← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) အဆ ၅၀၀ အချိန်မြန် ခြင်း

​ချန်ကျီ၏ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများ ထပ်မံ၍ ခမ်းခြောက်သွားခဲ့ပြန်သဖြင့် ဝိညာဉ်စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် ထိုင်၍ ရွှန်ထျန်းလုကို ကျင့်ကြံရန် ပြင်လိုက်သည်။

​ဤအချိန်တွင် ဝမ်းဗိုက်ထဲမှ "ဂွီဂွီ" ဟူသည့် အော်မြည်သံ ထွက်ပေါ်လာခဲ့၏။

​ချန်ကျီက ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည့် အချိန်မှစ၍ ယခုအထိ ဘာတစ်ခုမှ မစားရသေးသည်ကို ယခုမှ သတိရတော့သည်။

​သူက ယခုအချိန်တွင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဟု ဆိုနိုင်သော်လည်း ချီသန့်စင်ခြင်း နယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသည့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က သာမန်သေမျိုးများနှင့် မခြားနားသေးချေ။ ဗိုက်ဆာရမည့် အချိန်တွင် ဗိုက်ဆာနေဦးမည်သာ ဖြစ်၏။

​ဝမ်းဗိုက်ထဲမှ ပေါ်ထွက်လာသည့် ဆာလောင်မှု ခံစားချက်၊ ထို့ပြင် နှလုံးသားထဲတွင် အကြွေးပြန်ဆပ်ရမည့်အရေးကို စိုးရိမ်ပူပန်နေရမှုများကြောင့် ချန်ကျီက စိတ်အေးလက်အေး ထိုင်၍ မကျင့်ကြံနိုင်တော့ချေ။

​ဘာတစ်ခုမှမရှိဘဲ ပြောင်သလင်းခါနေသည့် အခန်းကို တစ်ပတ် ပတ်၍ ကြည့်လိုက်ပြီးနောက် ချန်ကျီက ထပ်မံ၍ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်မိသည်။

​ဤအချိန်တွင် ချန်ကျီက မူလပိုင်ရှင် ချန်ထားခဲ့သည့် ဝိညာဉ်ဆန်မျိုးစေ့အိတ်ကို ရုတ်တရက် သတိရသွားခဲ့၏။ မျိုးစေ့ဆိုသည်မှာလည်း ဆန်ပင် ဖြစ်သဖြင့် အခွံခွာလိုက်လျှင် စား၍ ရနိုင်ပေသည်။

​"စမ်းကြည့်ရတာပေါ့... စားလို့ရရင် ရမှာပါ"

​ဤသို့ တွေးမိသည်နှင့် ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့တော့၏။

​အနန္တနေရာလွတ်ထဲသို့ ခုလေးတင် ဝင်ရောက်လိုက်သည်နှင့် ချန်ကျီက ထိုရွှေဝါရောင်သန်းနေသည့် စပါးခင်းကြီးကြောင့် အာရုံစိုက်မိသွားခဲ့ပြီး မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။

​"ဒီဝိညာဉ်ဆန်တွေက... အကုန် မှည့်နေပြီပါလား"

​"ဒါက မနေ့ညတုန်းကမှ ခုလေးတင် ချခဲ့တဲ့ မျိုးစေ့တွေ မဟုတ်ဘူးလား"

​ချန်ကျီက ဝိညာဉ်စိုက်ခင်းထဲက တစ်မီတာကျော်ခန့် မြင့်မားနေသည့် စပါးနှံများကို စိုက်ကြည့်လိုက်ရာ စပါးနှံတစ်ခုချင်းစီတွင် ဝိညာဉ်ဆန်များ ပြည့်နှက်နေခဲ့ပြီး အဆမတန် သီးပွင့်နေသည့် ပုံစံက စပါးနှံများကိုပင် ကိုင်းညွတ်သွားစေခဲ့၏။

​အစောပိုင်းတွင် ချန်ကျီက ဤဝိညာဉ်ဆန်မျိုးစေ့များကို ထိုမျှလောက် ကြာမြင့်စွာ ထားရှိထားခဲ့ခြင်းကြောင့် စိုက်ပျိုး၍ မရှင်သန်နိုင်တော့ဟု ထင်မှတ်ထားခဲ့မိသည်။

​ထို့ပြင် သူက ရေလောင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ခြင်း၊ ပိုးသတ်ခြင်း အစရှိသည့် လယ်ယာစိုက်ပျိုးရေးအတွက် မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ်များကိုလည်း ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့ချေ။

​မထင်မှတ်ဘဲ ဤဝိညာဉ်ဆန်မျိုးစေ့များက စိုက်ပျိုး၍ ရှင်သန်သွားရုံတင်မကဘဲ တစ်ညတာ အချိန်အတွင်းမှာတင် ရင့်မှည့်သွားခဲ့ချေပြီ။

​ချန်ကျီက ဤဝိညာဉ်စိုက်ခင်းကို ကြည့်ရင်း နှလုံးသားထဲတွင် အံ့အားသင့်သွားခဲ့ရ၏။ သူ မှတ်မိသလောက်ဆိုလျှင် ဝိညာဉ်ဆန်၏ ကြီးထွားမှု သက်တမ်းက ရက်ပေါင်း ၁၀၀ ဝန်းကျင်ခန့် ရှိပြီး တစ်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ လုပ်ကိုင်မှသာ ဝိညာဉ်ဆန် သုံးရာသီစာမျှ ရိတ်သိမ်းနိုင်ခြင်း ဖြစ်သည်။

​သို့သော် ယခုအချိန်တွင်မူ တစ်ရက်ပင် မပြည့်သေးသည့် အချိန်အတွင်း၌ ဝိညာဉ်ဆန် တစ်ရာသီစာကို ရိတ်သိမ်းနိုင်ခဲ့ချေပြီ။

​"ဒီဝိညာဉ်စိုက်ခင်းမှာ အချိန်မြန်ပေးတဲ့ လုပ်ဆောင်ချက် ရှိနေတာ သေချာတယ်။ မဟုတ်ရင် ဒီဝိညာဉ်ဆန်တွေက ဒီလောက်အမြန်ကြီး ကြီးထွားလာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီဝိညာဉ်စိုက်ခင်းက တော်တော်လေး ဉာဏ်ကောင်းလွန်းတာပဲ၊ ငါ ဘာမှမလုပ်ပေးရင်တောင် သူက အလိုအလျောက် ကြီးထွားပေးနိုင်တယ်"

​ဤသို့ တွေးမိသည်နှင့် ချန်ကျီ နှလုံးသားထဲတွင် အတွေးအသစ်တစ်ခု ပေါ်ထွက်လာခဲ့၏။ "အကယ်၍ ဒီဝိညာဉ်စိုက်ခင်းထဲမှာ စိုက်ထားတာတွေက အကုန် ဝိညာဉ်ဆေးပင်တွေသာ ဆိုရင် နှစ်ရာချီ သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တွေကိုလည်း အလွယ်တကူ ရရှိနိုင်တော့မှာပေါ့"

​"ဒါပေမဲ့ ဒီဝိညာဉ်စိုက်ခင်းရဲ့ အချိန် မြန်နှုန်းက ဘယ်လောက်အထိ ရှိမလဲဆိုတာတော့ မသိသေးဘူး"

​ဝမ်းသာအားရ ဖြစ်နေသည့်ကြားမှ ချန်ကျီက ဤဝိညာဉ်ဆန်များကို မည်သို့ သိမ်းဆည်းရမလဲဆိုသည်ကို စဉ်းစားလိုက်၏။ သူ ယခုအချိန်တွင် တံစဉ် တစ်ချောင်းပင် မရှိချေ။

​"အရင်တုန်းက မျိုးစေ့ချတုန်းကလည်း အသိစိတ်ဆန္ဒအတိုင်း ထိန်းချုပ်ခဲ့တာပဲ၊ အခုလည်း အသိစိတ်ဆန္ဒအတိုင်း ရိတ်သိမ်းလို့ ရမလား မသိဘူး"

​အလွန်အကျွံ တုံ့ဆိုင်းမနေတော့ဘဲ ချန်ကျီက အသိစိတ်ဆန္ဒအတိုင်း တိုက်ရိုက်ထိန်းချုပ်လိုက်ပြီး စပါးနှံများကို အကုန် နုတ်ယူလိုက်သည့် မြင်ကွင်းကို စိတ်ကူးပုံဖော်လိုက်သည်။

​"တကယ်ကြီး ရတာပဲ"

​စပါးနှံများအားလုံးက ဝိညာဉ်စိုက်ခင်းထဲမှ အလိုအလျောက် နုတ်ယူခြင်း ခံလိုက်ရပြီး ဝိညာဉ်စိုက်ခင်းဘေးတွင် ပုံလိုက် ပေါ်ထွက်လာသည်ကို ချန်ကျီ မြင်တွေ့လိုက်ရ၏။

​ဝိညာဉ်စိုက်ခင်းထဲက မြေဆီလွှာများကတော့ ဘာတစ်ခုမှ ကပ်ပါမလာခဲ့ချေ။

​ဝိညာဉ်စိုက်ခင်းကလည်း ပြန်လည်ပြုပြင်ပြီးသား အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး သီးနှံအသစ်များ စိုက်ပျိုးရန် စောင့်ဆိုင်းနေခဲ့သည်။

​ချန်ကျီက အံ့အားသင့်ရန်ပင် အချိန်မရဘဲ ထိုဝိညာဉ်ဆန်မျိုးစေ့အိတ်ကို ဝိညာဉ်စိုက်ခင်းပေါ်သို့ ထပ်မံ၍ ပက်ကြဲလိုက်ပြန်၏။

​ယခုအကြိမ်တွင်မူ ချန်ကျီက အချိန်ကို သေသေချာချာ တွက်ချက်ထားလိုက်သည်။ ဤဝိညာဉ်စိုက်ခင်း၏ အချိန်မြန်နှုန်းက အဆမည်မျှ ရှိသလဲဆိုသည်ကို အတည်ပြုချင်သောကြောင့် ဖြစ်၏။

​ချန်ကျီက အနန္တနေရာလွတ်ထဲတွင် ဆက်လက်နေပြီး စောင့်ကြည့်ချင်သော်လည်း ဝမ်းဗိုက်ထဲက ဆာလောင်မှု ခံစားချက်က သူ့ဦးနှောက်ကို လှုံ့ဆော်နေခဲ့ချေပြီ။

​ချန်ကျီက တွေးလိုက်မိသည်။ "ရပါတယ်... ဒီဘက်ကို အမြဲတမ်း စိုက်ကြည့်နေစရာ မလိုပါဘူး၊ ခဏနေရင် တစ်ချက်တစ်ချက် လာကြည့်ရုံပဲ၊ ဘာမှလည်း မခက်ခဲပါဘူး... မျက်လုံးလေး မှိတ်လိုက်ရုံတင်ပဲ"

​ဆုံးဖြတ်ချက် ချပြီးနောက် ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲမှ ပြန်လည်ထွက်လာခဲ့၏။

​ထို့နောက် ချန်ကျီက ထိုစပါးနှံပုံကြီးကို အနန္တနေရာလွတ်ထဲမှ အပြင်သို့ ထုတ်ယူလိုက်သည်။

​ချန်ကျီက မြေပြင်ပေါ်က စပါးနှံပုံကြီးကို သွားရည်ကျမတတ် စိုက်ကြည့်လိုက်မိ၏။ "ဝိညာဉ်ဆန်က ဘာအရသာရှိလဲဆိုတာ တစ်ခါမှ မမြည်းစမ်းဖူးသေးဘူး"

​စိတ်လှုပ်ရှားနေသည်ထက် လက်တွေ့လုပ်ဆောင်တာက ပိုကောင်းသဖြင့် ချန်ကျီက စပါးနှံများကို စတင်ကိုင်တွယ်တော့သည်။ သူက လက်ဗလာဖြင့် ဝိညာဉ်ဆန်များကို တိုက်ရိုက် ခြွေချလိုက်၏။

​နာရီဝက်ခန့် ကြာပြီးနောက် ဝိညာဉ်ဆန်များနှင့် စပါးရိုး များ အားလုံး သီးခြားစီ ဖြစ်သွားခဲ့ချေပြီ။ ယခုအချိန်တွင် ဝိညာဉ်ဆန်များကို အခွံခွာလိုက်ရုံနှင့် တိုက်ရိုက် ချက်ပြုတ်စားသောက်နိုင်တော့မည် ဖြစ်သည်။

​"ဒီဝိညာဉ်ဆန်က အလေးချိန် ၅၀ ကျင်း (၂၅ ကတ်တီ) လောက် ရှိမယ် ထင်တယ်"

​"အခု ဈေးထဲမှာ ဝိညာဉ်ဆန် ကတ်တီ ၁၀၀ ကို ဝိညာဉ်ကျောက်တုံး ၁ တုံးနဲ့ ရောင်းလို့ရတယ်လို့ ကြားဖူးတယ်"

​"အခုကတော့ ဝိညာဉ်စိုက်ခင်းရဲ့ အချိန်မြန်နှုန်းက အဆဘယ်လောက်ရှိလဲ မသိသေးတာပဲ၊ အကယ်၍ ငါးရက်အတွင်းမှာ ဝိညာဉ်ဆန် ကတ်တီ တစ်ထောင်လောက် စိုက်လို့ရမယ်ဆိုရင်တော့ ထွက်ပြေးစရာ မလိုတော့ဘူး"

​"တင်နေတဲ့ အရက်ဖိုးကို အကုန် ပြန်ဆပ်နိုင်မှာဖြစ်ပြီး ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အနန္တကုန်စုံဆိုင်ကို ဖွင့်လှစ်ဖို့ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀ ကို စုဆောင်းရတာလည်း အလွန် လွယ်ကူသွားမှာပဲ"

​စိတ် ထဲတွင် တစ်ချက် တွက်ချက်ပြီးနောက် ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲသို့ ထပ်မံ အာရုံစိုက်လိုက်ပြန်သည်။

​နာရီဝက်ခန့် အချိန်ကုန်ဆုံးသွားသည့် အခါတွင် ဤဝိညာဉ်ဆန်များက အကုန်လုံး အပင်ပေါက်နေပြီ ဖြစ်ကြောင်း ချန်ကျီ သတိပြုမိလိုက်၏။

​အချိန်ကို ဆက်လက်တွက်ချက်ရင်း အသိစိတ်က ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

​ချန်ကျီက ခဏနေလျှင် ချက်စားရန်အတွက် ဝိညာဉ်ဆန် အနည်းငယ်ကို ချန်ထားခဲ့ပြီး ကျန်ရှိသည်များကိုတော့ အနန္တနေရာလွတ်ထဲသို့ အကုန် သိမ်းဆည်းလိုက်၏။

​ထို့နောက် ချန်ထားခဲ့သည့် ဝိညာဉ်ဆန်များကို အခွံခွာလိုက်သည်။ တော်သေးသည်က အိမ်ထဲက အိုးခွက်ပန်းကန်များကို မူလပိုင်ရှင်က အရက်ဖိုးအဖြစ် လဲလှယ်၍ မရောင်းချခဲ့သဖြင့် ယူသုံး၍ ရနေသေးခြင်း ဖြစ်၏။

​အိမ်အပြင်ဘက်ကခြံဝင်းငယ်ထဲက ရေတွင်းထဲမှ ရေအနည်းငယ် ခပ်ယူလိုက်ပြီး ဝိညာဉ်ဆန်များကို တစ်ခါ လောက် ဆေး လိုက်သည်။

​အမှန်တကယ်တော့ မဆေးဘဲ ချက်လျှင်လည်း ရပေသည်။ အနန္တနေရာလွတ်ထဲတွင် စိုက်ပျိုးထားသည့် ဝိညာဉ်ဆန်များကို သူက မြေသြဇာပင် မကျွေးခဲ့သလို ပိုးလည်း မသတ်ခဲ့ရသဖြင့် သဘာဝအတိုင်း ကြီးထွားလာခဲ့ခြင်း ဖြစ်ရာ လုံးဝ ဓာတု ကင်းစင်ပြီး အန္တရာယ်မရှိချေ။

​သို့သော်လည်း ဆန်ဆေးပြီးမှ ထမင်းချက်သည့် ဤလုပ်ငန်းစဉ် က ပြီးခဲ့သည့်ဘဝကတည်းက လူ့စိတ် ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေခဲ့သဖြင့် မဆေး ဘဲ ချက်ရသည်က အနည်းငယ် အဆင်မပြေ ဖြစ်နေ၍ ဖြစ်၏။

​ထို့နောက် ချန်ကျီက ထိုစုတ်ပြတ်နေသည့် အိုးကို ထုတ်ယူကာ အားသွန်ခွန်စိုက် တိုက်ချွတ်ဆေးကြောလိုက်သည်။ သန့်ရှင်းရေးကတော့ စံချိန်စံညွှန်း ပြည့်မီရပေမည်။ မဟုတ်လျှင် ဗိုက်နာဗိုက်လျှောဖြစ်ပါက သူ ဆေးဝယ်ရန် ပိုက်ဆံပင် မရှိချေ။

​သူက ကျင့်ကြံခြင်းလမ်းစဉ်၏ မျှော်လင့်ချက်ကို ခုလေးတင် မြင်တွေ့ခဲ့ရခါစ ရှိသေးသဖြင့် မသန့်ရှင်းသည့် ထမင်းတစ်နပ်ကို စားမိရုံနှင့် အသက်ပျောက်သွားရမည့် အဖြစ်မျိုးကို မလိုလားချေ။

​စုတ်ပြတ်နေသည့် အိုးကို ဆေးကြောပြီးနောက် ဝိညာဉ်ဆန်များကို ထည့်လိုက်ကာ သင့်တော်ရုံ ရေပမာဏကို ဖြည့်စွက်၍ အိုးဖုံးကို ပိတ်လိုက်သည်။

​အတော်ပဲ... ထိုစပါးရိုးများကို မီးမွှေးရန်အတွက် အသုံးပြုနိုင်ပေသည်။

​ချန်ကျီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မူလပိုင်ရှင် ချန်ထားခဲ့သည့် စောင်စုတ်ကို ဆွဲဖြဲလိုက်ကာ မီးဖိုထဲသို့ ထိုးထည့်လိုက်၏။

​ဤစောင်စုတ်ကို မြင်ရုံနှင့်တင် သူ စိတ်ရှုပ်ထွေးလှသဖြင့် မူလပိုင်ရှင်က ဤစောင်စုတ်ကို မည်သို့ ခြုံပြီး အိပ်ပျော်နိုင်ခဲ့သလဲဆိုသည်ကို မသိတော့ချေ။

​၎င်းနောက် ချန်ကျီက မီးမွှေးခြင်းမန္တန်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ မီးလုံးတစ်လုံးက မီးဖိုထဲသို့ လွင့်စင်သွားခဲ့ပြီး မီးဖိုထဲက စပါးရိုးများနှင့် စောင်စုတ်များက တစ်ခဏအတွင်းမှာပင် တောက်လောင်သွားခဲ့ကာ မီးရှိန်က အလွန်တရာ ပြင်းထန်လှပေသည်။

​ကျွမ်းကျင်မှုအဆင့် တက်သွားပြီးနောက်ပိုင်း မီးမွှေးခြင်းမန္တန်က ယခင်ကထက်စာလျှင် အများကြီး ပိုမိုအသုံးဝင်လာခဲ့၏။

​မီးဖိုထဲတွင် တရုန်းရုန်း တောက်လောင်နေသည့် မီးတောက်များကို ကြည့်ရင်း အိုးထဲမှလည်း ရေနွေးငွေ့များ တဖြည်းဖြည်း မြင့်တက်လာခဲ့ကာ ဝိညာဉ်ဆန်၏ မွှေးရနံ့ကလည်း တဖြည်းဖြည်း ပျံ့လွင့်လာခဲ့တော့သည်။

​ချန်ကျီက မသိမသာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိ၏။ သူ တကယ်ကို ဗိုက်ဆာနေခဲ့ချေပြီ။ ထို့ပြင် ဤဝိညာဉ်ဆန်ဖြင့် ချက်ပြုတ်ထားသည့် ထမင်းက တကယ်ကို မွှေးပျံ့လွန်းလှသဖြင့် သူ တစ်သက်နှင့်တစ်ကိုယ် ဤမျှလောက် မွှေးကြိုင်လှသော ထမင်းမျိုးကို မနံဖူးခဲ့ချေ။

​မကြာမီအချိန်အတွင်းမှာပင် ပူပူနွေးနွေး ဝိညာဉ်ဆန်ထမင်းက ချက်ပြုတ်ပြီးသွားခဲ့သည်။

​ချန်ကျီက အိုးဖုံးကို ဖွင့်လိုက်ရာ ဝိညာဉ်ဆန်၏ မွှေးရနံ့က အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီး ဝိညာဉ်စွမ်းအား လှိုင်းများပါ စိမ့်ထွက်နေခဲ့၏။

​ချန်ကျီက မစောင့်ဆိုင်းနိုင်တော့ဘဲ မြည်းစမ်းကြည့်ချင်သဖြင့် ယောက်မကို တိုက်ရိုက်ကိုင်ကာ ထမင်း တစ်ယောက်မစာ ခတ်ယူလိုက်သည်။

​ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ချန်ကျီသည် ဝိညာဉ်စွမ်းအားများက စမ်းချောင်းကဲ့သို့ လည်ပတ်ကာ ဒန်တျန်အတွင်းသို့ စီးဝင်သွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

​"ဒီဝိညာဉ်ဆန်ထမင်းက စားလို့ကောင်းရုံတင် မဟုတ်ဘူး၊ ဝိညာဉ်စွမ်းအားကိုပါ ပြန်ဖြည့်ပေးနိုင်တာပဲ"

​ချန်ကျီက ဘာမှထပ်မပြောတော့ဘဲ သုံးပန်းကန် ဆက်တိုက် တီးလိုက်ရာ ဗိုက်လည်း ဝသွားခဲ့ပြီး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများကလည်း ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြည့်ဝသွားခဲ့ချေပြီ။

​စားသောက်ပြီးနောက် ချန်ကျီက အချိန်ကို တွက်ချက်ကြည့်လိုက်ရာ နောက်ထပ် တစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီး အနန္တနေရာလွတ်ကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သည်။

​ဝိညာဉ်စိုက်ခင်းထဲတွင် စိမ်းလန်းစိုပြည်နေခဲ့ပြီးဖြစ်ကာ အစောပိုင်းက စပါးပင်ပေါက်လေးများက ယခုအခါတွင် တစ်မီတာနီးပါးခန့် မြင့်မားသော စပါးနှံများအဖြစ် ကြီးထွားနေခဲ့သော်လည်း အစေ့အဆန်များ မသီးပွင့်သေးချေ။

​ချန်ကျီက မှတ်ဉာဏ်ထဲက ၁၅ နှစ်တာ လယ်စိုက်ခဲ့သည့် အတွေ့အကြုံအရ ကြည့်မည်ဆိုပါက ဤဝိညာဉ်ဆန်များသည် တစ်လဝန်းကျင်ခန့် ကြီးထွားမှုသက်တမ်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

​"ဒါဆို ဒီလိုတွက်မယ်ဆိုရင် တစ်နာရီ အချိန်က ရက်ပေါင်း ၂၀ ဝန်းကျင်နဲ့ ညီမျှနေတာပဲ။ ဒီအတိုင်းသာ မရပ်မနား ဆက်ပြီး စိုက်ပျိုးသွားမယ်ဆိုရင် ၅ ရက် အချိန်အတွင်းမှာ ဝိညာဉ်ဆန် ကတ်တီ တစ်ထောင်ကို သေချာပေါက် စိုက်ပျိုးနိုင်မှာဖြစ်လို့ ထွက်ပြေးဖို့အတွက် စိုးရိမ်နေစရာ မလိုတော့ဘူး"

​"ဒါပေမဲ့ ကိုယ်တိုင် သန်မာဖို့ကလည်း အရေးကြီးသေးတာမို့လို့ အချိန်ကို လုပြီး ကျင့်ကြံရမယ်၊ ခွန်အားကို မြှင့်တင်ဖို့ကမှ အရေးအကြီးဆုံးပဲ"

​ယခုကဲ့သို့ဖြင့် ချန်ကျီက မီးမွှေးခြင်းမန္တန်ကို ထပ်မံ၍ စတင်အသုံးပြုနေခဲ့ပြန်ပြီး ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားပါက ရွှန်ထျန်းလုကို လည်ပတ်စေကာ ပြန်လည်ဖြည့်တင်းခဲ့ရာ ပျင်းရိဖွယ်ရာဟူ၍ အနည်းငယ်မျှပင် မခံစားရချေ။

​နောက်ထပ် သုံးနာရီခန့် ကုန်ဆုံးသွားပြီးနောက် ချန်ကျီ၏ မီးမွှေးခြင်းမန္တန်က ထပ်မံ၍ အကြိမ် ၇၀ ခန့် အသုံးပြုပြီးသွားခဲ့ပြီး ရွှန်ထျန်းလုကိုလည်း သုံးကြိမ်တိုင်တိုင် လည်ပတ်ခဲ့ပြီး ဖြစ်သည်။

​ရွှန်ထျန်းလုကို ခုလေးတင် လည်ပတ်ပြီး၍ ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝသွားချိန်တွင် ချန်ကျီက အချိန်အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အနန္တနေရာလွတ်ထဲက အခြေအနေကို စစ်ဆေးကြည့်လိုက်၏။

​"တကယ်ကြီးပဲ... ၅ နာရီမပြည့်ခင် အချိန်အတွင်းမှာတင် ဝိညာဉ်ဆန်တွေက နောက်ထပ် တစ်ရာသီစာ ရင့်မှည့်သွားပြန်ပြီ"

​"ဒါဆို ဒီလိုတွက်မယ်ဆိုရင် တစ်ရက်တာ အချိန်က အဆ ၅၀၀ အချိန်မြန်ခြင်းနဲ့ ညီမျှနေတာပဲ။ ဝိညာဉ်ကျောက်တုံး ၁၀ တုံးဆိုတာ အေးဆေးပါပဲ"

​ချန်ကျီက ဝမ်းသာအားရဖြင့် ဝိညာဉ်ဆန်များကို ထပ်မံ၍ အကုန်လုံး သိမ်းဆည်းလိုက်ရာ ယခုအကြိမ်တွင်လည်း ၅၀ ကျင်း (၂၅ ကတ်တီ) ဝန်းကျင်ခန့် ရရှိခဲ့သည်။

​ထို့နောက် ထပ်မံ၍ မျိုးစေ့ချလိုက်၏။

​ချန်ကျီက မီးမွှေးခြင်းမန္တန်ကို ထပ်မံ၍ စတင်အသုံးပြုနေခဲ့ပြန်သည်။ အခြားရွေးချယ်စရာ မရှိချေ... ယခုအချိန်တွင် သူက ဤမန္တန်တစ်ခုတည်းကိုသာ တတ်မြောက်ထားသေးသောကြောင့် ဖြစ်ပေတော့သည်။

All Chapters