← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) တာအိုမိတ်ဆွေရဲ့ ကျင့်ကြံခြင်းလမ်းခရီး ဖြောင့်ဖြူးသာယာပြီး အင်မော်တယ် မြန်မြန် ဖြစ်ပါစေ

​တစ်ညတာလုံး မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ ကုန်လွန်သွားခဲ့ရာ ချန်ကျီလည်း စိတ်အေးချမ်းသာစွာဖြင့် ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့်ရခဲ့သည်။

​နောက်တစ်နေ့ နံနက်စောစောတွင် ချန်ကျီ ကုတင် ပေါ် ကထပြီးနောက် ဝိညာဉ်ဆန်ဖြင့် ချက်ထားသည့် ထမင်းကို အနည်းငယ်စားကာ ဝမ်းဗိုက်ကို ဖြည့်တင်းပြီးသည်နှင့် တိုက်ရိုက် အပြင်သို့ ထွက်လာခဲ့တော့သည်။

​ယခုအခါ ကျင့်ကြံခြင်းကိစ္စများကို သူ ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်တော့သဖြင့် ဤစုတ်ပြတ်သတ်နေသည့် အိမ်အိုကြီးထဲတွင် အမြဲတမ်း အောင်းနေစရာ အကြောင်းမရှိချေ။

​တစ်စုံတစ်ယောက်က ကွယ်ရာကနေ သူ့ကို စောင့်ကြည့်နေမှတော့ သူက အလင်းထဲသို့ ထွက်လာရန်သာ ဆုံးဖြတ်လိုက်သည်။

​သေချာပေါက် တစ်ဖက်လူကလည်း မြို့တော်သခင်အိမ်တော် ၏ စည်းမျဉ်းစည်းကမ်းများကို သတိထား နေ၍သာ ညဉ့်နက်သန်းခေါင်အချိန်ကို ရွေးချယ်ပြီး မေ့ဆေးခတ်ကာ ကွယ်ရာကနေ သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့ခြင်း ဖြစ်ရမည်။

​ချန်ကျီ အိမ်ပြင်ထွက်လာပြီးနောက် လမ်းကြားအတိုင်း လျှောက်လှမ်းကာ ဤဆင်းရဲသားရပ်ကွက်ထဲကနေ ထွက်လာခဲ့ပြီး လူစည်ကားရာ ဈေးဆီသို့ ဦးတည်လျှောက်လှမ်းခဲ့၏။

​တစ်ဖက်လူ၏ နောက်ခံအကြောင်းအရင်းကို မသိရှိရသေးသော်လည်း လူစည်ကားသည့် နေရာဖြစ်လေ တစ်ဖက်လူက လက်ရဲဇက်ရဲ လှုပ်ရှားရဲတော့မည် မဟုတ်ချေ။

​သို့သော်ငြားလည်း ချန်ကျီအနေဖြင့် သူ့၌ အခြားလူများ မက်မောလောက်စရာ မည်သည့်အရာ ရှိနေသလဲဟူသည်ကို ယခုတိုင် ဝေခွဲမရသေးပေ။

​ဤအကျိုးနှင့် အကြောင်း ဆက်စပ်မှုကို စဉ်းစားတွေးတောရင်း ချန်ကျီတစ်ယောက် ဈေးတန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ချန်ကျီ ဈေးသို့ ရောက်ရှိလာပြီးနောက် အစပိုင်းတွင် မည်သည့်နေရာသို့ အရင်သွားရမည်မှန်း မသိသဖြင့် ဆိုင်ခန်းတစ်ခုပြီးတစ်ခု အေးအေးလူလူ လှည့်လည်ကြည့်နေခဲ့၏။

​ဆိုင်ခန်းတစ်ခုခုတွင် ကျင့်ကြံသူတစ်ဦးဦးက ပစ္စည်းဝယ်ယူနေပြီး ဆိုင်ရှင်က မိတ်ဆက် ရှင်းပြနေသည့် အခါတိုင်း ချန်ကျီက ခြေလှမ်းများကို ရပ်တန့်ကာ ဘေးကနေ သေသေချာချာ နားထောင်လေ့ရှိသည်။

​သူက ဤကျင့်ကြံခြင်းလောကနှင့် ပတ်သက်၍ သိရှိထားသည်မှာ အလွန်နည်းပါးလွန်းလှပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း တန်ဖိုးရှိသည့် သတင်းအချက်အလက်များကို ချန်ထားရစ်ခဲ့ခြင်း မရှိချေ။

​ချန်ကျီ လျှောက်လည်ရင်း မောပန်းလာသည့်အခါ နေရာတစ်ခုတွင် ဆောင့်ကြောင့်ထိုင်၍ ခေတ္တအနားယူကာ အမောပြေသွားသည့်အခါမှ လမ်းဆက်လျှောက်လေ့ရှိသည်။

​"အင်း... ဒီလိုနေ့ရက်တွေက တော်တော်လေး အဆင်ပြေသားပဲ၊ ဘာမှလုပ်စရာမလိုဘဲ ကျင့်ကြံခြင်းအဆင့် တက်လာမယ့်အချိန်ကိုပဲ စောင့်နေရုံပဲ"

​"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး မရှိတာကတော့ တော်တော်လေး ဆင်းရဲလွန်းတယ်၊ ဘာမှဝယ်လို့မရဘဲ ဒီတိုင်း ငေးကြည့်နေရုံပဲ ရှိသေးတယ်"

​"နောက်ကျရင် ငါလည်း ဆိုင်ခန်းတစ်ခန်းလောက် ဖွင့်ပြီးတော့ အနန္တကုန်စုံဆိုင်ထဲက ပစ္စည်းတွေကိုပဲ သီးသန့်ထုတ်ရောင်းရရင် ကောင်းမလား"

​ချန်ကျီလည်း ဤသို့ မဖြစ်လိုသော်လည်း အနန္တကုန်စုံဆိုင်က ပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီးနောက် ဝိညာဉ်ကျောက်တုံးများက အမှတ်များအဖြစ် ပြောင်းလဲသွားကာ ၎င်းတို့ကို အနန္တကုန်စုံဆိုင်အတွင်း၌သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

​သို့သော်လည်း သူက ဤကျင့်ကြံခြင်းလောကတွင် ဆက်လက်ရှင်သန်ရဦးမည်ဖြစ်ရာ ဝိညာဉ်ကျောက်တုံး မရှိဘဲနှင့်မူ မဖြစ်ချေ။

​"ဟေ့... မင်းကို ငါ စောင့်ကြည့်နေတာ ကြာပြီ၊ ဘာပစ္စည်းမှ ဝယ်တာလည်း မတွေ့ဘူး၊ မင်း ဘာလုပ်နေတာလဲ"

​ချန်ကျီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည့် အခါမှ သူ ဆောင့်ကြောင့်ထိုင်၍ အနားယူနေသည့် နေရာ၏ ဘေးနားက ဆိုင်ခန်းတစ်ခု၏ ဆိုင်ရှင်က သူ့ကို စိုက်ကြည့်နေခြင်းဖြစ်မှန်း သတိပြုမိလိုက်သည်။

​ချန်ကျီ ထိုဆိုင်ရှင်ကို အကဲခတ်ကြည့်လိုက်ရာ သူ့ကဲ့သို့ပင် ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ ကျင့်ကြံခြင်းအဆင့် ရှိသော်လည်း ရုပ်ရည်ကမူ သူ့ထက် အများကြီး ပိုမိုနုပျိုပုံရသည်။

​"မင်း ငါ့ကို ပြောနေတာလား" ချန်ကျီ မသေချာသဖြင့် မေးလိုက်၏။

​"ဒါပေါ့၊ မဟုတ်ရင် ဒီလမ်းမပေါ်မှာ ဘယ်သူက မင်းလို အားယားနေလို့လဲ"

​"ဟဲဟဲ..." ချန်ကျီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး "အားနာပါတယ်ဗျာ၊ မင်း ဆိုင်ဖွင့်တာကို အနှောင့်အယှက် ပေးမိသွားပြီ"

​ချန်ကျီ မတ်တတ်ရပ်၍ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူက လှမ်း၍ စကားဆို လာခဲ့သည်။

​"အနှောင့်အယှက် ဖြစ်တာတော့ မဟုတ်ပါဘူး၊ ဒီတိုင်း နည်းနည်း စိတ်ဝင်စားလို့ပါ"

​"ဘာကို စိတ်ဝင်စားတာလဲ" ချန်ကျီက သံသယဝင်သွားသလို တစ်ဖက်တွင်လည်း စိတ်ဝင်စားမှု အနည်းငယ် ရှိလာခဲ့သည်၊ တစ်ချိန်လုံး အေးအေးလူလူ လျှောက်လည်နေရသည်ကလည်း ပျင်းစရာကောင်းလှရာ စကားပြောဖော်ရသွားခြင်းကလည်း မဆိုးလှချေ။

​"မင်းက ပစ္စည်းလည်း မဝယ်ဘူး၊ ရောင်းလည်း မရောင်းဘူး၊ ပြီးတော့ မင်းရဲ့ အသက်အရွယ်ကို ကြည့်ရတာ ငါ့ထက် အများကြီး ကြီးဦးမယ်၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ ငါ့လောက် မမြင့်သေးဘူး၊ ဒါကြောင့် မင်း ကျင့်ကြံခြင်းလမ်းခရီးပေါ်ကို ဘယ်လိုရောက်လာလဲဆိုတာ သိချင်လို့ပါ" ဆိုင်ရှင်၏ လေသံက အေးဆေးတည်ငြိမ်လှပြီး သာမန်ကိစ္စတစ်ခုကို ပြောဆိုနေသည့်အတိုင်း ဖြစ်သည်။

​ထိုဆိုင်ရှင် ပြောဆိုလိုက်သည့် စကားကို ကြားရသည့်အခါ ချန်ကျီက သူ့ကို အခုချက်ချင်းပင် လက်သီးဖြင့် ထိုးနှက်လိုက်ချင်တော့သည်၊ သို့သော်လည်း ဆိုင်ရှင်၏ မျက်နှာပေါ်က ပြုံးရွှင်နေသည့် ပုံစံကို မြင်တွေ့ရသည့်အခါတွင်မူ သူ့ကို နှိမ်ချလှောင်ပြောင်နေခြင်းမျိုး မဟုတ်မှန်း ရိပ်မိလိုက်သည်။

​ချန်ကျီ အနည်းငယ် သက်ပြင်းချလိုက်မိပြီး "ငါက အရင်တုန်းက ချင်းယွမ်ဂိုဏ်းရဲ့ အစေခံတပည့်တစ်ယောက်ပါ၊ အခုတော့ တောင်ပေါ်ကနေ နှင်ထုတ် ခံလိုက်ရပြီ၊ ကျေနပ်ပြီလား"

​ချန်ကျီ ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ လက်မောင်းကို လှမ်း၍ အဆွဲခံလိုက်ရသည်။

​ချန်ကျီက ဤရုတ်တရက် ဆွဲလိုက်သည့် အပြုအမူကြောင့် ကြောင်အသွားခဲ့ရပြီး မီးမွှေးခြင်းမန္တန်တစ်ခု ထုတ်လွှတ်ရန် ပြင်ဆင်လိုက်၏။

​သို့သော်လည်း ချန်ကျီ လှည့်ကြည့်လိုက်သည့်အခါ မြင်တွေ့လိုက်ရသည်မှာ ဆိုင်ရှင်၏ မျက်နှာပင် ဖြစ်သော်လည်း ယခုအခါ ပြုံးရွှင်နေရုံသာမကဘဲ မျက်နှာတစ်ခုလုံးတွင် စစ်မှန်လှသည့် ရိုးသားဖြူစင်မှုများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။

​"တာအိုမိတ်ဆွေ ခဏလောက်၊ ကျုပ် ခုနက စကားအသုံးအနှုန်း မှားသွားလို့ပါ၊ ကျုပ် အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"

​"ဒါဆို မင်းက ဘာသဘောနဲ့ ပြောတာလဲ"

​"ကျုပ်က ဒီလိုလူစားမျိုးပါပဲ၊ အရင်တုန်းကလည်း စကားမပြောတတ်ဘူးလို့ ခဏခဏ အပြောခံရဖူးတယ်၊ တောင်းပန်ပါတယ် တာအိုမိတ်ဆွေ ။ ပြန်မိတ်ဆက်ရရင် ကျုပ် နာမည်က ကျိုးချွမ် ပါ၊ တာအိုမိတ်ဆွေ ကို ဘယ်လိုခေါ်ရမလဲ မသိဘူး"

​ချန်ကျီက ကျိုးချွမ်ကို သံသယစိတ်ဖြင့် စိုက်ကြည့်နေမိ၏၊ အကြောင်းရင်းမရှိဘဲ လာရောက်မျက်နှာလုပ်နေခြင်းက တစ်ခုခုကို ကြံစည်နေခြင်း သို့မဟုတ် သူခိုးစိတ်ဝင်နေခြင်းမျိုး ဖြစ်နိုင်ပေသည်။

​"ငါ့ကို ချန်ကျီ လို့ပဲ ခေါ်ပါ"

​"တာအိုမိတ်ဆွေ ချန် ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ လာလာလာ... ဒီဘက်မှာ ထိုင်ပြီး စကားပြောကြရအောင်"

​ကျိုးချွမ်က ချန်ကျီကို ဆွဲခေါ်ကာ သူ့ဆိုင်ခန်းဆီသို့ ခေါ်ဆောင်သွားပြီး ချန်ကျီ ထိုင်ရန်အတွက် ခုံတန်းလျားအသေးလေးတစ်ခုကို အထူးတလည် ထုတ်ပေးခဲ့သည်။

​ချန်ကျီ တွေးတောကြည့်လိုက်ရာ လတ်တလောတွင်လည်း လုပ်စရာမရှိဘဲ အားယားနေခြင်း ဖြစ်သလို သူ့အရှေ့က ကျိုးချွမ်ကလည်း မကောင်းသော အကြံအစည် ရှိမည့် လူစားမျိုးနှင့်မတူချေ။

​ထို့ကြောင့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဤကျိုးချွမ်က တကယ်တမ်း မည်သည့်အရာကို ပြောဆိုလိုသလဲဟူသည်ကို ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

​ချန်ကျီက ကျိုးချွမ် ခင်းကျင်းထားသည့် ဆိုင်ခန်းကို ထပ်မံကြည့်လိုက်ရာ အပေါ်တွင် အဆောင်စာရွက်အချို့ကို တင်ထားသည်ကို မြင်တွေ့လိုက်ရ၏။

​ဤအဆောင်စာရွက်များ၏ အာနိသင်နှင့် ပတ်သက်၍ ချန်ကျီ နားမလည်သော်လည်း အဆောင်အတတ်ပညာလမ်းစဉ်က လွန်စွာ လက်တွေ့ကျမှန်းကိုမူ သူ သိရှိထားသည်။

​အထူးသဖြင့် ဝိညာဉ်စွမ်းအား မရှိတော့သည့် အချိန်မျိုးတွင် ဤအဆောင်စာရွက်များက အသက်ဘေးမှ ကယ်တင်နိုင်သည့် နတ်ဘုရား လက်နက်များ ဖြစ်လာတတ်ပေသည်။

​ဤကျိုးချွမ် ရောင်းချနေသည့် အဆောင်စာရွက်များက သူကိုယ်တိုင် ရေးဆွဲထားခြင်းလား သို့မဟုတ် အခြားလူများထံမှ ပြန်လည်ဝယ်ယူပြီး ရောင်းချနေခြင်းလားဆိုသည်ကိုမူ မသိရချေ။

​ခုံတန်းလျားအသေးလေးက တစ်ခုတည်းသာ ရှိပြီး ၎င်းကို ချန်ကျီက ထိုင်လိုက်သဖြင့် ကျိုးချွမ်က မြေပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်တော့သည်။

​မူလကပင် သူ ဆိုင်ဖွင့်ထားသည်မှာ မြေပြင်ပေါ်တွင် အဝတ်စ တစ်ခု ခင်းကာ သူရောင်းချမည့် ပစ္စည်းများကို ခင်းကျင်းထားခြင်း ဖြစ်သဖြင့် မည်သည့်နေရာတွင် ထိုင်သည်ဖြစ်စေ အထူးတလည် ပြောနေစရာ မလိုလှချေ။

​ကျိုးချွမ်က မြေပြင်ပေါ်တွင် ထိုင်နေပြီး သူကမူ ခုံတန်းလျားလေးပေါ်တွင် ထိုင်နေရသဖြင့် ချန်ကျီ အနည်းငယ် အားနာသွားခဲ့ရသည်။

​ကျိုးချွမ်က ချန်ကျီ၏ စိတ်ကူးကို ရိပ်မိပုံရ၏။ "ရပါတယ်၊ ထိုင်ပါ၊ မြေပြင်ပေါ်မှာ ခဏခဏ ထိုင်ပြီး ဆိုင်ဖွင့်နေကျမို့လို့ ကျင့်သားရနေပါပြီ။ ဒီနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် ခုံတန်းလျားလေး တစ်ခုတည်း ပါလာခဲ့တာ၊ ဒါက ကျုပ်တို့ကြားမှာ ရေစက်ရှိလို့ပဲ ဖြစ်ရမယ်"

​"မင်း စကားမပြောတတ်ဘူးလို့ ဘယ်သူပြောတာလဲ" ချန်ကျီလည်း အရင်တုန်းက စကားမျိုးကို ပြောခဲ့သည့်လူနှင့် ယခု စကားပြောနေသည့်လူက တစ်ဦးတည်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။

​"တာအိုမိတ်ဆွေ ချန် ကလည်း မြှောက်နေပြန်ပါပြီ၊ ကျုပ် စကားမပြောတတ် တာကတော့ အမှန်ပါပဲ၊ ဒါကို ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဆိုင်ဖွင့်ပြီး စျေးရောင်းရတဲ့အခါကျတော့လည်း ပွဲတိုးမယ့် စကားအချို့ကိုတော့ သင်ယူထားရတာပေါ့။ မဟုတ်ရင် ပစ္စည်းတွေ မရောင်းရရုံတင်မကဘူး၊ တစ်ခါတလေ အရိုက်အနှက်ပါ ခံရနိုင်တယ်" ကျိုးချွမ်က ပြုံး၍ ပြော ၏။

​ချန်ကျီက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ "ကြည့်ရတာ လောကကြီးရဲ့ အရိုက်အနှက်ကို တော်တော်လေး ခံထားရပုံပဲ၊ တကယ်ပဲ လောကကြီးက အကောင်းဆုံး ပညာပေး အဖွဲ့အစည်းပဲ၊ အခြားအရာတွေကို မသင်ပေးရင်တောင် လူပီသအောင် အရင်ဆုံး သင်ပေးတယ်"

​ချန်ကျီက စိတ်ထဲတွင် ရေရွတ်နေသော်လည်း မျက်နှာအမူအရာကိုမူ မပြောင်းလဲဘဲ "ပြောပါဦး၊ ငါ့ကို အထူးတလည် လှမ်းဆွဲပြီး ထိုင်ခိုင်းတယ်ဆိုတော့ သေချာပေါက် တစ်ခုခု မေးစရာရှိလို့ ဖြစ်ရမယ်"

​"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး၊ တာအိုမိတ်ဆွေ က ချင်းယွမ်ဂိုဏ်းကနေ ထွက်လာတာဆိုတော့ ချင်းယွမ်ဂိုဏ်းရဲ့ အခြေအနေအချို့ကို မေးကြည့်ချင်လို့ပါ"

​ချန်ကျီ နားလည်သွားခဲ့ပြီ၊ ဤကျိုးချွမ်ကလည်း ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်လိုပုံရသည်။

​"ငါက ချင်းယွမ်ဂိုဏ်းကနေ နှင်ထုတ် ခံလိုက်ရတဲ့ အစေခံတပည့်တစ်ယောက်ပဲဥစ္စာ၊ ချင်းယွမ်ဂိုဏ်းရဲ့ အကြောင်းတွေကို ဘယ်လိုလုပ် အများကြီး သိပါ့မလဲ"

​ကျိုးချွမ်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။ "ဒါဆိုရင် တာအိုမိတ်ဆွေ ဘာကြောင့် ချင်းယွမ်ဂိုဏ်းကနေ ထွက်လာခဲ့ရလဲဆိုတာကို ပြောပြပေးလို့ အဆင်ပြေမလား"

​"ထွက်လာတာ ဟုတ်လား... တာအိုမိတ်ဆွေ အဲဒီလိုမျိုး စကားကို လှည့်ပတ်ပြီး သုံးစရာ မလိုပါဘူး၊ နှင်ထုတ် ခံရတာက နှင်ထုတ် ခံရတာပဲ၊ ပြောရမှာ ရှက်နေစရာ အကြောင်းမရှိပါဘူး"

​မည်သို့ပင်ဆိုစေ ၎င်းက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကိစ္စသာ ဖြစ်သဖြင့် ချန်ကျီ ပြောဆိုရာတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှ ရှိမနေချေ။ "ပါရမီက ညံ့လွန်းတယ်၊ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းလို့ နှင်ထုတ် ခံလိုက်ရတာ"

​ချန်ကျီ ပြောပြီးနောက်တွင်မူ ကျိုးချွမ်က သူ့ဘာသာ ရေရွတ်လိုက်သည့်အလား "ပါရမီက ညံ့လွန်းလို့ ဟုတ်လား..."

​"မင်းကလည်း ချင်းယွမ်ဂိုဏ်းထဲကို ဝင်ချင်လို့လား၊ မင်းက ကျင့်ကြံခြင်းကို စတင်နေပြီပဲဥစ္စာ၊ လေလွင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ နေရတာ မကောင်းဘူးလား"

​ကျိုးချွမ်က သက်ပြင်းချလိုက်မိ၏။ "ဟူး... လေလွင့်ကျင့်ကြံသူရဲ့ လမ်းခရီးက လျှောက်လှမ်းရတာ တော်တော်လေး ခက်ခဲလွန်းပါတယ်။ အရင်းအမြစ် လည်း မရှိဘူး၊ အားကိုးစရာ နောက်ခံလည်း မရှိဘူး၊ ပြီးတော့ အချိန်မရွေး အမျိုးမျိုးသော အန္တရာယ်တွေကိုလည်း ရင်ဆိုင်ရသေးတယ်။ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းချင်တယ်ဆိုရင်တော့ တရားဝင် ဂိုဏ်းအဖွဲ့အစည်းရဲ့ ဆရာသခင်အမွေအနှစ် ရှိမှသာ ဝေးဝေးလံလံ လျှောက်လှမ်းနိုင်မှာပါ"

​"မင်းရဲ့ ပါရမီက ဘာအဆင့်လဲ"

​"အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်"

​"ဒါဆိုရင်တော့ မဆိုးလှပါဘူး၊ ချင်းယွမ်ဂိုဏ်းထဲမှာ အနည်းဆုံးတော့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်နိုင်တာပဲ" ချန်ကျီက စဉ်းစားတွေးတောရင်း ပြော လိုက်သည်။

​"အပြင်စည်းတပည့် အဆင့်ပဲလား..." ကျိုးချွမ်က သက်ပြင်းချလိုက်ပြီးနောက် စကားဆက်မပြောတော့ဘဲ မည်သည့်အရာကို တွေးတောနေသည်မသိချေ။

​တကယ်တမ်းတွင်မူ ချန်ကျီက အနည်းငယ် အံ့ဩမိနေဆဲ ဖြစ်သည်။

​ကျိုးချွမ်၏ ရုပ်ရည်ကို ကြည့်ရုံဖြင့် အသက် ၂၀ ကျော်မျှသာ ရှိဦးမည်ဖြစ်သော်လည်း ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများထဲတွင်ပင် ဤသို့သော အဆင့်က မဆိုးလှပေ။

​ကျိုးချွမ်က ဤမျှလောက် နုပျိုပြီး ဤသို့သော ကျင့်ကြံခြင်းအဆင့် ရှိနေပါလျက်နှင့် အဘယ်ကြောင့် သက်ပြင်းချနေရသည်ကို သူ နားမလည်နိုင်တော့ချေ။

​"အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်က အပြင်စည်းတပည့်တစ်ယောက် ဖြစ်နိုင်တာ ဘာမကောင်းတာ ရှိလို့လဲ၊ မင်း အုတ်မြစ်ချခြင်းနယ်ပယ်ကို တက်လှမ်းနိုင်သွားရင် အတွင်းစည်းတပည့် ဖြစ်သွားမှာပဲဥစ္စာ" ချန်ကျီက သံသယဝင်စွာ မေးလိုက်၏။

မူလ​ခန္ဓာကိုယ်ပိုင်ရှင်၏ အဆင့်နိမ့်အဆင့် ဝိညာဉ်အမြစ် ပါရမီက အစေခံတပည့်တစ်ဦးသာ ဖြစ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

​အပြင်စည်းတပည့်က မူလခန္ဓာကိုယ်ပိုင်ရှင်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်လှရာ အနည်းဆုံးတော့ အလုပ်ကြမ်းများ လုပ်ဆောင်ရန် မလိုဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နိုင်မည် ဖြစ်သည်။

​ကျိုးချွမ်က စကားပြောရန် ပြင်လိုက်ပြီးမှ ပြန်လည်မျိုသိပ်လိုက်၏။ "ထားလိုက်ပါတော့၊ ပြောလည်း ဘာမှ အဓိပ္ပာယ်မရှိပါဘူး၊ ဒါပေမဲ့ ကျုပ်နဲ့အတူ စကားအနည်းငယ် ပြောပေးတဲ့အတွက် တာအိုမိတ်ဆွေ ကို ကျေးဇူးတင်ပါတယ်။ ဒီအဆောင်စာရွက် နှစ်ရွက်ကို တာအိုမိတ်ဆွေ သိမ်းထားလိုက်ပါ၊ ဒါက ကျုပ်ရဲ့ လက်ဆောင်အဖြစ် သဘောထားပေးပါ၊ တာအိုမိတ်ဆွေ နဲ့ သိကျွမ်းခွင့်ရတာ တကယ်ကို ဝမ်းသာပါတယ်"

​ပြောပြောဆိုဆိုဖြင့် ကျိုးချွမ်က အဆောင်စာရွက်နှစ်ရွက်ကို ထုတ်ယူကာ ချန်ကျီထံသို့ ကမ်းပေးလိုက်သည်။

​ချန်ကျီက လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "အကြောင်းမဲ့ ပစ္စည်းကို လက်မခံချင်ပါဘူး၊ ငါ့ဘက်ကလည်း တာအိုမိတ်ဆွေ ကို ပြန်ပေးစရာ ပစ္စည်းမရှိတာမို့လို့ ဒီအဆောင်စာရွက်တွေကိုတော့ ထားလိုက်ပါတော့"

​သို့သော်လည်း ကျိုးချွမ်က အဆောင်စာရွက်များကို ချန်ကျီ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ပြီ ဖြစ်သည်။ "ရပါတယ်၊ ဒီအဆောင်စာရွက်နှစ်ရွက်ကလည်း ဘာမှ တန်ဖိုးမကြီးပါဘူး၊ အကုန်လုံး ကျုပ်ကိုယ်တိုင် ရေးဆွဲထားတာပါ။ ဒါတွေက အကာအကွယ် အဆောင်စာရွက်တွေမို့လို့ တာအိုမိတ်ဆွေ စိတ်အေးလက်အေး လက်ခံလိုက်ပါ၊ သေချာပေါက် အရေးပေါ်အချိန်ကျရင် အသုံးဝင်လာနိုင်ပါတယ်၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပေးတာပါ"

​အခြေအနေက ဤသို့ဖြစ်ပျက်သွားသဖြင့် ချန်ကျီလည်း ထိုအဆောင်စာရွက်နှစ်ရွက်ကို လက်ခံလိုက်ရတော့သည်၊ ဤအဆောင်စာရွက်များက တကယ်ပဲ ကျိုးချွမ်ကိုယ်တိုင် ရေးဆွဲထားခြင်းဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့မိချေ။

​ဤအဆောင်စာရွက်နှစ်ရွက်က ချန်ကျီအတွက်မူ အဓိပ္ပာယ် အများကြီး မရှိလှဘဲ အနန္တကုန်စုံဆိုင်ထဲတွင် ပိုမိုကောင်းမွန်သည့် ပစ္စည်းများ အများကြီး ရှိနေသော်လည်း ယခုအချိန်တွင် ကျိုးချွမ်၏ စေတနာကို ငြင်းပယ်ရန် မကောင်းလှချေ။

​"ဒါဆိုရင်တော့ တာအိုမိတ်ဆွေ ရဲ့ ကျင့်ကြံခြင်းလမ်းခရီး ဖြောင့်ဖြူးသာယာပြီး အင်မော်တယ် မြန်မြန် ဖြစ်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်" ချန်ကျီက ကျေးဇူးတင်စကား ပြော လိုက်သည်။

​"မင်းရဲ့ ဆုတောင်းစကားအတိုင်း ဖြစ်ပါစေ၊ နောက်နောင်လည်း ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေး ရှိဦးမယ်လို့ မျှော်လင့်ပါတယ်" ကျိုးချွမ်က လက်သီးဆုပ် ကာ နှုတ်ဆက်လိုက်တော့သည်။

All Chapters