အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) မန္တန်အဆင့်တက်ခြင်းနှင့် ဆန်ရောင်းရန် ထွက်လာခြင်း
သုံးရက်ကြာပြီးနောက်
ချန်ကျီက နေ့စဉ် ၄ နာရီမျှသာ အိပ်စက်အနားယူသည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် မရပ်မနား ကျင့်ကြံခြင်းနှင့် ဝိညာဉ်ဆန်များကို အဆက်မပြတ် စိုက်ပျိုးခြင်းတို့ကိုသာ လုပ်ဆောင်နေခဲ့သည်။
ယခုအခါ ဝိညာဉ်ဆန်များက စုစုပေါင်း ကျင်း ၇၀၀ နီးပါးအထိ ရှိလာခဲ့ပြီဖြစ်ပြီး မန္တန်များကို အသုံးပြုခြင်းကလည်း သိသာထင်ရှားသော အောင်မြင်မှုများ ရရှိနေခဲ့ပြီ ဖြစ်၏။
အမည် - ချန်ကျီ
ကျင့်ကြံခြင်းအဆင့် - ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ (63/100)
ပါရမီ - မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်
ကျင့်စဉ် - ရွှန်ထျန်းလု (အခြေခံ) (69/100)
မန္တန် - မီးမွှေးခြင်းမန္တန် ( ပြီး ပြည့်စုံခြင်း) (520/1600)
အနန္တနေရာလွတ် - အဆင့် ၁
သုံးရက်တာ အချိန်အတွင်းမှာပင် ချန်ကျီက မီးမွှေးခြင်းမန္တန်ကို အခြေခံ၊ ကျွမ်းကျင်၊ အသေစား အောင်မြင်မှု ၊ အကြီးစား အောင်မြင်မှု အဆင့်များမှတစ်ဆင့် ယခုအခါ ပြီး ပြည့်စုံခြင်း အဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ချေပြီ။
မန္တန်တစ်ခု အဆင့်တက်သွားသည့် အကြိမ်တိုင်းတွင် လိုအပ်သည့် အသုံးပြုရမည့် အကြိမ်အရေအတွက်က အဆမတန် ဆပွားတိုးမြင့်သွားလေ့ရှိသည်။
ချန်ကျီ၏ ဤသုံးရက်တာ ပင်ပန်းခံခဲ့မှုများက အလဟဿ မဖြစ်ခဲ့ချေ။ ယခုအခါ ပြီး ပြည့်စုံခြင်းအဆင့်သို့ မြင့်တက်သွားသည့် မီးမွှေးခြင်းမန္တန်နှင့် အခြေခံအဆင့်တုန်းက မီးမွှေးခြင်းမန္တန်တို့က လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
ယခင်က မီးမွှေးခြင်းမန္တန်သည် မီးလျှံအသေးစားလေးမျှသာ ဖြစ်သော်လည်း ယခုအခါတွင်မူ ဘတ်စကက်ဘောလုံးတစ်လုံးခန့် အရွယ်အစားအထိ ကြီးမားလှပေသည်။
ယခုအချိန်တွင် ဤမန္တန်ကို မီးမွှေးခြင်းမန္တန်ဟု ခေါ်ဆိုရန် မသင့်တော်တော့ဘဲ "မီးလုံးမန္တန်" ဟု ပြောင်းလဲခေါ်ဆိုရတော့မည် ဖြစ်ပြီး စွမ်းအားကလည်း သာမန်ထက် ပိုမိုလွန်ကဲနေခဲ့ချေပြီ။
အစစ်အမှန် မီးလုံးမန္တန်ကို ထုတ်ဖော်လိုက်လျှင်ပင် ယခု ပြီး ပြည့်စုံခြင်းအဆင့်ရှိ မီးမွှေးခြင်းမန္တန်လောက် ပြင်းထန်သည့် စွမ်းအားမျိုး ရှိလိမ့်မည်မဟုတ်ချေ။
ယခု မီးမွှေးခြင်းမန္တန်မှ ထွက်ပေါ်လာသည့် မီးလုံးက ပေါက်ကွဲစေနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
ချန်ကျီက မီးလုံးတစ်လုံးကို ပစ်လွှတ်၍ စမ်းသပ်ကြည့်ခဲ့ရာ မြေပြင်ပေါ်တွင် တွင်းကြီးတစ်တွင်း တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့ပြီး တွင်းကြီး၏ အနားသတ်များတွင်ပါ မီးလောင်ကျွမ်းထားသည့် အမှတ်အသားများ ထင်ကျန်နေခဲ့၏။
မီးမွှေးခြင်းမန္တန်၏ စွမ်းအားကို စမ်းသပ်ပြီးနောက် ချန်ကျီက မီးလုံးများကို အလွယ်တကူ ပစ်လွှတ်ရန် မဝံ့ရဲတော့ချေ။ သူက ဤစုတ်ပြတ်နေသည့် အိမ်လေး ပေါက်ကွဲပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဝမ်နန်မြို့၊ ထုံဖူစားသောက်ဆိုင်၏ အနောက်ခြံဝင်း
"ဆိုင်ရှင်ထုံ... ချန်မျိုးရိုးကောင်လေးက ဒီနေ့အထိ အပြင်ကို တစ်ချက်မှ မထွက်သေးဘူး၊ အဲဒီစုတ်ပြတ်နေတဲ့ အိမ်ထဲမှာပဲ အမြဲတမ်း အောင်းနေတာ၊ အထဲမှာ ဘာတွေ လုပ်နေလဲတော့ မသိဘူး"
ဆိုင်ရှင်ထုံဟု ခေါ်ခြင်းခံရသူကတော့ လွန်ခဲ့သည့် သုံးရက်က ချန်ကျီ၏ အိမ်သို့ အကြွေးလာတောင်းသည့် ခန့်ညားထည်ဝါသော ဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားပင် ဖြစ်၏။
စကားပြောနေသည့်လူကတော့ ဆိုင်ရှင်ထုံက ချန်ကျီကို စောင့်ကြည့်ရန် စေလွှတ်ထားသည့် သူ့လက်အောက်ငယ်သား ဖြစ်သည်။
ဆိုင်ရှင်ထုံက သူ့လူ၏ တင်ပြချက်ကို ကြားလိုက်ရသဖြင့် ခေတ္တမျှ စဉ်းစားလိုက်ပြီး "သုံးရက်တောင် ရှိပြီ အပြင်မထွက်ဘူး ဟုတ်လား၊ ဝိညာဉ်ကျောက်တုံးတွေရဖို့လည်း နည်းလမ်းရှာပုံမရဘူး၊ ဒါဆို သူက ထွက်ပြေးဖို့ ကြံစည်နေတာများလား"
"ထားလိုက်ပါတော့... သူ့ကို ဆက်ပြီး စောင့်ကြည့်ထား၊ အကယ်၍ သူ ထွက်ပြေးဖို့ အရိပ်အယောင် ပြတာနဲ့ သူ့ကို ချက်ချင်း ဖမ်းခေါ်ခဲ့"
"ဟုတ်ကဲ့ပါ"
လက်အောက်ငယ်သား ထွက်သွားပြီးနောက် ဆိုင်ရှင်ထုံက သူ့လက်ထဲက စာရင်းစာအုပ်ကို ဆက်လက်ကြည့်နေခဲ့သည်။ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ မျှသာရှိသည့် အားနည်းသူတစ်ယောက်ကို သူက အမြဲတမ်း စိတ်ထဲ ထည့်ထားစရာ မလိုချေ။ ချန်ကျီက သူ့လက်ဝါးပြင်ထဲမှ မည်သို့မျှ ရုန်းထွက်နိုင်မည်မဟုတ်ကြောင်း သေချာနေသည်။
"မကြာသေးခင်က ကျောက်မီးသွေးတွင်းရဲ့ ဝင်ငွေက မဆိုးဘူးပဲ၊ ကျောက်မီးသွေးတူးဖို့ လူတွေကို ပိုပြီး ရှာရမယ်" စာရင်းစာအုပ်ကို ကြည့်ပြီးနောက် ဆိုင်ရှင်ထုံက တစ်စုံတစ်ခုကို စဉ်းစားမိကာ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်နေခဲ့တော့သည်။
....
နောက်ထပ် တစ်ရက်တာ အချိန် ကုန်ဆုံးသွားခဲ့ပြန်ပြီ။
ချန်ကျီက ဝိညာဉ်ဆန် ကျင်း ၁၀၀၀ ကို စုဆောင်းမိသွားခဲ့ချေပြီ။
ချိန်းဆိုထားသည့် အချိန်ရောက်ရန် နောက်ထပ် တစ်ရက်သာ လိုတော့သည်။
ချန်ကျီက ဤဝိညာဉ်ဆန် ကတ်တီ ၁၀၀၀ ကို အရင်ဆုံး သွားရောက်ရောင်းချပြီး ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို လက်ထဲ ရယူရန် ဆုံးဖြတ်လိုက်၏။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ချန်ကျီအနေဖြင့် ဤစုတ်ပြတ်နေသည့် အိမ်ထဲမှ ပထမဆုံးအကြိမ်အဖြစ် အပြင်သို့ လှမ်းထွက်လာခဲ့ခြင်း ဖြစ်သည်။
အပြင်ထွက်သည့်အခါ တံခါးကိုပင် သော့ခတ်နေစရာ မလိုချေ။ ဘာပဲဖြစ်ဖြစ် အိမ်ထဲတွင် ပြောင်သလင်းခါနေသဖြင့် သူခိုးပင် လာခိုးရန် စိတ်ကူးလိမ့်မည်မဟုတ်ချေ။
ချန်ကျီက မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း လမ်းကြားအချို့ကို ကွေ့ပတ်ကျော်ဖြတ်ပြီးနောက် ဝမ်နန်မြို့ထဲက ဈေးဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ဈေးထဲတွင် ကျင့်ကြံခြင်း ပစ္စည်းများကို ရောင်းချသည့် ဆိုင်မျိုးစုံ ရှိနေခဲ့၏။
ထို့ပြင် လမ်းဘေးတွင် ဆိုင်ခန်းဖွင့်လှစ်ကာ ကျင့်ကြံခြင်း ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည့် ကျင့်ကြံသူ အမြောက်အမြားလည်း ရှိနေကြပေသည်။
ဆေးလုံးများ၊ ဝိညာဉ်လက်နက်များ၊ အဆောင် များ၊ ကျင့်စဉ်များ၊ အစီအရင် များ အစရှိသည့် ကုန်ပစ္စည်းမျိုးစုံက စုံလင်စွာ ရှိနေခဲ့၏။
ဝမ်နန်မြို့တစ်ခုလုံး၏ အစည်ကားဆုံးသော မြင်ကွင်းက ချန်ကျီ၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူက ထိုအရာများကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။
သူ့တွင် အနန္တကုန်စုံဆိုင်က စောင့်ဆိုင်းနေသေးသဖြင့် ဤအရာများကို သွားကြည့်ရန် လုံးဝ အလျင်မလိုချေ။
အနန္တနေရာလွတ်ကိုသာ အသက်သွင်းနိုင်ခဲ့လျှင် ဤအရာမျိုးကို လိုချင်သလောက် ရရှိနိုင်မည် မဟုတ်ပါလား။
ချန်ကျီ၏ လက်ထဲတွင် ယခုအခါ ဝိညာဉ်ဆန် ကျင်း ၁၀၀၀ ရှိနေသော်လည်း ဤဝိညာဉ်ဆန် ကျင်း ၁၀၀၀ လုံးကို ပခုံးပေါ်တွင် ထမ်းပိုးထားမည်ဆိုပါက လူအများ၏ အာရုံစိုက်ခြင်းကို လွန်စွာ ခံရပေလိမ့်မည်။
ဝိညာဉ်ဆန် ကျင်း ၁၀၀၀ ကို အနန္တနေရာလွတ်ထဲသို့ သိမ်းဆည်းထားနိုင်သော်လည်း အနန္တနေရာလွတ်ကဲ့သို့သော လျှို့ဝှက်ချက်အကြီးကြီးကို မည်သို့မျှ အလွယ်တကူ ထုတ်ပြ ၍ မဖြစ်ချေ။
နှမြောစရာကောင်းသည်က သူ ယခုအချိန်တွင် သိုလှောင်အိတ်တစ်လုံးပင် မရှိသေးခြင်း ဖြစ်သည်။ မဟုတ်လျှင်မူ ဤဝိညာဉ်ဆန် ကျင်း ၁၀၀၀ ကို ဆိုင်တစ်ဆိုင်ဆိုင်သို့ အလွယ်တကူ ယူဆောင်သွားကာ တိုက်ရိုက်ရောင်းချနိုင်မည်ဖြစ်ပြီး မည်သူ့ထံမှ သံသယဝင်ခြင်းကို ခံရမည်မဟုတ်ချေ။
ကံကောင်းသည်က မူလပိုင်ရှင်၏ စုတ်ပြတ်နေသည့် အိမ်ထဲတွင် ဂုံနီအိတ်စုတ် အချို့ ရှိနေသေးခြင်း ဖြစ်၏။ ချန်ကျီက သေသေချာချာ ဖာထေးလိုက်ပြီးနောက် ဤဂုံနီအိတ်စုတ်များကို အသုံးပြု၍ ရသွားခဲ့သည်။
ဈေးထဲသို့ ဝင်ရောက်ပြီးနောက် ချန်ကျီက ပခုံးပေါ်တွင် ဝိညာဉ်ဆန်နှစ်အိတ်ကို ထမ်းပိုးထားရင်း ဝိညာဉ်ဆန်ဝယ်ယူသည့် ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ ထိုဝိညာဉ်ဆန်နှစ်အိတ်ကို အဆင်ပြေချောမွေ့စွာဖြင့် ရောင်းချလိုက်၏။
ဈေးနှုန်းကလည်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ ဝိညာဉ်ဆန် ကတ်တီ ၁၀၀ ၏ ဝယ်ယူသည့်ဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ တုံး ဖြစ်ပြီး ဤဝိညာဉ်ဆန်နှစ်အိတ်က ကျင်း ၁၀၀ ကွက်တိ ရှိနေခဲ့သည်။
ဆိုင်ရှင်က ဝိညာဉ်ဆန်နှစ်အိတ်ကို လက်ခံလိုက်သဖြင့် ချန်ကျီက နောက်ဆုံးတွင် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးသော ဝိညာဉ်ကျောက်တုံးကို ရရှိသွားခဲ့ချေပြီ။
ဝိညာဉ်ကျောက်တုံး၏ အရွယ်အစားက ငန်းဥတစ်ဥခန့် ရှိပြီး မျက်နှာပြင်က ချောမွေ့ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်နှင့် ဝိညာဉ်ကျောက်တုံးထဲက ထူထပ်သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအားများကို ခံစားလိုက်ရ၏။
ဝိညာဉ်ကျောက်တုံးက ကျင့်ကြံသူများအတွက် အရေးကြီးသော ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခု ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်စွမ်းအားများကို တိုက်ရိုက်စုပ်ယူ၍ ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ဝိညာဉ်ကျောက်တုံးက ကျင့်ကြံခြင်းလောက၏ အများသုံး အရောင်းအဝယ်ပြုလုပ်သည့် ငွေကြေးလည်း ဖြစ်သဖြင့် ကျင့်ကြံသူများအားလုံးက အရောင်းအဝယ်ပြုလုပ်ရန်အတွက် ဝိညာဉ်ကျောက်တုံးကိုသာ အသုံးပြုကြခြင်း ဖြစ်၏။
ချန်ကျီက ဝိညာဉ်ကျောက်တုံးကို အိတ် ထဲသို့ ထည့်လိုက်ဟန် ပြုလိုက်သော်လည်း အမှန်တကယ်တော့ ဝိညာဉ်ကျောက်တုံးက အသံတိတ်စွာဖြင့် အနန္တနေရာလွတ်ထဲသို့ အသိမ်းခံလိုက်ရခြင်း ဖြစ်သည်။
"ဆိုင်ရှင်... ဒီဝိညာဉ်ဆန်နှစ်အိတ်ကို ကျွန်တော် သွန်ပေးခဲ့ပါ့မယ်၊ ကျွန်တော် ဒီအိတ်စုတ်နှစ်အိတ်ကို တစ်ခါတည်း ယူသွားလိုက်မယ်နော်၊ မဟုတ်ရင် ဆိုင်ထဲမှာ ထားထားရင် ဆိုင်ရှင်ရဲ့ ဆိုင်ကို ညစ်ပတ်နေမှာ စိုးလို့ပါ"
ချန်ကျီအနေဖြင့် ယခုအချိန်တွင် ဤသို့ ပြောရန်သာ တတ်နိုင်ပေသည်။ ပိုက်ဆံတစ်ပြားက သူရဲကောင်းတစ်ယောက်ကို ဒူးထောက်သွားစေနိုင်သည် မဟုတ်ပါလား။ ဤအိတ်စုတ်နှစ်အိတ်သာ မရှိလျှင် ကျန်ရှိသည့် ဝိညာဉ်ဆန်များကို ထည့်စရာ နေရာပင် ရှိတော့မည်မဟုတ်ချေ။
ဆိုင်ပိုင်ရှင်က ယခုမှသာ ချန်ကျီကို ပထမဆုံးအကြိမ်အဖြစ် သေသေချာချာ စိုက်ကြည့်လိုက်၏။ ဆင်းရဲမွဲတေနေသည့် ပုံစံ ပေါက်နေသော်လည်း ဤစကားကတော့ နားထောင်ရသည်က တော်တော်လေး အဆင်ပြေလှပေသည်။
ဆိုင်ရှင်က လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းပြလိုက်ပြီး ချန်ကျီကို ဝိညာဉ်ဆန်များကို ဆန်ကျီထဲသို့ အလိုအလျောက် သွန်ထည့်ခိုင်းလိုက်၏။
ချန်ကျီက ဝိညာဉ်ဆန်များကို ဆန်ကျီထဲသို့ သွန်ထည့်ပြီးနောက် ထိုအိတ်စုတ်များကို ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဤအချိန်တွင် ဆိုင်ရှင်က ချန်ကျီကို ရုတ်တရက် လှမ်းခေါ်လိုက်၏။ "ဟိုဘက်က အိတ်အချို့ကိုလည်း မင်း တစ်ခါတည်း ယူသွားလိုက်တော့"
ချန်ကျီက ဆန်ကျီဘေးက အိတ်အချို့ကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ရာ အားလုံးက အသုံးပြုပြီးသား အိတ်များ ဖြစ်ကြပြီး မြေပြင်ပေါ်တွင် ခပ်ပေါ့ပေါ့ ပစ်ထားခြင်း ဖြစ်သည်။
"ဆိုင်ရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်"
ဤအိတ်အချို့က ချန်ကျီအတွက် တကယ်ကို အသုံးဝင်လှပေသည်။ ကျန်ရှိသည့် ဝိညာဉ်ဆန်များကို အကုန်လုံး ထည့်သွင်းနိုင်တော့မည်ဖြစ်သဖြင့် ခေါက်တုံ့ခေါက်ပြန် သွားလာနေစရာ မလိုတော့ချေ။
ဆိုင်ရှင်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး "နောက်နောင် ဝိညာဉ်ဆန်တွေ ရှိရင်လည်း ငါ့ဆီပဲ လာပို့လို့ ရတယ်"
"ဟုတ်ကဲ့ပါ... ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ်" ချန်ကျီက ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ထိုအိတ်များကို အကုန်လုံး သိမ်းဆည်းကာ ဝိညာဉ်ဆန်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။
ချန်ကျီက ဆန်ဆိုင်မှ ထွက်ခွာလာခဲ့ပြီးနောက် ဈေးထဲမှ ချက်ချင်း ထွက်ခွာလာခဲ့ပြီး လူသူမရှိသည့် လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်လိုက်၏။
ဟိုကွေ့ဒီပတ် သွားလာပြီးနောက် သူ့နောက်သို့ မည်သူမျှ လိုက်မလာကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ထိုအိတ်များကို အနန္တနေရာလွတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
ထို့နောက် ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ခဏမျှ လုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် ကျန်ရှိသည့် ဝိညာဉ်ဆန် ကတ်တီ ၉၀၀ ကို အကုန်လုံး ထည့်သွင်းပြီးသွားခဲ့ချေပြီ။
ချန်ကျီက ဈေးထဲတွင် ထပ်မံ၍ ပေါ်ထွက်လာသည့် အခါ၌ သူ့ပခုံးပေါ်တွင် ဝိညာဉ်ဆန် လေးအိတ် ထပ်မံ တိုးပွားလာခဲ့ပြန်သည်။
အရင်တုန်းက ဆန်နှစ်အိတ်က စမ်းသပ်ရုံမျှသာ ဖြစ်ပြီး ကံကောင်းသည်က သူ၏ ယခုခန္ဓာကိုယ်က မဆိုးလှသဖြင့် ဆန်လေးအိတ် ကျင်း ၂၀၀ ဝန်းကျင်ခန့် လေးလံမှုကို ထမ်းပိုးထားသော်လည်း အလွန်အမင်း ပင်ပန်းသည်ဟု မခံစားရချေ။
သို့သော်လည်း ယခုအကြိမ်တွင်မူ သူက ဤဝိညာဉ်ဆန်များကို အစောပိုင်းက ဆန်ဆိုင်သို့ သွားရောက်မရောင်းချတော့ချေ။ ခေါက်တုံ့ခေါက်ပြန် သွားလာနေမည်ဆိုပါက လူအများ၏ သံသယဝင်ခြင်းကို လွန်စွာ ခံရပေလိမ့်မည်။
ထိုဆိုင်ရှင်၏ စီးပွားရေးကို ထပ်မံ၍ အားမပေးနိုင်တော့သော်လည်း သူ့နှလုံးသားထဲတွင်မူ ထိုဆိုင်ရှင်က သူ့ကို ပေးကမ်းခဲ့သည့် ဆန်အိတ်များအတွက် ကျေးဇူးတင်နေမိဆဲ ဖြစ်၏။
ချန်ကျီက ယခုအကြိမ်တွင် ဝိညာဉ်ဆန်များကို ရောင်းချရန် ဆိုင်များကို မရှာဖွေတော့ဘဲ ဈေးထဲတွင် ဆိုင်ခန်းဖွင့်လှစ်ထားသည့် နေရာများဆီသို့ သွားရောက်ကာ ပစ်မှတ်ကို ရှာဖွေတော့သည်။
ဝိညာဉ်ဆန်ကဲ့သို့သော အစားအစာက ဈေးနှုန်းချိုသာပြီး ဗိုက်လည်း ဝစေကာ ဝိညာဉ်စွမ်းအားကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်သဖြင့် ထိုမိစ္ဆာသားရဲအသားများထက်စာလျှင် အရောင်းရ ပိုမိုသွက်လှပေသည်။
ချန်ကျီက ဆိုင်ခန်းတစ်ခုကို အမြန်ပဲ ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဈေးနှုန်း ညှိနှိုင်းကာ ထိုဝိညာဉ်ဆန် လေးအိတ်ကို ရောင်းချလိုက်၏။
ထပ်မံ၍ ဝိညာဉ်ကျောက်တုံး နှစ်တုံး ရရှိခဲ့ပြန်ပြီး အပိုအဖြစ် ငွေစအချို့လည်း ရရှိခဲ့သေးသည်။
ဈေးထဲက ဆိုင်ခန်းများ၏ ဝယ်ယူသည့်ဈေးနှုန်းက ဆိုင်ကြီးများ၏ ဝယ်ယူသည့်ဈေးနှုန်းထက်စာလျှင် ယေဘုယျအားဖြင့် အနည်းငယ် ပိုမိုမြင့်မားတတ်ကြသည်။
မဟုတ်လျှင်မူ ၎င်းတို့၏ စီးပွားရေးက လုပ်ကိုင်ရ ခက်ခဲလိမ့်မည်ဖြစ်ပြီး ထိုဆိုင်ကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။
ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် ချန်ကျီက လမ်းကြားတစ်ခုထဲသို့ ထပ်မံ၍ ကွေ့ဝင်လိုက်ပြန်၏။
ဈေးထဲတွင် ထပ်မံ၍ ပေါ်ထွက်လာသည့် အခါ၌ သူသည် အစောပိုင်းက ဝိညာဉ်ဆန်ရောင်းချခဲ့သည့် နေရာနှင့် ဝေးကွာသော နေရာသို့ ရောက်ရှိနေခဲ့ချေပြီဖြစ်ကာ ပခုံးပေါ်တွင်လည်း ဝိညာဉ်ဆန် လေးအိတ်ကို ထပ်မံ၍ ထမ်းပိုးထားခဲ့ပြန်တော့သည်။