှု စိတ်ခံစားချက် ရှိနေသည်။

အချိန်ခဏ အကြာတွင် သူက ခါးသက်စွာ ပြုံးလိုက်၏။ သည်အရာက စန်နူးကို နာကျင်နိုင်သည် ဖြစ်စေ၊ မနာကျင်နိုင်သည်ဖြစ်စေ ကျိန်းသေတာ တစ်ခုကတော့ ရွှမ်ယွဲ့က သည်ဂြိုဟ်ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။

သူ့မျက်လုံးများက အလေးအနက်ဖြစ်နေ၏။ သူက ဝမ်လင်းကို ကြည့်ကာ အသက်ဝဝရှူ၍ ပြောလိုက်သည်။ “ဒီအဘိုးအိုက မင်းအပေါ်မှာ ကျူးလွန်ခဲ့မိတယ်။ ဒါပေမဲ့ ရွှမ်ယွဲ့က ဒီကိစ္စနဲ့ ဘာမှမ့်ပတ်သက်ဘူး။ မင်းက သူတို့ကို ခွင့်လွှတ်ပေးမယ်ဆိုရင် ဒီအဘိုးအိုက မင်းအပြစ်ပေးတဲ့ အတိုင်းခံယူမယ်…”

ဝမ်လင်းက လီယွမ်ဖန်ထံသို့ လက်ညွှန်လိုက်၏။ သူ့မျက်လုံးများကလည်း အေးစက်နေခဲ့သည်။ သူက စိတ်ဝိညာဉ် နုတ်ယူခြင်းနည်းစနစ်ကို အသက်သွင်းလိုက်ရာ စိတ်ဝိညာဉ် စွမ်းအင်တန်းက လီယွမ်ဖန်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားလေ၏။

လီယွမ်ဖန်က ခုခံခြင်းမပြုချေ။ ထိုအစား သူက သက်ပြင်းချလိုက်၏။ သူက သူနှင့်ရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်သည့်။ ထို့နောက်တွင်တော့ မျက်လုံးမှိတ်ထားလိုက်သည်။

ဝမ်လင်းက ညင်သာစွာ ပြောလိုက်၏။ “စိတ်ဝိညာဉ်နုတ်ယူခြင်း…”

လီယွမ်ဖန်၏ ခန္ဓာကိုယ်က ရုတ်တရက် လျင်မြန်စွာ ကျုံ့သွား၏။ မျက်စိတစ်မှိတ်အတွင်း သူက အရိုးပုံကြီးကဲ့သို့ ဖြစ်လာ၏။

ခရမ်းနှင့်ရွှေရောင် အလင်းလုံးတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာသည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် စိတ်ဝိညာဉ်အစိတ်အပိုင်း…” ဝမ်လင်းက လက်ဆန့်တန်းလိုက်ရာ သူ့မျက်လုံးများကလည်း အလေးအနက် ဖြစ်နေခဲ့သည်။ သူက သည်စိတ်ဝိညာဉ် အစိတ်အပိုင်းကို ချက်ချင်းဖမ်းယူ ချိပ်ပိတ်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

မျိုးဆက်တစ်ခု၏ ခေါင်းဆောင် လီယွမ်ဖန်သည် ခုလိုမျိုး သေဆုံးခဲ့ရသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ ခေါင်းလောင်းများဖြင့် ချိပ်ပိတ် ချုပ်နှောင်ထားသည့် လက်မောင်းနှစ်ဖက်ထံသို့ ကြည့်လိုက်သည်။ သည့်နောက် သူက ယင်းခေါင်းလောင်းများကို သိမ်းဆည်းလိုက်၏။

ထို့နောက် သူက ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားသည်။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတိုင်းက သည်မြင်ကွင်းကို သူတို့နတ်ဘုရားအာရုံများမှ တစ်ဆင့် တွေ့မြင်ခဲ့ကြသည်။ သူတို့က လီယွမ်ဖန် သေသွားသည်ကို တွေ့မြင်လိုက်သည့်အခါ သူတို့စိတ်နှလုံးထဲ၌ ဒေါသများ ဖြစ်လာခဲ့ကြသည်။

ဝမ်လင်းက ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်၏။ သူန့တ်ဘုရားအာရုံကို ဖြန့်ကြက်၍ ရွှမ်ယွဲ့တစ်နိုင်ငံလုံးကို သတင်းပို့လွှတ်သည်။

“ဒီနေ့ကစပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်နဲ့ အဲဒီအဆင့်ထက်ကို ရွှမ်ယွဲ့နိုင်ငံမှာ တည်ရှိခွင့် မပြုတော့ဘူး။ နောက်ပြီးတော့ ဘယ်ကျင့်ကြံမှု ကလန်ကိုမှလည်း ဒီနေရာ ရှိခွင့်မပြုဘူး။ မဟုတ်ရင် ငါထပ်ပြီး ပြန်လာမယ်…”

ဝမ်လင်းက မူလစိတ်ဝိညာဉ်ထဲရှိ နယ်ပယ်က တစ်ဖန် အသက်ဝင်လာပြီး ပြန်လည်မွေးဖွားခြင်း စာလိပ်က ကောင်းကင်ထက်၌ နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ မီးခိုးရောင် အခိုးငွေ့တန်း ဆယ်ခုကျော်က ၎င်းစာလိပ်ထဲကနေ ထွက်ပေါ်လာပြီး ရွှမ်ယွဲ့ရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“ချိပ်ပိတ်ခြင်း…”

စကားတစ်ခွန်းဖြင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူများသည် လီယွမ်ဖန်ဝမ်လင်းကို ချိပ်ပိတ်ခဲ့သကဲ့သို့ ချိပ်ပိတ်ခြင်းကို ခံလိုက်ရသည်။

သည်ကျင့်ကြံသူများ၏ နှဖူးထက်၌ အမှတ်အသားနှစ်ခု ပေါ်လာခဲ့သည်။ တစ်ခုက အလင်း၊ တစ်ခုက အမှောင်ဖြစ်၏။ သည်အလင်းအမှောင်က သေခြင်းရှင်ခြင်းကို ကိုယ်စားပြုနေသည်။

ထိုအမှတ်အသား ပေါ်လာသည်နှင့် သူတို့၏ ကျင့်ကြံမှုအဆင့်များသည် ထိုးကျသွားတော့သည်။

သည်အရာများအားလုံး ပြီးစီးပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ဆင့်ခေါ်လိုက်၏။ ခြင်သားရဲက ဝမ်လင်းကို သယ်ဆောင်၍ အကွာအဝေး တစ်ခုထံသို့ ပျံသန်း ထွက်ခွာသွားသည်။

သည်တိုက်ပွဲပြီးသည့်အခါ စန်နူး၏ ပြန်လည် ထွက်ပေါ်လာမှုသည် အလွန်ပျံ့နှံ့သွား၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအောက်တွင် အသန်မာဆုံးဆိုသည့် သူ့နေရာသည်လည်း ပို၍ ခိုင်မာလာခဲ့သည်။ အချို့ဆိုလျှင် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ပင် ရောက်ရှိသွားပြီဟု ယုံကြည်နေကြသည်။ စန်နူးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ဖြစ်သူ လီယွမ်ဖန်ကို အသေသတ်၍ ရွှမ်ယွဲ့ရှိ အခြားစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ အားလုံးသည်လည်း ချိပ်ပိတ်ခြင်း ခံလိုက်ရသည်ကို မည်သူကမျှ သံသယ မရှိခဲ့ချေ။ ရွှမ်ယွဲ့သည် အဆင့်နိုင်ငံကနေ သူ့ကြောင့် အဆင့်သုံးနိုင်ငံသို့ ပြုတ်ကျသွားခဲ့ရပေသည်။

သည်အဖြစ်အပျက်များက ကြားသည့်လူတိုင်းက တုန်လှုပ်သွားမိကြသည်။

သည်အခိုက်တွင် အဆင့်သုံး ကျင့်ကြံခြင်းနိုင်ငံ၏ ရွာလေးတစ်ရွာရှိ လမ်းကြိုလမ်းကြားတွင် အဘိုးအိုတစ်ယောက် ထိုင်လျက်ရှိနေ၏။ သူ့ရှေ့တွင်လည်း ခွက်တစ်လုံးနှင့် ယင်းခွက်ထဲတွင် ကြေးပြားအချို့က ပြန့်ကျဲစွာ ရှိနေသည်။ သည်အဘိုးအိုက ညစ်ပတ်ရှုပ်ပွနေပြီး ဆံပင်များကလည်း မျက်နှာထိ ဖုံးလို့နေသည်။

သူ့ဘေး၌ တစ်စုံတစ်ယောက်က လေးစားစွာ မတ်တတ်ရပ်လျက် ရှိနေသည်။ သည်လူ၏ မျက်နှာက အလွန်ပြန့်ကား၍ နားရွက်များကလည်း ကြီးမားလှသည်။ ဝမ်လင်းသာရှိလျှင် သူက သည်လူကို သိပေလိမ့်မည်။

“ဒီစန်နူးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကို သန်နိုင်တဲ့ထိ သန်မာလာခဲ့ပြီ။ တကယ့်ကိုမရိုးဘူး။ အတိတ်တုန်းက ဒီအဘိုးအိုက တကယ့်ကို အမြင်ရှာခဲ့တာပဲ … ဟားဟား…” အဘိုးအိုက သူ့မေးစေ့ကိုပွတ်၍ သူ့ဘေးရှိလူကြီးကို ကြည့်ကာ ပြောလိုက်သည်။ “စန်နူးက ရွှမ်ယွဲ့ကို စုတ်ပြတ်သွားစေပြီး အဆင့်သုံးနိုင်ငံ ဖြစ်သွားအောင် လုပ်ခြင်းနဲ့ မင်းကို ကူညီခဲ့တယ်။ ဒီနေတာ့ မင်းကလည်း သူ့ကိုကူညီရမယ်။ ငါ့ကောက်ရိုးဦးထုပ်ကို ယူပြီး လျိုမေနဲ့ သွားတိုက်ပါ။ မင်းက သူ့ပြိုင်ဘက် မဖြစ်ရင်တောင်မှ လွတ်မြောက်အောက် လုပ်နိုင်စွမ်း ရှိနေသေးတယ် မဟုတ်လား။ သူမရဲ့ စိတ်ကူးတစ်ထောင် နယ်ပယ်က ဘယ်အဆင့်ထိ ရောက်နေလဲ သွားစစ်ဆေးကြည့်လိုက်…”

နားရွက်ကြီးကြီး လူကြီးက လေးစားစွာဖြင့် သဘောတူလိုက်သည်။ သူက ရွှမ်ယွဲ့နိုင်ငံရှိရာသို့ ကြည့်နေသည်။သူ့အကြည့်ထဲ၌ ပြန်လည်တမ်းတမှုနှင့် လွမ်းဆွတ်မှုတို့ ဆွတ်ပျံ့ပါဝင်လို့ နေသည်။

သည်လူက ထွက်ခွာသွားပြီးနောက် အဘိုးအိုက မတ်တတ်ထရပ်ပြီး ကြေးပြားများကို သိမ်းဆည်းလိုက်သည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ‘ဆယ့်နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ကျူးချွဲဇီ…အတိတ်တုန်းက ငါတို့ နှစ်ယောက်ထဲမှာ ဘယ်သူရှုံးရှုံး နှစ်တစ်ထောင် အပြစ်ဒဏ်ခံရမယ်လို့ သဘောတူထားခဲ့ကြတယ်…။ ဒီဆယ့်နှစ်နှစ်ပြီးရင် ငါ့ကိုယ်ပိုင် အပြစ်ဒဏ်က အဆုံးသတ်တော့မှာပါ…”

သည့်နောက် အဘိုးအိုက အသက်ဝဝ ရှူသွင်းပြီးနောက် ပျောက်ကွယ်သွားတော့သည်။

“ဒါက တကယ့်ကို ခေါင်းကိုက်စရာပဲ။ ငါရွေးထားတဲ့ လေးယောက်ထဲမှာ ဒီဇီရှင်းက တကယ့်ကို ပြဿနာအများဆုံးပဲ။ သူမက ဘာလို့များ စန်နူးကို သွားရှုပ်ရပြီး လေဟာနယ်အက်ကြောင်းထဲ ပစ်ချ ခံထားရတာလဲ။ သူမက ချန်းဖန်ရဲ့ တာအိုနှလုံးသားကို ဖော်ထုတ်ဖို့ သွားတာမဟုတ်ခဲ့ရင် ဒီအဘိုးအိုက သူမကို ကယ်ဖို့အတွက်နဲ့ အချိန်တွေ မဖြုန်းချင်ဘူး…”

“ချန်းဖန်…ချန်းဖန်…အာ…ဒီကောင်လေးက ဒီအဘိုးအိုဘဝရဲ့ မြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံးကောင်ပဲ။ အနီရောင်လိပ်ပြာရဲ့ ပါရမီတောင်မှ သူ့အောက်မှာပဲ ရှိလိမ့်မယ်…”

“အခု စန်နူးနဲ့ အနီရောင်လိပ်ပြာရဲ့ တိုက်ပွဲက ဒီဟင်္သာပြဒါးဂြိုဟ် တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ…။ အဆင့်ငါးနိုင်ငံကို အဆင့်သုံးနိုင်ငံထိ လျော့ချစေခဲ့တာက ကိစ္စကြီးတစ်ခုပဲ။ ဒီဂြိုဟ်ရဲ့ ကျင့်ကြံသူတိုင်းက ဒီကိစ္စကိုသိနေကြမှာပဲ…”

ထိုအခိုက်တွင် ဟင်္သာပြဒါးတောင်၏ အနောက်ဘက်တွင် ချန်းဖန်၏လက်ထဲရှိ အသံပို့လွှတ်မှု ကျောက်စိမ်းပြားသည် အသံမြည်လာခဲ့သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ခဏအကြာတွင် သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “စန်နူး… လီယွင်ဖန်ကို သတ်နိုင်တာက ဘာမှမဟုတ်သေးပါဘူး။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို အတင်းအကျပ် ရောက်အောင် လုပ်ခဲ့ရတဲ့ အမှိုက်တစ်စပါပဲ။ မင်းက ဘီဘူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေးကို သတ်နိုင်ရင်တော့ မင်းက ငါ့ရန်သူဖြစ်ဖို့အတွက် နည်းနည်းလေး အရည်အချင်း ရှိလာပြီ…”

သူ့နောက်တွင် အနီရောင်လိပ်ပြာက တိတ်ဆိတ်စွာ မတ်တတ်ရပ်လျက် ရှိနေသည်။ သူမမျက်လုံးများထဲ၌ မည်သည့်အသက်ဓာတ်မျှ ရှိမနေခဲ့ချေ။

ချန်းဖန်ကလှည့်၍ အနီရောင်လိပ်ပြာကို မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ ကြည့်သည် ။ “နှလုံးမဲ့ နင် စန်နူးနဲ့ထပ်ပြီး တိုက်ချင်သေးလား…။ ဒါက နင့်စိတ်ဝိညာဉ် မပျောက်ကွယ်သွားခင် နင်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒမလား…”

***

All Chapters