အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) ကျင့်ကြံခြင်းအဆင့် တက် ခြင်းနှင့် ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃
နောက်တစ်နေ့
ချန်ကျီက တစ်ရေးအိပ်စက်အနားယူပြီးနောက် နိုးထလာသည့်အခါ စိတ်အာရုံများ လန်းဆန်းတက်ကြွနေခဲ့၏။
"ဆက်ပြီး ကျင့်ကြံရမယ့် အချိန်ပဲ"
ချန်ကျီက ကျင့်ကြံခြင်းကို ထပ်မံစတင်လိုက်ရာ ညဉ့်နက်ပိုင်းအထိ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။
သူက ကျင့်ကြံခြင်းအပေါ် လုံးဝအရှုံးမပေးဘဲ ဇွဲအပြည့်ဖြင့် ကြိုးစား မည့် ကျင့်ကြံခြင်းဧကရာဇ် တစ်ပါး ဖြစ်လာရန် သန္နိဌာန် ချထားသကဲ့သို့ပင်။
.....
တစ်ဖက်တွင်မူ မှောင်မိုက်သည့်နေရာမှ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည့် ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားမှာမူ စောင့်ဆိုင်းရလွန်းသဖြင့် စိတ်မရှည်နိုင်တော့ချေ။
ရက်ပေါင်းနှစ်ရက် ဆက်တိုက်ဆိုသလို သူက ချန်ကျီ၏အိမ်ကို တစ်စိမ့်စိမ့် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ချန်ကျီက နေ့ခင်းဘက်တွင် အပြင်မထွက်သလို ညဘက်တွင်လည်း အခန်းထဲ၌ မီးများ လင်းထိန်နေခဲ့သဖြင့် သူ၏ စိတ်ရှည်သည်းခံမှုများက တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့ပြီ ဖြစ်၏။
"မင်း နေ့တိုင်း မအိပ်ဘဲ နေနိုင်မလားဆိုတာ ငါ ကြည့်သေးတာပေါ့"
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက ချန်ကျီ တစ်ယောက် ဘာတွေလုပ်နေမှန်း မသိသော်လည်း သူ၏ ပန်းတိုင်က မည်သူမျှ မသိအောင် ချန်ကျီကို တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားရန်ဖြစ်ရာ ဤတာဝန်ကို သူ ဧကန်မုချ အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
.....
ဤသို့ဖြင့် နောက်ထပ် သုံးရက်ခန့် ဆက်တိုက် ကုန်ဆုံးသွားခဲ့ပြန်၏။
ချန်ကျီက ထိုသုံးရက်အတွင်း အခန်းတံခါးအပြင်သို့ ခြေတစ်လှမ်းမျှပင် မလှမ်းခဲ့ဘဲ တစ်နေ့လုံး ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးစေခဲ့ပြီး နေ့ခင်းဘက်တွင်သာ နာရီအနည်းငယ်မျှ အိပ်စက်လေ့ရှိသည်။
ဝီရိယရှိသူ အောင်မြင်မြဲဟူသည့်အတိုင်း သူ၏ မလျှော့သော ဇွဲလုံ့လကြောင့် နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ သို့ ဖြတ်ကျော် တက်လှမ်းနိုင်ခဲ့ချေပြီ။
ဤသုံးရက်တာ အချိန်အတွင်း ချန်ကျီက မီးမွှေးခြင်းမန္တန်ကိုသာ ဆက်တိုက် ကျင့်ကြံနေခဲ့သဖြင့် မီးမွှေးခြင်းမန္တန်ကို "အထွတ်အထိပ်" ကျွမ်းကျင်မှုအဆင့်မှ "ဂရန်းမာစတာ " အဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။
မီးမွှေးခြင်းမန္တန်ကို ထပ်မံ၍ အဆင့်မြှင့်တင်လိုပါက လိုအပ်သည့် အသုံးပြုရမည့် အကြိမ်အရေအတွက်က နှစ်ဆ တက်သွားခြင်းမျိုး မဟုတ်တော့ချေ။
၎င်းအစား ဂရန်းမာစတာ အဆင့်ကို ပြည့်မီရန်အတွက် အကြိမ်ရေ ၅၀၀၀ မျှ အသုံးပြုရန် လိုအပ်ပေသည်။
ချန်ကျီက သုံးရက်တိုင်တိုင် မီးမွှေးခြင်းမန္တန်ကို မရပ်မနား အသုံးပြုခဲ့သော်လည်း အကြိမ်ရေ ၃၀၀၀ မျှသာ အသုံးပြုနိုင်ခဲ့သေး၏။
အမည် : ချန်ကျီ
ကျင့်ကြံခြင်းအဆင့် : ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ (8/100)
ပါရမီ : မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်
ကျင့်စဉ် : ရွှန်ထျန်းလုကျင့်စဉ် (ကျွမ်းကျင်) (44/200)
မန္တန်များ :
မီးမွှေးခြင်းမန္တန် (ဂရန်းမာစတာ ) (3200/5000)
အသက်ရှူသံဖျောက် မန္တန် (အထွတ်အထိပ်) (600/1600)
မြေကြီး ဒိုင်းကာမန္တန် (ကျွမ်းကျင်) (1/200)
နှလုံးဖောက်တိုက်ခိုက်မှု မန္တန် (ကျွမ်းကျင်) (1/200)
အနန္တနေရာလွတ် : အဆင့် ၁
ချန်ကျီက စနစ် မျက်နှာပြင်ကို ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"အသက်ရှူသံဖျောက် မန္တန်က တကယ်ပဲ အမြဲတမ်း အသုံးပြုထားလို့ ရတာပဲ"
မရပ်မနား ကျင့်ကြံခြင်းကြောင့် ချန်ကျီအနေဖြင့် သေးငယ်သည့် ရှာဖွေတွေ့ရှိမှုတစ်ခုကို ရရှိခဲ့၏။
အဆင့်တက်သွားသည့် အသက်ရှူသံဖျောက် မန္တန်က သူ့အော်ရာကို ဖျောက်ကွယ်ပေးနိုင်ရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ပေသည်။
သို့သော်လည်း သူက မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စမ်းသပ်ကြည့်ရခြင်း မရှိသေးသဖြင့် အာနိသင်က မည်သို့ရှိမည်ကိုမူ မသိသေးချေ။
ထို့ပြင် အသက်ရှူသံဖျောက် မန္တန်က အမြဲတမ်း အသုံးပြုထားသည့် အခြေအနေတွင် ရှိနေနိုင်ပြီး ကုန်ဆုံးသည့် ဝိညာဉ်စွမ်းအားကလည်း လွန်စွာ နည်းပါးလှသည်။
အရေးကြီးဆုံးအချက်မှာ အမြဲတမ်း အသုံးပြုထားသည့် အခြေအနေတွင် ရှိနေသည့် အသက်ရှူသံဖျောက် မန္တန်က အချိန်အတန်ကြာတိုင်း စနစ် မျက်နှာပြင်ပေါ်တွင် ကျွမ်းကျင်မှုအဆင့် ၁ မှတ်စီ အလိုအလျောက် တိုးနေခြင်း ဖြစ်၏။
ချန်ကျီက အနန္တနေရာလွတ်ဆီသို့ ထပ်မံ၍ တစ်ချက် ကြည့်လိုက်ရာ ဝိညာဉ်စိုက်ခင်းထဲတွင် စိုက်ပျိုးထားသည့် ဝိညာဉ်ဆေးပင် ၁၀ ပင်လုံးက ပုံစံပေါ်နေခဲ့ချေပြီ။
ယခုအချိန်တွင် လိုအပ်နေသည်မှာ နှစ်သက်တမ်းသာ ဖြစ်ပြီး နှစ်သက်တမ်း ပြည့်သွားသည်နှင့် ဤဝိညာဉ်ဆေးပင်များကို ငွေကြေးအဖြစ် ပြောင်းလဲနိုင်တော့မည် ဖြစ်သည်။
ချန်ကျီက အနန္တနေရာလွတ်ထဲက အခြေအနေကို အကဲခတ်ပြီးနောက် အသိစိတ် ကို ပြန်ထုတ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ နေဝင်သွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ကလည်း တဖြည်းဖြည်း မှောင်မိုက်လာခဲ့ချေပြီ။
"ကျင့်ကြံခြင်းအဆင့်က တက် သွားပြီဆိုတော့ ဒီလိုမျိုး နေ့ညမှားပြီး မကျင့်ကြံသင့်တော့ဘူး"
သူ၏ ဤသို့သော နေ့ညပြောင်းပြန် ဖြစ်နေသည့် နေထိုင်မှုပုံစံက မကောင်းမှန်း သတိပြုမိသွားသဖြင့် ချန်ကျီက ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။
ဤသို့ နေ့ညမှားယွင်းနေခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။
ချန်ကျီက ဝိညာဉ်ဆန် အနည်းငယ် ချက်ပြုတ်စားသောက်ပြီးနောက် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းကာ မျက်လုံးမှိတ်၍ အိပ်စက်ရန် ပြင်ဆင်လိုက်တော့သည်။
.....
ချန်ကျီကို အမှောင်ထဲကနေ အမြဲတမ်း အကဲခတ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသည့် ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက ချန်ကျီ၏ အခန်းထဲတွင် ရုတ်တရက် မီးငြိမ်းသွားသည်ကို မြင်လိုက်ရသည့်အခါ ဆဲရေးတိုင်းထွာလိုက်မိတော့သည်။
"တောက်..."
သူက ရက်ပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းခဲ့ရခြင်းက ချန်ကျီ ညဘက် မီးပိတ်အိပ်မည့်အချိန်ကို စောင့်ပြီးမှ တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားရန် ဖြစ်သည်။
သို့သော်လည်း ဤရက်ပိုင်းအတွင်း ချန်ကျီက ညဘက်တွင် လုံးဝမအိပ်စက်သဖြင့် သူက အကောင်းဆုံး အခွင့်အရေးကို မရရှိခဲ့ဘဲ ထို့ကြောင့်ပင် မလှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်၏။
သူက ယခင်က ချန်ကျီတစ်ယောက် အိမ်မှာ ရှိမရှိကိုပင် သံသယဝင်ခဲ့ဖူးသော်လည်း နေ့ခင်းဘက်တွင် ချန်ကျီက အိမ်ဝင်းထဲ၌ ရေခပ်နေသည်ကို အကြိမ်အနည်းငယ် မြင်တွေ့ခဲ့ရသည်။
သူက အခွင့်အရေးကိုသာ ဆက်လက် စောင့်ဆိုင်းနေခဲ့ရပြီး ယနေ့တွင်မူ သူ ဇွဲမလျှော့နိုင်တော့ဘဲ ယနေ့တွင် မည်သို့ပင်ဖြစ်စေ လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့သည်။
သူက ဝိညာဉ်ကျောက်တုံး ၁ တုံးကို အထူးတလည် အသုံးပြုကာ ကျင့်ကြံသူများကိုပင် မေ့လဲသွားစေနိုင်သည့် မေ့ဆေးကို အထူးဝယ်ယူထားခဲ့ပြီး အကယ်၍ ယနေ့ညတွင် ချန်ကျီက မအိပ်စက်သေးပါက ချန်ကျီကို တိုက်ရိုက် မေ့လဲသွားအောင် လုပ်ဆောင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။
သို့သော်လည်း ယခုအခါ ချန်ကျီ၏ အခန်းထဲတွင် မီးငြိမ်းသွားခဲ့ချေပြီ။
သူက အံ့ဩသွားရုံသာမက လှောင်ပြောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ဒေါသပင် ထွက်လာခဲ့သည်။
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက သူ့လက်ထဲက အုတ်မြစ်ချ ခြင်းနယ်ပယ် ကျင့်ကြံသူများကိုပင် မေ့လဲသွားစေနိုင်သည်ဟု အာမခံထားသည့် မေ့ဆေးကို ကြည့်လိုက်၏။
သို့သော်လည်း သူက ပိုမိုသတိထားရန် ဆုံးဖြတ်လိုက်သည်။ ဤမျှလောက်အထိ အချိန်အကြာကြီး သတိထားခဲ့ပြီးမှ ဤအချိန်တွင် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်သွားပါက ရှေ့က ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"ဒီဆေးကို ရောင်းတဲ့လူက ပြောဖူးတယ်၊ အုတ်မြစ်ချ ခြင်းနယ်ပယ် ကျင့်ကြံသူကိုတောင် မေ့လဲသွားစေနိုင်တယ်တဲ့"
"ဒီနေ့တော့ မင်းကောင်စုတ်လေး သေဖို့သာ ပြင်ထားပေတော့"
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက မျက်နှာဖုံးအောက်တွင် ရက်စက်ယုတ်မာသည့် အပြုံးတစ်ခုကို ဖော်ပြလိုက်၏။
သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ဖျတ်လတ်ညင်သာစွာဖြင့် ချန်ကျီ နေထိုင်သည့် အိမ်ဆီသို့ မည်သည့်အသံမျှ မထွက်ပေါ်စေဘဲ တိုးကပ်သွားတော့သည်။
ဆိုင်ရှင်ထုံ၏ လက်အောက်ငယ်သားက ချန်ကျီ၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည့်အခါ တံခါးကြားထဲမှနေ၍ မေ့ဆေးကို တိတ်တဆိတ် မှုတ်သွင်းလိုက်၏။
ထို့နောက် တံခါးအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ကာ မေ့ဆေး အာနိသင်ပြမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့တော့သည်။
.....
အခန်းထဲတွင်မူ နေထိုင်မှုပုံစံကို ပြောင်းလဲရန် ဆုံးဖြတ်ထားသည့် ချန်ကျီက နေ့ခင်းဘက်တွင် တစ်ရေးအိပ်စက်ထားခဲ့သဖြင့် ယခုအခါ ကုတင်ပေါ်တွင် လှဲလျောင်းနေသော်လည်း မည်သို့မျှ အိပ်ပျော်နိုင်ခြင်း မရှိချေ။
သို့သော်လည်း ချန်ကျီတွင် နည်းလမ်းရှိသည်။ အိပ်မပျော်သည့်အခါ မျက်လုံးကို မှိတ်ထားပြီး တစ်ကိုယ်လုံးကို စိတ်လျှော့ကာ အာရုံ အားလုံးကို သူ၏ အသက်ရှူသံဆီသို့သာ စူးစိုက်ထားလိုက်ပါက တဖြည်းဖြည်းနှင့် အလိုအလျောက် အိပ်ပျော်သွားတတ်ပြီး အိပ်စက်ခြင်း ကလည်း လွန်စွာ ကောင်းမွန်လှသည်။
၎င်းက ကမ္ဘာကူးမလာခင်က ချန်ကျီ အိပ်မပျော်သည့်အခါတိုင်း အမြဲတမ်း အသုံးပြုလေ့ရှိသည့် နည်းလမ်းဖြစ်ပြီး လွန်စွာလည်း ထိရောက်မှု ရှိခဲ့၏။
သို့သော်လည်း ယနေ့ညတွင် ချန်ကျီက ကုတင်ပေါ်တွင် လှဲလျောင်းကာ ဤနည်းလမ်းကို ၁ နာရီမျှ အသုံးပြုခဲ့သော်လည်း အိပ်ချင်စိတ် လုံးဝမရှိသေးချေ။
"ဘာလို့ အိပ်မပျော်ရတာလဲ၊ အရင်ကဆိုရင် ဒီနည်းလမ်းက အမြဲတမ်း ထိရောက်ပါတယ်"
"ဒါက ကျင့်ကြံသူတွေက အိပ်စက်ချိန် နည်းပါးပြီး နေ့တိုင်း ဒီလောက်အထိ အိပ်ဖို့ မလိုလို့များလား"
ချန်ကျီက အတိတ်က ဖတ်ဖူးသည့် ဝတ္ထုများထဲတွင် ရေးသားထားသည်ကို သတိရမိသည်။ အချို့သော အစွမ်းထက်ကျင့်ကြံသူ ကြီးများက မအိပ်မနေဘဲ ဆက်တိုက် ကျင့်ကြံနိုင်ကြ၏။
၎င်းတို့ တရားထိုင် ကျင့်ကြံသည့်အခါ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအားများ ပြည့်ဝနေပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကိုလည်း လှုံ့ဆော်ပေးထားသဖြင့် အိပ်သည်မအိပ်သည်က အရေးမကြီးဘဲ ကျင့်ကြံခြင်းကပင် အနားယူခြင်း ဖြစ်ပေသည်။
"ဒါပေမဲ့ ငါက အစွမ်းထက် ကျင့်ကြံသူ မဟုတ်သေးဘူးလေ၊ ငါက ကျင့်ကြံခြင်းလောကက အတွေ့အကြုံမရှိသေးတဲ့ ကြက်ပေါက်စလေးပဲ ရှိသေးတာကို၊ အဲဒီလို မလုပ်နိုင်သေးဘူး"
"မဖြစ်ဘူး၊ နောက်ဆိုရင် အုတ်မြစ်ချ ခြင်းနယ်ပယ်ကို မရောက်ခင်အထိ နေ့စဉ် ကျင့်ကြံမယ့် အချိန်ကို သေသေချာချာ သတ်မှတ်ရမယ်၊ အိပ်ချင်ပေမဲ့ အိပ်လို့မရတဲ့ ခံစားချက်က တကယ်ကို ခံရခက်လွန်းတယ်"
ချန်ကျီက စိတ်ထဲတွင် အော်ဟစ်ညည်းတွားလိုက်မိတော့သည်။
အခြားနည်းလမ်းမရှိသဖြင့် ချန်ကျီက စိတ် ကို ထပ်မံ၍ စိတ်လျှော့ကာ အသက်ရှူသံကိုသာ အာရုံစိုက်နေခဲ့၏။
မည်သို့ပင်ဖြစ်စေ အိပ်ပျော်အောင် အိပ်ရမည်။
ချန်ကျီတစ်ယောက် စိတ်ထဲတွင် ညည်းတွားနေစဉ်မှာပဲ ရုတ်တရက် ထူးဆန်းသည့် အခြေအနေတစ်ခုကို ခံစားလိုက်ရသည်။
လေထုထဲတွင် ထူးခြားသည့် အနံ့တစ်ခု ရှိနေသကဲ့သို့ပင်။
အနည်းငယ် မွှေးကြိုင်နေ၏။
"မဟန်တော့ ဘူး"
ချန်ကျီက ဝူးဝူးဝါးဝါး လှုပ်ရှားခြင်းမပြုဘဲ ကုတင်ပေါ်မှ ထထိုင်လိုက်ကာ အသက်ရှူသံကို ထိန်းချုပ်လိုက်ပြီး အသက်ရှူသံဖျောက် မန္တန်ဖြင့် သူ၏ အော်ရာကို အမြဲတမ်း ဖုံးကွယ်ထားလိုက်သည်။
အခန်းထဲတွင် မီးခိုးငွေ့တစ်ချို့ ပျံလွင့်နေသည်ကို သူ တွေ့ရှိလိုက်ရသဖြင့် ချက်ချင်း အသက်အောင့်လိုက်ကာ ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလိုက်တော့သည်။
မီးခိုးငွေ့များ ပျံလွင့်လာသည့် နေရာအတိုင်း အခန်းတံခါးဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့၏။
"မေ့ဆေးလား..."
ချန်ကျီက ကြမ်းပြင်ပေါ်တွင် မီးခိုးငွေ့များ ထွက်ပေါ်နေသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရရာ ၎င်းက သူ အရင်ဘဝက အသုံးပြုခဲ့ဖူးသည့် ခြင်ဆေးခွေနှင့် တူညီနေခဲ့သည်။
စဉ်းစားတွေးတောရန် အချိန်မရှိသဖြင့် ချန်ကျီက ထိုမေ့ဆေးကို အနန္တနေရာလွတ်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။
အခန်းထဲတွင်မူ မေ့ဆေး၏ အနံ့အသက်များက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ထိုအချိန်ကျမှ ချန်ကျီက စဉ်းစားရန် အချိန်ရတော့သည်။ "ဘယ်သူက ငါ့ကို လုပ်ကြံချင်နေတာလဲ"
သူ မြင်တွေ့ဖူးခဲ့သည့် လူတိုင်းကို ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ စစ်ထုတ်ကြည့်လိုက်၏။
"တကယ်ပဲ ဘယ်သူဖြစ်မလဲ..."
သို့သော်လည်း အချိန်အတော်ကြာ တွေးတောမိသော်လည်း သံသယဖြစ်ဖွယ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ မတွေးမိချေ။
မူလပိုင်ရှင်က ချင်းယွမ်ဂိုဏ်းမှ ထွက်လာပြီးနောက် သောက်စားမူးယစ်တတ်သည့် လူတစ်ယောက်ဖြစ်သလို ဆင်းရဲမွဲတေသူတစ်ယောက်လည်း ဖြစ်ရာ သူတစ်ပါးက သူ့ကို လုပ်ကြံလိုပါက မေ့ဆေးကို အသုံးပြုရန် မလိုဘဲ သူက နေ့တိုင်း မူးဝေနေခဲ့ပြီးသား ဖြစ်သည်။
ချန်ကျီ ကိုယ်တိုင်ကလည်း ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး လွန်စွာ သတိထား နေထိုင်ကာ လူများနှင့်လည်း ထိတွေ့ဆက်ဆံခြင်း မရှိသဖြင့် မည်သူ့ကိုမျှ ရန်ငြိုးဖွဲ့စရာ အကြောင်းမရှိချေ။
"ဒါဆိုရင် မနေ့က အဲဒီသူခိုးရဲ့ အပေါင်းအပါတွေက ကလဲ့စားချေဖို့ လာတာများလား"
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ၎င်းက ချန်ကျီ တွေးမိသမျှထဲတွင် သူနှင့် ရန်ငြိုးရှိနိုင်သည့် တစ်ဦးတည်းသော လူ ဖြစ်၏။
သို့သော်လည်း သေသေချာချာ ပြန်လည်စဉ်းစားကြည့်သည့်အခါ မဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။ အကယ်၍ ထိုသူခိုး၏ အပေါင်းအပါများသာ ဖြစ်ပါက ထိုနေ့ကတည်းက အတူတူ ဝင်ရောက်လာခဲ့ကြမည် ဖြစ်ပေသည်။
ချန်ကျီက အချိန်အတော်ကြာ စဉ်းစားသော်လည်း အဖြေမထွက်သဖြင့် "ဒါဆိုရင်တော့ သူတို့ရဲ့ အစီအစဉ်အတိုင်းပဲ လိုက်လျောပေးလိုက်ရုံပေါ့၊ မင်းက မေ့ဆေးကို သုံးထားတာဆိုတော့ ဧကန်မုချ အထဲကို ဝင်လာဖို့ ကြံစည်နေတာပဲ၊ ငါက မင်းရဲ့ သတင်းကောင်းကို ငြိမ်ငြိမ်လေး စောင့်နေလိုက်မယ်"
ချန်ကျီက လက်ရှိတွင် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက် ထားပြီး ဖြစ်သည့်အပြင် ဂရန်းမာစတာ အဆင့်ရှိ မီးမွှေးခြင်းမန္တန်လည်း ရှိနေသဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိနေပြီဟု ခံစားရသည်။
အကယ်၍ ခွန်အားချင်း မမျှပါကလည်း မေ့ဆေးအသုံးပြုသည့်လူကို ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ထားရာ မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေရမည် ဖြစ်ပေသည်။