အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) သနားစရာကောင်းလှသည့် ကူးပြောင်းလာသူ
【 မှတ်ဉာဏ် သိမ်းဆည်းရာနေရာ 】
ရွှန်ထျန်း ကုန်းမြေ... ၎င်းက ကျင့်ကြံသူများ၏ ကမ္ဘာကြီး ဖြစ်ပြီး လူသားအားလုံးက ကျင့်ကြံခြင်းကို မြတ်နိုးတန်ဖိုးထားကာ ထာဝရအသက်ကို လိုက်လံရှာဖွေကြသည်။
လမ်းဘေး ဈေးသည်များ၊ ကူလီထမ်းသမားများပင်လျှင် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် မျှော်လင့်ကြပြီး ထိုမှတစ်ဆင့် ကောင်းကင်သို့ တစ်ဟုန်ထိုး ပျံသန်းကာ သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်ချင်ကြ၏။
ချင်းကျိုးပြည်နယ်၏ တုန်းကျန်းနယ်မြေ... အလွန်ပင် ဝေးလံခေါင်ဖျားသည့် ဒေသတစ်ခုတွင် ကျင့်ကြံသူများ စုဝေးရာ မြို့ငယ်လေးတစ်မြို့ ရှိပြီး ၎င်း၏ အမည်မှာ ဝမ်နန်မြို့ ဖြစ်သည်။
ထိုနေရာတွင် ကျင့်ကြံခြင်းဖြင့် ထာဝရအသက်ကို လိုက်လံရှာဖွေပြီး သူတို့၏ ဆင်းရဲဒုက္ခများပြားလှသော ကံကြမ္မာကို ပြောင်းလဲပစ်ရန် အိပ်မက်မက်နေကြသည့် သာမန်သေမျိုး များနှင့် အဆင့်နိမ့် လေလွင့်ကျင့်ကြံသူ အမြောက်အမြား နေထိုင်ကြသည်။
မေ့မြောနေရာမှ ခုလေးတင် နိုးလာခဲ့သည့် ချန်ကျီသည် ဤသတင်းအချက်အလက်များက သူ၏ ဦးနှောက်ကို ဆက်တိုက်ဆိုသလို ရိုက်ခတ်နေခဲ့သဖြင့် လက်တွေ့နှင့် အိမ်မက်ကိုပင် ခွဲခြားရန် အနည်းငယ် ခက်ခဲနေခဲ့ရ၏။
"ငါ တကယ်ကြီး ကူးပြောင်းလာတာလား..."
"ဒီနေရာက ဝတ္ထုတွေထဲက ကျင့်ကြံခြင်း ကမ္ဘာကြီးပေါ့..."
"ဒါပေမဲ့ မူလခန္ဓာကိုယ်ပိုင်ရှင် ရဲ့ မှတ်ဉာဏ်ထဲမှာ ဘာဖြစ်လို့ မကောင်းတဲ့ အမှတ်တရတွေချည်းပဲ ရှိနေရတာလဲ၊ ဒီလို ကူးပြောင်းလာရတာမျိုးဆိုရင် မရှိတာကမှ ပိုကောင်းဦးမယ်..."
ချန်ကျီက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ရင်း ဤစိမ်းသက်လှသော ကမ္ဘာကြီးကို ပတ်ပတ်လည် လှည့်ပတ်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ဝေခွဲမရမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
"ငါ ဘယ်လိုလုပ်ပြီး ကူးပြောင်းလာတာလဲ..."
ချန်ကျီက သူ့ မူလမှတ်ဉာဏ်များနှင့် ပတ်သက်၍ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေကြောင်း ရုတ်တရက် သတိပြုမိသွား၏။ သူ မှတ်မိသည်က သူ့ကိုယ်သူ ကမ္ဘာမြေ ပေါ်က မနက် ၉ နာရီမှ ည ၅ နာရီ ပုံမှန်အလုပ်လုပ်ရသည့် သာမန်ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သည်ဟူသည့် အချက်သာ။
သို့သော်လည်း သူ ဘာကြောင့် ကူးပြောင်းလာခဲ့ရသလဲ ဆိုသည့် အကြောင်းအရင်းကိုမူ လုံးဝ မေ့လျော့နေခဲ့ချေပြီ။
သူ ယခင်က ဖတ်ဖူးသည့် ဝတ္ထုများထဲတွင်မူ ကူးပြောင်းလာသူ တိုင်းက ကောင်းကင်ဘုံက ကပ်ဘေး တစ်ခုခု ချပေးပြီးနောက်မှသာ ယခုလို ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုကို ခံရတတ်ကြသည်။
ယခုအချိန်တွင် သူ သိရှိထားသည်က သူ ရောက်ရှိနေသည့် နေရာမှာ ဝမ်နန်မြို့ ဖြစ်သည်ဟူသည့် အချက်ပင်။
ဝမ်နန်မြို့၏ မြောက်ဘက် မိုင် ၅၀၀ ခန့် အကွာတွင်မူ အင်မော်တယ် တောင်တစ်တောင် ရှိနေခဲ့သည်။
ထို အင်မော်တယ် တောင်ပေါ်တွင် "ချင်းယွမ်ဂိုဏ်း" ဟု ခေါ်ဆိုသည့် ကျင့်ကြံခြင်းဂိုဏ်းတစ်ခု တည်ရှိနေ၏။
ဝမ်နန်မြို့က ချင်းယွမ်ဂိုဏ်းနှင့် အနီးဆုံးမြို့ ဖြစ်ပေသည်။
ဒါကြောင့်မို့လို့ ဝမ်နန်မြို့တွင် ထာဝရအသက် ရှာဖွေလိုကြသည့် သာမန်သေမျိုး များနှင့် ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ခြေချခါစ လေလွင့်ကျင့်ကြံသူ အမြောက်အမြား ရှိနေကြခြင်း ဖြစ်၏။
သူတို့က တောင်ပေါ်သို့ မတက်ရောက်မီ ဝမ်နန်မြို့တွင် ယာယီနေ ရန် ရွေးချယ်တတ်ကြသည်။
တဖြည်းဖြည်းနှင့် ဝမ်နန်မြို့သည်လည်း လေလွင့်ကျင့်ကြံသူများ စုဝေးရာ မြို့ကြီးတစ်မြို့အဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာခဲ့တော့သည်။
ချင်းယွမ်ဂိုဏ်းတွင် ဆယ်နှစ်လျှင် တစ်ကြိမ် တပည့်အသစ်များ လက်ခံသည့် ရွေးချယ်ပွဲတစ်ခု ရှိတတ်၏။
လူအများအပြားက ဤရွေးချယ်ပွဲတွင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရရန် အလွန်ပင် တောင့်တကြသည်။
ထိုမှတစ်ဆင့် ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်ကာ ရှည်လျားလှသော ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချနိုင်ရန် ဖြစ်၏။
ထို့ပြင် ဝိညာဉ်အမြစ် အရည်အချင်းက သာမန်မျှသာဖြစ်ပြီး တရားဝင်တပည့်အဖြစ် ရွေးချယ်မခံရသူများပင်လျှင် ကျင့်ကြံခြင်းနှင့် ပတ်သက်ဆက်နွှယ်ခွင့် ရရှိရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။
ဒါက ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ရာ အစေခံ တပည့် အဖြစ် လုပ်ရလျှင်ပင် သူတို့က ဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက် လှမ်းလိုကြသည်။
"မူလခန္ဓာကိုယ်ပိုင်ရှင်က မူလက ချင်းယွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တာလား... ဒါဆို ဘာဖြစ်လို့ အခု ဝမ်နန်မြို့မှာ ရှိနေရတာလဲ..." ချန်ကျီ၏ ဦးနှောက်ထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသဖြင့် သူ၏ နှလုံးသားထဲတွင် သံသယအချို့ ရှိလာခဲ့၏။
"ချင်းယွမ်ဂိုဏ်းထဲ ဝင်နိုင်ခဲ့တာတောင် အစေခံ တပည့် တစ်ယောက်ပဲ ဖြစ်ခဲ့တာလား။ ဒီပါရမီကလည်း ညံ့ဖျင်းလွန်းလှချေလား၊ ဒါနဲ့များ ဘယ်လိုလုပ်ပြီး ကျင့်ကြံဦးမှာလဲ..."
ချန်ကျီ၏ ဦးနှောက်ထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များက တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာခဲ့ရာ မူလပိုင်ရှင်နှင့် ပတ်သက်၍ ပိုမိုသိလာရသဖြင့် သူ အပြစ်မတင်ဘဲ မနေနိုင်တော့ချေ။
ချင်းယွမ်ဂိုဏ်းက လူပေါင်းသောင်းချီ ရှိသော ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး အတွင်းစည်းတပည့် ဖြစ်စေ၊ အပြင်စည်းတပည့် ဖြစ်စေ ပထမဆုံး အရေးကြီးဆုံးအလုပ်မှာ အချိန်လု၍ ကျင့်ကြံကာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဖြစ်သည်။
နောက်ကျကျန်ခဲ့လျှင် ဖိနှိပ်ခံရလိမ့်မည်၊ ခြေတစ်လှမ်း နောက်ကျလျှင် ခြေလှမ်းတိုင်း နောက်ကျလိမ့်မည် ဖြစ်ပြီး ခွန်အားကသာ အရင်းအမြစ်များကို ကိုယ်စားပြုသည်ဟူသည့် အမှန်တရားကို ကျင့်ကြံသူတိုင်းက နှလုံးသားထဲတွင် ကောင်းကောင်းကြီး သဘောပေါက်ထားကြသည်။
ယခုကဲ့သို့ ကြီးမားလှသော ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုတွင် အလုပ်ကြမ်းအမျိုးမျိုးကို လုပ်ဆောင်ရန် လူများစွာ လိုအပ်သဖြင့် ချင်းယွမ်ဂိုဏ်းက နှစ်စဉ် အစေခံ တပည့် အချို့ကိုလည်း လက်ခံလေ့ ရှိသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမည်ကလည်း ချန်ကျီ ပင်ဖြစ်ပြီး အသက်အရွယ်မှာလည်း ချန်ကျီနှင့် အတူတူပင်ဖြစ်ကာ အသက် ၃၀ ဝန်းကျင် ရှိပြီ ဖြစ်၏။
သူ့ရဲ့ အိပ်မက်က ကျင့်ကြံခြင်းဖြင့် ထာဝရအသက်ကို ရရှိကာ သူ၏ ဆင်းရဲဒုက္ခများလှသော ကံကြမ္မာကို ပြောင်းလဲပစ်ရန် ဖြစ်သည်။
နှမြောစရာကောင်းသည်က သူက မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ရှိခြင်း ဖြစ်ပြီး ယခုကဲ့သို့ ပါရမီမျိုးက သူ့ရဲ့ ဇာတ်သိမ်းကို အစကတည်းက သတ်မှတ်ပေးထားခဲ့ပြီးပြီ ဖြစ်၏။
ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အစေခံ တပည့်တစ်ဦး ဖြစ်သည့် သူ့ကို ဂိုဏ်း၏ ဝိညာဉ်စိုက်ခင်းတွင် အလုပ်ကြမ်းလုပ်ရန် တိုက်ရိုက် တာဝန်ပေးခြင်း ခံခဲ့ရသည်။
နေ့စဉ်အလုပ်များမှာ မျိုးစေ့ချခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းနှင့် ပေါင်းမြက်ရှင်းခြင်း အစရှိသည့် အလုပ်ကြမ်းများသာ ဖြစ်၏။
မူလပိုင်ရှင်က အသက် ၁၅ နှစ်အရွယ်တွင် ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ဤအလုပ်ကို တစိုက်မတ်မတ် အစေခံ တပည့်အဖြစ် ၁၅ နှစ်တိတိ လုပ်ကိုင်ခဲ့ရကာ နေ့တိုင်း ရွှံ့မြေကြီးကို မျက်နှာမူပြီး ကောင်းကင်ကြီးကို ကျောပေးခဲ့ရသည်။
ဤ ၁၅ နှစ်တာ အချိန်အတွင်း သူက ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ ထိသာ ကျင့်ကြံနိုင်ခဲ့၏။
ကျင့်ကြံခြင်းလမ်းစဉ်၏ တံခါးဝကိုပင် ဝင်ရောက်နိုင်ခဲ့ခြင်း မရှိချေ။
သာမန်လူများထက် ခန္ဓာကိုယ်ကြံ့ခိုင်မှု အနည်းငယ် ပိုကောင်းသည်ဟုသာ ပြော၍ ရပေလိမ့်မည်။
မူလက ပိုင်ရှင်က ဆက်လက်၍ ဇွဲမလျှော့ဘဲ ကြိုးစားအားထုတ်ရန် တွေးတောထားခဲ့ခြင်း ဖြစ်သည်။
သူက အသက် ၃၀ ဝန်းကျင်သာ ရှိသေးသဖြင့် အနည်းဆုံးတော့ အုတ်မြစ်ချခြင်း နယ်ပယ် သို့ ရောက်ရှိရန် ကြိုးစားဖို့ရာ အနှစ် ၆၀ ခန့် အခွင့်အရေး ရှိနေသေးသည်။
တကယ်လို့ အုတ်မြစ်ချခြင်း နယ်ပယ် သို့ တက်လှမ်း နိုင်ခဲ့လျှင် သက်တမ်း နှစ် ၂၀၀ အထိ ရှိလာမည် ဖြစ်၏။
ဒါမှသာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စစ်မှန်စွာ ခြေချနိုင်ခဲ့သည်ဟု ပြော၍ ရပေလိမ့်မည်။
ပိုမိုအရေးကြီးသည်က သူက အတွင်းစည်းသို့လည်း ဝင်ရောက်နိုင်မည် ဖြစ်သည်။
နောင်တွင် စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာမည်ဖြစ်ရာ ဘယ်သောအခါမှ ရွှံ့မြေကြီးကို မျက်နှာမူပြီး ကောင်းကင်ကြီးကို ကျောပေးနေစရာ မလိုတော့ချေ။
သို့သော်လည်း သူက အိပ်မက်များကို ဆက်လက်မျှော်လင့်နေဆဲ အချိန်မှာတင် ချင်းယွမ်ဂိုဏ်းမှ မောင်းထုတ်ခြင်း ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့မိချေ။
အကြောင်းပြချက်ကတော့ သူ၏ ကျင့်ကြံခြင်း အမြန်နှုန်း က နှေးကွေးလွန်းလှသဖြင့် ဂိုဏ်းအနေဖြင့် သူ့လို လူပိုလူလျှံ ကို အလကား မကျွေးမွေးလိုခြင်း ဖြစ်၏။
သတင်းကို ကြားရသည့် အချိန်မှစ၍ တောင်ပေါ်မှ မောင်းထုတ်ခံရသည့် အချိန်အထိ သူ တစ်ကိုယ်လုံး မှင်တက် ဆွံ့အလို့ နေခဲ့ရသည်။
သူ၏ ကျင့်ကြံခြင်းအမြန်နှုန်း က အနည်းငယ် နှေးကွေးသည်ဆိုသော်ငြား အခြားသော အစေခံ တပည့်များက ဆယ်နှစ်အတွင်း ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ သို့ ရောက်ရှိနိုင်ကြသော်လည်း သူကမူ ၁၅ နှစ်တာ အချိန် ကုန်ဆုံးခဲ့ရသည်။
သို့သော်လည်း သူ့နှလုံးသားထဲတွင် ကောင်းကောင်းကြီး သိသည်က ထိုအစေခံ တပည့်များက အလုပ်လုပ်သည့် အချိန်တွင် နည်းလမ်းမျိုးစုံဖြင့် ခို လေ့ရှိကြပြီး မည်သူမျှ မြေကြီးကို သေသေချာချာ မစိုက်ပျိုးခဲ့ကြချေ။
ထိုလူများက ဂိုဏ်းက သတ်မှတ်ထားသည့် အပ်နှံရမည့် တာဝန်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ကြသဖြင့် ကျင့်ကြံရန် အချိန် ပိုမိုရရှိကြခြင်း ဖြစ်သည်။
သူကမူ စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ စိုက်ပျိုးခဲ့သဖြင့် နှစ်စဉ် အပ်နှံရသည့် ဝိညာဉ်ဆန် အရေအတွက်က သတ်မှတ်ချက်ထက် ပိုမိုကျော်လွန်ခဲ့ပြီး အခြားသူများထက် တစ်ဆခန့်ပင် ပိုမိုများပြားခဲ့သေးသည်။
ထို့ပြင် ဆန်အပ်နှံသည့် အကြိမ်တိုင်းတွင်လည်း တာဝန်ခံ ၏ အကြီးအကျယ် ချီးမွမ်းခြင်းကို ခံခဲ့ရသေး၏။
သူ့ကို အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟု ချီးမွမ်းခဲ့ပြီး ဆက်လက်ကြိုးစားရန်နှင့် တာဝန်ခံက အထက်အကြီးအကဲ များထံသို့ သူ့ရဲ့ ရလဒ် များကို တင်ပြပေးမည်ဟု ပြောခဲ့သည်။
သူက အလွန်ပင် ဝမ်းသာခဲ့ရပြီး နောက်ဆုံးတော့ သူ့ ကြိုးစားအားထုတ်မှုနှင့် ထူးချွန်မှုကို တစ်စုံတစ်ယောက်က မြင်တွေ့သွားခဲ့ပြီဟု ထင်မှတ်ခဲ့၏။
ယခုလို လုပ်ဆောင်ခြင်းဖြင့် အသိအမှတ်ပြုခံရမည်ဟု ထင်မှတ်ခဲ့သော်လည်း ဂိုဏ်းမှ တိုက်ရိုက် မောင်းထုတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။
ဂိုဏ်း၏ တံခါးဝမှ မောင်းထုတ်ခြင်း ခံရပြီးသည့် နောက်မှသာ သူ သိရှိခဲ့ရတော့သည်။
သူ နှစ်စဉ် ပိုမိုအပ်နှံခဲ့သည့် ဝိညာဉ်ဆန်များက အထက်သို့ လုံးဝ တင်ပြခြင်း မခံခဲ့ရဘဲ တာဝန်ခံကသာ အိတ်ထဲထည့် မတရားသိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။
ဤသတင်းကို သိရှိသွားသည့် သူက တောင်ပေါ်သို့ တက်ရောက်ကာ တာဝန်ခံကို သွားရောက် မေးမြန်းချင်ခဲ့သည်။
သို့သော်လည်း သူက ချင်းယွမ်ဂိုဏ်း၏ တပည့်တစ်ယောက် မဟုတ်တော့သဖြင့် တောင်ပေါ်သို့ တက်ရောက်ရန် အရည်အချင်း မရှိတော့ချေ။
သူ့နှလုံးသားထဲတွင် မကျေမနပ်ဖြစ်ကာ ဂိုဏ်းတံခါးကို အတင်း ချိုးဖျက်ဝင်ရောက်ခဲ့သည်။
နောက်ဆုံးတွင်မူ အရိုက်အနှက် ခံခဲ့ရပြီး အပြင်သို့ တိုက်ရိုက် လွှင့်ပစ်ခံခဲ့ရတော့၏။
သူက ယခုကဲ့သို့ လမ်းစဉ်က ဤမျှနှင့်တင် ပြီးဆုံးသွားခဲ့ပြီဆိုတာကို ယခုထက်ထိ မယုံကြည်နိုင်သေးချေ။
သူက ကလဲ့စားချေချင်ခဲ့ပြီး သူ့ ရလဒ် များကို မတရားသိမ်းပိုက်ခဲ့သည့် ထိုတာဝန်ခံကို နာကျည်းမုန်းတီးခဲ့သည်။
သူက ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ချင်သော်လည်း ကျင့်ကြံရန်အတွက် အရင်းအမြစ်များ လိုအပ်ပေသည်။
ချင်းယွမ်ဂိုဏ်းတွင်မူ သိပ်သည်းလှသော ဝိညာဉ်စွမ်းအား များကို စုဆောင်းပေးထားသည့် အစီအရင် ရှိနေသလို တစ်နှစ်လျှင် ချီစုစည်းခြင်း ဆေးလုံးတစ်လုံးဆီ ဆုလာဘ်အဖြစ် ရရှိသဖြင့် သူက အားခဲကာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
ယခု ချင်းယွမ်ဂိုဏ်းမှ ထွက်လာခဲ့ရပြီဖြစ်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဘယ်နေရာတွင် သွားရောက် ရှာဖွေရမှန်း သူ မသိတော့ချေ။
နောင်တွင် မည်သို့သော လမ်းစဉ်ကို လျှောက်လှမ်းရမှန်းလည်း မသိတော့သဖြင့် နောက်ဆုံးတွင် လမ်းပျောက်ကာ ဝမ်နန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် ဈေး ရှိနေသလို ကျင့်ကြံခြင်း အရင်းအမြစ်များလည်း ရှိနေသော်လည်း အားလုံးကို ဝိညာဉ်ကျောက်တုံးများဖြင့်သာ ဝယ်ယူရမည် ဖြစ်၏။
သူက မျှော်လင့်ချက်အသစ်ကို ပြန်လည်မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး ဆင်းရဲသားရပ်ကွက်တွင် အိမ်တစ်လုံး ငှားရမ်းကာ နေထိုင်ခဲ့သည်။
ဝိညာဉ်ကျောက်တုံးများကို ဘယ်လိုရှာရမလဲ၊ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဘယ်လိုဝယ်ရမလဲဟု တွေးတောနေခဲ့၏။
သို့သော်လည်း သူက ဝမ်နန်မြို့တွင် တစ်လခန့် လှည့်ပတ်သွားလာပြီးသည့် နောက်မှသာ သူ၏ ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ ကျင့်ကြံခြင်းအဆင့်က ထိုလေလွင့်ကျင့်ကြံသူများကိုပင် မမီနိုင်ကြောင်း သိရှိသွားခဲ့ရတော့သည်။
ချင်းယွမ်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူက အဆင့်နိမ့် အဝါရောင်အဆင့် ကျင့်ကြံခြင်းသိုင်းပညာ နှင့် လယ်စိုက်သည့် အတတ်ပညာကိုသာ သင်ယူခဲ့ရပြီး အခြားသော မည်သည့်အတတ်ပညာကိုမှ မတတ်မြောက်ခဲ့ချေ။
ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်မည့် မည်သည့်ကျွမ်းကျင်မှုမျိုးမှ ရှိမနေခဲ့ဘဲ သူက လယ်စိုက်တာကိုသာ တတ်မြောက်သော်လည်း သူ့ကို စိုက်ပျိုးခိုင်းမည့် ဝိညာဉ်စိုက်ခင်းကော ဘယ်နေရာမှာ ရှိသနည်း။
ချင်းယွမ်ဂိုဏ်းတွင်မူ ဝိညာဉ်စိုက်ခင်းများအားလုံးက အစီအရင်များ၏ ကူညီထောက်ပံ့မှု လိုအပ်ပြီး ဝိညာဉ်စွမ်းအားများ သိပ်သည်းနေမှသာ ဝိညာဉ်ဆန်များကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။
ချင်းယွမ်ဂိုဏ်း၏ အပြင်ဘက်တွင်မူ ထိုအင်အားကြီး အဖွဲ့အစည်းများတွင်သာ ဝိညာဉ်စိုက်ခင်းများ ရှိကြသဖြင့် သူ သွားရောက်ခဲ့လျှင်ပင် တစ်သက်လုံး အလုပ်ကြမ်းသမားအဖြစ်သာ ဆက်လက်လုပ်ကိုင်ရပေလိမ့်မည်။
သူ့ဘဝက ယခုဘဝတွင် ပျက်စီးသွားခဲ့ပြီဖြစ်ကာ ကျင့်ကြံခြင်းနှင့် နောက်ထပ်တစ်ကြိမ် လွဲချော်သွားခဲ့ရပြီဖြစ်ကြောင်း သူ သိရှိသွားခဲ့ရပြီးနောက် အရက်ကို အလွန်အကျွံ သောက်ကာ အရက်ဖြင့်သာ သောကများကို ဖြေဖျောက်ခဲ့တော့သည်။
သူက ယခုကဲ့သို့ အရက်သောက်လာခဲ့သည်မှာ နှစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မည်သည့်အလုပ်ကိုမှ မလုပ်သလို ကျင့်ကြံခြင်းလည်း မပြုလုပ်တော့ဘဲ အရက်သောက်ခြင်းဖြင့်သာ သူ စုဆောင်းထားသမျှ အရာအားလုံးကို ဖြုန်းတီးပစ်ခဲ့၏။
မနေ့ညက နောက်ဆုံးတစ်ကြိမ် အရက်သောက်ပြီးသည့် အချိန်အထိ ပေါ့။
အရက်ဆိုင်က သူ့ကို ပိုက်ဆံရှင်းခိုင်းသော်လည်း သူ့တွင် ပိုက်ဆံမရှိခဲ့ဘဲ အရက်မူးပြီး ပြဿနာရှာချင်ခဲ့သေးသည်။
ထို့ကြောင့် တိုက်ရိုက် အရိုက်အနှက်ခံခဲ့ရပြီး အရက်ဆိုင်အပြင်ဘက်သို့ လွှင့်ပစ်ခံခဲ့ရ၏။
ညဉ့်နက်ပိုင်းတွင် သူက အားယူကာ ထလိုက်ရင်း ဝေဝေဝါးဝါးဖြင့် သူငှားရမ်းထားသည့် တန်ဖိုးနည်းအိမ်လေးသို့ ပြန်လာခဲ့သည်။
တံခါးဝသို့ ဝင်ရောက်ပြီးနောက်တွင်မူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့တော့၏။
တစ်စုံတစ်ယောက်က ရုတ်တရက် အခွင့်အရေးများ၊ ကံတရားများ ပေါ်ပေါက်လာပြီးနောက် တစ်ဟုန်ထိုး ပျံသန်းကာ ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု အမြဲတမ်း တွေးတောတတ်ကြသော်လည်း ဒါက လုံးဝကို စိတ်ကူးယဉ် အိမ်မက်သက်သက်သာ ဖြစ်ပေသည်။
ဘယ်နေရာမှာ ယခုလို ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲပစ်နိုင်မည့် ကိစ္စမျိုးက အများကြီး ရှိနေပါ့မလဲ၊ ဒါတွေအားလုံးက သာမန်လူသားများ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်၏။
လူတစ်ယောက်အနေဖြင့် ကျင့်ကြံပြီး ထာဝရအသက်ကို လိုက်လံရှာဖွေသည့် ဤလမ်းစဉ်ပေါ်တွင် မည်မျှအထိ ဝေးဝေး လျှောက်လှမ်းနိုင်မလဲဆိုတာက မွေးဖွားလာသည့် နေ့ကတည်းက အစကတည်းက သတ်မှတ်ခြင်း ခံထားရပြီးသား ဖြစ်သည်။
အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသူများနှင့် ဝိညာဉ်အမြစ် မရှိသူများက ယခုဘဝတွင် ဘယ်လိုမှ မျှော်လင့်ချက် ရှိမှာ မဟုတ်ချေ။
ယခုဘဝတွင် တကယ်ကိုပဲ ဆင်းရဲဒုက္ခ များပြားလှပြီဖြစ်ရာ နောင်ဘဝတွင် မိသားစုကောင်းကောင်း၌ လူပြန်ဝင်စားနိုင်ရန် ဆုတောင်းလိုက်ခြင်းကမှ ပိုမိုကောင်းမွန်ဦးမည်။
"ဟူး..."
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အားလုံးကို ပြန်လည်တွေးတောပြီးနောက် ချန်ကျီက ခေါင်းကို ခါယမ်းရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"သနားစရာကောင်းလွန်းတယ်"
"ငါ တကယ်ကို သနားစရာကောင်းလွန်းတယ်၊ ဘာဖြစ်လို့ ဒီလို အသုံးမကျတဲ့ အမှိုက်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကူးပြောင်းလာရတာလဲ"
အခြားသူများ ကူးပြောင်းလာလျှင် ဂိုဏ်း၏ ပါရမီရှင်၊ ကောင်းကင်ဘုံ၏ သားတော်များ ဖြစ်ကြသည်။
မကျေနပ်သူ မှန်သမျှကို အကုန်အနိုင်ယူ ပြီး နတ်ဘုရား လာလျှင် နတ်ဘုရားကို သတ်၊ ဗုဒ္ဓ လာလျှင် ဗုဒ္ဓကို သတ်နိုင်ကြသည်။
ချန်ကျီ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး ဗလာကျင်းနေသည့် အိမ်လေးကို စိုက်ကြည့်လိုက်၏။
မူလပိုင်ရှင်က သူ့အတွက် ဘာတစ်ခုမှ တကယ်ကြီး ချန်ထားခဲ့ခြင်း မရှိဘဲ ဤအိမ်လေးကိုပင် ငှားရမ်းထားရခြင်း ဖြစ်သည်။
သူသည်လည်း မူလပိုင်ရှင်ကဲ့သို့ သူ့ကိုယ်သူ အရက်သောက်ပြီး သေပစ်လိုက်ချင်စိတ် ပေါက်လာခဲ့ကာ နောင်ဘဝကျမှ မိသားစုကောင်းကောင်းတွင် လူပြန်ဝင်စားချင်တော့သည်။
ရုတ်တရက်ဆိုသလို သူက တစ်ခုခုကို သတိရသွားပုံရ၏။
"ကူးပြောင်းလာသူတိုင်းမှာ ရှိတတ်တဲ့ ရွှေလက်ချောင်း ကော ဘယ်မှာလဲ..."