အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) နောက်ဘဝကျရင် မိသားစုကောင်းကောင်းမှာ လူဝင်စားပါ၊ ကျင့်ကြံခြင်းလောကထဲ မဝင်ပါနဲ့တော့
ခေါက်တုံ့ခေါက်ပြန် သွားလာရင်း ပုန်းလျှိုးကွယ်လျှိုးဖြင့် အလုပ်ရှုပ်ပြီးနောက် ချန်ကျီက နောက်ဆုံးတွင် ဝိညာဉ်ဆန် ကျင်း ၁၀၀၀ လုံးကို အကုန်အစင် ရောင်းချနိုင်ခဲ့ချေပြီ။
အရာအားလုံးက အဆင်ပြေချောမွေ့ခဲ့ပြီး မည်သည့် အနှောင့်အယှက် အခက်အခဲနှင့်မျှ မကြုံတွေ့ခဲ့ရချေ။
ဝိညာဉ်ဆန်ကဲ့သို့သော ကျင့်ကြံခြင်းလောကတွင် အတွေ့ရများသည့် ပစ္စည်းမျိုးကို ဝယ်ယူလိုသည့် ဆိုင်များစွာ ရှိနေသည်။
ထို့ပြင် သူက ကျင်း ၁၀၀၀ မျှသာရှိသော ပမာဏကို ခွဲခြား၍ ရောင်းချခဲ့ခြင်းဖြစ်ရာ မည်သူ့ထံမှ အာရုံစိုက်မှုကိုမျှ လုံးဝ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ချန်ကျီက ဝိညာဉ်ကျောက်တုံးများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရတော့သည်။
နောက်ဆုံးတော့ ကျောက်မီးသွေးတွင်းသို့ ပို့ဆောင်ခံရမည့်အရေးကို စိုးရိမ်စရာ မလိုတော့သလို ထွက်ပြေးတိမ်းရှောင်ရန်လည်း ပူပန်နေစရာ မလိုတော့ဘဲ ဤနေရာတွင် ဆက်လက် အခြေချနေထိုင်နိုင်တော့မည် ဖြစ်သည်။
ချန်ကျီက ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းကာ ဈေးထဲမှ လျင်မြန်စွာ ထွက်လာခဲ့သော်လည်း လမ်းတစ်လျှောက်တွင် တစ်စုံတစ်ယောက်က သူ့ကို အမှောင်ထဲမှ စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး အမြဲတစေ ရရှိနေခဲ့၏။
"နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ၊ အိမ်ကပဲ အန္တရာယ်အကင်းဆုံးပဲ"
ထိုအိမ်က စုတ်ပြတ်နေသည့် အိမ်အိုလေးမျှသာ ဖြစ်သော်လည်း အနည်းဆုံးတော့ လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးနိုင်ဆဲဖြစ်ရာ ချန်ကျီအား အတိုင်းအတာတစ်ခုအထိ လုံခြုံမှုပေးနိုင်ပေသည်။
ချန်ကျီက လမ်းကြားအချို့ကို သွက်သွက်လက်လက် ကွေ့ပတ်ကျော်ဖြတ်ပြီး အိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။ ဝဲယာဘက်ကို စစ်ဆေးကြည့်ပြီးနောက် အိမ်ထဲသို့ အမြန်ဝင်ကာ တံခါးပိတ်လိုက်တော့သည်။
"တော်သေးတာပေါ့၊ ဘာမှမဖြစ်လို့" အိမ်ထဲသို့ရောက်၍ တံခါးပိတ်လိုက်ပြီးနောက် ချန်ကျီ၏ ရင်ထဲတွင် ချက်ချင်း အေးချမ်းသွားခဲ့ရသည်။
ခုနက တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသလို ခံစားချက်ကြီးကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
ချန်ကျီက အနန္တနေရာလွတ်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ဝိညာဉ်ဆန် အသစ်တစ်သုတ်ကမူ ရင့်မှည့်ခြင်း မရှိသေးချေ။
ထို့ကြောင့် ချန်ကျီက ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်လိုက်ရင်း "ကျင့်ကြံခြင်းအဆင့်ကို အစောဆုံး မြှင့်တင်ထားတာကမှ ပိုကောင်းလိမ့်မယ်၊ အခု ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတော့ လုံခြုံမှုဆိုတာ လုံးဝ မရှိဘူး" ဟု ရေရွတ်လိုက်သည်။
...
ချန်ကျီ၏ အိမ်အနီးအနား မှောင်ရိပ်ခိုရာ နေရာတစ်ခုတွင်မူ လူရိပ်တစ်ခုက ချန်ကျီ၏ အိမ်ဆီသို့ အတော်ကြာအောင် စောင့်ကြည့်နေခဲ့၏။
ချန်ကျီက နောက်ထပ် အပြင်ထွက်မည့် အရိပ်အယောင် မရှိတော့သည်ကို မြင်မှသာ ထိုလူရိပ်က မှောင်ရိပ်ထဲသို့ အလျင်အမြန် တိုးဝင်ကာ ဤနေရာမှ ထွက်သွားခဲ့တော့သည်။
သူက ယနေ့ ချန်ကျီ လုပ်ဆောင်ခဲ့သမျှကို ဆိုင်ရှင်ထုံထံသို့ ချက်ချင်း သွားရောက် သတင်းပို့ရမည် ဖြစ်သည်။
ထုံဖူစားသောက်ဆိုင်၏ အနောက်ခြံဝင်း
"ဘာ... သူ ဒီနေ့ အပြင်တစ်ခေါက် ထွက်သွားတယ် ဟုတ်လား၊ ပြီးတော့ တစ်ခုခု သွားရောင်းခဲ့ပုံရတယ် ဟုတ်လား" ဆိုင်ရှင်ထုံက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"ဘာတွေ အတိအကျ သွားရောင်းလဲဆိုတာတော့ သေသေချာချာ မမြင်လိုက်ရဘူး၊ ကျွန်တော်လည်း သူ ရိပ်မိသွားမှာ စိုးလို့ အနားကို အကပ်ကြီး မကပ်ရဲဘူး၊ ဒါပေမဲ့ သူ အထုပ်အပိုး အိတ်အကြီးကြီးတွေကို ထမ်းပိုးသွားတာတော့ မြင်လိုက်ရတယ်" ထိုလက်အောက်ငယ်သားက စကားကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောနေခဲ့သည်။
သူက ယနေ့တွင် အလုပ်အချို့ကြောင့် အချိန်ကြန့်ကြာသွားခဲ့ရာ ချန်ကျီ၏ အိမ်သို့ သွားရောက်စောင့်ကြည့်သည့်အခါ ချန်ကျီက အိမ်တွင် မရှိတော့သဖြင့် ထိုအချိန်က လွန်စွာ ထိတ်လန့်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ဈေးထဲ၌ ချန်ကျီ၏ ပုံရိပ်ကို တွေ့ရှိခဲ့ရပြီး ထိုအချိန်တွင် ချန်ကျီက နောက်ဆုံး ဝိညာဉ်ဆန်အိတ်အချို့ကို ထမ်းကာ ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားသည့် အချိန်ပင် ဖြစ်၏။
"သူ့ဆီမှာ ငါတို့မသိတဲ့ တခြားပစ္စည်းတွေ ရှိနေသေးတာလား၊ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး သူ ရောင်းချလို့ရမယ့် ပစ္စည်းမှန်သမျှ အကုန်လုံး ပြောင်သလင်းခါအောင် ရောင်းချပြီးသား ဖြစ်ရမှာလေ" ဆိုင်ရှင်ထုံက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"မင်း ခိုးကြောင်ခိုးဝှက် ဆက်ပြီး စောင့်ကြည့်ထားလိုက်၊ ငါ သူ ပစ္စည်းသွားရောင်းခဲ့တဲ့ ဆိုင်ကို သွားပြီး စုံစမ်းကြည့်လိုက်မယ်"
"ဟုတ်ကဲ့ပါ"
ဆိုင်ရှင်ထုံက ချန်ကျီ နောက်ဆုံး ဝိညာဉ်ဆန် သွားရောက်ရောင်းချခဲ့သည့် ဆိုင်သို့ ရောက်ရှိလာခဲ့သော်လည်း သူ လိုချင်သည့် သတင်းအချက်အလက်ကိုမူ မရရှိခဲ့ချေ။
ထိုဆိုင်နှင့် ဆိုင်ရှင်ထုံ၏ စားသောက်ဆိုင်က မကြာခဏ ကုန်သွယ်မှုပြုလုပ်နေသည့် အဆက်အသွယ် ရှိသော်လည်း ဆိုင်ပိုင်ရှင်က ချန်ကျီအပေါ် မည်သည့် စိတ်ဝင်စားမှု မျှ မရှိခဲ့ပေ။
သူ့ဆိုင်သို့ နေ့စဉ်နေ့တိုင်း လူပေါင်းများစွာ ဝင်ထွက်သွားလာနေကြသည့်အပြင် ယခု ချန်ကျီ၏ ရုပ်သွင်ကလည်း လွန်စွာ သာမန်ဆန်လွန်းလှသဖြင့် ဆိုင်ပိုင်ရှင်က စိတ်ထဲ လုံးဝ မထားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဆိုင်ရှင်ထုံတွင်မူ ကိုယ်ပိုင်ခန့်မှန်း ချက် ရှိနေခဲ့သည်။
ချန်ကျီ၏ နောက်ကြောင်းကို သူ သေသေချာချာ စုံစမ်းစစ်ဆေးထားပြီးသား ဖြစ်၏။ သူက ချင်းယွမ်ဂိုဏ်းတွင် လယ်စိုက်ခဲ့ရသည့် အပြင်စည်းအစေခံ တပည့်တစ်ယောက်ဖြစ်ပြီး တောင်ပေါ်မှ နှင်ထုတ် ခံထားရသူ ဖြစ်သည်။
ဤဆိုင်က ဝိညာဉ်အပင်များကို ဝယ်ယူသည့် စီးပွားရေးကို လုပ်ကိုင်ခြင်း ဖြစ်သဖြင့် ချန်ကျီ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်က ဝိညာဉ်ဆန်များကို လာရောက်ရောင်းချခြင်း ဖြစ်ရန် ရာခိုင်နှုန်း အလွန်များပေသည်။
"သူ့ဆီမှာ တိတ်တဆိတ် ဝှက်ထားတဲ့ လက်ကျန်ပစ္စည်းတွေ ရှိနေသေးတာလား၊ ပေါ့ဆသွားမိတယ်" ဆိုင်ရှင်ထုံက သး့အတွက် ပိုက်ဆံရှာပေးမည့် ကိရိယာတစ်ခု လျော့နည်းသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် နှမြောတသ ဖြစ်သွားခဲ့ရသည်။
....
ညဉ့်နက်ပိုင်း ရောက်သောအခါ ချန်ကျီက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး သူ့အတွက် ဝိညာဉ်ဆန်ထမင်းတစ်အိုး ချက်ပြုတ်ပြင်ဆင်လိုက်၏။
ဟင်းလျာများ မရှိသော်လည်း ဝိညာဉ်ဆန်သက်သက်ကို စားသုံးခြင်းက ဗိုက်ဝစေသည့်အပြင် ဝိညာဉ်စွမ်းအားများကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပေသည်။
သူက ဝိညာဉ်ဆန်ထမင်းကို စားသုံးပြီးနောက် သူ့ ကျင့်ကြံခြင်းအတွက်ပါ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေသည်ဟု ခံစားလိုက်ရ၏။
ရွှန်ထျန်းလုကျင့်စဉ်ကို နောက်ထပ်တစ်ကြိမ် ကျင့်ကြံပြီးနောက် ကုတင်ပေါ်တွင် အဝတ်အစားများအတိုင်း လှဲလျောင်းအိပ်စက်လိုက်တော့သည်။
"နည်းနည်းလောက် ထပ်ပြီး သည်းခံလိုက်စမ်းပါ၊ အရာအားလုံးက အဆင်ပြေလာမှာပါ"
အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေစဉ် ချန်ကျီက ရုတ်တရက် ထူးခြားသော လှုပ်ရှားမှုကို အာရုံခံမိလိုက်သဖြင့် တစ်ခဏအတွင်း လန့်နိုးသွားခဲ့ရ၏။
သို့သော်လည်း ချန်ကျီက မဆင်မခြင် လှုပ်ရှားခြင်းမပြုဘဲ ကုတင်ပေါ်တွင် ဆက်လက် လှဲလျောင်းနေကာ မျက်လုံးများကိုပင် ဖွင့်မကြည့်ခဲ့ပေ။
သူက အခန်းထဲသို့ လူတစ်ယောက် ထပ်မံ ရောက်ရှိနေပြီဖြစ်ကြောင်း အာရုံခံမိနေခဲ့ချေပြီ။
"သူခိုးလား..."
"ဒီနေ့ အပြင်ထွက်တုန်းက အနောက်ကနေ ခြေရာခံ လိုက်လာတာလား..."
ချန်ကျီသည် တစ်စုံတစ်ယောက်က သူ့ထံသို့ တစ်လှမ်းချင်း တိုးကပ်လာနေသည်ကို ခံစားမိလိုက်ရာ မီးမွှေးခြင်းမန္တန်ကို တိတ်တဆိတ် လည်ပတ်ထားလိုက်ပြီး အချိန်မရွေး ပစ်လွှတ်ရန် အဆင်သင့် ပြင်ထားလိုက်တော့သည်။
"အခုပဲ"
ထိုလူက ကုတင်ဘေးသို့ ရောက်ရှိလာသည်ကို ချန်ကျီ ခံစားမိလိုက်သည်နှင့် မျက်လုံးနှစ်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။
မျက်လုံးချင်း ဆုံမိသွားကြရာ ၎င်းက သူ မသိကျွမ်းသည့် သူစိမ်းတစ်ယောက် ဖြစ်နေခဲ့သည်။
ချန်ကျီ၏ လက်ထဲက မီးလုံးသည် ထိုလူ၏ ဝမ်းဗိုက်ဆီသို့ တိုက်ရိုက် ဦးတည်၍ ပစ်လွှတ်လိုက်ချေပြီ။
ကြိုတင်ပြင်ဆင်ထားမှုနှင့် သတိမမူမိမှုတို့ ထိပ်တိုက်တွေ့ကြရာ မီးလုံးက ထိုလူ၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့တော့သည်။
"ဘန်း" ကနဲ အသံနှင့်အတူ ထိုလူက အနောက်သို့ လွင့်ထွက်သွားကာ နံရံကို တိုက်မိသွားခဲ့ပြီး မီးလုံး၏ မီးရောင်က ထိုလူ၏ ပုံရိပ်ကို လင်းထိန်သွားစေ၏။
ချန်ကျီက ပထမတစ်ချက် အောင်မြင်သွားသည်ကို မြင်လိုက်ရသဖြင့် အခွင့်အရေးကို လက်လွတ်မခံဘဲ ကုတင်ပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းကာ ထိုလူရှိရာဆီသို့ ပြေးဝင်သွားခဲ့သည်။
လက်ထဲတွင် ဒုတိယမြောက် မီးလုံးကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်၏။
ထိုလူ၏ အခြေအနေက မည်သို့ရှိနေသည်ကို ဂရုမစိုက်တော့ဘဲ အနားသို့ ကပ်သွားသည်နှင့် ချန်ကျီက မီးလုံးသုံးလုံးကို ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်တော့သည်။
မီးလုံးသုံးလုံး ဆက်တိုက် ထိမှန်ပြီးနောက် တစ်ဖက်လူက မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။
ချန်ကျီက နောက်ထပ် မီးလုံးတစ်လုံးကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်ပြီး အချိန်မရွေး ခုခံရန် အသင့်ပြင်ထား၏။
မီးလုံး၏ မီးရောင်အောက်တွင် ကြည့်လိုက်ရာ ထိုလူက လုံးဝ သေဆုံးသွားခဲ့ချေပြီ။
ဝမ်းဗိုက်တွင် မီးကျွမ်းနေသည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်နေပြီး တစ်ကိုယ်လုံးလည်း မီးလောင်ကျွမ်းကာ မည်းတူးနေခဲ့သည်။
တစ်ဖက်လူ သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် ချန်ကျီက မီးလုံးကို ကိုင်ကာ ထိုလူ၏ မျက်နှာအနားသို့ တိုးကပ်၍ ကြည့်လိုက်၏။
သူ တကယ်ကို မမြင်ဖူးသည့် လူစိမ်းတစ်ယောက် ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ချန်ကျီထက် အနည်းငယ် ပိုမို မြင့်မားပုံရသည်။
"နေ့ခင်းက လိုက်ကြည့်နေတဲ့ လူများလား..."
ချန်ကျီက ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေကြည့်လိုက်ရာ သိုလှောင်အိတ်တစ်လုံးပင် မရှိဘဲ ကိုယ်ပေါ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံးသာ ရှိနေခဲ့သဖြင့် သူ့ထက်ပင် ပိုမို ဆင်းရဲမွဲတေနေခဲ့သည်။
ထို့ပြင် ထိုလူ၏ လက်ဘေးတွင် ဓားမြှောင်တိုတစ်စင်း ရှိနေခဲ့ရာ ၎င်းက ချန်ကျီကို လုပ်ကြံရန်အတွက် ယူဆောင်လာခြင်း ဖြစ်ရန် သေချာပေသည်။
ချန်ကျီက ဝိညာဉ်ကျောက်တုံး ၅ တုံးကို သိမ်းဆည်းလိုက်ပြီး ထိုလူ၏ ဓားမြှောင်တိုကို ကောက်ယူကာ ကြည့်လိုက်ရာ ၎င်းက အဝါရောင် အဆင့် အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်နေခဲ့၏။
ဝိညာဉ်လက်နက်များ၏ အဆင့်ကို ကောင်းကင် ၊ မြေကြီး၊ ဆန်းကြယ်၊ အဝါရောင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပြီး အဆင့်တစ်ခုစီတွင်လည်း အထွတ်အထိပ် ၊ အဆင့်မြင့်၊ အလယ်အလတ် ၊ အဆင့်နိမ့် ဟူ၍ အဆင့်လေးဆင့် ထပ်မံ ခွဲခြားထားပြန်သည်။
"မဆိုးပါဘူး၊ အနည်းဆုံးတော့ ဝိညာဉ်လက်နက်တစ်ခုပဲ"
ဓားမြှောင်တိုကို သိမ်းဆည်းပြီးနောက် ချန်ကျီက ထိုလူကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "နှမြောစရာကောင်းလိုက်တာ၊ နောက်ဘဝကျရင် မိသားစုကောင်းကောင်းမှာ လူဝင်စားပါ၊ ကျင့်ကြံခြင်းလောကထဲ မဝင်ပါနဲ့တော့"
ထိုသို့ ပြောပြီးနောက် ချန်ကျီသည် လက်ထဲက မီးလုံးကို ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်ချလိုက်ကာ သဲလွန်စ ဖျောက်ဖျက်လိုက်ပြီး မျက်နှာတွင် မည်သည့် သနားညှာတာမှု အရိပ်အယောင်မျှ ရှိမနေခဲ့ပေ။
သူ အရင်က ဖတ်ဖူးခဲ့သည့် ဝတ္ထုများကို ထည့်မတွက်လျှင်ပင်၊ မူလပိုင်ရှင် ချန်ထားခဲ့သည့် မှတ်ဉာဏ်များအရ ကျင့်ကြံခြင်းလောကက မည်သည့်အခါမျှ ငြိမ်းချမ်းသော ကမ္ဘာတစ်ခု မဟုတ်ခဲ့ဘဲ အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်း ပြုမူခြင်းကသာ ဤကမ္ဘာ၏ တစ်ခုတည်းသော စည်းမျဉ်း ဖြစ်ပေသည်။
ကျင့်ကြံခြင်းလောကက လွန်စွာ အန္တရာယ်များလှပြီး လမ်းလျှောက်နေရင်းနှင့်ပင် အသက်ပျောက်သွားနိုင်ပေသည်။
၎င်းက ချန်ကျီ၏ ပုံကြီးချဲ့ ခြောက်လှန့်နေခြင်းမဟုတ်ဘဲ အမှန်တရားက ဤသို့သာ ဖြစ်၏။
ချန်ကျီက ပြာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည့် ရုပ်အလောင်းကို ကြည့်ရင်း စဉ်းစားနေခဲ့သည်။
ခန့်မှန်းရသရွေ့ ဤလူက သူ ဆိုင်သို့ သွားရောက်ကာ ပစ္စည်းများ ရောင်းချသည်ကို မြင်တွေ့ခဲ့ပြီး ကိုယ်ပေါ်တွင် ဝိညာဉ်ကျောက်တုံးများ ရှိနေလိမ့်မည်ဟု တွေးဆကာ ခိုးယူရန် လာရောက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဒီနေရာက အန္တရာယ်များလွန်းသေးတယ်၊ ပိုက်ဆံအမြန်ရှာပြီး အိမ်ပြောင်းမှ ဖြစ်တော့မယ်"
ရုပ်အလောင်းကို ရှင်းလင်းပြီးနောက် ချန်ကျီ စစ်ဆေးကြည့်လိုက်ရာ ဤလူက တံခါးကို သော့ဖွင့်ကာ ဝင်ရောက်လာခြင်း ဖြစ်သဖြင့် တံခါးကို အမြန် ပြန်လည်၍ သော့ခတ်လိုက်တော့သည်။
ခုနက ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကြောင့် ချန်ကျီက အိပ်ချင်စိတ် လုံးဝ မရှိတော့ဘဲ အချိန်က လွန်စွာ ပြတ်လပ်နေပြီဖြစ်ကာ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်ကြောင်း ထင်ရှားလှပေသည်။
ယနေ့တွင် အကယ်၍ အဆင့်တက်ထားသည့် မီးမွှေးခြင်းမန္တန်သာ မရှိခဲ့လျှင် မြေပြင်ပေါ်တွင် လဲလျောင်းနေမည့်သူက သူကိုယ်တိုင်ပင် ဖြစ်နေပေလိမ့်မည်။
အိပ်စက်ရန် စိတ်ကူးမရှိတော့သဖြင့် ချန်ကျီက ကျင့်ကြံခြင်းကို ထပ်မံ၍ စတင်လိုက်တော့သည်။
....
ချန်ကျီ၏ အိမ်အပြင်ဘက်၊ အငှားအိမ်တစ်လုံး၏ မှောင်ရိပ်ခိုရာ နေရာတစ်ခု
ဆိုင်ရှင်ထုံက ချန်ကျီကို စောင့်ကြည့်ရန် စေလွှတ်ထားသည့် လက်အောက်ငယ်သားက ထိုအချိန်မှသာ ရောက်ရှိလာခဲ့၏။ သူက အလုပ်အချို့ကြောင့် ထပ်မံ အချိန်ကြန့်ကြာသွားခဲ့သဖြင့် လာရောက်သည်က အနည်းငယ် နောက်ကျသွားခဲ့ရာ ချန်ကျီ၏ အိမ်ထဲတွင် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကို လုံးဝ ရိပ်မိခြင်း မရှိခဲ့ချေ။
ချန်ကျီကဲ့သို့သော လူတစ်ယောက်က သူ့အတွက်မူ လုံးဝ အရေးမပါသော တန်ဖိုးမရှိသူတစ်ယောက်မျှသာ ဖြစ်သည်။
ဆိုင်ရှင်ထုံ၏ တာဝန်ပေးချက်အရ ညသန်းခေါင်ယံအချိန်အထိ လာရောက်ကြည့်ပေးခြင်းကပင် သူ၏ အလုပ် ကို အပြည့်အဝ ကျေပွန်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ချေပြီ။
ထို့ပြင် နောက်ဆုံး တစ်ရက်သာ လိုတော့သဖြင့် သူ၏ စောင့်ကြည့်ရမည့် တာဝန်ကလည်း ပြီးဆုံးတော့မည် ဖြစ်၏။
ဆိုင်ရှင်ထုံက အဘယ်ကြောင့် ဤမျှအထိ ရှုပ်ထွေးအောင် လုပ်ဆောင်နေရသည်ကို သူ လုံးဝ နားမလည်နိုင်ချေ။
ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ မျှသာရှိသည့် အမှိုက်ကောင်တစ်ယောက်ကို တိုက်ရိုက် ရိုက်နှက် သတိမေ့သွားအောင်လုပ်ပြီး ဖမ်းခေါ်သွားရုံမျှဖြင့် အဆင်ပြေနေသည်ကို၊ အဘယ်ကြောင့် နောက်ဆုံး သတ်မှတ်ရက်ကို ပေးနေကာ သူ၏ ပျော်ပါးရမည့် အချိန်များကို ဖြုန်းတီးနေရသလဲဟု တွေးနေမိသည်။
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက ဤအချိန်တွင် မသိစိတ်ကနေ သမ်းဝေလိုက်မိပြီး ယနေ့တွင် သူ တော်တော်လေး ပင်ပန်းနွမ်းနယ်နေခဲ့ချေပြီ။