အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) ပထမဆုံး ကိုယ်ပွား၊ အိမ် ဝယ်ယူခြင်း
သို့သော်လည်း ချန်ကျီ၏ စိုးရိမ်ပူပန်မှုများက အပိုသာ ဖြစ်ခဲ့ပေသည်။
နောက်တစ်စက္ကန့်တွင်ပင် ချန်ကျီ၏ ဦးနှောက်ထဲ၌ ကိုယ်ပွားနှင့် ပတ်သက်သည့် အချက်အလက်များ ပေါ်ထွက်လာခဲ့၏။
တစ်ဆက်တည်းမှာပင် သူက ကိုယ်ပွားကို အသုံးပြုရမည့် နည်းလမ်းကိုလည်း နားလည်သွားခဲ့သည်။
ကိုယ်ပွားက ယခုအချိန်တွင် အသိဉာဏ်မရှိခြင်း မဟုတ်ဘဲ ခုနတင် ဖန်တီးထားခါစ ဖြစ်သဖြင့် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေပြီး သတိမပွင့်သေးခြင်းသာ ဖြစ်၏။
ကိုယ်ပွားက ပုံမှန်အသိဉာဏ် ရှိပြီး ချန်ကျီ၏ ဉာဏ်ရည်နှင့် အခြေခံအားဖြင့် အတူတူပင် ဖြစ်ကာ ကိုယ်ပွား၏ စွမ်းဆောင်ရည်ကလည်း ချန်ကျီနှင့် ထပ်တူထပ်မျှ ဖြစ်သည်။
သို့သော်လည်း ကိုယ်ပွားက ထိုနည်းတူ ဒဏ်ရာရနိုင်ပြီး သွေးထွက်နိုင်သော်လည်း နာကျင်မှုကိုမူ ခံစားရခြင်း မရှိချေ။
အကယ်၍ ကိုယ်ပွား ဖျက်ဆီးခံလိုက်ရပါက အမှတ် ၁၀ သာ ကုန်ဆုံးမည်ဖြစ်ပြီး ၂၄ နာရီ ကြာပြီးနောက် ပြန်လည်အသက်ရှင် နိုင်မည် ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ကိုယ်ပွားက ချန်ကျီနှင့်အတူ အနန္တနေရာလွတ်ကို ပူးတွဲအသုံးပြုနိုင်ခြင်းပင်။
၎င်းအပြင် ကိုယ်ပွား အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သည့်အခါ မည်သည့်အမှတ်မျှ ကုန်ဆုံးရန် မလိုအပ်ပါချေ။
ချန်ကျီက ကိုယ်ပွား၏ မြင်ကွင်းကိုလည်း ပူးတွဲမျှဝေကြည့်နိုင်ပြီး သူ ကြည့်လိုသည့် အချိန်တိုင်း ကိုယ်ပွား၏ မြင်ကွင်းနှင့် ဦးနှောက်ထဲက မှတ်ဉာဏ်များကို ရွေးချယ်ကြည့်နိုင်ပေသည်။
ချန်ကျီက ကိုယ်ပွား၏ အချက်အလက်အားလုံးကို နားလည်ပြီးနောက် နောင်တွင် ဤကိုယ်ပွားကို မည်သို့ အသုံးချရမည်နည်းဟူသည်ကို သေသေချာချာ စဉ်းစားတွေးတောနေလိုက်သည်။
ထိုအချိန်တွင် ကိုယ်ပွား၏ မျက်ဝန်းများက ကြည်လင်တောက်ပမှုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"သခင်"
အသံနှင့် လေသံကလည်း ချန်ကျီနှင့် တစ်ထေရာတည်း တူညီလှပေသည်။
ချန်ကျီက ကိုယ်ပွားကို အကဲခတ်ကြည့်ရင်း စိတ်ထဲက တွေးတောလိုက်၏။ "နောက်ဆိုရင် ကိုယ်ပွားရဲ့ ဒီခန္ဓာကိုယ်ကိုပဲ ငါ့ကိုယ်စား အပြင်လောကမှာ သွားလာလှုပ်ရှားခိုင်းရမယ်"
"နောက်ဆိုရင် မင်းနာမည်က ချန်ဖန်ပဲ"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီ ခဏမျှ စဉ်းစားတွေးတောပြီးနောက် ကျွမ်းကျင်မှု မျက်နှာပြင်ကို ထပ်မံဖွင့်လှစ်လိုက်ပြန်သည်။ "ကိုယ်ပွားတစ်ခုတည်းကတော့ နည်းလွန်းသေးတယ်"
ချန်ကျီက ကိုယ်ပွားနောက်တစ်ခု ထပ်မံဝယ်ယူလိုသဖြင့် ကျွမ်းကျင်မှု မျက်နှာပြင်ထဲသို့ ထပ်မံဝင်ရောက်ကာ ကိုယ်ပွား၏ ပုံနှင့် မိတ်ဆက်ကို ကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံး ဆွံ့အမှင်တက်သွားရတော့သည်။
ကိုယ်ပွား၏ ဈေးနှုန်းက ရုတ်တရက် မြင့်တက်သွားခဲ့ပြီ ဖြစ်ရာ ယခုအခါ ကိုယ်ပွားတစ်ခု၏ ဈေးနှုန်းက အမှတ် ၂၀၀ ဖြစ်သွားခဲ့ချေပြီ။
"ဘာလို့ ရုတ်တရက်ကြီး ဈေးတက်သွားရတာလဲ" ချန်ကျီက အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးကို လှမ်း၍ မေးမြန်းလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း နှမြောစရာကောင်းသည်မှာ အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးက သူ့ကို မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ပါချေ။
"ကြည့်ရတာ ကိုယ်ပွားဆိုတဲ့ ဒီကျွမ်းကျင်မှုက ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းနေပုံရတယ်၊ အကန့်အသတ်မရှိ ဝယ်ယူလို့ရတယ်ဆိုပေမဲ့ ဝယ်ယူတဲ့ အကြိမ်တိုင်းမှာ ဈေးနှုန်းက သေချာပေါက် တက်သွားမှာပဲ"
ချန်ကျီက ဈေးတက်ရသည့် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသဖြင့် စိတ်သက်သာရာရသွားခဲ့သည်၊ အဆုံးတွင်တော့ ကိုယ်ပွားတစ်ခု ပိုရှိခြင်းက အသက်တစ်ချောင်း ပိုရှိခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
ကိစ္စများစွာကို သူကိုယ်တိုင် ကိုယ်ထိလက်ရောက် လုပ်ဆောင်နေစရာမလိုဘဲ ကိုယ်ပွားကိုသာ လွှဲအပ်၍ လုပ်ဆောင်ခိုင်းလျှင် ရပေသည်။
"အမှတ်က ပြန်ပြီးတော့ မလောက်မင ဖြစ်သွားပြန်ပြီ၊ ကြည့်ရတာ အမှတ်တွေကို ဆက်ပြီးတော့ပဲ စုဆောင်းရဦးမှာပဲ"
ကိုယ်ပွားနောက်တစ်ခု ထပ်မံဝယ်ယူမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီးနောက် ချန်ကျီက ချီစုစည်းခြင်းဆေးလုံး ဆယ်လုံးကို ဝယ်ယူလိုက်ရာ အမှတ် ၅၀ ကုန်သွားခဲ့သည်။
ထို့နောက်တွင် ချန်ကျီက ကိုယ်ပွားချန်ဖန်နှင့်အတူ အနန္တနေရာလွတ်ထဲမှ ပြန်လည်ထွက်လာခဲ့တော့သည်။
အနန္တနေရာလွတ်ထဲမှ ထွက်လာသည့်အချိန်တွင် ချန်ကျီ၏ မျက်ဝန်းများက အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးကို စိုက်ကြည့်လိုက်ရင်း စိတ်ထဲက သံသယဝင်သွားမိ၏။ "သူမကကော ကိုယ်ပွားတစ်ခု ဖြစ်နေမလား"
ချန်ကျီ၏ စိတ်ထဲတွင် ဤသို့သော အတွေးတစ်ခု ပေါ်ထွက်လာသော်လည်း အများကြီး ထပ်မံမတွေးတော့ပါချေ။
ချန်ကျီ အနန္တနေရာလွတ်ထဲမှ ထွက်လာပြီးနောက် သူနှင့်အတူ ထွက်ပေါ်လာသည့် ကိုယ်ပွားချန်ဖန်ကို ကြည့်ရင်း အနည်းငယ် ထူးဆန်းသလို ခံစားနေရဆဲ ဖြစ်သည်။
ချန်ကျီက မေးလိုက်၏။ "ငါတတ်တဲ့ မန္တန်မှန်သမျှကို မင်းလည်း တတ်တာလား"
"ဟုတ်ကဲ့ပါ သခင်" ကိုယ်ပွားချန်ဖန်က ခေါင်းညိတ်ပြသည်။
"မင်း မီးမွှေးခြင်းမန္တန်တစ်ခုကို ထုတ်ဖော်ပြီး ငါ့ကို ပြစမ်း"
"ဟုတ်ကဲ့"
ကိုယ်ပွားချန်ဖန်က ပြန်ဖြေ လိုက်ပြီးနောက် သူ၏ လက်ဝါးပေါ်တွင် မီးလုံးတစ်လုံးက ချက်ချင်းဆိုသလို စုစည်းပေါ်ထွက်လာခဲ့ချေပြီ။
ချန်ကျီက ကိုယ်ပွား ထုတ်ဖော်လိုက်သည့် ဤမီးလုံးကို ကြည့်လိုက်ရာ သူကိုယ်တိုင် မီးမွှေးခြင်းမန္တန်ကို ထုတ်ဖော်စဉ်ကအတိုင်းပင် မီးလုံး၏ အရွယ်အစားနှင့် စွမ်းအားက ထပ်တူထပ်မျှ တူညီနေသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ကျီက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ "အင်း... မဆိုးဘူး၊ မင်း အသက်ရှူသံဖျောက် မန္တန် ကိုပါ ထပ်ပြီး ထုတ်ပြဦး"
"ဟုတ်ကဲ့"
ထို့နောက်တွင် ကိုယ်ပွားချန်ဖန်က အသက်ရှူနှုန်းထိန်းမန္တန်ကို ထုတ်ဖော်လိုက်တော့သည်။
ကိုယ်ပွားချန်ဖန်၏ ကျင့်ကြံခြင်းအဆင့်နှင့် အော်ရာ က တဖြည်းဖြည်းချင်း သိုဝှက်သွားခဲ့ရာ ချန်ကျီကိုယ်တိုင်ပင်လျှင် လိုက်လံစစ်ဆေး ၍ မရတော့ပါချေ။
ချန်ကျီက ထိုနည်းတူ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း ကိုယ်ပွား မန္တန်ထုတ်ဖော်သည်ကို ကြည့်ခြင်းက သူ၏ နောက်ဆုံးပန်းတိုင် မဟုတ်ပါချေ။
ချန်ကျီ စိတ်ကူးလိုက်သည်နှင့် သူ၏ မျက်စိရှေ့မှောက်တွင် စနစ်မျက်နှာပြင် ပေါ်ထွက်လာခဲ့သည်။
"တကယ်ပဲ မရဘူးပဲ၊ ကြည့်ရတာ ငါ အများကြီး တွေးမိသွားတာပဲ"
ချန်ကျီက ကိုယ်ပွားကို မန္တန်ထုတ်ဖော်ခိုင်းရသည့် အဓိကရည်ရွယ်ချက်မှာ အမှန်စင်စစ် ကိုယ်ပွားက မန္တန်ကို အသုံးပြုပါက သူ့ကဲ့သို့ပင် ကျွမ်းကျင်မှုအမှတ် များ တိုးလာနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုခြင်း ဖြစ်၏။
သို့သော်လည်း ကြည့်ပြီးနောက်တွင်မူ ကိုယ်ပွား မန္တန်အသုံးပြုခြင်းက ကျွမ်းကျင်မှုအမှတ်ကို စုဆောင်းပေးနိုင်ခြင်း မရှိမှန်း သိရှိလိုက်ရသည်။
သို့သော် ချန်ကျီက လွန်လွန်ကဲကဲ ဂရုစိုက်မနေပါချေ၊ အကယ်၍ ကိုယ်ပွားကပါ ကျွမ်းကျင်မှုအမှတ်ကို တိုးစေနိုင်ပါက ကျင့်ကြံခြင်းအမြန်နှုန်းက အကန့်အသတ်မရှိ တိုးတက်သွားပေလိမ့်မည်။
အကယ်၍ ဤသို့သာ ဖြစ်ပါက ကျင့်ကြံနေစရာ ဘာလိုတော့မည်နည်း၊ ကိုယ်ပွားများကိုသာ အစွမ်းကုန် ဝယ်ယူလိုက်ရုံဖြင့် လုံလောက်ပေသည်။
ထိုသို့ဆိုလျှင် ကျင့်ကြံခြင်းအမြန်နှုန်းက တစ်ရက်တည်းဖြင့် အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားရန်မှာလည်း အိမ်မက် မဟုတ်တော့ပါချေ။
ချန်ကျီက ခေါင်းကိုခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ရင်း ဦးနှောက်ထဲက စိတ်ကူးယဉ်မှုများကို မောင်းထုတ်လိုက်တော့သည်။
လက်ရှိ ကျင့်ကြံခြင်းအမြန်နှုန်းကပင်လျှင် လွန်စွာ အံ့ဩဖွယ်ကောင်းနေပြီ ဖြစ်သည်။
အလိုအလျောက်ကျင့်ကြံခြင်းအခန်း အတွင်း၌ ၂၄ နာရီပတ်လုံး မနားတမ်း ကျင့်ကြံနေသည့်အပြင် ချန်ကျီကိုယ်တိုင်လည်း ကျင့်ကြံနိုင်သေးသည်။
အကယ်၍ သူက စိတ်အားထက်သန်စွာဖြင့် မနားတမ်း ကြိုးစားအားထုတ်မည့် သူ တစ်ဦး ဖြစ်ရန် ဆန္ဒရှိပါက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက တိုးတက်သွားနိုင်သေးသည်။
သို့သော်လည်း အလိုအလျောက်ကျင့်ကြံခြင်းအခန်း ရှိလာပြီးနောက်တွင်မူ ချန်ကျီက အချိန်အားလုံးကို ကျင့်ကြံခြင်းထဲသို့သာ လုံးလုံးလျားလျား မနှစ်မြှုပ်တော့ပါချေ။
သူ့တွင် ပိုမိုအဓိပ္ပာယ်ရှိသည့် အခြားသော ကိစ္စများကို လုပ်ဆောင်ရန်အတွက် အချိန်အမြောက်အမြား ရှိနေသေးသည် မဟုတ်ပါလော။
အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ့ရှေ့က ကိုယ်ပွားချန်ဖန်ကို စိုက်ကြည့်လိုက်၏။ "မင်း အခု မြို့တော်သခင်အိမ်တော်နဲ့ နီးတဲ့နေရာက အိမ်တစ်လုံးကို သွားပြီးတော့ ဝယ်လိုက်"
"ဟုတ်ကဲ့ပါ"
"သတိထားပါ၊ နောက်ယောင်ခံလိုက်တယ့်သူ မပါလာစေနဲ့၊ သေဆုံးသွားရင်တောင်မှ အနန္တနေရာလွတ်ရဲ့ လျှို့ဝှက်ချက်ကိုတော့ အတတ်နိုင်ဆုံး မပေါက်ကြားစေနဲ့"
"ဟုတ်ကဲ့ပါ" ကိုယ်ပွားချန်ဖန်က ပြန်ဖြေ လိုက်သည်။
ချန်ကျီက ချန်ဖန်ကို ဝတ်စုံအသစ်တစ်ခု လဲလှယ်ပေးလိုက်ရာ ၎င်းမှာ ပွပွယောင်းယောင်းရှိသည့် ဝတ်ရုံနက်ကြီးတစ်ထည်ဖြစ်ပြီး ဦးထုပ်ပါ ပါရှိပေသည်။
တစ်ဆက်တည်းမှာပင် အသက်ရှူသံဖျောက် မန္တန်လည်း ရှိနေသဖြင့် ကိုယ်ပွားချန်ဖန်၏ ရုပ်သွင်ကို အလွယ်တကူ မှတ်မိရန်မှာ မလွယ်ကူပါချေ။
အဆုံးတွင်တော့ ကိုယ်ပွားချန်ဖန်၏ မျက်နှာသွင်ပြင်က ချန်ကျီနှင့် အတူတူပင်ဖြစ်ကာ အပြင်လောကတွင်လည်း ဆိုင်ရှင်ထုံက လင်းတတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေဆဲ ဖြစ်သည်။
သတိထားနိုင်သမျှ သတိထားခြင်းက အကောင်းဆုံးပင်။
ကိုယ်ပွားချန်ဖန်ကို မြို့တော်သခင်အိမ်တော်အနီးတွင် အိမ်တစ်လုံး သွားရောက်ဝယ်ယူခိုင်းခြင်းကလည်း ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ ဖြစ်သည်။
ချန်ဖန် ထွက်သွားပြီးနောက် ချန်ကျီတွင် လတ်တလော၌ လုပ်စရာ အထူးတလည် မရှိတော့ချေ။
ကျင့်ကြံခြင်းအမြန်နှုန်းကို မြှင့်တင်ရန်အတွက် သူက မြေကြီး ဒိုင်းကာမန္တန် ကိုသာ မနားတမ်း ထုတ်ဖော်နေလိုက်တော့သည်။
.....
ကိုယ်ပွားချန်ဖန်က ခြံဝင်းလေးထဲမှ ထွက်လာပြီးနောက် လမ်းကြားလေးထဲတွင် အကွေ့အကောက်အချို့ကို ဖြတ်သန်းကာ စျေးဆီသို့ ရောက်ရှိလာခဲ့သည်။
ကိုယ်ပွားချန်ဖန်၏ အသိဉာဏ်က ချန်ကျီနှင့် အတူတူပင်ဖြစ်ရာ စျေးအတွင်း၌ အိမ်ခြံမြေ အရောင်းအဝယ် တာဝန်ယူသည့် ဆိုင်တစ်ဆိုင်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့၏။
ကိုယ်ပွားချန်ဖန် ဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဆိုင်ဝန်ထမ်းလေးက ချက်ချင်းဆိုသလို ရှေ့သို့တိုးကာ လာရောက်ကြိုဆိုတော့သည်။
"မင်္ဂလာပါ ခင်ဗျာ၊ အိမ်ဝယ်မလို့လား ဒါမှမဟုတ် အိမ်ငှားမလို့လား မသိဘူး"
ဆိုင်ဝန်ထမ်းလေးက ကိုယ်ပွားချန်ဖန်ကို အကဲခတ်ကြည့်လိုက်သည်၊ ဤဝန်ထမ်းလေးသည်လည်း အမှန်စင်စစ် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်က မမြင့်မားလှဘဲ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ သာ ရှိပေသည်။
သို့သော်လည်း သူက ကိုယ်ပွားချန်ဖန်၏ ကျင့်ကြံခြင်းအဆင့်ကို စုံစမ်း၍ မရသည့်အပြင် သူ့ရှေ့က ကိုယ်ပွားချန်ဖန်ကလည်း တမင်တကာ မျက်နှာကို ကွယ်ဝှက်ထားဆဲ ဖြစ်သည်။
ဝန်ထမ်းလေးက တစ်ခဏမျှ ချန်ကျီကို သာမန်လူသားတစ်ဦးလား သို့မဟုတ် ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် ကျင့်ကြံသူ တစ်ဦးလားဟူသည်ကို ဝေခွဲမရ ဖြစ်နေခဲ့၏။
"အိမ်ဝယ်မယ်" ကိုယ်ပွားချန်ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
အိမ်ဝယ်မည်ဟူသည့် စကားကို ကြားရသည့်အခါ ဝန်ထမ်းလေး၏ စိတ်ထဲတွင် ဝမ်းမြောက်သွားရသည်၊ အိမ်တစ်လုံး ရောင်းချရခြင်းက သဘာဝကျကျ အိမ်ငှားခြင်းထက် ကော်မရှင်ခ ပိုမိုရရှိသည် မဟုတ်ပါလော။
"ဟုတ်ကဲ့ပါ ခင်ဗျာ၊ သဘောကျထားတဲ့ အိမ်ရှိပါသလား၊ ဒါမှမဟုတ် ဘယ်ရပ်ကွက် ဘက်က ဖြစ်ဖြစ် ရပါတယ်"
"မြို့တော်သခင်အိမ်တော်နဲ့ အနီးဆုံး ဖြစ်ရင် အကောင်းဆုံးပဲ"
"မြို့တော်သခင်အိမ်တော်နဲ့ အနီးဆုံး ဟုတ်လား" ဝန်ထမ်းလေးက ကိုယ်ပွားချန်ဖန်ကို သံသယမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်၊ ဤလူက ဘာလုပ်မလို့လဲ။
"မြို့တော်သခင်အိမ်တော်နဲ့ နီးတော့ ပိုပြီးတော့ ဘေးကင်းတာပေါ့၊ ငါက လူကြောက်တတ်လို့ပါ" ကိုယ်ပွားချန်ဖန်က ဝန်ထမ်းလေး တစ်စုံတစ်ခုကို နားလည်မှုလွဲနေသည်ကို သတိပြုမိသဖြင့် ချက်ချင်း ရှင်းလင်းပြောပြလိုက်၏။
"ဪ... လူကြီးမင်းက ဒီလိုပြောမှပဲ ကျွန်တော် သဘောပေါက်ပါတော့တယ်၊ မြို့တော်သခင်အိမ်တော် အနီးတစ်ဝိုက်က လုံခြုံရေးကတော့ တကယ်ပဲ အကောင်းဆုံးပါ"
ဝန်ထမ်းလေးက ပြောပြီးသည်နှင့် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။ "လူကြီးမင်း ကြည့်ပါ ၊ ဒါက ကျွန်တော်တို့ဆိုင်ကနေ ဝမ်နန်မြို့ထဲမှာ လတ်တလော ရောင်းချနေတဲ့ အိမ် တွေရဲ့ တည်နေရာပြ မြေပုံပါ"
ပြောရင်းနှင့် ဝန်ထမ်းလေးက မြေပုံကို ဖြန့်ခင်းကာ ကိုယ်ပွားချန်ဖန်ကို ကြည့်စေသည်။
"လူကြီးမင်း တည်နေရာကို ရွေးချယ်ပြီးပြီဆိုရင် ကျွန်တော် လူကြီးမင်းကို အိမ်သွားကြည့်ဖို့ ခေါ်သွားပေးနိုင်ပါတယ် "
ကိုယ်ပွားချန်ဖန်က ခေါင်းညိတ်လိုက်ပြီး မြေပုံပေါ်က အိမ်များ၏ တည်နေရာကို ကြည့်လိုက်ရာ အဓိကအားဖြင့် မြို့တော်သခင်အိမ်တော် ရှိသည့် ရပ်ကွက်ကိုသာ ကြည့်ခြင်း ဖြစ်၏။
ခဏအကြာတွင် ကိုယ်ပွားချန်ဖန်က အိမ်နှစ်လုံးကို သဘောကျသွားခဲ့ပြီး နှစ်လုံးစလုံးက မြို့တော်သခင်အိမ်တော်နှင့် လွန်စွာ နီးကပ်လှပေသည်။
"ဒီအိမ်နှစ်လုံးက ဈေးနှုန်း ဘယ်လောက်လဲ"
ဝန်ထမ်းလေးက ချန်ကျီ ညွှန်ပြသည့် အိမ်နှစ်လုံးကို ကြည့်လိုက်၏။
"ဒီအိမ်နှစ်လုံးက ဈေးနှုန်း အတူတူပါပဲ ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ဝန်းကျင်မှာ ရှိပါတယ်၊ လူကြီးမင်း ဘယ်အိမ်ကို အရင်ဆုံး သွားကြည့်ချင်ပါသလဲ "
ကိုယ်ပွားချန်ဖန်က စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်ရာ ဈေးနှုန်းက တော်တော်လေး သင့်တင့်မျှတလှပေသည်။ "ဘယ်ဟာဖြစ်ဖြစ် ရတယ်"
ထို့နောက်တွင် ဝန်ထမ်းလေးက ကိုယ်ပွားချန်ဖန်ကို ခေါ်ဆောင်ကာ အိမ်နှစ်လုံးစလုံးကို သွားရောက်ကြည့်ခဲ့သည်။
ကိုယ်ပွားချန်ဖန် နှိုင်းယှဉ်ကြည့်လိုက်ရာ ထူးထူးခြားခြား ကွာခြားမှု မရှိဘဲ အကျယ်အဝန်းကလည်း အတူတူပင် ဖြစ်ကာ တစ်လုံးက ခြံဝင်း အနည်းငယ် ပိုမိုကျယ်ဝန်းပြီး အခြားတစ်လုံးက ခြံဝင်း အနည်းငယ် ပိုမိုကျဉ်းမြောင်းခြင်းသာ ဖြစ်၏။
၎င်းတို့က အရေးမကြီးပါချေ၊ မြို့တော်သခင်အိမ်တော်နှင့် နီးကပ်ပြီး ဘေးကင်းလုံခြုံရေး အာမခံချက် ရှိလျှင်ပင် လုံလောက်ချေပြီ။
မကြာမီမှာပင် ကိုယ်ပွားချန်ဖန်က ဝိညာဉ်ကျောက်တုံး ၂၀၀ ကို တိုက်ရိုက် ပေးချေလိုက်ပြီး ခြံဝင်း အနည်းငယ် ပိုမိုကျယ်ဝန်းသည့် အိမ်ကို ရွေးချယ်လိုက်တော့သည်။
ဝန်ထမ်းလေးကလည်း ကျောက်စိမ်း တိုကင် တစ်ခုကို ကိုယ်ပွားချန်ဖန်ထံသို့ ပေးအပ်လိုက်ရာ ဤကျောက်စိမ်းတိုကင်က ဤအိမ် ၏ ပိုင်ဆိုင်ခွင့်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။
ကျောက်စိမ်းတိုကင်အတွင်း၌ ထူးခြားသည့် တားမြစ်ချက် အမှတ်အသား ပါရှိသဖြင့် သာမန်လူများအနေဖြင့် အတုအပ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပါချေ၊ ဤကျောက်စိမ်းတိုကင်များအားလုံးက မြို့တော်သခင်အိမ်တော်၏ လက်ရာများ ဖြစ်ကြသည်။
ဝမ်နန်မြို့အတွင်း၌ ကျောက်စိမ်းတိုကင်ကိုသာ အသိအမှတ်ပြုပြီး လူကို အသိအမှတ်မပြုချေ၊ ချန်ကျီ နောက်ပိုင်းတွင် ပြန်လည်ရောင်းချလိုလျှင်ပင် ရပေသည်။
အိမ်ခြံမြေ လုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းလေးက လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ပြီးနောက် ကိုယ်ပွားချန်ဖန်က ကျောက်စိမ်းတိုကင်ကို ကိုင်ဆောင်ကာ ပြန်တင်ပြ ရန် ပြန်လာခဲ့တော့သည်။
ကိုယ်ပွားနှင့် ချန်ကျီအကြားတွင် မြင်ကွင်းကို ပူးတွဲမျှဝေနိုင်သဖြင့် ကိုယ်ပွားချန်ဖန် အိမ်ပြင်သို့ ထွက်သွားကတည်းက ချန်ကျီသည် ကိုယ်ပွားကို စဉ်ဆက်မပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
ယခုတစ်ကြိမ်တွင် ကိုယ်ပွားချန်ဖန်ကို တစ်ဦးတည်း ထွက်ခွာ၍ ကိစ္စများကို လုပ်ဆောင်ခိုင်းသည့် ရလဒ်အပေါ် ချန်ကျီ လွန်စွာ စိတ်ကျေနပ်မှု ရှိလှပေသည်။
ချန်ကျီ၏ စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက် တစ်ခုကို အသေအချာ ချမှတ်လိုက်ပြီ ဖြစ်သည်။ "နောက်ဆိုရင် ကိစ္စတော်တော်များများကို ကိုယ်ပွားကိုပဲ လွှဲပေးပြီး လုပ်ခိုင်းရတော့မယ်"