← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) နတ်ဘုရားကျွမ်းကျင်မှု သုံးခုနှင့် မွဲတေလှသည့် ဘဝ

​ချန်ကျီက ကျိုးချွမ်၏ ဆိုင်ခန်းလေးမှ ထွက်လာခဲ့ပြီးနောက် နောက်သို့ တစ်ချက် ပြန်လှည့်ကြည့်လိုက်ရာ ကျိုးချွမ်က သူ့ကို မျက်ခြေမပြတ် လိုက်လံကြည့်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

​ချန်ကျီ၏ အမြင်တွင်မူ ကျိုးချွမ်က လွန်စွာ ရိုးသားဖြူစင်လွန်းလှသည်၊ ဤကျင့်ကြံခြင်းလောကက ရက်စက်ကြမ်းကြုတ်လှရာ ဤမျှ ရိုးသားဖြူစင်သည့် ကျိုးချွမ်က နစ်နာမှုများစွာ ခံစားခဲ့ရဖူးပေလိမ့်မည်။

​သို့သော်လည်း ချန်ကျီအနေဖြင့် ဘာမှဝင်ပြောရန် မကောင်းလှချေ၊ ရိုးသားဖြူစင်ခြင်းက ဘာမှားနေလို့လဲ... မှားနေသည်မှာ ဤလောကကြီးသာ ဖြစ်ပေသည်။

​ကျိုးချွမ်၏ ဆိုင်ခန်းလေးမှ ထွက်လာပြီးနောက် ချန်ကျီလည်း ဆက်လက်၍ လမ်းလျှောက်လည်ချင်စိတ် မရှိတော့ချေ။

​ခုနက ကျိုးချွမ်နှင့် စကားစမြည်ပြောဆိုခဲ့ခြင်းအရ ချင်းယွမ်ဂိုဏ်းက တပည့်သစ်များကို ထပ်မံ၍ စတင်ခေါ်ယူတော့မည် ဖြစ်ကြောင်း ချန်ကျီ သိရှိခဲ့ရသည်။

​ထို့ကြောင့်ပင် လတ်တလောကာလအတွင်း ဝမ်နန်မြို့အတွင်း၌ လူဦးရေက ပုံမှန်ထက် အများကြီး ပိုမိုများပြားနေခြင်း ဖြစ်၏။

​ကျိုးချွမ် ဤနေရာသို့ လာရောက်ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သော်လည်း ဂိုဏ်းဝင်ခွင့်ရွေးချယ်ပွဲ အချိန်က မရောက်သေးသဖြင့် သူက ဝမ်နန်မြို့တွင် ယာယီအခြေချနေထိုင်ခြင်း ဖြစ်သည်။

​ချန်ကျီက အတွေးကိုယ်စီဖြင့် လျှောက်လှမ်းနေခဲ့ရာ ခုနက ထုံဖူစားသောက်ဆိုင်၏ ဘေးမှ ဖြတ်သန်းသွားခဲ့သည်ကိုပင် လုံးဝ သတိမထားမိခဲ့ချေ။

​ထုံဖူစားသောက်ဆိုင်အတွင်း၌မူ အံ့အားသင့်ပြီး မည်းမှောင်နေ သည့် မျက်ဝန်းတစ်စုံက သူ့ကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

​ဖြည်းဖြည်းချင်းနှင့် ချန်ကျီ၏ ပုံရိပ်က ဈေးထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။

​သူ့ကို စိုက်ကြည့်နေသည့် ထိုအကြည့်ကလည်း ထိုအချိန်မှသာ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

....

​ထုံ ဖူစားသောက်ဆိုင်အတွင်း၌...

​ဆိုင်ရှင်ထုံက ခုနကတင် ဧည့်သည်များကို ဧည့်ခံနေခြင်းဖြစ်ပြီး ရုတ်တရက် သူ၏ မျက်စိရှေ့မှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

​သူက မျက်တောင်မခတ် စိုက်ကြည့်လိုက်သည့်အခါ ထိုသူမှာ သူ ကြိုတင်စီမံထားသည့် သားကောင်ဖြစ်နေပြီး ယခုအခါ ရုတ်တရက် ပေါ်ထွက်လာသဖြင့် သူ အံ့အားသင့်သွားရခြင်း ဖြစ်၏။

​သူက လတ်တလောကာလအတွင်း သူ၏ လက်အောက်ငယ်သားထံမှ မည်သည့်သတင်းပို့ချက်မျှ မရရှိခဲ့သဖြင့် လက်အောက်ငယ်သားက အောင်မြင်စွာ ဖမ်းဆီးပြီးသွားပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

​ချန်ကျီကို မိုင်း တွင်း ဆီသို့ တိုက်ရိုက် ပို့ဆောင်ရမည်ဖြစ်ရာ ထို့ကြောင့်ပင် သူ့ထံသို့ သတင်းပို့ရန် အချိန်မရခြင်း ဖြစ်လိမ့်မည်ဟု တွေးတောထားခဲ့သည်။

​ယခုအခါ ချန်ကျီကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ၏ လက်အောက်ငယ်သားက မည်သည့်နေရာသို့ ရောက်ရှိသွားသလဲဟူသည်ကို သူ စဉ်းစားနေမိတော့သည်။

​သူ၏ လက်အောက်ငယ်သားက ထွက်ပြေးတိမ်းရှောင်မည်မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်ထားသည်၊ သူတို့ကြားတွင် အကျိုးစီးပွား ဆက်စပ်မှုများ ရှိနေသဖြင့် ထွက်ပြေးရန် အကြောင်းမရှိချေ။

​ဒါဆိုလျှင် ယခုအချိန်တွင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့သည်၊ ၎င်းမှာ သူ၏ လက်အောက်ငယ်သား တစ်ခုခု ဖြစ်သွားခြင်းပင်။

​သို့သော်ငြားလည်း ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ သာရှိသည့် ချန်ကျီကို သွားရောက်ဖမ်းဆီးရာတွင် မည်သည့် မတော်တဆမှုမျိုး ဖြစ်ပွားနိုင်သလဲဟူသည်ကို သူ မည်သို့မှ စဉ်းစား၍မရချေ။

​သူ၏ လက်အောက်ငယ်သားက ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၆ ကျင့်ကြံခြင်းအဆင့် ရှိသူဖြစ်ရာ ချန်ကျီကို ဖမ်းဆီးခြင်းက လက်ဝါးချင်းရိုက်သလောက် လွယ်ကူသည့် ကိစ္စမျိုး မဟုတ်ပါလော။

​ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၆ ကျင့်ကြံခြင်းအဆင့်က ဤဝမ်နန်မြို့အတွင်း၌ ဆရာတစ်ဆူဟု သတ်မှတ်၍ရပေသည်။

​ကြီးမားသည့် မိသားစုကြီးတစ်ခုခု သို့မဟုတ် မြို့တော်သခင်အိမ်တော်က ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ပါက မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ချေ။

​စဉ်းစား၍မရသည့် ထိုင်ရှင်ထုံက အခြေအနေကို သွားရောက်စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်တော့သည်။

​ဆိုင်ရှင်ထုံက ဆိုင်ဝန်ထမ်း ကို တစ်ချက် မှာကြားလိုက်ပြီးနောက် အနောက်ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့၏။

​"ဝူလိ တစ်ခုခု ဖြစ်သွားပုံပဲ၊ ချန်ကျီလည်း အဖမ်းမခံရသေးဘူး၊ မင်း သွားပြီးတော့ ဝူလိနဲ့ အဆက်အသွယ်ရမလားဆိုတာ ရှာဖွေကြည့်ဦး"

​"ဟုတ်ကဲ့" ၎င်းမှာ ထိုနေ့က ချန်ကျီ မြင်တွေ့ခဲ့ရသည့်၊ ဆိုင်ရှင်ထုံ နှင့်အတူ သူ့ထံသို့ လာရောက်ခဲ့သည့် အခြားလက်အောက်ငယ်သား တစ်ဦးဖြစ်ပြီး သူ၏ နာမည်မှာ ကျန်းထိုက် ဖြစ်သည်။

​"ခဏလေး" ဆိုင်ရှင်ထုံ က စိတ်ထဲတွင် စိတ်မချသေးသဖြင့် ထွက်ခွာရန် ပြင်နေသည့် ကျန်းထိုက်ကို လှမ်း၍ တားမြစ်လိုက်ပြန်သည်။

​"ဝူလိ တကယ်ပဲ တစ်ခုခု ဖြစ်သွားတာ ဖြစ်နိုင်တယ်၊ အကယ်၍ သူနဲ့ အဆက်အသွယ်မရဘူးဆိုရင် ဒါမှမဟုတ် တစ်ခုခု ထူးခြားတာကို တွေ့ခဲ့ရင် ဇွတ်မလုပ်နဲ့၊ ချက်ချင်း ပြန်လာခဲ့"

​ဤကိစ္စက လွန်စွာ ဆန်းကြယ်လွန်းလှသဖြင့် ဆိုင်ရှင်ထုံအနေဖြင့် သတိမထားဘဲ မနေနိုင်ချေ။

​"ဆိုင်ရှင် စိတ်ချပါ" ကျန်းထိုက်က ကတိပေးလိုက်၏။

​"သွားတော့"

​ကျန်းထိုက် ထွက်သွားပြီးနောက် ဆိုင်ရှင်ထုံက ဖြစ်နိုင်ခြေ အမျိုးမျိုးကို ဆက်လက် တွက်ချက်နေခဲ့သည်။

​သို့သော်လည်း သူ ခန့်မှန်းနေသည့် ဦးတည်ချက်က မူလအစကတည်းက မှားယွင်းနေခဲ့ခြင်း ဖြစ်၏။

...

​ချန်ကျီက ကျိုးချွမ်နှင့် စကားပြောပြီးနောက် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်၊ သိရှိလိုသည့် သတင်းအချက်အလက်များကိုလည်း အတော်အသင့် သိရှိပြီး ဖြစ်ပေသည်။

​သူက ဤသို့ ဝမ်နန်မြို့အတွင်း၌ လူလုံးပြပြီး လှုပ်ရှားရသည့် ရည်ရွယ်ချက်ကလည်း အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

​သူ့ကို ဦးတည်တိုက်ခိုက်နေသည့် ထိုလူက သေချာပေါက် သူ့ကို တွေ့ရှိသွားလောက်ပြီဟု ယုံကြည်ထားရာ ယခုအခါ သူ လုပ်ဆောင်ရမည့်အရာမှာ အိမ်သို့ပြန်၍ တစ်ဖက်လူ ရောက်ရှိလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းရန်သာ ဖြစ်၏။

​အိမ်သို့ ရောက်ရှိပြီးနောက် ချန်ကျီက အရင်ဆုံး အနန္တနေရာလွတ်အတွင်းက အခြေအနေကို စစ်ဆေးလိုက်သည်။

​"ဝိညာဉ်ဆေးပင်တွေရဲ့ ကြီးထွားမှု အခြေအနေက တကယ်ကို ကောင်းမွန်လွန်းတယ်၊ နောက်ထပ် ရက်အနည်းငယ်ဆိုရင် ပထမဆုံးအသုတ် ဝိညာဉ်ဆေးပင်တွေ ရင့်မှည့်လာတော့မှာပဲ"

​"ဒါပေမဲ့ အလိုအလျောက် ကျင့်ကြံခြင်းအခန်းကိုပဲ အားကိုးနေရင် ကျင့်ကြံခြင်းအမြန်နှုန်း က နှေးလွန်းသေးတယ်၊ ဝိညာဉ်ဆေးပင်တွေကို ရောင်းချပြီးရင် ဆေးလုံးအချို့ကို ဝယ်ယူပြီး အာနိသင် ရှိမရှိ စမ်းသပ်ကြည့်ရမယ်"

​အနန္တနေရာလွတ်ကို စစ်ဆေးပြီးနောက် ချန်ကျီက ဝိညာဉ်ဆန်ကို အနည်းငယ် စားသုံးလိုက်ပြီးနောက် သူ့ကို လာရောက်လုပ်ကြံမည့်သူကို စတင်စောင့်ဆိုင်းတော့သည်။

​ချန်ကျီက ကုတင်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အလိုအလျောက် ကျင့်ကြံခြင်းအခန်းထဲက ပုံရိပ်ယောင်ကို ထပ်မံကြည့်လိုက်ရာ ထိုပုံရိပ်ယောင်က ဆက်တိုက်ဆိုသလို ဆယ်နာရီကျော်မျှ ကျင့်ကြံပြီး ဖြစ်ပေသည်။

​"ကျင့်ကြံခြင်း တိုးတက်မှုက မဆိုးဘူး၊ မီးမွှေးခြင်းမန္တန်ကို စုစုပေါင်း ၃၉၅၀ ကြိမ် အသုံးပြုပြီးပြီပဲ၊ မနက်ဖြန်ဆိုရင် မီးမွှေးခြင်းမန္တန်က ၅၀၀၀ ကြိမ် ပြည့်တော့မှာမို့လို့ နောက်ထပ် အဆင့်တွေ ရှိဦးမလားတော့ မသိဘူး"

​ချန်ကျီ၏ အသိစိတ်က အလိုအလျောက် ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လာခဲ့ပြီး အနန္တကုန်စုံဆိုင်ဆီသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။

​အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေး၏ ပုံရိပ်က ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပြီး ချန်ကျီကို ပြုံးရွှင်စွာဖြင့် ကြည့်နေဆဲ ဖြစ်သည်။

​အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးနှင့် စကားမပြောတော့ချေ၊ သူမက စကား ပြော၍ မရမှန်း ချန်ကျီ သိရှိထားသဖြင့် ဝယ်ယူခြင်း မျက်နှာပြင်ကို တိုက်ရိုက် ဖွင့်ခိုင်းလိုက်တော့သည်။

​မနေ့က လုပ်ဆောင်ချက် အမျိုးအစားထဲက အလိုအလျောက် ကျင့်ကြံခြင်းအခန်းကို မြင်တွေ့ပြီးနောက် ချန်ကျီသည် ဝမ်းသာအားရဖြင့် ချက်ချင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

​ထို့နောက်တွင် အနန္တကုန်စုံဆိုင်ထဲမှ ထွက်လာခဲ့သဖြင့် အမှန်တကယ်တော့ ကုန်ပစ္စည်းအများအပြားကို သူ သေသေချာချာ မကြည့်ရသေးချေ။

​ကျင့်စဉ်အမျိုးအစားထဲတွင် ခဏမျှ လှည့်လည်ကြည့်လိုက်ရာ လက်ရှိတွင် အမြင့်ဆုံးအဆင့် ကျင့်စဉ်က အဝါရောင်အဆင့် အဆင့်မြင့်ကျင့်စဉ်သာ ဖြစ်သည်။

​ပိုမိုမြင့်မားသည့် နက်ရှိုင်းအဆင့် ကျင့်စဉ်များကိုမူ သူ ကြည့်ခွင့် မရှိသေးချေ။

​ထို့အပြင် အဝါရောင်အဆင့် အဆင့်မြင့်ကျင့်စဉ်ကိုလည်း လက်ရှိတွင် ချန်ကျီ ဝယ်ယူနိုင်စွမ်း မရှိသေးပေ။

​"ကျင့်စဉ်ကတော့ ကိစ္စမရှိပါဘူး၊ အလိုအလျောက် ကျင့်ကြံခြင်းအခန်း ရှိနေတာဆိုတော့ အဆင့်မြင့်ကျင့်စဉ်က လောလောဆယ် သိပ်ပြီး အရေးမကြီးသေးဘူး"

​ချန်ကျီက မန္တန်များ၊ ဆေးလုံးများနှင့် ရတနာလက်နက် အမျိုးအစားများကို ထပ်မံကြည့်လိုက်သည်။

​စျေးနှုန်းများက ချန်ကျီ ယနေ့ ဈေးတန်းတွင် စုံစမ်းခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ကွာခြားချက် ရှိနေဆဲ ဖြစ်၏။

​အနန္တကုန်စုံဆိုင်အတွင်းက ပစ္စည်းများက ပိုမိုစျေးပေါပြီး ပိုမိုစုံလင်လှသည်။

​လုပ်ဆောင်ချက် အမျိုးအစားထဲတွင်မူ လဲလှယ်ပြီးဖြစ်သည့် အလိုအလျောက် ကျင့်ကြံခြင်းအခန်းမှလွဲ၍ အခြားအရာ မရှိသဖြင့် ချန်ကျီက တိုက်ရိုက်ကျော်လိုက်၏။

​နောက်ထပ် အမျိုးအစားတစ်ခုကမူ သူ မနေ့က ကြည့်ရန် အချိန်မရခဲ့သည့် နေရာတစ်ခု ဖြစ်သည်။

​ကျွမ်းကျင်မှု အမျိုးအစား။

​ဤကျွမ်းကျင်မှု အမျိုးအစားက လုပ်ဆောင်ချက် အမျိုးအစားကဲ့သို့ပင် မနေ့ကတည်းက ချန်ကျီကို သံသယဝင်စေခဲ့ခြင်း ဖြစ်၏။

​ကျွမ်းကျင်မှု အမျိုးအစားကို ရွေးချယ်လိုက်ပြီးနောက် ဝယ်ယူခြင်း မျက်နှာပြင်ကလည်း လိုက်လံပြောင်းလဲသွားခဲ့ရာ ပေါ်ထွက်လာသည့် ပစ္စည်းများက ကျင့်ကြံခြင်း အရင်းအမြစ် များ မဟုတ်တော့ချေ။

​"ဒါတွေက ဘာတွေလဲ..."

​ဝယ်ယူခြင်း မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသည့် ဓာတ်ပုံများကို ကြည့်ပြီး ချန်ကျီ သံသယဝင်သွားခဲ့သည်။

​ပထမဆုံး ဓာတ်ပုံကို ရွေးချယ်ကြည့်လိုက်ရာ ဓာတ်ပုံပေါ်တွင် လူရိပ်အချို့သာ ရှိနေပြီး အခြားအရာ မရှိသဖြင့် ဓာတ်ပုံကို ကြည့်ရုံမျှဖြင့် ၎င်း၏ အဓိပ္ပာယ်ကို နားလည်ရန် မဖြစ်နိုင်ချေ။

​သို့သော်လည်း ဓာတ်ပုံကို ကြည့်ပြီးနောက် ပေါ်ထွက်လာသည့် မိတ်ဆက်စာသားများက ဓာတ်ပုံပေါ်က လူရိပ်များ၏ အဓိပ္ပာယ်ကို ချန်ကျီ ချက်ချင်း နားလည်သွားစေခဲ့သည်။

​ထို့အပြင် သူက အလိုအလျောက် ကျင့်ကြံခြင်းအခန်း ပေါ်ထွက်လာစဉ်ကထက်ပင် ပိုမို၍ တအံ့တဩ အော် မိတော့၏။

​ကိုယ်ပွားကျွမ်းကျင်မှု : ကိုယ်ပွားများကို အကန့်အသတ်မရှိ လဲလှယ်နိုင်သည်၊ ပထမဆုံး ကိုယ်ပွားတစ်ခု၏ တန်ဖိုးမှာ အမှတ် ၁၀၀ ဖြစ်သည်။

ကိုယ်ပွားတစ်ခုစီတွင် အဓိကခန္ဓာကိုယ်နှင့် တူညီသည့် ကျင့်ကြံခြင်းအဆင့် ရှိမည်ဖြစ်ပြီး ကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်က အဓိကခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအဆင့်နှင့်အတူ တစ်ပြိုင်နက်တည်း တက်လှမ်းမည် ဖြစ်သည်။

ကိုယ်ပွား၏ ရုပ်သွင်ကို စိတ်ကြိုက် ဖန်တီးနိုင်ပြီး တစ်ကြိမ် အတည်ပြုပြီးပါက ပြန်လည်ပြင်ဆင်၍ မရနိုင်ပါ။

ကိုယ်ပွားတွင် ကိုယ်ပိုင်အသိစိတ် ရှိပြီး ကိုယ်တိုင် စဉ်းစားတွေးတောနိုင်သော်လည်း အဓိကခန္ဓာကိုယ်အပေါ် မည်သည့်အခါမျှ သစ္စာဖောက်မည် မဟုတ်ပါ။

ကိုယ်ပွား ဖျက်ဆီးခံရပါက အမှတ် ၁၀ ကုန်ဆုံးမည်ဖြစ်ပြီး ၂၄ နာရီအကြာတွင် အလိုအလျောက် ပြန်လည်ကောင်းမွန်လာမည်။

​"ဒါက တကယ့် ကျွမ်းကျင်မှုအစစ်ပဲလား... ဒါက အရမ်း လွန်လွန်းရာမကျဘူးလား၊ ဒါက လုံးဝ နတ်ဘုရားကျွမ်းကျင်မှုပဲ"

​ချန်ကျီက ကိုယ်ပွားကျွမ်းကျင်မှု၏ မိတ်ဆက်ကို ဖတ်ရှုပြီးနောက် ရေရွတ်လိုက်ပြီး နောက်ထပ် ဓာတ်ပုံတစ်ပုံကို ဆက်လက်ကြည့်လိုက်သည်။

​ဒုတိယမြောက် ဓာတ်ပုံ။

​ကိုယ်ပျောက်ခြင်း : ကိုယ်ပျောက်ခြင်းကျွမ်းကျင်မှုကို အသုံးပြုပြီးနောက် မည်သူမျှ စုံစမ်းစစ်ဆေး၍ မရနိုင်ပါ၊ တန်ဖိုးမှာ အမှတ် ၁၀၀ ဖြစ်ပြီး ကျွမ်းကျင်မှုကို တစ်စက္ကန့် အသုံးပြုတိုင်း အမှတ် ၁ မှတ် ကုန်ဆုံးပါမည်။

​"မည်သူမျှ စုံစမ်းစစ်ဆေး၍ မရဘူး ဟုတ်လား... ဒါက လုပ်ကြံဖို့နဲ့ အသက်လုထွက်ပြေးဖို့အတွက် တကယ့် ကျွမ်းကျင်မှုကောင်းပဲ၊ ဒါပေမဲ့ လဲလှယ်ဖို့တင် အမှတ် ၁၀၀ ကုန်ဆုံးရတဲ့အပြင် အသုံးပြုတိုင်း ဘာလို့ အမှတ်တွေ ထပ်ကုန်နေရတာလဲ။ ပြီးတော့ တစ်စက္ကန့် အသုံးပြုတိုင်း အမှတ် ၁ မှတ် ကုန်ဆုံးရတယ်ဆိုတော့ ဒါက ကုန်ဆုံးမှု အရမ်းများလွန်းတာ မဟုတ်ဘူးလား"

​ချန်ကျီက အနန္တနေရာလွတ် စနစ်၏ အမှတ်ကုန်ဆုံးစေသည့် နည်းလမ်းများကြောင့် လုံးဝ လက်လျှော့သွားခဲ့ရသည်။

​သို့သော်လည်း မတတ်နိုင်ဘဲ လက်ခံလိုက်ရုံသာ ရှိတော့သည်၊ ဤမျှ အစွမ်းထက်သည့် ကျွမ်းကျင်မှုကို မည်သူက မလိုချင်ဘဲ နေပါ့မည်နည်း။

​ထို့အပြင် ဤကိုယ်ပွားကျွမ်းကျင်မှုနှင့် ကိုယ်ပျောက်ခြင်းကျွမ်းကျင်မှု၏ သက်ရောက်မှု က အခြေတည်ဝိညာဉ် ကျင့်ကြံသူ များပင်လျှင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။

​ချန်ကျီက တတိယမြောက် ဓာတ်ပုံကို ဆက်လက်ကြည့်လိုက်သည်။

​ပြိုင်ဘက်ကင်း ရွှေခန္ဓာ : မည်သည့် တိုက်ခိုက်မှုကိုမဆို ခုခံကာကွယ်နိုင်သည်၊ တန်ဖိုးမှာ အမှတ် ၁၀၀၀ ဖြစ်ပြီး တစ်ကြိမ် အသုံးပြုတိုင်း အမှတ် ၁၀၀ ကုန်ဆုံးကာ တစ်ကြိမ်လျှင် ၁၀ မိနစ် ကြာမြင့်မည်။

​"ဒီပြိုင်ဘက်ကင်း ရွှေခန္ဓာရဲ့ သက်ရောက်မှု က ပိုပြီးတော့ တောင် အစွမ်းထက်သေးတယ်၊ ကုန်ဆုံးမယ့် အမှတ်ကလည်း ပိုများတာပဲ။ ကြည့်ရတာ နောက်ကျရင် ဝိညာဉ်ကျောက်တုံးတွေကို ပိုပြီးတော့ ရှာဖွေရမယ်၊ မဟုတ်ရင်တော့ သုံးစွဲမှုကို လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

​ကျွမ်းကျင်မှု အမျိုးအစားထဲက ဓာတ်ပုံသုံးပုံစလုံးကို ချန်ကျီ ဖတ်ပြီးသွားပြီ ဖြစ်သော်လည်း ဝိညာဉ်ကျောက်တုံး ကုန်ဆုံးမည့်အရေးက သူ့ကို ခေါင်းကိုက်စေခဲ့သည်။

​ကျွမ်းကျင်မှု သုံးခုစလုံး၏ သက်ရောက်မှု က တကယ်ကို အစွမ်းထက်လှသော်လည်း ဝိညာဉ်ကျောက်တုံး ကုန်ဆုံးမှုကလည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။

​"တော်သေးတာက ကိုယ်ပွားကျွမ်းကျင်မှုက တစ်ခု ဝယ်ယူထားရင် အကန့်အသတ်မရှိ အသုံးပြုနိုင်ပြီး ထပ်ပြီး ကုန်ဆုံးစရာ မလိုတာပဲ"

​ချန်ကျီတွင် လက်ရှိ၌ ကျွမ်းကျင်မှုများကို ဝယ်ယူရန် အမှတ်မရှိသဖြင့် ဤမျှ အစွမ်းထက်သည့် ကျွမ်းကျင်မှုများကို ကြည့်ရင်း သက်ပြင်းသာ ချနိုင်တော့သည်။

​"အခုလောလောဆယ်တော့ ဝိညာဉ်စိုက်ခင်းထဲက ဝိညာဉ်ဆေးပင်တွေ ရင့်မှည့်လာမယ့်အချိန်ကိုပဲ စောင့်နေရတာ၊ ဝိညာဉ်ကျောက်တုံး ရှာဖွေတဲ့နှုန်းက နှေးလွန်းသေးတယ်၊ ဝိညာဉ်ကျောက်တုံး ရှာဖွေမယ့် အခြားနည်းလမ်းတွေကို ထပ်ပြီး ရှာဖွေရမယ်"

​ထို့နောက်တွင်မူ ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။

All Chapters