အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်း
အိမ်သို့ ပြန်ရောက်ပြီးနောက် ချန်ကျီက မန္တန်စာအုပ် သုံးအုပ်ကို သေသေချာချာ စတင်လှန်လှောကြည့်တော့ သည်။
ကံကောင်းထောက်မစွာဖြင့် မန္တန်သုံးခုလုံးက အခြေခံအဆင့်များသာ ဖြစ်ကြသဖြင့် ကျင့်ကြံရသည်မှာ သိပ်ပြီး ခက်ခဲခြင်း မရှိချေ။
ချန်ကျီအနေဖြင့် အားစိုက်ထုတ်မှု သိပ်မလုပ်လိုက်ရဘဲ အခြေခံသဘောတရားကို နားလည်သဘောပေါက်သွားခဲ့၏။
ထို့နောက် ချန်ကျီက နောက်ထပ် ၅ နာရီမျှ အချိန်ပေးကာ နှလုံးဖောက်တိုက်ခိုက်မှု မန္တန်၏ ကျွမ်းကျင်မှုအဆင့်ကို "ကျွမ်းကျင်" အဆင့်အထိ တိုက်ရိုက် မြှင့်တင်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် နှလုံးဖောက်တိုက်ခိုက်မှု မန္တန်က ရိုးရှင်းသည့် လက်ညှိုးအသုံးချ တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး တစ်ကွက်တည်းသာ ရှိသော်လည်း ထိုတစ်ကွက်က ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ထိုးနှက်တိုက်ခိုက်ရခြင်း ဖြစ်၏။
ချန်ကျီက ဤတိုက်ခိုက်မှု ကို လွန်စွာ သဘောကျမိသည်။ ဤတိုက်ခိုက်မှု ၏ အဓိကအချက်က မြန်ရမည်၊ တိကျရမည်၊ ရက်စက်ရမည် ဖြစ်ပြီး တစ်ကွက်တည်းဖြင့် အသက်ပျောက်စေနိုင်ပေသည်။
နှလုံးဖောက်တိုက်ခိုက်မှု မန္တန်၏ ကျွမ်းကျင်မှုအဆင့်က "ကျွမ်းကျင်" အဆင့်သို့ ရောက်ရှိသွားပြီးနောက် ချန်ကျီက သူ လက်ညှိုးတစ်ချက် ထိုးလိုက်သည်နှင့် အရှိန် က ပိုမိုမြန်ဆန်လာကာ ပိုမိုဆန်းကြယ်သွားသည့်အပြင် လေခွဲသံပင် ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။
နှလုံးဖောက်တိုက်ခိုက်မှု မန္တန်က မူလက လက်ညှိုးဖြင့် တိုက်ခိုက်ရသည့် တိုက်ခိုက်မှု တစ်ခု ဖြစ်သော်လည်း အကယ်၍ လက်ထဲတွင် ဝိညာဉ်လက်နက် ရှိနေပါက စွမ်းအားကို ပိုမိုကြီးမားစွာ ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။
မရပ်မနား ကျင့်ကြံပြီးနောက် ချန်ကျီလည်း ပင်ပန်းနွမ်းနယ်မှုကို အနည်းငယ် ခံစားလိုက်ရသဖြင့် ဝိညာဉ်ဆန် အနည်းငယ် ချက်ပြုတ်လိုက်တော့သည်။
ထမင်းစားသောက်ပြီးနောက် တရားထိုင်ကာ ခဏမျှ အနားယူလိုက်၏။
ထို့နောက် မြေကြီး ဒိုင်းကာမန္တန်နှင့် အသက်ရှူသံဖျောက် မန္တန်တို့ကို ဆက်လက် ကျင့်ကြံလိုက်ရာ မန္တန်နှစ်ခုလုံး "ကျွမ်းကျင်" အဆင့်သို့ ရောက်ရှိသွားသည့်အချိန်တွင် ညဉ့်နက်ပိုင်းသို့ပင် ရောက်ရှိနေခဲ့ချေပြီ။
နေ့ခင်းက ချက်ပြုတ်ထားသည့် ဝိညာဉ်ဆန်ထမင်းက ကျန်ရှိနေသေးသဖြင့် ချန်ကျီက နောက်ထပ် နှစ်ပန်းကန်မျှ ထပ်မံ၍ အဝလွေးလိုက်တော့သည်။
ဝိညာဉ်စွမ်းအားများ ပြန်ပြည့်သွားပြီးနောက် ချန်ကျီက စနစ် မျက်နှာပြင် ကို တစ်ချက် လှမ်းကြည့်လိုက်၏။
အမည် : ချန်ကျီ
ကျင့်ကြံခြင်းအဆင့် : ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ (74/100)
ပါရမီ : မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်
ကျင့်စဉ် : ရွှန်ထျန်းလုကျင့်စဉ် (အခြေခံ) (95/100)
မန္တန်များ :
မီးမွှေးခြင်းမန္တန် (အထွတ်အထိပ်) (840/1600)
အသက်ရှူသံဖျောက် မန္တန် (ကျွမ်းကျင်) (1/200)
မြေကြီး ဒိုင်းကာမန္တန် (ကျွမ်းကျင်) (1/200)
နှလုံးဖောက်တိုက်ခိုက်မှု မန္တန် (ကျွမ်းကျင်) (1/200)
အနန္တနေရာလွတ် : အဆင့် ၁
"ရွှန်ထျန်းလုကျင့်စဉ်က နောက်ထပ် ၅ ကြိမ်ပဲ လိုတော့တယ်၊ ကျွမ်းကျင်မှုအဆင့် တက်သွားနိုင်ပြီ၊ အခု ရွှန်ထျန်းလုကျင့်စဉ်ကို ၅ ကြိမ် လည်ပတ်ရင် ကျင့်ကြံခြင်းအဆင့် ၁ မှတ် တက်တယ်၊ အဆင့်တက်သွားပြီးရင် ကျင့်ကြံခြင်း အမြန်နှုန်း လည်း ပိုမြန်လာလိမ့်မယ်"
"ကြည့်ရတာ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ ကို မကြာခင်မှာပဲ တက် နိုင်တော့မှာပဲ"
ချန်ကျီက ကျင့်ကြံခြင်းအဆင့် မကြာမီ တက် နိုင်တော့မည်ကို တွေးတောမိရင်း ရုတ်တရက် ခွန်အားများ ပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဆက်လက်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။
သူက မီးမွှေးခြင်းမန္တန်ကို ဆက်လက်၍ အဆင့်မြှင့်တင်နေခဲ့၏။
ချန်ကျီက မနေ့ညကတည်းက "အထွတ်အထိပ်" ကျွမ်းကျင်မှုအဆင့်ရှိသည့် မီးမွှေးခြင်းမန္တန်၏ စွမ်းအားကို ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့ပြီးသား ဖြစ်သည်။
မနေ့က သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် သူခိုးပင်လျှင် မီးမွှေးခြင်းမန္တန် တစ်ချက်တည်းကိုပင် တောင့်ခံနိုင်ခြင်း မရှိခဲ့ချေ။
၎င်းက လက်ရှိအချိန်တွင် သူ့အတွက် အသန်မာ ဆုံး နည်းလမ်းဖြစ်သဖြင့် သဘာဝအတိုင်း သူ့ကို ပိုမို အားစိုက်ထုတ် ကျင့်ကြံချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
.....
ချန်ကျီ၏ အိမ်ဘေးနားရှိ အငှားအိမ်တစ်လုံး၏ အခန်းထဲတွင်မူ မီးထွန်းထားခြင်း မရှိချေ။
မှောင်မိုက်နေသည့် အမှောင်ထုထဲတွင်မူ ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်စုံက ချန်ကျီ၏ အိမ်ဆီသို့ စိုက်ကြည့်နေခဲ့၏။
ချန်ကျီက ယခုအချိန်အထိ ကျင့်ကြံနေဆဲဖြစ်သဖြင့် အခန်းထဲတွင် မီးရောင်များ လင်းထိန်နေဆဲ ဖြစ်သည်။
"ညသန်းခေါင်ကျော်နေပြီဥစ္စာ၊ ဒီကောင်လေး ဘာတွေ လုပ်နေတာလဲ၊ တစ်ညလုံး မအိပ်တော့ဘူးလား မသိဘူး"
ဆိုင်ရှင်ထုံ စေလွှတ်ထားသည့် ဤလက်အောက်ငယ်သားက အကယ်၍ လှုပ်ရှားမှု အလွန်အမင်း ကြီးမားသွားမည်ကို စိုးရိမ်ခြင်းမရှိပါက ချန်ကျီ၏ အိမ်ထဲသို့ တိုက်ရိုက် ဝင်ရောက်စီးနင်းကာ ချန်ကျီကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်သေးတာပေါ့၊ မင်းကို ဖမ်းမိတာနဲ့ အရင်ဆုံး သေသေချာချာ နှိပ်စက်ပြီးမှ ကျောက်မီးသွေးတွင်းဆီ ပို့ပစ်မယ်"
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက စိတ်ထဲတွင် လွန်စွာ မကျေမနပ် ဖြစ်နေခဲ့၏။ ယင်ကောင်လေး တစ်ကောင်ကြောင့် သူ့အတွက် ရက်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသည်။
......
တစ်ညတာ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အပြင်ဘက်တွင်လည်း မိုးလင်းလာခဲ့ချေပြီ။
"ရွှန်ထျန်းလုကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုအဆင့်က နောက်ဆုံးတော့ 'ကျွမ်းကျင်' အဆင့်ကို ရောက်သွားပြီ"
ချန်ကျီက သူ့ကိုယ်သူ အနည်းငယ် ခံစားကြည့်လိုက်ရာ တစ်ညလုံး မအိပ်စက်ခဲ့ရသော်လည်း ဝိညာဉ် အခြေအနေက တော်တော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
ချန်ကျီက အနားယူရန် မရွေးချယ်ဘဲ အသိ စိတ် ကို အနန္တနေရာလွတ်ထဲသို့ ပို့ လိုက်၏။
သူ အိမ်သို့ ပြန်ရောက်ပြီးနောက် ဝိညာဉ်ဆန်တစ်သုတ်ကို ရိတ်သိမ်းလိုက်ပြီး လွတ်သွားသည့် ဝိညာဉ်စိုက်ခင်း နှစ်ခုပေါ်တွင် ဝိညာဉ်ဆေးပင်မျိုးစေ့ နှစ်စေ့ကို စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။
"မဆိုးဘူးပဲ၊ ဆိုင်ရှင်က ငါ့ကို မလိမ်ခဲ့ဘူး၊ ဒါတွေက တကယ်ကို ဝိညာဉ်ဆေးပင်မျိုးစေ့တွေပဲ"
ဝိညာဉ်စိုက်ခင်းထဲက ဝိညာဉ်ဆေးပင် နှစ်ပင်ကို ကြည့်ရင်း တစ်ရက်တာ အချိန်မြန် မှုကြောင့် ဝိညာဉ်ဆေးပင်များက ပုံစံပေါ်နေခဲ့ချေပြီ။
သို့သော်လည်း ယခုအချိန်တွင် နှစ်သက်တမ်း မပြည့်သေးသဖြင့် ဈေးကောင်းရနိုင်ဦးမည်မဟုတ်သလို မည်သူမျှလည်း ဝယ်ယူကြဦးမည်မဟုတ်ပေ။
ဝိညာဉ်စိုက်ခင်းထဲက ဝိညာဉ်ဆေးပင် နှစ်ပင်အနက် တစ်ပင်က "ဝိညာဉ်ရတနာမြက်" ဖြစ်ပြီး နောက်တစ်ပင်ကမူ "ကောင်းကင် ဝိညာဉ်ပန်း" ဖြစ်သည်။
၎င်းတို့က အသီးသီး ချီစုစည်းခြင်းဆေးလုံးနှင့် ဝိညာဉ်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးတို့ကို ဖော်စပ်သည့်နေရာတွင် အသုံးပြုရမည့် အဓိကဆေးဖက်ဝင် အပင်နှစ်မျိုး ဖြစ်ကြ၏။
ဤဝိညာဉ်ဆေးပင် ဗဟုသုတများက ဆိုင်ရှင်က ချန်ကျီအား ရှင်းပြခဲ့သည့်အရာများ ဖြစ်သည်။
ဤဆေးလုံး နှစ်မျိုးလုံးက ချီသန့်စင်ခြင်းနယ်ပယ်တွင် အသုံးပြုရသည့် ဆေးလုံးနှစ်မျိုး ဖြစ်ကြ၏။
ချီစုစည်းခြင်းဆေးလုံးက ကျင့်ကြံနေ စဉ်အတွင်း ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးရန် အသုံးပြုခြင်းဖြစ်ပြီး ဤဆေးလုံးမျိုးက လွန်စွာ အတွေ့ရများသည်။
ဝိညာဉ်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးကမူ ပိုမိုအဖိုးတန်ပြီး ထိခိုက်ဒဏ်ရာရသွားသည့် အသိစိတ် ကို မြှင့်တင်ရန်နှင့် ပြန်လည်ကုသရန်အတွက် အသုံးပြုခြင်း ဖြစ်၏။
ဝိညာဉ်ရတနာမြက်က ၁၀ နှစ်သက်တမ်းရှိလျှင် ရင့်မှည့်ကာ ဆေးဖော်စပ်နိုင်ပြီဖြစ်ပြီး ကောင်းကင် ဝိညာဉ်ပန်းကမူ နှစ် ၃၀ သက်တမ်းအထိ ရှိမှသာ ဆေးဖော်စပ်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။
ထို့ပြင် ဝိညာဉ်ဆေးပင်များက ရင့်မှည့်သည့် နှစ်သက်တမ်း ပိုမိုမြင့်မားလေ တန်ဖိုးက ပိုမိုကြီးမားလေ ဖြစ်ပေသည်။
၁၀ နှစ်သက်တမ်းရှိ ဝိညာဉ်ရတနာမြက်ကို ဝိညာဉ်ကျောက်တုံး ၃၀ ဖြင့် ရောင်းချနိုင်ပြီး နှစ် ၃၀ သက်တမ်းရှိ ကောင်းကင် ဝိညာဉ်ပန်းကိုမူ ဝိညာဉ်ကျောက်တုံး ၂၀၀ အထိ တိုက်ရိုက် ရောင်းချနိုင်ပေသည်။
ချန်ကျီက ကျင့်ကြံခြင်း အရင်းအမြစ်များ၏ ဈေးနှုန်းကြီးမားမှုကို အံ့ဩတသ ဖြစ်နေရင်း တစ်ဖက်မှလည်း တွက်ချက်ကြည့်နေခဲ့၏။
နှစ်ပေါင်း ၁၀ နှစ်ဆိုသည့် အချိန်က ဝိညာဉ်စိုက်ခင်း၏ အဆ ၅၀၀ အချိန်မြန် မှုအောက်တွင် ရက်ပေါင်း ၈ ရက်ပင် မပြည့်သော အချိန်အတွင်း ရရှိနိုင်ပေသည်။
နှစ်ပေါင်း ၃၀ ဆိုသည့် အချိန်ကမူ ရက်ပေါင်း ၂၂ ရက်မျှသာ အချိန်လိုပေလိမ့်မည်။
"ဒါက တကယ်ကို ရင်းနှီးမှုအနည်းဆုံးနဲ့ အမြတ်အများဆုံး ရနိုင်တာပဲ"
"ဝိညာဉ်ဆေးပင်တွေ ရင့်မှည့်သွားပြီးရင် မျိုးစေ့တွေကို ပြန်ချန်ထားပြီး ဆက်တိုက် စိုက်ပျိုးလို့ရတယ်"
"အနန္တဆိုင် ကို စတင်အသက်သွင်းဖို့က လက်တစ်ကမ်းအလိုပဲ ကျန်တော့တယ်"
ချန်ကျီက ဝိညာဉ်ဆန် နောက်ထပ်တစ်သုတ်ကို ထပ်မံရိတ်သိမ်းလိုက်ပြီး ကျန်ရှိနေသေးသည့် ဝိညာဉ်ဆေးပင်မျိုးစေ့ ၈ စေ့လုံးကို ဝိညာဉ်စိုက်ခင်းထဲသို့ အကုန်အစင် စိုက်ပျိုးလိုက်တော့သည်။
ဝိညာဉ်ဆေးပင်များ၏ အကျိုးအမြတ်က လွန်စွာ ကြီးမားလွန်းလှသဖြင့် ချန်ကျီအနေဖြင့် ဤသို့သော မက်မောမှုကို မအောင့်နိုင်တော့ဘဲ ဝိညာဉ်ဆန်စိုက်ပျိုးခြင်းကို တိုက်ရိုက် စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။
သူက လယ်စိုက်ရသည့် ကျွန်တစ်ယောက်အဖြစ် ဆက်လက် မလုပ်ဆောင်လိုတော့ချေ။ သူက မကြာမီအချိန်အတွင်း ဝိညာဉ်ဆေးပင် သူဌေးကြီးတစ်ယောက် ဖြစ်လာတော့မည် ဖြစ်၏။
"ဆက်ပြီး ကျင့်ကြံရမယ်၊ ဆက်ပြီး ကြိုးစား ရမယ်"
ချန်ကျီက ကျင့်ကြံခြင်း၏ မျှော်လင့်ချက်များကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူကိုယ်တိုင် ကောင်းကင်ပေါ်တွင် ပျံသန်းကာ ကျင့်ကြံခြင်းလောကကို စိုးမိုးမည့် နေ့ရက်တစ်ရက်ကို မြင်ယောင်လာခဲ့သဖြင့် ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှုများ ချက်ချင်း တိုးမြင့်လာခဲ့တော့သည်။
ချန်ကျီက အသိစိတ် ကို အနန္တနေရာလွတ်ထဲမှ ပြန်ထုတ်လိုက်ပြီးနောက် လုံးဝ အနားမယူတော့ဘဲ တိုက်ရိုက် ကျင့်ကြံခြင်းကို ထပ်မံ စတင်လိုက်၏။
ယခုတစ်ကြိမ်တွင်မူ ၅ နာရီအထိ တောက်လျှောက် ကျင့်ကြံ ခြင်းမျိုး မဟုတ်ဘဲ ၃ နာရီမျှသာ ကျင့်ကြံလိုက်သည့်အခါ ချန်ကျီက သူ့အဆင့်သတ်မှတ်ချက် မျက်နှာပြင် ပေါ်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။
၃ နာရီအတွင်း မီးမွှေးခြင်းမန္တန်ကို အကြိမ် ၁၂၀ အသုံးပြုခဲ့ပြီး ရွှန်ထျန်းလုကျင့်စဉ်ကို ၃ ကြိမ် လည်ပတ်ခဲ့သော်လည်း ကျင့်ကြံခြင်းအဆင့်က ၁ မှတ် တိုးတက်လာခဲ့ခြင်း ဖြစ်၏။
"ကျွမ်းကျင်အဆင့်ကို ရောက်သွားတဲ့ ရွှန်ထျန်းလုကျင့်စဉ်က ၃ ကြိမ် လည်ပတ်ရုံနဲ့ ကျင့်ကြံခြင်းအဆင့် ၁ မှတ် တက်လာတာလား"
"အခု ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ (76/100) ဆိုတော့ အဆင့်တက် ဖို့ ၂၄ မှတ်ပဲ လိုတော့တယ်၊ ဒါဆိုရင် ရွှန်ထျန်းလုကျင့်စဉ်ကို ၇၂ ကြိမ် ထပ်ပြီး လည်ပတ်ဖို့ လိုတာပေါ့၊ တစ်ရက်ကို နာရီ ၂၀ ကျင့်ကြံရင် ရက်ပေါင်း ၄ ရက်အတွင်း အဆင့်တက် နိုင်လိမ့်မယ်"
"၄ ရက်ကြာပြီးရင် ငါ ဒီကမ္ဘာကို ရောက်လာတာ ၁၀ ရက်ပဲ ရှိဦးမှာ၊ မူလပိုင်ရှင်ကတော့ ၁၅ နှစ်လုံးလုံး ကျင့်ကြံတာတောင် အဆင့် ၂ ပဲ ရှိသေးတာပဲ"
"ငါက ၁၀ ရက်အတွင်း တစ်ဆင့် တက်လှမ်းနိုင်တာဆိုတော့ ဒါက ချင်းယွမ်ဂိုဏ်းက တိုက်ရိုက် တပည့်တွေရဲ့ ကျင့်ကြံခြင်း အမြန်နှုန်း ထက်တောင် အဆပေါင်းများစွာ ပိုမြန်နေပြီ ထင်တယ်"
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို လက်ခံရရှိခဲ့သဖြင့် ချန်ကျီက ချင်းယွမ်ဂိုဏ်းအပေါ် မည်သည့်အခါမျှ အကောင်းမမြင် ခဲ့ချေ။
ချန်ကျီက အပြင်ဘက်က မိုးလင်းစပြုနေသည့် အခြေအနေကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပျင်းကြောဆန့်လိုက်တော့သည်။
"ကျင့်ကြံရတာ တော်တော်လေး စွဲလမ်းဖို့ ကောင်းတာပဲ၊ ဒါပေမဲ့ နားသင့်တဲ့အချိန်တော့ နားရဦးမယ်"
ချန်ကျီက ဝိညာဉ်ဆန် အနည်းငယ် ချက်ပြုတ်စားသောက်ပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်စက်လိုက်တော့သည်။
လက်ရှိအချိန်တွင် သူ့၌ ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်နေသည်မှလွဲ၍ အခြားအရာအားလုံး ပြည့်စုံနေခဲ့ချေပြီ။
သို့သော်လည်း နောက်ထပ် ရက်အနည်းငယ်ကြာ၍ ဝိညာဉ်ဆေးပင်များ ရင့်မှည့်သွားပါက ဝိညာဉ်ကျောက်တုံးများလည်း မည်သည့်အခါမျှ ပြတ်လပ်တော့မည်မဟုတ်ချေ။
ချန်ကျီက လက်ရှိတွင် သူ့ ကျင့်ကြံခြင်းအဆင့်က လွန်စွာ နိမ့်ကျနေသေးသဖြင့် အပြင်ဘက်တွင် လျှောက်သွားရမည့် အချိန်မဟုတ်သေးကြောင်း ကိုယ်တိုင် နားလည်ထား၏။
အရင်ဆုံး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ထားပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိမှသာ အပြင်လောကသို့ သွားရောက် စွန့်စားရမည် ဖြစ်သည်။
ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခြင်းက ချန်ကျီ၏ ပုံစံမဟုတ်သော်လည်း အချိန်အခါအရ ပုန်းကွယ်နေသင့်သည့်အချိန်တွင် ပုန်းကွယ်နေရမည်သာ ဖြစ်၏။
ချင်းယွမ်ဂိုဏ်းဆီသို့မူ သူ ဧကန်မုချ ပြန်သွားမည် ဖြစ်သည်။
အခြားအရာများကို အာမ မခံနိုင်သော်လည်း အနည်းဆုံးတော့ မူလပိုင်ရှင်အတွက် တရားမျှတမှုကို ပြန်လည်တောင်းဆိုပေးရမည် ဖြစ်ရာ ၎င်းက မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို အသုံးပြုနေသည့်အတွက် ကျေးဇူးဆပ်ခြင်းလည်း ဖြစ်ပေသည်။