အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) နောက်ဘဝကျရင် ငါ့ကို ပြိုင်ဘက်ကင်း စနစ်တစ်ခု ပေးပါ
"ငါ့ရဲ့ ရွှေလက်ချောင်းက ဘာဖြစ်မလဲ။ အဖိုးအိုတစ်ယောက် နေ တဲ့ လက်စွပ်တစ်ကွင်းလား၊ ဒါမှမဟုတ် ဓားသွားထဲမှာ နေတဲ့ ဝတ်စုံဖြူ အမျိုးသမီးတစ်ယောက်လား၊ ဒါမှမဟုတ် တခြားဟာများလား"
ချန်ကျီက တစ်ကိုယ်လုံးကို ရှာဖွေလိုက်သော်လည်း ဘာတစ်ခုမှ ရှိမနေခဲ့ချေ။
"ဒါတွေတောင် ရှိမနေဘူးဆိုတော့... စနစ်များလား"
ချန်ကျီက ဟင်းလင်းပြင်ဆီသို့ စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ "စနစ်... မင်း ရှိလား"
ချန်ကျီ မေးပြီးနောက် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။
သူ့ဦးနှောက်ထဲတွင် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့သလို မျက်စိရှေ့တွင်လည်း အလင်းမျက်နှာပြင် ပေါ်ထွက်မလာခဲ့ချေ။
"စနစ်တောင် မရှိဘူးလား။ ဒါက တကယ်ကို အနိမ့်ဆုံးကနေ စရမယ့် အခြေအနေပဲ"
"နှုတ်ဆက်ပါတယ်... ဒီစုတ်ပြတ်သတ်နေတဲ့ ကျင့်ကြံခြင်း ကမ္ဘာကြီးရေ၊ စရတဲ့ အခြေအနေက တကယ်ကို ခက်ခဲလွန်းတယ်၊ ငါ ဆက်မကစားတော့ဘူး"
ပြောရင်းနှင့် ချန်ကျီက အိမ်ထဲတွင် သူ့ကိုယ်သူ သတ်သေနိုင်မည့် ပစ္စည်းများကို စတင်ရှာဖွေတော့သည်။
သေသေချာချာ ရှာဖွေနေစရာပင် မလိုချေ။ တစ်အိမ်လုံးက ကွက်ကွက်ကွင်းကွင်း မြင်နေရပြီး ကြိုးတစ်ချောင်းတောင် မရှိသဖြင့် ကြိုးဆွဲချသေချင်လျှင်ပင် မရနိုင်ချေ။
"နံရံကို ခေါင်းနဲ့ဆောင့်ရမလား"
ချန်ကျီက အခန်းပတ်ပတ်လည်က နံရံများကို ကြည့်ပြီး ခေါင်းခါယမ်းကာ ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။
နံရံပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်နှက်နေသဖြင့် သူ ခေါင်းနှင့် အတင်းဆောင့်လိုက်လျှင် လူမသေဘဲ နံရံက အရင်ပြိုကျသွားမည်ကို စိုးရိမ်မိ၍ ဖြစ်၏။
"ရေပုံးတစ်ပုံးထဲ ရေထည့်ပြီး နှစ် သေရမလား"
စုတ်ပြတ်နေသည့် အိုးခွက်ပန်းကန် အနည်းငယ်ကသာ ချန်ကျီ အခန်းထဲတွင် မြင်တွေ့ရသည့် တစ်ခုတည်းသော အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။
ချန်ကျီက ရေဇလုံတစ်ခုကို လှမ်းယူပြီး ကြည့်လိုက်သည်။
"တောက်... ပေါက်နေတာပဲ"
"သေဖို့တောင် ဒီလောက် ခက်ခဲရတာလား"
"ဟမ်... ငါ ပြီးခဲ့တဲ့ ဘဝတုန်းက ဘယ်လိုသေခဲ့တာလဲ"
ချန်ကျီသည် ပြီးခဲ့သည့်ဘဝက မှတ်ဉာဏ်များကို ပြန်လည်တွေးတောမိသွားသည်။
ခေတ္တမျှ ကြာပြီးနောက်
"တောက်... ဘာမှ စဉ်းစားလို့မရသေးပါလား"
"ထားလိုက်တော့... ဒါက အရေးမကြီးပါဘူး၊ ဒီဒုက္ခပင်လယ်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတာပဲ အရင်စဉ်းစားတာပေါ့"
ချန်ကျီက စုတ်ပြတ်နေသည့် ကုတင်ဘေးသို့ လျှောက်သွားလိုက်ပြီး တွေးလိုက်သည်။ "ဒီစုတ်ချာနေတဲ့ စောင်နဲ့ ကိုယ့်ကိုယ်ကိုယ် အသက်ရှူကျပ်အောင် လုပ်ရမလား"
ချန်ကျီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စောင်စုတ်ကို လှမ်းယူရန် ကုန်းလိုက်စဉ်မှာတင် အနံ့ဆိုးတစ်ခုက နှာခေါင်းထဲသို့ တိုက်ရိုက် တိုးဝင်လာသဖြင့် သူ အနောက်သို့ ဆက်တိုက် ဆုတ်လိုက်ရတော့၏။
"ဘုရားရေ... ပုပ်စော်နံနေတာပဲ"
ဤသို့ နောက်ဆုတ်လိုက်စဉ်မှာပင် ချန်ကျီက တစ်ခုခုနှင့် ခလုတ်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး အနောက်သို့ အရှိန်အဟုန်ဖြင့် လဲကျသွားခဲ့သည်။
"ဘန်း" ဟူသည့် အသံနှင့်အတူ ဦးခေါင်းအနောက်ဘက်က မြေပြင်နှင့် ရိုက်မိသွားတော့၏။
ချန်ကျီက ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ခုခု စီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက်တွင်မူ သူ၏ မျက်စိရှေ့၌ မှောင်မိုက်သွားခဲ့တော့သည်။
"ဒီလိုနဲ့ပဲ သေသွားတာလား..."
ချန်ကျီသည် သေရခြင်းက ဤမျှလောက် လွယ်ကူလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
ဒါပေမဲ့လည်း... လွတ်မြောက်သွားခဲ့ပြီပေါ့။
အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိရဘဲ ချန်ကျီ၏ ဦးနှောက်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်းများ တလက်လက် တောက်ပလာခဲ့သည်။
"ဒင်... အိမ်ရှင်ရဲ့ သက်တမ်းက မကုန်ဆုံးသေးပါဘူး၊ ဒီကမ္ဘာကြီးက မင်း ကယ်တင်မှာကို စောင့်ဆိုင်းနေပါတယ်၊ အနန္တနေရာလွတ် စနစ်နှင့် အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ"
ဤအသံကို ကြားလိုက်ရသဖြင့် ချန်ကျီက မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး နာကျင်နေဆဲဖြစ်သော ဦးခေါင်းအနောက်ဘက်ကို စမ်းသပ်ကြည့်လိုက်၏။
"ဒီကမ္ဘာကြီးက ငါ လာကယ်မှာကို စောင့်နေတယ် ဟုတ်လား။ ငါ့ကိုယ်ငါ အရင် ကယ်တင်နိုင်ဖို့ပဲ တွေးရမှာပါ"
"အနန္တနေရာလွတ် စနစ် တဲ့လား တစ်ခါမှ မကြားဖူးပါဘူး"
ချက်ချင်းဆိုသလိုပင် ချန်ကျီ၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အမည်: ချန်ကျီ
ကျင့်ကြံခြင်းအဆင့်: ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ (50/100)
ပါရမီ: မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်
ကျင့်ကြံခြင်းသိုင်းပညာ: ရွှန်ထျန်းလု (အခြေခံ) (1/100)
မန္တန်: မီးမွှေးခြင်းမန္တန် (အခြေခံ) (1/100)
အနန္တနေရာလွတ်: အဆင့် ၁
"ကောင်းကင်ဘုံက လူကို လမ်းပိတ်မထားပါဘူး စနစ်... မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"
စနစ်မျက်နှာပြင်ကို ကြည့်ရင်း ဒါက ရင်းနှီးနေကျ ပုံစံအတိုင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။
"စနစ်... မင်း ရှိလား"
မည်သည့် တုံ့ပြန်မှုမှ မရှိချေ။
ချန်ကျီက ခေါင်းကို ခါယမ်းလိုက်ရင်း တွေးလိုက်သည်။ "ကြည့်ရတာ ဒါက စကားပြောလို့မရတဲ့ စနစ်ပဲ၊ ကိုယ့်ဘာသာကိုယ်ပဲ စမ်းသပ်လေ့လာရတော့မယ်"
ကျင့်ကြံခြင်းအဆင့်နှင့် ပါရမီကိုမူ မူလပိုင်ရှင် ချန်ထားခဲ့သည့် မှတ်ဉာဏ်များထဲတွင် သူ သိရှိပြီးသားဖြစ်ရာ ကြည့်နေစရာ မလိုချေ။
"အခြေခံနဲ့ ဒီဂဏန်းတွေက ဘာကို ဆိုလိုတာလဲ"
"စမ်းကြည့်ရမလား"
ချန်ကျီက စနစ်မျက်နှာပြင်ကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေခဲ့သည်။
ထို့နောက် ချန်ကျီက မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်တွေးတောလိုက်၏။
"မီးမွှေးခြင်းမန္တန်က... ဒီလို သုံးရတာထင်တယ်"
ဤမီးမွှေးခြင်းမန္တန်က မူလပိုင်ရှင် ချင်းယွမ်ဂိုဏ်းတွင် သင်ယူခဲ့ရသည့် တစ်ခုတည်းသော မန္တန်ဖြစ်ပြီး သူ့ကို ဤမန္တန် သင်ပေးရခြင်းမှာလည်း မီးမွှေးပြီး ထမင်းဟင်းချက်ရန် အဆင်ပြေစေရန်အတွက်သာ ဖြစ်သည်။
ချန်ကျီက မှတ်ဉာဏ်အတိုင်း မီးမွှေးခြင်းမန္တန်ကို အသုံးပြုလိုက်ရာ ညာဘက်လက်ညှိုးပေါ်တွင် သေးငယ်လှသော မီးတောက်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဘုရားရေ... ဒါက မီးခြစ်တစ်လုံးနဲ့ ဘာကွာလို့လဲ။ ဒါကိုမှ... မန္တန်လို့ ခေါ်ရတာလား"
"ထားလိုက်ပါတော့... အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် စနစ် ရှိနေတာပဲ၊ နောက်ကျရင် အဆင့်မြင့် မန္တန်တွေ မရမှာကို စိုးရိမ်နေစရာ မလိုပါဘူး"
ထို့နောက် ချန်ကျီက စနစ်မျက်နှာပြင်ကို ထပ်မံ ဖွင့်ကြည့်လိုက်၏။
အမည်: ချန်ကျီ
ကျင့်ကြံခြင်းအဆင့်: ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ (50/100)
ပါရမီ: မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်
ကျင့်ကြံခြင်းသိုင်းပညာ: ရွှန်ထျန်းလု (အခြေခံ) (1/100)
အမန္တန်: မီးမွှေခြင်းမန္တန် (အခြေခံ) (2/100)
အနန္တနေရာလွတ်: အဆင့် ၁
"တကယ်ကြီး ဒီလိုပါလား၊ တစ်ကြိမ် သုံးလိုက်တိုင်း ဂဏန်းက ၁ မှတ် တိုးလာတာပဲ"
" ကြည့်ရတာ ဒီအခြေခံဆိုတာက ကျွမ်းကျင်မှုကို ဆိုလိုတာဖြစ်ပြီး အနောက်က ဂဏန်းကတော့ အသုံးပြုတဲ့ အကြိမ်ရေပေါ့"
" အကြိမ် ၁၀၀ ပြည့်အောင် သုံးပြီးရင် ဒီမီးမွှေးခြင်းမန္တန်ကလည်း အဆင့်တက်နိုင်လောက်တယ်"
ဤအချက်ကို သေသေချာချာ နားလည်သွားပြီးနောက် ချန်ကျီက မီးမွှေးခြင်းမန္တန်ကို ဆက်လက်အသုံးပြုရန် မလောဆော်တော့ချေ။
အဘယ်ကြောင့်ဆိုသော် စနစ်မျက်နှာပြင်၏ အောက်ဆုံးတွင် "အနန္တနေရာလွတ် အဆင့် ၁" ဟူသည့် စာသား ရှိနေသေးသောကြောင့် ဖြစ်သည်။
စနစ် ချိတ်ဆက်စဉ်တုန်းက ၎င်းက အနန္တနေရာလွတ် စနစ်ဟု ပြောခဲ့သည်ကို ချန်ကျီ မှတ်မိနေသေး၏။
"ဒါဆိုရင်... ဒီ 'အနန္တနေရာလွတ်' ကသာ အရေးအကြီးဆုံးပေါ့"
"ဒါပေမဲ့... ဒါကို ဘယ်လို သုံးရမှာလဲ" ချန်ကျီ စိတ် ထဲတွင် သံသယဖြစ်ကာ အသိစိတ်ဖြင့် စိတ်ကူးပုံဖော်ရန် စမ်းသပ်ကြည့်လိုက်သည်။
ဤအချိန်တွင် ချန်ကျီ၏ မျက်စိရှေ့၌ စာသားအချို့ ပေါ်ထွက်လာခဲ့၏။
သတိပေးချက်: အနန္တနေရာလွတ်သည် အရာအားလုံးကို ထည့် နိုင်ပါသည်။ အိမ်ရှင်အနေဖြင့် အသိစိတ်ဖြင့် ဝင်ရောက်ကာ အနန္တနေရာလွတ်ကို စစ်ဆေးနိုင်သလို မိမိကိုယ်တိုင် (သို့မဟုတ်) သက်ရှိပစ္စည်းများကို အနန္တနေရာလွတ်အတွင်းသို့ ဝင်ရောက် စေရန် ရွေးချယ်နိုင်သည်။
အိမ်ရှင်အနေဖြင့် သတိပြုရန်မှာ... မိမိကိုယ်တိုင် (သို့မဟုတ်) သက်ရှိပစ္စည်းများ အနန္တနေရာလွတ်အတွင်းသို့ ဝင်ရောက်ပါက ၁၀ မိနစ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ တုံး ကုန်ဆုံးမည် ဖြစ်သည်။
အနန္တနေရာလွတ်ကို အဆင့်မြှင့်တင်နိုင်ပြီး နောက်တစ်ကြိမ် အဆင့်မြှင့်ရန်အတွက် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကုန်မည် ဖြစ်သည်။
စနစ်မျက်နှာပြင်ပေါ်က သတိပေးချက်ကို ကြည့်ရင်း ချန်ကျီက တွေးတောလိုက်သည်။
"ကိုယ်တိုင်လည်း အနန္တနေရာလွတ်ထဲကို ဝင်လို့ရတာလား"
" ဒါကတော့ တကယ့်ကို နေရာကောင်းပဲ၊ အသက်ဘေးကနေ လွတ်မြောက်ဖို့ အကောင်းဆုံးနေရာပဲ"
" ဒါပေမဲ့... ဈေးနှုန်းက အနည်းငယ် များ လွန်းမနေဘူးလား"
" ၁၀ မိနစ်တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ တုံး ကုန်မှာဆိုတော့ သွေးစုပ်တဲ့ မြေရှင်တွေထက်တောင် ပိုဆိုးနေသေးတယ်"
မူလပိုင်ရှင် ချင်းယွမ်ဂိုဏ်းမှ ထွက်လာစဉ်တုန်းက တစ်ကိုယ်လုံးတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးသာ ရှိခဲ့သည်ကို ချန်ကျီ မှတ်မိနေ၏။
ဤဝိညာဉ်ကျောက်တုံး ၁၀ တုံးသည်လည်း မူလပိုင်ရှင် ချင်းယွမ်ဂိုဏ်းတွင် ၁၅ နှစ်တာ အချိန်အတွင်း ချွေတာစုဆောင်းခဲ့ရခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်က ဤဝိညာဉ်ကျောက်တုံး ၁၀ တုံးကိုပင် မူလပိုင်ရှင်က အရက်သောက်ရင်း အကုန် ဖြုန်းတီးပစ်ခဲ့ချေပြီ။
ချန်ကျီက ခေါင်းကို ခါယမ်းရင်း သက်ပြင်းချလိုက်ပြီး အသိစိတ်ဖြင့်သာ အနန္တနေရာလွတ်ကို စစ်ဆေးရန် ရွေးချယ်လိုက်တော့သည်။
ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်အတွင်းသို့ ဝင်ရောက်သွားရာ သူ၏ ဦးနှောက်ထဲတွင် ကမ္ဘာသစ်တစ်ခု ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွားပြီး သူကိုယ်တိုင်လည်း ဤကမ္ဘာကြီးထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
ခေါင်းမော့ကြည့်လိုက်လျှင် ပြာလွင်သော ကောင်းကင်နှင့် တိမ်တိုက်ဖြူများကို မြင်ရပြီး အနီးနားတွင် ပန်းမန်များနှင့် သစ်ပင်များ ရှိနေကာ အဝေးတွင်မူ တောင်တန်းများနှင့် မြစ်ချောင်းများ ရှိနေခဲ့သည်။
သို့သော်လည်း အဝေးက တောင်တန်းများနှင့် မြစ်ချောင်းများက မြူနှင်းပါးပါးများဖြင့် ဖုံးလွှမ်းနေသဖြင့် သဲသဲကွဲကွဲ မမြင်ရချေ။
ရှင်းလင်းစွာ မြင်တွေ့နိုင်သည့် ဧရိယာမှာ စတုရန်းမီတာ ၅၀၀ ခန့်သာ ရှိပေသည်။
ဤစတုရန်းမီတာ ၅၀၀ အကျယ်အဝန်းရှိသော နေရာတွင် နှစ်ထပ်အမြင့်ရှိပြီး ရှေးဟောင်းဟန်ပန်ဖြင့် ဆောက်လုပ်ထားသည့် မျှော်စင် တစ်ခုကတင် စတုရန်းမီတာ ၃၀၀ ခန့် နေရာယူထားခဲ့ပြီ ဖြစ်၏။
ချန်ကျီက အနန္တနေရာလွတ်အတွင်း တစ်ပတ် လှည့်ပတ်ကြည့်လိုက်ရာ ထိုမျှော်စင် မှလွဲ၍ အခြားနေရာတွင် စိုက်ခင်းတစ်ခုသာ ရှိနေခဲ့သည်။
အခြားသော နေရာများကို ချန်ကျီ သွားရောက်ကြည့်ချင်သော်လည်း မြူခိုးထူထူကြီးက ပိတ်ဆို့ထားခဲ့၏။
ထိုမြူခိုးကြီးက သဘာဝအတိုင်း တားဆီးထားသည့် အကာအကွယ်တစ်ခုကဲ့သို့ သူ့ကို အပြင်ဘက်တွင်သာ ရှိနေစေပြီး မည်သို့မျှ စူးစမ်း၍ မရနိုင်ချေ။
ထိုစိုက်ခင်းကိုမူ စတုရန်းပုံစံ စိုက်ခင်း ၁၀ ကွက်အဖြစ် ပိုင်းခြားထားပြီး တစ်ကွက်ချင်းစီတွင် အလျားနှင့် အနံ ၁ မီတာစီ ရှိသည်။
ထို့ပြင် အားလုံးက မြေဆီလွှာ ပြုပြင်ပြီးသား အခြေအနေဖြစ်သော်လည်း စိုက်ခင်းထဲတွင် ဘာတစ်ခုမှ စိုက်ပျိုးထားခြင်း မရှိချေ။
ဤစိုက်ခင်းကို မြင်လိုက်ရသည့် အချိန်တွင် ချန်ကျီက အလွန်ပင် ရင်းနှီးနေခဲ့ရသည်။
မူလပိုင်ရှင် ချင်းယွမ်ဂိုဏ်းတွင် လယ်စိုက်စဉ်တုန်းက မြင်တွေ့ခဲ့ရသည့် အဆင့်မြင့်ဆေးပင် စိုက်ခင်းများက ယခုကဲ့သို့ ပိုင်းခြားထားခြင်း ဖြစ်၏။
စိုက်ခင်းတစ်ကွက်တွင် ဝိညာဉ်ဆေးပင်တစ်ပင်သာ စိုက်ပျိုးလေ့ရှိပြီး ၎င်းက ဝိညာဉ်ဆေးပင်များကို အာဟာရဓာတ် ပြည့်ဝစွာ စုပ်ယူနိုင်စေရန်အတွက် ဖြစ်သည်။
မူလပိုင်ရှင်သည်လည်း အဆင့်မြင့်ဆေးဖက်ဝင်စိုက်ခင်းတွင် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးနိုင်ရန် အိပ်မက်မက်ခဲ့ဖူးပြီး ၎င်းက သာမန်လယ်စိုက်ခြင်းနှင့် လုံးဝ ခြားနားလှပေသည်။
"ကြည့်ရတာ အစကတည်းက ပြန်ပြီး လယ်စိုက်ရဦးမှာလား။ မူလပိုင်ရှင်က တစ်သက်လုံး လယ်စိုက်လာခဲ့တာလေ၊ လယ်စိုက်တာက အနာဂတ်မရှိဘူးကွ"
ချန်ကျီက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တစ်ခုတည်းသော မျှော်စင် ဆီသို့ လှည့်ကြည့်လိုက်ရာ မျှော်စင် ၏ အပြင်ဘက်တွင် ထွင်းထုမွမ်းမံထားမှုများက အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
အနီးကပ် ကြည့်လိုက်လျှင် မျှော်စင် ငယ်၏ တံခါးကြီးက တင်းကျပ်စွာ ပိတ်ထားပြီး ပထမထပ်နှင့် ဒုတိယထပ်ကြားတွင် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားကာ ၎င်းပေါ်တွင် "အနန္တ ကုန်စုံဆိုင်" ဟူသည့် ကြီးမားသော စာလုံးကြီး လေးလုံး ရေးထိုးထား၏။
တံခါးမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ကဗျာစာသားနှစ်ကြောင်းကို ချိတ်ဆွဲထားခဲ့သည်။
ကောင်းကင်ဘုံနှင့် ချိတ်ဆက်ကာ အရောင်းအဝယ်ပြုလုပ်မည်၊ အလိုရှိရာကို စိတ်ကြိုက်ရွေးချယ်ပါ။
အရာအားလုံးကို ပြန်လည်သိမ်းဆည်းပေးမည်၊ လာသမျှလူကို ငြင်းပယ်ခြင်းမရှိစေရ။
"အနန္တ ကုန်စုံဆိုင် ဟုတ်လား။ ကြည့်ရတာ ဒါက စနစ်ရဲ့ ဆိုင်ပဲ၊ ဒါပေမဲ့ ဒီနေရာမှာ လက်တွေ့ပုံဖော်ထားတာပေါ့"
ကဗျာစာသားနှစ်ကြောင်းကတင် အရာအားလုံးကို ရှင်းလင်းစွာ ပြောပြနေခဲ့ပြီ ဖြစ်သည်။
အနန္တ ကုန်စုံဆိုင်ထဲတွင် ရောင်းချသမျှ အရာအားလုံး ရှိနေသလို အရာအားလုံးကိုလည်း ပြန်လည်သိမ်းဆည်း ဝယ်ယူပေးမည် ဖြစ်၏။
ချန်ကျီက စိတ်လှုပ်ရှားသွားခဲ့ပြီး အနန္တ ကုန်စုံဆိုင်၏ တံခါးကြီးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်ကြည့်ရန် ပြင်လိုက်သည်။
ဤအချိန်တွင် ချန်ကျီ၏ မျက်စိရှေ့၌ သတိပေးချက်တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြန်၏။
အနန္တ ကုန်စုံဆိုင်ကို ဖွင့်လှစ်ရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျ ပါသည်။
ဤသတိပေးချက်ကို မြင်လိုက်ရသည့် အချိန်တွင် ချန်ကျီ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့တော့သည်။
"ထားလိုက်တော့... ပျက်စီးသွားစမ်းပါ"
"ဒီအနန္တနေရာလွတ် စနစ်က တကယ့်ကို ဝိညာဉ်ကျောက်တုံးစားတဲ့ မိစ္ဆာကောင်ပဲ"
"ဘာမဆို ဝိညာဉ်ကျောက်တုံးပဲ လိုချင်နေတယ်၊ ငါ့မှာ ဘယ်ကလာပြီး ဝိညာဉ်ကျောက်တုံး ရှိမှာလဲ"
"ဖွင့်ဖို့တင် တန်းပြီး ၁၀၀ တောင်းနေတယ်၊ မင်း သွားပြီး ဓားပြတိုက်လိုက်ပါလား"
"နောက်ဘဝကျရင် ငါ့ကို ပြိုင်ဘက်ကင်း စနစ်တစ်ခု ပေးပါတော့ဗျာ"